အခန်း ( ၁၅၉ )

မထိုးဖောက်နိုင်သော ရွှေအရေပြား

မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်၏ အထွတ်အထိပ်ကို မြင်တွေ့ခွင့်ရရန်မှာ လူတိုင်းအတွက် အင်မတန်ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်ဖြစ်ပေသည်။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကို ပြန်ကြည့်မည်ဆိုလျှင် ပြီးခဲ့သော နှစ်ပေါင်းရှစ်ရာခန့်လောက်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ
အတုမဲ့သခင်ကြောင့်သာ တစ်ခါပေါ်ပေါက်ဖူးလေသည်။

သို့သော်လည်း ပိုင်ရှောင်ချန်းအတွက်မူ သမိုင်းသစ်ကိုပင်ထွင်းနိုင်ခြင်းဖြစ်သည်။ ထို့ပြင် ထာဝရအသက်ရှည်နည်းကျင့်စဥ်အတွက် မယုံကြည်နိုင်လောက်သော တိုးတက်မှုဆီသို့ ခရီးဆက်ရန်လည်း အခွင့်ကောင်းတစ်ခုဖြစ်သည်။

၎င်းသည် ထာဝရ ငွေအရေပြားမှ ထာဝရရွှေအရေပြားဆီသို့ အဆင့်တက်နိူင်သည့် အခွင့်အရေးတစ်ခုလည်းဖြစ်သည်။

လီချင်းဟောက်ပေးထားသော အသက်ကယ်မှော်ရတနာပစ္စည်းကြောင့် သူ့တကိုယ်လုံးကို အနက်ရောင်အလွှာတစ်ခုက လွှမ်းခြုံထားသည်။ ထိုအရာပင်မကသေးဘဲ ခပ်မှိန်မှိန်ရွှေရောင်အလင်းတစ်ခုကလည်း သူ့ကို ကာကွယ်ပေးထားသေးသည်။

ထိုအခိုက်တွင် ပိုင်ရှောင်ချန်းသည် ထာဝရအတွဲ၏ပထမအဆင့်ကို အောင်မြင်စွာ ကျင့်ကြံလိုက်နိုင်သည်။

သူသည် လူသားဘဝ၏ပထမအတားအဆီးကို အောင်မြင်စွာကျော်ဖြတ်ခဲ့ပြီဖြစ်သော်လည်း နှစ်ပေါင်းများစွာကြာ ဘယ်သူမှ ထိုအဆင့်ထိ အောင်မြင်ခြင်းမရှိခဲ့ပေ။ တကယ်တမ်းတော့ လူအနည်းငယ် အောင်မြင်ခဲ့ကြသော်လည်း ထာဝရအတွဲ၏ပထမအတားအဆီးကို ကျော်ဖြတ်သည့်အဆင့်၌သာ ရပ်တန့်နေခဲ့သည်။

သို့သော် ပိုင်ရှောင်ချန်းက အတားအဆီးကိုလွန်မြောက်ပြီးေနာက် ဆက်လက်တိုးတက်လာခဲ့သည့် ပထမဦးဆုံးသော ပုဂ္ဂိုလ်လည်းဖြစ်သည်။

သာမန်အားဖြင့် ပြောရမည်ဆိုလျှင် လူသားဘဝအတားအဆီးငါးခုအနက် တစ်ခုနှင့် တစ်ခုကြားတွင် သိပ်ပြီးခြားနားချက်များမရှိပေ။ သူတို့သည် တိကျသော အရွယ်အစားနှင့် ပုံပန်းသဏ္ဍာန်ရှိသည့် စက်ဝိုင်းများနှင့်တူလေသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းနှင့်တွေ့သောအခါတွင်မူ တိကျလှပါသည်ဆိုသော စက်ဝိုင်းက လျင်မြန်စွာ ကျယ်ပြန့်လာကြသည်။

ထိုအခြင်းအရာက အင်မတန် အံ့သြတုန်လှုပ်ဖွယ်ကောင်းသည်။

တဝုန်းဝုန်း တဒိုင်းဒိုင်း အသံများက သူ့ခန္ဓာကိုယ်အတွင်း မြည်ဟည်းနေကာ ရှောင်ချန်း၏ အရေပြားမှာ ရွှေရောင်တဖြည်းဖြည်းတောက်လာသည်။ ထာဝရအသက်ရှည်နည်းပညာရပ်မှာ ဆုံးခန်းတိုင်သွားလေပြီ။ အဘယ့်ကြောင့်ဆိုသော် သူသည် လူသားဘဝပထမအတားအဆီးကိုကျော်လွန်နိုင်ခဲ့သည့်အပြင် ရေဝဲကိုးခုက သူ့အပေါ်တွင် အလွန်အင်မတန် လျင်မြန်စွာ လည်ပတ်နေပြီး မြေစီးကြောင်းစွမ်းအင်များကို အံ့မခန်းအရှိန်နှင့် စုပ်ယူနေကြသည်။

မြေစီးကြောင်းစွမ်းအင်များက သူ၏ နဝမမြောက် စိတ်စွမ်းအင်ပင်လယ်ထဲကိုဝင်လာလေလေ ထာဝရအရေပြားမှ ရွှေရောင်က ပိုမိုပြီး တလင်းလင်း တလက်လက်တောက်ပလာလေလေဖြစ်သည်။ ၎င်းကပင် တဖန် နဝမမြောက် ဒီရေစီးကြောင်းကို ပိုမိုအရှိန်တင်ပေးနေပြန်သည်။

ထို့ကြောင့် ကြည့်နေရသည်မှာ အဆုံးမရှိသော စက်ဝိုင်းတစ်ခုသို့ဖြစ်နေပြီး ထိုအခိုက်တွင် အရှိန်အဟုန်ကို ဆက်လက်မြှင့်တင်ပေးနေသည်။

တချိန်တည်းမှာပင် စုန့်ချွဲသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ လျှို့ဝှက်မှော်အတတ်အပါအဝင် အစောပိုင်းတည်းက ချိတ်ဆက်ထားပြီးသား စွမ်းအင်အမှတ်အသားများကို သုံးကာ မြေစီးကြောင်းစွမ်းအင်များကို အံ့မခန်းအရှိန်နှင့် ဆွဲယူနေသည်။

လူအများစုအတွက်မူ ဒီရေစီးကြောင်းတစ်ခုပြီးရန်
ကြာချိန်မှာ သတ်မှတ်ထားပြီသား ဖြစ်လေသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းနှင့် စုန့်ချွဲမှာမူ သတ်မှတ်စံနှုန်းကို ချိုးပြီး စံချိန်သစ်တင်နိုင်ခဲ့သည်။ နှစ်ယောက်လုံးသည် အခြားလူများတစ်လလောက်စုပ်ယူရမည့် မြေစီးကြောင်းစွမ်းအင်များကို စုပ်ယူထားပြီးဖြစ်သည်။

စုန်ချွဲ့ပတ်ဝန်းကျင် တခွင်တွင် တဝုန်းဝုန်း တဒုန်းဒုန်း အသံများ အလုံးအရင်းနှင့် ပြည့်နှက်လာသည်။ အဘယ့်ကြောင့်ဆိုသော် ဝိညာဥ်စွယ်က နှောင့်ယှက်လို့ရသမျှ အနှောင့်အယှက်ပေးနေသောကြောင့်ဖြစ်သည်။ ယခုချိန်တိုင်အောင်ပင် စုန့်ချွဲသည် အဋ္ဌမမြောက်ဒီရေစီးကြောင်းကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။

အဋ္ဌမမြောက် ဒီရေစီးကြောင်း စွမ်းအားများသည် သူ့ကိုယ်တွင်းတွင် တလိပ်လိပ်နှင့်တက်လာနေသည်ဖြစ်ရာ စုန့်ချွဲမျက်ဝန်းများက စိတ်လှုပ်ရှားရူးသွပ်မှုများနှင့် ဝင်းလက်တောက်ပနေသည်။

“နဝမမြောက် ဒီရေစီးကြောင်း ”
စုန့်ချွဲက ဟစ်ကြွေးလိုက်သည်။ ဝိညာဥ်စွယ်သည် နဝမမြောက်ရေဝဲက ကောင်းကင်ယံထက်တွင် လှည့်ပတ်နေသည်ကို မြင်လိုက်ရသောအခါ သိသိသာသာ မျက်နှာပျက်သွားလေသည်။

ရှေးဆိုရိုးစကားအရ ကောင်းကင်ယံတစ်ခုတည်းတွင် နေနှစ်စင်း တပြိုင်တည်းမထွက်နိုင် ဆိုသကဲ့သို့ပင်။ သို့သော် ထိုအခိုက်တွင် မြေခဓားကမ္ဘာ၏ကောင်းကင်ယံတွင် နဝမြောက် ဒီရေစီးကြောင်းနှစ်ခုကို မြင်လိုက်ရသဖြင့် လူတိုင်းမှာ ထိုအရာများကိုငေးကြည့်နေရင်း အံ့သြမှု အထွတ်အထိပ်သို့ရောက်ကုန်ကြသည်။

ရှမ်ကွမ်းထျန်ယုံသည် ရာနှုန်းပြည့်တုန်လှုပ်ခြောက်ခြားနေပြီဖြစ်သည်။ အခြားဂိုဏ်းသားများအနေနှင့် သူတို့၏ ဒီရေစီးကြောင်းများကို ဆက်လက်ထိန်းချုပ်နေသော်လည်း မျက်နှာများမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မျှော်လင့်ချက်များပျက်စီးကာ စိတ်ပျက်လက်ပျက်ဖြစ်ကုန်ကြသည်။ သူတို့၏ ဒီရေစီးကြောင်းများ တစတစနှင့်
မှုန်ဝါးကာ ပကတိပျောက်ကွယ်သွားသည့်တိုင် အကူအညီမဲ့စွာ ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။

ဤအဖြစ်အပျက်က တွေးကြည့်လျှင် အင်မတန်ရိုးရှင်းလှသည်။ ဘုရင်တစ်ပါးကဲ့သို့ ဘုန်းတန်ခိုးကြီးမားလှသည့် ဂိုဏ်းသားနှစ်ယောက်ကို ယှဥ်ပြိုင်တိုက်ခိုက်ဖို့ဆိုသည်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။ ထိုရေဝဲနှစ်ခုတည်ရှိနေသေးသ၍ မည်သည့်ဂိုဏ်းသားကမျှ မြေစီးကြောင်းစွမ်းအင်များကို စုပ်ယူနိုင်လိမ့်မည်မဟုတ်ချေ။

“ဒါကို လက်ခံဖို့ လုံးဝ မဖြစ်နိုင်ဘူး!”
ရှမ်ကွမ်းထျန်ယုံက အံကြိတ်လျက်ပြောလိုက်သည်။ သူ၏ ပဥ္စမမြောက်ဒီရေစီးကြောင်းမှာ တစ်ဝက်ခန့်ပြီးသွားပြီ ဖြစ်သော်လည်း သူ့တွင်ရွေးခြယ်စရာမရှိပေ။ သို့ရာတွင် သူသည်အခြေခိုင်မာခြင်းအဆင့်ကို ဆက်ဝင်ရန်သာရှိလေသည်။ ရှမ်ကွမ်းထျန်ယုံ၏မျက်ဝန်းထဲတွင် လူသတ်လိုသောအခိုးအငွေ့များနှင့်ပြည့်လျှံနေသည်။ ထို့နောက် သူသည် အရှိန်အဟုန်နှင့် ပြေးထွက်သွားသည်။ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်ခြင်းတော့မဟုတ်ပေ။ သို့သော် စုန့်ချွဲကို ရင်ဆိုင်ရန် ဝိညာဥ်စွယ်နှင့် သွားရောက်ပူးပေါင်းခြင်းဖြစ်သည်။

စိတ်ထဲတွင် သူက ကြုံးဝါးလိုက်သည်။
“ပိုင်ရှောင်ချန်း မင်းသေဖို့ ငါမျှော်လင့်ပါတယ်။ စုန့်ချွဲ…မင်းကိုရောပဲ”

ကျောက်ရုန်သည်လည်း ရွေးခြယ်စရာမရှိဘဲ ပဥ္စမမြောက် ဒီရေစီးကြောင်းအလယ်သို့ ရောက်ပြီးကာမှ လက်လျှော့လိုက်ရသည်။ ရွှီရှောင်ရှန်းမှာလည်း ထိုနည်းတူစွာပင်။

ကျန်သောသူများအားလုံးမှာမူ ဒုတိယ သို့မဟုတ် တတိယ ဒီရေစီးကြောင်းများကို လက်လွတ်လိုက်ရသည်ချည်းဖြစ်သည်။

ထိုအချိန်တွင် မြေခဓားကမ္ဘာထဲ၌ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်၏ အလယ်သို့ရောက်နေသည်မှာ ပိုင်ရှောင်ချန်းနှင့် စုန့်ချွဲ နှစ်ဦးတည်းသာ ရှိတော့သည်။

နှောင့်ယှက်ခံရသဖြင့် အမျက်ဒေါသချောင်းချောင်းထွက်နေသော အခြားဂိုဏ်းသားများသည် ပိုင်ရှောင်ချန်းကိုတိုက်ခိုက်ရမလား ဟုန့်ချွဲကို တိုက်ခိုက်ရမည်လားဟုသာ ရွေးခြယ်စရာရှိတော့သည်။ ပိုင်ရှောင်ချန်းသည် လူတိုင်းကို အဟန့်အတား အနှောက်အယှက် အကြီးဆုံးပေးသည့်သူဖြစ်ရာ လူအများစုက သူ့ကိုတိုက်ခိုက်ရန်ရွေးခြယ်ကြသည်မှာ အံ့သြစရာတော့မဟုတ်ပေ။
ထိုအခိုက်တွင် ပိုင်ရှောင်ချန်းအတွက် ခုခံပေးနေသူများမှာ အန္တရာယ်တွင်းထဲသို့ ကျရောက်လုဆဲဆဲ ဖြစ်နေသည်။

ကျောက်ရုန်သည်ပင်လျှင် ပိုင်ရှောင်ချန်းကို တိုက်ခိုက်ရန်သွားနေပြီဖြစ်သည်။ ကိုယ်တိုင်ဖော်စပ်ထားသော အဆိပ်မှုန့်များကို သူမကိုယ်သူမ ကာကွယ်ရန် အသုံးပြုသင့်သည်ဟု ဘာ
ကြောင့်မှန်းမသိ ဆင်ခြင်သုံးသပ်မိလိုက်သည်။ ကုန်းစွမ်းဝမ်အာတစ်ယောက်မှာလည်း ယခုတလော ပျောက်ချက်သားကောင်းနေပြန်သည်။ သူမသည် သူမသွားသည့်လမ်းကိုသိသာစေသည့် ခြေရာလက်ရာမှန်သမျှကို ဖျောက်ပစ်ထားသည့်အလား ရှိနေသည်။

ကျောက်ရုန်၏ ရင်ထဲတွင် တဒိန်းဒိန်းခုန်နေသည်။ သို့သော်လည်း တစ်စုံတစ်ခုကို ဂရုတစိုက် ချင့်ချိန်တွေးတောစဥ်းစားနေရန်ဘအချိန်မရှိပေ။ နောက်ထပ် ချီတုံချတုံဖြစ်မနေတော့ဘဲ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်သွားလေတော့သည်။

ပိုင်ရှောင်ချန်းသည် မျက်လုံးများကို မှိတ်ထားသည်။ သို့သော်လည်း မျက်ဝန်းများက ပုံမှန်ထက်ပင်နီရဲနေသေးသည်။

“မြန်မြန်သွားမှ”
သူက တီးတိုးပြောလိုက်သည်။ သူ့တစ်ကိုယ်လုံးတွင် စိုးရိမ်ပူပန်သောကများနှင့်ပြည့်နှက်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ကိုကာကွယ်ရန်ကြိုးစားနေသော အင်မော်တယ်ဂူအပြင်မှ ရောင်းရင်းဂိုဏ်းသားများကို တစ်ယောက်မှမသေစေလိုသောကြောင့်ဖြစ်သည်။

ထိုအခိုက်တွင် ချက်ချင်းပင် အင်မော်တယ်ဂူတစ်ခုလုံး တသိမ့်သိမ့်တုန်သွားသည်။ အဘယ့်ကြောင့်ဆိုသော် အပြင်ဘက်တွင် နောက်ဆုံးအကာအကွယ်ဖြစ်သော စက္ကူအဆောင်လက်ဖွဲ့
ပျက်စီးသွားသောကြောင့်ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် များစွာသော စက္ကူအဆောင်လက်ဖွဲ့များကိုသုံးထားသည်ဖြစ်ရာ သူ၏ အကာအကွယ်သည် ဂါထာမန္တာန်များကိုသုံးပြီးကာကွယ်ခြင်းထက်ပင် ပိုမိုလုံခြုံလေသည်။ သို့သော်လည်း ယခုမူ အကုန်လုံး ပျက်စီးသွားပြီဖြစ်သည်။

ထိုအချိန်မှာပင် အခြားဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းသားများသည် သူတို့ပိုင်ဆိုင်ထားသမျှ နတ်ဘုရားစွမ်းအင်များကို ပိုင်ရှောင်ချန်းဆီသို့ လွှင့်ထုတ်လိုက်သည်။

ကျေးဇူးတင်ရမည်မှာ ဖန်လင်းနှင့် ကျုံးတာအိုတို့ကို ဟိုယွင်ဖေး၊ ပေဟန်လဲ့ နှင့် မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်သို့ရောက်ရှိပြီးသော စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားနှစ်ယောက်တို့က တာဝန်ယူထားပေးခြင်းဖြစ်ရာ ချက်ချင်းကြီး အင်မော်တယ်ဂူထဲသို့ ဝင်ရန်မှာမဖြစ်နိုင်ပေ။ သို့ဖြစ်ရာ ပိုင်ရှောင်ချန်းနှင့် တိုက်ခိုက်နေသော ဂိုဏ်းသားအများစုမှာ ချီစုစည်းမှုအဆင့် ဂိုဏ်းသားများသာ ဖြစ်ကြသည်။

အုပ်စုတောင့်လှသည့် ကျင့်ကြံသူများသည် မှော်ပညာများကို အိတ်သွန်ဖာမှောက်ထုတ်ကာ တိုက်ခိုက်နေကြသော်လည်း ပိုင်ရှောင်ချန်း၏ နတ်ကြိုးကြာဒိုင်းကာကို မထိုးဖောက်နိုင်ဘဲရှိသည်။

ချီစုစည်းမှုအဆင့်တွင် ရှိနေစဥ်ကလည်း ဟိုယွင်ဖေးနှင့် ပေဟန်လဲ့တို့ နှစ်ယောက်လုံးသည် ဖန်လင်းနှင့် ကျုံးတာအိုတို့၏ အဆင့်ကိုမမီပေ။ ယခု သူတို့အားလုံးအခြေခိုင်မာခြင်းအဆင့်သို့ရောက်သွားပြီးချိန်တွင်လည်း ထူးမခြားနားပင်။ အရေအတွက်အားဖြင့် လေးယောက်နှစ်ယောက်ဆိုသော်လည်း သူတို့မှာ အင်မတန် အန္တရာယ်များနေဆဲဖြစ်သည်။ ထို့ပြင် ဒဏ်ရာများကလည်း ထပ်ခါထပ်ခါ ရထားသေးသည်။ ထိုစဥ် ဟိုယွင်ဖေး၏ နှုတ်မှ သွေးများ ပန်းထွက်လာသည်။ သို့ရာတွင် သူက လမ်းကို စိတ်တိုစရာကောင်းစွာ ပိတ်ထားမြဲ ပိတ်ထားဆဲ ဖြစ်သည်။

ပေဟန်လဲ့မှာ ချီတုံချတုံ ဖြစ်နေသည်။ သူ့တစ်ကိုယ်လုံးတွင် သွေးများနှင့် ဒလိမ်းကြမ်းနေပြီး ဒဏ်ရာများမှာလည်း တစ်ခုပေါ် တစ်ခုထပ်နေသည်။ သူသည် အကာအကွယ်လာပေးသည်မှန်သော်လည်း ပိုင်ရှောင်ချန်းကို ကူညီရန် သူ့အသက်ကိုတော့ မပေးလိုက်ချင်ပေ။ ကြည့်ရသည်မှာလည်း အင်မော်တယ်ဂူက ပျက်စီးလုနီးပါးဖြစ်နေပြီဖြစ်နေပြီဖြစ်သည်။ ယခုအချိန်သည် ပြန်ဆုတ်ရမည့်အချိန်ဖြစ်သည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

ဖန်လင်းသည် သူ့နောက်သို့ လိုက်လာခြင်းမရှိပေ။ ထိုအစား ပိုင်ရှောင်ချန်းဆီသို့ ဦးတည်သွားပြီး ချီအဆင့်စုစည်းမှုဂိုဏ်းသားများနှင့် ပူးပေါင်းလျက် နတ်ကြိုးကြာဒိုင်းကာကို ဖျက်စီးရန်ကြိုးစားနေ
သည်။

” သေဖို့အဆင်သင့်ဖြစ်ပြီလား ”

မျက်ဝန်းထဲတွင် လူသတ်ချင်စိတ်များအပြည့်နှင့် ကျုံးတာအိုက ဟိန်းဟောက်လိုက်သည်။ သူသည် အခြေခိုင်မာခြင်းအဆင့်ကို ရောက်ရှိပြီးဖြစ်သော်လည်း ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို အကုန်ထုတ်မသုံးရဲပေ။ အဘယ့်ကြောင့်ဆိုသော် တာအိုအခြေခံမှာ တည်ငြိမ်မှုမရှိ ဖြစ်နေသောကြောင့်ဖြစ်သည်။ သို့ရာတွင် ဟိုယွင်ဖေးကမူ သူ၏ တာအိုအခြေခိုင်မာြခင်းအဆင့်ကို ထည့်သွင်းစဥ်းစားခြင်းမရှိဘဲ အရူးတစ်ယောက်ကဲ့သို့ ဇွတ်တရွတ်လိုက်တိုက်ခိုက်နေသည်ဖြစ်ရာ သူ့ကိုထိန်းချုပ်ရန်ဆိုသည်မှာ ခက်ခဲလှသည်။

ဒေါသပုန်ထလေ ဟိန်းဟောက်လေ ဖြစ်နေသော ကျုံးတာအိုသည် သိမ်းဆည်းထားသော စွမ်းအားများကိုပါ အကုန်ထုတ်သုံးလိုက်ပြီဖြစ်ရာ ရှောင်တိမ်းရန် အခွင့်အရေးလေးပင် မရှိလိုက်ဘဲ ချက်ချင်း ဟိုယွင်ဖေးကို အရှိန်အဟုန်ပြင်းစွာ ထိခိုက်သွားစေသည်။

သွေးများပွက်ပွက်အန်ကာ နောက်ဘက်သို့ ဂျွမ်းထိုးမှောက်ခုံ ပစ်လဲကျသွားသည်။ ဘယ်ဘက်ကအရိုးက ညာဘက်ရောက်၊ ညာဘက်ကအရိုးက ဘယ်ဘက်ရောက်သွားကာ အရိုးများ တဖြစ်ဖြစ်မြည်အောင် ကျိုးကြေကုန်သည်။ ဟိုယွင်ဖေးသည် ခက်ခက်ခဲခဲ မတ်တပ်ပြန်ရပ်လိုက်ကာ ခြေလှမ်းလှမ်းရန် အပြင်းအထန်ကြိုးစားရုန်းကန်နေသော်လည်း မတတ်နိုင်ပေ။ သူလုပ်နိုင်သည်မှာ ရာနှင့်ချီသော ဂိုဏ်းသားများက ပိုင်ရှောင်ချန်းကိုတိုက်ခိုက်နေသည်ကို မြေပေါ်တွင်လှဲလျောင်းလျက် ကြည့်နေရုံသာဖြစ်တော့သည်။

“ရှောင်ချန်းရေ…”
သူက ငြီးတွားလိုက်သည်။

“အသုံးမကျတာ ငါ့အမှားပါကွာ ”

အခြားသော စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းမှဂိုဏ်းသားများသည်လည်း ပြင်းထန်သော ဒဏ်ရာများ ရပြီးကုန်ပြီဖြစ်သည်။ ကျေးဇူးတင်ရမည်မှာ အခြားဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းသားများသည် ပိုင်ရှောင်ချန်းကို သတ်ရန်သာ အာရုံစိုက်နေကြပြီး သူတို့ကိုသတ်ရန် ဂရုမစိုက်မိနေခြင်းကိုပင်ဖြစ်သည်။

မှန်ပေသည်။ တစ်ယောက်ချင်းစီသော ရန်သူဂိုဏ်းသားများသည် ပိုင်ရှောင်ချန်းကိုသတ်ပစ်ရန်သာ စိတ်ဆန္ဒပြင်းပြနေသည်။ သို့မှသာ ပိုင်ရှောင်ချန်းနှင့် အနီးဆုံးသောသူများသည် သူသေသွားသည်နှင့်တပြိုင်နက် မြေစီးကြောင်းများပျံ့လွင့်လာပါက အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်သည်။

ယခုအခါတွင်တော့ စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားများသည် နောက်ထပ်ဓားတစ်ချက်ဝေ့စာလောက်ပင် စွမ်းအားမရှိတော့ဘဲ ခြေကုန်
လက်ပန်းကျနေကြပြီဖြစ်သည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းကို တရစပ်တိုက်ခိုက်နေကြသည်ကိုသာ ခါးသီးစွာ ကြည့်နေကြရလေသည်။

ပြင်းထန်သော ပေါက်ကွဲသံများ ဆက်တိုက် မြည်ဟည်းနေသည်။ ဖန်လင်းနှင့် ကျုံးတာအိုတို့သည် နံပတ်တစ် လက်ရွေးစင်သမားများဖြစ်သည့်အပြင် သတ္တမမြောက် ဒီရေစီးကြောင်းအထိရောက်ရှိပြီး မြေစီးကြောင်းစွမ်းအင်များကို စုပ်ယူနိုင်ခဲ့သည့် ကျင့်ကြံသူများဖြစ်လေသည်။ သူတို့၏ ခေါင်းဆောင်မှုအောက်တွင် ချီစုစည်းမှုအဆင့်ဂိုဏ်းသားများ၏ အဆက်မပြတ်ထိုးနှက်ချက်များကြောင့် ပိုင်ရှောင်ချန်း၏ နတ်ကြိုးကြာဒိုင်းကြာမှာ အက်ကွဲကြောင်းများပေါ်လာပြီဖြစ်သည်။

“မင်းသေနေ့စေ့ပြီ ပိုင်ရှောင်ချန်း ”

“မင်းနားက မြေစီးကြောင်းစွမ်းအင်တွေကို ကမ္ဘာထဲကို ပြန်ပို့ချိန်ရောက်ပြီ”
ဖန်လင်းကပြောသည်။
” ကျုပ် ဒီရေစီးကြောင်းကို ဆက်ပြီးထပ်
မလုပ်နိုင်တာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမယ့် အနည်းဆုံးတော့ ကျုပ်ရဲ့ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ရောင်းရင်းတွေအတွက် အခြေခိုင်မာခြင်းအဆင့်တော့ ရောက်သွားမှာပါ ”

“ပိုင်ရှောင်ချန်း…မင်းကို ဘယ်နည်းနဲ့မှ အောင်မြင်ခွင့်မပြုနိုင်ဘူး ”
လူအုပ်ကြီးသည် ဝိုင်းဝန်းကြုံးဝါးနေကြရာ နောက်ဆုံးတွင် နတ်ကြိုးကြာဒိုင်းကာမှာ လုံးဝပျက်စီးသွားလေပြီ။

ပိုင်ရှောင်ချန်း၏ ဂိုဏ်းတူအကို ဂိုဏ်းခေါင်းဆောင်ပေးထားသော မှော်ပစ္စည်းများ လွင့်ပျံထွက်လာသည်။ ထိုသို့ပြုလိုက်သည်နှင့် နတ်ကြိုးကြာ၏ ဝိညာဥ်သည် ပျံထွက်သွားပြီး ပိုင်ရှောင်ချန်းအနားတွင် နေသားတကျ သက်တောင့်သက်သာနားနေသည်။

သို့သော်လည်း ထိုအရာသည် ခဏလေးသာကြာပြီး ချက်ခြင်း ပြန်မှေးမှိန်သွားလေသည်။ ထိုအခိုက်တွင် ဂိုဏ်းသုံးဂိုဏ်းမှ ရှိသမျှဂိုဏ်းသားများသည် မုန်တိုင်းတစ်ခုကဲ့သို့ ဝင်ရောက်လာသည်။ ထိုအခိုက်တွင် အခြေခိုင်မာခြင်းအဆင့်သို့ရောက်ရှိသွားသော နောက်ဆုံးအသုတ်ဂိုဏ်းသားများကလည်း လာရောက်ပူးပေါင်းကြလေသည်။ ထို့ကြောင့် ထိုလူအုပ်ထဲတွင် စွမ်းအားအကြီးဆုံးမှာ ဒီရေစီးကြောင်း ငါးခုရောက်သူများဖြစ်ပြီး အားအနည်းဆုံးမှာပင် ဒီရေစီးကြောင်းတစ်ခုရောက်သူများဖြစ်ကြသည်။

သူတို့သည် မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများသာဖြစ်နေကြသေးသော်လည်းတိုက်ခိုက်မှုများကြောင့် နတ်ကြိုးကြာဒိုင်းကာမှာ စူးစူးဝါးဝါးအော်မြည်ပြီး ပျောက်ကွယ်သွားလေသည်။

ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကျောက်ရုန်သည် အထူး ကြမ်းကြုတ်ရက်စက်သူဖြစ်ရာ နတ်ကြိုးကြာပျောက်သွားသည်နှင့် ပိုင်ရှောင်ချန်း၏ နဖူးတည့်တည့်သို့ တိုက်ခိုက်ရန် ပျံသန်းသွားပြီဖြစ်သည်။

“မင်းဘာသာ အဋ္ဌမမြောက် ဒီရေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်အထိ ကျင့်ကြံနိုင်တဲ့ ပါရမီရှင် ဖြစ်ပေဦးတော့…ဒီတစ်ခါတော့ သေခြင်းမှတပါး ပြေးမလွတ်ပါဘူး…ရှိသမျှ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း သားတွေအားလုံးလည်း တစ်ယောက်မကျန်သေစေရမယ်”

သူမစိတ်ထဲတွင် ပိုင်ရှောင်ချန်း၏ခေါင်းကို အစိပ်စိပ် အမြွှာမြွှာကွဲကြေသွားအောင် ထိုးခွဲ ပစ်လိုက်မည်ဟု တွေးတောထားသော်လည်း အင်မတန်ကြီးမားသော စွမ်းအားတစ်ခုကြောင့် နောက်ဘက်သို့ ပြန်ကန်ထွက်လာလေရာ မီတာများစွာတိုင်အောင်လွင့်ထွက်သွားလေသည်။ တချိန်တည်းမှာပင် အခြားဂိုဏ်းသားများ၏ တိုက်ခိုက်မှုများက စုပြုံကျလာသည်။

တဝုန်းဝုန်းအသံများက ပေါက်ကွဲထွက်လာပြီး ပိုင်ရှောင်ချန်းဆီမှ အနက်ရောင်အလင်းက တောက်ပစွာပေါ်ထွက်လာပြီး တိုက်ခိုက်ခြင်းမှန်သမျှကို ကာကွယ်ပေးလျက်ရှိသည်။

“သေလိုက်ပါတော့…ခုချိန်ထိသူ့မှာ အကာအကွယ်တွေရှိနေတုန်းပဲ ”

“ဒီပိုင်ရှောင်ချန်းက အကာအကွယ်တွေကို အကြီးအကျယ် ပြင်ဆင်လာတာပဲ။ သူက နဝမမြောက်ဒီရေစီးကြောင်းအထိရောက်လာရင် ထိန်းမနိုင် သိမ်းမရ ဒေါသတွေထွက်အောင် ဆွပေးလိုက်သလိုဖြစ်မယ်ဆိုတာ ကြိုသိပြီးသားပဲ ဖြစ်ရမယ်။ အဲ့တာကြောင့် သူက ရှေ့ကိုကြိုတွေးပြီး ပြင်ဆင်မှုတွေလုပ်လာတာဖြစ်ရမယ်”

“သူ့မှာ ဘယ်လောက်အကာအကွယ်တွေ အထပ်ထပ်ရှိပါစေ။ သူစုပ်ယူထားသမျှ မြေစီးကြောင်းစွမ်းအင်တွေကို ပြန်ပြီး ထုတ်ကိုထုတ်ပေးရမှာပဲ”

မှော်ပညာရပ်များ၏ အရောင်အဝါများက လေထဲတွင် တဖြည်းဖြည်း ပိုမိုတောက်ပလာသည်။ အဘယ့်ကြောင့်ဆိုသော် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်လောက်နှင့် ချီစုစည်းမှုအဆင့် ဂိုဏ်းသားတစ်ရာကျော်ခန့်က အစွမ်းကုန်တိုက်ခိုက်နေသောကြောင့်ဖြစ်သည်။

လီချင်းဟောက်ပေးထားသော အသက်ကယ်မှော်ပစ္စည်းများသည် စတင်ပျက်စီးလာပြီဖြစ်သည်။ အနည်းငယ်ကြာသောအခါ ဖောက်ခနဲအသံမြည်သွားပြီး လက်ကောက်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားလေသည်။ ယခုမှ အခြေခိုင်မာခြင်းအဆင့်ကိုရောက်လာကြသော ဂိုဏ်းသားများက သူတို့၏အစွမ်းကိုအကုန်မသုံးရဲသေးသောကြောင့်သာ လက်ကောက်က ပျက်စီးမသွားခြင်းဖြစ်သည်။

အနက်ရောင်အလင်းတန်းများ ပျောက်သွားသောအခါ ပိုင်ရှောင်ချန်းက အကန့်အသက်မရှိတောက်ပနေသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်လေသည်။

“သေစမ်း”

ကျောက်ရုန်က စိတ်လှုပ်ရှားစွာ ပြောလျက် လက်ညှိုးဖြင့်သိုင်းကွက်ကိုဖော်ကာ ပိုင်ရှောင်ချန်းဆီသို့ တဖန်တိုးကပ်လာပြန်သည်။ ပိုင်ရှောင်ချန်း၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။

သူ့မျက်လုံးများမှာ တောရိုင်းသတ္တဝါတစ်ကောင်ကဲ့သို့ဖြစ်သည်။ အင်မတန်မှရူးသွပ်နေဟန်ရှိပြီး အခိုးအငွေ့များနှင့် အလျှံတညီးညီးတောက်ပနေသည်။ ထိုအကြည့်စူးများကြောင့် ကမ္ဘာတစ်ခုလုံးမှ သက်ရှိများသည် ကျောက်ရုပ်များကဲ့သို့ ခဲသွားတော့မည်လားဟုပင်ထင်ရလေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset