ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့မှာ ထိုအနက်ရောင်ရေခူကို ကြည့်နေကြပြီး အမျိုးသမီး ပုံရိပ်ယောင် ၏ တည်ကြည်မှုအပြည့်ဖြင့် ရှင်းပြနေသောစကားများကို နားထောင်နေစဉ် အင်္ဂါဂြိုဟ်နှင့် နေမင်းကြီးတို့၏အလွန် အာကာသထဲရှိ ကြယ်စင်စုကြီးထဲတွင် ၎င်းနှင့် တထေရာတည်းနည်းပါး တူသော အနက်ရောင် ရေခူကြီးတစ်ကောင်မှာ ဟင်းလင်းပြင်ကြီးထဲ၌ လျင်မြန်စွာ ရွေ့လျားသွားလာနေ၏။
ထိုအလက်ရောင်ရေခူကြီးမှာ အလွန်အင်မတန်မှ ကြီးမားပြီး ၎င်း၏ အရွယ်အစားမှာ အာကာသသင်္ဘောပျံတစ်စင်းနီးပါးခန့် ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်ကြီး ရွေ့လျားနေစဉ်တွင် လက်တံပေါင်းမြောက်မြားစွာမှာ ယမ်းခါနေကြသဖြင့် ၎င်းမှာ အာကာသထဲရှိ အကွာအဝေးများကို လျှော့ချပစ်နိုင်စွမ်း ရှိသည့်ပုံ ပေါ်နေ၏။ ၎င်းမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပျံသန်းနေသည့်ပုံပေါက်ပါသော်လည်း အမှန်တကယ်တွင်မူ အဆက်မပြတ် ပုံသဏ္ဍာန်ပြောင်းလဲနေခြင်းသာ ဖြစ်သည်။
ထိုအနက်ရောင် ရေခူကြီးမှာ အမျိုးသမီး ပုံရိပ်ယောင် ပြောပြခဲ့သည့် ပင်လယ်ဇူဇကာပင် ဖြစ်သည်။
ယခုတွင် ထိုရေခူကြီး၏ ခန္ဓာကိုယ်မှာ မည်းနက်နေသောကြောင့် အပြင်ဘက်မှလူများမှာ ၎င်းအား ဖောက်ထွင်းမြင်နိုင်စွမ်း မရှိပါသော်လည်း လက်တွေ့တွင်မူ ၎င်း၏ ခန္ဓာကိုယ်ထဲ၌ ကျင့်ကြံသူသုံးယောက်မှာ တင်ပျဉ်ခွေထိုင်နေကြ၏။
ထိုသုံးယောက်စလုံးမှာ သတ်လတ်ပိုင်းလူကြီးများ ဖြစ်ကြပြီး အမူအရာများ တည်ကြည်နေကြ၏။ သူတို့မှာ သတ်ဖြတ်ခြင်း၌ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေကြသူများဖြစ်ကြောင်း သိသာထင်ရှားပေသည်။ အထူးသဖြင့် သူတို့ထဲမှ တစ်ယောက်ဆိုလျှင် သူ၏မျက်နှာပေါ်၌ အနီရောင်ကင်းခြေများကြီးတစ်ကောင် ရှိနေ၏။ ထိုကင်းခြေများကြီးမှာ သူ၏ အသွေးအသားများနှင့် ချိတ်ဆက်နေသကဲ့သို့ပင်။ ၎င်းမှာ ရံခါဖန်ခါဆိုသလို ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို လူးလွန့်လှုပ်ရှားနေသောကြောင့် သူသည် အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းနေတော့သည်။
သူတို့၏ ဝတ်စားဆင်ယင်ပုံမှာလဲ ကမ္ဘာပေါ်ကလူများနှင့် မတူကြပေ။ သူတို့မှာ ဝတ်ရုံရှည်ကြီးများအစား အကြေးခွံများနှင့်တူသည့် ချပ်ဝတ်တန်ဆာများကို ဆင်မြန်းထားကြ၏။ ထို ချပ်ဝတ်တန်ဆာများမှာ အခြားသော အံ့ဩဖွယ်ရာ စွမ်းပကားများကို ပိုင်ဆိုင်ထားကြသည့်ပုံပင်။ ထို့အပြင် သူတို့သုံးယောက် တရားထိုင်နေစဉ်တွင် သူတို့၏ ခန္ဓာကိုယ်များထဲမှ လှိုင်းများ ထွက်ပေါ်လာ၏။ ထိုလှိုင်းများကို အနက်ရောင်ရေခူကြီးက ဖုံးကွယ်ပေးထားသည့်ပုံ ပေါက်နေပါသော်လည်း ၎င်း၏ခန္ဓာကိုယ်အတွင်းပိုင်းထဲတွင်မူ ထိုလှိုင်းများမှာ အလွန်အင်မတန်မှ သိသာထင်ရှားနေပြီး အမြုတေအဆင့် ကျင့်ကြံသူအားလုံးကိုပင် ဖိနှိပ်ထားနိုင်လောက်အောင် အားကောင်းနေ၏။
ထိုသုံးယောက်မှာ အမြုတေအဆင့်ကျင့်ကြံသူများထက် ပို၍အဆင့်မြင့်သော ယွမ်ယင်အဆင့် ကျင့်ကြံသူများဖြစ်ကြပေသည်။
ထိုအချိန်တွင် ကြယ်စင်စုကြီးထဲ၌ အဆင်အပြတ် အသွင်ပြောင်းနေခဲ့သည့် ရေခူကြီးမှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။ ထိုအခါ ၎င်း၏ ခန္ဓာကိုယ်ထဲမှာ လှိုင်းများ ထွက်ပေါ်လာကြပြီး ၎င်း၏ လမ်းတစ်လျှောက်ရှိ ဥက္ကာခဲများအားလုံးကို အမှုန့်ခြေပစ်လိုက်တော့သည်။
ထိုရေခူကြီးမှာ ၎င်း အမှုန့်ချေပစ်သော ဥက္ကာခံများကို အာရုံထဲပင် မထည့်ထားပေ။ ၎င်းမှာ ကြယ်စင်စုကြီးထဲ၌ တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ၎င်းမှာ အနက်ရောင် မဟုတ်တော့ပေ။ ၎င်း၏ ခန္ဓာကိုယ်ထဲမှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ၎င်းမှာ တစ်စုံတစ်ခုကို ရှာနေသည့်ပုံဖြင့် ၎င်း၏ ဦးခေါင်းအား အနည်းငယ်ခန့် နေရာရွှေ့လိုက်၏။
နောက်ဆုံးတွင် ၎င်းမှာ သူသွားလိုသည့် အရပ်မျက်နှာတစ်ခုကို ရွေးချယ်ပြီးသွားသောအခါ ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် အလင်းရောင်မှာ ပို၍ပင်တောက်ပလာတော့သည်။ တစ်ချိန်ထဲမှာပင် တင်ပျဉ်ခွေထိုင်ကာ တရားထိုင်နေကြသည့် သုံးယောက်မှာလည်း တစ်ပြိုင်နက်တည်း မျက်လုံးများပွင့်လာကြ၏။ သူတို့၏ သူငယ်အိမ်များမှာ ကမ္ဘာပေါ်မှ လူများနှင့် အရောင်မတူပေ။
သူတို့၏ သူအိမ်ငယ်များမှာ အနီရောင်ဖြစ်နေကြ၏။ ထို အရောင်ကြောင့်လားတော့ မသိပေ။ သူတို့သုံးယောက် မျက်လုံးများပွင့်လာကြပြီးနောက် အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်သော ပြင်းအားတစ်ခု ထွက်ပေါ်လာ၏။ သူတို့ထဲမှ တစ်ယောက်မှာဆိုလျှင် နှုတ်ခမ်အား လျှာဖြင့်လျက်လိုက်ပြီး ရယ်မောကာ ဆိုလိုက်၏။
” ဒီနေရာမှာ လူနေမှုအဖွဲ့အစည်းတစ်ခုရဲ့ အငွေ့အသက်တွေ ရှိနေဦးမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ ”
” ငါတို့တွေ သွားကြည့်ကြမလား ” နောက်ထပ်တစ်ယောက်က မေးလိုက်၏။ ထို့နောက် ထိုနှစ်ယောက်မှာ နောက်ဆုံးတွင် မျက်နှာပေါ်၌ အနီရောင် ကင်းခြေများကြီးတစ်ကောင် လူးလွန့်နေသော နောက်ဆုံးတစ်ယောက်အား စိုက်ကြည့်လိုက်ကြတော့သည်။
သူ၏ မျက်လုံးများမှာ သိသိသာသာပို၍ နီမြန်းနေ၏။ သူသည် သူ၏ မျက်နှာပေါ်ရှိကင်းခြေများကြီးကို အသာအယာတို့ထိလိုက်ပြီး တည်ကြည်စွာဆိုလိုက်၏။
” သွားကြည့်ကြတာပေါ့။ အဆင့်မြင့်ကျင့်ကြံသူတွေ မရှိဘူးဆိုရင် သူတို့ကို ချေမှုန်းပြီး သူတို့ရဲ့ ကြယ်တာရာရင်းမြစ်ကို ယူလာလိုက်မယ်။ တကယ်လို့ အဆင့်မြင့်ကျင့်ကြံသူ တစ်ယောက်ယောက် ရှိနေမယ်ဆိုရင်တော့ အခြေအနေပေါ်လိုက်ပြီး မီးစဥ်ကြည့်ကကြမယ် ”
သူ ထိုသို့ဆိုလိုက်သောအခါ အခြားနှစ်ယောက်မှာလည်း ခေါင်းညိတ်လိုက်ကြ၏။ ခဏအကြာတွင် သူတို့မှာ ရေခူကြီး၏ ပုံစံကို ပြောင်းလဲလိုက်ကြသဖြင့် လေထဲ၌ ရပ်တန့်သွားခဲ့သည့် ရေခူကြီးမှာ ရုတ်တရက်ဆိုသလို အရှိန်ပြန်တက်လာပြီး ရှေ့သို့ ရွေ့လျားသွားတော့သည်။ ယခုအကြိမ်တွင်မူ ၎င်း၏ ပန်းတိုင်မှာ… နေအဖွဲ့အစည်းပင် ဖြစ်သည်။
တစ််ချိန်ထဲမှာပင် အင်္ဂါဂြိုဟ်ပေါ်ရှိ ဝိညာဉ်ဆန့်ကျင်ဗုံး လေ့လာရေးစက်ရုံထဲတွင် ဝမ်ပေါင်လဲ့၏ အကြည့်မှာ သတ္တုနံရံထဲရှိ အနက်ရောင် ရေခူပေါ်၌ ရှိမနေတော့ပေ။ သူသည် ကျင့်သိုမင်နှင့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီး သူတို့၏ သိမှုနယ်ပယ်များ ကျယ်ပြန့်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။
အမှန်တွင် ကျင့်သိုမင်မှာ သူ့ကိုယ်သူ မည်မျှပင် ဗဟုသုတ ကြွယ်ဝနှံ့စပ်သည်ဟု သတ်မှတ်ထားစေကာမူ ဤလေ့လာရေးစက်ရုံထဲရှိ အရာအားလုံးကြောင့် အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်သွားရမည်သာ ဖြစ်သည်။ သူတို့နှစ်ယောက်မှာ ထိုစင်္ကြံလမ်းအတိုင်း ဆက်၍လျှောက်လာပြီး အမျိုးသမီး ပုံရိပ်ယောင်၏ လမ်းပြဦးဆောင်မှုနောက်ကို လိုက်ရင်း လေ့လာရေးစက်ရုံထဲသို့ ဝင်ရောက်သွားကြတော့သည်။
လမ်းတစ်လျှောက်တွင် သူတို့မှာ တူညီဝတ်စုံများ ဆင်မြန်းထားကြသည် ဝန်ထမ်းမြောက်မြားစွာကို တွေ့မြင်ခဲ့ကြရ၏။ သူတို့မှာ ကျင့်သိုမင်နှင့် ဝမ်ပေါင်လဲ့တို့၏ ရောက်ရှိလာမှုကို ဂရုစိုက်နေခြင်းမရှိဘဲ ဟိုဟိုသည်သည် လှုပ်ရှားနေကြပြီး သူတို့၏ ဘေးပတ်ဝန်းကျင်ကို အာရုံမစိုက်နိုင်လောက်အောင်ပင် အလုပ်ရှုပ်နေသည့်ပုံ ပေါက်နေကြ၏။
ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့ ရောက်လာရသည့် အကြောင်းအရင်းမှာ လေ့လာရေးစက်ရုံအား ကြည့်ရှုရန်နှင့် ကျောက်ပင်ဖန်ဆီသို့ သွားရောက်လည်ပတ်ရန်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ရှေ့မှာ အမျိုးသမီး ပုံရိပ်ယောင်မှာ ထိုအကြောင်းကြားစာကို ရရှိထားသဖြင့် သူတို့အား အခန်းနံပါတ်သုံးဆီသို့ တန်း၍ခေါ်ဆောင်သွားခြင်းမရှိပေ။ သူမသည် သူတို့အား အခန်းနံပါတ်တစ်မှစ၍ လေ့လာရေးစက်ရုံထဲ၌ လှည့်လည်ပြသလိုက်၏။
ခဏအကြာ ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့မှာ စင်္ကြံလမ်း၏ အဆုံးသို့ရောက်ရှိသွားကြချိန်တွင် မြူခိုးတာအိုကျောင်း၏ အရွယ်အစား၏ တစ်ဝက်ခန့် ကျယ်ဝန်းသော နယ်မြေကြီးတစ်ခုမှာ သူတို့၏မျက်စိရှေ့၌ ပေါ်လာ၏။ ထိုနယ်မြေထဲ၌ လူပေါင်းများစွာ ရှိနေကြသည့်အပြင် ဝမ်ပေါင်လဲ့ မြင်ဖူးသော အဆင့်မြင့် ပစ္စည်းကရိယာများဖြင့်လည်း အပြည့်ဖြစ်နေ၏။
၎င်းတို့ထဲ၌ အာရုံဖမ်းစားနိုင်စွမ်း အရှိဆုံးမှာ ထိုနယ်မြေထဲ၌ ရှိတေသည့် ဧရာမ သလင်းကျောက်စည်ကြီး ဆယ်လုံးကျော်ပင် ဖြစ်သည်။ ထိုစည်ကြီးများမှာ ဖောက်ထွင်းမြင်နေရပြီး လူဆယ်ယောက်ကျော် လက်များဆန့်ထားသည့် ပမာဏအထိ ကျယ်ဝန်းနေ၏။ ၎င်း၏ အမြင့်မှာ မျက်နှာကြက်အထိ ရှိပြီး အစမှ အဆုံးအထိ အကြည်ရောင် အရည်တစ်မျိုးဖြင့် အပြည့်ဖြည့်ထား၏။ ထိုအရည်ထဲရှိနေသည့် ကြောက်မက်ဖွယ်ရာ ရုပ်အလောင်းကြီးတစ်ခုကြောင့် ဝမ်ပေါင်လဲ့မှာ အံအားသင့်သွားရ၏။
ထိုရုပ်အလောင်း တစ်ခုချင်းဆီတိုင်းမှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ ၎င်းတို့ထဲမှ အချို့မှာ ဖွံ့ထွားသော ခန္ဓာကိုယ်များ ရှိနေကြပါသော်လည်း ခေါင်းမပါကြပေ။ အချို့မှာဆိုလျှင် မျက်လုံးနေရာ၌ နို့သီးခေါင်းများ ရှိနေကြပြီး အချို့မှာဆိုလျှင် တဇတ်နေရာ၌ ချက်များ ရောက်နေကြ၏။ ထို့အပြင် အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် မြေတစ်ကောင်၏ ခန္ဓာကိုယ်အောက်ပိုင်းတို့ကို ပိုင်ဆိုင်ထားသည့် ရုပ်အလောင်းကြီးအချို့ပင် ရှိနေသေးသည်။
တစ်ချိန်ထဲမှာပင် အရည်ထဲ၌ နစ်မြုပ်နေသည့်တိုင်အောင် မီးတောက်များ တောက်လောင်နေသည့် ခန္ဓာကိုယ်များ ပိုင်ဆိုင်ထားကြသော မီးလူသားများသာမက ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသည့် ခေါင်းသုံးလုံး ခွေးဘီလူကြီးများလည်း ရှိနေကြသေးသည်။
ဝမ်ပေါင်လဲ့မှာ အနောက်တိုင်း ဒဏ္ဍာရီများထဲကအတိုင်း တထေရာတည်း ဖြစ်နေသည့် တောင်ပံများပါသော နဂါးတစ်ကောင်ကိုပင် မြင်လိုက်ရသေးသည်။
” ဒါ…. ဒါ… ” ဝမ်ပေါင်လဲ့မှာ ခေါင်းမပါသော လူထွားကြီးအား လက်ညှိုးထိုးကာ အံ့ဩတုန်လှုပ်နေသည့်အမူအရာဖြင့် အမျိုးသမီး ပုံရိပ်ယောင်အား ကြည့်နေရင်း ပထမဆုံး တွေးမိလိုက်သည့်် အတွေးမှာ သူသည် နေရာမှားဝင်ခဲ့ခြင်း ဖြစ်မည်ဟုပင် ဖြစ်သည်။
သူ၏ဘေးတွင်ရှိနေသော ကျင့်သိုမင်မှာလည်း မှင်တက်သွားရ၏။ သို့သော် သူသည် ဤ အခန်းနံပါတစ်အကြောင်းကို ကြားဖူးထားသည့်ပုံ ပေါက်နေသောကြောင့် သူ၏စိတ်ကို အနည်းငယ်ခန့် တည်ငြိမ်အောင် ထိန်းထားနိုင်လိုက်၏။
” အခန်းနံပါတ်တစ်ကို ဒဏ္ဍာရီလာ သုတေသနအခန်းလို့လည်း ခေါ်တယ်။ ဒီအခန်းထဲမှာ ကမ္ဘာပေါ်မှာ ရှာဖွေတွေ့ရှိထားတဲ့ ဒဏ္ဍာရီလာ သတ္တဝါတွေအားလုံးကို သုတေသနလုပ်ကြတာ။ ပြီးရင် ရှေးဦးဝိညာဉ်ခေတ်ရဲ့ တမူထူးခြားတဲ့ နည်းလမ်းတွေကိုအသုံးပြုပြီးတော့ သူတို့ကို ပြန်လည်ဖန်တီးနိုင်ဖို့လဲ ကြိုးစားကြတယ်။ အသစ်ပြန်လည်မွေးဖွားခြင်း တစ်မျိုးလို့တောင် သတ်မှတ်ရင် သတ်မှတ်လို့ရတာပေါ့ ”
” ဒီနေရာမှာက တချို့တဝက်ကိုပဲ ပြထားတာ။ ပြည်ထောင်စုကြီးထဲက ရာနဲ့ချီနဲ့ ရုပ်ထုတွေကို ကြုံရာကျပန်း ဖြစ်သလို နေရာချထားတာ မဟုတ်ဘူး။ အမှန်အတိုင်းပြောရမယ်ဆိုရင် အဲဒီနေရာမှာ ချထားတဲ့ ဒဏ္ဍာရီလာ နတ်ဘုရား တစ်ပါးချင်းစီတိုင်းရဲ့ တကယ့်လက်တွေ့ဘဝမှာ ရှိခဲ့ဖူးတဲ့ အထောက်အထားတွေကို ကျမတို့တွေ ရှာတွေ့ထားပြီးသား ”
ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရပြီး ရင်ခုန်နှုန်းများ ဗြောင်းဆန်လာရတော့သည်။ လေ့လာရေးစက်ရုံထဲ၌ လှည့်လည်ပြသခြင်းမှာ မပြီးသေးပါသော်လည်း သူ့အတွက်မူ ကမ္ဘာကြီးအသစ်တစ်ခု ပေါ်ပေါက်လာသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် ပြည်ထောင်စုကြီး၏ လျှို့ဝှက်ချက်အစစ်အမှန်များနှင့် တိုက်ရိုက်ထိတွေ့နေရသည်ဟုပင် ခံစားနေရတော့သည်။
ထိုအရာများကို မြင်ပြီးသွားသောအခါမှ ဝမ်ပေါင်လဲ့မှာ ယခင်တုန်းက သူ ပြည်ထောင်စုကြီးနှင့်ပတ်သက်၍ သိရှိထားခဲ့သမျှ အရာအားလုံးမှာ အပေါ်ယံမျှသာ ဖြစ်နေခဲ့သည်ကို နားလည်သွားတော့သည်။
ယခင်တုန်းက ဝမ်ပေါင်လဲ့မှာ ခန့်မှန်းချက်အချို့ ထုတ်ခဲ့ဖူးပါသော်လည်း သူကိုယ်တိုင် မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရသလောက် အံ့ဩတုန်လှုပ်စရာ ကောင်းခဲ့မည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ အခန်းနံပါတ်တစ်ထဲမှ ထွက်ခွာသွားပြီးသည့်တိုင်အောင် အံ့ဩတုန်လှုပ်မှုများမှာ ကျန်ရစ်နေခဲ့ဆဲပင်။ သူနှင့် ကျင့်သိုမင်တို့ အခန်းနံပါတ်နှစ်ထဲသို့ ရောက်ရှိသွားသည့်အချိန်အထိ သူ၏ ခံစားချက်များမှာ ယောက်ယက်ခတ်နေရ၏။
သူတို့ ထိုအခန်းထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ဝမ်ပေါင်လဲ့၏ ဂနာမငြိမ် ဖြစ်နေရသောခံစားချက်များမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ဗြောင်းဆန်သွားရပြန်သည်။ သူသည် မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေမိတော့သည်။ အကယ်၍ အခန်းနံပါတ်တစ်ကြောင့် ဝမ်ပေါင်လဲ့မှာ ဒဏ္ဍာရီလာ ရှေးဟောင်းသတ္တဝါကြီးများ ရှိခဲ့ဖူးသည့် အထောက်အထားများအား သိရှိသွားခဲ့ရသည့်ဆိုလျှင် အခန်းနံပါတ်နှစ်မှာ သူ့အား ရှေးဦးဝိညာဉ်ခေတ်၏ ခမ်းနားထည်ဝါမှုများကို ပြသလိုက်ခြင်းပင်ဖြစ်သည်။
ထိုအခန်းထဲ၌ တောင်ကြီးတစ်လုံးရှိနေ၏။
ထိုတောင်ကြီးမှာ အခန်းနံပါတ်နှစ်၏ အလယ်တည့်တည့်တွင် ရှိနေခြင်းဖြစ်သည်။ ၎င်းမှာ ပေတစ်ရာကျော်မျှသာ မြင့်မားသောကြောင့် သိပ်၍ မကြီးမားပေ။ ထိုတောင်ကြီးတစ်ခုလုံးမှာ အနက်ရောင် ဖြစ်နေ၏။ သို့သော် ထိုတောင်ကြီးအား မြင်လိုက်ရသည့် မည်သည့်ကျင့်ကြံသူမဆို သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများ ဆွဲငင်ခံလိုက်ရသကဲ့သို့ ထိန်းချုပ်၍မရနိုင်လောက်အောင် လည်ပတ်သွားသည်ကို ခံစားလိုက်ရမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့မှာလည်း ထိုကဲ့သို့ပင်ခံစားလိုက်ရ၏။ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အထိန်းအကွပ်မဲ့သွားကြပြီး သူတို့၏ခန္ဓာကိုယ်များထဲမှ ဖောက်ထွက်လာတော့မည့်ဆဲဆဲ အနေအထားသို့ ရောက်နေကြပြီဖြစ်သည်။
သူတို့၏ စိတ်များမှာလည်း ချက်ချင်းပင် ဗြောင်းဆန်သွားကြပြီး ပေါက်ကွဲလုမတတ် ဖြစ်သွားကြ၏။ ကံကောင်းသည်မှာ ထိုအခန်းနံပါတ်နှစ်ထဲ၌ ပစ္စည်းကိရိယာ အလုံအလောက် တပ်ဆင်ထားသည့်ပုံပင်။ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ကြိုတင်မှန်းဆထားပုံရသော အမျိုးသမီး ပုံရိပ်ယောင်ကြီးမှာ ချက်ချင်းဆိုသလိုပင် သူမ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ဖိနှိပ်ချုပ်တီးနိုင်စွမ်း ရှိသော အားတစ်မျိုး ပေါ်ပေါက်လာသဖြင့် ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့၏ ခန္ဓာကိုယ်ထဲရှိ ရုန်းရင်းဆန်ခတ်ဖြစ်နေသော ကျင့်ကြံခြင်းစွမ်းအားများမှာ ငြိမ်သက်သွားကြတော့သည်။
တစ်ခဏမျှ ကြာပြီးသွားသောအခါမှ ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့မှာ သူတို့ကိုယ်သူတို့ ပြန်လည်တည်ငြိမ်သွားအောင် ထိန်းသိမ်းနိုင်သွား၏။ သူတို့မှာ အသက်ရှူသံများ မြန်ဆန်နေကြပြီး ဝမ်ပေါင်လဲ့တစ်ယောက် စကားမပြောနိုင်ခင်မှာပင် ကျင့်သိုမင်က အလောတကြီးနှင့် မေးလိုက်၏။
” မဟုတ်မှလွဲရော… ဒါ ကြယ်တာရာရင်းမြစ် ဆိုတာလား ”
” ကြယ်တာရာရင်းမြစ် ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရ၏။ သူသည် ထိုစကားလုံးကို ယခုမှ ပထမဆုံးအကြိမ်အဖြစ် ကြားဖူးခြင်းဖြစ်သည်။ ယခုတွင် သူသည် ထိုတောင်ကြီးကို ကြည့်ရင်း ရင်တဒိန်းဒိန်း ခုန်နေရ၏။ ထို့နောက် သူသည် အမျိုးသမီး ပုံရိပ်ယောင်ဘက်သို့ ပြန်လှည့်လာပြီး သူမ၏ အဖြေကို စောင့်ဆိုင်းနေလိုက်တော့သည်။
” ရှေးဦးဝိညာဉ်ခေတ် ရောက်လာတော့ လူသားတွေတင် မကဘဲ ဘယ်သတ္တဝါမဆို ကျင့်ကြံနိုင်စွမ်းရှိသွားတာ။ ကြယ်တွေကလည်း အတူတူပဲ။ ကြယ်တွေကို သက်ရှိတစ်မျိုးလို့ သတ်မှတ်လို့ရတယ်။ အဲဒီ ကြယ်တာရာရင်းမြစ်ဆိုတာက ကြယ်တွေရဲ့ ဗဟိုချက်ပေါ့။ ကြယ်တစ်လုံးရဲ့အဖိုးအတန်ဆုံး အရာဆိုရင်လည်း မမှားဘူး ”
” ရှေးဦးဝိညာဉ်ခေတ်က အခုမှ အစပိုင်းပဲရှိသေးတာ နှမြောစရာပဲ။ အဲ့တာမလို့ နေအဖွဲ့အစည်းထဲက ဂြိုဟ်တွေထဲမှာ ကြယ်အရင်းအမြစ်တွေ သိပ်မရှိသေးတာ။ လူကြီးမင်းတို့ မြင်နေရတာက အင်္ဂါဂြိုဟ်ပေါ်က ကြယ်တာရာရင်းမြစ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ”
အမျိုးသမီး ပုံရိပ်ယောင်ကြီး ရှင်းပြနေသောစကားများကို နားထောင်ရင်း ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တုန်ရီသွားရ၏။ သူသည် စကားပြောရန် ပြင်လိုက်ပါသော်လည်း ဤ ကြယ်တာရာရင်းမြစ်ကြီး၏ အတွင်းပိုင်းထဲတွင် နောက်ထပ်အရာဝတ္ထုပစ္စည်းတစ်ခု ရှိနေသည်ဟု ခပ်ရေးရေးခန့် အာရုံခံမိလိုက်သောကြောင့် ချက်ချင်းပင် အံ့ဩတုန်လှုပ်သွားရတော့သည်။
” ဒီထဲမှာ နောက်ထပ်ပစ္စည်းတစ်ခုခု ရှိနေသေးလား ” ဝမ်ပေါင်လဲ့မှာ ထိုကြယ်တာရာရင်းမြစ်အား လက်ညှိုးထိုးကာ အမျိုးသမီး ပုံရိပ်ယောင်အား စိုက်ကြည့်၍ မေးလိုက်၏။
ထိုအခါ ကျင့်သိုမင်မှာ အံ့သြတုန်လှုပ်သွားရ၏။ သူသည် မည်သည့်အရာကိုမှ အာရုံမခံမိပေ။ အမျိုးသမီး ပုံရိပ်ယောင်မှာမူ ဝမ်ပေါင်လဲ့အား ဖျတ်ခနဲကြည့်မိလိုက်ပြီး မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ဝမ်ပေါင်လဲ့မှာ ထိုကြယ်တာရာရင်းမြစ်၏ အတွင်းပိုင်းထဲအထိ ဖောက်ထွင်းမြင်နိုင်စွမ်း ရှိနေလိမ့်မည်ဟု သူမက လုံးဝထင်မှတ်မထားခဲ့သည့်ပုံပင်။