Switch Mode

အခန်း (၄၀၇)

လေ့လာရေးစက်ရုံ

ရှေးဦးဝိညာဉ်ခေတ် ပြည်ထောင်စုကြီးထဲ၌ ကျင့်ကြံခြင်းပညာရပ်များ အလုံအလောက် ရှိသည်ဟု ဆိုနိုင်ပါသော်လည်း ရွေးချယ်စရာ အများကြီးရှိနေသည်တော့မဟုတ်ပေ။ ထို့အပြင် အဖွဲ့အစည်းအသီးသီးမှာ သူတို့၏ ကိုယ်ပိုင်ပညာရပ်များကို လျှို့ဝှက်ထားကြပြီး သူတို့ တီထွင်ဖန်တီးထားသည့် ကျင့်ကြံခြင်း ပညာရပ်များကို အခြားသူများဆီသို့ ပေါက်ကြားမသွားစေရန် တားမြစ်ထားကြသည်ဖြစ်သည်။ သို့ဖြစ်ရာ အသေးစား အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းမရှိသော ကျင့်ကြံသူများမှာ တာအိုကျောင်းလေးကျောင်း သို့မဟုတ် အင်အားကြီး အဖွဲ့အစည်းများမှ မဟုတ်လျှင် ကျင့်ကြံခြင်းပညာရပ် တစ်ခုတလေကိုပင် ပိုင်ဆိုင်နိုင်ကြမည်မဟုတ်ပေ။

မြို့တော်အသစ်ထဲတွင် အဖွဲ့အစည်းအသီးသီးမှ ကျင့်ကြံသူပေါင်းမြောက်မြားစွာ ရှိနေသည့်တိုင်အောင် သူတို့ထဲမှအများစုမှာ ဤနေရာသို့ ပြောင်းရွှေ့လာကြပြီးနောက် နေရာအနှံ့သို့ ရောက်ရှိနေကြသည့် သန်းထောင်ပေါင်းများစွာသော လူများဖြစ်ကြ၏။ တစ်ချိန်ထဲမှာပင် အဖွဲ့အစည်းအသီးသီးမှ ကျင့်ကြံသူများမှာ ကျင့်ကြံခြင်းပညာရပ်များ အလုံအလောက် ပိုင်ဆိုင်ထားပါသော်လည်း အခြားပညာရပ်များနှင့်မတူသည့် ပညာရပ်အသစ်တစ်ခုကို ရရှိပိုင်ဆိုင်ရမည်ဆိုပါက မည်သူကမှ ငြင်းဆန်ကြမည်မဟုတ်ပေ။ သို့ရာတွင် ထိုကျင့်ကြံခြင်းပညာရပ်မှာ ဘေးထွက်ဆိုးကျိုးများ ရှိမနေရန်တော့ လိုအပ်ပေသည်။

ထိုသို့ဖြင့် အသက်ရှည်နည်းပညာရပ်မှာ ပျံ့နှံ့သွား၏။ ထို ကျင့်ကြံခြင်းပညာရပ် စတင်ပျံ့နှံ့လာပုံကို မည်သူကမှမသိပါသော်လည်း မည်သည့်အကြောင်းကြောင့်မှန်းမသိ လူတိုင်းမှာ ထိုပညာရပ်အကြောင်း ပြောဆိုနေကြသည့်အပြင် လူအချို့မှာဆိုလျှင် ၎င်းအား စတင်ကျင့်ကြံနေကြပြီဖြစ်သည်။

ထို အသက်ရှည်နည်းပညာရပ်မှာ အဆင့်ဆင့် လက်ဆင့်ကမ်းပေးနိုင်ရန် သင့်တော်သည့် ဂုဏ်သတ္တိများအားလုံးကို ပိုင်ဆိုင်ထားသည်ကို ငြင်းဆို၍ မရနိုင်ပေ။ ပထမအချက်အနေနှင့် ၎င်းကို ကျင့်ကြံရသည်မှာ လွယ်ကူရိုးရှင်းပြီး ဒုတိယအချက်အနေနှင့် ၎င်းကို ကျင့်ကြံနိုင်ရန် အခြားမည်သည့် လိုအပ်ချက်ကိုမှ မလိုအပ်ပေ။ ကျင့်ကြံသူတစ်ယောက်ဖြစ်စေ၊ သာမန်ပြည်သူတစ်ယောက်ဖြစ်စေ၊ ထိုပညာရပ်အား လေ့ကျင့်နိုင်ပေသည်။ နောက်ဆုံးအချက်မှာ ထိုပညာရပ်သည် ဝိညာဉ်စွမ်းအင်အား အသုံးပြုသော ပညာရပ်မဟုတ်ဘဲ လူတစ်ယောက်၏ အပြင်ခန္ဓာကိုယ်အား လေ့ကျင့်ပေးသည့် ပညာရပ်တစ်ခုဖြစ်နေခြင်းပင်။

ထိုအချက်ကြောင့် လူအများစု၏ စိုးရိမ်သောကများမှာ ပျောက်ကွယ်သွားရ၏။ ကိုယ်ကာယလေကျင်ခန်းဆိုသည်မှာ မိမိ၏ အပြင်ခန္ဓာကိုယ်တစ်ခုတည်းကိုသာ ဖွံ့ဖြိုးတိုးတက်လာအောင် လေ့ကျင့်ပေးသည်ဖြစ်၍ သိသာထင်ရှားမှုမရှိသော အခြားဘေးထွက်ဆိုးကျိုးများ ရှိနေလျင်တောင် ဝိညာဉ်ချီ အသုံးပြုရသည့် အခြားကျင့်ကြံခြင်းပညာရပ်များနှင့် ယှဉ်လိုက်ပါက အများကြီးပို၍ ဘေးအန္တရာယ်ကင်းနေမည်ဖြစ်သည်။

ထို့အပြင် အရေးအကြီးဆုံးအချက်မှာ ထိုကျင့်ကြံခြင်းပညာရပ်၏ ရလဒ်များကို အချိန်တိုလေးအတွင်း၌ တွေ့မြင်ရခြင်းပင်။ ထိုပညာရပ်အား ကျွမ်းကျင်တတ်မြောက်သွားသည်နှင့် မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံး သိသိသာသာ သန်စွမ်းလာသည်ကို ခံစားလိုက်ရမည်သာ ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူတို့မှာ အံသြဖွယ်ရာကောင်းလောက်အောင် အသားအရေများ ဝင်းလက်တောက်ပြောင်က ငယ်ရွယ်နုပျိုသွားသည့်ပုံ ပေါက်သွားကြမည်ဖြစ်သည်။ နတ်ဘုရားလက်နက် မြို့တော်အသစ်ထဲရှိ ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာလည်း ထိုကျင့်ကြံခြင်းပညာရပ်ကို စမ်းသပ်ထားပြီးသားဖြစ်ပြီး ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားမရှိကြောင်း သိရှိခဲ့ရပြီးဖြစ်သည်။ တစ်ခုတည်းသော ထူးခြားချက်မှာ ထိုကျင့်ကြံခြင်းပညာရပ်အား ကျွမ်းကျင်တတ်မြောက်ပြီးသွားပါက အစာစားချင်စိတ်များ တိုးပွားလာခြင်းပင်။

သို့သော် အများပြည်သူအတွက်မူ ၎င်းမှာ ပြဿနာတစ်ခုမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့မှာ ဝလာခြင်း မရှိရုံသာမက သူတို့၏ အတွေးမြင်များနှင့်လည်း ထပ်တူကျနေသည် မဟုတ်ပါလော။ အားအင်အပြည့်နှင့် တက်တက်ကြွကြွ ရှိနေနိုင်ရန်အတွက် ထောက်ပံ့စာတစ်ခုခု လိုအပ်သည်ဖြစ်ရာ ချွတ်ယွင်းချက်ဟု သတ်မှတ်ထားကြသည့် ထိုအချက်မှာ စွမ်းအင်ထိန်းသိမ်းမှု ဥပဒေနှင့် ကိုက်ညီမှု ရှိနေသည်ဖြစ်သည်။ ထို့ကြောင့် အသက်ရှည်နည်းပညာရပ်မှာ ချက်ချင်းဆိုသလိုပင် တွင်ကျယ်လာပြီး အမျိုးသမီးများ၏ ကြားတွင် အထူးရေပန်းစားနေတော့သည်။

ထို ပညာရပ်အား တစ်ယောက်ဆီမှတစ်ယောက် လက်ဆင့်ကမ်းနေကြသည့် နှုန်းမှာ သိသိသာသာ တိုးတက်မြန်ဆန်လာ၏။ အစပိုင်းတွင် ထိုပညာရပ်မှာ ကျင့်သိုမင်၏ နယ်မြေထဲ၌သာ ရှိနေခဲ့ပါသော်လည်း တဖြည်းဖြည်းနှင့် လင်းတျန်ဟောက်နှင့် ခုန်းတောက်တို့၏ နယ်မြေများအထိ ပျံ့နှံ့သွားကြ၏။ စစ်တပ်မှ ကျင့်ကြံသူပေါင်းမြောက်မြားစွာဆိုလျှင် ထိုပညာရပ်အား လေ့ကျင့်နေကြပြီဖြစ်ပြီး သိသာထင်ရှားသော အကျိုးကျေးဇူးများကို ခံစားနေကြရပြီဖြစ်သည်။

၎င်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများအထိပင် ပျံ့နှံ့သွားကြ၏။ ထိုအခါ လီဝမ်အာအပါအဝင် ခုန်းတောက်နှင့် အပေါင်းအပါများမှာ ထို အသက်ရှည်နည်းပညာရပ်အား အာရုံစိုက်မိသွားကြတော့သည်။

ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့နှစ်ယောက် ထွက်ခွာသွားကြသည်ကို နောက်မှ သိရှိခဲ့ရသော လီဝမ်အာမှာ လက်ထောက်မြို့တော်သခင်တစ်ယောက်၏ တာဝန်အတိုင်း ထိုအသက်ရှည်နည်းပညာရပ်နှင့် ပတ်သတ်၍ ဆွေးနွေးရန် အစည်းအဝေးတစ်ခု စတင်လိုက်၏။

ထိုအစည်းအဝေးပွဲထဲတွင် သူတို့မှာ အသက်ရှည်နည်းပညာရပ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို လေ့လာဆွေးနွေးလိုက်ကြ၏။ သူတို့မှာ ထိုပညာရပ်အား အမျိုးမျိုးသော အဖွဲ့အစည်းများဆီသို့ပင် ပေးပို့ကာ ခွဲခြမ်းစိတ်ဖြာခိုင်းခဲ့သေးသည်ာ သို့သော် ပြည်ထောင်စုကြီးတစ်ခုလုံးထဲတွင် ဝမ်ပေါင်လဲ့မှလွဲ၍ အမှောင်ပညာရပ်အား ကျင့်ကြံဖူးသည့်လူ တစ်ယောက်တလေပင် မရှိပေ။ ထို့အပြင် ဝမ်ပေါင်လဲ့ ကိုယ်တိုင်ပင်လျှင် ထိုပညာရပ်ကို ခွဲခြားစိတ်ဖြာနိုင်စွမ်း ရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော ထိုပညာအရပ်အား ကျင့်ကြံနေသည့်လူတစ်ယောက်ကို ကိုယ်တိုင်မြင်ဖူးမှသာ ၎င်းအား အတွင်းကျကျ နားလည်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ချို့ယွင်းချက်များစွာ ရှာတွေ့ခဲ့ပါသော်လည်း ခြုံငုံသုံးသပ်လိုက်ပါက အသက်ရှည်နည်းပညာရပ်မှာ ခန္ဓာကိုယ်အား ဖွံ့ဖြိုးတိုးတက်စေသည့် ပညာရပ်အစစ်အမှန်တစ်ခု ဖြစ်နေသည်ဟု ထင်ရပေသည်။

သို့သော် ကမ္ဘာပေါ်ရှိ အဖွဲ့အစည်းအသီးသီးမှာ ထိုပညာရပ်အား စမ်း၍ လေ့ကျင့်ခဲ့သည့်တိုင်အောင် မည်သည့် အကျိုးကျေးဇူးကိုမှ မခံစားခဲ့ရပေ။ ထိုပညာရပ်မှာ အင်္ဂါဂြိုဟ်ပေါ်တွင်သာ တမူထူးခြားသော ရလဒ်များကို ပေးစွမ်းနိုင်သည်ဖြစ်သည်။ တစ်ချိန်ထဲမှာပင် လီဝမ်အာနှင့် အပေါင်းအပါများ ပြုလုပ်ခဲ့သော စုံစမ်းစစ်ဆေးမှုများအရ ထိုပညာရပ်အား ဖြန့်ဝေနေသည့်လူမှာ တစ်ယောက်တည်းသာ ဖြစ်ကြောင်း သိလိုက်ရ၏။ ထို့အပြင် ထိုပုဂ္ဂိုလ်မှာ နောက်ကြောင်းရှင်းလင်းနေ၏။

တစ်ချိန်ထဲမှာပင် သူသည် ထိုပညာရပ်အား သူ၏မိတ်ဆွေ နှစ်ယောက်တည်းကိုသာ ပြန်လည်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ထိုပညာရပ် ယခုလို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ရသည့် အကြောင်းရင်းမှာ သူ၏မိတ်ဆွေနှစ်ယောက်ကြောင့်သာ ဖြစ်နိုင်ပေသည်။ အရာအားလုံးမှာ ပုံမှန်အတိုင်းဖြစ်နေသည်ဟု ထင်ရပါသော်လည်း တစ်ခုတည်းသော ပြဿနာမှာ ၎င်း၏ ပျံ့နှံ့မှုနှုန်းသည် အလွန်အင်မတန်မှ မြန်ဆန်နေခြင်းဖြစ်၏။

ထိုကျင့်ကြံခြင်းပညာရပ်မှာ ပြဿနာကြီးကြီးမားမား မရှိသည့်တိုင်အောင် နောက်ဆုံးတွင် လီဝမ်အာမှာ ၎င်း၏ ပျံ့နှံ့မှုနှုန်းကို ထိန်းချုပ်ရန် ဆုံးဖြတ်လိုက်ရ၏။ သို့သော် သူမသည် အချိန်အနည်းငယ်ခန့်ထပ်၍ စောင့်ကြည့်ပြီးမှ ပိုမိုခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ချမှန်ရန် ပြင်ထားသောကြောင့် ၎င်းအား အပြီးတိုင် ပိတ်ပင်တားမြစ်ခဲ့ခြင်း မရှိပေ။

သို့သော် ထိုပျံ့နှံ့မှုနှုန်းကို ထိန်းချုပ်လိုက်သည့်အတွက် ထိုပညာရပ်အား လေ့ကျင့်နေကြသည့် လူများမှာ စိတ်ဓါတ်ကျသွားရ၏။ သို့ရာတွင် ဤဖြစ်ရပ်ကြီးတစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်သော အပြာရောင်ဝတ်ရုံနှင့် လူငယ်လေးမှာမူ စိုးရိမ်နေခြင်းမရှိသည့်အပြင် သူ၏နေအိမ်ထဲမှပင် ထွက်မလာခဲ့ပေ။ ထို့ကြောင့် မြည်းလေးမှာလည်း ထိုအိမ်၏ အပြင်ဘက်၌ ဆက်လက်စောင့်ဆိုင်းနေရဆဲပင်။ သို့သော် ထိုမြည်းလေးမှာလည်း စားကောင်းသောက်ဖွယ်များကို စားရမည်ဆိုလျှင် မည်မျှပင် စောင့်ရစောင့်ရ တန်သည်ဟု မှတ်ယူထားသဖြင့် စိုးရိမ်ပူပန်နေခြင်းမရှိပေ။

အခြားတစ်ဖက်တွင်မူ ဝမ်ပေါင်လဲ့မှာ ထိုအသက်ရှည်နည်းပညာရပ်၏ အကြောင်းကို ကြားသိလိုက်ရ၏။ သူသည် လင်းတျန်ဟောက်ဆီမှတစ်ဆင့် ထိုကျင့်ကြံခြင်းပညာရပ်၏ ဂါထာတော်ကို သိလိုက်ရသဖြင့် ၎င်းအား ဖတ်ရှုလိုက်ပါသော်လည်း မယုံသင်္ကာဖြစ်စရာ တစ်ခုတလေပင် ရှာမတွေ့ခဲ့ပေ။ ထို့အပြင် သူသည် ကျင့်သိုမင်နှင့်အတူ ပင်မမြို့တော်ဆီသို့ ရောက်ရှိလာခဲ့ပြီးနောက် လေ့လာရေးစက်ရုံအား ကြည့်ရှုခွင့်ရရန်နှင့် ကျောက်ပင်ဖန်ဆီသို့ သွားရောက်လည်ပတ်ခွင့်ရရန် တင်သွင်းခဲ့သည့် တောင်းဆိုချက်နှစ်ခုလုံးမှာ ထောက်ခံချက်ရရှိသွား၏။ သို့ဖြစ်ရာ ကျင့်သိုမင်၏ နားပူနားဆာလုပ်မှုများကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှည်နည်းပညာရပ်အကြောင်းကို မေ့ထားလိုက်ရပြီး အစောင့်များ တင်းကျပ်စွာချထားသော လေ့လာရေးစက်ရုံဆီသို့ ကျင့်သိုမင်နှင့်အတူ ရောက်ရှိသွားတော့သည်။

ထို လေ့လာရေးစက်ရုံမှာ ပင်မအင်္ဂါဂြိုဟ်မြို့တော်ထဲ၌ ရှိနေသည်ဟု ကောလာဟလများ ပျံနှံ့နေကြပါသော်လည်း လက်တွေ့တွင်မူ မြေအောက်၌ တည်ဆောက်ထားခြင်းဖြစ်၏။ ထို့အပြင် ၎င်းမှာ အစောင့်တင်းကျပ်စွာ ချထားသောကြောင့် ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့မှာ ခွင့်ပြုချက် ရရှိပြီးသည့်တိုင်အောင် စစ်ဆေးမှု အဆင့်ဆင့်ကို ကျော်ဖြတ်ပြီးမှသာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကို ဖြတ်၍ စက်ရုံထဲသို့ ဝင်ခွင့်ရခဲ့၏။

ဝမ်ပေါင်လဲ့မှာ ဤစက်ရုံကြီးသည် မြေကြီးအောက်၌ ရှိနေသည်ကိုသာ သိထားပြီး အင်္ဂါဂြိုဟ်မြို့တော်၏ အောက်တည့်တည့်၌ ရှိနေခြင်း ဟုတ်မဟုတ်ကို တပ်အပ်မပြောနိုင်ပေ။ ထို့အပြင် ထိုစက်ရုံကြီးမှာ အလွန်အင်မတန်မှ ကြီးမားလွန်းနေ၏။ ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့နှစ်ယောက် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး၏ အပြင်ဘက်သို့ ထွက်လာပြီးနောက် မြင်လိုက်ရသည့်အရာမှာ သတ္တုပြားများဖြင့် ဝန်းရံထားသည့် မြို့ငယ်လေးတစ်မြို့နှင့်တူသော နေရာကြီးတစ်ခုပင် ဖြစ်သည်။ ထိုသတ္တုပြားများမှာ စင်္ကြံလမ်းများကဲ့သို့ ဖြစ်နေကြပြီး ၎င်းတို့၏ အဆုံးတွင် ကြီးများကျယ်ပြန့်သော မြေကွက်လပ်များ ရှိနေကြ၏။

ထိုမြို့ငယ်လေးထဲ၌ အဖြူရောင် တူညီဝတ်စုံများ ဆင်မြန်းထားကြသည့် ဝန်ထမ်းပေါင်း မြောက်မြားစွာမှာ ဟိုဟိုသည်သည် သွားလာလှုပ်ရှားနေကြ၏။ တစ်ခါတစ်ရံတွင် သားရဲကြီးများ၏ အော်ဟစ်သံများနှင့်တူသော အသံများမှာလည်ူ မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာတတ်သေးသည်။ သူတို့နှစ်ယောက် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး၏ အပြင်ဘက်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ အမြုတေအဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်၏ ဖိနှပ်မှု အငွေ့အသက်များ သူနှင့် ကျင့်သိုမင်တို့ပေါ်သို့ ကျရောက်လာကြသည်ကို ခံစားမိလိုက်၏။ ထိုကျင့်ကြံသူများ သူတို့နှစ်ယောက်အား စစ်ဆေးပြီးသွားသောအခါမှ ထိုအငွေ့အသက်များမှာ ပျောက်ကွယ်သွားကြ၏။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ချီများကို တစ်ရှိုက်သာ ရှူရှိုက်လိုက်ရသေးပါသော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လေထဲ၌ မျောလွင့်သွားသလို ဖြစ်သွားပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ချက်ချင်း လည်ပတ်သွားသည်ကို အာရုံခံမိလိုက်၏။ သူ့ဘက်မှ အားစိုက်ထုတ်စရာပင် မလိုဘဲ ထိုဝိညာဉ်ချီများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ အံ့အားသင့်သွားရ၏။

ထို ဝိညာဉ်ချီများမှာ စိတ်ကူးထဲ၌ မမှန်းဆနိုင်လောက်အောင် သိပ်သည်းလွန်းနေ၏။ အပြင်ဘက်တွင်သာဆိုပါက ၎င်းမှာ ဝိညာဉ်မြူခိုးများအဖြစ် ပြောင်းလဲနေလောက်ပြီဖြစ်သည်။ သို့သော် ဤစက်ရုံထဲတွင်မူ ယခုလောက် သိပ်သည်းနေသော ဝိညာဉ်ချီများအား မြူခိုးများအဖြစ် ပြောင်းလဲမသွားအောင် စစ်ထုတ်ပေးနေသည့် တမူထူးခြားသော ဓမ္မအဆောင်တစ်ခု ရှိနေသည့်ပုံပင်။

ဤ လေ့လာရေးစက်ရုံထဲ၌ ဧရာမဓားကြီး၏ အကျိုးအပဲ့ အပိုင်းအစပေါင်း မြောက်မြားစွာ ရှိနေရမည်မှာ အသေအချာပင်။ ထိုသို့သာ မဟုတ်ပါက ယခုလောက် သိပ်သည်းနေသည့် ဝိညာဉ်ချီများ စုဝေးနေနိုင်စွမ်း ရှိမည်မဟုတ်ပေ။

သို့သော် ဝမ်ပေါင်လဲ့အား အံ့ဩတုန်လှုပ်သွားစေခဲ့သည်မှာ ထိုအချက်မဟုတ်ပေ။ သူ၏ အသိစိတ်တစ်ခုလုံး ယောက်ယက်ခတ်သွားရပြီး သူ့အား မယုံကြည်နိုင်လောက်အောင် ဖြစ်သွားစေခဲ့သည့်အရာမှာ ဤစက်ရုံထဲရှိ ဓမ္မလက်နက် အငွေ့အသက်များကို အာရုံခံမိလိုက်ခြင်းပင်။ ၎င်းမှာ သတ္တမမြောက်အဆင့် မဟုတ်သလို အဋ္ဌမမြောက်အဆင့်လည်း မဟုတ်ဘဲ နဝမမြောက်အဆင့် ဓမ္မလက်နက်၏ အငွေ့အသက်များ ဖြစ်နေ၏။ ထို့အပြင် ၎င်းတို့၏ အရေအတွက်မှာ တစ်ခုထက်ပို၍ ရှိနေသည့်ပုံပင်။

” ဒါ လေ့လာရေးစက်ရုံလားဟ။ တော်တော်လေးကို ကြီးကျယ်ခမ်းနားလိုက်တာ ” ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာပြီး ကျင့်သိုမင်အား လှမ်းကြည့်လိုက်တော့အခါ ကျင့်သိုမင်ကဲ့သို့သော လူကုံထံ သူဌေးကြီးတစ်ယောက်ပင်လျှင် ဆွံ့အမှင်တက်နေရသည်ကို မြင်လိုက်ရ၏။ သူသည်လည်း ယခုမှသာ ဝိညာဉ်ဆန့်ကျင်ဗုံး လေ့လာရေးစက်ရုံထဲသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိဖူးသည့်ပုံပင်။

” ဝိညာဉ်ဆန့်ကျင်ဗုံး လေ့လာရေးစက်ရုံကနေ ကြိုဆိုပါတယ် ” သူတို့နှစ်ယောက် ကြက်သေသေ၍ ရပ်နေကြစဉ် သူတို့၏ရှေ့၌ စူးရှတောက်ပသော အလင်းရောင်တစ်ခုပေါ်လာ၏။ ထိုအလင်းရောင်မှာ ချက်ချင်းဆိုသလိုပင် စုဝေးသွားပြီး အလွန်အင်မတန်မှ ချောမောလှပသော အမျိုးသမီးတစ်ယောက်၏ ပုံရိပ်တစ်ခုအသွင် ပြောင်းလဲသွားသည်။ သူမ၏ အလှတရားမှာ လူသားများ ပိုင်ဆိုင်နိုင်စွမ်းမရှိသော အဆင့်သို့ ရောက်နေသည့်ပုံပင်။ လက်ရှိတွင် သူမသည် အခြားဝန်ထမ်းများအတိုင်း တူညီဝတ်စုံတစ်ခုကို ဆင်မြန်းထားပြီး ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့အား ပြုံးပြနေ၏။

ဝမ်ပေါင်လဲ့မှာမူ သူ၏ရှေ့၌ ပေါ်လာသော မှုန်ဝါးဝါး ပုံရိပ်ယောင်ကြီးကို ကြည့်ရင်း မျက်လုံးများပြူးကာ အသိစိတ်တစ်ခုလုံး ‌ဗြောင်းဆန်သွားရတော့သည်။

” မမလေးပါလား ” ဝမ်ပေါင်လဲ့မှာ ပင့်သက်ရှိုက်မိသွားပြီး သူ၏ ခေါင်းထဲမှ အတွေးကို အကျယ်ကြီး အော်မပြောမိစေရန် သူ့ကိုယ်သူ ပြန်ထိမ်းလိုက်ရ၏။

သို့သော် ထိုပုံရိပ်ယောင်ကြီးမှာ သူ၏မျက်နှာအမူအရာကို သတိထားမိသွား၏။ ထို့ကြောင့် သူမသည် ခေါင်းစောင်းကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။ သူ၏ဘေးတွင်ရပ်နေသော ကျင့်သိုမင်မှာလည်း သံသယဝင်သွားရ၏။ သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်ပြီးနောက် သူ၏လက်ကိုမြှောက်၍ ထိုပုံရိပ်ယောင်ကြီးအား ဖြတ်ကာ ဝှေ့ယမ်းလိုက်၏။ သူ၏လက်ထဲ၌ မည်သည့်အရာကိုမှ မဆုပ်ကိုင်မိသည်ကို သိလိုက်ရသောအခါမှ သူသည် ချောင်းဟန့်ကာ ဆိုလိုက်တော့သည်။

” ပေါင်လဲ့။ ဒါက အတုကြီးဟ။ အဆင့်မြင့်နည်းပညာတစ်ခုကို သုံးထားတာ… မင်းက နည်းပညာသုံးပြီး ဖန်တီးထားတဲ့ ပုံရိပ်ယောင်ကြီးကို သွားပြီးတော့ ကျီစယ်နေရလောက်အောင်အထိတော့ ဆန္ဒတွေ ပြင်းပြနေတာ မဟုတ်ဘူးမလား ”

ဝမ်ပေါင်လဲ့မှာမူ ကျင့်သိုမင်၏ စကားများကို ဂရုမစိုက်နိုင်တော့ပေ။ လက်ရှိတွင် သူ၏ ခေါင်းထဲ၌ အတွေးမျိုးစုံဖြင့် ယောက်ယက်ခတ်နေရပြီ ဖြစ်သည်။ သူ၏ရှေ့တွင် ပေါ်လာသော ပုံရိပ်ယောင်ကြီးမှာ မျက်နှာဖုံးထဲရှိ မမလေးနှင့် တစ်ပုံစံတည်း ဆင်တူနေသည် မဟုတ်ပါလော။

သို့သော် ဝမ်ပေါင်လဲ့မှာ အရေထူနေပြီဖြစ်သောကြောင့် အံ့ဩတုန်လှုပ်သွားရသည်တိုင်အောင် သူ ဣန္ဒြေပျက်သွားခဲ့သည်ကို ရိပ်မိလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး ပြန်၍အဖတ်ဆည်ရန် ကြိုးစားလိုက်၏။ သူသည် ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် အမူအရာဖြင့် ထို အမျိုးသမီးပုံရိပ်ယောင်အား မြင်မြင်ချင်း ချစ်ကြိုက်မိသွားသည့်ပုံစံ ဟန်ဆောင်လိုက်တော့သည်။

” လူကြီးမင်းတို့ နှစ်ယောက်စလုံးရဲ့ တောင်းဆိုချက်ကို လက်ခံရရှိထားပြီးသားပါ။ ဆရာကျောက်က အခု အခန်းနံပါတ်သုံးထဲမှာ ရှိနေပါတယ်။ ကျေးဇူးပြုပြီး ကျမနောက်ကနေ လိုက်ခဲ့ပါ ” ထိုပုံရိပ်ယောင်ကြီးမှာ ဝမ်ပေါင်လဲ့အား ဂရုမစိုက်ဘဲ တည်ကြည်စွာဆိုလိုက်၏။ ထို့နောက် သူမသည် ရှေ့သို့ထွက်သွားသဖြင့် ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့မှာလည်း သူမ၏နောက်မှ လိုက်သွားကြတော့သည်။ ထိုပုံရိပ်ယောင်ကြီး၏ ဦးဆောင်လမ်းပြမှုဖြင့် သူတို့မှာ ရွှေရောင်စင်္ကြံလမ်းကြီးတစ်ခုကို ဖြတ်၍ ဝိညာဉ်ဆန့်ကျင့်‌ဗုံး လေ့လာရေးစက်ရုံထဲသို့ ဝင်ရောက်သွားကြတော့သည်။

လမ်းတစ်လျှောက်လုံးတွင် ဝမ်ပေါင်လဲ့ သူ၏ နှလုံးသားထဲမှ စူးစမ်းချင်စိတ်များနှင့် အံ့ဩတုန်လှုပ်မှုများကို မချုပ်တည်းထားနိုင်လောက်အောင် ဖြစ်နေရ၏။ သူသည် ဤနေရာသို့ ရောက်နေခြင်းမဟုတ်ပါက သူ၏ မျက်နှာဖုံးထဲသို့ ဝင်ရောက်ကာ မမလေးအား ဤကိစ္စနှင့်ပတ်သက်၍ မေးမြန်းပြီးနေလောက်ပြီ ဖြစ်သည်။

သူသည် သူ၏ အံ့ဩတုန်လှုပ်မှုများကို ကြိုးစား၍ ချုပ်တည်းလိုက်ရ၏။ သို့သော် ဝမ်ပေါင်လဲ့မှာမှာ သတ္တုစင်္ကြံလမ်းထဲသို့ ရောက်ရှိသွားသောအခါ တစ်စုံတစ်ခုအား အာရုံခံမိလိုက်သည့်ပုံဖြင့် ရုတ်တရက်ဆိုသလို ခြေလှမ်းများ ရပ်တန့်သွားရ၏။ ထို့နောက် သူ၏ညာဘက်ရှိ သတ္တုနံရံကြီးကို ကြည့်မိလိုက်သောအခါ ၎င်းမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေသည်ကို သိရသည်။ တကယ့်လက်တွေ့တွင် ထိုနံရံကြီးထဲ၌ ဓာတ်ခွဲစစ်ဆေးရာ၌ အသုံးပြုသည့် နမူနာပေါင်း များစွာ ရှိနေကြသည်ဖြစ်သည်။

၎င်းတို့ထဲမှ အများစုမှာ သားရဲကြီးများ၏ ရုပ်အလောင်းများ ဖြစ်ကြပါသော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်းတို့ကို လုံးဝ မမြင်ဖူးပေ။ ထို့အပြင် ထိုရုပ်အလောင်များထဲမှ တစ်ခုဆိုလျှင် နဂါးတစ်ကောင်နှင့်ပင် ဆင်တူနေ၏။

” ဒါတွေက…. ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူမိလိုက်ပြီး နှလုံးသားတစ်ခုလုံး တဆက်ဆက် တုန်ရီသွားရ၏။

” ဒါတွေက ကမ္ဘာသက်တမ်းတစ်လျှောက် ရှာဖွေတွေ့ရှိခဲ့တဲ့ အဖိုးတန် ရှေးဟောင်းသားရဲကြီးတွေရဲ့ ရုပ်အလောင်းတွေပေါ့။ တချို့သားရဲကြီးတွေဆိုရင် အာကာသထဲကနေ ရောက်လာကြတာ။ တချို့ကတော့ အစိမ်းရောင် ကြေးဓားကြီးပေါ်ကနေ ရောက်လာကြတာပေါ့ ” သူတို့၏ရှေ့မှ အမျိုးသမီး ပုံရိပ်ယောင်မှာ ပြုံးကာ ရှင်းပြလိုက်၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူနှင့် မလှမ်းမကမ်းတွင်ရှိသော သတ္တုနံရံကြီး တခုတည်း၌ အနက်ရောင် ရေခူတစ်ကောင် ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုရေခူမှာ လက်တစ်ဖဝါးစာလောက်သာ ရှိသောကြောင့် အရွယ်အစားကြီးမားသည်ဟု မဆိုနိုင်ပေ။ ထို့အပြင် ၎င်းမှာ ၎င်း၏ အရောင်မှလွဲ၍ အခြားအစိတ်အပိုင်းများ အားလုံးမှာ သာမန်ရေခူတစ်ကောင်ကဲ့သို့ပင်။

” အဲ့တာကလည်း ရှေးဟောင်းသားရဲကြီး တစ်ကောင်ပဲလား ” ဝမ်ပေါင်လဲ့မှာ တအံ့တဩနှင့် ထိုရေခူအား လက်ညိုးထိုးပြကာ မေးလိုက်၏။

” ဒီသတ္တဝါက အပြင်ဘက်အာကသထဲကနေ ရောက်လာတာ။ သူ့ကို ‘ ပင်လယ်ဇူဇကာ ‘ လို့ နာမည်ပေးထားတယ်။ လူကြီးမင်းတို့ မြင်တဲ့အတိုင်းပဲ သူက အကောင်ပေါက်အရွယ်ပဲ ရှိသေးတာ။ သူ့ရဲ့ အရွယ်ရောက်ပြီးသား ခန္ဓာကိုယ်အရွယ်အစားက သင်္ဘောပျံတစ်စင်းထက်ကို ပိုပြီးတော့ ကြီးနိုင်တယ်။ ပြီးရဲ့ သူ့ရဲ့ အသုံးဝင်ပုံကလည်း သင်္ဘောပျံနဲ့ ဆင်တူတယ်။ ကျမတို့ရဲ့ လေ့လာမှုတွေအရဆိုရင် သူ့ရဲ့ အမြန်နှုန်းက စိတ်ကူးနဲ့ မမှန်းဆနိုင်လောက်အောင်ကို မြန်တယ်။ ပြည်ထောင်စုကြီးရဲ့ စုံစမ်းစစ်ဆေးမှုတွေအရဆိုရင် အပြင်ဘက်အာကာသထဲက အမည်မသိ လူနေမှုအဖွဲ့အစည်းတစ်ခုက ဒီသတ္တဝါကြီးကို စီးနင်းပြီးတော့ ရောက်လာခဲ့တဲ့ ဖြစ်နိုင်ခြေက ခုနစ်ဆယ် ရာခိုင်နှုန်းအထိ ရှိတယ် ”

အမျိုးသမီး ပုံရိပ်ယောင်ကြီးမှာ တည်ကြည်စွာရှင်းပြလိုက်၏။

Comment

Leave a Reply

Options

not work with dark mode
Reset