Switch Mode

အခန်း ( ၁၅၈ )

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း..ပိုင်ရှောင်ချန်းကို ကာကွယ်ကြမယ်

ဖန်လင်းက ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားသည့်အချိန်တွင် ကျုံးတာအိုက ရူးသွပ်နေသည့် နတ်ဘုရားတစ်ပါးကဲသို့ လေပေါ်ပျံတက်သွားသဖြင့် ထစ်ချုန်းသံများ ပေါ်ထွက်လာသည်။

သူ၏ ဆံပင်မှာ လေထဲတွင်လွင့်နေပြီး သူ့ကိုပတ်ထားသည့် မှော် သင်္ကေတများမှာ လျော့ကျသွားပြီး မီတာသုံးဆယ်ကျယ်သည့် မှော်သင်္ကေတစက်ဝန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုသင်္ကေတများမှာ အနက်ရောင်ရှိပြီ ကရုဏာမဲ့သိုင်း ၏ စွမ်းအားများကို ထုတ်လွှတ်နေသောကြောင့် သုတ်သင်လိုသည့် စိတ်ဆန္ဒများက တစ်နေရာလုံးတွင် ပြည့်နှက်နေသည်။

သူ့ဆီမှထွက်နေသော စွမ်းအင်များအရ သူက ဖန်လင်းထက်ပင် ပို၍ စွမ်းအားကြီးမားသည့်ပုံစံ ပေါ်နေတော့သည်။

” ဖန်လင်းက ပိုင်ရှောင်ချန်းကို ချနေပြီဆိုတော့ ငါက ဝိညာဥ်စွယ်ကို သတ်မှပါ။ ဝိညာဥ်စွယ်ရေ။ မင်းဝင်နှောင့်ယှက်လို့ ဖြစ်သွားတဲ့ နှေးကွေးမှုကြောင့်သာမဟုတ်ရင် အခြေခိုင်မာခြင်းအဆင့်ကို ငါ စတုတ္ထနေရာက ဝင်ရမှာမဟုတ်ဘူးကွ။ ငါ အစပြု တာ နောက်ကျသွားလို့ ရှစ်ခုမြောက် ဒီရေစီးကြောင်း ကို ပြီးမြောက်အောင် မလုပ်နိုင်တာကွ။ ဒါပေမဲ့ မင်းကိုသတ်ပြီး မင်းရဲ့ မြေစီးကြောင်းစွမ်းအင်ကို စုပ်ယူဖို့တော့ အခွင့်အရေးရှိပါသေးတယ်။”

ကျုံးတာအိုက ခေါင်းကိုနောက်ပစ်၍ အမုန်းတရားများပြည့်နှက်နေသော အသံကြီးဖြင့် အော်ဟစ်လိုက်သည်။ သူက ပိုင်ရှောင်ချန်းကို မုန်းတီးသော်လည်း ဝိညာဥ်စွယ်ကို ပို၍ပင် မုန်းတီးလေသည်။ အဆုံးတွင် သူ၏ ကျရှုံးမှုကို အသုံးချကာ ဝိညာဥ်စွယ်ကို မုန်းတီးမှုများအဖြစ် ပြောင်းလဲလိုက်လေသည်။

သူက စုန့်ချွဲကိုလည်း အလွန်မုန်းတီးသဖြင့် သူ့ကို လက်စားချေရန်လည်း စီစဥ်ထားပြီးဖြစ်သည်။ သို့သော်လည်း သူ၏အကြံမှာ ဝိညာဥ်စွယ်ကို အရင်ဆုံး ရှင်းရန်ဖြစ်သည်။

အခြေခိုင်မာခြင်းအဆင့်၏ အစွမ်းများကို ထုတ်ယူပြီး သူကရိပ်ခနဲ လှုပ်ရှားလိုက်ကာ လေကိုခွင်း၍ ဝိညာဥ်စွယ်ဆီသို့ ပြေးသွားတော့သည်။

စုန့်ချွဲကမူ စိတ်သက်သာရရသွားသည့်အနေဖြင့် သက်ပြင်းချလိုက်ပြီး သူ၏ ရှစ်ခုမြောက် ရေဝဲကို အာရုံအပြည့်စိုက်လိုက်တော့သည်။ ” ကျုံးတာအိုနဲ့ ဖန်လင်းက ငါနဲ့ယှဥ်ဖို့ အရည်အချင်းမပြည့်ပါဘူးကွာ။ ပိုင်ရှောင်ချန်းနဲ့ ဝိညာဥ်စွယ်တို့ပဲ ငါနဲ့ယှဥ်နိုင်မှာ။ ဒါပေမဲ့ အခုသူတို့ အနှောင့်ယှက်ခံလိုက်ရရင် ငါအောင်မြင်ဖို့အတွက် အကြီးမားဆုံး အခွင့်အရေးကြီး ရပြီပဲဟေ့။”

ပိုင်ရှောင်ချန်းအထက်ရှိ ရေအိုင်ထဲတွင်
ဘာမှမကျန်တော့ပေ။ ချိုင့်ကွက်အကြီးကြီးတစ်ခုသာရှိတော့ပြီး ထိုချိုင့်ကွက်ကြီးအောက်တွင် သူဖန်တီးခဲ့သော အင်မော်တယ်ဂူသာ ကျန်တော့သည်။ ထိုနေရာတွင် ဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းသားများက တလက်လက်ထနေသော ဒိုင်းကာများကို အဆက်မပြတ်တိုက်ခိုက်နေလေသည်။ ထိုအချိန်တွင် ဒိုင်းကာအလွှာတစ်ရာလောက်သာကျန်တော့ပြီး ဖန်လင်းကမူ လျှပ်စီးတန်းတစ်ခုအလား ပေါ်ပေါက်လာတော့သည်။

သူက ရိပ်ခနဲ ထိုဒိုင်းကာများဆီသို့ ပြေးသွားပြီး လက်ကိုဝှေ့ယမ်းလိုက်သောအခါ ကောင်းကင်မြေကြီးဆေးပေါင်းဖို ဒယ်စောက်အိုးကြီးမှာ လျင်မြန်စွာကြီးမားသွားပြီး အောက်သို့ ကျသွားတော့သည်။

” ကွဲစမ်းကွာ။” သူက ကျယ်လောင်စွာအော်ဟစ်လိုက်သဖြင့် အခြားဂိုဏ်းသားများမှာ အံ့အားသင့်သွားကြပြီး နောက်ဆုတ်ကုန်ကြတော့သည်။ သူတို့အများစုမှာ ဖန်လင်း၏ အခြေခိုင်မာခြင်းအဆင့် ဒေါသတကြီး ထုတ်ဖော်နေသော အားများကြောင့် သွေးပွက်များပင် အန်ကုန်ကြလေသည်။

ကောင်းကင်မြေကြီးဆေးပေါင်းဖို ဒယ်စောက်အိုးကြီး၏ ကြောက်မက်ဖွယ်စွမ်းအားကြီးကြောင့် ထိုရာချီသော ဒိုင်းကာများမှာ တစ်ချက်ထဲနှင့် ကွဲအက်သွားတော့သည်။

” ပိုင်ရှောင်ချန်း” ဖန်လင်း၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များတောက်နေပြီး အင်မော်တယ်ဂူထဲသို့ ဝင်ရန်ပြင်လိုက်လေသည်။ သို့သော်လည်း ထိုအချိန်တွင် ပိုင်ရှောင်ချန်းက နီမြန်းနေသောမျက်လုံးများဖြင့် မော့ကြည့်လိုက်လေသည်။

” ဖန်လင်း။” သူက ဒေါသတကြီး အော်လိုက်သောအခါ သူ၏နောက်ဆုံး စက္ကူလက်ဖွဲ့အဆောင် ခြောက်ရာမှာ မီးတောက်သွားတော့သည်။

တဖောက်ဖောက်မြည်သံများက လေထဲတွင်ပြည့်နှက်သွားပြီး ဒိုင်းကာအခုခြောက်ရာပေါ်လာကာ ဖန်လင်း၏လမ်းကို ပိတ်ဆို့လိုက်လေတော့သည်။

” သောက်ကျိုးနည်း။ သူ့မှာ စက္ကူအဆောင်လက်ဖွဲ့တွေရှိသေးတာ ငါ့ဖြင့် မယုံနိုင်ဘူး။” ဖန်လင်းက ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုတ် နေတော့သည်။ သူက အခြေခိုင်မာခြင်းအဆင့်ကို ယခုလေးတင်မှ ဝင်ထားသည်ဖြစ်ရာ အပြည့်အဝကျင့်သားမရသေးသဖြင့် တိုက်ပွဲစွမ်းရည်များကို အပြည့်ထုတ်မရဖြစ်နေသည်။

အခြားသုံးဂိုဏ်းမှ ဂိုဏ်းသားများမှာ မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြတော့သည်။ ပင့်သက်ရှိုက်သံများထွက်လာပြီး ပိုင်ရှောင်ချန်း၏ ချမ်းသာကြွယ်ဝမှုများကိုကြည့်၍ သူတို့မှာ အံ့အားသင့်နေကြတော့သည်။ စက္ကူ လက်ဖွဲ့အဆောင်များမှာ မည်မျှ စျေးကြီးမှန်းသူတို့က သိသဖြင့် လိုက်ရေတွက်လိုက်သောအခါ သူက တစ်ထောင်ကျော်သုံးပြီးပြီဖြစ်ကြောင်း သိလိုက်ရလေသည်။ ချက်ချင်းပင် တုန်လှုပ်နေသည့် လေသံများထွက်လာလေတော့သည်။

” သူ့…သူ့မှာ စက္ကူလက်ဖွဲ့အဆောင်ဘယ်လောက်တောင်ရှိတာတုံးဟ။”

” သောက်ကျိုးနည်းကွာ။ လူအများစုက မန္တန်အစီအရင် သို့မဟုတ် မှော်အတတ်တွေသုံးပြီး အခြေခိုင်မာခြင်းအဆင့်ရောက်အောင်ကျင့်နေတုံး သူတို့ကိုယ်သူတို့ ကာကွယ်ကြတာ။ ဒီကောင်က စက္ကူလက်ဖွဲ့အဆောင် တွေကိုပဲအားကိုးနေတာ ငါ့ဖြင့်မယုံနိုင်ဘူးဟေ့။”

” သူ့မှာ ဒီထက်ပိုရှိရင်တောင် ဘာမှမထူးပါဘူးကွာ။ ရှစ်ခုမြောက် ဒီရေစီးကြောင်း ကိုအောင်မြင်ဖို့အတွေးကို သူစွန့်လွှတ်လိုက်သင့်ပြီ ထင်တာပဲ။ ”

ဖန်လင်းကမူ တောက်ပနေသောမျက်လုံးများဖြင့် နောက်ထပ်တိုက်ကွက်တစ်ခု ထုတ်လိုက်ပြန်သည်။

တဒုန်းဒုန်းမြည်နေသံများကြောင့် ပိုင်ရှောင်ချန်းမှာ ပို၍ စိုးရိမ်လာပြီး တချိန်ထဲတွင် ဒေါသများလည်းထွက်လာတော့သည်။

ဖန်လင်းသာမရှိပါက ဤအခြေအနေမှာ စိုးရိမ်စရာ သိပ်လိုမည်မဟုတ်ပေ။ သို့သော်လည်း အခြေခိုင်မာခြင်းအဆင့်၏ စွမ်းအားပါ ထပ်ပါလာသည်ဖြစ်ရာ ပိုင်ရှောင်ချန်းမှာ သူ၏အကာအကွယ်များမှာ ကြာကြာမခံနိုင်တော့ကြောင်း သဘောပေါက်လိုက်လေသည်။

” သူက အခုမှ အခြေခိုင်မာခြင်းအဆင့်ကိုရောက်ထားတာဆိုတော့ သိပ်ပြီး ကျင့်သားမရလောက်သေးဘူး။ ငါ့မှာ အခွင့်အရေးရှိပါသေးတယ်။” အံကြိတ်လိုက်ပြီး သူက ထိုဆူညံသံများကို လျစ်လျူရှူလိုက်ကာ သူ့ခန္ဓာကိုယ်ထဲရှိ ရေဝဲလေးကိုသာ လည်ပတ်စေရန် အာရုံအပြည့်စိုက်လိုက်သည်။

ထိုရေဝဲလေးမှာ ပို၍လျင်မြန်စွာ လည်ပတ်လာသည်နှင့် တချိန်ထဲ ဒိုင်းကာများမှာလည်း တစ်လွှာချင်းစီ ဖျက်စီးခံနေရသည်။ ဖန်လင်းနှင့် အခြားဂိုဏ်းသားများက ဆက်တိုက်တိုက်ခိုက်နေကြပြီး အချိန်များမှာ ကုန်သွားတော့သည်။ မကြာမီတွင် ဒိုင်းကာတစ်ဝက်လောက်မှာ ကျိုးပျက်သွားသော်လည်း ဖန်လင်းမှာ ပို၍စိုးရိမ်လာလေသည်။

” မဟန်ဘူးဟေ့။”

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ ရှစ်ခုမြောက် ရေဝဲကြီးမှာ ရုတ်တရက်ရပ်တန့်သွားသည်။

သူ၏ ရှစ်ခုမြောက် ဒီရေစီးကြောင်း မှာ…. အောင်မြင်သွားပြီဖြစ်သည်။

ရှစ်ခုမြောက် စိတ်စွမ်းအင်ပင်လယ်တစ်စင်းမှာ သူ့ခန္ဓာကိုယ်ထဲတွင်ပေါ်လာပြီး ခုနစ်ခုမြောက်အစင်းပေါ်သို့ တက်သွားလေသည်။ တစ်ချိန်ထဲတွင်ပင် ကိုးခုမြောက် ရေဝဲကြီးမှာ တိမ်များထဲတွင် ပေါ်လာမည့် အရိပ်အယောင်များ ထွက်လာတော့သည်။

” ငါ့ရဲ့ ကိုးခုမြောက် ဒီရေစီးကြောင်း အတွက် ငါ့ရဲ့ ထာဝရအသက်ရှည်နည်းကျင့်စဥ်ကို ကိုသုံးရမယ် ” ပိုင်ရှောင်ချန်းမှာ အကုန်လုံးကို စွန့်စားလိုက်သည့် လူတစ်ယောက်အလား ရူးသွပ်နေတော့သည်။ သူက ထာဝရအသက်ရှည်နည်းပညာရပ်ကို သုံးလိုက်သောအခါ ငွေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ထိုအလင်းတန်းများထဲတွင် ရွှေရောင်မှိန်မှိန်လေးများပင် မြင်နေရသည်။

ထိုအခါတွင် သူ၏အထက်တွင် ကိုးခုမြောက် ရေဝဲကြီးတစ်ခု ပေါ်လာတော့သည်။

သူက မျက်လုံးများကိုဖွင့်ရန်ပင် အားမရှိတော့သည့်အလား ပိတ်ထားတော့သည်။ သူ၏တစ်ကိုယ်လုံးမှာ ပေါက်ကွဲလုနီးပါးပင်ဖြစ်နေတော့သည်။

မြေခဓားကမ္ဘာထဲရှိ လူတိုင်းမှာ သူတို့လုပ်နေသည့်အရာများကိုပင် မေ့သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားကြကာ တုန်ရီနေကြတော့သည်။

” ကိုးခုမြောက်…. ဒီရေစီးကြောင်း ပါလား….”

” ကိုးခုမြောက် ဒီရေစီးကြောင်း ပေါ်လာတယ်ဆိုတာ ငါ့ဖြင့်မယုံနိုင်ဘူးဟေ့။”

” ဒီလိုမျိုးနောက်ဆုံးဖြစ်ဖူးတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာကကွ။ ဘုရားရေ။”

ပိုင်ရှောင်ချန်း၏အင်မော်တယ်ဂူ အပြင်ဘက်တွင် ဖန်လင်းမှာမျက်လုံးများပြူးကာ အသားများပင် တုန်နေသည်။ သူက ခုနစ်ခုမြောက် ဒီရေစီးကြောင်း ကိုပင် မပြီးလိုက်ပါသော်လည်း ယခုနေရာတွင်မူ တခြားတစ်ယောက်မှာ ကိုးခုမြောက်ကိုပင် စတင်နေပြီဖြစ်သည်။.

ဝိညာဥ်စွယ်ရှိသော နေရာတွင် တိုက်ကွက်တစ်ခုထုတ်ရင်းတန်းလန်းဖြစ်နေသည့် ကျုံးတာအိုကမူ တုန်ရီသွားပြီး ပိုင်ရှောင်ချန်းဘက်သို့ လှည့်ကြည့်လိုက်တော့သည်။ သူက အသက်ရှူသံများမြန်လာကာ ဆိုလိုက်လေသည်။
” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ကိုးခုမြောက် ဒီရေစီးကြောင်း ကို စလိုက်ပြီးပဲ။ အဲ့ ကိုးခုမြောက် ဒီရေစီးကြောင်း ကို အပြီးခံလို့မရဘူး ” ဝိညာဥ်စွယ်ကို မုန်းတီးနေမှုများအား သူကဘေးဖယ်လိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားတော့သည်။

တစ်ချိန်ထဲမှာပင် စုန့်ချွဲမှာလည်း အသက်ရှူသံများမြန်လာပြီး တိုက်ခိုက်လိုသောစိတ်များဖြင့် မျက်လုံးများမှာတောက်ပလာတော့သည်။ ပိုင်ရှောင်ချန်းက ကိုးခုမြောက် ဒီရေစီးကြောင်း ကိုစလိုက်ပြီဖြစ်ရာ စုန့်ချွဲ၏ ရှစ်ခုမြောက် ဒီရေစီးကြောင်း မှာ ပျက်စီးလုနီးပါးပင်ဖြစ်သွားတော့သည်။ သူက ပြတ်သားသောအမူအရာဖြင့် လက်နှစ်ဖက်သုံးကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး မြေကြီးပေါ်သို့ရိုက်ချလိုက်သောအခါ ဒုန်းခနဲအသံကြီးတစ်ခုထွက်လာလေသည်။ အနည်းငယ်ကြာသောအခါ မြေခဓားကမ္ဘာ၏ နေရာကိုးခုတွင် အက်ကွဲသံများထွက်လာပြီး မြေစီးကြောင်းစွမ်းအင်များမှာ ထူးခြားသောအတတ်ပညာတစ်ခုကို သုံးကာ ဆွဲယူခံလိုက်ရသည့်အလား ဖြစ်သွားသည်။ အနည်းငယ်ကြာသောအခါ စုန့်ချွဲ၏ ရှစ်ခုမြောက် ဒီရေစီးကြောင်း မှာ ပြန်လည် တည်ငြိမ်သွားသည်။

ဝိညာဥ်စွယ်ကမူ ကျုံးတာအို အဝေးသို့ပြေးထွက်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ၏ အမူအရာကမူ စိတ်ပျက်နေသည့်အမူအရာဖြစ်သည်။ သူဝန်မခံချင်ပါသော်လည်း သူ၏ ရှစ်ခုမြောက် ဒီရေစီးကြောင်းမှာ မငြိမ်မသက်ဖြစ်နေပြီဖြစ်သည်။ ကိုးခုမြောက် ဒီရေစီးကြောင်း ကြီးပေါ်ထွက်လာမှုကြောင့် သူ၏ ဒီရေစီးကြောင်း မှာ မကြာမီ ပျက်ပြယ်သွားတော့မည်ဖြစ်သည်။

ရှန်ကွမ်းထျန်ယုံကမူ သူ၏ ငါးခုမြောက် ဒီရေစီးကြောင်း ထဲရောက်နေသည်ဖြစ်ပြီး ပိုင်ရှောင်ချန်းက သူ၏ ကိုးခုမြောက် ဒီရေစီးကြောင်း ကို စတင်လိုက်ကြောင်း ခံစားမိလိုက်သောအခါ သူ၏ ယုံကြည်မှုများနှင့်မာနများမှာ ရိုက်ချိုးခံလိုက်ရတော့သည်။

” မိမဆုံးမ ဖမဆုံးမကောင်။ အမြဲတမ်း ရူးကြောင်ကြောင်အကွက်တွေ နင်းနေတဲ့ကောင်။ အရှက်မရှိတဲ့ကောင်ကများ ကိုးခုမြောက် ဒီရေစီးကြောင်း ထိရောက်သွားတာ ငါမယုံနိုင်ဘူး။ ဟာသပဲ ” ရုတ်တရက်ချက်ချင်းဆိုသလို ရှန်ကွမ်းထျန်ယုံက ကျောချမ်းဖွယ်အသံကြီးဖြင့် အော်ရယ်လိုက်လေသည်။

ပေဟန်လဲ့ကမူ ခါးသီးစွာ လက်သီးများဆုတ်လိုက်တော့သည်။ ပိုင်ရှောင်ချန်းကြောင့် သူဆက်တိုက် စိတ်တိုခဲ့ရသော်လည်း သူ့ကိုကျော်တက်နိုင်မည်ဟု သူကယုံကြည်ထားဆဲပင်။ ဤအကြိမ်တွင်မူ သူက အံကြိတ်ကာ ထိုသို့ကျော်တက်လိုစိတ်များ ပို၍ပင် ပြင်းထန်လာတော့သည်။

မြေခဓားကမ္ဘာထဲရှိ လူတိုင်းမှာ တစ်ခဏမျှ တိတ်ဆိတ်သွားကြတော့သည်။ သို့သော်လည်း ခဏအကြာတွင် ဖန်လင်းနှင့် ကျုံးတာအိုတို့၏ အော်သံများမှာ နေရာပေါင်းစုံမှ ပေါ်ထွက်လာသည်။

” ငါတို့ ဂိုဏ်းသုံးဂိုဏ်းက ဒီလို ကိုးခုမြောက် ဒီရေစီးကြောင်း ပေါ်လာတာကို လက်ခံနိုင်စရာ အကြောင်းမရှိဘူးဟေ့။ မင်းတို့ကောင်တွေ ဘာလုပ်ရမယ်မှန်း သိတယ်မလား။”

” ပိုင်ရှောင်ချန်းကို သတ်ကြဟေ့။ ကိိုးခုမြောက် ဒီရေစီးကြောင်း ကိုတားပြီး မြေစီးကြောင်းစွမ်းအင်ကို ငါတို့ဘေးနားက ကမ္ဘာကြီးဆီ ပြန်ပို့ကြ။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၊ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း တို့ရေ။ ဒီအချိန်မှ ငါတို့သူ့ကိုမချရင် ဘယ်အချိန်သွားချကြတော့မလဲကွ။”

အနည်းငယ်ကြာသောအခါ စုန့်ချွဲ၏ ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်သည့် အသံကြီးပေါ်ထွက်လာတော့သည်။
” ပိုင်ရှောင်ချန်းကို သတ်ကြဟေ့။”

အမှန်ဆိုလျှင် သူတို့သုံးယောက်ပင် ဘာမှပြောစရာမလိုပေ။ မြေခဓားကမ္ဘာထဲရှိ အခြေခိုင်မာခြင်းအဆင့် မရောက်သေးသည့် ဂိုဏ်းသားအားလုံးမှာ ကြောက်လန့်နေကြကာ သတ်ဖြတ်လိုစိတ်များဖြင့် ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားနေကြပြီဖြစ်သည်။

ဟိုယွင်ဖေးကမူ သူ၏ သုံးခုမြောက် ဒီရေစီးကြောင်း ကိုပြီးသွားပြီဖြစ်ပြီး လေးခုမြောက် ဒီရေစီးကြောင်း ကိုစတင်နေပြီဖြစ်သည်။ သူက ရုတ်တရက်ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ရေရွတ်လိုက်လေသည်။
” ရှောင်ချန်း… မင်းက ငါ့ကို လောချိန်မျိုးနွယ်စုကိစ္စတုံးက ကာကွယ်ထားတာ။ အခု ငါမင်းကို ပြန်ကာကွယ်ပေးမယ်။”

သူက အခြေခိုင်မာခြင်းအဆင့်သို့ ဝင်ရောက်ရန်ဆုံးဖြတ်လိုက်သဖြင့် သူ၏လေးခုမြောက် ဒီရေစီးကြောင်း မှာ မှေးမှိန်ပျောက်ကွယ်သွားတော့သည်။

ပိုင်ရှောင်ချန်းအားနည်းနေမည်ဖြစ်ပြီး ရန်သူအုပ်လိုက်ကြီးက သူ့ကိုတိုက်ခိုက်တော့မည်ဖြစ်ကြောင်း သူကသိလိုက်လေသည်။ ထို့ကြောင့် သူက ပိုင်ရှောင်ချန်းကို ကာကွယ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။သူ၏ ဒီရေစီးကြောင်း ပြီးဆုံးသွားသောအခါ သူက အော်ပြောလိုက်လေသည်။
” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားတွေရေ။ကျုပ်က ဟိုယွင်ဖေး… ကျုပ် အခုလေးတင် အခြေခိုင်မာခြင်းအဆင့်ကို ပြီးသွားလို့ ပိုင်ရှောင်ချန်းကို ကာကွယ်ပေးတော့မှာ။ ဘယ်သူကျုပ်နဲ့အတူ လိုက်ကြမလဲ ”

အနည်းငယ်တိတ်ဆိတ်ပြီးသွားပြီနောက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများစွာ၏ အသံများက တုံ့ပြန်သည့်အနေဖြင့် ပေါ်ထွက်လာတော့သည်။

” ဂိုဏ်းတူဦးလေးပိုင်က ငါတို့ဒီနေရာကို စစဝင်ချင်းတုံးက ငါတို့ကို ကာကွယ်ပေးခဲ့တာကွ။ ငါသူ့ရဲ့ ဓမ္မစောင့်ရှောက်သူ လုပ်မယ် ”

” ပိုင်ရှောင်ချန်းက ကလေးဆန်ဆန်ဆိုးသွမ်းပြီး ခေါင်းမာလိမ့်မယ်။ ဒါပေမဲ့ သူက ငါတို့ဘက်ကကွ။”

“ဒီရေစီးကြောင်း ကိုးခုတောင်။ ဒါဟာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ထင်ပေါ်ကျော်ကြားစေမဲ့ လက္ခဏာပဲ။ မင်းတို့တွေက ဂိုဏ်းတူဦးလေးပိုင်ကို သတ်ချင်တယ်ပေါ့။ မရဘူးဟေ့။”

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားအားလုံးနီးပါးမှာ အံကြိတ်ကာ ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားကြတော့သည်။

ဝိညာဥ်စွယ်ကမူ တောင့်မခံနိုင်တော့ပေ။ သူ၏ ရှစ်ခုမြောက် ဒီရေစီးကြောင်း မှာ ကျရှုံးသွားပြီး မှေးမှိန်ပျောက်ကွယ်သွားသဖြင့် သူက ခေတ္တမျှတွေးတောလိုက်ပြီး ပိုင်ရှောင်ချန်းကို လျစ်လျူရှူလိုက်ကာ စုန့်ချွဲကို သွားနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်သည်။ ပိုင်ရှောင်ချန်းအောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ သူနှင့်သက်ဆိုင်မှုမရှိဟု သူကတွေးလိုက်လေသည်။

ပေဟန်လဲ့ကမူ ကျယ်လောင်စွာအော်ဟစ်လိုက်လေသည်။ ပိုင်ရှောင်ချန်းကို မုန်းတီးနေသည့်စိတ်များကို မျိုသိပ်ကာ သူက သူ၏ငါးခုမြောက် ဒီရေစီးကြောင်း ကို အဆုံးသတ်လိုက်ပြီး အခြေခိုင်မာခြင်းအဆင့်သို့ ချက်ချင်း ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်သူက ပိုင်ရှောင်ချန်းအတွက် ဓမ္မစောင့်ရှောက်သူ အဖြစ်ဆောင်ရွက်ရန် ထွက်သွားတော့သည်။

“ဒါမင်းအတွက်မဟုတ်ဘူး ပိုင်ရှောင်ချန်း။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက်ကွ။”

အခြား စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာလည်း ရှေ့နည်းတူပင် အံကြိတ်ကာ သူတို့၏ ဒီရေစီးကြောင်းများကို အဆုံးသတ်လိုက်ပြီး ရောင်းရင်းများနှင့် ပူးပေါင်းလိုက်တော့သည်။

မကြာမီတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် ပိုင်ရှောင်ချန်းမှလွဲ၍ ဒီရေစီးကြောင်း တစ်ခုကိုဆက်၍ ထိန်းသိမ်းနေသူ တစ်ယောက်သာရှိလေတော့သည်။ ထိုသူမှာ ရှန်ကွမ်းထျန်ယုံပင်။

သူက နီမြန်းနေသည့်မျက်လုံးများဖြင့် သူ၏ ယိမ်းယိုင်နေသော ငါးခုမြောက် ဒီရေစီးကြောင်း မှလွဲ၍ အရာအားလုံးကို လျစ်လျူရှူထားလေသည်။

ဂိုဏ်းသားများက ပိုင်ရှောင်ချန်းဆီသို့ပြေးလာကြသောအခါ ကြောက်မက်ဖွယ်တိုက်ခိုက်မှူများဖြစ်ကုန်ကြတော့သည်။ မကြာမီ ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူ အပြင်ဘက်ရှိနေရာတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသား ဒါဇင်အနည်းငယ်မှာ ရာကျော်သောလူအုပ်ကြီးနှင့် ယှဥ်တိုက်နေရသဖြင့် မြင်ကွင်းကြီးမှာ ခါးသက်နေတော့သည်။

အချိန်များမှာ ကုန်သွားပြီး တိုက်ခိုက်မှုများမှာ ပို၍ပင် ပြင်းထန်လာလေသည်။ ဖန်လင်းနှင့် ကျုံးတာအိုတို့၏ ပူးပေါင်းတိုက်ကွက်များအောက်တွင် ဟိုယွင်ဖေးမှာ အကြီးအကျယ်ဒဏ်ရာရနေပြီဖြစ်ပြီး ပေဟန်လဲ့လည်း ထိုနည်းတူပင်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ နောက်သို့ဆက်တိုက်အတွန်းခံနေရပြီး ပိုင်ရှောင်ချန်း၏ ဒိုင်းကာများမှာ ဆက်တိုက်ဆိုသလိုပင် ပျောက်ကွယ်နေတော့သည်။

ပိုင်ရှောင်ချန်းမှာ အပြင်မှာဖြစ်နေသည်များကို အာရုံခံမိလိုက်သဖြင့် တုန်ရီနေတော့သည်။ သူက ဒီရေစီးကြောင်းကို အဆုံးသတ်လိုက်ချင်ပါသော်လည်း ထိန်းချုပ်၍မရနိုင်ကြောင်း သူက သိလိုက်လေသည်။ သူကိုယ်တိုင် အဆုံးသတ်ရန်မှာ မဖြစ်နိုင်သည့်အပြင် သူ၏မျက်လုံးများကိုပင် သူကပြန်လည်မဖွင့်နိုင်သည့် အနေအထားပင်ရောက်နေသည်။

ကိုခုမြောက် ဒီရေစီးကြောင်းဆိုသည်မှာ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်၏ ထိပ်ဆုံးအဆင့် မဟုတ်ပါလော။

ကျင့်ကြံနေစဥ်အတွင်းမှာ အနှောင့်အယှက်မခံရပါက ပြီးဆုံးသွားနိုင်သည့်လမ်း သုံးလမ်းသာရှိသည်။ ပထမတစ်နည်းမှာ ဒီရေစီးကြောင်းကို သဘာဝအတိုင်း ပြီးဆုံးသွားစေခြင်းဖြစ်သည်။ ဒုတိယနည်းလမ်းမှာ မြေခဓားကမ္ဘာထဲရှိ မြေစီးကြောင်းစွမ်းအင်များ ကုန်ခမ်းသွားသဖြင့် ဒီရေစီးကြောင်း မှာ ကွယ်ပျောက်သွားခြင်းဖြစ်သည်။ နောက်ဆုံး နည်းလမ်းမှာ ထို ကိုးခုမြောက် ဒီရေစီးကြောင်း ရောက်နေသည့် လူ အသတ်ခံရလျှင်လည်း ရပ်တန့်သွားမည်ဖြစ်သည်။

သူ၏မျက်လုံးများမှာ မှိတ်နေသော်လည်း နီမြန်းနေသည်။ သူ၏ရောင်းရင်းဂိုဏ်းသားများမှာ သူ့အတွက်တိုက်ခိုက်ပေးနေကြောင်း အာရုံခံလိုက်ရပြီး သူတို့မှာ သွေးထွက်သံယိုများနှင့် ထိခိုက်ဒဏ်ရာရကာ သေလုမျောပါးဖြစ်နေကြသည်ကို သူက အာရုံခံမိလိုက်လေသည်။ သူ့မှာ ခေါင်းတစ်ခုလုံး ချာချာလည်နေတော့သည်။ မျက်လုံးများကို ဖွင့်ကာ ဒီရေစီးကြောင်း ကို အဆုံးသတ်ချင်သော်လည်း သူက မလုပ်နိုင်ခဲ့ပေ။

” ဒီ ကိုးခုမြောက် ဒီရေစီးကြောင်း က ကျရှုံးရင်လည်းကျရှုံးကွာ။ ဒါမှမဟုတ် မြန်မြန်ပြီးရင်လည်း ပြီးသွား။… အား……” သူက အသားများတုန်ရီလာပြီး အသံရှည်ကြီးနှင့် အော်ဟစ်လိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset