Switch Mode

အခန်း ( ၁၅၇ )

ပြန်လည်တိုက်ခိုက်ခြင်း

ပိုင်ရှောင်ချန်း၏မျက်လုံးများတွင် စူးရှသည့်အလင်းများလက်လာသည်။ သို့သော် သူ့နှလုံးသားက တဒိန်းဒိန်းခုန်နေသည်။ သူက အခြေခိုင်မာခြင်းအဆင့်ရောက်အောင်ကြိုးပမ်းရာတွင် အနှောင့်အယှက် မရှိဘဲ လုပ်၍မရကြောင်း တစ်လျှောက်လုံးသိခဲ့ပါသည်။ သူက သတ္တမအကြိမ်နှင့် အဋ္ဌမကြိမ်မြောက် ဒီရေစီးကြောင်းများ ကိုချက်ချင်းအဆုံးသတ်နေလျှင် လူများကသူ့အား သေချာပေါက်သတ်ရန်ကြိုးစားပေလိမ့်မည်။

“စုန့်ချွဲ၊ ကျုံးတာအို၊ ဖန်လင်း မင်းတို့အားလုံး ရွံစရာကောင်းတဲ့ကောင်တွေပဲ ”

“ငါကမင်းတို့ရဲ့ မြေစီးကြောင်းစွမ်းအင်ကိုမယူပါဘူး။ မင်းတို့ကငါ့ကိုတားဆီးဖို့ မင်းတို့ရဲ့ရောင်းရင်းဂိုဏ်းသားတွေကိုစေလွှတ်လိုက်တယ်ပေါ့”

“ငါ အခြေခိုင်မာခြင်းအဆင့် ရောက်တဲ့အချိန်အထိ စောင့်နေကြ။ ပြီးရင် ငါဘယ်လောက် ကြောက်ရွံ့ရိုသေဖို့ကောင်းလဲဆိုတာ မင်းတို့သိစေရမယ်” အံကိုကြိတ်ကာ သူ၏စိတ်နှလုံးထဲရှိ အမုန်းတရားအားယာယီထိန်းချုပ်လိုက်သည်။ သူက ခက်ခဲသည့်အကြပ်အတည်းထဲတွင်ရောက်နေကြောင်းသိပါသည်။ ထို့ကြောင့် သူသာအနည်းငယ်ပေါ့ဆသွားပါက လုံးဝဥဿုံ ဘေးဒုက္ခရောက် သွားပေလိမ့်မည်။ သူ့ထံသို့လာနေကြသည့်လူများမှာ သူ၏အခြေခိုင်မာခြင်းအဆင့်သို့တက်ရောက်ရန်ကြိုးစားနေခြင်းကို တားဆီးရန်ကြိုးစားနေခြင်းမဟုတ်ပေ။ သူတို့က သူ့အားသတ်ကာ သူ၏စိတ်စွမ်းအင်ပင်လယ်အတွင်း၌ရှိနေသော မြေစီးကြောင်းစွမ်းအင်များကို လုယူရန် ကြိုးစားနေကြခြင်းဖြစ်သည်။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်း အန္တရာယ်ကြောင့် သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်ကာ ရူးသွပ်ဟန်များ အထင်းသား ပေါ်လာလေသည်။ ရုတ်တရက် သူက လောချိန်မျိုးနွယ်စုကလိုက်ဖမ်းသည့်တောင်တန်းအတွင်း ရောက်သွားသကဲ့သို့ခံစားလိုက်ရသည်။

ဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းသားဒါဇင်ကျော်က နီးကပ်လာသည့်အခါ အိုင်အထက်တွင် မြည်သံများပဲ့တင်ထပ်၍ထွက်ပေါ်လာသည်။ သို့သော်လည်းသူတို့က သူ၏အင်မော်တယ်ဂူအနားသို့ နီးကပ်လာသောအခါ ပိုင်ရှောင်ချန်းက ထောင်ချီပြီးရှိသည့် စက္ကူအဆောင်လက်ဖွဲ့များမှ နှစ်ရာကျော်ကို အသက်သွင်းလိုက်ကာ ဂူ၏ဝင်ပေါက်တွင် နေရာချထားလိုက်သည်။

သူတို့အားလုံးလောင်ကျွမ်းသွားသည့်အခါ မီတာပေါင်းဒါဇင်ကျော် အောင်ထူထဲသော အကာအကွယ်ဒိုင်းပေါ်လာကာ အိုင်ထဲရှိရေများကို ပြင်းထန်စွာတုန်ခါသွားစေသည်။ ရောက်လာတော့မည့် ဂိုဏ်းသားများမှာ တောက်ပသောအကာအကွယ်ဒိုင်း၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။

“ဒီ အကာအကွယ်အဆောင်လက်ဖွဲ့စာရွက်တစ်ခုချင်းစီက အရမ်းကို စျေးကြီးတယ်။ ပိုင်ရှောင်ချန်းမှာ အဆောင်လက်ဖွဲ့တွေ ကုန်သွားလောက်ပြီ။ ဒီအကာအကွယ်ဒိုင်းတွေကိုဖျက်စီးရအောင်..။ ဒါမှငါတို့သူ့ရဲ့ အင်မော်တယ်ဂူထဲဝင်နိုင်မယ်”

“ပိုင်ရှောင်ချန်းကို သတ်ကြ။ ဒါမှ သူ့ကိုယ်ထဲမှာရှိတဲ့ မြေစီးကြောင်းစွမ်းအင်တွေက ငါတို့ရဲ့ပတ်ဝန်းကျင်ကမ္ဘာကြီးဆီ ပြန်ရောက်လာလိမ့်မယ်။ ငါတို့အတွက် နောက်ဆုံးတော့ အခြေခိုင်မာခြင်းအဆင့်ကိုရောက်ဖို့ အခွင့်အရေးရလာပြီ”

ရောက်နေပြီးသောဂိုဏ်းသားဒါဇင်ကျော်မှာ အကာအကွယ်ဒိုင်းများကို ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်နေသောကြောင့် အကာအကွယ်ဒိုင်းများမှာ ပုံပျက်လာကာ နောက်တွင် ကွဲကြေကုန်ကြသည်။

ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်း ရှုလိုက်သည်။ ကောင်းကင်နှင့် မြေပြင်တခွင်တွင် မြည်သံများပြည့်လာကာ ရေဝဲငယ် ခုနစ်ခု၊ရှစ်ခုမှာ လျင်မြန်စွာလည်ပတ်လာပြီး ထုထည်ကြီးမားသည့် မြေစီးကြောင်းစွမ်းအင်များ သူ့ထံသို့တိုးဝင်လာသည်။

အဆောင်လက်ဖွဲ့စာရွက်နှစ်ရာကျော်၏ထက်ဝက်ခန့် ပျက်စီးသွားသောအခါ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဖန်လင်းမှာ သူ၏ ရေဝဲငယ်ပေါ်တွင်ဖိအားရှိနေသော်လည်း ဒီရေစီးကြောင်း ကိုပြီးမြောက်သွားလေသည်။ တုံ့ဆိုင်းမှုမရှိပဲ သူက သတ္တမအကြိမ်မြောက် ဒီရေစီးကြောင်း ကိုစတင်လေသည်။

နောက်တစ်ယောက်ပြီးမြောက်သူမှာ ကျုံးတာအို ဖြစ်သည်။

ထို့နောက်တွင် စုန့်ချွဲက ပြီးမြောက်သွားလေသည်။ သူတို့အားလုံးမှာ သတ္တမအကြိမ်မြောက် ဒီရေစီးကြောင်း ၏အလယ်တွင် ရောက်နေကြပြီဖြစ်သည်။

ဝိညာဥ်စွယ်မှာ ပိုင်ရှောင်ချန်းထက် နာရီနှစ်ဆယ်ကြာပြီးမှစတင်ခဲ့ပြီး ယခုတွင်သူက ဆဋ္ဌမအြကိမ်မြောက် ဒီရေစီးကြောင်း တစ်ဝက်ခန့်ပြီးမြောက်နေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမြေစီးကြောင်းစွမ်းအင်ကိုစုပ်ယူနေသည့် အမြန်နှုန်းနှင့် ကိုက်ညီစေရန်သူတို့အားလုံးမှာ အတူတကွပေါင်းစပ်လိုက်ကြသည်။

မြေခဓားချောက်ကမ္ဘာထဲရှိ မြေစီးကြောင်းစွမ်းအင်မှာလျင်မြန်စွာလျော့ကျလာပြီး ဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းသားများအား စိုးရိမ်ပူပန်စိတ်ပိုမိုကြီးထွားလာစေသည်။ ထို့ကြောင့် ဂိုဏ်းသားအများစုမှာ ပိုင်ရှောင်ချန်းအားသတ်ဖြတ်ဖို့ရန် ကြိုးစားကုန်တော့သည်။ နောက်ဆုံးတွင် ကျန်ရှိနေသေးသည့်မြေစီးကြောင်းစွမ်းအင်အားလုံး၏ တစ်ဝက်မှာ ကုန်လုနီးပါးဖြစ်သွားပြီး ထိုအခြေအနေကို ပြန်ပြောင်းပေးနိုင်သည့်တစ်ခုတည်းသော နည်းလမ်းမှာ ပိုင်ရှောင်ချန်းအားသတ်ရန်ဖြစ်သည်။

ဂိုဏ်းသားများမှာ သူ့အား ပို၍တိုက်ခိုက်လာကြသည်။ ထိုအချက်ကြောင့် ရေကန်မှာ ပျက်စီးသွားပြီး ပိုင်ရှောင်ချန်း၏ အကာအကွယ်ဒိုင်းများအားလုံးနီးပါး ပျက်စီးသွားလေသည်။ ထိုပတ်ဝန်းကျင်အနီးတွင် စုရုံးနေကြသော ဂိုဏ်းသားတစ်ရာနီးပါးမှာ လွန်စွာ စိတ်လှုပ်ရှားလာကြသည်။

“လုပ်ကြစမ်းပါကွ။ ပြင်းပြင်းထန်ထန်နဲ့ တစ်ချက်လောက်သာတိုက်လိုက်ရင် ဒီအကာအကွယ်ဒိုင်းတွေအားလုံး ပျက်စီးကုန်တော့မှာကွ”

“မြန်မြန်လေး….လုပ်ကြရအောင်။ ပိုင်ရှောင်ချန်းရဲ့ အကာအကွယ်ဒိုင်းတွေက ပျက်စီးခါနီးနေပြီကွ ”

သို့သော်လည်း မျှော်လင့်ချက်များ သူတို့မျက်လုံးတွင်တောက်ပလာကြချိန်တွင် ပိုင်ရှောင်ချန်းက နောက်ထပ်အဆောင်လက်ဖွဲ့စာရွက် လေးရာကျော်ကို လောင်ကျွမ်းစေလိုက်သည်။

ချက်ချင်းပင် မီတာရာနှင့်ချီထူသော အကာအကွယ်ဒိုင်းများပေါ်လာပြီး တိုက်ခိုက်နေကြသောဂိုဏ်းသားများကြား အထိတ်တလန့်အော်သံများထွက်ပေါ်လာသည်။

“သေစမ်း…။ သူ့မှာအများကြီးရှိသေးတာလား”

“ပိုင်ရှောင်ချန်းဆီမှာ အဆောင်လက်ဖွဲ့စာရွက် ဘယ်လောက်တောင်ရှိတာလဲ”

“ငါဒါကိုမယုံနိုင်ဘူး။ ဒါကသေချာပေါက် သူ့ရဲ့နောက်ဆုံးအကာအကွယ်ပစ္စည်းပဲဖြစ်မယ် ”

ဂိုဏ်းသားတစ်ရာနီးပါးမှာ မျက်လုံးများရဲရဲနီလျက် သတ်ဖြတ်ချင်စိတ်များ ကြီးမားလာကာ တဝုန်းဝုန်း တိုက်ခိုက်သံများမှာလည်း ပဲ့တင်ထပ်၍ထွက်ပေါ်လာသည်။

အကာအကွယ်ဒိုင်းကာများတစ်လွှာပြီး တစ်လွှာ ပြိုကွဲလာသည်နှင့်အမျှ ပိုင်ရှောင်ချန်းက ရေဝဲငယ်လေးများအားပို၍အားစိုက်ကာ တွန်းလိုက်သည်။ ထို့နောက် ရူးသွပ်စွာ မြေစီးကြောင်းစွမ်းအင်များကို သူတတ်နိုင်သမျှအစွမ်းကုန် စုပ်ယူလိုက်သည်။

“မြန်မြန်…” သူကဒေါသတကြီးပြောလိုက်သည်။ “မြန်မြန်သွားရမယ်…” အချိန်များမှာ ကုန်ဆုံးသွားခဲ့သည်။ မကြာမီတွင်အသက်ဝင်နေသော စက္ကူအဆောင်လက်ဖွဲ့လေးရာမှာ တစ်ရာအထိလျော့ကျသွားသည်။

ထိုအချိန်တွင် လေချွန်သံများကိုကြားလိုက်ရပြီး သတ္တမမြောက် ရေဝဲငယ်မှာ ပြည့်စုံသော ဒီရေစီးကြောင်း အဖြစ်ပြောင်းလဲသွားလေသည်။ ထို့နောက်တွင် သူ၏ဒန်တျန်နေရာ၌ စိတ်စွမ်းအင်ပင်လယ်ပေါ်လာလေသည်။

ပိုင်ရှောင်ချန်းက အဆုံးအစမဲ့သော သတ္တမအကြိမ်မြောက် စိတ်စွမ်းအင်ပင်လယ်ကြောင့် သူမည်မျှပို၍စွမ်းအားကြီးသွားသည်ကို ရှင်းရှင်းလင်းလင်း အာရုံခံမိသွားသည်။ တချိန်တည်းမှာပင် သူ၏အဋ္ဌမအကြိမ် မြောက်ရေဝဲငယ်မှာ စတင်၍လျင်မြန်စွာလည်လာသည်။

ထိုအချိန်တွင် ဖန်လင်းမှာ တုန်ခါလာပြီး သူ၏သတ္တမအကြိမ် မြောက် ဒီရေစီးကြောင်း ကို အဆုံးသတ်လိုက်သည်။ သို့သော် သူကအဋ္ဌမအကြိမ်မြောက် ဒီရေစီးကြောင်းကို စတင်ရန်မတတ်နိုင်သည့်အတွက် သူ့အားအနီးကပ်လာရောက်ကြည့်ရှုသူ မည်သူကိုမဆိုသူက သတ္တမမြောက် ဒီရေစီးကြောင်းမှာ မပြီးမြောက်သေးကြောင်းသာ ပြောရန်တတ်နိုင်တော့သည်။

ပိုင်ရှောင်ချန်းက ကမ္ဘာပေါ်ရှိ မြေစီးကြောင်းစွမ်းအင်ထက်ဝက်ကို အခြေခံအားဖြင့်ထိန်းချုပ်ထားပြီးဖြစ်သည်။ ထို့နောက် ဖန်လင်းမှာ အခြားသူများကဲ့သို့ အလွယ်တကူကောင်းစွာပြင်ဆင်ထားခြင်းမရှိပေ။ အဆင့်နိမ့်သော ဒီရေစီးကြောင်း များတွင် မြေစီးကြောင်းစွမ်းအင်များစွာ မလိုအပ်ပေ။ သို့သော် သတ္တမမြောက်တွင် လွန်စွာဆန့်ကျင်ဘက်ဖြစ်သွားသည်။ ထို့ကြောင့် ဖန်လင်းမှာ အခြားသူများနှင့် မယှဥ်နိုင်ပဲ ဖြစ်သွားသည်။ သူက လုံးဝအားအင်ကုန်ခမ်းလျက် ရှိသည်။

“ပိုင်ရှောင်ချန်း…” မျက်လုံးများတွင်လူသတ်ငွေ့များပြည့်လာကာ သူ၏အခြေခိုင်မာခြင်းအဆင့်ကို တစိတ်တပိုင်းသာပြီးမြောက်ထားသည့် သတ္တမအကြိမ်မြောက် စိတ်စွမ်းအင်ပင်လယ်ဖြင့်သာ အဆုံးသတ်ရန်မှ လွဲ၍ သူ့ထံတွင် ရွေးချယ်စရာမရှိတော့ပေ။

ဖန်လင်း၏အပေါ်ရှိ ရေဝဲငယ်လေးမှာ မှေးမှိန်ပျောက်ကွယ်သွားပြီး မြေစီးကြောင်းစွမ်းအင်အနည်းငယ်သာစုပ်ယူနိုင်လေသည်။ မြေခဓားချောက်ကမ္ဘာ အတွင်းရှိ တင်းအားများမှာ အနည်းငယ်လျော့ကျလာသည်။

များမကြာမီတွင် စုန့်ချွဲနှင့် ကျုံးတာအိုမှာ သူတို့၏ သတ္တမအကြိမ်မြောက် ဒီရေစီးကြောင်း ကိုပြီးမြောက်သွားလေသည်။ ထို့နောက်တွင် အလွန်ခက်ခဲသော်လည်း တုံ့ဆိုင်းခြင်းမရှိပဲ အဋ္ဌမကြိမ်မြောက် ဒီရေစီးကြောင်း ကိုစတင်ရန် သူတို့၏လျှို့ဝှက်မှော်ပညာများကို ထုတ်ကာသုံးလိုက်ကြသည်။

ကမ္ဘာကြီးတစ်ခုလုံးတွင် မြည်ချုန်းအသံများပြည့်နှက်သွားပြီး မတည်ငြိမ်သော ရေဝဲငယ်များ သူတို့၏တစ်ယောက်ချင်းစီ အပေါ်တွင် ပေါ်လာလေသည်။

သူတို့အားလုံးအတွက် အဋ္ဌမအကြိမ်မြောက် ဒီရေစီးကြောင်းမှာ မည်သည့်အချိန်တွင်မဆို ပျက်စီးကျဆုံးသွားနိုင်ပုံပေါ်သည်။ ကြည့်ရသည်မှာ ကမ္ဘာပေါ်၌ရှိသော မြေစီးကြောင်းစွမ်းအင်များက ရေဝဲငယ်နှစ်ခုကိုသာ အကျိုးပြုရန် လုံလောက်ရုံမျှသာရှိသည်။

သို့သော်လည်း သူတို့အားလုံးမှာ ကြာရှည်စွာတည်မြဲနိုင်ရန် ရုန်းကန်လှုပ်ရှားနေကြသည်။

“ငါက ကျိန်းသေ အဋ္ဌမကြိမ်မြောက် ဒီရေစီးကြောင်းကို ရောက်မှာ” ကျုံးတာအိုက ကျယ်လောင်စွာ ပြောသည်။

“ငါ့ရဲ့ ပန်းတိုင်က အဋ္ဌမကြိမ်မြောက်မဟုတ်ဘူး။ နဝမအကြိမ်မြောက်ကွ” စုန့်ချွဲ၏မျက်လုံးများမှာ ရဲရဲနီလျက် လက်နှစ်ဖက်ဖြင့် လက်ကွက်ဖော်လိုက်သည့်အခါ သူ၏ရင်ဘက်မှာ ခြောက်ကပ်သွားလေသည်။ တချိန်တည်းမှာပင် အဋ္ဌမကြိမ်မြောက်ဒီရေစီးကြောင်း ရေဝဲငယ်ထဲသို့ ထူးဆန်းသည့်စွမ်းအားများ ထုတ်လွှတ်ပေးလိုက်သည့်အခါ ရေဝဲငယ်မှာ လျင်မြန်သော အရှိန်ရရှိလာလေသည်။

စုန့်ချွဲ၏ ရေဝဲငယ်အရှိန်မှာ ကျုံးတာအို၏ရေဝဲငယ်ပေါ်သို့ မယုံနိုင်လောက်သောဖိအားများနှင့် ဖိနှပ်ထားပုံပေါ်သည်။

ကျုံးတာအိုမှာ သူ၏ရေဝဲငယ်က ခမ်းခြောက်လာသည့်အတွက် စတင်၍တုန်လှုပ်လာလေသည်။

” မျှော်လင့်ချက်တော့ ရှိပါသေးတယ်” ကျုံးတာအိုက လျှာကိုကိုက်ချကာ ပါးစပ်အပြည့်သွေးတစ်ပွက်ထွေးချလိုက်သည်။ ထိုသွေးမှာမှော်သင်္ကေတအသွင်ပြောင်းသွားကာ သူ၏ခန္ဓာကိုယ်ပေါ်သို့ နေသားတကျဖြစ်သွားလေသည်။ ထိုသို့ဖြစ်သွားပြီးနောက် မှော်သင်္ကေတကြိုးများက သူ့အားဝန်းရံကာ မျက်စိကျိန်းစပ်လောက်အောင် ဝင်းလက်တောက်ပြောင်လွန်းသော အလင်းများစတင်ထုတ်လွှတ်ပြီး သူ၏အတွင်းရှိ ရေဝဲငယ်လေးအား အရှိန်မြှင့်သွားစေသည်။ မကြာမီတွင် သူကစုန့်ချွဲအား အမှီလိုက်နိုင်သွားသည်။

သို့သော်လည်း ထိုအချိန်တွင် ဝိညာဥ်စွယ်မှာသူ၏ သတ္တမအကြိမ်မြောက်ဒီရေစီးကြောင်း ပြီးမြောက်သွားကာ အဋ္ဌမကြိမ်မြောက်ကို စတင်နေလေသည်။ ချက်ချင်းဆိုသလို ဒရီးဒယိုင်နှင့်မတည်ငြိမ်နေသော ကျုံးတာအိုမှာ စိတ်ပျက်စွာအော်ဟစ်မြည်တမ်းလိုက်လေသည်။

တခဏကြာပြီးနောက်တွင် ကျုံးတာအို၏ရေဝဲငယ်မှာ တသိမ့်သိမ့်တုန်ခါသွားပြီးနောက် မြေပြင်ပေါ်သို့ကျကာ ရပ်တန့်သွားလေသည်။

“မဟုတ်ဘူး..” ကျုံးတာအို၏ မျက်လုံးများမှာ ရူးသွပ်မှုနှင့်တောက်ပသွားပြီး အော်ဟစ်လိုက်သည်။ သို့သော်လည်း သူဘာမှမတတ်နိုင်တော့ပေ။ သူ၏အဋ္ဌမကြိမ်မြောက် ဒီရေစီးကြောင်းမှာ ကျဆုံးသွားလေပြီဖြစ်သည်။

ယခုသူနှင့် ဖန်လင်းနှစ်ဦးစလုံးမှာ မြေစီးကြောင်းစွမ်းအင်ကိုမစုပ်ယူနိုင်တော့သောကြောင့် မြေခဓားချောက်ကမ္ဘာတွင် ဖိအားများသိသိသာသာလျော့နည်းလာသည်။ သူတို့နှစ်ဦး၏ ဒီရေစီးကြောင်း ရေဝဲငယ်ပုံများထက်စာလျှင် စုန့်ချွဲ၏ အဋ္ဌမကြိမ်မြောက် ဒီရေစီးကြောင်းမှာပို၍ပင် တည်မြဲနေသေးသည်။

ဝိညာဥ်စွယ်အတွက်မူ ယခင်ကထက်ပိုမိုကောင်းမွန်သည့်အခွင့်အရေးရရှိခဲ့ပြီး သူကလည်း မဆုတ်မနစ်ကြိုးစားလေသည်။ သူက ဒယီးဒယိုင်ဖြစ်သွားကာ ကျဆုံးလုဆဲဆဲဖြစ်သွားသော်လည်း သူဆက်၍ထိန်းထားနိုင်လေသည်။ ထို့ကြောင့်တစ်ခုတည်းသောမေးခွန်းမှာ သူမည်မျှထိကြာအောင် ထိန်းထားကာ လုပ်နိုင်မည့်အကြောင်းဖြစ်သည်။

မှန်ပေသည်။ ပိုင်ရှောင်ချန်းမှာလည်း အကျိုးကိုခံစားရပြီး ယခင်ကထက်စာလျှင် လျင်မြန်စွာတိုးတက်လာခဲ့သည်။

ပိုင်ရှောင်ချန်း၊ စုန့်ချွဲ နှင့် ဝိညာဥ်စွယ် တို့သုံးဦးက သူတို့၏ အဋ္ဌမကြိမ်မြောက် ဒီရေစီးကြောင်းကို ဆက်လက်လုပ်ဆောင်နေကြသည့်မြင်ကွင်းမှာ မျက်စိကျိန်းစပ်လောက်အောင် ဝင်းလက်တောက်ပြောင်လွန်းနေသည်။

ဖန်လင်းနှင့် ကျုံးတာအို တို့နှစ်ယောက်မှာမကြာသေးမီက ကျရှုံးသွားကြခြင်းဖြစ်သည်။

ရှန်ကွမ်းထျန်ယုံ၊ ပေဟန်လဲ့၊ ကျောက်ရုန် နှင့် ရွှီရှောင်ရှန်းတို့မှာ ဒုတိယမြောက်စီးေကြာင်းအတွင်းသာရှိကြသေးသည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းသားများ၏ ပထမမြောက်စီးေကြာင်းအတွင်းတွင် မြေစီးကြောင်းစိတ်စွမ်းအင်အများစုမှာ စုပ်ယူခံလိုက်ရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့၏အမြန်နှုန်းမှာ သိသိသာသာနှေးကွေးခဲ့သည်။ ယခုသူတို့အားလုံးမှာ သူတို့၏ စတုတ္ထအကြိမ်မြောက် ဒီရေစီးကြောင်းကို စတင်နေကြပြီဖြစ်သည်။

ဟိုယွင်ဖေးနှင့် အထွေထွေသော လက်ရွေးစင်တချို့မှာ တတိယမြောက်ဒီေရစီးကြောင်းအတွင်းသာရှိသေးပြီး သူတို့၏ ဒုတိယမြောက် ဒီရေစီးကြောင်းကို စတင်နေကြသည်။ ဟိုယွင်ဖေးမှာ စိတ်ပူနေသော်လည်း သူ၏ငုပ်လျှိုးနေသောစွမ်းရည်နှင့်မျှော်လင့်ချက်များကို စဥ်းစားလိုက်သည်။ မြေစီးကြောင်း၏ပထမမြောက်ဒီရေစီးကြောင်းကို ရောက်ရှိခြင်းကပင် အခြေခိုင်မာခြင်းအဆင့်တွင် သိသာသော အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။

ဤအချက်အားဖြင့် ကျန်ရှိနေသော ဂိုဏ်းသားများမှာ မြေစီးကြောင်းဆွဲငင်သလင်းကျောက်ကို အပြီးသတ်လုပ်ဆောင်နိုင်ရန် မျှော်လင့်ချက်မရှိတော့ပေ။ ထို့ကြောင့် သူတို့တွင် ဒီရေစီးကြောင်းတစ်ခုကိုပင် အောင်မြင်မှုရရှိရန် အခွင့်အရေးမရှိတော့ပေ။

ဂိုဏ်းသားများမှာ စိတ်ပျက်အားငယ်သွားကြကာ သတ်ဖြတ်ချင်စိတ်ကလည်း မြင့်တက်လာပြီး သူတို့၏မျက်လုံးများက အဋ္ဌမကြိမ်မြောက်ဒီရေစီးကြောင်းရှိသော ဂိုဏ်းသားများကို ကိုယ်စားပြုသော သူတို့၏အထက်ရှိ ရေဝဲငယ်သုံးခုကို အာရုံစိုက်လိုက်ကြသည်။

“ဝိညာဥ်စွယ်က သူ့ရဲ့အဋ္ဌမကြိမ်မြောက် ဒီရေစီးကြောင်းကို စလုပ်နေပြီကွ။ ဒါပေမဲ့သူက တည်ငြိမ်သေးဘူး။ သူ့ဆီမှာ မြေစီးကြောင်းစွမ်းအင်တွေအများကြီးရှိသားဟ။ ဒါပေမဲ့ စုန့်ချွဲ နဲ့ ပိုင်ရှောင်ချန်းလောက်မများဘူး”

“စုန့်ချွဲက နာမည်အရမ်းကြီးတဲ့သူပဲ။ သူ့မှာ ထိတ်လန့်စရာကောင်းပြီး မနှစ်မြို့စရာကောင်းတဲ့ အရှိန်အဝါရှိတယ်ကွ။ ဒီအပြင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကလူတွေကို ရန်စတာက ကောင်းတဲ့အတွေးမဟုတ်ဘူး..။ပြီးတော့ သူ့ဆီမှာ ပိုင်ရှောင်ချန်းလောက်များတဲ့ မြေစီးကြောင်းစွမ်းအင်တွေရှိမနေဘူးကွ”

“ပိုင်ရှောင်ချန်းကို လူတော်တော်များများက ဝိုင်းထားတယ်တဲ့ကွ။ သူ့ကိုသတ်ဖို့အတွက် ငါတို့အခုအချိန်မှာ လုပ်သင့်တယ်။ တကယ်လို့ သူသာသေသွားရင် သူ့ကိုယ်ထဲက မြေစီးကြောင်းစွမ်းအင်က ကမ္ဘာကြီးထဲကို ပြန်ပြီးပျံ့နှံ့သွားလိမ့်မယ်” အခြေအနေများအားဆန်းစစ်ပြီးနောက် ဂိုဏ်းသားများမှာ ပိုင်ရှောင်ချန်းအားပစ်မှတ်ထားလိုက်ကြတော့သည်။

ထိုအချိန်တွင် ဖန်လင်းမှာ သူ၏အခြေခိုင်မာခြင်းအဆင့်ကို အပြီးသတ်လိုက်ပြီး သူ၏စိတ်စွမ်းအင်ပင်လယ်ကို ခိုင်မာအောင်လုပ်ဆောင်လိုက်သည်။ သူကလေထဲသို့ပျံတက်သွားသည့်အခါ မြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး အခြေခိုင်မာခြင်းအဆင့်၏ြပင်းထန်သောဖိအားများ ထွက်ပေါ်လာသည်။

သူ၏ပတ်ပတ်လည်တွင် လေများလှည့်ပတ်နေသကဲ့သို့ သူ၏ဆံပင်များမှာ လွင့်နေသည်။ တချိန်တည်းမှာပင် ကောင်းကင်မြေပြင်ဆေးပေါင်းဖိုဒယ်စောက်အိုး ပုံရိပ်ကြီးမှာ သူ၏နောက်တွင်ပေါ်လာလေသည်။ ရှင်းလင်းစွာပင် သူက ချီစုစည်းမှုအဆင့်ကျင့်ကြံသူမည်သူမဆိုထက် သာလွန်နေကြောင်း ဖော်ပြနေသည်။

သူက အခြေခိုင်မာခြင်းအဆင့်သို့ ပထမဦးဆုံးရောက်ရှိခဲ့သည်။ ယခုတွင် သူက မြေခဓားလောကတွင် စွမ်းအားအကြီးမားဆုံးဖြစ်နေပြီဖြစ်သည်။

“ငါက ဒီရေစီးကြောင်းခုနစ်ခုကိုရခဲ့ပြီဖြစ်လို့ ကျန်တဲ့မင်းတို့လူတွေ မင်းတို့ရဲ့အဋ္ဌမကြိမ်မြောက်ကို ပြီးဆုံးသွားဖို့ စိတ်ကူးမထားတာက အကောင်းဆုံးပဲ” မျက်လုံးတွင် သတ်ဖြတ်လိုစိတ်များလင်းလက်လာကာ သူက စုန့်ချွဲ၊ ဝိညာဥ်စွယ်နှင့် ပိုင်ရှောင်ချန်းအားကြည့်လိုက်သည်။ ထို့နောက်သူက ပိုင်ရှောင်ချန်းထံသို့ လျှပ်စီးတစ်လက်ကဲ့သို့ တဟုန်ထိုးသွားလိုက်သည်။

“ငါမင်းကို ပထမဆုံးသတ်မယ်။ ပြီးရင် မင်းရဲ့ မြေစီးကြောင်းစွမ်းအင်ကို စုပ်ယူမယ်။ ဒီတစ်ခါဆို ငါ့မှာ ဒီရေစီးကြောင်း ရှစ်ခုအထိ ရောက်တော့မှာကွ”

မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့် ကိုရောက်ရှိစေရန် ဒီရေစီးကြောင်းစွမ်းအားကို အသုံးပြုသောအခါ တစ်စုံတစ်ဦးက သူ၏ပထမဒီရေစီးကြောင်း ရှစ်ခုကို ကြားဝင်ဖြတ်တောက်ရန် ဖြစ်နိုင်ပြီးအချိန်မတိုင်မီ အခြေခိုင်မာခြင်းအဆင့်သို့ ရောက်ရှိနိုင်ပေသည်။ ထို့အပြင် တာအိုအခြေခိုင်မာခြင်းအဆင့်မှာ ယခုအခြေအနေမျိုးတွင် မပြီးမြောက်သေးပါသော်လည်း အနှောင့်အယှက်များပြီးဆုံးသွား၍ အချိန်အများကြီးကြားထဲတွင်မခြားပါက ပြန်လည် စတင်ခွင့်ရှိပေသည်။ သို့သော်လည်း မြေစီးကြောင်းစွမ်းအင် အများအပြားလိုအပ်သောကြောင့် ထိုကဲ့သို့ပြုလုပ်ရန် လွန်စွာခက်ခဲလေသည်။

နဝမအကြိမ်မြောက် ဒီရေစီးကြောင်းကို စတင်လိုက်ပြီဆိုသည်နှင့် ထိုသူသည် ၄င်းကိုပြီးဆုံးသည့်တိုင်အောင်လုပ်နိုင်လျှင်လုပ်နိုင် မလုပ်နိုင်လျှင် သေဖို့ကြိုးစားသည်ကပင် ပိုမိုကောင်းမွန်သော ရွေးခြယ်စရာလမ်းဖြစ်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset