Switch Mode

အခန်း ( ၁၅၆ )

မင်းတို့က ငါ့ကို သတ်ချင်တာလား။

အင်မတန်ကြီးမားလှသော ရေဝဲကိုးခုသည် မြေခဓားကမ္ဘာပေါ်တွင် ဝဲကတော့အသွင် လှည့်ပတ်နေသည်ဖြစ်ရာ ကျန်ရှိနေသော ဂိုဏ်းသားများ၏ မရှိမဲ့ရှိမဲ့မျှော်လင့်ချက်များကို တဖြည်းဖြည်း နှဲ့ချိုးနေသကဲ့သို့ ဖြစ်နေသည်။ မည်သည့် အခြေခိုင်မာခြင်းအဆင့် မြင့်မြတ်သောနယ်မြေ တွင်မဆို မြေစီးကြောင်းစွမ်းအင်သည် အကန့်အသတ်ရှိသည်။ ကျင့်ကြံသူ အများအပြားက အခြေခိုင်မာခြင်းအဆင့်ကိုရောက်ရှိရန် အသုံးပြုနိုင်လောက်သည့် အခြေအနေတွင်သာရှိသည်။

ထို့အပြင် အောင်မြင်သော ကျင့်ကြံသူများ၏ အရေအတွက်သည် အတိအကျမရှိပေ။ အကယ်၍ တစ်ယောက်ယောက်ကသာ ဒီရေစီးကြောင်း ရှစ်ခုအထိ ရောက်ရှိသွားမည်ဆိုပါက မြေစီးကြောင်းစွမ်းအင်များကို သာမန်ထက်ပိုပြီး စုပ်ယူသွားမည်ဖြစ်သည်။ ထိုအချက်သည် ကမ္ဘာထဲတွင် ရှိသော စုစုပေါင်းစွမ်းအင်ကို သိသိသာသာ လျော့ကျစေမည်ဖြစ်သည်ရာ အခြားသူများကို သူတို့၏ ဒီရေစီးကြောင်းများကို အချိန်မတိုင်သေးဘဲ ရပ်ပစ်စေရန် ဖိအားပေးနေသကဲ့သို့ရှိသည်။

မှန်ပေသည်။ ရှစ်ခုမြောက်ဒီရေစီးကြောင်းကို ဖန်တီးနိုင်သောသူသည် ကြောက်စရာအကောင်းဆုံးသော ဒဏ္ဍာရီတစ်ခုကို ထားခဲ့နိုင်သူ မဟုတ်သေးပေ။ အမှတ်တကယ် ကြောက်ခမန်းလိလိသမိုင်းတွင်သူသည် ဒီရေစီးကြောင်း ကိုးခုကို ထိန်းချုပ်နိုင်သည့် ထူးချွန်ပြောင်မြောက်လှသည့် ပါရမီရှင်လက်ရွေးစင်တစ်ယောက်ဖြစ်ပေသည်။ တစ်ခါတရံတွင် တစ်စုံတစ်ယောက်က မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်၏ အထွတ်အထိပ်ကိုရောက်သွားပြီဆိုပါလျှင် အခြားဂိုဏ်းများမှ အင်မတန်ရက်စက်သော ဂိုဏ်းသားများသည် အောင်မြင်အောင်ကျင့်ကြံခြင်းကို တားဆီးနှောက်ယှက်တတ်ကြသည်။ အမှန်တကယ်တော့ အနှောက်အယှက်ပြုလာမည်ဆိုပါက ဂိုဏ်းတူ ညီအစ်ကိုအချင်းချင်းပင် ဖြစ်လင့်ကစား သူသေ ကိုယ်သေ သတ်ရမည်သာဖြစ်ပေသည်။

ထိုကဲ့သို့သောအဖြစ်အပျက်သည် အတုမဲ့သခင် မတိုင်မီ လွန်ခဲ့သောနှစ်ရှစ်ရာခန့်တွင်ဖြစ်ပွားခဲ့ဖူးသည်။ အင်မတန်ရူးသွပ်ဖွယ်ကောင်းသော ဖြစ်အင်တစ်ခုသည် ထိုအချိန်က ဖြစ်ပွားခဲ့သည်။ ထိုအရာမှာ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ တစ်ဂိုဏ်းလုံး သုတ်သင်ရှင်းလင်းခံလိုက်ရခြင်းဖြစ်သည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားတစ်ချို့သာ အသက်ရှင်ခွင့်ရခဲ့လေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားများကိုပင်လျှင် အတုမဲ့သခင်က ဒေါသတကြီးရက်စက်စွာ သတ်ဖြတ်ခဲ့လေသည်။

ဂိုဏ်းလေးဂိုဏ်းမှ ဂိုဏ်းသားများမှာမူ သူတို့၏ မြေစီးကြောင်းဆွဲငင်သလင်းကျောက်ကိုပင် ပြီးစီးအောင် မဆောင်ရွက်နိုင်သေးပေ။ သူတို့၏ အနာဂတ်ကံကြမ္မာကို မြင်ယောင်ရင်း လက်လျှော့အရှုံးပေးလိုစိတ်များသာ ပေါ်ပေါက်နေသည်။ သို့မဟုတ် ဝရုန်းသုန်းကား ပြေးလွှားသတ်ဖြတ်နေရမည်လား။ အောင်မြင်နိုင်ချေရှိသော မည်သည့် နည်းဗျူဟာမဆို အားကိုးလိုက်ရမည်လား ဝေခွဲမရချေ။ ထို့ကြောင့် ရံဖန်ရံခါတွင် ခြုံခိုတိုက်ခိုက်သော ဂိုဏ်းသားများရှိလာခြင်းဖြစ်သည်။

၎င်းသည်သာလျှင် မြေစီးကြောင်းဆွဲငင်သလင်းကျောက်ကို ပိုင်ဆိုင်နိုင်ပြီးနောက် မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကို တက်လှမ်းနိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လေသည်။

အချိန်များ ကုန်လွန်ခဲ့လေပြီ။ ဒုတိယအသုတ်တွင်ပါဝင်သော ရှန်ကွမ်းထျန်းယုံ၊ ရွှီရှောင်ရှန်း၊ ပေဟန်လဲ့ နှင့် ကျောက်ရုန်တို့သည် သူတို့၏ ပထမဆုံး ဒီရေစီးကြောင်းသုံးခုကို ပြီးစီးသွားလေပြီ။ ဝိညာဥ်စွယ်မှာ လေးခုမြောက် ဒီရေစီးကြောင်းကိုပင် ပြီးသွားပြီဖြစ်ရာ ငါးခုမြောက်ကို စတင်နေပြီဖြစ်သည်။ စုန့်ချွဲနှင့် ကျုံးတာအိုမှာမူ ငါးခုမြောက်ဒီရေစီးကြောင်း၏ တစ်ဝက်ခန့်ကိုပင် ခရီးပေါက်နေပြီဖြစ်သညိ။

ပိုင်ရှောင်ချန်းသည် သူတို့အထဲတွင် အမြန်ဆုံး ဖြစ်သည်။ ငါးခုမြောက် ဒီရေစီးကြောင်းကိုပင် ပြီးမြောက်တော့မည် ဖြစ်သည်။ မြေစီးကြောင်းစွမ်းအင်သည် ဝဲကတော့ထဲသို့ အလျင်အမြန်စီးဆင်းနေသည်ဖြစ်ရာ ပဥ္စမမြောက် စိတ်စွမ်းအင်ပင်လယ်ပင်လျှင် သူ့ကိုယ်ထဲတွင် ဖြစ်ပေါ်နေပြီဖြစ်သည်။

လေးနာရီကုန်လွန်သွားပြီဖြစ်သည်။ ရှောင်ချန်းတစ်ကိုယ်လုံးသည် တုန်တက်သွားပြီး ငါးခုမြောက် ဝဲကတော့သည် သူ့ကိုယ်ထဲတွင် တဖြည်းဖြည်း ကျယ်ပြန့်လာပြီဖြစ်သည်။ ဒီရေစီးကြောင်း စွမ်းအားများသည် ပေါက်ကွဲထွက်ကုန်သည်။ ပဥ္စမမြောက်စိတ်စွမ်းအင်ပင်လယ်က သူ၏ ဒန်တျန် ထဲတွင် ပြီးမြောက်သွားပြီဖြစ်သည်။ သူ၏ ငါးခုမြောက် ဒီရေစီးကြောင်းသည်ပြီးမြောက်သွားခဲ့လေပြီ။

“ကဲ အခုဆို ခြောက်ခုမြောက်”

မျက်ဝန်းများက အာရုံအပြင်းအထန်စူးစိုက်ထားြပီး ရှောင်ချန်းက ပြောလိုက်သည်။ ယခုအခြေအနေထိပင် လျှောက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ လက်လျှော့ချင်စိတ် အလျဥ်းမရှိပေ။ ပိုင်ရှောင်ချန်းက သူဘယ်လောက်အထိ လုပ်နိုင်သလဲဆိုသည်ကို သိချင်နေမိသည်။ ဘယ်လောက်ဝေးဝေးထိ ခရီးနှင်နိုင်မလဲဆိုသည်ကို စိတ်ဝင်စားနေမိသည်။ ဒီရေစီးကြောင်းတွေ ဘယ်လောက်များများ ချုပ်ကိုင်နိုင်မလဲဆိုသည့်အသိက ပြင်းပြနေသည်။

“ခရမ်းရောင်ချီ ဒယ်စောက်အိုး ထိန်းချုပ်နည်းပညာရပ်က ငါ့ရဲ့ပထမ ဒီရေစီးကြောင်းဖြစ်တယ်။
ခရမ်းရောင်ချီဒယ်စောက်အိုး ဆင့်ခေါ်ခြင်းက ဒုတိယ။ တတိယနဲ့ စတုတ္ထက နဂါးလို ဆင်လိုရဲ့စွမ်းအားတွေဆီက လာတာ”

“ငါးခုမြောက် ဒီရေစီးကြောင်းကကျတော့ အဏ္ဏဝါကလာတာ။ ဒါပေမယ့် သေခြင်းရဲ့ပထမအတားအဆီးကို ကျော်ဖြတ်အဆင့်တက်ပြီးနောက်မှာမှ ပဥ္စမမြောက်ဒီရေစီးကြောင်းကို ဖြစ်ပေါ်စေတာ။ အဲ့တာကြောင့် အခုက အဏ္ဏဝါမှော်အတတ်ကို သုံးပြီး ငါ့ရဲ့ ဆဋ္ဌမမြောက်ဒီရေစီးကြောင်းကိုစတင်ရမယ့်အချိန်ပဲ”

အသက်ကို ပြင်းပြင်းရှိုက်လိုက်ပြီး နဂါးလိုဆင်လိုအဏ္ဏဝါကျမ်း၏ စွမ်းအားများကို ထပ်မံဆင့်ခေါ်လိုက်လေသည်။ နဂါးလိုဆင်လိုစွမ်းအားများကို အသုံးပြုပြီးဖြစ်သောကြောင့် အဏ္ဏဝါစွမ်းအားများကို အသုံးပြုရမည့်အလှည့်ရောက်လာပြီဖြစ်သည်။

အဏ္ဏဝါဟုခေါ်သော နည်းလမ်းမှာ စိတ်စွမ်းအင်ပင်လယ်ကို ဖန်တီးလိုက်ခြင်းဖြစ်ပြီး တာအိုအခြေခိုင်မာခြင်းအဆင့်ခြင်းအဆင့်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ချက်ချင်းပင် ဆဋ္ဌမမြောက် ရေဝဲက ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာပြီး ထိုအထဲတွင် ခန့်ညားထည်ဝါစွာ လှည့်ပတ်နေသော မှော်ပင်လယ်တစ်ခုပါဝင်လေသည်။

ရေဝဲသည် လက်ဖျားခါလောက်ရသည်အထိ ရင်သပ်ရှုမောဖွယ်ဖြစ်သည်။ ထိုအရာသည် တည်ငြိမ်မှုမရှိသေးဘဲ စွမ်းအင်များကို လျင်မြန်စွာ မစုပ်ယူနိုင်သေးပေ။ ပိုင်ရှောင်ချန်းတွင် ရွှယ်ကျဲကော်တုအစွမ်းတွေရှိနေသေးသော်လည်း ခုချိန်တွင် ထုတ်မသုံးချင်သေးပေ။ ထို့ကြောင့် အဏ္ဏဝါ စွမ်းအားများကိုသာ သုံးနေခြင်းဖြစ်ပြီး သူ၏ အားကောင်းလှသည့်လျှို့ဝှက်မှော်အစွမ်းများကို အလဟဿမဖြစ်စေလို၍လည်းဖြစ်သည်။

အခြားသော ကျင့်ကြံသူများက ဖြစ်ပျက်နေသည်များကို မြင်လိုက်ရသောအခါ စိတ်သက်သာရာရသွားဟန်နှင့် သက်ပြင်းချလိုက်ကြသည်။

“ပိုင်ရှောင်ချန်းရဲ့ ဆဋ္ဌမမြောက် ဒီရေစီးကြောင်းက မတည်ငြိမ်ဘူး။ ကြည့်ရတာ သူက အဆုံးစွန်အခြေအနေကိုရောက်နေပြီနဲ့တူတယ်။ နောက်ထပ်ဘယ်လောက်မှထပ်ပြီး တောင့်ခံမထားနိုင်လောက်တော့ပါဘူးကွာ။ ပဥ္မမြောက်ဒီရေစီးကြောင်းကသာ သူရဲ့လျှို့ဝှက်မှော်အစွမ်းပဲ ဖြစ်လိမ့်မယ်ထင်တယ်”

“ဆဋ္ဌမမြောက်ဒီရေစီးကြောင်းက အင်မတန် လှပလွန်းလို့ ရင်သပ်ရှုမောဖွယ်ပါပဲ။ လက်ဖျားခါလောက်ပါပေတယ်”

ဖန်လင်းနှင့် ကျုံးတာအိုတို့သည်း သက်ပြင်းကြီးများချကာ စိတ်သက်သာရာရသွားလေသည်။ သူတို့နှစ်ယောက်က သူ့တို့ကိုယ်သူတို့ ကာကွယ်ရန် အသင့်အနေအထားရှိနေကြသည့်အပြင် တခြားသူများ၏ တိုးတက်နှုန်းကိုပါ မျက်ခြည်မပြတ်စောင့်ကြည့်နေလေသည်။

” ပိုင်ရှောင်ချန်းက အဆုံးသတ်သွားပြီ။ သူ့ကို ဘာမှ စိတ်ပူစရာအကြောင်းမရှိတော့ဘူး”
၎င်းသည် သူတို့နှစ်ယောက်လုံးတွေးတောနေသည့်အချက်ပင်ဖြစ်သည်။

ဝိညာဥ်စွယ်က မျက်မှောင်ကြုတ်လိုက်သည်။ ပိုင်ရှောင်ချန်းက လျှို့ဝှက်မှော်အစွမ်းများကိုထုတ်မသုံးသေးသည်ကို သူသိလေသည််။ တခုခုတော့ ထူးဆန်းနေသည်ဟု အတပ်ပြောလိုက်နိုင်လေသည်။ စုန့်ချွဲကမူ မျက်ဝန်းများ တဝင်းဝင်းလက်သည်အထိ စဥ်းစားခန်းဝင်နေလေသည်။

အချိန်များကုန်ဆုံးသွားလေပြီ။ ပိုင်ရှောင်ချန်း၏ ဆဋ္ဌမမြောက် ဒီရေစီးကြောင်းက မြေစီးကြောင်းစွမ်းအင်များကို တဖြည်းဖြည်းနှင့် စုပ်ယူလျက်ရှိသည်။ ထိုရေဝဲသည် မတည်ငြိမ်သော်လည်း ပြိုကွဲသွားခြင်းမျိုးလည်းမရှိပေ။

တဖြည်းဖြည်းနှင့် အခြားဂိုဏ်းသားများမှာလည်း မြေစီးကြောင်းဆွဲငင်သလင်းကျောက်များကို အောင်မြင်သွားကြပြီး သူတို့၏ ဒီရေစီးကြောင်းများကို စတင်နေလေသည်။ ထိုအထဲမှ တစ်ယောက်သည် ဟိုယွင်ဖေးဖြစ်သည်။

နောက်ထပ် နာရီခြောက်ဆယ်လောက်ကြာသောအခါ ပိုင်ရှောင်ချန်း၏ ဆဋ္ဌမမြောက် ဒီရေစီးကြောင်းက ပြီးမြောက်သွားလေသည်။ အများစုက ဆုံးခန်းတိုင်သွားပြီဟု ယူဆလိုက်ကြသည်။

ရေကန်၏အောက်ခြေတွင်တူးထားသော ထိုအင်မော်တယ်ဂူကျဥ်းကျဥ်းလေးထဲရှိ သူ၏ကိုယ်တွင်းတွင် ဆဋ္ဌမမြောက် စိတ်စွမ်းအင်ပင်လယ်က ဖြစ်ပေါ်နေဆဲဖြစ်သဖြင့် မျက်ဝန်းများက အရောင်တောက်လာသည်။ ထို့နောက် သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်တွေကိုရှေ့သို့ဆန့်ထုတ်လိုက်သည်။

“လျှို့ဝှက်မှော်ပညာ…ရွှယ်ကျဲကော်တု ”

ရေငွေ့များသည် အင်မော်တယ်ဂူထဲတွင် လွှမ်းခြုံနေသည်။ ထိုရေငွေ့များသည် သိပ်သည်းဆပိုလာပြီး ရေစက်များဖြစ်သွားကာ ရေကန်ထဲသို့ပင် စိမ့်ကျလာသည်။ ထိုရေကန်သည် အမြှုပ်များ တပွက်ပွက်ထလာပြီး မျက်စိတမှိတ်အတွင်းမှာပင် လျင်မြန်စွာ ကျယ်ပြန့်သွားသည်။

အသက်ရှုကြိမ်အနည်းငယ်အတွင်းမှာပင် ထိုအရာသည် အလျင်အမြန် ကြီးထွားလာရာ ရေကန်သေးသေးလေးတစ်ခုအဖြစ်မှ ပင်လယ်တစ်ခုအသွင်သို့ ဖြစ်လာသည်။

ကောင်းကင်ယံထက်တွင်လည်း ပိုင်ရှောင်ချန်း၏ ဆဋ္ဌမမြောက်ရေဝဲက ရပ်တန့်သွားပြီး လျှောက်သွားနေသည်။ သို့သော်လည်း ပျောက်ကွယ်သွားတော့မည့်ဟန်မပေါ်ဘဲ သူ့ကိုယ်သူ စွမ်းအင်များနှင့်စုစည်းတည်ဆောက်နေသည်ဟု ထင်ရလေသည်။

ထို့နောက် ဖိအားအနည်းငယ်သည် မြေခဓားကမ္ဘာသို့သက်ရောက်လာသဖြင့် လူတိုင်းက အံံ့သြတုန်လှုပ်နေကြသည်။ ကျုံးတာအိုနှင့် အခြားထိပ်တန်းလက်ရွေးစင်များသည်ပင်လျှင် အလွန်အံ့အားသင့်သွားကြသည်။

ပိုင်ရှောင်ချန်းက သူ့လက်များကိုမြှောက်လိုက်ပြီး နောက်သို့ ဆောင့်ဆွဲဟန်ပြုလိုက်သည်။ ချက်ချင်းပင် ရေကန်ပေါ်သို့ လှိုင်းလုံးကြီးများက မြင့်တက်လာပြီး တဝုန်းဝုန်း တအုန်းအုန်းမြည်သံများနှင့် ဆူညံပွက်နေသည်။ ဆဋ္ဌမမြောက် ရေဝဲသည် တွန့်လိမ်လျက် အရူးလိုလှည့်ပတ်နေသည်။ ပင့်သက်ရှုက်သံများထွက်ပေါ်လာပြီးနောက်တွင် သတ္တမမြောက်ရေဝဲက ပေါ်ထွက်လာသည်။

သို့သော်လည်း ၎င်းသည်အဆုံးသတ်မဟုတ်သေးပေ။ သတ္တမမြောက်ရေဝဲ ပေါ်ပေါက်လာပြီးတစ်ပြိုင်တည်းတွင် သူ့အပေါ်မှ လေထုသည် နဂါးတစ်ကောင်က သူ့အမြီးကို သူပြန်ဝိုက်ပြီး ကိုက်နေသကဲ့သို့ စက်ဝန်းသဖွယ် တွန့်လိမ် လှည့်ပတ်လျက်ရှိသည်။ မရေမတွက်နိုင်သော တိမ်များသည် အမြှုပ်များ တစီစီထကာ အဋ္ဌမမြောက် ရေဝဲကို ဖန်တီးလိုက်သည်။

သတ္တမမြောက်နှင့် အဋ္ဌမမြောက် ရေဝဲသည် တချိန်တည်းတွင်ဖြစ်ပေါ်လာသည်။ အခြားကျကျင့်ကြံသူများ၏ နှလုံးအိမ်ထဲတွင် မိုးကြိုးမုန်တိုင်းများတိုက်ခတ်နေသကဲ့သို့ ခံစားလိုက်ရသည်။

“မဖြစ်နိုင်လိုက်တာ။ ပဥ္စမမြောက်ရေဝဲမှာ သူ့ရဲ့ လျှို့ဝှက်မှော်အစွမ်းတွေကို သုံးပစ်လိုက်ပြီမဟုတ်ဘူးလား”

“လျှို့ဝှက်မှော်အစွမ်း…. ဒါကမှ လျှို့ဝှက်မှော်အစွမ်းပဲ။ ဘုရားရေ။ ခုနတုန်းက သူသုံးခဲ့တာ တကယ့် လျှို့ဝှက်မှော်အစွမ်းတွေမဟုတ်သေးဘူးပေါ့ ”

“ဟဲ့ ရေဝဲနှစ်ခုက တပြိုင်တည်းပေါ်လာတယ်ဆိုတာ ဘယ်လိုလို့ဖြစ်နိုင်မှာလဲ။ ဒါက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ တမူထူးခြားတဲ့ လျှို့ဝှက်မှော်အစွမ်းတွေဖြစ်တဲ့ ရွှယ်ကျဲကော်တု မဟုတ်လား? ဒါမှမဟုတ် ဝိညာဥ်ခေါ်သံအစွမ်းများလား ”

မကြာမီမှာပင် အော်ဟစ်နေသောအသံများက နွားတစ်ကောင် တဘဲဘဲအော်ဟစ်နေသကဲ့သို့ ပင် ဖြစ်လာသည်။

“ရေဝဲရှစ်ခု…. သူက ရေဝဲရှစ်ခုကိုတောင် ထိန်းချုပ်နိုင်တယ်။ တကယ်လို့ သူအောင်မြင်သွားမယ်ဆိုရင် မြေစီးကြောင်းစွမ်းအင်တွေ အကုန်စုပ်ယူသွားခံရတော့မှာပဲ ”

“သူ့ကိုတားကြပါဦးဟ”

ကောင်းကင်တစ်ခုလုံးတွင် သတ္တမမြောက်နှင့် အဋ္ဌမမြောက်ရေဝဲများက အဆက်မပြတ်လျင်မြန်စွာ လည်ပတ်စပြုလာသည်။ ဒီရေစီးကြောင်းသည် ပေါက်ကွဲထွက်သွားပြီး မြေစီးကြောင်းစွမ်းအင်များကို အရင်ကထက် ပို၍များပြားစွာ စုပ်ယူလျက်ရှိသည်။ အချိန်ပေါင်းများစွာကြာပြီးသည့်အခါ…၎င်းသည် တွင်းနက်ကြီးတစ်ခုနှင့်ပင် တူလာပြီး တစ်ကမ္ဘာလုံးတွင်ရှိသမျှ မြေစီးကြောင်းစွမ်းအားများကိုပင် ဆွဲယူလိုက်သလားဟုပင် ထင်ရလေသည်။

အခြားဂိုဏ်းသားများ၏ ရေဝဲများသည် တွန့်လိမ်ကောက်ကွေးကုန်ကာ စုပ်ယူနှုန်းမှာသိသိသာသာလျော့ကျသွားတော့သည်။

ထိုအချိန်တွင်တော့ ဖန်လင်းက မျက်လုံးများကိုဖွင့်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကိုပြောလိုက်ရာ သူ့အပေါ်တွင်ရှိသော ရေဝဲ၏ စွမ်းအားကြောင့် ဧရိယာ တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
“ဆေးစွမ်းအင် နတ်ရေစင်ဂိုဏ်းကို ငါအမိန့်ပေးတယ်။ ပိုင်ရှောင်ချန်းကို သတ်ကြစမ်း။ သူ့ရဲ့ ဆဋ္ဌမမြောက် ရေဝဲကို မအောင်မြင်နိုင်အောင် တားကြစမ်း!!! အဲ့ဒီဂိုဏ်းသားကို ဂိုဏ်းကိုပြန်ရောက်တာနဲ့ ငါရမယ့် အထူးဆုလာဒ်တွေထဲကနေ နစ်နာကြေးတွေအဖြစ်ခွဲပေးမယ်။ အဲ့တာအပြင် မင်းတို့ကို တစ်သက်လုံးစောင့်ရှောက်သွားမယ့်အခြေခိုင်မာခြင်းအဆင့်ဆေးလုံးတွေလည်းပေးဦးမယ်”

တချိန်တည်းမှာပင် ကျုံးတာအိုသည် ဂါထာမန္တာန် အစီအရင်အကြားတွင်ထိုင်နေရာမှ ပိုင်ရှောင်ချန်းကိုသတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်လျှမ်းနေသော မျက်ဝန်းများ ပွင့်လာသည်။

“ဆန်းကြယ်စွမ်းအင်နတ်ရေစင်ဂိုဏ်း…ငါ့အမိန့်ကိုနာခံမယ်။ ပိုင်ရှောင်ချန်းကို သတ်ကြစမ်း။
သူ့ရေဝဲထဲက စွမ်းအင်တွေက ကမ္ဘာထဲကို ပြန်ပြီး ပျံ့လွင့်လာပါစေ။ အဲ့တာဆို ငါ့အတွက်တင်မကဘူးမင်းတို့အတွက်ပါ အကျိုးရှိမယ်”

ကျုံးတာအို၏ စကားသံများက ဟိန်း၍ပင်ထွက်သွားသည်။ စုန့်ချွဲကလည်း မျက်လုံးများဖွင့်လိုက်ပြီး
“သွေးစွမ်းအင် နတ်ရေစင်ဂိုဏ်း အမိန့်ကို နာခံမယ်။ ပိုင်ရှောင်ချန်းကို သတ်ပြီး သူ့ဒီရေစီးကြောင်းကို ပိတ်ပစ်ကြစမ်း ”

ဟိုယွင်ဖေးသည် စတင်တုန်လှုပ်လာသည်။ သိူ့သော်လည်း သူ၏ အခြေခိုင်မာခြင်းအဆင့်အတွက်ကျင့်ကြံခြင်းမှာ အလယ်သို့ရောက်နေပြီဖြစ်ရာ မည်သို့မျှကူညီမ
ပေးနိုင်ဖြစ်နေသည်။

ရှန်ကွမ်းထျန်းယုံမျက်ဝန်းများသည် ဖျတ်ခနဲ ဖြစ်သွားသည်။ ရက်စက်သောအပြုံးတစ်ပွင့်က သူ့မျက်နှာတွင် ထွက်ပေါ်လာသည်။ ပိုင်ရှောင်ချန်းက သတ္တမမြောက်နှင့် အဋ္ဌမမြောက်ရေဝဲကို တပြိုင်တည်း ဖန်တီးလိုက်ခြင်းကြောင့် တုန်လှုပ်ခြောက်ခြားခဲ့ရသည်။ ယခုမူ စိတ်ပူရန်မရှိတော့ပေ။

“မင်းကတော့ သေမင်းနဲ့ စစ်ခင်းရတော့မယ်”

သူက ကြုံးဝါးလိုက်သည်။

“အဲ့ဒီအတွက် မင်းငါ့ကိုအပြစ်တင်စရာမလိုပါဘူး”

ထို့နောက် မျက်ဝန်းများကိုပိတ်ကာ သူ၏ ဒီရေစီးကြောင်းကို ဆက်လက်ထိန်းချုပ်နေလိုက်သည်။

ဝိညာဥ်စွယ်လည်း မျက်ဝန်းများပွင့်လာသည်။ သူသည် ပိုင်ရှောင်ချန်းအတွက် စိတ်ပူပန်ခြင်းအလျဥ်းမရှိသော်လည်း ထိုအခိုက်တွင် သူက ပိုင်ရှောင်ချန်းကို ကူညီချင်လှပါသည်ဆိုလျှင်ပင် မကူညီနိုင်ပေ။

ပေဟန်လဲ့သည် ချီတုံချတုံဖြစ်နေသည်။ ထိုနေရာတွင် ပိုင်ရှောင်ချမ်းကို စိတ်ပူပန်ခြင်းဖြစ်၍မဟုတ်။ သူက ပိုင်ရှောင်ချန်းကို မုန်းသည်။ သတ်ပင် သတ်ပစ်လိုက်ချင်သည်။ သို့သော်လည်း အချိန်တွေကြာပြီးနောက် သူ၏ပန်းတိုင်ရောက်သွားသည်နှင့် တခြားသူများလက်ချက်ကြောင့် သေဆုံးရတာမျိုးမဟုတ်ဘဲ သူကိုယ်တိုင် သတ်ပစ်ချင်သောကြောင့်ဖြစ်သည်။

“ရွံစရာကောင်းလိုက်တဲ့ အယုတ်တမာကောင်ပဲ”

သူကအော်ပစ်လိုက်သည်။
သို့သော်လည်း ထိုအခိုက်တွင် ကူညီပေးနိုင်ရန် စွမ်းအားအပိုမရှိဖြစ်နေသည်။

ဂိုဏ်းအမျိုးမျိုးမှ နံပါတ်တစ်နေရာကိုရွေးခြယ်ထားခြင်းခံရသော သူများ၏ အမိန့်များကြောင့် အခြားဂိုဏ်းသားများသည် မျက်ဝန်းများနီရဲတွတ်လျက် မြေခဓားကမ္ဘာထဲတွင် စတင်ရှာဖွေကြလေသည်။

“ပိုင်ရှောင်ချန်းကိုသတ်စမ်း။ သူသေရင် မြေစီးကြောင်းစွမ်းအင်တွေ အများကြီး လွင့်ပျံလာလိမ့်မယ်။ ငါတို့လည်း အောင်မြင်ဖို့အခွင့်အရေးရှိသေးတာပေါ့”

“အမှန်ပဲ။ စုန့်ချွဲ၊ ကျုံးတာအိုနဲ့ ဖန်လင်းတို့ဆိုတာ ရန်စသင့်တဲ့သူတွေမဟုတ်ဘူး။ ဒါပေမယ့် ဂိုဏ်းကပေးထားတဲ့ အချက်အလက်တွေအရတော့ ပိုင်ရှောင်ချန်းက ဒီမှာ အင်အားအကြီးဆုံးသူတဲ့။ ငါတို့သူ့ကို ကျိန်းသေပေါက်ဆွဲချမှဖြစ်မယ်”

“ငါ့အထင်တော့ ဂိုဏ်းတစ်ဂိုဏ်းနဲ့တစ်ဂိုဏ်းက ပိုင်ရှောင်ချန်းအတွက်ပေးထားတဲ့အချက်အလက်တွေ မတူဘူးနဲ့တူတယ်။ ဒါပေမယ့် ခုအချိန်မှာတော့ စိတ်ပူစရာတွေဖြစ်လာနေပြီ။ သူ့ကိုသတ်ပစ်လိုက်ရင်တော့ ငါတို့တွေအားလုံးအခြေခိုင်မာခြင်းအဆင့်ကို ရောက်နိုင်ဖို့ အခွင့်အရေးရနိုင်တယ်!”

“အဋ္ဌမမြောက် ဒီရေစီးကြောင်းကို မအောင်မြင်စေရဘူး”

သွေးရောင်လွှမ်းနေသော မျက်ဝန်းများနှင့် ဂိုဏ်းသားများသည် အရပ်မျက်နှာအရပ်ရပ်ကိုဖြန့်ကျက်လိုက်ပြီး ပိုင်ရှောင်ချန်း ရှိရာ ရေကန်သို့ဦးတည်သွားကြလေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသည် စတင်တုန်လှုပ်လာကြသည်။ သို့သော်လည်း အခြားသုံးဂိုဏ်းက လက်ဝါးရိုက်ပူးပေါင်းအင်အားဖြည့်ထားကြသည်ဖြစ်ရာ သူတို့က အဆမတန် အင်အားကြီးလွန်းနေသည်။

သူတို့သည် အချို့ကို တားဆီနိုင်လောက်မည်ဖြစ်သော်လည်း အကုန်လုံးကို မတားဆီးနိုင်သည်မှာသေချာလှသည်။ မကြာမီမှာပင် ဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းသားများသည် ပိုင်ရှောင်ချန်းနားသို့ ချဥ်းကပ်လာကြသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာလေသည်။

” မင်းတို့က ငါ့ကို သတ်ချင်တာလား ”

Comment

Leave a Reply

Options

not work with dark mode
Reset