အခန်း ( ၁၅၅ )

ပထမအတားအဆီးကို ကျော်ဖြတ်ခြင်း

ကြီးမားသောမန္တန်အစီအရင်တစ်ခုတည်ရှိနေသောလွင်ပြင်ပေါ်တွင် လေးခုမြောက်လေဆင်နှာခေါင်းတစ်ခုပေါ်လာလေသည်။ မန္တန်အစီအရင်မှတောက်ပသောအလင်းရောင်များအရပ်ရှစ်မျက်နှာသို့ဖြန့်ကျက်နေပြီး အလယ်တွင်ချီစွမ်းအင်စုစည်းမှုအဆင့် ဂိုဏ်းသားတစ်ယောက်ထိုင်နေလေသည်။

ထိုသူသည် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ဝတ်ရုံကိုဝတ်ဆင်ထားသော ရုပ်ရည်ချောမောသည့်လူရွယ်တစ်ယောက်ဖြစ်သည်။ ထိုသူသည်အသက်ရှူထုတ်လေ့ကျင့်ခန်းများပြုလုပ်နေစဥ်တွင် မှော်သင်္ကေတများသူ၏ခန္ဓာကိုယ်ကိုရှေ့မှနောက်သို့ဖြတ်၍စီးဆင်းနေကြသည်။ မှော်သင်္ကေတတစ်ခုစီတွင် မယုံနိုင်ဖွယ်ရာအဖျက်စွမ်းအားများသယ်ဆောင်ထားပုံရသည်။ တစ်ခါတရံတွင် ထိုမှော်သင်္ကေတများတွေ့ဆုံမိလေရာ သူ၏ခန္ဓာကိုယ်ကိုရစ်ပတ်ထားသောသံကြိုးတစ်ခုနှင့်တူနေလေသည်။

လူရွယ်မှဖြာထွက်နေဟန်တူသောအဖျက်စွမ်းအင်များသည် ကရုဏာမဲ့သိုင်း၏ အမှတ်အသားတစ်ခုပင်ဖြစ်သည်။

ထိုလူရွယ်သည် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏နံပါတ်တစ်လက်ရွေးစင်ဖြစ်သော နှစ်ပေါင်း သုံးထောင် အတွင်း ကရုဏာမဲ့သိုင်းကို အောင်မြင်အောင်ကျင့်ကြံနိုင်ခဲ့သော ကျုံးတာအို ပင်ဖြစ်လေသည်။ သူသည် သက်ရှိအရာမှန်သမျှကိုအမြစ်ပြတ်သုတ်သင်နိုင်သော အဖျက်စွမ်းအားတစ်ခုကိုထုတ်လွှတ်နိုင်သည်။ ထိုစွမ်းအားသည် မည်သူကိုမဆို သက်ရှိအားလုံးကိုသုတ်သင်ပစ်နိုင်ပြီး အဖျက်စွမ်းအင်စွတ်ကြောင်းတစ်ခုပင် ကျန်ခဲ့စေသည်။ အခြားဂိုဏ်းများမှစုဆောင်းထားသောသတင်းအချက်အလက်များအရ ထိုအဖျက်စွမ်းအင်တန်းများသည် လူသားတာအိုအခြေခိုင်မာခြင်းအဆင့်ကဲ့သို့ပင် စွမ်းအားကြီးလေသည်။

“ဝိညာဥ်စွယ်နဲ့တိုက်ခိုက်တုန်းက ငါတို့နှစ်ယောက်လုံး ဘယ်သူမှအသာစီးရတယ်လို့မရှိဘူး။ အခြေခိုင်မာခြင်းအဆင့်ရောက်ပီးတဲ့အထိစောင့်နေစမ်းပါ။ ငါ မင်းနဲ့ထပ်တိုက်ခိုက်မယ်… ပြီးတော့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့နံပါတ်တစ်လက်ရွေးစင်တွေထဲကတစ်ယောက်ကို လုံးဝအမှုန့်ချေပစ်လိုက်မယ်။”

ကျုံးတာအို၏မျက်လုံးထဲတွင်သတ်ဖြတ်လိုသည့်အရိပ်အယောင်များဝင်းလက်နေကာ အသက်ကိုပြင်းပြင်းရှူ၍ လက်နှစ်ဘက်ဖြင့်မန္တန်လက်ကွက်တစ်ခုကိုဖော်လိုက်သည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်တွင်း၌ ဝဲကတော့လေးတစ်ခုဖြစ်ပေါ်လာပြီး လေဆင်နှာမောင်းတစ်ခုကောင်းကင်ပေါ်သို့ပျံတက်သွားသကဲ့သို့ ဆွဲငင်အားမျိုးဖြင့် ပေါက်ကွဲနေလေသည်။ ထို့နောက် ဧရာမရေဝဲကြီးတစ်ခုပေါ်ထွက်လာလေသည်။

များပြားလှသောမြေစီးကြောင်းစွမ်းအင်များရေဝဲထဲသို့စီးဝင်သွားသဖြင့် လေထဲတွင်တဝုန်းဝုန်းအသံများဆူညံနေလေတော့သည်။

ထိုအချိန်တွင် ကြီးမားလှသောရေဝဲကြီးလေးခုသည် မတူညီသောနေရာလေးခုမှ ပေါ်ထွက်လာကာ မြေခဓားကမ္ဘာကိုလေးပိုင်းခွဲပစ်နေသည်။

မြေခဓားကမ္ဘာထဲရှိကျန်သောဂိုဏ်းသားများသည် အလွန်အမင်းစိုးရိမ်ကြောင့်ကြနေကြသည်။ လူလေးယောက်သည် အခြေခိုင်မာခြင်းအဆင့်ကိုရောက်ရန်လမ်းပေါ်သို့ရောက်နေပြီဖြစ်သဖြင့် များပြားလှသောမြေစီးကြောင်းစွမ်းအင်များသည် ကောင်းကင်ပေါ်သို့ပျံတက်နေလေသည်။ မြေစီးကြောင်းစွမ်းအင်သည်အကန့်အသတ်ရှိကြောင်းလူတိုင်းသိကြရာ သူတို့သာအလျင်အမြန်မစုဆောင်းနိုင်ပါက အခြေခိုင်မာခြင်းအဆင့်သို့ရောက်ခြင်းဟူသော သူတို့၏ကိုယ်ပိုင်အခွင့်အလမ်းများကိုဆုံးရှုံးကြရမည်ဖြစ်ပြီး အောင်မြင်သွားသူများနှင့်ယှဥ်လိုက်ပါက သူတို့သည်အသေးအဖွဲပြိုင်ပွဲဝင်များသာဖြစ်သွားမည်ကို သိနေကြလေသည်။

တိုက်ခိုက်မှုများသည် ပို၍ရက်စက်ကြမ်းကြုတ်လာကာ အသတ်ခံရသူဦးရေသည်လည်း ချက်ချင်းဆိုသလိုတိုးလာသည်။

ဂိုဏ်းသားများရဲရဲတောက်နေသောမျက်လုံးများဖြင့် သဲကြီးမဲကြီးတိုက်ခိုက်နေကျချိန်တွင် အပေါ်ရှိရေကန်သည်ပိုင်ရှောင်ချန်းသည်သူ၏တတိယမြောက်ဒီရေစီးကြောင်းကိုလက်စသတ်လိုက်ခြင်းကြောင့် အက်ကွဲသံနှင့်အတူပေါက်ကွဲသွားလေသည်။

ကောင်းကင်ထက်တွင်နဂါးတစ်ကောင်အော်မြည်နေကာ ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်ထဲတွင် သူ၏တတိယစိတ်စွမ်းအင်ပင်လယ်ပြင်သည် ဒုတိယစိတ်စွမ်းအင်ပင်လယ်ပေါ်မှထပ်၍ ပေါ်ထွက်လာလေသည်။ တတိယတစ်ခုသည် ဒုတိယတစ်ခုထက်ပိုကြီးလေသည်။

“နဂါးကြီးရဲ့တန်ခိုးဟာပြီးဆုံးသွားပြီ။ အခုအချိန်ဟာ ဆင်ကြီးရဲ့တန်ခိုးကိုပြရမယ့်အချိန်ပဲ…” ပိုင်ရှောင်ချန်းသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ မျက်လုံးများကြက်သွေးရောင်ထနေပြီး သူသည်ခပ်ပြင်းပြင်းဟိန်းဟောက်လိုက်ရာ ကြီးမားလှသောဆင်ကြီးတစ်ကောင်သူ့ဘေးတွင်ပေါ်လာလေသည်။ ဆင်သည်ရှေ့ခြေနှစ်ချောင်းကိုမြှောက်လိုက်ကာ မြေကြီးထဲသို့ထိုးဆင်းသွားလေသည်။

ဘုန်း….

သူ့ကိုယ်ထဲတွင် လေးခုမြောက်ဝဲကတော့တစ်ခုပေါ်လာလေသည်။ ထိုဝဲကတော့သည် တတိယမြောက်ဝဲကတော့ထက် ပို၍ကြီးမားကာပို၍လည်းထိတ်လန့်ဖွယ်ကောင်းလေသည်။ တတိယမြောက်ရေဝဲသည်မိုးပေါ်တွင်ရှိနေဆဲဖြစ်သော်လည်း ယခုအခါပို၍ကြီးမားသော စတုတ္ထမြောက်ရေဝဲတစ်ခုကိုမြင်တွေ့နေရသည်။

ထိုရေဝဲထဲတွင် မြင်တွေ့နေရသည်မှာ ဧရာမဆင်ကြီးတစ်ကောင်၏ပုံရိပ်ပင်ဖြစ်သည်။ ဆင်ကြီးသည် လှည့်ပတ်နေသောရေဝဲထဲတွင် အော်ဟစ်နေသည်။

နှစ်နာရီခန့်ကြာသောအခါ ဖန်လင်းသည် သူ့ကိုယ်ပိုင်လေးခုမြောက်ဒီရေစီးကြောင်းရေဝဲတစ်ခုဖြင့် အမီလိုက်လာသည်။ စုန့်ချွဲနှင့် ကျုံးတာအိုတို့မှာမူ သူတို့၏ တတိယမြောက်ဒီရေစီးကြောင်းများကိုလက်စသတ်နေကြသည်။ နောက်ထပ်နှစ်နာရီခန့်ကြာပြီးနောက် သူတို့၏စတုတ္ထမြောက်ဒီရေစီးကြောင်းများကို စတင်လိုက်ကြသည်။

စုန့်ချွဲသည် တစ်ယောက်တည်းရင်သပ်ရှုမောဖွယ်အလုပ်တစ်ခုကိုဆောင်ရွက်နေသည်။ သူ၏စတုတ္ထမြောက်ဒီရေစီးကြောင်း၏ရေဝဲထဲတွင် ကြီးမားလှသောမျက်နှာကြီးတစ်ခုကိုမြင်တွေ့နေရသည်။ ထိုမျက်နှာ၏ နဖူးပေါ်တွင်သွေးရောင်လွမ်းနေသော လတစ်စင်းရှိလေသည်။ သူ၏မြေစီးကြောင်းစွမ်းအင်များကိုစုပ်ယူနှုန်းသည် အခြားသူများထက်သိသိသာသာပိုမြန်လာလေသည်။

“စုန့်ချွဲဟာ စတုတ္ထဒီရေစီးကြောင်းကိုစတင်နေပြီ။ မြေစီးကြောင်းစွမ်းအင်တွေကို သူစုပ်ယူနေတဲ့နှုန်းဟာ မယုံနိုင်စရာပဲ။ ကြောက်မက်ဖွယ်ရာကောင်းတယ်။”

“ချီးပဲ… အတူမဲ့သခင်လိုမျိုး သူလည်းတစ်ပုံစံတည်းလုပ်တော့မှာလား။ သူဟာမြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ရဲ့အထွတ်အထိပ်ကို ဒီရေစီးကြောင်း ကိုးခုနဲ့ရောက်တော့မှာလား။”

“မကောင်းတော့ဘူး။ တစ်ယောက်ယောက်သာ ဒီရေစီးကြောင်းရှစ်ခုထိရောက်သွားရင် သူတို့က မြေစီးကြောင်းစွမ်းအင်အများအပြားကိုစုပ်ယူကြလို့ တခြားသူတွေအားလုံးအတွက် အောင်မြင်ဖို့ခက်ခဲသွားလိမ့်မယ်။ ငါလည်းမြေစီးကြောင်းစွမ်းအင်တွေကို တတ်နိုင်သမျှမြန်မြန်စုပ်ယူရလိမ့်မယ်။”

ဂိုဏ်းသားအားလုံး၏ရင်ထဲတွင် စိုးရိမ်ကြောင့်ကြမှုများပြည့်နှက်နေသည်။ ယခုဆိုလျှင် ပိုင်ရှောင်ချန်းတစ်ယောက် အခြေခိုင်မာခြင်းအဆင့်ကိုကျင့်ကြံနေသည်မှာ နာရီနှစ်ဆယ်ပြည့်သွားပြီဖြစ်သည်။ ထိုအချိန်တွင် ရုတ်တရက်ဆိုသလို ပဥ္စမမြောက်လေဆင်နှာမောင်းသည် ကောင်းကင်ပေါ်သို့ထိုးတက်လာလေ၏။

ဝုန်း….။

ထိုလေဆင်နှာမောင်းသည် တဖြည်းဖြည်းကြီးလာသည်နှင့် ရေဝဲတစ်ခုဖြစ်လာကာ ရေဝဲ၏အောက်ခြေတွင် အနက်ရောင်မြူခိုးမြူငွေ့များစုဝေးနေလေသည်။ ဝိညာဥ်စွယ်ပင် ထိုမြူခိုးထဲ၌ ရှိနေသည်။

ကောင်းကင်ပေါ်တွင်ရေဝဲငါးခုလှည့်ပတ်နေသည်ကို မောကြည့်မိသည့်ဂိုဏ်းသားတိုင်း လည်ဆန့်သွားစေသည်။ အချိန်များကုန်လွန်သွားပြီး မကြာမီတွင်ဝိညာဥ်စွယ်သည် ပထမနှင့်ဒုတိယဒီရေစီးကြောင်းများကို ပြီးဆုံးသွားလေ၏။ သူ၏တတိယမြောက်ဒီရေစီးကြောင်းရေဝဲပေါ်ထွက်လာသောအခါ သူ၏ကိုယ်ပိုင်သင်္ကေတဖြစ်သော တောင်သရဲကြီး၏ပုံပေါ်ထွက်လာလေသည်။

“ဝိညာဥ်စွယ်ပဲကွ… စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကဝိညာဥ်စွယ်ပဲကွ…”

“သူက နတ်ဘုရားမှော်ပညာရပ်ကို ကျင့်ကြံနေတာအသိသာကြီးပဲ။”

“ပိုင်ရှောင်ချန်း… ဖန်လင်း… စုန့်ချွဲ… ကျုံးတာအို.. ဝိညာဥ်စွယ်…”

ယခုအချိန်ထိ လူမဆန်သောကျင့်ကြံသူငါးယောက်သည် ဂိုဏ်းကြီးလေးဂိုဏ်း၏ကျင့်ကြံသူလူအုပ်စုထဲမှ ပေါ်ထွက်လာခဲ့သည်။ ထိုငါးယောက်သည် အခြေခိုင်မာခြင်းကိုရောက်ရှိကြမည့် ပထမဆုံးသောလူအုပ်ဖြစ်လေသည်။

ထိုအထဲတွင် ပိုင်ရှောင်ချန်းကရှေ့ဆုံးမှဦးဆောင်နေသည်။ သူ၏စတုတ္ထမြောက်ဒီရေစီးကြောင်းသည် တစ်ဝက်ခန့်ပြီးစီးနေပြီဖြစ်သည်။ သူ့နောက်တွင်ကား ဖန်လင်း။ ဖန်လင်းသည် ပိုင်ရှောင်ချန်း၏နောက် နှစ်နာရီခန့်နောက်ကျပြီးကပ်လိုက်လာသည်။ စုန့်ချွဲနှင့် ကျုံးတာအို တို့သည်ကား ပိုင်ရှောင်ချန်း၏နောက် လေးနာရီခန့်နောက်ကျသည်။

နောက်ဆုံးနေရာတွင်ရှိနေသူကား နာရီနှစ်ဆယ်ခန့်နောက်ကျနေပြီဖြစ်သောဝိညာဥ်စွယ်ပင်ဖြစ်သည်။

လက်ရှိတွင် ပိုင်ရှောင်ချန်း၏စတုတ္ထမြောက်ဝဲကတော့သည် အလျင်အမြန်လှည့်ပတ်နေကာ မြေစီးကြောင်းစွမ်းအင်ပမာဏအမြောက်အများကိုစုပ်ယူနေသည်။ ဆင်ကြီး၏အစွမ်းသည် သူ၏အသွေးအသားခန္ဓာကိုယ်ကို သေမင်း၏အတားအဆီးငါးခုမှ ပထမတစ်ခုသို့ရောက်အောင် မနားမနေတွန်းပို့နေသည်။

အစွမ်းများပေါက်ကွဲထွက်လာတိုင်း သူ၏ခန္ဓာကိုယ်သည် သိသိသာသာတုန်လှုပ်သွားလေ၏။ သူသည် ပထမအတားအဆီးနှင့်ရင်ဆိုင်တွေ့နိုင်အောင် နဂါးလိုဆင်လို အဏ္ဏဝါကျမ်းကိုကျင့်ကြံပြီးဖြစ်သည်။ သို့သော် ယခုအခါတွင် သူ၏ထာဝရအသက်ရှည်နည်းပညာရပ်ကြောင့် ပထမအတားအဆီးနှင့်ရင်ဆိုင်တွေ့နိုင်ရုံတင်မကပဲ ထိုးဖောက်နိုင်နေပြီဖြစ်သည်။

သူသည် ပထမအတားအဆီးကိုထိုးဖောက်တော့လုဆဲဆဲဖြစ်နေသည်။

“ဆင်ကြီးနဲ့ မြေစီးကြောင်းစွမ်းအင်တို့ရဲ့ခွန်အားကိုအသုံးပြုပြီးတော့ စတုတ္ထဒီရေစီးကြောင်းဖြစ်ပေါ်နေစဥ်အတွင်းမှာ ငါက ပထမအတားအဆီးကို ထိုးဖောက်နိုင်တော့မယ်။” ကြက်သွေးရောင်တောက်နေသောမျက်လုံးများဖြင့် သူကတစ်ချက်အော်လိုက်ကာ စွမ်းအားများကိုတဖန်ထုတ်လွှတ်လိုက်လေသည်။

အတားအဆီးမှအဆက်မပြတ်တွန်းထုတ်ခံရသည်နှင့်အတူ မိုးခြိမ်းသံကဲ့သို့လဲကျသံများ သူ့စိတ်ထဲတွင်ပဲ့တင်ထပ်ကြားနေရလေသည်။ သူ၏ခန္ဓာကိုယ်သည်ပြိုကျပျက်စီးလုဆဲဆဲဖြစ်နေသော်လည်း သူသည်တောင့်ခံထားလေ၏။ နောက်ထပ်နာရီအနည်းငယ်မျှကုန်လွန်သွားပြီးနောက် စတုတ္ထမြောက်ဒီရေစီးကြောင်းပြီးဆုံးရန်ရှစ်နာရီခန့်သာကျန်ရှိလေတော့သည်။ ယခုအချိန်ဆိုလျှင် များပြားလှသောဒီရေစီးကြောင်းစွမ်းအားများသည် သူ၏ခန္ဓာကိုယ်ထဲမှနေ၍ အပြင်သို့ပေါက်ကွဲထွက်နေပေတော့မည်။

ဘုန်း…။

သူ၏ပါးစပ်ထောင့်များမှသွေးများယိုစီးကျလာကာ သူ၏အရေပြားပေါ်တွင်အက်ကြောင်းများနေရာအနှံ့ပေါ်ထွက်လာလေသည်။ ပထမအတားအဆီးကိုထိုးဖောက်ရန်ပထမဆုံးတိုက်ခိုက်ခြင်းသည် ထင်မှတ်ထားသည်ထက်ပင် ပို၍ခက်ခဲနေပေသည်။ ဒီရေစီးကြောင်းအသွင်ဖြင့်မြေစီးကြောင်းစွမ်းအင်များကိုယူသုံးလိုက်သော်လည်း အတားအဆီးကိုမချိုးဖောက်နိုင်သေးပေ။ ထောင်ပေါင်းများစွာထိုးဖောက်ရန်ကြိုးစားခဲ့ပြီးသည့်တိုင်အောင် မအောင်မြင်နိုင်သေးပဲရှိနေသည်။

သေမင်း၏ပထမအတားအဆီးကိုထိုးဖောက်ရန်အတွက် မြေစီးကြောင်းစွမ်းအင်ကိုအသုံးပြုသည်ဆိုသည်မှာ မည်သူမှမကြားဖူးကြပေ။ တကယ်တော့ ပိုင်ရှောင်ချန်းမှလွဲ၍ ဘယ်သူမှထိုသို့ပြုလုပ်ရန်ကြိုးစားမကြည့်ဖူးကြသေးပေ။

“ငါ သေချာပေါက်ထိုးဖောက်နိုင်တယ်…” သူကတွေးလိုက်သည်။ အံကိုကြိတ်လျက် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး မြေစီးကြောင်းစွမ်းအင်များကိုထပ်မံစုပ်ယူလိုက်သည်။ သူသည် ထိုစွမ်းအင်များကို အတားအဆီးအားဖောက်ခွဲရန်အတွက် အသုံးမပြုတော့ဘဲ ခန္ဓာကိုယ်တွင်းတွင် စတင်တည်ဆောက်လိုက်သည်။

ရှစ်နာရီခန့်ကြာသောအခါ စတုတ္ထမြောက်ဒီရေစီးကြောင်းသည် ပြီးဆုံးလုနီးပါးဖြစ်နေပြီဖြစ်သည်။ ပိုင်ရှောင်ချန်း၏မျက်လုံးများသည် လျှပ်စီးရောင်ကဲ့သို့ဝင်းလက်တောက်ပနေသည်။

” ဖြတ်ကျော်လိုက်စမ်း… လာစမ်းပါ… ဖြတ် ကျော်လိုက်စမ်းပါ…”

ကြုံးဝါးလျက် လွန်ခဲ့သောရှစ်နာရီလုံးလုံးတည်ဆောက်ထားခဲ့သောဒီရေစီးကြောင်းကိုထုတ်လွှတ်လိုက်သည်။ ကြီးမားသောတဝုန်းဝုန်းမြည်သံများပဲ့တင်ထပ်သွားကာ ဒီရေစီးကြောင်းသည်ဧရာမမောင်းတံကြီးတစ်ခုကဲ့သို့ပြောင်းလဲသွားလေသည်။ သူ၏ခန္ဓာကိုယ်သည်နံရံကြီးတစ်ခုဖြစ်သွားကာ ဧရာမမောင်းတံကြီးကအဆက်မပြတ်ထုရိုက်နေလေသည်။

တစ်ကြိမ်… နှစ်ကြိမ်… သုံးကြိမ်…။ တစ်ခေါက်ပြီးတစ်ခေါက်အဆက်မပြတ်ထုရိုက်နေလေသည်။ မကြာမီတွင် နံရံကြီးအနှံ့အက်ကွဲကြောင်းများပေါ်ထွက်လာပြီး စတုတ္ထမြောက်ဒီရေစီးကြောင်း၏စွမ်းအားက နံရံကြီးကိုဖြိုချပစ်လိုက်လေသည်။ အက်ကွဲသံများလေထဲတွင်ပျံ့လွင့်နေပြီး တစ်ချိန်တည်းမှာပင် ပိုင်ရှောင်ချန်းသည်သိသိသာသာလှုပ်ခါသွားလေ၏။ ရုတ်တရက်ဆိုသလို ကြီးမားသောတောင်ကြီးငါးလုံးခန့်သူ့ပခုံးပေါ်ထမ်းထားရသကဲ့သို့ ခံစားလိုက်ရလေသည်။

ထိုတောင်ငါးလုံးသည် သူ၏ကိုယ်တွင်းမှစတင်ဖြစ်ပေါ်လာခဲ့သော်လည်း သူ၏ခန္ဓာကိုယ်ထက်ပို၍မြင့်မားသွားလေ၏။ ထိုတောင်ငါးလုံးမှ ပြင်းထန်သောဖိအားများထုတ်လွှတ်လေရာ သူသည်အလွန်အံ့အားသင့်သွားပြီး ယခုအကြိမ်မှသာ ထိုဖိအားများကိုရှင်းရှင်းလင်းလင်းခံစားသိရခြင်းဖြစ်သည်။

သူသည်ရုတ်တရက် သူ့ကိုယ်ပေါ်သို့ကျရောက်နေသောဖိအားကိုဖယ်ရှားပစ်ရန် ထိုတောင်ငါးလုံးကိုဖျက်ဆီးပစ်ဖို့ဆန္ဒရှိလာလေသည်။

“ဒီတောင်ငါးလုံးဟာသေဆုံးခြင်းရဲ့အတားအဆီးငါးခုပဲ…” ကြုံးဝါးလျက် ကောင်းကင်ကိုလှုပ်ခါပြီးမြေကြီးကိုအစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားစေနိုင်သောစွမ်းအင်များကို တောင်ငါးလုံးထဲမှပထမဆုံးတောင်သို့ပို့လွှတ်လိုက်လေ၏။ ပြင်းထန်သောထုရိုက်မှုအောက်တွင် အတားအဆီးသည်ချက်ချင်းပြိုကျပျက်စီးသွားလေ၏။

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ပါးစပ်မှသွေးများပန်းထွက်လာလေသည်။ သူ၏ချီစွမ်းအင်လမ်းကြောင်းများ၊ သူ၏အသွေးအသားနှင့် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးလည်းပြိုလဲကျသွားပြီး ချက်ချင်းပင်ပြန်လည်ဖြစ်ပေါ်လာလေသည်။

သာမန်လူသားကမ္ဘာမှအရာအားလုံးထက်သာလွန်သော အခိုးအငွေ့တစ်ခုသူ၏ခန္ဓာကိုယ်မှဖြန့်ကျက်စပြုလာလေရာ ပိုင်ရှောင်ချန်းသည်တဆတ်ဆတ်တုန်နေလေသည်။ ထိုအခိုးအငွေ့သည် သူ၏အသွေးအသားထဲတွင်ရှင်သန်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးပြည့်နှက်နေကာ ကမ္ဘာကြီးတစ်ခုလုံးကိုရုတ်ချည်းလုံးဝမတူကွဲပြားစွာမြင်မိစေသည်။

အရောင်များကိုပိုမိုကွဲပြားစွာမြင်နေရပြီး ပို၍စိုပြည်လာလေသည်။ တချိန်တည်းမှာပင် သူသည်ပို၍ပေါ့ပါးလွတ်လပ်သွားသလိုခံစားလိုက်ရသည်။

စောစောတုန်းက သူသည်တောင်ကြီးငါးလုံးကိုပုခုံးပေါ်တွင်ထမ်းထားရသည်။ ယခုမှာမူ တောင်တစ်လုံးသည် ပြိုကျပျက်စီးသွားလေပြီ။

သူသည် သေမင်း၏ပထမဆုံးအတားအဆီးကိုချိုးဖောက်နိုင်ခဲ့လေပြီ။

ထိုသို့ချိုးဖောက်နိုင်လိုက်သည်နှင့် သူ၏အသွေးအသားခန္ဓာကိုယ်စွမ်းအားသည် အားပြင်းစွာပေါ်ထွက်လာလေသည်။ သူသည်ချက်ချင်းဆိုသလို ချီစွမ်းအင်စုစည်းမှုကျင့်ကြံသူများ၏ အသွေးအသားခန္ဓာကိုယ်အကန့်အသတ်ကိုကျော်လွန်သွားပြီး အခြေခိုင်မာခြင်းအဆင့်ထဲသို့ဝင်ရောက်လာလေသည်။

သူ၏အသွေးနှင့်အသား၊ သူ၏ချီစွမ်းအင်လမ်းကြောင်းများ၊ သူ၏အရိုးများ အားလုံးသည် လူသားဖြစ်ခြင်းကိုကျော်လွန်သွားပြီဖြစ်သည်။

သူသည် ခေါင်းကိုနောက်မော့လိုက်ပြီး ရှည်လျားစွာ အော်မြည်လိုက်သည်။ ရေကန်ထဲတွင်လှိုင်းများထသွားပြီး ကောင်းကင်ပေါ်ရှိစတုတ္ထမြောက်ရေဗွေသည် ငြိမ်သက်သွားလေ၏။ မိနစ်အနည်းငယ်မျှကြာသောအခါ ပဥ္စမမြောက်ရေဝဲတစ်ခုပေါ်ထွက်လာလေသည်။

ထိုပဥ္စမမြောက်ရေဝဲထဲတွင်ရှိနေသည်ကား ပြိုကျပျက်စီးနေသောတောင်တစ်လုံးဖြစ်သည်။

ပဥ္စမမြောက်ဒီရေစီးကြောင်းသည် နဂါးလိုဆင်လိုအဏ္ဏဝါကျမ်းကြောင့်ဖြစ်ပေါ်လာသည်မဟုတ်ပေ။ ဤတောင်သည် ထိုကျမ်းနှင့်ဘာမှမဆိုင်။ ဤတောင်သည် သေမင်း၏ပထမအတားအဆီးကို ပိုင်ရှောင်ချန်းချိုးဖောက်နိုင်သွားသောကြောင့် အလိုအလျောက်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထိုအချိန်တွင် ဖန်လင်း၊ စုန့်ချွဲနှင့် ကျုံးတာအို တို့အားလုံး စတုတ္ထမြောက်ဒီရေစီးကြောင်း၏အဆုံးသတ်သို့ရောက်ရှိနေကြပြီဖြစ်သည်။ တချိန်တည်းမှာပင် ဝိညာဥ်စွယ်သည် သူ၏တတိယမြောက်ဒီရေစီးကြောင်းကိုပြီးဆုံးသွားပြီဖြစ်သည်။

ထိုအချိန်အတောအတွင်းတွင် ဂိုဏ်းကြီးလေးဂိုဏ်း၏ အခြားဂိုဏ်းသားများသည် တစ်နာရီပြီးတစ်နာရီ အပြင်းအထန်တိုက်ခိုက်ပြီးကြလေပြီ။ ထိုသို့တိုက်ခိုက်ကြပြီးနောက် ဒုတိယမြောက်ဂိုဏ်းသားအုပ်စုသည် မြေစီးကြောင်းဆွဲငင်သလင်းကျောက်များစတင်ပြုလုပ်နေကြလေ၏။

ဒုတိယအုပ်စုတွင် ရှေ့ဆုံးမှဦးဆောင်နေသူမှာ ရှန်ကွမ်းထျန်ယုံဖြစ်သည်။ တချိန်တည်းမှာပင် ရွှီရှောင်ရှန်း၏ရေဝဲသည်လည်း မိုးကောင်းကင်ပေါ်တွင် ပေါ်ထွက်လာလေ၏။

ရွှီရှောင်ရှန်း၏နောက်တွင်ကား မြေခဓားကမ္ဘာတွင်အောင်မြင်ပြီးလူသိနည်းသောပေဟန်လီဖြစ်သည်။

နောက်ဆုံးသည်ကား ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှကျောက်ရုန်ပင်ဖြစ်သည်။

သူမသည်တောင်ကြားတစ်ခုထဲတွင် တင်ပျဥ်ခွေလျက်ထိုင်နေသည်။ သူမ၏ရှေ့တွင်ရပ်လျက်အကာအကွယ်ပေးနေသူမှာ ကုန်းစွန်းဝမ်အာဖြစ်သည်။ ကုန်းစွမ်းဝမ်အာ၏မျက်နှာမှ သွေးများတစက်စက်ကျနေသည်။ ထိတ်လန့်တုန်လှုပ်စရာကောင်းသည်မှာ ကုန်စွန်းဝမ်အာတွင် သက်စောင့်အား မကျန်ရှိတော့ပေ။

သူမသည်သေဆုံးခဲ့ပြီဖြစ်သော်လည်း သူမ၏အလောင်းသည်လှုပ်ရှား၍ရနေသေးသည်။ သူမ၏ခန္ဓာကိုယ်သည် အနည်းငယ်တောင့်တင်းနေကာ အဆိပ်ငွေ့များသည် သူမ၏ကိုယ်တွင်းမှတိုးထွက်လာနေသည်။ ထို့အပြင် မရေမတွက်နိုင်အောင်များပြားလှသော အဆိပ်ရှိသည့်ကင်းခြေများများသည် သူမ၏မျက်လုံးများ၊ နားများ၊ နှာခေါင်းနှင့် ပါးစပ်ပေါက်တို့မှ တွန့်လိမ်၍လူးလာဝင်ထွက်နေကြသည်။ အကယ်၍ အလွန်အစွမ်းရှိသောပညာရှင်တစ်ယောက်သာဆိုလျှင်မူ ကုန်းစွန်းဝမ်အာ၏ဦးနှောက်သည်သေဆုံးသွားပြီဖြစ်ကာ သူမ၏ဦးခေါင်းထဲတွင် လူမျက်နှာရှိသောပင့်ကူတစ်ကောင်ဝင်ရောက်နေပြီး သူမ၏အလောင်းကိုထိန်းချုပ်နေခြင်းဖြစ်ကြောင်း ပြောနိုင်ပေလိမ့်မည်။

ကုန်းစွန်းဝမ်အာသည် အဆိပ်ကောင်အဖြစ်သို့ အပြောင်းခံထားရသည်။

“ကုန်းစွန်းဝမ်အာ… မင်းက ငါဖန်တီးဖူးတဲ့ပထမဆုံးအဆိပ်ကောင်ပဲ။ စိတ်မပူပါနဲ့… မကြာခင်မှာ မင်းရဲ့အကိုကို ဒုတိယမြောက်အဆိပ်ကောင်အဖြစ် ငါပြောင်းလဲပေးပါ့မယ်။” ကြောက်မက်ဖွယ် မုန်းတီးနေသောမျက်လုံးများဖြင့် ကျောက်ရုန်သည်တရားကျင့်နေလိုက်ရာ သူမ၏အပေါ်ရှိရေဝဲသည် တဝုန်းဝုန်းမြည်လျက်လှုပ်ခတ်နေလေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset