အခန်း (၄) : ဒီလျို့ဝှက်ကျင့်စဉ်ကို မသင်ယူခင် အသင်ဟာ အသင့်ဘာသာ သင်းကွပ်ပစ်ရန် လိုသည်
ရှန်ထျန်းက သက်ပြင်းချကာ မေးလိုက်သည်။
“ဘာများရှိနေတာလဲ”
“အရှင့်သား… ဒီကို တစ်ချက် ကြည့်ကြည့်ပါဦး”
ကွေ့ကုန်းကုန်းက စာအုပ်၏ နောက်ဆုံးစာမျက်နှာအထိ လှန်ကာ မျက်နှာဖုံးကို ဆွဲဖြဲပစ်လိုက်သည်။ သူ့အတွင်းအားကို သုံးလိုက်သည့်အခါ မျက်နှာဖုံးမှာ နှစ်ခြမ်းကွဲသွားပြီး အထဲမှ ပစ္စည်းတစ်ခု ထွက်လာသည်။
လက်တဖဝါးအရွယ်ရှိ ဖဲသားစလေးနှင့် ရစ်ပတ်ထုပ်ပိုးထားသော ကျောက်စိမ်းပြားလေး တစ်ခု ဖြစ်နေ၏။ ထိုကျောက်စိမ်းပြားမှ အလင်းတန်းတို့ လင်းလက်ဖြာကျနေသည်။
“ဒီဟာက တကယ့်ကို ထူးခြားတာပဲ။ ကြည့်ရတာ ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်း ဆင်းသက်လာတဲ့ ကျင့်စဉ်တွေကို မှတ်တမ်းတင်ထားတဲ့ ကျောက်စိမ်းပြား ဖြစ်မယ် ထင်တယ်”
ကွေ့ကုန်းကုန်းက အထဲက အကြောင်းအရာတွေကို မဖတ်ပေ။ သူက ပစ္စည်းကို ရှန်ထျန်းအား ပေးလိုက်ရင်း ပြောလိုက်သည်။
“အရှင့်သား… ဒါက အရှင့်သားအပိုင်ပါ… ကြည့်ကြည့်လိုက်ပါဦး”
ရှန်ထျန်းက ရင်တဖိုဖိုနှင့် စိတ်လှုပ်ရှားလာမိသည်။ သူက ပစ္စည်းကို စားပွဲပေါ်တင်ကာ ဖဲသားစကို ဖယ်လိုက်ပြီး ကျောက်စိမ်းပြားအား စတင်ဖတ်ကြည့်လိုက်သည်။
ဘယ်ဘက်အပေါ်ထောင့်တွင် “ဟရူးဂါ နတ်ဆိုးကျမ်း” ဆိုသည့် စာလုံးကြီးလေးလုံးကို ပြူးနေအောင် ရေးသားထားသည်။
ထိုစာလုံးကြီးများနောက်တွင် ရေးသားထားသော အနီတောက်တောက် လင်းနေသည့် စာလုံးအသေးလေးများမှာ “ဒီလျို့ဝှက်ကျင့်စဉ်ကို မသင်ယူခင် အသင်ဟာ အသင့်ဘာသာ သင်းကွပ်ပစ်ရန် လိုသည်” ဟူ၍ ဖြစ်သည်။
ထိုစာလုံးများကို ဖတ်လိုက်ရသောအခါ ရှန်ထျန်းတစ်ယောက် လွှတ်ချမိတော့မတတ်ဖြစ်သွားသည်။
လခွမ်း… ဘာကြီးလဲဟ…
ဒါကြီးက ငါ သုံးရက်ဆက်တိုက် ရှာနေခဲ့တဲ့ဟာလား… စိတ်လေချက်…
ဟူး… စိတ်လျှော့… ငါလေး စိတ်လျှော့ဖို့ လိုတယ်…
ရှန်ထျန်းက သူ့ဘာသာသူ စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
ပြောမရဘူး… အခုချိန်လောက်ဆို ငါလေး ခေါင်းပေါ်မှာ ကံကောင်းခြင်းတွေ ရောက်ရင် ရောက်နေမှာ…
သူက အိတ်ကပ်ထဲမှ ကြေးမုံကို ထုတ်ကာ ကြည့်လိုက်သောအခါ…
ခလွမ်း…
ကြေးမုံက လက်ထဲမှ လွတ်ကျသွားကာ ကြမ်းပြင်ပေါ်တွင် တစ်စစီ ကွဲကြေပျံ့ကြဲသွားလေသည်။
ကွေ့ကုန်းကုန်းက စိုးရိမ်တကြီး မေးလိုက်သည်။
“စာအုပ်က ဘာများဖြစ်နေလို့လဲ အရှင့်သား”
ရှန်ထျန်းက မည်းမှောင်ပုပ်သိုးနေသည့် မျက်နှာနှင့် ပြောလိုက်သည်။
“ဦးလေးဘာသာ လာကြည့်ကြည့်လေ”
ကွေ့ကုန်းကုန်းက အသည်းအသန် ခေါင်းယမ်းကာ
“ဒါက အရှင့်သား အပိုင်လေ… ကျွန်တော်မျိုး ကြည့်ဖို့ မသင့်တော်ပါဘူး”
“ဒါက ဦးလေးအတွက်ပဲ… ကျွန်တော့်အတွက် မဟုတ်ဘူး”
ရှန်ထျန်းက ကွေ့ကုန်းကုန်းကို စားပွဲဆီသို့ ဆွဲခေါ်လိုက်သည်။
“ဟရူးဂါ နတ်ဆိုးကျမ်း”
ကွေ့ကုန်းကုန်းက စာကို ဖတ်ပြီးသည့်နောက် အံ့အားသင့်သွားလေသည်။
“ဒါ… ဒါက နတ်ဆိုး ဟရူးဂါရဲ့ ကျင့်စဉ်စာအုပ်ပါလား… ဟိုအရင်တုန်းက အရှေ့ပိုင်းလွင်ပြင်မှာ သူက ပြိုင်ဖက်ကင်းပဲ”
“နတ်ဆိုး ဟရူးဂါ ဟုတ်လား”
ရှန်ထျန်းက နားမလည်သဖြင့် မေးလိုက်သည်။
“ဦးလေး ဒီလူ့အကြောင်းကို အရင်က ကြားဖူးတယ်လား”
“ကျွန်တော်မျိုး သူ့အကြောင်းကို ရှေးဟောင်းစာအုပ် တစ်အုပ်ထဲမှာ ဖတ်ဖူးတာပါ အရှင့်သား… နတ်ဆိုး ဟရူးဂါဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ တုန်းက အရက်စက် အဆိုးသွမ်းဆုံး လူတစ်ယောက်ပါ”
ကွေ့ကုန်းကုန်းက ပြန်စဉ်းစားကာ ပြောပြလိုက်သည်။
“နတ်ဆိုးဟရူးဂါက အရှေ့ပိုင်းလွင်ပြင် ခွန်းတိုင်းပြည်ထဲက သာမန်ကုန်းကုန်းတစ်ယောက်ပါ။ သူ့ရဲ့ တော်ဝင်အဆင့်အတန်းက နိမ့်ကျတဲ့အပြင် သူက ကျင့်ကြံရေးမှာလည်း အခြေခံပါရမီ မကောင်းပြန်ဘူး။
ဒါပေမဲ့ သူက ကံအရမ်းကောင်းတယ်… ပျောက်ဆုံးနေတဲ့ တော်ဝင်နေမင်းကျမ်းကို တော်ဝင်စာကြည့်တိုက်ထဲကနေ ရှာတွေ့သွားခဲ့တယ်လေ…
ပျောက်နေတဲ့အပိုင်းတွေက အရမ်းများပြီး အဓိကကျတဲ့လမ်းညွှန်ပါ စာအုပ်ထဲမှာ ပါမလာတော့ သင်ယူဖို့အတွက် မဖြစ်နိုင်ဘူး ဖြစ်နေလေရဲ့…
တကယ်လို့ သာမန်လူတစ်ယောက်ကသာ အတင်းအကျပ် လေ့လာသင်ယူဖို့ ကြိုးစားခဲ့မယ်ဆိုရင် လောဘတက်ပြီး စိတ်တွင်းနတ်ဆိုး ပြုစားခံရလို့ အသက်ဆုံးရှုံးသွားမှာ အသေအချာပဲ…
ဒါပေမဲ့… နတ်ဆိုးဟရူးဂါက ကံကော လုံ့လဝီရိယကော ကောင်းတယ်…
သူက သူ့ကိုယ်သူ စမ်းသပ်ခံအဖြစ် အသုံးချတယ်… တော်ဝင်နေမင်းကျမ်းထဲကို တခြားနတ်ဆိုးပညာရပ် အများကြီးကို ပေါင်းထည့်တယ်… နောက်ဆုံးမှာတော့ အသစ်စက်စက် နတ်ဆိုးကျမ်းတစ်ခုကို တီထွင်နိုင်သွားတယ်…
နောက်ပိုင်းကျ အဲ့ဒီကျမ်းကို နတ်ဆိုးဟရူးဂါကျမ်းလို့ နာမည်ပေးလိုက်ကြတယ်။ အဲ့ဒါက အရမ်းကို ရက်စက်တယ်… သေစေနိုင်လောက်တယ်…ပြိုင်ဖက်ကင်းလောက်အောင်ကို မြန်တဲ့ တိုက်ခိုက်နှုန်းရှိတယ်… အဲ့ဒါအပြင် တစ်ဖက်လူရဲ့ စိတ်ဆန္ဒတွေနဲ့ အတွင်းနတ်ဆိုးတွေကို နိုးထလာအောင် လုပ်ယူနိုင်စွမ်း ရှိတယ်။
တစ်ဖက်လူက စိတ်လွတ်သွားတဲ့အချိန်မှာ ဒီနတ်ဆိုးကျမ်းအသုံးပြုသူက သေကွက်ထုတ်သုံးလိုက်ရုံပဲ… ဒီကျမ်းက အဲ့ဒီခေတ်ကာလတုန်းက အရက်စက်ဆုံး နတ်ဆိုးကျမ်းတစ်ခု ဖြစ်ခဲ့တယ်။
ပိုပြီး အရေးကြီးတာက… ဒီကျင့်ကြံစဉ်ကို ကျင့်ဖို့ဆိုရင် ကျင့်ကြံရေးအခြေခံအတွက် လိုအပ်ချက်တွေက အရမ်းကို နိမ့်တယ်… ပြီးတော့ မြန်မြန်ဆန်ဆန်လည်း သင်ယူတတ်မြောက်နိုင်တယ် … ပြောရမယ်ဆိုရင် ပါရမီနည်းတဲ့သူတွေတောင် မြန်မြန်ဆန်ဆန်နဲ့ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်တာမျိုး…
နတ်ဆိုးဟရူးဂါက ဒီနတ်ဆိုးကျမ်း တစ်ခုတည်းကိုပဲ သုံးပြီးတော့ နှစ်(၅၀)တည်းနဲ့ ကနဦးစိတ်ဝိညာဉ်အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့တယ်။
သူနဲ့ အဆင့်တူတွေက သူ့ကို ရိုသေလေးစားကြရတယ်။ ဘယ်သူကမှ သူ့ကို အာမခံရဲကြဘူး။
နှစ်(၅၀)ဆိုတာ တချို့လူတွေအတွက် အရမ်းကိုကြာတယ်လို့ ထင်နိုင်စရာ ရှိတယ်။ ဒါပေမဲ့… ထာဝရရှင်သန်ခြင်းကို ရှာဖွေနေသူတွေအတွက်တော့ နှစ်(၅၀)ဟာ အင်မတန် တိုတောင်းလွန်းတယ်လေ။
တော်ဝင်နေမင်းကျမ်း အပြည့်အစုံကို ကျင့်ကြံမယ်ဆိုရင်တောင် နှစ်(၅၀)တည်းနဲ့ ကနဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်ဖို့ဆိုတာ ရှားပါးပါရမီရှင်တွေမှပဲ စွမ်းဆောင်နိုင်မှာမျိုး…
ဒါပေမဲ့ နတ်ဆိုးဟရူးဂါမှာ အဲ့လိုရှားပါးပါရမီ မရှိဘူး။ ဒါကြောင့်မလို့ကိုပဲ ဒီကျင့်ကြံစဉ်က တမူထူးခြားတဲ့ ရှားပါးကျင့်စဉ်တစ်ခု ဖြစ်နေရတာပေါ့”
…………………
“အရှင့်သား… ဒါက ရှားပါးအံ့ဖွယ် ကျင့်စဉ်ရဲ့ အမွေအနှစ်ပဲ…
ဒါက တော်ဝင်ကျမ်းမဟုတ်ပေမဲ့ ကျင့်ကြံရေးမှာ ပါရမီမပါတဲ့ လူတွေအတွက်တော့ ဒါက တော်ဝင်ကျမ်းထက်တောင် ပိုပြီး အဖိုးတန်ပါတယ်…
အရှင့်သားလေး ဘဝမှာ တစ်ခါတော့ ကံကောင်းဖူးသွားပြီ။ ဒီသာမန်စာအုပ်ထဲမှာ ဒီလို ပြိုင်ဖက်ကင်းနတ်ဆိုးကျမ်း ရှိနေမယ်လို့ ဘယ်သူကများ တွေးမိမှာလဲ… သခင်မသာသိရင် အရှင့်သားအတွက် အရမ်းကို ပျော်သွားရှာမှာ”
ကွေ့ကုန်းကုန်းက ဖဲသားစကို ထိကိုင်ရင်း စိတ်တွေလှုပ်ရှားလာသည်။
ကုန်းကုန်းတွေကြားထဲတွင် နတ်ဆိုးဟရူးဂါမှာ ဒဏ္ဍာရီတစ်ခုလိုပင် ဖြစ်နေသည်။ ကုန်းကုန်းတိုင်းက ဒီဟရူးဂါနတ်ဆိုးကျမ်းကို ပိုင်ဆိုင်ဖို့ရန်အတွက် စိတ်ကူးယဉ်နေကြသည်သာ… သူတို့က နတ်ဆိုးကျမ်းကို တော်ဝင်ကျမ်းအစစ်နှင့်တောင် မလဲနိုင်ပေ။
ဒီဟရူးဂါနတ်ဆိုးကျမ်းက ဘယ်လောက်အစွမ်းထက်မှန်း သိလိုက်ရသောအခါ ရှန်ထျန်းမှာ စိတ်မသက်မသာ ခံစားလိုက်ရသည်။
ဘာဖြစ်လို့ ဒီစာအုပ်က ငါ့အတွက် မဟုတ်ရတာလဲ… ဟုတ်တယ်… ငါ့အမေက ငါ့အတွက် ပျော်သွားမယ်…
ဟုတ်တယ်… ငါလေး တစ်ခါလောက် ကံကောင်းဖူးသွားတယ်…
လခွမ်း… ချီးပဲ… အခုထိ ငါလေးက ကံဆိုးနေတုန်းကြီးကို…
…………………
“ဒါက အဲ့လောက်တောင် ရှားပါးနေရင်လည်း ဦးလေးကွေ့ပဲ ယူလိုက်လေ… ကျင့်ကြံတာ ကံကောင်းပါစေဗျာ”
သူ့အတွက် မဟုတ်ခဲ့သော်လည်း နတ်ဆိုးကျမ်းကို ကွေ့ကုန်းကုန်းက သင်ယူနိုင်ခဲ့လျှင်လည်း သိပ်တော့မဆိုးလှချေ။ ထိုသို့တွေးမိကာ ရှန်ထျန်းက တော်တော်လေး စိတ်သက်သာသွားလေသည်။
ရှန်ထျန်းက သည်လိုရှားပါးအခွင့်အရေးကို သူ့အား ပေးသည့်အတွက် ကွေ့ကုန်းကုန်းက အံ့သြသွားလေ၏။
သူက ခေါင်းခါငြင်းရင်း ပြောလိုက်သည်။
“မဟုတ်တာ အရှင့်သားရယ်… ဒါက အရှင့်သားအတွက်ပါ။ ကျွန်တော်မျိုး ဘယ်လိုလုပ် ယူရဲပါ့မလဲ။ ဒီလိုမျိုး ပြိုင်ဖက်ကင်းကျင့်စဉ်နဲ့ ကျွန်တော်မျိုးက ဘယ်လိုလုပ် ထိုက်တန်ပါ့မလဲ”
ရှန်ထျန်းက မျက်ဖြူလှန်ပြကာ ပြောလိုက်သည် “ဒါဆို ဦးလေးက ကျွန်တော့်ကို သင်စေချင်တယ်ပေါ့လေ”
ကွေ့ကုန်းကုန်းက ရုတ်တရက် တစ်စုံတစ်ခုကို အတွေးပေါက်သွားသည်။
ဟုတ်ပါရဲ့… မင်းသားလေးက ဒီကျင့်စဉ်ကို ကျင့်ကြံလို့မှ မရဘဲ…
သနားစရာကောင်းလိုက်တဲ့ မင်းသားလေး…
နောက်ဆုံးတော့ ဘဝမှာ ကောင်းတာလေး တစ်ခါလောက် ကြုံရပါတယ်… သူ့အတွက် မဟုတ်ခဲ့ပြန်ဘူး…
မိုးနတ်မင်းကြီးရေ… ဘာဖြစ်လို့ ကျွန်တော်မျိုးရဲ့ မင်းသားလေးအပေါ် ဒီလိုလုပ်ရတာလဲ…
အိမ်း… တခြားရွေးစရာလမ်း မရှိမှတော့… ကြည့်ရတာ ငါပဲ ဒါကို ကျင့်ကြံရတော့မယ် ထင်တယ်…
စိတ်တွင်း လွန်ဆွဲလို့ ပြီးသွားသောအခါမှ ကွေ့ကုန်းကုန်းက သူ့မင်းသားလေး၏ အမိန့်ကို နာခံရန် ဆုံးဖြတ်လိုက်သည်။
မင်းသား(၁၃)က ငါ့ကို အရမ်း ယုံကြည်တာပဲ ဖြစ်ရမယ်…
“လွန်ခဲ့တဲ့ အနှစ်(၂၀)တုန်းက နန်းတွင်းထဲက ရတနာတွေကို ခိုးပါတယ်ဆိုပြီး ကျွန်တော်မျိုးကို စွပ်စွဲခဲ့ကြတယ်။ ကျွန်တော်မျိုးရဲ့အသက်ကို ကယ်ခဲ့တာ ကိုယ်လုပ်တော်လန်ပါ။
ကျွန်တော်မျိုးက ပညာအရည်အချင်း သိပ်မရှိပေမဲ့ သူတစ်ပါးရဲ့ ကျေးဇူးတရားကို ပြန်ဆပ်ရကောင်းမှန်းတော့ သိပါတယ်။ ကိုယ်လုပ်တော်လန် သက်ရှိထင်ရှားရှိနေတုန်းက ကျွန်တော်မျိုး သခင်မအပေါ် စိတ်ရင်းစေတနာ အပြည့်နဲ့ ပြုစုခစားခဲ့တာပါ။ အခု သခင်မ မရှိတော့တဲ့အခါမှာ ကျွန်တော်မျိုးရဲ့ သစ္စာစောင့်သိမှုတွေ အားလုံးက အရှင့်သားဆီမှာပဲ ရှိပါတယ်…
ကျွန်တော်မျိုး ဒီဟရူးဂါနတ်ဆိုးကျမ်းကို နေ့စဉ်မပြတ် သေချာကြိုးစားပြီး ကျင့်ကြံပါ့မယ်။ ပြီးတော့ ကျွန်တော်မျိုး အသက်ရှင်နေသေးသရွေ့ အရှင့်သားကို ကျွန်တော်မျိုးအသက်နဲ့ ကာကွယ်စောင့်ရှောက်သွားပါ့မယ်လို့ မိုးနတ်မင်းကြီးဆီမှာ တိုင်တည်ပြီး သစ္စာဆိုပါတယ်…”
ထာဝရရှင်သန်မှုကို ရှာဖွေနေသူတွေ အနေနှင့် အရာရာတိုင်းအတွက် ကံကြမ္မာဝဋ်ကြွေးတွေ ရှိသည်။ ထို့ကြောင့် ကတိစကားများနှင့် သစ္စာကျိန်ဆိုမှုများကို ပြုခြင်း… အထူးသဖြင့် မိုးနတ်မင်းကြီးဆီမှာ တိုင်တည်ပြီး သစ္စာပြုခြင်းက ပေါ့ပေါ့တန်တန် လုပ်သင့်သည့်အရာ မဟုတ်ပေ။
ကတိစကားတွေ ပေးပြီး မတည်နိုင်သူများမှာ နောက်ဆုံးတွင် အသေဆိုးနှင့် သေကြရလိမ့်မည်။
ကွေ့ကုန်းကုန်း၏ သစ္စာကျိန်ဆိုမှုမှာ စိတ်ရင်းနှင့်ဖြစ်သည်။ သူက ကိုယ်လုပ်တော်လန်နှင့် မင်းသားလေးအပေါ် ကျေးဇူးကြွေးတင်နေသည်ဟု ခံယူထားလေသည်။
ရှန်ထျန်းကလည်း မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမိသည်ဟု ယုံကြည်သည်။
…………………
ဟရူးဂါနတ်ဆိုးကျမ်းကို ရှာတွေ့ခဲ့ပေမဲ့ ငါလေးကတော့ ကံဆိုးနေတုန်းပါလားနော်…
ရှန်ထျန်းက မပျော်နိုင်ဘဲ သက်ပြင်းချလိုက်၏။
ငါ ဒီအခွင့်အရေးကို ချင်ကောင်းဆီက လုယူလိုက်တော့ အခု သူကော ဘယ်လိုအခြေအနေရှိလဲ မသိဘူး…
ရှန်ထျန်းက ချင်ကောင်းအမည်ရှိ ကုန်းကုန်းငယ်လေးကို ရုတ်တရက် သတိရသွားသည်။
ရှန်ထျန်းတွေ့ဖူးသမျှထဲတွင် ချင်ကောင်းက ကံအကောင်းဆုံးလူ ဖြစ်သည်။ ဒီဟရူးဂါနတ်ဆိုးကျမ်းမှာလည်း ချင်ကောင်းပိုင်ရမည့်အရာ ဖြစ်သည်။
အခု ရှန်ထျန်းက စာအုပ်ကို ယူထားလိုက်တော့ ချင်ကောင်းဆီမှာ ဘယ်လိုတွေများ အကျိုးသက်ရောက်သွားမလဲ…
သူ့ဆီမှာ နောက်ထပ်အခွင့်အရေးတစ်ခု ပေါ်လာမှာလား… ဒါမှမဟုတ် တခြားပြောင်းလဲမှုတွေများ ဖြစ်သွားမှာလား…
ရှန်ထျန်းတစ်ယောက် အင်မတန် သိချင်နေမိသည်။
good
good
good
good
good