Switch Mode

အခန်း (၄၀၆)

အသက်ရှည်နည်း ပညာရပ်

” ဘာအဓိပ္ပါယ်လဲဟ ” ကျင့်သိုမင်၏ အကြည့်မှာ မူမမှန်ကြောင်း ဝမ်ပေါင်လဲ့က အနည်းငယ်ခန့် မယုံသင်္ကာဖြစ်သွားရ၏။ သူသည် ပုံမှန်အတိုင်း စကားပြောနေရင်းနှင့် သူတို့ဆီတွင် သမီးတစ်ယောက် ရှိသည့်အကြောင်းကို ရုတ်တရက်ကြီး ထပြောလိုက်သည် မဟုတ်ပါလော။ သူသည် ပုံမှန်အတိုင်း ပြောခဲ့ခြင်းသာဆိုပါက မရှိပါသော်လည်း သူ ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါသည့် အကြည့်ဖြင့် ကြည့်ခဲ့သည်ဖြစ်သည်။

” မင်းက ညီမလေးကျောက်ကို ပြောနေတာလား။ ငါက သူနဲ့ ရင်နှီးပေမယ်လို့ ဒီကိစ္စက လျှို့ဝှက်ချက်တစ်ခုလေ။ သူ့ရဲ့ မိသားစုကျောထောက်နောက်ခံက တမူထူးခြားနေတယ်ဆိုတာကို မင်းလည်း သိထားပြီးတာပဲ။ အဲ့လောက်သိရုံလောက်နဲ့ လုံလောက်ပါတယ် ” ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စဉ်းစားလိုက်ပြီးနောက် ချောင်းဟန့်ကာ ပြန်ပြောလိုက်၏။

သူထိုသို့ ဆိုလိုက်သောအခါ ကျင့်သိုမင်မှာ အံ့ဩတုန်လှုပ်သွားရပြီး သူ၏ အမူအရာမှာလည်း မယုံကြည်နိုင်လောက်အောင်ဖြစ်သွား၏။ ထို့နောက် သူသည် တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပါသော်လည်း နောက်ဆုံးတွင် ထုတ်ပြောရန် ဆုံးဖြတ်လိုက်၏။

” အဲ့…. ပေါင်လဲ့။ ငါက ဘုရင်ခံရဲ့ သမီးကို ငါ ငယ်ငယ်တုံးကပဲ တစ်ခေါက် မြင်ဖူးခဲ့တာ။ ငါ့ကြားထားတာတော့ သူက ခုနစ်နှစ်သမီး အရွယ်ကတည်းက ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ် သွားပြီးတော့ လေ့ကျင့်နေခဲ့တာတဲ့။ အခုထိ ပြန်မရောက်လာသေးဘူး။ အဲ့တာကို မင်းက သူ့ကို ဘယ်လိုလုပ်ပြီးတော့ သိနေတာလဲ ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ အံ့သြတုန်လှုပ်သွားရတော့သည်။ ထို့နောက် ကျင့်သိုမင်၏ စကားကြောင့် သူသည် စိတ်အေးသွားကာ သက်ပြင်းချမိလိုက်ပြီး သူသည် အတွေးများလွန်ကာ ဆန္ဒများ စောနေခဲ့ခြင်းဖြစ်ကြောင်း သတိထားမိသွား၏။ တစ်ချိန်ထဲမှာပင် သူသည် ဘုရင်ခံ၏ သမီးမှာ ကျောက်ယမုန့် ဖြစ်နေလောက်သည်ဟု တွေးနေမိခဲ့သောကြောင့် စိတ်မကောင်းဖြစ်သွားရ၏။

သူတို့နှစ်ယောက်စလုံးမှာ ‘ ကျောက် ‘ ဟူသည့် မျိုးရိုးနာမည်ကို ပိုင်ဆိုင်ထားကြသည်မဟုတ်ပါလော။ ထို့အပြင် ကျောက်ယမုန့်မှာလည်း အလားတူပင် လျှို့ဝှက်ဆန်းကြယ်သော ကျောထောက်နောက်ခံတစ်ခုကို ပိုင်ဆိုင်ထားသည်ဖြစ်သည်။ သူသည် ပဏာမအဆင့်သုံး အရာရှိတစ်ယောက် ဖြစ်နေသည့်တိုင်အောင် ထိုအကြောင်းကို ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ နောင်တကြီးစွာနှင့် သူ၏မေးခွန်းကို ရှောင်တိမ်းလိုက်ပြီး ဝိညာဉ်ဆန့်ကျင်‌ဗုံးနှင့် ပတ်သတ်သည့် လေ့လာရေး စက်ရုံအကြောင်းကို စမေးလိုက်တော့သည်။

ထိုအခါ ကျင့်သိုမင်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ်ထပ်၍ ဖျတ်ခနဲကြည့်လိုက်၏။ သူသည် အခြေအနေကိုရိပ်စားမိဟန် ရှိသွားသောကြောင့် ထို အကြောင်းကို ဆက်ပြောမနေတော့ပေ။ သို့သော် သူ၏ နှလုံးသားထဲတွင်မူ သူ၏ ဟန်ဆောင်မှုစွမ်းရည်များကို ကျေနပ်နေရုံသာမက သူ့ကိုယ်သူလည်း အလွန်အင်မတန်မှ ကျေနပ်နေတော့သည်။ သူသည် ဝမ်ပေါင်လဲ့တစ်ယောက် မြည်းလေးကို ခုတုံးလုပ်ကာ သူ့အား အကြောင်းအရင်းမရှိ ပြဿနာရှာခဲ့သည့် အချိန်များအတွက် လက်စားပြန်ချေနိုင်တော့မည်ဟု မှတ်ယူထား၏။ သူသည် ဘုရင်ခံ၏ သမီး ရှေးဟောင်းအစိမ်းရောင်ဓားပေါ်သို့ ပိုခံလိုက်ရသည်ဟု လုပ်ကြံဖန်တီး၍ ပြောဆိုခဲ့သည် မဟုတ်ပါလော။

ကျင့်သိုမင်မှာ စကားဆက်ပြောလေလေ ဟာပဟာကွက်များ ပေါ်လာလေလေဖြစ်နေမည်ကို နားလည်ထား၏။ ထို့ကြောင့် သူသည် အသေးစိတ်ပြောပြမနေတော့ဘဲ လိုရင်းတိုရှင်းပဲပြောကာ သူ၏ အစီအစဉ်များနှင့် ဝိညာဉ်ဆန့်ကျင့်‌ဗုံး လေ့လာရေးစက်ရုံ၏ အသေးစိတ်အချက်အလက်များကို ပြောပြလိုက်တော့သည်။ သူ၏ စကားများကိုကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားရပြီး ထိုလေ့လာရေးစက်ရုံမှာ မြို့တော်အသစ်အတွက် အလွန်အင်မတန်မှ အရေးပါနေမည်ဖြစ်ကြောင်း သိလိုက်ရ၏။

မြို့တော်အသစ်ထဲ၌ ထိုလေ့လာရေးစက်ရုံအား ဆောက်လုပ်ပြီးစီးသွားသည်နှင့် တစ်ပြိုင်နက် ပြည်ထောင်စုကြီးမှာ ထိုနေရာတစ်ဝိုက်ကို ကာကွယ်ပေးမည့် ‌အစောင့်များနှင့် သုတေသတလုပ်ငန်းများအတွက် ဝန်ထမ်းများကို စေလွှတ်ပေးလိုက်မည်သာဖြစ်သည်။ ထိုအချိန်တွင် မြို့‌တော်အသစ်မှာ သိသိသာသာ တန်ဖိုးတက်လာမည်ဖြစ်ပြီး ကာကွယ်ရေး လုပ်ငန်းများမှာလည်း ပို၍ တိုးတက်လာမည် ဖြစ်သည်။ ထို့အပြင် မြို့တော်အသစ် ပို၍ အရေးပါလာလေလေ ဝမ်ပေါင်လဲ့၏ လုပ်ပိုင်ခွင့်အာဏာမှာ ပို၍ ကြီးမားလာလေလေ ဖြစ်နေမည် ဖြစ်သောကြောင့် ဝမ်ပေါင်လဲ့မှာ အကြောင်းအရင်းအစုံအလင် မသိရသေးသည့်အတိုင်းအောင် ကျင့်သိုမင်တစ်ယောက် အလွန်အမတန်မှ စိတ်အားထက်သန်နေရသည့် အကြောင်းရင်းကို သိရှိနားလည်သွားတော့သည်။

လသုံးစင်း မဟာမိတ်အဖွဲ့၏ အတွင်းရေးများမှာ အလွန်အင်မမှတန်မှရှုပ်ထွေးနေပြီး ခေါင်းဆောင်တစ်ယောက်စီ ဖြစ်နေကြသည့် အဖွဲ့အစည်းပေါင်း မြောက်မြားစွာ ကွဲထွက်နေကြသည်မဟုတ်ပါလော။ ကျင့်သိုမင်မှာ အမွေဆက်ခံခွင့် ရှိလျှင်တောင် တစ်ဦးတည်းသော အမွေခံတော့ မဟုတ်ပေ။ လသုံးစင်းမဟာမိတ်အဖွဲ့မှာ နောက်ဆုံး၌ အမွေဆက်ခံသူတစ်ယောက်အား မည်သို့မည်ပုံ ရွေးချယ်ကြလိမ့်မည်ကို မည်သူကမှ မသိပေ။ သို့သော် အောင်မြင်မှုများနှင့် လုပ်ပိုင်ခွင့်အာဏာများအ‌ပေါ် မူတည်၍ ရွေးချယ်ကြမည်မှာတော့ သေချာပေသည်။ သို့ဖြစ်ရာ ကျင့်သိုမင်တစ်ယောက် သူ၏နယ်မြေထဲ၌ အလွန်အင်မတန်မှအရေးကြီးသော ဝိညာဉ်ဗုံးလေ့လာရေးစက်ရုံတစ်ခုအား တည်ဆောက်ပြီးသွားသည်နှင့် တစ်ပြိုင်နက် သူ့အတွက် အများကြီးအကျိုးရှိသွားမည်ဖြစ်သည်။

ထို့ကြောင့် ၎င်းမှာ နှစ်ဦးနှစ်ဖက်အကျိုးရှိသော ကိစ္စတစ်ခုဖြစ်သောကြောင့် ဝမ်ပေါင်လဲ့မှာ သေသေချာချာ စဉ်းစားတွေးတောနေလိုက်တော့သည်။ ကျင့်သိုမင်ကမူ ဝမ်ပေါင်လဲ့အား သူနှင့်အတူ အင်္ဂါဂြိုဟ်မြို့တော်ဆီသို့ လိုက်ခဲ့ရန် ထပ်၍ ဖိတ်ကြားလိုက်၏။ သူသည် ထို့မြို့တော်ထဲရှိ လေ့လာရေးစက်ရုံအား သွားရောက်ကြည့်ရှုမည်ဖြစ်သလို ကျောက်ပင်ဖန်ဆီသို့လည်း သွားရောက် လည်ပတ်မည်ဖြစ်သည်။

” ဒါပေမဲ့။ တစ်ခုခုတော့ ထူးဆန်းနေတုန်းပဲ။ ပုံမှန်အတိုင်းဆိုရင် ကျင့်သိုမင်တစ်ယောက်တည်း အဲဒီ လေ့လာရေးစက်ရုံကို သွားကြည့်ပြီး ကျောက်ပင်ဖန်ဆီ တစ်ယောက်တည်း သွားတွေ့လို့ ရတာပဲ။ ဘာလို့ သူက ငါ့ကို ခဏခဏ ခေါ်နေရတာလဲ ” ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ မယုံသင်္ကာဖြစ်သွားရ၏။ သို့သော် သူသည် ကျင့်သိုမင်၏ အမူအရာကို သတိထားမိလိုက်သောအခါ ထိုမေးခွန်း၏ အဖြေအား ချက်ချင်းပင် ရှာတွေ့သွားတော့သည်။

” ငါက ပြည်ထောင်စုကြီးတစ်ခုလုံးထဲမှာ ရုပ်အချောဆုံး ဖြစ်နေလို့ပဲ ဖြစ်ရမယ်။ ပြီးတော့ ငါ့ရဲ့ ရာထူးအဆင့်အတန်းက မြင့်မားနေတာမလို့ ငါက အသက်ငယ်ငယ်လေးနဲ့ ထိပ်တန်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်နေတာလေ။ ငါက ပြည်ထောင်စုကြီးတစ်ခုလုံးထဲမှာ ငါ့ကို မသိတဲ့လူ မရှိလောက်အောင် ထင်ပေါ်ကျော်ကြားနေတဲ့အပြင် ကြွေရုပ်လေးလို ရုပ်ရည်ချောမောနေတာမလို့ ကျင့်သိုမင်က ငါသာ သူနဲ့အတူ လိုက်သွားမယ်ဆိုရင် သူ့အတွက် အောင်မြင်နိုင်ခြေ ပိုများလိမ့်မယ်ဆိုပြီးတော့ တွက်ထားတာပဲဖြစ်ရမယ်။ သူ ငါ့ကို အသုံးချဖို့ ကြံနေတာပဲ ” ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရနေသည်အမူအရာဖြင့် သူ၏မေးစေ့ကို ပွတ်လိုက်ပြီးနောက် ကျင့်သိုမင်၏ ပခုံးကို ပုတ်လိုက်၏။ သူ၏မျက်ဝန်းများထဲတွင် ချီးကျူးလိုသော အရိပ်အယောင်များ ထင်ဟပ်နေ၏။

ထို့ကြောင့် ကျင့်သိုမင်မှာ အနည်းငယ်ခန့် အပြစ်ရှိသလို ခံစားလိုက်ရပြီး သူ၏ခေါင်းထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာတော့သည်။ သူ၏ဇာတ်လမ်းမှာ ဟာကွက်မရှိသေးကြောင်း ပြန်လည်ဆန်းစစ်ပြီးသွားသောအခါမှ သူသည် ပြုံးပြလိုက်၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ စိုက်ကြည့်နေပုံကြောင့် စိုးရိမ်တုန်လှုပ်နေရဆဲပင်။

” တောက်ကွာ။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က မြို့တော်သခင်ဖြစ်လာပြီးနောက်ပိုင်း ပိုပြီးတော့တောင် ဉာဏ်များလာပြီးတော့ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကိုလည်း ကျမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်လာတာပဲ။ ငါ သူ့ကို အသုံးချပြီးတော့ ဆင်ဖြူတော်မှီပြီး ကြံစုပ်ဖို့ ကြိုးစားနေတဲ့ အကြောင်းအရင်းကိုတော့ သူ မသိလောက်ပါဘူး။ အများဆုံး ငါက သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အမြတ်ထုတ်ဖို့ ကြိုးစားနေတယ် ဆိုတာလောက်ကိုပဲ သူက ရိပ်မိမှာပါ။ အဲ့လိုမှမဟုတ်ရင် သူ့မျက်နှာက အခုလိုဖြစ်နေမှာမဟုတ်ဘူး ”

ကျင့်သိုမင်မှာ ထိုသို့ တွေးတောမိလိုက်သောအခါမှ အနည်းငယ်ခန့် စိတ်သက်သာရာ ရသွားပြီး ဝမ်ပေါင်လဲ့အား ရိုသေကျိုးနွံစွာ ပြုံးပြလိုက်၏။ သူတို့နှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ပင်မအင်္ဂါဂြိုဟ်မြို့တော်ဆီသို့ သွားရန် ဆုံးဖြတ်လိုက်ကြတော့သည်။

ထိုကိစ္စကို လျှို့ဝှက်ထားရန် လိုအပ်သောကြောင့် သူတို့မှာ ခုန်းတောက်နှင့် လင်းတျန်ဟောက်တို့ နှစ်ယောက်ကိုသာ စိတ်ပိုင်းဆိုင်ရာ အဆင်သင့် ဖြစ်နေနိုင်ရန် ကြိုတင်သိပေးထားလိုက်၏။ သူတို့မှာ လီဝမ်အာကိုပင် မွန်းလွဲချိန်၌ ထွက်ခွာလာတော့သည်။

လီဝမ်အာမှာ ဝမ်ပေါင်လဲ့၏ ထွက်ခွာသွားမှုကို သတိမထားမိသည့်ပုံပင်။ မြို့တော်အသစ်ကြီး တစ်ခုလုံးထဲ၌ လင်းတျန်ဟောက်နှင့် တာအိုကျောင်း‌လေးကျောင်းမှ ကျင့်ကြံသူ အချို့ကလွဲ၍ ထိုအကြောင်းကို မည်သူမှမသိကြပေ။

သို့သော် မြည်းလေးကမူ သိထားပေသည်။ ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ပုတ်သင်ညို တစ်ကောင်ကဲ့သို့ ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်နေအောင် ခန္ဓာကိုယ်အား ပြောင်းလဲ၍ လမ်းတစ်လမ်း၏ ထောင့်တစ်ခု၌ ပုန်းကွယ်နေခဲ့သော မြည်းလေးမှာ ရုတ်တရက်ဆိုသလိုခေါင်းမော့လာပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ ထို့နောက် ၎င်းမှာ အသံအကျယ်ကြီး နှာချေလိုက်ပြီး အလွန်အင်မတန်မှ ပျော်ရွှင်နေသည့်ပုံဖြင့် အမြီးကိုဝှေ့ယမ်းကာ မလှမ်းမကမ်းတွင် ရှိနေသော အိမ်တစ်လုံးကို ဆက်၍ စိုက်ကြည့်နေလိုက်တော့သည်။

မြည်းလေးမှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ထိုအစာကို အနံ့ခံ၍ လိုက်လာခဲ့ရာမှ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် ထိုနေရာ၌ အန္တရာယ်တစ်ခုရှိနေကြောင်း ခံစားမိနေသောကြောင့် ဆက်၍မလှုပ်ရှားခဲ့ပေ။ ထို့နောက် ထိုမြည်းလေးမှာ အခွင့်ကောင်းတစ်ခုကိုစောင့်ကာ ၎င်းအား အလျင်အမြန် အားရပါးရ ကိုက်စားပြီးမှ အဝေးသို့ထွက်ပြေးရန် ကြံရွယ်ထား၏။

ယခုတွင် ထိုမြည်းလေးမှာ ထိုအိမ်ထဲ၌ တင်ပျဉ်ခွေထိုင်ကာ တရားထိုင်နေသည့် အပြာရောင်ဝတ်ရုံနှင့် လူငယ်လေးအား စိုက်ကြည့်နေ၏။ သူ၏ရှေ့တွင် သက်လတ်ပိုင်း ကျင့်ကြံသူသုံးယောက်မှာ အသက်မပါသည့် မျက်နှာအမူအရာများဖြင့် မလှုပ်မယှက် ဒူးထောက်နေကြ၏။

ထို အပြာရောင်ဝတ်ရုံနှင့် လူငယ်လေးမှာမူ ထိုကျင့်ကြံသူသုံးယောက်ကို မကြည့်ဘဲ မျက်လုံးများမှေးလိုက်ပြီး သူ၏ ညာဘက်လက်ညှိုးအား ဒူးခေါင်းပေါ်၌ ခေါက်ရင်း အတွေးများထဲ၌ နစ်မျောနေသည့်ပုံ ပေါက်နေ၏။ တစ်အောင့်ခန့် ကြာပြီးသွားသောအခါမှ သူက ပြုံးလိုက်၏။

” လှေဝိညာဉ်အိုကြီးက အဲ့တုန်းက ဒဏ်ရာအပြင်းအထန်ရခဲ့တာမလို့ သူ့ရဲ့ ပင်မအသိစိတ်က ပြန်ပြီးတော့ နိုးထလာမှာမဟုတ်တော့ဘူး။ သူ့ရဲ့ အသိစိတ်တွေထဲက တစ်ပိုင်းတစ်စလောက်ပဲ ပေါ်လာမှာ။ အခု သူက အမှောင်ကလေးငယ်တစ်ယောက်ရဲ့ အငွေ့အသက်ကို အာရုံခံမိနေပြီ။ အခုလက်ရှိ မြို့တော်အသစ်ထဲမှာဆိုရင် သူ့ရဲ့ ဖော်ပြချက်နဲ့ အကိုက်ညီဆုံးလူကတော့ မြို့တော်သခင် ဝမ်ပေါင်လဲ့ပဲ ”

” အဓိပ္ပါယ်တော့ လုံးဝမရှိဘူးကွ။ အမှောင်ဂိုဏ်း ပျက်သုဉ်းသွားခဲ့တာ ကြာခဲ့ပြီလေ။ အဲ့တုန်းက တိုက်ပွဲကြီးက ပြင်းထန်လွန်းခဲ့တာမလို့ အခုမှ အမှောင်ကလေးငယ်တစ်ယောက် ပေါ်ထွက်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ပြန်လည်မွေးဖွားခြင်းသံသရာကို ထိန်းချုပ်ပြီးတော့ ဝိညာဉ်တွေကို ဦးဆောင်လမ်းပြပြီး အရင်အနေအထားတိုင်း ပြန်ရောက်အောင် ပြန်လည်တည်ဆောက်ဖို့ အမှောင်ဂိုဏ်းကို အာကာသထဲ စေလွှတ်ခဲ့တာဆိုပြီး အဲဒီလှေဝိညာဉ်အိုကြီးကပဲ ဘူးခံငြင်းနေတာ ”

” ဒါပေမဲ့ ဒီမြို့တော်ကြီးရဲ့ မန္တန်အစီအရင်က အမှောင်ချီတွေကို စုပ်ယူနိုင်စွမ်း ရှိနေတဲ့ အချက်ကတော့ စိတ်ဝင်စားဖို့ကောင်းတယ်နော်။ အဲ့တာမလို့ ဝမ်ပေါင်လဲ့ကို ဆက်ပြီး‌တော့ စောင့်ကြည့်နေဖို့ လိုသေးတယ်။ ဒါပေမဲ့ သူ့ကို စမ်းသပ်မယ်ဆိုရင် ငါ စွမ်းအင်တွေ အများကြီးသုံးရမှာ။ ပြီးတော့ ဝမ်ပေါင်လဲ့က အမှောင်ကလေးငယ်တစ်ယောက် မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကလည်း သေချာသလောက်ပဲ။ အဲ့တာမလို့ သူ့ကိုစမ်းသပ်လည်း ဖြုန်းတီးရာပဲ ကျနေမှာ ” အပြာရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ သက်ပြင်းချရင်း တွေးတောနေ၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို ကြောက်မက်ဖွယ်ရာ အေးစက်စက် အပြုံးကြီးတစ်ခု ပြုံးလိုက်၏။

” သူ အမှောင်ကလေးငယ် ဟုတ်ဟုတ် မဟုတ်ဟုတ် ငါ့ရဲ့ အစီအစဉ်အတိုင်း လုပ်ဖို့လိုတယ်။ သူ ရိပ်မိသွားတဲ့ အချိန်မှ စမ်းသပ်ကြည့်ရင်တောင် နောက်မကျသေးပါဘူး ” ထို အပြာရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ ဤစကြဝဠာကြီးထဲ၌ အမှောင်ကလေးငယ် ဆက်၍ ရှိနေနိုင်သည့်အချက်ကို လုံးဝ မယုံကြည်ပေ။ ထို့ကြောင့် သူသည် သူ လှိုဏ်ခေါင်းကြီးထဲမှ ထွက်လာခဲ့သည့်အချိန်တုန်းက သူ ရေးဆွဲခဲ့သည့် ပထမဆုံး အစီအစဉ်အတိုင်း ဆောင်ရွက်ရန်ပြင်လိုက်၏။ သူသည် မြို့တော်အသစ်ကြီးအား အသေးစိတ်လေ့လာခဲ့ပြီးမှ ထိုအစီအစဉ်ကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။

၎င်းမှာ…. နတ်ဘုရားလက်နက် မြို့တော်ထဲရှိ အမှောင်ချီများကို စုပ်ယူနိုင်စွမ်းရှိသော မဟာပေါင်လဲ့ မန္တန်အစီအရင်ကြီးအား ညစ်ညမ်းသွားအောင် လုပ်ရန်ပင်ဖြစ်သည်။

အကယ်၍ အောင်မြင်သွားမည်ဆိုပါက သူသည် ထိုမဟာပေါင်လဲ့ မန္တန်အစီအရင်အား အသုံးချ၍ မဟာအင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီးအား သွယ်ဝိုက်သောနည်းဖြင့် ထိန်းချုပ်ခွင့်ရသွားမည်ဖြစ်သည်။ ထိုမန္တန်အစီအရင်ကြီး နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည်ဖြစ်သောကြောင့် သူသည် မြို့တော်အသစ်ထဲ၌ ရှိနေသရွေ့ မဟာအင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီးအား အပြည့်အဝထိန်းချုပ်နိုင်စွမ်း ရှိနေမည်ဖြစ်သည်။ ထို့အပြင် အခြားသူများမှာ ၎င်းအား အာရုံခံနိုင်မည်မဟုတ်သောကြောင့် အရေးကြီးသော အချိန်တစ်ခုသို့ရောက်လာပါက ၎င်းမှာ အလွန်အင်မတန်မှ အသုံးဝင်လာမည်ဖြစ်သည်။

မဟာပေါင်လဲ့မန္တန်အစီအရင်ကြီးအား ညစ်ညမ်းအောင် လုပ်ရမည့် ပထမဆုံးအဆင့်မှာ မြို့တော်အသစ်ထဲမှ ကျင့်ကြံသူများကို ညစ်ညမ်းသွားအောင်လုပ်ရန်ပင် ဖြစ်သည်။ သူတို့ ညစ်ညမ်းသွားကြသည်နှင့်တစ်ပြိုင်နက် သူသည် မဟာအင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီး၏ တမူထူးခြားသော စွမ်းရည်ကို အသုံးပြုကာ မြို့တော်အသစ်ထဲရှိ လူများ၏ ညစ်ညမ်းသော အငွေ့အသက်များကို အဆက်မပြတ် စုပ်ယူကာ ဖျောက်ဖျက်ပစ်လိုက်မည်ဖြစ်သည်။ စုပ်ယူအား ပိုကောင်းလေလေ အောင်မြင်နိုင်ခြေ ပိုမြင့်လာလေလေပင် ဖြစ်သည်။

၎င်းမှာ သူ မဟာပေါင်လဲ့မန္တန်အစီအရင်ကြီးအား လေ့လာခဲ့ပြီးနောက် ရှာဖွေတွေ့ရှိတဲ့သည့် တစ်ခုတည်းသော ဟာကွက်ပင်ဖြစ်သည်။

” အမြန်ဆုံးနဲ့အကောင်းဆုံးနည်းလမ်းကတော့ ကျင့်ကြံခြင်းပညာရပ်တစ်ခုကို တီထွင်ပြီးတော့ ယုံကြည်ကိုးကွယ်တဲ့လူတွေနဲ့ နောက်လိုက်တွေကို ရှာဖွေဖို့ပဲ ” အပြာရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ ခပ်ရေးရေးမျှ ပြုံးလိုက်ပြီး သူ၏ရှေ့တွင် အသက်မဲ့နေသည့် အမူအရာများဖြင့်ရှိနေသော သက်လတ်ပိုင်း လူကြီးသုံးယောက်အားကြည့်လိုက်၏။

ထိုကျင့်ကြံသူသုံးယောက်မှာ ထိုအတောအတွင်း၌ သူ သေသေချာချာ ရွေးချယ်ထားခဲ့သည့် ညစ်ညမ်းမှုများကို ဖြန့်ဝေပေးကြမည့် လူများပင်ဖြစ်သည်။ ထို့အပြင် သူတို့မှာ သူ ပထမဆုံး တိုက်ရိုက်ထိန်းချုပ်နိုင်ခဲ့သည့် လူများလည်း ဖြစ်၏။ သူတို့အားလုံးမှာ မတူညီသောနယ်မြေ၊ မတူညီသော ကျောထောက်နောက်ခံအသီးသီးဆီမှ ရောက်ရှိလာကြခြင်းဖြစ်သည်။

သူ ထို သုံးယောက်အားကြည့်လိုက်သောအခါ သူတို့သုံးယောက်မှာလည်း သတိထားမိသွားကြသည့်ပုံဖြင့် ခေါင်းများမော့လာကြ၏။ ထို့နောက် နဂိုတုန်းက တင်းမာနေခဲ့သော သူတို့၏ မျက်နှာကြွက်သားများမှာ ပြေလျော့သွားပြီး သူတို့၏ မျက်ဝန်းများထဲ၌ စိတ်အားထက်သန်မှုမီးတောက်များ တောက်လောင်လာတော့သည်။

” သွားတော့။ မင်းတို့ရဲ့ ရာထူးအဆင့်အတန်းတွေကို အသုံးပြုပြီးတော့ ငါသင်ပေးထားတဲ့ ကျင့်ကြံခြင်းပညာရပ်ကို ဖြန့်ဝေလိုက်ကြ ”

” ဒီကျင့်ကြံခြင်းပညာရပ်ကို အသက်ရှည်နည်းပညာရပ်လို့ ခေါ်တယ် ” အပြာရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ တည်ကြည်စွာအမိန့်ပေးလိုက်၏။ ထိုအခါ သူ၏ရှေ့တွင် စိတ်အားထက်သန်မှုအပြည့်ဖြင့် ရှိနေကြသည့် ကျင့်ကြံသူသုံးယောက်မှာ မတ်တတ်ထလာကြပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ထိုလူငယ်လေးအား အရိုအသေပေးလိုက်ကြ၏။

” ဟုတ်ကဲ့ပါ တော်ဝင်ညွှန်ကြားရေးမှူး “

Comment

Leave a Reply

Options

not work with dark mode
Reset