Switch Mode

အခန်း (၄၀၅)

ဘုရင်ခံရဲ့ တာအိုလက်တွဲဖော်ရဲ့ မျိုးရိုးနာမည်က ' ကျောက် ' တဲ့လား

ကျိုးရိဖန်း၏ ကိစ္စရပ်ကြီးမှာ ပြီးဆုံးသွားပြီဖြစ်သည်။ ပြည်ထောင်စုကြီးထဲရှိ နိုင်ငံရေးအင်အားစုတိုင်းမှာလည်း အင်္ဂါဂြိုဟ်ပေါ်မှ လူငယ်ခြေတက်လေးဖြစ်သည့် ဝမ်ပေါင်လဲ့ကို ရုတ်တရက်ဆိုသလို ယခင်တုန်းကထက်ပို၍ အလေးပေးဆက်ဆံလာကြပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူတို့အားလုံးမှာ အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ သူ့အား ရန်သွားမစရန် ဆုံးဖြတ်လိုက်ကြတော့သည်။

ချန်းမုဆီတွင် အကြံအစည်များ ရှိနေသေးပါသော်လည်း သူ၏မိသားစုမျိုးနွယ်စုမှာ သူ့အား ခက်ထန်တင်းမာစွာ သတိပေးထားခဲ့၏။ သူသည် မြို့တော်အသစ်ထဲ၌ သိုသိုသိပ်သိပ်နေပြီး ပဋိပက္ခများ ဖြစ်လာစေနိုင်သည့် လုပ်ရပ်များကို ရှောင်ကြဉ်ရမည်ဖြစ်သည်။

ချန်းမုမှာ ထိုညွှန်ကြားချက်များကို လက်မခံလိုပါသော်လည်း သူ၏ အချိတ်အဆက်များနှင့် လုပ်ပိုင်ခွင့်အာဏာအားလုံးမှာ သူ၏ မိသားစုမျိုးနွယ်စုအပေါ် မူတည်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ၏ မာန်မာနကိုသာ ချိုးနှိမ်ထားလိုက်ရ၏။ သို့သော် သူသည် ပြန်လည်ထုတ်ဖော်နိုင်ခဲ့ခြင်းမရှိသည့် ရုပ်သံမှတ်တမ်း အပိုင်းအစများအကြောင်းကို ခေါင်းထဲမှ မထုတ်နိုင်လောက်အောင်ဖြစ်နေရ၏။ သူသည် ထိုအကြောင်းကို စဉ်းစားမိလေလေ ပို၍ မကျေမချမ်းဖြစ်လာလေလေ ဖြစ်နေရတော့သည်။ သို့သော် သူသည် တုံ့ပြန်နိုင်စွမ်း မရှိပေ။

ထိုသို့ဖြင့် အချိန်များတရွေ့ရွေ့ ကုန်ဆုံးသွား၏။ အရာအားလုံးမှာ အပေါ်ယံတွင်တော့ ငြိမ်းချမ်းနေသည့်ပုံပင်။ မြို့တော်အသစ်၏ ဆောက်လုပ်ရေးလုပ်ငန်းဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများ၏ ဆောက်လုပ်ရေးလုပ်ငန်းများဖြစ်စေ၊ ၎င်းတို့အားလုံးမှာ ချောမွေ့စွာလည်ပတ်နေပြီး တိုးတက်လာသောကြောင့် မြို့တော်ကြီးမှာ တဖြည်းဖြည်းနှင့် ပြီးပြည့်စုံသည့်အနေအထားသို့ ရောက်ရှိလာတော့သည်။ ပြည်ထောင်စုကြီးနှင့် အင်္ဂါဂြိုဟ်အစိုးရတို့မှာ လူဦးရေ မြောက်မြားစွာအား ထိုမြို့တော်အသစ်သို့ အလုံးအရင်း ရွှေ့ပြောင်းမည့် အစီအစဉ်များကို စတင်ရေးဆွဲနေကြပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ တံခါးပိတ်လေ့ကျင့်ကာ အခြေတည်ထိပ်ဆုံးအဆင့်အထိ ဖောက်ထွက်နိုင်ရန် ရည်ရွယ်ထားပါသော်လည်း သူ ကိုင်တွယ်ဖြေရှင်းရန်လိုအပ်သည့် ရုံးအလုပ်ပေါင်း မြောက်မြားစွာ ရှိနေသေး၏။ သူသည် ထိုအလုပ် အများစုအား သူ၏ မြို့တော်ဝန်များဆီသို့ လွှဲပြောင်းပေး၍ ရပါသော်လည်း လူဦးရေမြောက်မြားစွာ ပြောင်းရွှေ့လာကြမည့် ကိစ္စကိုမူ သူကိုယ်တိုင် ဆုံးဖြတ်ချက်ချပေးရမည်ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှစ်ပတ်တိတိ တံခါးပိတ်လေ့ကျင့်နေလိုက်ပြီးနောက် ရာသီဥတုသာယာသော နံနက်ခင်းတစ်ခု၌ သူ၏ အိမ်ရာထဲမှ ထွက်လာပြီး သူ၏ရုံးဆီသို့ သွားလိုက်၏။ သူသည် လူများ ပြောင်းရွှေ့လာကြမည့် ကိစ္စအတွက် တင်သွင်းထားသည့် အဆိုပြုချက်များကို သူ၏ မြို့တော်ဝန်များနှင့်အတူ ဆွေး‌နွေးရမည်ဖြစ်သည်။ ထို့အပြင် မနေ့တုန်းက ကျင့်သိုမင်မှာ သူ့ဆီသို့ အသံလွှင့််အကြောင်းကြားစာတစ်စောင် ပေးပို့ထားခဲ့သည်လည်း ဖြစ်သည်။ သူသည် ထိုအစည်းအဝေးပွဲပြီးလျှင် ဝမ်ပေါင်လဲ့နှင့် စကားပြောရန် တောင်းဆိုထား၏။

သူ၏ အိမ်ရာထဲမှ အပြင်သို့ထွက်လာသည့်အချိန်တွင် ကောင်းကင်ကြီးမှာ ကြည်လင်တောက်ပကာ ရှင်းလင်းနေ၏။ နေသာသော ရက်တစ်ရက် ဖြစ်ပါသော်လည်း အရိုးထဲအထိအောင် ချမ်းအေးသွားစေနိုင်သည့် လေအေးများ တိုက်ခတ်နေဆဲပင်။ အင်္ဂါဂြိုဟ်ပေါ်၌ ဆောင်းရာသီသို့ ရောက်လာတော့မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုလေအေးများကို ခံစားရင်း သူ၏အိမ်ရာအား ကာကွယ်စောင့်ရှောက်ရန် ထိုနေရာတစ်ဝိုက်တွင် တာဝန်ကျနေကြသည့် ကျင့်ကြံသူများ ကင်းလှည့်ရင်း အဝေးမှနေ၍ သူ့ဆီသို့ ဦးတည်လာနေကြသည်ကို မြင်လိုက်ရ၏။ သူတို့မှာ သူ့အား မြင်လိုက်ရသောအခါ ချက်ချင်းပင် ရပ်တန့်သွားကြပြီး သူ့အား တရိုတသေ အလေးပြုလိုက်ကြ၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ သက်ပြင်းချမိသွားတော့သည်။

သူသည် အမှုမဲ့ အမှတ်နဲ့နှင့် အင်္ဂါဂြိုဟ်ပေါ်၌ ရှိနေခဲ့သည်မှာ တစ်နှစ်ကျော်သွားပြီ ဖြစ်သည်။ ထိုတစ်နှစ်အတွင်းတွင် အဖြစ်အပျက်ပေါင်းမြောက်မြားစွာကို ကျော်ဖြတ်ခဲ့ရ၏။ သူသည် ထိုအဖြစ်အပျက်များကို ပြန်လည်တွေးတောရင်း သက်ပြင်းအရှည်ကြီး ချမိလိုက်တော့သည်။

” ငါ အသက်တွေကြီးလာပြီပဲ ” ဝမ်ပေါင်လဲ့မှာ သူ၏ဗိုက်ကိုပုတ်ကာ ရေရွတ်လိုက်ပြီး သူသည် အသက်နှစ်ဆယ် ကျော်သွားပြီဖြစ်ကြောင်း တွေးနေမိတော့သည်။ အချိန်များ ကုန်လွန်သွားသည်မှာ မြန်ဆန်လွန်းနေ၏။ ဘဝကြီးမှာ အိပ်မက်ကြီးတစ်ခုကဲ့သို့ပင်….

ဝမ်ပေါင်လဲ့မှာ အိမ်ရာထဲမှ အပြင်သို့ထွက်လာပြီးနောက် အတွေးများထဲ၌ နစ်မျောနေရင်း သင်္ဘောပျံကြီးကို ထုတ်ယူရန် ပြင်လိုက်စဉ်မှာပင် လူတစ်ယောက်က သူ့အား စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် နောက်လှည့်ကြည့်မိလိုက်သောအခါ သူ၏ မျက်နှာအမူအရာမှာ အထူးတဆန်း ဖြစ်သွားရတော့သည်။

သူ၏နောက်ဘက်၊ ပို၍ တိတိကျကျ ဆိုရမည်ဆိုလျှင် သူ၏ ဘေးချင်းကပ်ရပ်ရှိ အိမ်ရာထဲမှ အဆောင်တံခါးကြီးမှာ ဝုန်းခနဲပွင့်သွားပြီး တူညီဝတ်ဆုံတစ်ခု ဆင်မြန်းထားသော လီဝမ်အာတစ်ယောက် အပြင်ဘက်သို့ထွက်လာ၏။ သူမသည်လည်း ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေရင်း မျက်မှောင်ကြုတ်သွား၏။ ထို့နောက် အသက်မရှိသော အမူအရာဖြင့် ရှေ့သို့လျှောက်လှမ်းလာတော့သည်။

ဝမ်ပေါင်လဲ့ နေထိုင်နေသည့် နယ်မြေမှာ မြို့တော်ဝန်အဆင့်နှင့် အထက်တွင်ရှိသော အရာရှိများအတွက် မြို့တော်အသစ်ထဲ၌ အထူးစီစဉ်ပေးထားသည့် နယ်မြေတစ်ခုပင်ဖြစ်သည်။ သို့သော် ခုန်းတောက်နှင့် အခြားသူများမှာ သူတို့၏ ကိုယ်ပိုင်မြို့‌တော်နယ်မြေများထဲ၌သာ နေထိုင်လေ့ရှိကြသောကြောင့် အချိန်အများစုတွင် ဤနယ်မြေကြီးထဲ၌ မည်သူမှ မရှိကြပေ။ လီဝမ်အာတစ်ယောက်သာလျှင် မြို့တော်အသစ်ထဲသို့ ရောက်ရှိလာပြီးနောက်ပိုင်း ထိုနယ်မြေထဲ၌ ဆက်လက် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ တံခါးပိတ်လေ့ကျင့်ခြင်းနှင့် ဓမ္မအဆောင်လေ့လာခြင်းတို့ ပြုလုပ်ရန် လိုအပ်သော အခါမှသာ သူ၏အိမ်ရာဆီသို့ ရံခါဖန်ခါ ပြန်လာတတ်သည် ဖြစ်သည်။ ယခုမှာ ဤနယ်မြေထဲ၌ သူတို့နှစ်ယောက် ပထမဆုံးအကြိမ်အဖြစ် ဆုံဖူးခြင်းပင် ဖြစ်သည်။ဝမ်ပေါင်လဲ့မှာခည်း စစချင်းတွင် ဆွံ့အမှင်တက်သွားရပြီးမှ လီဝမ်အာမှာ သူ၏ အိမ်နီးနားချင်းဖြစ်ကြောင်း သိလိုက်ရ၏။

ဝမ်ပေါင်လဲ့မှာ စကားတစ်ခွန်းမှမပြောဘဲ လီဝမ်အာ ရှေ့သို့ လျှောက်လှမ်းလာသည်ကို ကြည့်နေ၏။ လီဝမ်အာမှာလည်း နှုတ်ဆိတ်နေဆဲပင်။ သူသည် ဝမ်ပေါင်လဲ့အား လျစ်လျူရှုထားသည့် အမူအရာဖြင့် သူ၏ဘေးမှ ဖြတ်လျှောက်သွားပြီး သူမ၏ သင်္ဘောပျံကြီးကို ထုတ်ယူကာ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာလည်း လီဝမ်အာ၏ အပြုအမူကို အာရုံစိုက်နေခြင်းမရှိပေ။ သူမသည် ချန်းမုအတွက် သူ့အား နှစ်ကြိမ်တိတိ ခြိမ်းခြောက်ခဲ့သည်မဟုတ်ပါလော။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ ရန်လိုသည့်အဆင့်အထိ မရောက်သေးပါသော်လည်း အေးတိအေးစက် ဖြစ်နေသည်မှာ အသေအချာပင်။

သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးမှာ တင်းမာနေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ နောင်တရနေသည်မျက်ဝန်စများဖြင့် လီဝမ်အာကို စိုက်ကြည့်နေဆဲပင်။ သူသည် လီဝမ်အာ သူ၏ဘေးမှ ဖြတ်လျှောက်သွားပြီး သင်္ဘောပျံကြီးပေါ်သို့ တက်သွားသည့်အချိန်အထိ သူမအား မခွာတမ်း လိုက်ကြည့်နေခဲ့၏။

ဝမ်ပေါင်လဲ့မှာ သူနှင့် ရင်းနှီးနေပြီးသားဖြစ်သော ထိုသင်္ဘောပျံကြီးအား စိုက်ကြည့်ရင်း နောင်တများ ရနေတော့သည်။ သူသည် ၎င်းပေါ်၌ လိုက်စီးခဲ့ဖူးသည် မဟုတ်ပါလော။ ၎င်း၏ အတွင်းပိုင်းများကို ကြောာမော့နေအောင် အလှဆင်ထားပြီး ၎င်းပေါ်ရှိ ကုလားထိုင်များမှာလည်း အလွန်အမတန်မှ အိစက်ကာ သက်တောင့်သက်သာရှိနေခဲ့သည်ကို သူကပြန်၍ သတိရသွားတော့သည်။

” နှမြောစရာပဲ။ ငါ အဲ့ပေါ်မှာ ထပ်ပြီးတော့ လိုက်စီးနိုင်မယ့် အခွင့်အရေးတစ်ခု ထပ်ပြီးတော့ မရလောက်တော့ဘူး ” ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ အကြည့်လွှဲရန် ပြင်လိုက်ပါသော်လည်း မည်သည့်အကြောင်းကြောင့်မှန်းမသိ လီဝမ်အာ၏ နောက်ကျောအား အလိုလို စိုက်ကြည့်မိသွား၏။

သူမ ဝတ်ဆင်ထားသော တူညီဝတ်စုံကြောင့်လားတော့ မသိပေ။ လီဝမ်အာ၏ စွဲမက်ဖွယ်ကောင်းနေပြီးသားဖြစ်သော ကိုယ်လုံးအလှမှာ ပို၍ပင် ညှို့ဓာတ်ပြင်းနေတော့သည်။ ထိုတူညီဝတ်စုံ၏ အောက်တွင် အလှတရားနှင့် ပြီးပြည့်စုံနေသည့် အရာအားလုံး စုဝေးနေသကဲ့သို့ပင်။ မည်သည့် ဆန့်ကျင်ဘက်လိင်မဆို သူမအား မြင်လိုက်ရသည်နှင့် နှလုံးသားထဲ၌ တောက်လောင်လာမည့် ရာဂမီးများကို ထိန်းချုပ်နိုင်စွမ်းရှိမည်မဟုတ်ပေ။

၎င်းမှာ လီဝမ်အာတစ်ယောက်သာ ပိုင်ဆိုင်သည့် အလှတရားမျိုး ဖြစ်သည်။ လီယီ၏ အလှတရားနှင့် ဆင်တူသည်ဟု ထင်ရပါသော်လည်း လီဝမ်အာမှာ ပို၍ သာလွန်နေသည်ဖြစ်သည်။ လီဝမ်အာ၏ အေးတိအေးစက် အမူအရာကြီးကြောင့် သူမမှာ ဆူးချွန်များကြားမှ ရေခဲနှင်းဆီပွင့်တစ်ပွင့်နှင့် တူနေတော့သည်။ ၎င်းမှာ အန္တရာယ်ပြုနိုင်စွမ်း အပြည့်ရှိသလို လူတစ်ယောက်အား မိမိ၏အသက်ကို စွန့်ပစ်ရဲလောက်သည့် အဆင့်အထိရောက်သွားအောင်လည်း ညှို့ယူဖမ်းစားနိုင်စွမ်း ရှိပေသည်။

ဝမ်ပေါင်လဲ့မှာလည်း သူမကြောင့် ထိုကဲ့သို့ ခံစားနေရပြီ ဖြစ်သည်။ သူသည် တစ်ချက်မျှသာ လှမ်းကြည့်ရသေးပါသော်လည်း သူ၏ မျက်လုံးများမှာ လီဝမ်အာ၏ တင်ပါးပေါ်သို့ အရင်ဆုံး ရောက်ရှိသွား၏။

ထိုအခါ သူသည် သက်ပြင်းချမိသွားတော့သည်။ သူသည် ၎င်းအား တို့ထိခဲ့ရုံသာမက လက်ဖြင့်ပါ ပုတ်ခဲ့ဖူးသည်ကို ပြန်၍အမှတ်ရသွား၏။ ၎င်းမှာ အိစက်စက်နှင့် ကိုင်လို့ကောင်းခဲ့၏။ ထိုကဲ့သို့ စွဲမက်ဖွယ်ကောင်းသည့် အရာအားလုံးကို သူအလွန်အင်မတန်မှ မုန်းတီးသော ချန်းမုက ပိုင်ဆိုင်ရတော့မည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ မကျေမနပ်ဖြစ်ကာ စိတ်ဓာတ်ကျနေရတော့သည်။ သူသည် သူမ၏ တင်ပါးအား နောက်ထပ်တစ်ကြိမ် ထပ်၍ ရိုက်နိုင်တော့မည် မဟုတ်ပေ။

” ထားပါတော့ကွာ။ မိန်းမတွေ အများကြီး ရှိတာပဲ။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ရိုးသားဖြောင့်မတ်ပြီး ဂုဏ်ကျက်သရေရှိတဲ့ လူကြီးလူကောင်းတစ်ယောက် ဖြစ်နေတဲ့အပြင် ပြည်ထောင်စုကြီးတစ်ခုလုံးထဲမှာ ရုပ်ရည်အချောမောဆုံး ယောက်ျားဆိုရင်လည်း မမှားဘူးလေ။ သူ့ဘက်က နစ်နာသွားရုံပဲ ရှိမှာ။ သေချာတယ်။ သူ ဒီကိစ္စကြီးကို တစ်ဘဝလုံး နောင်တရနေတော့မှာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီး အကြည့်ကို ပြန်၍ရုပ်သိမ်းလိုက်၏။ သို့သော် ထိုအချိန်တွင် လီဝမ်အာမှာ တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်ပုံပင်။ သူမသည် နောက်သို့လှည့်လာကာ ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ သင်္ဘောပျံကြီးပေါ်သို့တက်၍ ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း မျက်ခုံးပင့်ကာ သူ၏ သင်္ဘောပျံကြီးကို ထုတ်ယူလိုက်ပြီး သူ၏အိမ်ရာထဲမှ ထွက်ခွာကာ ရုံးဆီသို့ ဦးတည်သွားလိုက်တော့သည်။ ရုံးသို့ရောက်သောအခါ သူသည် လီဝမ်အာနှင့် ထပ်တွေ့လိုက်ရပြီး ခုန်းတောက်နှင့် အခြားသူများနှင့်လည်း ဆုံတွေ့လိုက်ရ၏။ ဝမ်ဟွေ့နှင့် ဖန်ကျင့်တို့မှာလည်း ရောက်နေကြပြီဖြစ်သည်။ ချန်းမုတစ်ယောက်သာ ရောက်မလာခဲ့ခြင်း ဖြစ်၏။ သူသည် သူ၏ကိုယ်စား သူ၏ လက်အောက်ငယ်သားတစ်ယောက်ကို‌ စေလွှတ်၍ ‌အစည်းအဝေးပွဲ တက်ခိုင်းခဲ့၏။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော အသေးအဖွဲကိစ္စရပ်များကို စုံစမ်းနေမည် မဟုတ်ပေ။ သူသည် စဉ်းစားမဆင်ခြင်ပဲ ပြုမူတတ်သည့် လူတစ်ယောက် မဟုတ်ပေ။ သို့သော် သူ့ဘက်မှ လှုပ်ရှားလိုက်သည့် အချိန်များတွင်လည်း သူ၏ရန်သူများမှာ အထိနာပြီး သူ၏ ရှေ့မှ ထွက်ပြေ သွားရသည်သာ ဖြစ်သည်။

လူဦးရေ အမြောက်အမြားပြောင်းရွှေ့မည့်ကိစ္စနှင့်ပတ်သက်၍ တင်ပြထားသော အဆိုပြုချက်များကို ဆွေးနွေးရာ၌ မည်သည့်ပြဿနာမှ ပေါ်ပေါက်မလာခဲ့ပေ။ ထို့ကြောင့် ခဏအကြာတွင် လူတိုင်းမှာ ဘုံသဘောတူညီချက်တစ်ခု ရရှိသွားကြသောကြောင့် ဝမ်ပေါင်လဲ့မှာ အပြီးသတ်အဆိုပြုချက်အား ဘုရင်ခံဆီသို့ ပေးပို့ပေးလိုက်၏။

အစည်းအဝေးပွဲပြီးဆုံးကြောင်း ကြေညာလိုက်ပြီးနောက် လီဝမ်အာမှာ အသက်မပါသော မျက်နှာအမူအရာဖြင့် ချက်ချင်းပင်် ထွက်ခွာသွား၏။ ဝမ်ဟွေ့မှာ ရုံးထဲမှ ထွက်မသွားခင် ဖော်‌ရွေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား ခေါင်းညိတ်ပြလိုက်၏။ ဖန့်ကျင့်မှာလည်း စိတ်မပါလက်မပါနှင့် ဝမ်ပေါင်လဲ့အား နှုတ်ဆက်လိုက်ပြီးနောက် ရုံးထဲမှ ထွက်ခွာသွားတော့သည်။

နောက်ဆုံးတွင် ခုန်းတောက်နှင့် လင်းတျန်ဟောက်တို့မှာလည်း ထွက်ခွာသွားပြီဖြစ်သောကြောင့် ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့သာလျှင် ရုံးထဲ၌ ကျန်ရစ်ခဲ့တော့သည်။ ကျင့်သိုမင်မှာ သူ၏ အင်္ကျီကော်လာမှ ကြယ်သီးဖြုတ်လိုက်ပြီး ဝမ်ပေါင်လဲ့၏ရှေ့တွင် ထိုင်ချလိုက်၏။ သူ၏ မျက်ဝန်းများထဲ၌ အဓိပ္ပါယ်လေးနက်သော အရိပ်အယောင်တစ်ခု ထင်ဟပ်နေသည်ကို မြင်နိုင်ပေသည်။ သူသည် ဝမ်ပေါင်လဲ့အား အကဲခတ်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ရယ်မောကာ ဆိုလိုက်တော့သည်။

” ပေါင်လဲ့။ အရင်တုန်းက မင်းနဲ့ လီဝမ်အာရဲ့ကြားမှာ ဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးတယ်လို့ ငါကြားထားတယ် ”

” ဘာလို့လဲ။ မင်းက လီဝမ်အာကို စိတ်ဝင်စားလို့လား ” ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင်အား တစ်ချက်ကြည့်လိုက်ပြီး မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူကာ ဝါးစားရင်း ဖော်ရွေမှုမရှိသော လေသံဖြင့် မေးလိုက်၏။

” ဘယ်လိုလုပ်ပြီးတော့ စိတ်ဝင်စားရမှာလဲကွ ” ကျင့်သိုမင်မှာ စိတ်ထဲ၌ တုန်ရီသွားကာ ချက်ချင်းပင်‌ ခေါင်းယမ်းပြလိုက်၏။

” မဖြစ်နိုင်ဘူးဆိုတာ မင်းကိုယ်တိုင်တောင် သိပါတယ်။ ကဲ အလုပ်စကား ပြောကြတာပေါ့။ မင်း ငါ့ရဲ့ အံ့ဖွယ်မြည်းလေးနဲ့ အလဲအလှယ်လုပ်ဖို့ နဝမအဆင့် ဓမ္မလက်နက်တစ်ခုကို ဘယ်တော့ ယူလာမှာလဲ ” ဝမ်ပေါင်လဲ့မှာ စိတ်မရှည်သည့် အမူအရာဖြင့် မေးလိုက်၏။ ကျင့်သိုမင်မှာ လီဝမ်အာ၏အကြောင်းမေးကာ သူ၏အနာကို တုတ်နှင့်ဆွနေသည် မဟုတ်ပါလော။ ထို့အပြင် သူတို့နှစ်ယောက်မှာ အခက်အခဲများစွာကို အတူတကွ ကျော်ဖြတ်ခဲ့ကြသည်လည်း ဖြစ်သည်။ ထို့ကြောင့် သူတို့၏ကြားမှ ဆက်ဆံရေးမှာ ပို၍ ချောမွေ့ပြေပြစ်လာပြီဖြစ်ရာ ယခုလို ကြုံသလို စကားလမ်းကြောင်းလွှဲလိုက်လည်း ကိစ္စမရှိတော့ပေ။

ဝမ်ပေါင်လဲ့မှာ သူ၏မြည်းလေးအကြောင်း စကားစပြန်ဆက်လိုက်သောကြောင့် ကျင့်သိုမင်မှာ အနည်းငယ်ခန့် စိတ်ရှုပ်သွားရ၏။ သူသည် သူ၏ဘဝတစ်လျှောက်လုံး စီးပွားရေးလုပ်ငန်းများ လုပ်နေခဲ့သည် ဖြစ်ပါသော်လည်း ၎င်းမှာ သူ့အတွက် အဆိုးရွားဆုံး အပေးအယူကြီး ဖြစ်နေ၏။ ထို့ကြောင့် သူသည် လီဝမ်အာအကြောင်း ဆက်မပြောတော့ဘဲ တိုးတိုးလေး မေးလိုက်၏။

” ပေါင်လဲ့။ မင်း ဝိညာဉ်ဆန့်ကျင်ဗုံးအကြောင်း ကြားဖူးလား ”

ကျင့်သိုမင် ထိုသို့ဆိုလိုက်သည်နှင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး ခေါင်းညိတ်ပြလိုက်၏။

” ထင်သားပဲ။ ဝိညာဉ်ဆန့်ကျင်ဗုံးအကြောင်း မင်း သိနေလိမ့်မယ်လို့ ငါ တွေးထားပီးသား။ ဒီ ဝိညာဉ်ဆန့်ကျင်ဗုံးကို လသုံးစင်းမဟာမိတ်အဖွဲ့နဲ့ ပြည်ထောင်စုကြီးတို့ ပူးပေါင်းပြီး တီထွင်ထားတယ်ဆိုတာ မင်းသိလား ပေါင်လဲ့ရ။ ငါတို့တွေဆီမှာ အဲဒီဗုံးကို လေ့လာစမ်းစပ်နေတဲ့ စက်ရုံတွေ အများကြီးရှိတယ် ”

” ငါက ပြည်ထောင်စုကြီးရဲ့ ဝိညာဉ်သုတေသနဌာနကို ဖိတ်ကြားပြီးတော့ ငါတို့ရဲ့ အင်္ဂါဂြိုဟ်မြို့တော်အသစ်ထဲက ငါ့ရဲ့မြို့တော်နယ်မြေထဲမှာ ဝိညာဉ်ဆန့်ကျင်ဗုံး လေ့လာရေး စက်ရုံတစ်ခုကို တည်ဆောက်ချင်လို့ ”

” အဲဒီစက်ရုံကိုသာ တည်ဆောက်ပြီးသွားမယ်ဆိုရင် ငါတို့ရဲ့မြို့တော်အသစ်ကြီးလည်း ဂုဏ်တက်သွားမှာဖြစ်သလို လသုံးစင်းမဟာမိတ်အဖွဲ့ထဲက ငါ့ရဲ့ ရာထူးအဆင့်အတန်းကလည်း မြင့်မားသွားမှာ သေချာတယ် ” ကျင့်သိုမင်မှာ အရောင်လက်နေသော မျက်ဝန်းများဖြင့် တိုးတိုးလေး ပြောလိုက်၏။ သူသည် ထိုကိစ္စကြီးအတွက် ပြင်ဆင်နေခဲ့သည်မှာ အချိန်အတော်အတန် ကြာပြီဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။ ယခုတွင် သူသည် ဝမ်ပေါင်လဲ့၏ ခွင့်ပြုချက်ကိုသာ လိုအပ်တော့သည်ဖြစ်သည်။

” ဝိညာဉ်ဆန့်ကျင်ဗုံး လေ့လာရေးစက်ရုံတစ်ခု ဟုတ်လား ” ဝမ်ပေါင်လဲ့၏ အမူအရာမှာ တည်ကြည်သွား၏။ ထို့နောက် သူသည် မုန့်ထုပ်ကို အောက်သို့ချကာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ပြန်မေးလိုက်၏။

” ဘေးကင်းလုံခြုံမှု ရှိပါ့မလား ”

” ဘေးကင်းလုံခြုံမှုအတွက် ဘာမှစိတ်ပူနေစရာမလိုဘူး။ ငါ ကတိပေးတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် အဓိကအင်္ဂါဂြိုဟ်မြို့တော်ထဲမှာလည်း ဝိညာဉ်ဆန့်ကျင်ဗုံး လေ့လာရေးစက်ရုံတစ်ခု ရှိတယ်။ တကယ်လို့ ဘေးကင်းလုံခြုံမှုသာ မရှိဘူးဆိုရင် သူတို့က ဘယ်လိုလုပ်ပြီးတော့ တည်ဆောက်ခွင့်ရခဲ့ပါ့မလဲ ”

” ပြီးတော့ ငါ လိုအပ်တဲ့ စုံစမ်းမှုတွေပြုလုပ်ထားပြီးသား။ ပြည်ထောင်စုကြီးရဲ့ ဝိညာဉ်ဆန့်ကျင်ဗုံး လေ့လာရေးလုပ်ငန်းထဲက ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ‌ဆရာကျောက်လို့ ခေါ်တဲ့ ကျောက်ပင်ဖန်က အင်္ဂါဂြိုဟ်လေ့လာရေးစက်ရုံမှာရှိတဲ့ ဝိညာဉ်ဆန့်ကျင်ဗုံး စီမံကိန်းကို စစ်ဆေးဖို့ နောက်ထပ် ရက်အနည်းငယ်နေရင် ရောက်လာတော့မှာ။ သူက တော်တော်လေးကို အရေးပါတဲ့ လူတစ်ယောက်နော်။ ပြီးရင် သူက အင်္ဂါဂြိုဟ်ဘုရင်ခံရဲ့ တာအိုလက်တွဲဖော်ဆိုလည်း ဟုတ်တယ်။ ငါ အဲဒီစက်ရုံကို သွားရောက်လည်ပတ်ပြီးတော့ ဆရာကျောက်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုထားပြီးသား။ တကယ်လို့ သူသာ ငါတို့ရဲ့ အဆိုပြုချက်ကို လက်ခံမယ်ဆိုရင် ငါတို့ရဲ့ မြို့တော်အသစ်ထဲမှာ လေ့လာရေးစက်ရုံတစ်ခု ပေါ်ပေါက်လာဖို့ သေချာသွားပြီ ”

” ကျောက်ပင်ဖန် ဟုတ်လား။ ဘုရင်ခံရဲ့ လက်တွဲဖော်ရဲ့ မျိုးရိုးနာမည်က ‘ ကျောက် ‘ လားဟ ” ဝမ်ပေါင်လဲ့မှာ အထူးတဆန်းနှင့် မေးလိုက်၏။

” ဟုတ်တယ်။ အဲဒီ ဆရာကျောက်ဆိုတဲ့လူက ကမ္ဘာပေါ်မှာပဲ နေတာများတယ်။ အခု မင်းပြောမှ ငါသတိထားမိတယ်။ ပြည်ထောင်စုဥက္ကဋ္ဌကြီးထောင်မှ သူတို့ဇနီးမောင်နှံကို တလေးတစား ဆက်ဆံရတာ။ တစ်ယောက်က အင်္ဂါဂြိုဟ်ကို တာဝန်ယူထားရပြီတော့ တခြားတယောက်ကလည်း ဝိညာဉ်ဆန့်ကျင်ဗုံး လေ့လာရေးအဖွဲ့ထဲက ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေတာကိုးကွ ” ကျင့်သိုမင်က သက်ပြင်းချကာ ဆိုလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ဖျတ်ခနဲ ကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ထပ်ပြောလိုက်ပြန်သည်…

” သူတို့ဆီမှာ သမီးတစ်ယောက်ရှိတယ် … “

Comment

Leave a Reply

Options

not work with dark mode
Reset