အခန်း (၃) : ငါလေးက အရမ်းကို ကံဆိုးနေတာများလား
ရှန်ထျန်းက လေသံမာမာနှင့် မေးခွန်းထုတ်လိုက်သည်။
“ဘာလဲ… မင်းက အခု မင်းသားတစ်ပါးဖြစ်တဲ့ ငါ့ကို အာခံနေတာလား”
“ကျွန်တော်မျိုး လာပါပြီ… အရှင့်သား”
ကုန်းကုန်းလေးခမျာ တုန်တုန်ယင်ယင်နှင့် ရှန်ထျန်းရှေ့မှာ အမြန်ဒူးထောက်ချလိုက်ပြီး ရှန်ထျန်းအား ဦးညွှတ်လိုက်သည်။
ဘုရင်မင်းမြတ်၏ ချစ်ခင်ခြင်းကို မခံရတော့သော်လည်း ရှန်ထျန်းက မင်းသား(၁၃) ဖြစ်နေသေးသည် မဟုတ်ပါလား…
အမိန့်မနာခံခြင်းနှင့် တော်ဝင်အဆင့်အတန်းမြင့်သူများအား မလေးမစားပြုခြင်းတို့က နန်းတွင်းထဲတွင် ကြီးမားသည့်ပြစ်မှု မြောက်လေသည်။
ရှန်ထျန်းက ကျေနပ်သွားကာ မေးလိုက်သည် “မင်းနာမည်ကို ပြောစမ်းပါဦး”
ကုန်းကုန်းလေးက အမြန်ပြန်ဖြေလိုက်သည် “ကျွန်တော်မျိုးက ချင်ကောင်းပါ… ကျွန်တော်မျိုးကို “ကောင်း” လို့ပဲ ခေါ်လို့လည်း ရပါတယ်… အရှင့်သား”
ချင်ကောင်းတဲ့လား…
ကြားရတာတော့ အထင်ကြီးစရာ ကုန်းကုန်းတစ်ယောက်ရဲ့ နာမည်မျိုးပဲ…
ရှန်ထျန်းက ခဏတွေးလိုက်ပြီးနောက် ပြောလိုက်သည် “ခေါင်းကိုမော့ပါဦး… ဘယ်လိုရုပ်ရည်လဲဆိုတာ ကြည့်ရအောင်”
ချင်ကောင်းမှာ ထိတ်လန့်သွားသည်။ တော်ဝင်အဆင့်အတန်းမြင့်သူ တချို့က အမျိုးသမီးများကို ပျင်းရိငြီးငွေ့လာကြလျှင် သူ့လိုမျိုး ရုပ်ရည်ကြည့်ကောင်းသည့် လူငယ်လေးတွေအပေါ် အသစ်အဆန်းရှာကာ စိတ်ဝင်စားတတ်ကြသည်ဟု ကြားဖူးသည်။
ဒါဆို မင်းသား(၁၃)ကလည်း အဲ့လိုလူတွေထဲကလား…
ဒီအတွေးက ချင်ကောင်းအား ကြောက်လန့်သွားစေသည်။
သူက တုန်တုန်ယင်ယင်ဖြင့် ခေါင်းလေးကို ဖြည်းဖြည်းချင်း မော့လိုက်သည်။
ရှန်ထျန်းက သူ့မျက်နှာကို သေသေချာချာ ကြည့်လိုက်သည်။ ထို့နောက် ရှန်ထျန်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုအပြည့်နှင့် အရောင်လက်သွားသည်။
ချင်ကောင်းမှာ ပို၍ပင် စိုးရိမ်လာမိသည်။
“အရှင့်သား… ဒီကုန်းကုန်းလေးက တစ်ခုခု အမှားလုပ်ထားမိတာမျိုး ရှိလို့လား” ကွေ့ကုန်းကုန်း၏ အသံက ရှန်ထျန်း၏ အတွေးတို့ကို ပြတ်သွားစေသည်။
တကယ်တော့ ရှန်ထျန်းက ချင်ကောင်း၏ မျက်နှာကို ကြည့်နေခြင်းမဟုတ်ဘဲ သူ့ရောင်ဝါစက်ဝန်းကို ကြည့်နေခြင်း ဖြစ်သည်။
ချင်ကောင်း၏ ရောင်ဝါစက်ဝန်းကို ကြည့်နေစဉ်၌ ရှန်ထျန်းက ထိုအထဲမှ ရုပ်ပြပုံတစ်ခုကို သတိပြုမိသွားသည်။
ရုပ်ပုံက နန်းတွင်းထဲရှိ တော်ဝင်စာကြည့်တိုက်၏ တံခါးမကြီးမှ အစပြုလာသည်။
ထို့နောက် စာကြည့်တိုက် အတွင်းပိုင်းသို့ ပြောင်းသွားသည်။ ရုပ်ပုံက စာအုပ်တွေ အများကြီးကို ကျော်ဖြတ်လာကာ အရှေ့တောင်ထောင့်သို့ ရောက်သွားသည်။ ထို့နောက် “မီးတိုင်းပြည်၏ သမိုင်းကြောင်း” ဆိုသည့် စာအုပ်ကို စူးစူးစိုက်စိုက် ပြသနေသည်။
ရုပ်ပုံက ထိုနားတွင် ခဏရပ်နေပြီးမှ ပျောက်သွားသည်။
မီးတိုင်းပြည်၏ သမိုင်းကြောင်း စာအုပ်ထဲတွင် လျို့ဝှက်ချက်တစ်ခုခု ပါနေရမည်ဟု ရှန်ထျန်းက ယုံကြည်သည်။
ဒီဟာက ချင်ကောင်း၏ ခေါင်းပေါ်က အနီရောင် ရောင်ဝါစက်ဝန်းနှင့် တစ်နည်းနည်းတော့ ပတ်သက်နေလိမ့်မည်။
ဒါက အနာဂတ်ကို ကောင်းသောပြောင်းခြင်းနဲ့ ပြောင်းလဲသွားစေမယ့် ချင်ကောင်းရဲ့ ကံအပြောင်းအလဲ အခွင့်အရေးများလား… တကယ်လို့ ငါသာ ဒီကုန်းကုန်းထက်အရင် ဒီစာအုပ်ကို ယူနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့အခွင့်အရေးက ငါ့အခွင့်အရေး ဖြစ်သွားလောက်မယ် ထင်တယ်…
ရှန်ထျန်းက သူ့ဘာသာသူ တွေးလိုက်သည်။ သည်လိုလုပ်တာက စက်ဆုပ်စရာကောင်းသည်ဟု သူက မတွေးပေ။ အသင့်တော်ဆုံးလူကသာ အသက်ရှင်နိုင်မည်။ ဤသည်က ကျင့်ကြံရေးကမ္ဘာ၏ စည်းမျဉ်းဖြစ်သည်။ တအားကို တုံးတာဖြူစင်လွန်းနေလျှင် အကျိုးဆက်က သေရေးရှင်ရေး ဖြစ်လာနိုင်သည်။
ဒီအခွင့်အရေးက ရှန်ထျန်း စိတ်ဝင်တစား အာရုံစိုက်နေသည့် အဓိကပြဿနာတော့ မဟုတ်ပေ။ သူ့အနေနှင့် သူ့ကံကြမ္မာကို ပြောင်းလဲရန် နည်းလမ်းတစ်ခုခုကို ရှာဖို့ လိုနေသည်။ မဟုတ်ပါက သူ ဆိုးဆိုးရွားရွား သေဆုံးဖို့ သေချာနေပြီလေ…
…………………
“ဒါပဲ ပြီးပြီ… မင်း ထွက်သွားလို့ရပြီ”
ရှန်ထျန်းကလည်း လှည့်ထွက်ကာ တော်ဝင်စာကြည့်တိုက်ဆီသို့ အမြန် သွားလိုက်တော့သည်။
မီးတိုင်းပြည်၏ တော်ဝင်စာကြည့်တိုက်က နန်းတွင်း၏ အလယ်ပိုင်းတွင် တည်ရှိသည်။ ထိုနေရာတွင် များစွာသော ရှားပါးစာအုပ်များကို ရှာတွေ့နိုင်သည်။
အဆင့်မြင့် ကျင့်ကြံရေးကျင့်စဉ်များ ပါဝင်နေသည့်စာအုပ်များကိုမူ စာကြည့်တိုက်၏ အချက်အချာနေရာတွင် သိမ်းဆည်းထားကာ အဆင့်မြင့် ကျင့်ကြံသူများက သေချာစောင့်ကြပ်နေကြသည်။
မီးတံဆိပ်ပြားသာ မရှိခဲ့ပါက ရှန်ထျန်းလို မင်းသားတစ်ပါးပင် ထိုစာအုပ်များကို ဖတ်ရှုခွင့် မရှိချေ။
ကံကောင်းသွားသည်မှာ ဒီမီးတိုင်းပြည်၏ သမိုင်းကြောင်းစာအုပ်မှာ သာမန်သမိုင်းစာအုပ်တစ်အုပ် ဖြစ်နေခြင်းပင်။
ရှန်ထျန်းက ရုပ်ပုံထဲက လမ်းကြောင်းအတိုင်း သွားလိုက်သောအခါ စာအုပ်အား ချောချောချူချူပင် ရှာတွေ့သွားသည်။
စာအုပ်မှာ (၁၀)စင်တီမီတာခန့် ထူကာ ဖုန်အဖွေးသားနှင့် ဖြစ်နေပြီး ကြည့်ရသည်မှာလည်း အိုအောင်းနေသည်။ တခြားစာအုပ်များနှင့် နှိုင်းယှဉ်ကြည့်ပါက အာရုံမဖမ်းစားနိုင်ပေ။ သို့သော်လည်း ထိုထဲတွင် လျို့ဝှက်ချက်တချို့ ပါကိုပါနေရမည်ဟု ရှန်ထျန်းက ယုံကြည်သည်။
အခု ငါလေး စာအုပ်ရလာပြီဆိုတော့ ငါလေးရဲ့ ကံဇာတာလည်း သေချာပေါက် ပြောင်းလဲသွားတော့မှာပဲ…
ရှန်ထျန်းက သူ့အိတ်ကပ်ထဲမှ ကြေးမုံကို ထုတ်ယူကာ ကြည့်လိုက်သည်။
အင်း… ထုံးစံအတိုင်း ချောမြဲချောဆဲပဲ…
ပြီးတော့… ရောင်ဝါစက်ဝန်းကလည်း မပြောင်းမလဲ နက်မြဲနက်ဆဲပဲ…
ရှန်ထျန်းတစ်ယောက် စိတ်ပျက်သွားသည်။
ဒါဆို… စာအုပ်ကို ရလာရုံနဲ့ မလုံလောက်သေးဘူးဆိုတဲ့ သဘောလား… ငါ့ကံဇာတာကို ပြောင်းဖို့ဆိုရင် စာအုပ်ကနေ သဲလွန်စရှာဖို့ လိုသေးတာများလား…
ရှန်ထျန်းက စာအုပ်ကို အမြန်ငှားကာ တော်ဝင်စာကြည့်တိုက်မှ ထွက်လာလိုက်သည်။
…………………
ဒီရက်တွေအတွင်း ရှန်ထျန်းက အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားသည်။ သူ့လှုပ်ရှားမှုနယ်ပယ်က သူ့အိပ်ယာ ပတ်ပတ်လည်သာ ရှိသည်။ အခန်းထဲကနေ လုံးဝ ထွက်မလာပြန်တော့ပေ။
တစ်ခုတည်းသော ခြားနားချက်မှာ အခုတစ်ခေါက်တွင် ရှန်ထျန်းက ပျင်းစရာကောင်းလှသည့် မီးတိုင်းပြည်၏ သမိုင်းကြောင်းစာအုပ်ကို ထပ်တလဲလဲ ဖတ်နေခြင်းပင်။
သည်လိုလုပ်နေရတာက ရှန်ထျန်းအတွက် တော်တော်လေး ခက်ခဲပင်ပန်းလှသည်။ စာအုပ်ထဲမှ အသုံးဝင်သည့် သဲလွန်စ တစ်စုံတစ်ရာမှ မရနိုင်သေးဘဲ ဖြစ်နေသည်။ ထို့အပြင် စာအုပ်က ပျင်းစရာကောင်းလွန်းသည်။ ရုပ်ပုံလည်း မပါသလို ဇာတ်ကွက်ကောင်းကောင်းလည်း မပါပေ။ စာလုံးများကလည်း ပြွတ်သိပ်ကျပ်ညပ်နေသေးသည်။
နှစ်ပေါင်းများစွာ ထောင့်တစ်နေရာမှာ အပစ်ခံထားရသည်မှာ မထူးဆန်းတော့ပေ။
ချင်ကောင်း၏ ရောင်ဝါစက်ဝန်းမှ ရုပ်ပုံများကို မမြင်ထားပါက ရှန်ထျန်းက ဒီလိုစာအုပ်မျိုးကို ဘယ်တော့မှ ထိမည်မဟုတ်ပေ။
ဒီစာအုပ်ထဲက လျို့ဝှက်ချက်ကို ရှာတာတောင် ရှာမတွေ့နိုင်တဲ့အထိ ငါလေးက အရမ်းကို ကံဆိုးနေတာများလား…
ဒီလိုလည်း မဖြစ်နိုင်လောက်ပါဘူးလေ…
“အရှင့်သား… အရှင့်သား အခန်းထဲအောင်းနေတာ သုံးရက် ရှိနေပါပြီ”
ကွေ့ကုန်းကုန်းက ရှန်ထျန်းအတွက် အလွန်ပင် စိုးရိမ်နေမိသည်။
“ဒီစာအုပ်ကို ဖတ်နေတာလည်း အခေါက်ပေါင်း မနည်းတော့ဘူး… အပြင်ထွက်ပြီး အညောင်းပြေ အညာပြေ လမ်းလေးဘာလေး မလျှောက်ချင်ဘူးလား”
ရှန်ထျန်းက ခေါင်းခါပြလိုက်သည်။ စာအုပ်ထဲမှ လျို့ဝှက်ချက်ကို မသိရမချင်း နန်းဆောင်ထဲကနေ သူ လုံးဝ ထွက်မည် မဟုတ်ပေ။
သူ့လက်ရှိ ကံဇာတာအရ စာအုပ်ကိုသာ မျက်စိအောက်က အပျောက်ခံလိုက်ပါက စာအုပ်ပါ တစ်ခါတည်း ပျောက်သွားနိုင်ချေ အင်မတန်ကို များနေလေသည်။
ထိုစွန့်စားမှုမျိုးကို သူ မလုပ်ရဲပေ။
…………………
သုံးနာရီကြာပြီးနောက်…
မီးတိုင်းပြည်၏ သမိုင်းကြောင်းစာအုပ်ကို ရှန်ထျန်း နောက်တစ်ခေါက် ထပ်ဖတ်လိုက်ပြန်သည်။ အကြောင်းအရာများက ပို၍ ပျင်းစရာကောင်းလာသည်မှလွဲ၍ တခြားဘာမှ ရှာမတွေ့သေးပေ။
နောက်ဆုံးတော့ ရှန်ထျန်းတစ်ယောက် ပင်ပန်းလာကာ သူ၏ ဆိုးလှသည့်ကံဇာတာကို လက်မြှောက် အရှုံးပေးလိုက်လေတော့သည်။
တခြားတစ်ယောက်ယောက်ကို ဖတ်ခိုင်းလိုက်ရင်ကော…
“ဦးလေးကွေ့… ဒီစာအုပ်ကို တစ်ချက်လောက် လာကြည့်ကြည့်ပါဦး”
ရှန်ထျန်းက ကွေ့ကုန်းကုန်းဆီသို့ စာအုပ်ကို ပေးလိုက်သည်။
“ဒီစာအုပ်က ကျွန်တော့်ကံကြမ္မာကို ပြောင်းလဲဖို့အတွက် အခွင့်အရေးတစ်ခုခု ပေးလိမ့်မယ်လို့ ခံစားနေရတယ်ဗျ”
“ဒီစာအုပ်ထဲမှာ အခွင့်အရေးတစ်ခုခု ရှိနေတာလား”
ကွေ့ကုန်းကုန်းက မယုံကြည်ပေ။ သူက မင်းသား(၁၃)ကို လေးစားယုံကြည်သော်လည်း သူ့မင်းသားလေး ဘယ်လောက် “ကံကောင်း” သလဲဆိုတာ သူအသိဆုံး ဖြစ်သည်။
မင်းသားလေးက တော်ဝင်စာကြည့်တိုက်ကနေ တွေ့ကရာစာအုပ်ကို ငှားလာတယ်… ပြီးတော့ ဒီစာအုပ်ထဲမှာ လျို့ဝှက်ချက်တွေ ရှိနေတယ် ဟုတ်လား…
ဟုတ်လိမ့်မယ် အားအားကြီး…
“အရှင့်သားက အဲ့လိုပြောနေမှတော့ ကျွန်တော်မျိုး ကြည့်ကြည့်လိုက်ပါ့မယ်”
ကွေ့ကုန်းကုန်းက အသုံးဝင်လောက်မည့်အရာကို ရှာတွေ့နိုင်လိမ့်မည်ဟု မယုံကြည်ပေ။ သို့ပေသည့် ကွေ့ကုန်းကုန်းက အမိန့်ကို နာခံကာ စာအုပ်ကို ဂရုတစိုက် ဖတ်ကြည့်လိုက်လေသည်။
မကြာမီ… ကွေ့ကုန်းကုန်းက အံ့သြသွားလေ၏။
“အိုး… ဘုရားရေ… ဒီစာအုပ်ထဲမှာ တကယ်ကို တစ်ခုခု ရှိနေတာပဲ”
ရှန်ထျန်းတစ်ယောက် ပြောစရာ စကားမရှိ ဆွံ့အသွားရသည်။
ဝမ်းသာရမလား ဒါမှမဟုတ် စိတ်ပျက်ရမလား ဆိုတာကို သူလည်း သေချာမသိတော့ပေ။
သူ့မှာ ဒီစာအုပ်ကို ရက်ပေါင်းများစွာ အချိန်ကုန်ခံပြီး ရှာဖွေခဲ့ပေမဲ့ ထူးထူးခြားခြားဆိုလို့ ဘာမှမတွေ့နိုင်ခဲ့ဘူးလေ…
ကွေ့ကုန်းကုန်းကျတော့ မိနစ်အနည်းငယ်လောက်ပဲ ဖတ်ရသေးတဲ့ဟာကို ရှာတွေ့သွားတယ်တဲ့လား…
တကယ်ကြီးလား…
good
good
good
good
good
Good