ကျောက်စိမ်းပြားကိုလွှင့်ပစ်လိုက်ပြီး ရွှီရှောင်ရှန်းပြန်လည်ထွက်ခွာသွားလေသည်။ ဂိုဏ်းသို့ပြန်ရောက်သည်နှင့် စက္ကူအဆောင်လက်ဖွဲ့များဝယ်ရန်အတွက် သူ၏အဖေနှင့်အမေထံမှ ငွေကြေးများများစားစားတောင်းမည်ဟု ဆုံးဖြတ်ထားလေ၏။ နောင်တစ်ချိန်ကျလျှင် မှော်ပစ္စည်းများအသုံးမပြုပဲ စက္ကူအဆောင်လက်ဖွဲ့များအသုံးပြုပြီး နာမည်ကျော်ကြားလာအောင်လုပ်မည်ဖြစ်သည်။ စက္ကူအဆောင်လက်ဖွဲ့များအသုံးပြုခြင်းသည် ပိုပြီးအထင်ကြီးလေးစားဖွယ်ကောင်းသည်ဟု သူထင်နေသည်။
ရွှီရှောင်ရှန်းသည် မွေးကတည်းကချမ်းသာကြွယ်ဝလာသူဖြစ်သည်။ ဂိုဏ်းက သူ့အပေါ်ဘယ်လိုမြင်သည်၊ ဘယ်လိုထင်သည်ကို စိတ်မဝင်စား။ တစ်စုံတစ်ယောက်ကို သဘောကျနှစ်သက်ပါက ထိုသူနှင့်မိတ်ဆွေဖွဲ့မည်၊ သဘောမကျမနှစ်သက်ပါက ချောင်းရိုက်ချင်ရိုက်မည်။ ပိုင်ရှောင်ချန်းကိုမူ သူသဘောကျနှစ်သက်သည်ဟု ထုတ်မပြောချင်။ သို့သော် သူ့စိတ်ထဲမှာတော့ သဘောကျနှစ်သက်လျက်ရှိသည်။
သူသည် ပိုင်ရှောင်ချန်းနှင့်သာရင်ဆိုင်တိုက်ခိုက်ရမည်ဆိုပါက နည်းနည်းလေးမှတုံ့ဆိုင်းမနေပဲ ပိုင်ရှောင်ချန်း၏မြေစီးကြောင်းဆွဲငင်သလင်းကျောက်ကို လုယူပစ်မည်ဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းနှင့်တိုက်ခိုက်ရလျှင် သူမနိုင်နိုင်သောကြောင့် ပိုင်ရှောင်ချန်းကို လိမ်ညာပေါင်းပြီး မြေစီးကြောင်းဆွဲငင်သလင်းကျောက်ကိုယူခြင်းက ပိုကောင်းပေမည်ဟု သူဆုံးဖြတ်လိုက်သည်။
ကျောက်စိမ်းပြားကို ပိုင်ရှောင်ချန်းဆုပ်ကိုင်လိုက်သည်နှင့်တပြိုင်နက် နှစ်သက်ပျော်ရွှင်ဖွယ်ခံစားမှုတစ်ခု သူ့ထံသို့စီးဝင်လာသည်။ ခြေကုန်လက်ပန်းကျနေခြင်းမှာချက်ချင်းပျောက်ကွယ်သွားပြီး အရာအားလုံးကိုရှင်းရှင်းလင်းလင်းမြင်ရလာသည်။ ထိုခံစားချက်သည် ရေအောက်ကိုရောက်နေပြီး အသက်ရှူမရဖြစ်နေရာမှ ရုတ်တရက်လေပေါ်သို့ပြန်ရောက်သွားသလိုခံစားချက်မျိုးဖြစ်သည်။
သို့သော်လည်း ရွှီရှောင်ရှန်းက ကျောက်စိမ်းပြားကိုအလွယ်တကူပေးလိုက်ခြင်းသည် ထူးဆန်းနေပြီးလုံးဝထင်မှတ်မထားပေ။ မိနစ်ပိုင်းမျှစဥ်းစားနေမိပြီးနောက် ရွှီရှောင်ရှန်းသည် သူ့အပေါ်တစ်နည်းနည်းနဲ့တော့ ကလိမ်ကကျစ်ကျလိမ့်မည်ဟု သူသိလိုက်သည်။ ရွှီရှောင်ရှန်းဝေးဝေးမရောက်မီပင် ပိုင်ရှောင်ချန်းကအော်ခေါ်လိုက်ကာ “နေပါဦး။ သူများတွေအပေါ်အခွင့်အရေးယူရတာကို ကျုပ်သဘောမကျဘူး။ အပြန်အလှန်အနေနဲ့ ဒီရတနာလေးနှစ်ခုကိုပြန်ပေးပါရစေ။” ဟုလှမ်းအော်ပြောလိုက်သည်။
သူ၏ထည့်စရာအိတ်ကိုရိုက်ပုတ်လိုက်ကာ အိတ်ထဲမှ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှစ်ကြိမ်ပြုလုပ်ပြီးသားဓားပျံနှစ်ချောင်းကိုထုတ်လိုက်လေ၏။ ထူးဆန်းသောဆေးလုံး၏နောက်ဆုံးလက်ကျန်အငွေ့အသက်များကို ထိုဓားနှစ်ချောင်းပေါ်တွင် တိတ်တဆိတ်ဖြန့်လိုက်ကာ ဓားများကိုပစ်ပေးလိုက်လေသည်။
“သူတို့ကသိပ်တော့တန်ဖိုးမရှိပေမယ့်… အသုံးတည့်လာမှာပါ။”
စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှစ်ကြိမ်ပြုလုပ်ပြီးသောဓားများ ရွှီရှောင်ရှန်းဆီသို့ပျံဝဲလာလေ၏။ ဓားများကိုလှမ်းဖမ်းလိုက်ရင်းက ရွှီရှောင်ရှန်းမျက်လုံးများပြူးကျယ်သွားရလေသည်။
“စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှစ်ကြိမ်…” သူကတွေးလိုက်သည်။
“ဒီဓားတွေကိုလွယ်လွယ်ကူကူလေးပေးလိုက်တယ်။ အသုံးတည့်မှာပါတဲ့။ “
စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှစ်ကြိမ်ပြုလုပ်ထားသောမှော်ပစ္စည်းများကို တန်ဖိုးကြီးပစ္စည်းများဟု မသတ်မှတ်သော်လည်း ချီစုစည်းမှုကျင့်ကြံသူများအကြားတွင်ရှားပါးပစ္စည်းများဖြစ်လေသည်။ ပိုင်ရှောင်ချန်းသည် ထိုဓားနှစ်ချောင်းကို ပေါ့ပေါ့ပါးပါးပင်ပစ်ပေးလိုက်လေရာ သူ၏အိတ်ထဲတွင်ထိုထက်တန်ဖိုးကြီးသောပစ္စည်းများ ဘယ်လောက်များများရှိနေမှန်း ခန့်မှန်း၍ရပေသည်။
ပိုင်ရှောင်ချန်းထံမှသင်ယူစရာတွေများစွာရှိနေသေးမှန်း ရွှီရှောင်ရှန်းချက်ချင်းသဘောပေါက်လိုက်လေသည်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသောပစ္စည်းများကို ထမင်းစားရေသောက်ပေးကမ်းစွန့်ကြဲခြင်းမျိုးသည် လူတစ်ယောက်ကိုပို၍လေးစားအထင်ကြီးစေသောနည်းမှန်း သူသဘောပေါက်သွားလေ၏။ ရွှီရှောင်ရှန်းသည် ပိုင်ရှောင်ချန်းကို ပို၍အနီးကပ်လေ့လာနေလိုက်ကာ ပို၍လည်းသဘောကျနှစ်သက်နေလေပြီ။ သူသည် သက်ပြင်းတစ်ချက်ချလိုက်သည်။
“ကောင်းပြီ။ ဒီမယ် ပိုင်ရှောင်ချန်း။ မင်းက ကျုပ်အပေါ်ကောင်းတဲ့အတွက်ကြောင့် မင်းအပေါ် ကလိမ်ကကျစ်ကျဖို့ကြိုးစားမိခဲ့တဲ့အတွက် ကျုပ်စိတ်မကောင်းပါဘူး။ အဲဒီကျောက်စိမ်းဆွဲပြားကို သူ့အတိုင်းသုံးရင် သိပ်အသုံးမဝင်ဘူး။ အမွှေးတိုင်တစ်တိုင်ထွန်းစာလောက်ကြာပြီးရင် သူ့အစွမ်းတွေကပျောက်ကွယ်သွားပြီး ဘေးထွက်ဆိုးကျိုးတွေတောင်ရှိလာနိုင်တယ်။” သက်ပြင်းထပ်ချလိုက်ပြီး နောက်ထပ်ကျောက်စိမ်းဆွဲပြားတစ်ပြားကို ပိုင်ရှောင်ချန်းဆီသို့ပစ်ပေးလိုက်သည်။ “ဒီကျောက်စိမ်းနှစ်ပြားကိုတွဲသုံးရင် အဆိပ်ဝိညာဥ်ကျိန်စာကို အချိန်တော်တော်ကြာပျက်ပျယ်စေလိမ့်မယ်။”
ဒုတိယကျောက်စိမ်းပြားကို လှမ်းဖမ်းလိုက်ရင်းက ပိုင်ရှောင်ချန်းသည် ရွှီရှောင်ရှန်း၏ကောက်ကျစ်စဥ်းလဲပြီးဉာဏ်နီဉာဏ်နက်များပုံကို မျက်မှောင်ကြုတ်လိုက်လေသည်။ ရွှီရှောင်ရှန်းပြန်လည်ထွက်ခွာသွားသည်ကို ငေးကြည့်နေရင်းက ပိုင်ရှောင်ချန်းသည် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ရွှီရှောင်ရှန်းသည် လူယုတ်မာတစ်ယောက်တော့မဟုတ်ဟု တွေးနေလိုက်မိသည်။ အံကိုကြိတ်ကာ ပိုင်ရှောင်ချန်းက “ဟေး… နေပါဦး။ ကောင်းပြီ… ကျုပ်ပြောမယ်ရွှီရှောင်ရှန်း။ မင်းကကျုပ်အပေါ်ကောင်းတဲ့အတွက်ကြောင့် ကျုပ်လည်းကလိမ်ကကျစ်ကျမိတာစိတ်မကောင်းဖြစ်သွားပြီ။ အဲဒီဓားပျံနှစ်ချောင်းကို ကျုပ်ကိုပြန်ပေးပါ။” ဟုအော်ပြောလိုက်သည်။
ရွှီရှောင်ရှန်းသည် သွားနေရာမှရပ်တန့်လိုက်ကာ သူ၏မျက်လုံးများ ပြူးကျယ်လာလေ၏။ ဓားပျံနှစ်ချောင်းကိုထုတ်ယူလိုက်ပြီး သေချာစွာလေ့လာကြည့်ရှုလိုက်သော်လည်း ထူးခြားမှုတစ်စုံတစ်ရာမတွေ့ရပေ။ သို့သော်လည်း ထိုဓားနှစ်ချောင်းကိုဆက်မကိုင်ထားရဲသောကြောင့် ပိုင်ရှောင်ချန်းဆီသို့ ပြန်ပစ်ပေးလိုက်လေ၏။
ပိုင်ရှောင်ချန်းသည် လည်ချောင်းရှင်းကာ နောက်ထပ်ဓားနှစ်ချောင်းကိုထုတ်ယူလိုက်ပြီး ရွှီရှောင်ရှန်းဆီသို့ပြန်ပစ်ပေးလိုက်လေသည်။
ရွှီရှောင်ရှန်းသည် ထူးဆန်းသောမျက်နှာပေးဖြင့် ပိုင်ရှောင်ချန်းကိုစိုက်ကြည့်နေလေ၏။ ပထမဓားတစ်စုံကို ဘာတွေစီရင်ထားသလဲသူစဥ်းစားမရပေ။ သို့သော် ပိုင်ရှောင်ချန်းနှုတ်ဆိတ်နေပုံကိုထောက်ရင်တော့ ထိုဓားနှစ်စုံသည် သူ့ကိုဘေးအန္တရာယ်ဖြစ်စေနိုင်သည်မှာ သေချာသလောက်ဖြစ်ပေသည်။
ပိုင်ရှောင်ချန်းသည် ရွှီရှောင်ရှန်းကိုကြည့်နေရင်းက မျက်စိပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေသည်။
မိနစ်အနည်းငယ်မျှကြာသောအခါ ရွှီရှောင်ရှန်းသည် မျက်လုံးများအရောင်တောက်လာပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ အစောပိုင်းတုန်းက သူသည်ပိုင်ရှောင်ချန်းကို သဘောကျစပြုနေခဲ့သော်လည်း ယခုအခါတွင်မူ လုံးဝသဘောကျသွားလေပြီ။
” မင်းနဲ့အဆင်ပြေပြေပြောဆိုဆက်ဆံနေသလိုမျိုး ကျုပ်ကလူတွေနဲ့ပြောဆိုဆက်ဆံလေ့သိပ်မရှိဘူး။ ကောင်းပြီ… ဒီမယ် ပိုင်ရှောင်ချန်း… အဲဒီကျောက်စိမ်းဆွဲပြားနှစ်ပြားနဲ့ တွဲသုံးရတဲ့မန္တန်တစ်ပုဒ်ရှိတယ်။ မန္တန်နဲ့တွဲသုံးမှသာ ဒီကျောက်စိမ်းနှစ်ပြားကို သင့်တင့်လျောက်ပတ်စွာအသုံးပြုလို့ရနိုင်တယ်။ မန္တန်မပါဘူးဆိုရင် အဆိပ်ဝိညာဥ် ကနေကာကွယ်ဖို့အတွက် အလင်းရောင်စက်ကွင်းတစ်ခုကို ကျောက်စိမ်းနှစ်ပြားကထုတ်ပေလိမ့်မယ်။ ဒါပေမယ့် အချိန်တစ်ခုကြာရင် အလင်းရောင်ဟာမှေးမှိန်ပျောက်ကွယ်သွားပြီး မင်းရဲ့ကျင့်ကြံခြင်းအခြေခံ ပိတ်ဆို့သွားမယ်။ အဲ့လိုဆိုရင်နောက်တစ်လလုံး မင်းအစွမ်းထုတ်ဖော်လို့ ရမှာမဟုတ်ဘူး ” ရွှီရှောင်ရှန်းသည် ခနဲ့တဲ့တဲ့ပြုံးလိုက်ရင်းက ကျောက်စိမ်းပေလွှာတစ်ခုကို ပိုင်ရှောင်ချန်းဆီသို့ပစ်ပေးလိုက်သည်။
“မင်းက အတော်ကလိမ်ကကျစ်ကျတဲ့လူပဲ” အံ့သြတုန်လှုပ်သွားလျက် ပိုင်ရှောင်ချန်းကပြောသည်။ အကယ်၍ အခြေခိုင်မာခြင်းအဆင့်သို့ရောက်အောင်ကျင့်ကြံနေစဥ်အတွင်းသာ ဤကျောက်စိမ်းဆွဲပြားများကိုအသုံးပြုမိပါက သူ၏ကျင့်ကြံခြင်းအခြေခံပိတ်ဆို့သွားပြီး အချိန်တစ်လအလဟဿဆုံးရှုံးသွားမည်ဖြစ်သည်။ အခြေခိုင်မာခြင်းအဆင့်သို့ရောက်နိုင်မည့်အခွင့်အရေးကိုပင် ဆုံးရှုံးသွားနိုင်သည်။
“မင်းလည်းတူတူလောက်ပါပဲ…” ရွှီရှောင်ရှန်းက ပြန်ပြောလိုက်သည်။ ထို့နောက် ခြောက်ကပ်ကပ်ချောင်းဆိုးလိုက်ကာသူက “ကဲ… ကျုပ်ကသွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက၊ မင်းကစိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက။ ကျုပ်တို့က ရန်ဘက်ဂိုဏ်းသားတွေပဲ။” ထိုသို့ပြောနေစဥ်တွင် သူသည်မကြုံစဖူး ရိုးရိုးသားသားပြောဆိုနေခြင်းဖြစ်သည်။ သူသည် ပိုင်ရှောင်ချန်းလိုလူမျိုးနှင့် ယခင်ကတစ်ကြိမ်မှမဆုံဖူးချေ။
“ကောင်းပြီ…” ပိုင်ရှောင်ချန်းကဆိုသည်။ “မင်းဘက်ကရိုးရိုးသားသားပြောလာမှတော့ ကျုပ်လည်းကလိမ်ကကျစ်မကျတော့ပါဘူး။ မင်းကျုပ်ကိုတိုက်ခိုက်တုန်းကသုံးခဲ့တဲ့မှော်ပစ္စည်းတွေပေါ်မှာ အဆိပ်ဝိညာဥ် တွေကိုဆွဲဆောင်နိုင်တဲ့ဆေးဝါးအနံ့အသက်လေးတွေ ကျုပ်ဖျန်းပေးလိုက်တယ်။” အနေရခက်နေသည့်ပုံဖြင့် အသံကိုနှိမ့်လိုက်ပြီးဆက်၍ “မင်းရဲ့အဝတ်အစားတွေကိုလည်း လဲပစ်သင့်တယ်။” ဟုပြောလိုက်သည်။
ရွှီရှောင်ရှန်း၏မျက်လုံးများ အဆမတန်ပြူးကျယ်သွားလေသည်။ သူ၏ထည့်စရာအိတ်နှင့် အဝတ်အစားများကို အလျင်အမြန်စစ်ဆေးပြီးနောက် သူသည်ပိုင်ရှောင်ချန်းကို အံကြိတ်လျက်ကြည့်ကာ “မင်း… မင်း… ။ မင်းက လုံးဝကိုအရှက်မရှိတာပဲ။”
“မင်းလည်းအရှက်မရှိတဲ့ကောင်ပဲ…” ပိုင်ရှောင်ချန်းက စိန်းစိန်းဝါးဝါးပြန်ကြည့်လျက်ပြောလိုက်သည်။
သူတို့နှစ်ယောက်သည် အချိန်အတော်ကြာအောင်အပြန်အလှန်စိုက်ကြည့်နေကြပြီး နှစ်ယောက်စလုံးဟက်ဟက်ပက်ပက်ရယ်မောလိုက်ကြသည်။
“ကျုပ်တို့မကြာခင်ပြန်တွေ့ကြဦးမယ်လို့မျှော်လင့်ပါတယ်။” ရွှီရှောင်ရှန်းက ရိုးသားစွာဆိုသည်။ ထို့နောက် လှည့်ထွက်သွားလေတော့သည်။
ပိုင်ရှောင်ချန်းမမြင်နိုင်လောက်တော့သည့်နေရာသို့ရောက်သောအခါ သူသည်အဝတ်အစားများကိုလဲလိုက်သည်။ ကြောက်ရွံ့ထိတ်လန့်မှုများကျန်ရှိနေသေးသောကြောင့် သူ၏နှလုံးခုန်မြန်နေသည်။ ယခုအချိန်ထိသိရသလောက်တော့ ပိုင်ရှောင်ချန်းသည် သူလောက်နီးနီး ကလိမ်ကကျစ်ကျသောလူတစ်ယောက်ဖြစ်ပေရာ နောင်တစ်ချိန်တွင် ပိုင်ရှောင်ချန်းကိုအထူးဂရုပြုဆက်ဆံရပေတော့မည်။
ပိုင်ရှောင်ချန်းသည်လည်း သက်ပြင်းများချလျက်ရှိသည်။ ရွှီရှောင်ရှန်းသည်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှဖြစ်သော်လည်း ခင်မင်ဖို့ကောင်းသောလူတစ်ယောက်ဖြစ်သည်။
“သူက တော်တော်လေးကို ကောက်ကျစ်တာကလွဲရင်ပေါ့။ ငါ့လောက်တော့ ရိုးသားမှုမရှိပေဘူး။ နောက်ကျရင်တော့ ဒီလူနဲ့တွေ့ရင်သတိထားပြီးဆက်ဆံရမယ်။ အိမ်း… ငါကိုကရိုးသားလွန်းနေတာ ခက်ပါတယ်။” ခေါင်းကိုခါရမ်းလိုက်ပြီးလက်ကိုဝှေ့ယမ်းလိုက်ကာ ထွက်ခွာလာခဲ့လေ၏။
ကျောက်စိမ်းဆွဲပြားများကို သေသေချာချာကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ကျောက်စိမ်းပေလွှာမှမန္တန်ကိုရွတ်ဖတ်လိုက်ကာ သူတို့၏အစွမ်းများပေါ်ထွက်လာအောင်လုပ်လိုက်လေသည်။ မိနစ်ပိုင်းမျှကြာသောအခါ သူ့ပတ်ပတ်လည်တွင် တလက်လက်တောက်ပနေသောအလင်းတန်းစက်ကွင်းတစ်ခုပေါ်ထွက်လာလေသည်။
အလင်းတန်းစက်ကွင်းသည် မကြာမီပင်ကွယ်ပျောက်သွားကာ နတ်ဘုရားအာရုံနှင့်ကြည့်မှသာမြင်တွေ့နိုင်လေသည်။ အလင်းတန်းစက်ကွင်းသည် အဆိပ်ဝိညာဥ် များ ပိုင်ရှောင်ချန်းအနားကိုချဥ်းကပ်၍မရအောင် ကာကွယ်ပေးထားလေသည်။
နောက်ထက်ခြောက်နာရီအတောအတွင်း ဂါဝန်အဖြူရောင်နှင့်မိန်းကလေးသည် အကြိမ်အနည်းငယ်ပေါ်လာသေးသည်။ သို့သော် ပိုင်ရှောင်ချန်းအနီးသို့ကပ်လာတိုင်း သူမလွှင့်စင်ထွက်သွားလေသည်။ သူမ၏မျက်နှာသည်ဒေါသကြောင့်ရှုံ့တွသွားကာ စူးစူးဝါးဝါးအော်မြည်နေသော်လည်းပိုင်ရှောင်ချန်းအနီးသို့ လုံးဝမကပ်နိုင်ပေ။
အကြိမ်များစွာကျရှုံးပြီးနောက် သူမသည်လွင့်စင်ပျောက်ကွယ်သွားကာ လုံးဝပြန်ပေါ်မလာတော့ပေ။ ထိုအချိန်မှသာ ပိုင်ရှောင်ချန်းစိတ်အေးသွားကာ သက်ပြင်းချနိုင်တော့သည်။ ကျောက်စိမ်းဆွဲပြားများသည်အလုပ်ဖြစ်သည်ဟုယုံကြည်သွားပြီး သူသည်အဝေးတစ်နေရာရှိရေကန်တစ်ခု၏အောက်ခြေတွင် ယာယီအင်မော်တယ်ဂူ တူးလိုက်လေ၏။ ထို့နောက်သူသည်တင်ပျဥ်ခွေထိုင်ကာ တရားထိုင်နေလေသည်။
ကျောက်စိမ်းဆွဲပြားများသည် အဆိပ်ဝိညာဥ်များကိုအမှန်တကယ်နှင်ထုတ်နိုင်ကြောင်း နောက်ဆုံးတစ်ကြိမ်စမ်းသပ်အပြီးတွင် သူ၏မျက်လုံးများမှာ မျှော်လင့်ချက်ရောင်ခြည်များတောက်ပလာသည်။ ထို့နောက် မီးခိုးရောင်မြေစီးကြောင်းဆွဲငင်သလင်းကျောက်ကိုဆွဲထုတ်လိုက်သည်။
“ကြိုတင်စီစဥ်ထားတာထက်ရက်အနည်းငယ်နောက်ကျပြီးမှလုပ်ငန်းစရပေမယ့် ငါကမြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကို ပထမဆုံးရောက်တဲ့လူဖြစ်နိုင်ပါသေးတယ်။” ထိုသို့ပြောပြီး ချီစွမ်းအင်စုစည်းမှုအဆင့်တစ်ဆယ်မဟာစက်ဝန်း၏ စိတ်စွမ်းအားများကိုထုတ်လွှတ်လိုက်ကာ တစ်ကြိမ်လှည့်ပတ်စေပြီး မီးခိုးရောင်သလင်းကျောက်ထဲသို့ တဟုန်ထိုးပို့လွှတ်လိုက်သည်။
သလင်းကျောက်သည် ဗလာြဖစ်နေသောတွင်းတစ်ခုကဲ့သို့ သူ၏စိတ်စွမ်းအင်အားလုံးကိုစုပ်ယူသွားလေ၏။ ထို့နောက် သလင်းကျောက်မှမီးခိုးရောင်တောက်လာကာ အရောင်မှာပို၍ပြင်းလာပြီး အားပြင်းသောတဝုန်းဝုန်းမြည်သံများပါပေါ်ထွက်လာလေ၏။
သလင်းကျောက်သည်ဖြည်းညင်းစွာလောင်ကျွမ်းနေကာ မီးခိုးရောင်အခိုးအငွေ့များအဖြစ်ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်း၏မျက်လုံးများ၊ နားရွက်များ၊ နှာခေါင်းပေါက်နှင့် ပါးစပ်ပေါက်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ အသက်ရှူထုတ်အကြိမ်သုံးဆယ်စာမျှအကြာတွင် သလင်းကျောက်သည်အနည်းငယ်လှုပ်ခါလာကာ ပျောက်ကွယ်သွားပြီး ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်ထဲသို့ မီးခိုးရောင်အခိုးအငွေ့အများအပြား တဟုန်ထိုးဝင်ရောက်လာကြသည်။
မီးခိုးရောင်အခိုးအငွေ့များ ခန္ဓာကိုယ်ထဲသို့ဝင်ရောက်လာသည်နှင့် သူ၏မျက်လုံးများနီရဲတက်လာပြီး အခိုးအငွေ့များသည် ချီသွေးကြောများထဲသို့စိမ့်ဝင်ပျံနှံ့လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးလှည့်ပတ်စီးဆင်းနေလေသည်။ တချိန်တည်းမှာပင် ပြင်းထန်သောနာကျင်မှုကိုခံစားလိုက်ရပြီး မီးခိုးရောင်အခိုးအငွေ့များသည် သူ၏အသွေးအသားနှင့်ခန္ဓာကိုယ်ကိုချည်နှောင်ထားသောသံကြိုးတစ်ခုအသွင်သို့ ပြောင်းလဲသွားလေ၏။
နာကျင်မှုသည် သူ့ကိုတဆတ်ဆတ်တုန်နေစေသော်လည်း ထာဝရအသက်ရှည်နည်းပညာရပ်ကိုကျင့်ကြံစဥ်က ခံစားရသောနာကျင်မှုနှင့်ယှဥ်လျှင်တော့ မပြောပလောက်ပေ။ ပိုင်ရှောင်ချန်းသည် အံကိုတင်းကာ နောက်ဆုံးလက်ကျန်အခိုးအငွေ့များ ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပြီးသည်အထိစောင့်နေသည်။ အခိုးအငွေ့၏အဖျားပိုင်းနှင့် သူ၏ခန္ဓာကိုယ်ထဲသို့ စတင်ဝင်ရောက်သွားသောအပိုင်းတို့ ထိတွေ့မိသောအခါ စက်ဝန်းတစ်ခုဖြစ်ပေါ်လာလေသည်။
ထိုစက်ဝန်းဖြစ်ပေါ်လာသည့်အချိန်တွင် ပိုင်ရှောင်ချန်း၏စိတ်ထဲ၌ တဝုန်းဝုန်းမြည်သံများပေါ်ထွက်လာလေရာ သူ၏စိတ်ဝိညာဥ်ထဲအထိလှုပ်ခါသွားလေတော့သည်။
သူ၏ကျင့်ကြံခြင်းအခြေခံ စိတ်စွမ်းအင်မြစ်သည် လှိုင်းများထသွားလေရာ သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ပရမ်းပတာရိုက်ခတ်သွားလေတော့သည်။ သို့သော် အနီးကပ်လေ့လာကြည့်ရှုလိုက်လျှင် သူ၏စိတ်စွမ်းအင်သည်ဝဲကတော့လေးတစ်ခုအသွင်သို့ ပြောင်းလဲနေသည်ကိုတွေ့ရပေမည်။
ဝဲကတော့လေးသည် ဒီရေစီးကြောင်း၏ မူလအစဖြစ်ပေသည်။
ထိုအရာသည် မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်၏ အရေးအကြီးဆုံးသောလက္ခဏာတစ်ရပ်ပင်ဖြစ်သည်။
စိတ်စွမ်းအင်သည် လှည့်ပတ်စီးဆင်းလာပြီး ဒီရေစီးကြောင်းအဖြစ်သို့ပြောင်းလဲသွားသည်။ အခိုးအငွေ့များသည် အရည်အဖြစ်သို့ပြောင်းလဲသွားပြီး မြေစီးကြောင်းတာအိုအခြေခံဖြစ်ပေါ်လာကာ သေဆုံးခြင်းသည်ပို၍ဝေးကွာသွားလေပြီ။
ပိုင်ရှောင်ချန်းသည်ရုတ်တရက်မော့ကြည့်လိုက်ရာ သူ၏လည်ပင်းနှင့်မျက်နှာများတွင် အပြာရောင်သွေးပြန်ကြောများဖောင်းထွက်လာသည်ကိုတွေ့လိုက်ရလေသည်။ တုန်လှုပ်နေလျက် အက်ကွဲသောအသံဖြင့် သူကအော်ဟစ်လိုက်သည်။ “ဒီရေစီးကြောင်းကွ…”
ဝုန်း…ဝုန်း…ဝုန်း
ဝဲကတော့လေးသည် ပို၍ပြင်းထန်စွာလှည့်လည်လာကာ သူ၏ခန္ဓာကိုယ်အတွင်းရှိမြေစီးကြောင်းစွမ်းအင်အားလုံးကိုစုပ်ယူနေလေသည်။ ထိုအနည်းငယ်မျှပမာဏသည် တကယ်လိုအပ်သည့်ပမာဏ၏ တစ်ထောင်ပုံတစ်ပုံပင်မရှိပေ။
သို့သော်လည်း ဝဲကတော့လေးဖြစ်ပေါ်နေစဥ်တစ်လျှောက်လုံး မြေခဓားကမ္ဘာထဲတွင် လွန်ခဲ့သောအနှစ်ခြောက်ဆယ်ပတ်လုံးစုပြုံနေသော မြေစီးကြောင်းစွမ်းအင်များကိုအလိုအလျောက်စုပ်ယူနေလေသည်။
ချက်ချင်းပင် မြေစီးကြောင်းစွမ်းအင်စီးကြောင်းများ အင်မော်တယ်ဂူနံရံမှဖောက်ထွက်လာကာ ပိုင်ရှောင်ချန်းဆီသို့ တဟုန်ထိုးစီးဝင်လာကြသည်။
မကြာမီပင် အင်မော်တယ်ဂူအပေါ်ရှိရေကန်သည် မြေစီးကြောင်းစွမ်းအင်အမြောက်အများတဟုန်ထိုးစီးဝင်လာသည့်ဒဏ်ကြောင့် ပွက်ပွက်ဆူကာ ပူဖောင်းများပလုံစီထနေတော့သည်။ အရပ်ရှစ်မျက်နှာမှမြေစီးကြောင်းစွမ်းအင်များ ပိုင်ရှောင်ချန်းထံသို့စီးဝင်လာရာ မြေခဓားကမ္ဘာ၏မိုးကောင်းကင်သည်လည်း တုန်ခါနေလေတော့သည်။
မြေခဓားကမ္ဘာထဲတွင်အကွဲကွဲအပြားပြားရောက်ရှိနေကြသော ဂိုဏ်းကြီးလေးဂိုဏ်း၏ဂိုဏ်းသားများသည် မိုးပေါ်သို့မော့ကြည့်နေကြလေ၏။ တချို့သည် တွေဝေသွားကြပြီး တချို့မှာကြောက်ရွံ့ထိတ်လန့်ကာ တုန်လှုပ်နေကြလေတော့သည်။ ဂိုဏ်းသားများ၏မျက်နှာများတွင် ဝေခွဲမရဖြစ်နေသောအမူအရာများတွေ့နေရပြီး အချို့မှာကိုယ့်မျက်စိကိုယ်ပင် မယုံနိုင်ဖြစ်နေကြလေသည်။
“ဒီရေစီးကြောင်းပါလား… ဘုရားရေ။ ဒါဟာ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ဒီရေစီးကြောင်းပါလား…”
“ဘယ်သူများပါလိမ့်။ တစ်လပြည့်ပြီးတာတောင် သိပ်မကြာသေးဘူး… တစ်ယောက်ယောက်က မြေစီးကြောင်းဆွဲငင်သလင်းကျောက်ကိုပြုလုပ်နိုင်ပြီး အခြေခိုင်မာခြင်းအဆင့်ကိုတောင်စနေပြီလား”
“စုန့်ချွဲများလား။ ဝိညာဥ်စွယ်ပဲလား။ ကျုံးတာအိုလား။ ဒါမှမဟုတ်ဖန်လင်းလား။ ဘယ်သူများလဲ…”