အခန်း ( ၁၅၁ )

ပိုင်ရှောင်ချန်း...မင်းက ငါ့ကိုတိုက်ခိုက်ချင်တယ်ပေါ့...

နှစ်နာရီကြာပြီးနောက် ပိုင်ရှောင်ချန်းမှာ ဆက်၍ပြေးနေဆဲပင်ဖြစ်သည်။ တချိန်တည်းမှာပင် မိမိကိုယ်ကိုယ်လွန်စွာ သနားနေမိသည်။ သူ့ထံတွင် မြေစီးကြောင်းဆွဲငင်သလင်းကျောက် ရှိနေပြီးဖြစ်သည်။ သူလိုအပ်သည်မှာ တစ်နေရာရာတွင် အခွင့်အရေးရသည်နှင့် သုံးရန်သာဖြစ်သည်။ သို့သော် ထိုမိန်းကလေးမှာ သူ့နောက်သို့ ဆက်၍လိုက်နေဆဲဖြစ်သည်။

သူကြုံတွေ့ခဲ့ရသော ထိတ်လန့်ဖွယ်ရာများနှင့် အန္တရာယ်များကို ပြန်၍စဥ်းစားမိသောအခါ သူတုန်လှုပ်နေမိသည်။ နေဝင်ရီတရောမှောင်ရီပျိုးချိန်တွင် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုလိုက်သောအခါ ထိုနေရာတွင်မည်သူမျှမရှိကြောင်း တွေ့လိုက်ရသည်။ စိတ်တိုကာ မောဟိုက်ပင်ပန်းနေပြီး နောက်ဆုံးတွင် ဂူတစ်ဂူကို တွေ့သွားကာ ထိုဂူထဲတွင် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ နိုးနိုးကြားကြားဖြင့် ဘေးပတ်လည်ကြည့်ရှုလိုက်ပြီး ထိုနေရာမှာ အခြေခိုင်မာခြင်းအဆင့်သို့ကြိုးပမ်းတက်လှမ်းရာတွင် အမှန်တကယ်ကောင်းသည့်နေရာလားဟု စဥ်းစားကြည့်လိုက်သည်။ ထို့နောက် သူ၏အရှေ့ရှိလေထုမှာ ရုတ်တရက်စတင်၍ ဂယက်ထလာသည်။

ထိုဂယက်ထမှုမှာ စက္ကန့်ပိုင်းမျှသာကြာပြီး သူ့ပတ်ဝန်းကျင်တစ်ခုလုံး ဘာမှဖြစ်မလာဘဲ သူ၏မျက်လုံးထဲတွင်သာ ထင်ယောင်ထင်မှားမြင်နေရပုံပေါ်သည်။ အခြေအနေများပုံမှန်ပြန်ဖြစ်သွားသောအခါ သူ၏ရှေ့တွင် လူတစ်ယောက် မတ်တတ်ရပ်နေလေသည်။

ထိုသူမှာ အဖြူရောင်ဝတ်စုံနှင့်မိန်းကလေးမှလွဲမှ အခြားသူမဖြစ်နိုင်ပေ။ သူမက နက်မှောင်နေသောမျက်လုံးများဖြင့် သူ့အား စိုက်ကြည့်နေလေသည်။

“မသွားပါနဲ့ အချစ်လေး…အတူတူကစားကြမယ်လေကွာ ”

ပိုင်ရှောင်ချန်းမှာ ဒူးများယိုင်ကျလုနီးပါး ဖြစ်သွားသည်။ မျက်လုံးများနီရဲသွားလျက် မန္တန်လက်ကွက်ဖော်လိုက်ရာ အရှေ့တွင် ကြီးမားသော ခရမ်းရောင်ချီဒယ်စောက်အိုးတစ်ခု ဖြစ်ပေါ်လာသည်။

မြေကြီးမှာတုန်ခါသွားကာ သူကိုယ်တိုင်လည်း လေထဲသို့မြောက်တက်သွားသည်။ သူကအောက်သို့ငုံ့ကြည့်လိုက်သောအခါ မိန်းကလေးအား မည်သည့်နေရာတွင်မှ မတွေ့ရပေ။ ကြည့်ရသည်မှာ စောစောတည်းက အရာအားလုံး ထင်ယောင်ထင်မှားဖြစ်ခဲ့ပုံပေါ်သည်။

“သေစမ်းကွာ… ” သူ့မျက်နှာ ဆိုးရွားစွာပျက်နေပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။ အခြေအနေတစ်ခုလုံးနှင့်ပတ်သက်၍ တစ်ခုခုထူးဆန်းနေပုံပေါ်သည်။ ဖြစ်နိုင်ချေရှိသည်မှာ ကို့ရိုးကားယားနှင့်မိန်းကလေးက သူ့အပေါ်မှော်ပညာတချို့သုံးထားတာဖြစ်မည်ဟု ပိုင်ရှောင်ချန်းမှာ စတင်၍ ထင်မြင်လာသည်။

ထိုနေရာ၌ဆက်၍နေချင်စိတ်မရှိတော့သည့်အတွက် အံကိုကြိတ်ကာ ရှေ့သို့ဆက်သွားလိုက်သည်။ နှစ်နာရီလောက် ဆက်လက်သွားပြီးနောက်တွင် အရှေ့၌ ကျင့်ကြံသူသုံးဦးမှာ ပြင်းထန်စွာတိုက်ခိုက်နေကြောင်း မြင်တွေ့လိုက်ရသည်။ ရုတ်တရက် သူက ရပ်လိုက်သည်။

စောစောက သူတို့တစ်ဦးချင်းစီကို သူ မြင်တွေ့ခဲ့သော်လည်း ယခုအခါ အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးကိုသာ သူတွေ့နေသည်။ သူမကသူ့အား အပြုံးလေးဖြင့်ကြည့်နေပြန်သည်။ သူမ၏ပါးစပ်က တဖြည်းဖြည်းကြီးမားလာကာ သွားဖြဲကြီးနှင့်ဖြစ်လာသည်။

သူ၏ခေါင်းများထူပူသွားကာ သူ့စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ သူ၏ညာဘက်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ထို့နောက် သူ၏ထာဝရအသက်ရှည်နည်း ပညာရပ်ကို ထုတ်ဖော်လိုက်သည်။ သူ့လက်သီးချက်က အရာအားလုံးကို တုန်ခါသွားစေသည်။ သို့သော် ထိုမိန်းကလေးမှာ ပျောက်ကွယ်သွားပြန်သည်။ ပိုင်ရှောင်ချန်းက ရူးသွပ်စွာဖြင့် အနီးအနားရှိကျောက်တုံးကြီးအား ထိုးချလိုက်သောအခါ အတန်ငယ်ဝေးသောနေရာရှိ ကျင့်ကြံသူသုံးဦးမှာ ပိုင်ရှောင်ချန်းအား တအံ့တသြဖြစ်ကာ ကြည့်လာကြသည်။

ကျောက်တုံးကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး ပင့်သက်ရှိုက်သွားကြပြီး ပျံသန်းလျက် ထွက်ပြေးသွားကြသည်။

ပိုင်ရှောင်ချန်းသည် နေရာမှာပင် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်စွာမတ်တပ်ရပ်နေပြီး အံကိုကြိတ်လိုက်ကာ ရှေ့ဆက်သွားလိုက်သည်။

နောက်နှစ်ရက်အတွင်းတွင်လည်း သူက အဖြူရောင်ဝတ်စုံဖြင့် မိန်းကလေးအား ထပ်ခါထပ်ခါ တွေ့ရပြန်သည်။ တရားထိုင်ရန်မျက်လုံးမှိတ်လိုက်သည့်အချိန်များတွင်လည်း သူမအား သူတွေ့မြင်နေရသည်။ သူ၏ကိုယ်စိတ်နှစ်ပါးစလုံး ချွတ်ချုံကျသည့်အခြေအနေသို့ ဆိုက်ရောက်သွားတော့သည်။

အခြေအနေတွေက တဖြည်းဖြည်းဆိုးဝါးလာ၏။ အစပိုင်းတွင် သူမအား နှစ်နာရီသို့မဟုတ် နှစ်နာရီတိုင်းမှာတွေ့ရသော်လည်း ယခုအခါ အသက်အကြိမ်သုံးရာရှုသွင်းပြီးတိုင်းမြင်နေရသည်။ ထိုနှုန်းအတိုင်းဆိုလျှင် သူ ဘယ်တော့မှ အခြေခိုင်မာခြင်းအဆင့်သို့ ရောက်တော့မည်မဟုတ်ပေ။

လွန်ခဲ့သောနှစ်ရက်အတွင်း သူကအခြားဂိုဏ်းသားများဆီပြေးသွားခဲ့သည်။ ထိုထဲတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားတစ်ယောက်ပင်ပါသေးသည်။ သို့သော် အဖြူရောင်ဝတ်စုံဖြင့်မိန်းကလေးကို တခြားဘယ်သူမှ မမြင်တွေ့ရဘဲ သူတစ်ယောက်တည်းသာ သူမကို တွေ့မြင်နေရသည်။

ဒုတိယနေ့ညနေခင်းတွင် ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး သူ့အတိုင်းအတာကို ရောက်နေပြီဖြစ်ကြောင်း ခံစားမိလာသည်။ သူ၏သက်စောင့်အားက သူ့ထိန်းချုပ်မှုအောက်မှ ကင်းလွတ်နေပြီး အချိန်မရွေး လွင့်မျောပျောက်ကွယ်သွားနိုင်သည်ဟု သူခံစားလာရသည်။ သူ၏ခေါင်းများ မူးဝေနောက်ကျိနေကာ လဲကျတော့မည်ကဲ့သို့ ဖြစ်လာသည်။

” နောက်ထပ် အချိန်မရွေးပေါ်လာနိုင်သေးတယ်…” သူက တီးတိုးရေရွတ်လိုက်သည်။ ထွက်ပြေးတိမ်းရှောင်နေခြင်းအား မေ့လိုက်ကာ ကျောက်တုံးကြီးတစ်တုံးအပေါ်၌ထိုင်ချလိုက်ပြီး လက်သီးကိုတင်းတင်းဆုပ်လိုက်လေသည်။ သူ့ထံတွင် ထူးဆန်းသော ဆေးလုံးတစ်လုံးကျန်ရှိနေသေးသော်လည်း ထိုမိန်းကလေးအပေါ် သူ မသုံးရဲပေ။ သူ မသေဆုံးရသေးသည့် အကြောင်းအရင်းမှာ ဆေးလုံးများကြောင့်ဖြစ်သည်ဟု ခံစားနေရသည်။

အကယ်၍ သူကဆေးလုံးကို ပစ်လိုက်ပြီး သူမကရရှိသွားခဲ့သည်ရှိသော် လေ့ရှန်း၏ကံကြမ္မာမျိုး သူ ကြုံတွေ့ရသွားနိုင်သည်။

“ငါက တကယ့်အဖြစ်အမှန်နဲ့ ထင်ယောင်ထင်မှားဖြစ်နေတာတွေကြား ရောက်နေသလိုပဲ ” သူကတွေးတောမိလိုက်ကာ
” တကယ်လို့ ငါအဆိပ်မိခဲ့ရင် ကိုယ့်ကိုယ်ကိုယ် ကုသနိုင်တယ်လို့ ထင်တယ်။ ဒီလိုအခြေအနေမှာ ငါ့ကိုယ်ငါကုသနိုင်အောင် ဖြေဆေးတစ်ခုခုကို လုပ်သင့်တယ်”

သူကထိုကိစ္စကိုစဥ်းစားနေစဥ် အဝေးတစ်နေရာမှ အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။ ထိုအလင်းတန်းမှာ ပိုင်ရှောင်ချန်းနှင့် နီးကပ်လာသည်နှင့်တပြိုင်နက် ဖြေးညင်းစွာရပ်တန့်သွားပြီး လူငယ်တစ်ယောက်ပုံပေါ်လာသည်။

“အီးးးး” ထိုသူမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှဖြစ်ပြီး သူ့အသွင်က လူပေါ်ကြော့တွေနှင့် လွန်စွာဆင်တူသည်။ ပိုင်ရှောင်ချန်းအား စိတ်လှုပ်ရှားနေသည့်အမူအယာဖြင့်ကြည့်လိုက်ကာ သူ့လက်ထဲတွင်ကိုင်ထားသော ဖုန်းရွှေသံလိုက်အိမ်မြှောင်ကိုငုံ့ကြည့်လိုက်သည်။ လက်တံမှာ ပိုင်ရှောင်ချန်းအားညွှန်ပြနေကာ တောက်ပသောအလင်းရောင်များထွက်နေသည်။

“မင်းဆီမှာ မြေစီးကြောင်းဆွဲငင်သလင်းကျောက်လုပ်ဖို့ မြေစီးကြောင်းစွမ်းအင်အလုံအလောက် စုဆောင်းပြီးသွားပြီဆိုတာ ငါတကယ် မယုံနိုင်ဘူး “

“ဟားဟားဟား…။ ဒါကံတရားပဲ။ ငါ…ရွှီရှောင်ရှန်းက အခြေခိုင်မာခြင်းအဆင့်ကို ပထမဆုံးရောက်မယ့်လူဖြစ်တော့မယ်ကွ ” ထိုလူငယ်မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ရွှီရှောင်ရှန်းမှလွဲ၍ တခြားသူမဟုတ်ပေ။ ထို့နောက် သူကပိုင်ရှောင်ချန်းအား စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။

ပိုင်ရှောင်ချန်းမှာ ယခင်ကတည်းကဒေါသထွက်နေပြီးသား ဖြစ်သည်။ သူ၏တွက်ချက်မှုအရ နောက်အသက်ဆယ်ကြိမ်ရှုသွင်းအပြီးတွင် မိန်းကလေး ထပ်မံပေါ်ထွက်လာမည်ကို သူသိလေသည်။
“ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက်စမ်းပါ ခွေးကောင်ရဲ့”

“ငါမင်းကိုသိတယ်။ မင်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ဝှက်ဖဲလို့ထင်ကြေးပေးနေကြတဲ့ ပိုင်ရှောင်ချန်းပဲ။ ကောင်းပြီ…အခုမင်းက သိသိသာသာကိုအားနည်းလွန်းနေတယ်။ မင်းရဲ့သက်စောင့်မီးတောက်က အချိန်မရွေး ငြိမ်းသွားတော့မဲ့ပုံပေါ်နေတယ် ”
ယခုအချိန်က ရွှီရှောင်ရှန်းအတွက် ကောင်းမွန်သော အခွင့်အရေးတစ်ခုဖြစ်ကြောင်း ဖော်ပြနေသည်။

“ပိုင်ရှောင်ချန်း…။မင်းဆီမှာ မြေစီးကြောင်းဆွဲငင်သလင်းကျောက် ရှိတယ်ဆိုတာ ငါသိတယ်။ ငါတို့နှစ်ဦးသဘောတူအလုပ်လုပ်ကြရင်ကော ဘယ်လိုလဲ။ အဲ့ဒီသလင်းကျောက်ကို ငါ့ကိုခဏပေးမသုံးချင်ဘူးလား။ ရမယ်မဟုတ်လား။မင်းဘယ်လိုလုပ်ချင်လဲ” ရွှီရှောင်ရှန်းက လောဘရောင်တောက်ပနေသော မျက်လုံးများဖြင့် ခေါင်းကိုအနောက်ပစ်ကာ တဟားဟားရယ်မောလိုက်သည်။ ပိုင်ရှောင်ချန်းထံသို့ဦးတည်လျက် မန္တန်လက်ကွက်ဖော်လိုက်ရာ သူ၏ပတ်လည်တွင် မှော်လက်နက်ရှစ်ခုပေါ်လာလေသည်။ ရွှီရှောင်ရှန်းက လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ တောက်ပသောအလင်းရောင်တစ်ခုဖြာထွက်လာပြီး မှော်လက်နက်များကို ပိုင်ရှောင်ချန်းထံပစ်လွှတ်လိုက်သည်။

ပိုင်ရှောင်ချန်းက ရွှီရှောင်ရှန်းအား အေးစက်စွာကြည့်နေကာ ရှောင်ရန်ပြင်လိုက်စဥ်မှာ ရုတ်တရက် သူ့မျက်လုံးများ လက်သွားသည်။ အဖြူရောင်ဝတ်စုံနှင့်မိန်းကလေး ပြန်ပေါ်လာပြီး ရွှီရှောင်ရှန်း၏ဘေးနားတွင်ရပ်နေသည်။ သူမက ပြုံးနေပြီး တဖြည်းဖြည်းနှင့်သူမ၏အပြုံးမှာ သွားဖြဲကြီးနှင့်ဖြစ်လာသည်။

ထိုအချိန် ရွှီရှောင်ရှန်းသည် ရုတ်တရက်အော်ဟစ်ကာ တတ်နိုင်သမျှ မြန်မြန်နောက်သို့ဆုတ်လိုက်လေသည်။ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများပြည့်နှက်လာကာ သူကိုယ်တိုင်လည်း ပြင်းပြင်းထန်ထန် တုန်လှုပ်နေတော့သည်။

” အာရုံခံအဆိပ်ဝိညာဥ်ပဲ။ ဘယ်လိုလုပ်ပြီး ဒီနေရာမှာ အာရုံခံအဆိပ်ဝိညာဥ် ရှိနေရတာလဲ။ သူတို့တွေအကုန်လုံး အမြစ်ပြတ်ချေမှုန်းခံထားရပြီးပြီမဟုတ်ဘူးလား။ သေစမ်းကွာ..။ အဲ့ဒီ အဆိပ်ဝိညာဥ်က မင်းကိုမျက်စိကျနေတာကွ။ မင်းအဲ့လောက်အားနည်းသွားတာ အံ့သြစရာမရှိဘူး။ မင်းကျိန်စာမိနေပြီ။ မင်းသေပြီပဲ” အသက်ကိုပြင်းပြင်းရှုလိုက်ကာ အနောက်သို့ပို၍ဆုတ်ခွာလိုက်ပြီး တချိန်တည်းမှာပင် သူ၏ညာဘက်လက်ကိုမကာ ရှေးဟောင်းကျောက်စိမ်းဆွဲပြား လေးကိုထုတ်လိုက်လေသည်။ ထိုကျောက်စိမ်းပြားတွင် လိမ္မော်ရောင်အစက်အပြောက်များရှိကာ သွေးစွန်းနေသည်နှင့်တူလေသည်။ ရွှီရှောင်ရှန်းက ထိုကျောက်စိမ်းပြားကို ဆွဲထုတ်လိုက်သည်နှင့်တပြိုင်နက် စိတ်သက်သာရသွားသည့်ဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် အနောက်ဘက်သို့ထပ်၍ဆုတ်လိုက်လေသည်။

အောက်ဘက်တွင် ပိုင်ရှောင်ချန်းမှာမျက်လုံးပြူးသွားလျက် အော်ပြောလိုက်လေသည်။ “မင်းလဲ သူမကိုမြင်ရတယ်လား။ ဟေးးးးး မင်းလက်ထဲကပစ္စည်းက ဘာလဲ”

အဖြူရောင်ဝတ်စုံနှင့်မိန်းကလေးက ရွှီရှောင်ရှန်းအား လှမ်းကြည့်လိုက်သည်ကို ပိုင်ရှောင်ချန်း မျက်မြင်တွေ့လိုက်ရသည်။ သို့သော်လည်း ရွှီရှောင်ရှန်းက ကျောက်စိမ်းပြားကိုထုတ်လိုက်သည်နှင့်တပြိုင်နက် မိန်းကလေး၏အမူအယာမှာတစ်ချက်လက်သွားပြီးနောက် ဆန့်ကျင်ဘက်အရပ်သို့ထွက်ပြေးသွားလေသည်။

ရွှီရှောင်ရှန်းမှာ ပိုင်ရှောင်ချန်း၏အမေးကိုပြန်မဖြေအားပေ။ ထို့အစား တတ်နိုင်သမျှမြန်မြန်ထွက်ပြေးနိုင်ရန်သာ အာရုံစိုက်နေသည်။ သို့သော် သူ အဝေးသို့မရောက်သေးမီ ပိုင်ရှောင်ချန်းက ဖျတ်ခနဲ လှုပ်ရှားလိုက်သည်။ သူ၏နောက်ကျောတွင် အတောင်ပံတစ်စုံပေါ်လာပြီး ရွှီရှောင်ရှန်း၏အရှေ့တည့်တည့်သို့ တဟုန်ထိုးသွားလိုက်ကာ လက်သီးနှင့်ထိုးတော့မည့်အလား လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။

“ရွှီရှောင်ရှန်း…..ငါတို့အလဲအလှယ်လုပ်ရအောင်..။အဲ့ဒီကျောက်စိမ်းပြားကို ငါ့ပေးမလား။ ဘယ်လိုလဲ ”

ရွှီရှောင်ရှန်းက သူ့ကိုယ်သူကာကွယ်ရန် မန္တန်လက်ကွက်ဖော်ကာ မှော်ပစ္စည်းရှစ်ခုကိုဆင့်ခေါ်လိုက်သည်။

“မင်းပစ္စည်းတွေ ငါမယူမိတာ မင်းကံကောင်းသွားတယ်။ မင်းငါ့ပစ္စည်းကို လုဖို့ကြိုးစားရဲတယ်လား။ မင်းက ကျိန်စာမိပြီးနေပြီ။ သေမင်းတံခါးဝမှာ မင်း လျှောက်နေရပြီ။ အဲဒါကို ဒီလိုလုပ်ဖို့ ဘယ်လိုလုပ်သတ္တိကောင်းလာတာလဲ”

ပိုင်ရှောင်ချန်း၏ပတ်ပတ်လည်တွင် ငွေရောင်အလင်းတန်းများ တလက်လက်ထလာပြီး သူ၏လက်သီးမှာ ရွှီရှောင်ရှန်း၏မှော်ပစ္စည်းများနှင့် ထိသွားလေသည်။

ဝုန်းဆိုသည့်မြည်ဟည်းသံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာပြီး မှော်ပစ္စည်းများမှာ အပိုင်းပိုင်း အစစများအဖြစ် ကွဲကြေသွားလေသည်။ ပိုင်ရှောင်ချန်းသည် ထိတ်လန့်ကြောင်ငေးနေသော ရွှီရှောင်ရှန်းဆီသို့
မုန်တိုင်းတိုက်ခတ် နေသည့်အလား အရှိန်အဟုန်ပြင်းစွာ ရွေ့လျားနေသည်။ ရွှီရှောင်ရှန်းက လက်ကိုဝှေ့ယမ်းလိုက်ကာ သူ၏ လက်ကောက်ဝတ်မှ ပုတီးလက်ကောက်ကို ပစ်လိုက်သည်။ ချက်ချင်းပင် ထိုပုတီးလက်ကောက်မှာ အလောင်းကောင်ဆယ့်ရှစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ ထိုအလောင်းကောင်တစ်ကောင်ချင်းဆီတွင် ချီစုစည်းမှုအဆင့်တစ်ဆယ်နှင့်ညီမျှသည့် စွမ်းအားများကိုထုတ်လွှတ်နေကြသည်။ သူတို့၏ကိုယ်တွင် သေမင်းအငွေ့အသက်များလွှမ်းခြုံနေပြီး ချက်ချင်းပင်တိုက်ခိုက်ကြတော့သည်။

အလောင်းကောင်များအား ထိန်းချုပ်သည့်ပညာရပ်ကို ပိုင်ရှောင်ချန်းအနေဖြင့် ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။ အလောင်းကောင်များတွင် မီးခိုရောင်ဆံပင်ရှည်များရှိပြီး ထိုဆံပင်ရှည်များ၏အရင်းမှာ အနက်ရောင်ဖြစ်နေသည်။ တဖြည်းဖြည်းနှင့် အနက်ရောင်က ဆံပင်တလျှောက်စီးဆင်းလာပြီး မကြာမီ ထိုဆံပင်ရှည်များအားလုံး အနက်ရောင်ပြောင်းသွားလေသည်။ (တရုတ်ဝတ္ထုများ၌ ဖုတ်ကောင်များ သို့မဟုတ် အသက်ပါသောအလောင်းကောင်များတွင် သူတို့၏ဆံပင်အရောင်ကို ကြည့်၍ စွမ်းအားအဆင့်များကို သိနိုင်သည်)

အလောင်းကောင်တိုင်းမှာ တမူထူးခြားသောအစွမ်းများရှိနေဟန်တူသည်။

ဝုန်းးးး ဆိုသည့်မြည်ဟည်းသံ ပဲ့တင်ထပ်သွားပြီး ပိုင်ရှောင်ချန်း၏ကျောဘက်ရှိ ဒယ်စောက်အိုးကြီးမှာ တစ်စစီကွဲကြေသွားလေသည်။ သို့သော်လည်း သူ့တွင် မည်သည့်ဒဏ်ရာမျှ မရရှိပေ။ ထို့အစား သူ၏လက်ကိုလေထဲဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ထိုစွမ်းအားမှာ ထိုနေရာတွင်လွှမ်းခြုံသွားပြီး အလောင်းကောင်များအား ချုပ်ကိုင်ထားကာ မလှုပ်နိုင်အောင် လုပ်ထားလေသည်။ အလောင်းကောင်များ တုန်ယင်လာြပီး ကွဲအက်သည့်အသံများထွက်လာလေသည်။

ရွှီရှောင်ရှန်းက သူ၏လက်နှစ်ဖက်ကိုလေထဲ ဝှေ့ယမ်းကာ လေချွန်လိုက်သည်။

သူက ဘယ်ဘက်လက်ဖြင့် ကြေးဝါရောင် ခေါင်းတလားကိုးလုံးကိုဆင့်ခေါ်လိုက်သည်။ ခေါင်းတလားများ ပျံထွက်လာသည်နှင့်တပြိုင်နက် ပို၍ကြီးမားလာကာ ပိုင်ရှောင်ချန်းထံသို့ ပြင်းထန်စွာ ဖိအားပေးလာသည်။

သူ၏ညာဘက်လက်မှာ ဘူးသီးခြောက်တစ်ခုထွက်လာကာ ပိုင်ရှောင်ချန်းထံသို့ ကျောက်စရစ်ခဲများအရှိန်အဟုန်ပြင်းစွာ ပစ်ခတ် နေသည်။

ထို့နောက်သူ၏ ခေါင်းကိုခါယမ်းလိုက်ရာ ဆံပင်များ ပျံဝဲသွားသည်။ ခေါင်းလောင်းငယ်လေးများလေထဲသို့ ပျံသန်းလာပြီး အရိပ်သဏ္ဍာန်ပြောင်းလဲသွားကာ ပိုင်ရှောင်ချန်းဆီသို့ဦးတည်လာသည်။

အားလုံးထဲတွင်ထိတ်လန့်ဖွယ်အကောင်းဆုံးမှာ သူကပါးစပ်ကိုဖွင့်လိုက်ပြီးနောက် သွေးအရောင်ရှိယပ်တောင်ကိုထုတ်လိုက်ခြင်းဖြစ်သည်။ ယပ်တောင်ကိုလေထဲတွင်ဝှေ့ယမ်းလိုက်သည့်အခါ မီတာသုံးရာအကျယ်ရှိ သွေးအခိုးအငွေ့များဖြစ်ပေါ်လာသည်။ ထိုအရာမှာ မန္တန်အစီအရင်အဖြစ်ပြောင်းသွားပြီး တရွှီရွှီမြည်သံများထွက်ပေါ်လာကာ မရေမတွက်နိုင်သော သင်တုန်းဓားသဏ္ဍာန်ခြေသည်းလက်သည်းများပေါ်လာကြပြီး ပိုင်ရှောင်ချန်းထံဦးတည်နေကြသည်။

“ငါ့မှာ မှော်လက်နက်ပစ္စည်းတွေနဲ့ သန့်စင်ထားတဲ့အလောင်းကောင်တွေရှိတယ်။ မင်းငါနဲ့တိုက်ချင်သေးလား…ပိုင်ရှောင်ချန်း” ကျေနပ်စွာရယ်မောလျက် ရွှီရှောင်ရှန်းကသူကိုင်ထားသည့်အိတ်ကို ပုတ်ကာအဆင့်မြင့်ဆေးလုံးပုလင်းနှစ်ဆယ်ကျော်ကိုထုတ်လိုက်ပြီး သူယခုလေးတွင်မှ သုံးခဲ့သောစိတ်စွမ်းအင်များကို ချက်ချင်းပြန်လည်ဖြည့်တင်းလာစေရန် လျင်မြန်စွာဆက်တိုက်မျိုချလိုက်လေသည်။ အကယ်၍ထိုနေရာတွင် ဖြစ်ပျက်သမျှကို ကြည့်ရှုနေသည့် တတိယလူတစ်ယောက်ရှိခဲ့ပါလျှင် ထိုသူမှာ လုံးလုံးလျားလျားအံ့အားသင့်နေပေလိမ့်မည်။

ထိုအချိန်တွင် နတ်ကြိုးကြာမှာ ပိုင်ရှောင်ချန်း၏ အနားတွင် ပေါ်လာကာ ဒိုင်းကာငယ်လေးအဖြစ်ပြောင်းလဲသွားပြီး သူ၏အနားတွင် ပတ်ချာလည်လှုပ်ရှားနေလျက်ရှိသည်။ ထို့နောက် အနက်ရောင်အလင်းတန်းများ
လက်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးလွှမ်းခြုံထားတော့သည်။

သူက ကိုင်ထားသောအိတ်ကို ပုတ်လိုက်ပြီး ရာနှင့်ချီသော အဆောင်လက်ဖွဲ့စာရွက်များကို ထုတ်လိုက်ကာ သူ၏ကိုယ်ပေါ်တွင်ကပ်လိုက်သည်။ မျက်စိတမှိတ်အတွင်း မီတာတစ်ရာ့ငါးဆယ်အတွင်းခုခံပေးသော ရာကျော်သည့်ဒိုင်းလွှာများပေါ်လာသည်။

“ငါ့မှာ အကာအကွယ် အဆောင်လက်ဖွဲ့တွေအများကြီးရှိတယ်ကွ” သူက ဝင့်ကြွားစွာပြောလေသည်။ “မင်းက ဒီချာတူးလန်နေတဲ့ မှော်လက်နက်တွေနဲ့ ငါ့ကိုတိုက်ရဲတယ်ပေါ့” အလောင်းကောင်များမှာ ဖရိုဖရဲဖြင့် အဝေးသို့လွှင့်ပစ်ခြင်းခံလိုက်ရသည်။ ကျောက်စရစ်ခဲများမှာ အရှိန်ပြင်းပြင်းဖြင့် အကာအကွယ်ဒိုင်းကို ထိုးဖောက်ရန်လာကြသော်လည်း အများစုမှာ အကာအကွယ်ဒိုင်းကိုထိပြီးသည်နှင့် ပြန်ကန်၍ထွက်သွားကြသည်။ ကြေးဝါရောင် ခေါင်းတလားကိုးလုံးမှာလည်း ရှေ့ဆက်မတိုးနိုင်ဘဲ တန့်ခနဲဖြစ်ကာ မြေပြင်ပေါ်သို့ ကျသွားသည်။

ရွှီရှောင်ရှန်းမှာ မျက်လုံးပြူးလျက် အလွန်အံ့အားသင့်စွာဖြင့်ငေးကြည့်နေလေသည်။ သူကလူများကိုတိုက်ခိုက်သည့်အခါ သူ၏များပြားလှသော မှော်ပစ္စည်းများနှင့် သန့်စင်သောအလောင်းကောင်များကိုသာ အားကိုးထားသည်။ ပိုင်ရှောင်ချန်းကဲ့သို့ သူနှင့် အဆင့်တူညီသည့်လူမျိုးကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းက မှော်ပစ္စည်းများကိုမသုံးသော်လည်း ရွှီရှောင်ရှန်းမှာ ရာနှင့်ချီသောအဆောင်လက်ဖွဲ့များ၏တန်ဖိုးကိုစဥ်းစားမိသောအခါ သူ၏နှလုံးမှာတုန်လှုပ်သွားလေသည်။

“အချက်အလက်တွေထဲမှာ ပိုင်ရှောင်ချန်းက ပဟေဠိဆန်ပြီး စွမ်းအားကြီးမားတယ်ပဲ ဖော်ပြခဲ့တာ။ ဒါပေမဲ့ သူချမ်းသာတဲ့အကြောင်းကျ မဖော်ပြထားဘူးကွာ…” ရွှီရှောင်ရှန်းက ခါးသက်စွာရယ်မောလိုက်သည်။ သူကိုယ်တိုင်မှာမည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို အတိအကျသိထားရာ ပိုင်ရှောင်ချန်းမှာလည်း မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူနားလည်မိသည်။ တကယ်တမ်းတွင်လည်း အဆောင်လက်ဖွဲ့စာရွက်အများအပြားကိုမြင်လိုက်ရသည့်အခါ သူ၏မျက်လုံးများတွင် မနာလိုမှုအရောင်များလင်းလက်လာသည်။ ထို့ပြင် မှော်ပစ္စည်းများအား တိုက်ခိုက်စေရန် စိတ်စွမ်းအင်လိုအပ်ပြီး အဆောင်လက်ဖွဲ့စာရွက်များတွင်မူ စိတ်စွမ်းအင်လုံးလုံးမလိုအပ်ပေ။ သူတို့အတွက်စွမ်းအားကို အဆောင်လက်ဖွဲ့အတွင်းတွင် သိုလှောင်ထားပြီးဖြစ်သည်။

အဆောင်လက်ဖွဲ့များမှာ စျေးကြီးပြီး အချိန်အကန့်အသတ်တစ်ခုထိသာ အလုပ်လုပ်ပေးသည်။ ရွှီရှောင်ရှန်းကိုယ်တိုင်ကလည်း အဆောင်လက်ဖွဲ့များအားဇိမ်ခံပစ္စည်းတစ်ခုအဖြစ်သာ ကြည့်ရှုခဲ့ရသည်။

မျက်တောင်ကို တဖျပ်ဖျပ်ခတ်လျက် ပိုင်ရှောင်ချန်းမှာ အမှန်တကယ် လေးစားစရာကောင်းသူဖြစ်ကြောင်း ရုတ်တရက်သဘောပေါက်သွားလေသည်။ အမှန်အတိုင်းပြောရလျှင် သူက အတိုးအတာတစ်ခုအထိပင် လေးစားဖွယ်ကောင်းသူဖြစ်သည်။ ခဏမျှတွေးတောလိုက်ပြီးနောက် ပိုင်ရှောင်ချန်းထံ သူ၏ကျောက်စိမ်းဆွဲပြားကို ပစ်ပေးလိုက်သည်။
” သောက်ကျိုးနည်း…. ရွှီရှောင်ရှန်းဆိုတဲ့ငါက ဒါကိုဘယ်သူ့မှပေးမသုံးဖူးဘူးကွ။ ပိုင်ရှောင်ချန်း… မင်းကပထမဆုံးပဲ။ မင်းဒီပစ္စည်းလိုအပ်နေတာကိုငါသိပါတယ်။ ဒါကြောင့်ယူထားပြီးသုံးလိုက်ပါ။ ဒါပေမဲ့ ဒီဟာက လက်ဆောင်ပေးတာမဟုတ်ဘူးနော်။ မင်းသုံးပြီးရင် ငါ့ကိုပြန်ပေးရမယ်”


Comment

Leave a Reply

Options

not work with dark mode
Reset