Switch Mode

အခန်း (၄၀၄)

မှောင်မဲနေသော ရုပ်သံမှတ်တမ်းတစ်ခု

ဝမ်ပေါင်လဲ့မှာ နတ်ဘုရားလက်နက်မြို့တော်အသစ်ထဲ၌ ကျိုးမိသားစု၏ ဖြစ်ရပ်ကြီးကို စောင့်ကြည့်နေဆဲပင်။ ထိုအချိန်တွင် သူသည် ခုန်းတောက်၏ အသံလွှင့်အကြောင်းကြားစာကို ရရှိလိုက်သဖြင့် ထိုဖြစ်ရပ်ကြီးတစ်ခုလုံး၏ ဇာတ်ကြောင်းကို နားလည်သွားတော့သည်။ ချန်းမုမှာ နောက်ကွယ်မှ ကြိုးကိုင်နေခဲ့သည့်သူဖြစ်ကြောင်း သူက သိလိုက်ရ၏။

” ချန်းမု။ မင်း သတ္တိတော်တော်ကောင်းနေတယ်ပေါ့ ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ အေးစက်သွား၏။ သူသည် ယခင်တုန်းက ချန်းမုအား မနှစ်သက်သည့် အဆင့်တွင်သာ ရှိခဲ့ပြီး သူ့အား အမှန်တကယ် မုန်းတီးခဲ့ခြင်း မရှိပေ။ ထို့ကြောင့်လည်း သူသည် ချန်းမု လက်မြှောက်အရှုံးပေးပေးသည့်အချိန်ထိသာ သူ့အား ဖိအားပေးခဲ့ပြီးနောက် ဘာမှဆက်မလုပ်ခဲ့ခြင်း ဖြစ်၏။

သို့သော် ယခုတွင်မူ ချန်းမုအပေါ် ထားရှိသော သူ၏ခံစားချက်များမှာ လုံးဝပြောင်းလဲသွားပြီဖြစ်သည်။ ချန်းမှမှာ သူ၏ မိတ်ဆွေကို ထိခိုက်အောင်လုပ်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် နှလုံးသားထဲ၌ ဆူးတစ်ခုစိုက်ဝင်သွားသလို ခံစားလိုက်ရ၏။ ယခုတွင် ဝမ်ပေါင်လဲ့မှာ ချန်းမုအား မြင်လိုက်ရသည့်အချိန်တိုင်း ဤဖြစ်ရပ်ကြီးကို မှတ်မိနေတော့မည်ဖြစ်သည်။ သို့ဖြစ်ရာ ဤပြဿနာအား ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ချန်းမုအား အင်္ဂါဂြိုဟ်ပေါ်မှ နှင်ထုတ်ပစ်ရန် ဖြစ်သည်။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ ခုန်းတောက်ဆီမှ ကျိုးရိဖန်း၏ အမှာစကားကိုလည်း ကြားခဲ့ရသေးသည်။ သူသည် လပေါ်သို့သွားကာ လေ့ကျင့်တော့မည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရပြီးနောက် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးမှ သက်ပြင်းချမိလိုက်၏။ ကျိုးရိဖန်းတစ်ယောက် ကျိုးမိသားစုထဲ၌ ကြုံတွေ့ခဲ့ရသည့်အရာများကို သူက မသိပါသော်လည်း ထိုဖြစ်ရပ်ကြီးမှာ ကျိုးရိဖန်းအပေါ် အကျိုးသက်ရောက်မှု ကြီးမားစွာ ရှိခဲ့ရမည်ဖြစ်ကြောင်း သူက ခန့်မှန်းမိလိုက်၏။ ထို့ကြောင့် သူသည် ကျိုးရိဖန်း၏ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုလိုက်၏။ လက်ရှိ ရှေးဦးဝိညာဉ်ခေတ်ထဲတွင် ကမ္ဘာပေါ်၌ တရားဥပဒေစိုးမိုးမှု ရှိနေသေးသည့်တိုင်အောင် ပဏာမအဆင့်သုံးရာထူးအထိ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာခဲ့သော ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးတစ်ခုလုံး အမှန်တကယ် လက်ကိုင်ထားသည့် ဥပဒေတစ်ခုတည်းသာရှိကြောင်း နားလည်စပြုလာပြီ ဖြစ်သည်။ ၎င်းမှာ သာသူစားစတမ်းဆိုသည့် ဥပဒေပင်ဖြစ်သည်။

ထိုဥပဒေ၏ အောက်တွင် အင်အားကြီးသူများက အင်အားနည်းသူများကို နိုင်စားမည်သာဖြစ်သည်။ ၎င်းမှာ တာအိုစကြဝဠာကြီး၏ မပြောင်းလဲဘဲ ရှိနေသော ဥပဒေတစ်ခုပင် ဖြစ်သည်။

” နောက်ဆုံးတော့လည်း ကျင့်ကြံခြင်းက အဓိကပါပဲ ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး လမင်းကြီး ရှိရာဘက်သို့ မော့ကြည့်လိုက်၏။ တစ်ခဏမျှကြာပြီးမှ သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ချန်းမု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ မှေးသွားပြီး အခြားသူများ မမြင်နိုင်သည့် အမှောင်ချီတစ်မျိုးမှာ သူ၏မျက်ဝန်းများထဲ၌ မှိန်မှိန်ကလေး တောက်ပလာတော့သည်။

တိုက်ဆိုင်သွားသည်လားတော့မသိပေ။ ဝမ်ပေါင်လဲ့တစ်ယောက် ထိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဘက်သို့ လှမ်းကြည့်လိုက်သည့်အချိန်တွင် ချန်းမုမှာလည်း ချက်ချင်းဆိုသလိုပင် ခေါင်းမော့လာ၏။ သူသည် အံကြိတ်ကာ ဝမ်ပေါင်လဲ့၏ရုံး ရှိရာဘက်သို့ လှမ်းကြည့်ရင်း မျက်လုံးများ နီမြန်းလာတော့သည်။ သူ၏ ပုံစံမှာ အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်ကာ ရူးသွပ်နေသည့်ပုံ ပေါက်နေ၏။

” ဝမ်ပေါင်လဲ့ ” ချန်းမုမှာ ထိုကဲ့သို့ ကြိမ်းဝါးရင်း သူ၏လက်ထဲမှ ကျောက်စိမ်းပေလွှာကို တစ်စစီ ခြေမွှပစ်တော့မည့်အလား ဖြစ်သွားရ၏။

ထိုကျောက်စိမ်းပေလွှာမှာ ကျိုးရိရှန်နှင့် အပေးအယူလုပ်ခဲ့ရာမှ ရရှိခဲ့ခြင်းဖြစ်သည်။ ကျိုးရိရှန်မှာ ကျိုးရိဖန်းအား ကျိုးမိသားစုဆီသို့ ပြန်ခေါ်လာခဲ့ပြီးနောက် ၎င်းအား ပေးပို့လိုက်ခြင်းဖြစ်သည်။ ထို့အပြင် သူသည် ၎င်းအား ပုံတူကူးထားခြင်းမရှိကြောင်း သက်သေပြလိုသောကြောင့် မူရင်းကျောက်စိမ်းပေလွှာအား ချန်းမုဆီသို့ ပေးပို့ခဲ့၏။

ထိုကျောက်စိမ်းပေလွှာထဲ၌ မိစ္ဆာဒိဋ္ဌိကျင့်ကြံသူကြီး၏ နတ်ဝိဇ္ဇာဂူအား ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနမှ မှတ်တမ်းထင်ထားသည့် ရုပ်သံမှတ်တမ်း ပါဝင်နေ၏။ ကျိုးရိရှန်မှာ ထိုရုပ်သံမှတ်တမ်းအား ရယူကာ နဂိုအတိုင်းပြန်ဖြစ်အောင် ပြန်လည်ဖော်ထုတ်ရန် သူ၏ မိသားစုမျိုးနွယ်စုဆီသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ကျိုးမိသားစုမှာ အရင်းအနှီးများစွာ အကုန်ကျခံ၍ ပညာရှင်များကို အသုံးပြုခဲ့သည့်တိုင်အောင် အပြည့်အစုံ ပြန်လည်ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပါသော်လည်း မှတ်တမ်းအများစုကို ပြန်လည်ရယူနိုင်ခဲ့၏။

ချန်းမုမှာ ထိုကျောက်စိမ်းပေလွှာအား လက်ခံရရှိလိုက်ပြီးနောက် ၎င်းအား ချက်ချင်းပင် ကြည့်လိုက်၏။ ထိုအခါ သူသည် တစ်ကိုယ်လုံး ပေါက်ကွဲသွားလုမတတ် ခံစားလိုက်ရတော့သည်။ အစပိုင်းတွင် ထိုရုပ်သံမှတ်တမ်းမှာ အလွန်အင်မတန်မှ ကြည်လင်ပြတ်သားနေခဲ့၏။ သူသည် အသက်အောင့်ထားရင်း ဝမ်ပေါင်လဲ့၏ မျက်နှာကြီးနှင့် လီဝမ်အာ၏ အသက်မပါသော မျက်နှာအမူအရာတို့ကို စိုက်ကြည့်နေ၏။ သူတို့နှစ်ယောက်မှာ လျှို့ဝှက်အခန်းတစ်ခန်းထဲသို့ ရောက်နေကြခြင်းဖြစ်ကြောင်း သူက သတိထားမိလိုက်သည်။

” ဝမ်ပေါင်လဲ့ နင့် အဝတ်အစားတွေ ချွတ်လိုက် ” ချန်းမုမှာ ထိုစကားကို ကြားလိုက်ရသောအခါ နဖူးပေါ်၌ သွေးကြောကြီးများထောင်မတ်လာတော့သည်။ သူသည် အသိစိတ်ပျောက်လုမတတ် ခံစားနေရပြီဖြစ်၏။ ၎င်းမှာ လီဝမ်အာ၏ စကားသံဖြစ်ကြောင်း သူက ဆိုနိုင်ပေသည်။

” မိန်းမပျက်။ သူက အရင်စတဲ့လူ ဖြစ်နေတာပါလား ” ချန်းမုမှာ ထိုကျောက်စိမ်းပေလွှာအား ‌‌မခြေမွှမိအောင် သူ့ကိုယ်သူ ထိန်းထားရ၏။ ထို့နောက် သူသည် အံကြိတ်ကာ ဆက်လက်နားထောင်လိုက်၏။ ခဏအကြာတွင် သူတို့နှစ်ယောက်၏ အပြန်အလှန်ပြောစကားများကို ထပ်ကြားလိုက်ရပြန်သည်။

” နင် မဟုတ်တာတွေ မတွေးပါနဲ့။ အသက်မထွက်ခင် ထင်တိုင်းကြဲရမယ့် အခြေအနေအထိ ငါတို့တွေ မရောက်သေးပါဘူး ”

” ဘာဆက်လုပ်ရမှာလဲ။ နင် ငါ့ဆီကို လာမှာလား။ ငါ နင့်ဆီကို လာရမှာလား။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က နင့်လောက်မမြင့်တော့ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ နင် ဘယ်နားမှာရှိနေမှန်းလဲ ငါမသိဘူး။ နင် ဘယ်မှာလဲဟ ” ထိုစကားနှစ်ခွန်းမှာ သာမာန်စကားများဟုသာ သတ်မှတ်နိုင်ပါသော်လည်း ချန်းမုမှာ မျက်လုံးများ နီမြန်းနေရပြီဖြစ်သည်။ ထိုအချိန်တွင် နောက်ထပ် ထပ်၍ကြားလိုက်ရသော စကားများကြောင့် သူသည် ဒေါသတကြီး အော်ဟစ်မိလိုက်တော့သည်။

ထိုစကားများမှာ…

” အခု အဲဒီ အဝတ်အစားတွေကို ငါတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ခြုံလိုက် ”

ထိုစကားကို ရှည်ရှည်ဝေးဝေး စဉ်းစားနေရန်မလိုပေ။ အနည်းငယ်ခန့် တွေးလိုက်ရုံမျှဖြင့် သူတို့နှစ်ယောက်မှာ ကိုယ်လုံးတီးဖြစ်နေသည်ကို သိနိုင်ပေသည်။ ” ငါတို့ရဲ့ ခန္ဓာကိုယ် ” ဟူသော စကားလုံးများကိုကြည့်လျှင် သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ထွေးပွေ့ထားကြခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် ချန်းမုမှာ အရူးတစ်ယောက်လို အော်ဟစ်နေရပြီဖြစ်သည်။ သို့သော် နောက်ဆုံးစကားတစ်ခွန်းမှာ အဆိုးဆုံးဖြစ်နေ၏။

” ငါတို့တွေ အကယ်ခံရပြီးတဲ့အချိန် နင့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ပြတ်နေတာကို မြင်ချင်တော့ ဆက်လုပ်ကြည့်လိုက် ” ချန်းမုမှာ လီဝမ်အာ၏ စကားသံကိုကြားလိုက်ရသောအခါ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွားတော့သည်။ ထို့နောက် သူ၏အတွေးထဲ၌ ပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။ ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့နှစ်ယောက်စလုံးမှာ ဝစ်လစ်စားလစ် ဖြစ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ထွေးပွေ့ထားကြ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မတော်မတရား လုပ်ရပ်အချို့ လုပ်နေသောကြောင့် လီဝမ်အာမှာ သိပ်၍ ဂရုမစိုက်သည့်လေသံဖြင့် တစ်ခွန်းထဲပြောကာ ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။

ထိုမျှလောက်သာဆိုပါက ကိစ္စမရှိပေ။ သို့သော် ထိုအချိန်တွင် ထိုကျောက်စိမ်းပေလွှာထဲမှ ရုပ်သံမှတ်တမ်းမှာ ရုတ်ခြည်းဆိုသလို ပြီးဆုံးသွား၏။ ထိုမှတ်တမ်းအား အစမှအဆုံးအထိ ပြန်လည်ထုတ်ဖော်နိုင်ရန်မှာ အလွန်အင်မတန်မှ ခက်ခဲသောကြောင့် သူတို့မှာ ယခုလောက်သာ ပြန်လည် ထုတ်ဖော်နိုင်ခဲ့၏။ နောက်ပိုင်း ဆက်ဖြစ်သွားခဲ့သည့် အရာများကိုမူ ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့မှလွဲ၍ အခြားမည်သူကမှ သိကြမည်မဟုတ်ပေ။

ထိုရုပ်သံမှတ်တမ်းမှာ ယခုလို ရုတ်ခြည်းဆိုသလို ရပ်တန့်သွားသောကြောင့် ချန်းမုမှာ အရူးတစ်ပိုင်းဖြစ်နေရတော့သည်။ အချိန်အတော်အတန် ကြာပြီးမှသာ သူသည် ပြန်လည်တည်ငြိမ်သွား၏။ သူ၏ မျက်ဝန်းများထဲတွင်မူ မကျေနပ်မှုများနှင့် အငြိုးကြီးသောမုန်းတီးမှုများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

ထိုရုပ်သံမှတ်တမ်း စတင်ပေါ်ထွက်လာခဲ့သည့်

အချိန်တုန်းက သူနှင့် လီဝမ်အာတို့မှာ မစေ့စပ်ရသေးသည်ကို သူက သိထားပါသော်လည်း သည်းမခံနိုင်ပေ။ သူတို့နှစ်ယောက်မှာ အနွေးဓာတ်ရရန် တစ်ယောက်ကိုတစ်ယောက် ထွေးပွေ့ခဲ့ခြင်းသာဖြစ်ကြောင်း သူက သိထား၏။ အကယ်၍ ထိုသို့သာမဟုတ်ပါက သူတို့နှစ်ယောက်စလုံး သေဆုံးသွားနိုင်‌ပေသည်။ သို့သော် သူသည် အဘယ့်ကြောင့် လီဝမ်အာမှာ အသေမခံခဲ့ရပါသနည်းဟု တွေးတောနေ၏။ သူမသာ သေဆုံးသွားခဲ့မည်ဆိုပါက သူ့အတွက် ယခုလို ပြဿနာများ တက်လာတော့မည် မဟုတ်ပေ။

သူသည် လီဝမ်အာ အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသွားခဲ့သည်ဖြစ်စေ ဂရုမစိုက်ပေ။ သူဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ ဤဖြစ်ရပ်ကြီးကြောင့် သူ အရှက်တကွဲဖြစ်ကာ မျက်နှာပျက်သွားရမည့် အချက်သာဖြစ်သည်။

” မိန်းမပျက် လီဝမ်အာ။ နင့်ကို နာကျင်ခံစားရအောင်ကို လုပ်ပစ်မယ်။ နင် သေရမှာ မကြောက်ဘူးမလား။ နင် သေပါရစေဆိုပြီး တောင်းဆိုရတဲ့အထိဖြစ်အောင် လုပ်ပေးမယ်။ ပြီးတော့ ဝမ်ပေါင်လဲ့ရောပဲ…. မင်း နေနှင့်ဦးပေါ့။ အခုလောလောဆယ်တော့ ငါမင်းကို ဘာမှလုပ်လို့ မရသေးပေမယ့် မင်းတန်ဖိုးထားရတဲ့ လူတွေကိုတော့ ဒုက္ခပေးနိုင်တယ်။ ကျိုးရိဖန်းက ပထမဆုံးပဲ ရှိသေးတယ်။ မင်းနဲ့ ပတ်သတ်နေတဲ့ တခြားလူတွေကိုလည်း ငါ တစ်ခုခု လုပ်ပြမယ် ”

ချန်းမုမှာ သွားများကြေမွသွားလုမတတ် အံကြိတ်နေ၏။ ထို့နောက် သူသည် ခေါင်းမော့ကာ ဝမ်ပေါင်လဲ့၏ရုံး ရှိရာဘက်သို့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့သည်။ သူနှင့် ဝမ်ပေါင်လဲ့တို့မှာ သူတို့နှစ်ယောက်ကြားရှိ မရေမတွက်နိုင်သော အဆောက်အဦများစွာကို ဖြတ်ကာ အလယ်၌ အကြည့်ချင်းဆုံသွားကြသကဲ့သို့ပင်။

ထိုကဲ့သို့ သောကများရောက်နေရသည့် နောက်ထပ်တစ်ယောက်မှာ လီဝမ်အာပင်ဖြစ်သည်။ သူမသည် ချန်းမုအား မကျေမနပ်ဖြစ်ကာ သူ့ကြောင့် စိတ်ရှုပ်နေရပါသော်လည်း သူတို့နှစ်ယောက်၏ စေ့စပ်မှုမှာ အတည်ပြုပြီးသွားပြီ ဖြစ်၏။ ထိုကိစ္စနှင့်ပတ်သက်၍ သူမဘက်မှ ရွေးချယ်ခွင့်မရှိခဲ့ပေ။ ထို့အပြင် သူမသည် ဝမ်ပေါင်လဲ့ကြောင့်လည်း စိတ်ဒုက္ခရောက်နေရ၏။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများအား ပိတ်ဆို့ခဲ့သည့် ကိစ္စရပ်ကြီးကြောင့် သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ အေးစက်သွားခဲ့ရ၏။ သူမသည် ဝမ်ပေါင်လဲ့အား ခြိမ်းခြောက်မိခဲ့သည် မဟုတ်ပါလော။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းကာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ချက်ချင်းပင်ပေးပို့လိုက်၏။ သူသည် အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားမှ ရတော့မည်ဖြစ်သည်။ သူ့မိသားစု၏ ဘေးကင်းလုံခြုံမှုအတွက် တာအိုကျောင်းလေးကျောင်း၏ ကူညီထောက်ပံ့ပေးမှုကို လိုအပ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ရာထူးအဆင့်အတန်းမြင့်မားပြီး တာအိုကျောင်းလေးကျောင်းအတွက် အရေးပါသောကြောင့် ၎င်းတို့မှာ သူ၏မိသားစုကို ဘေးကင်းလုံခြုံအောင် ထားပေမည်ဟု ကတိပေးလိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ၏ မိဘများအား အင်္ဂါဂြိုဟ်ပေါ်သို့ ခေါ်လာရန် စိတ်ကူးရှိပါသော်လည်း ဤဂြိုဟ်ပေါ်တွင်လည်း ဘေးကင်းလုံခြုံမှု အပြည့်ရှိသည်တော့မဟုတ်ပေ။ ထို့အပြင် သူတို့မှာ ဤပတ်ဝန်းကျင်ကြီးနှင့် စိမ်းနေမည်လည်း ဖြစ်သည်။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် ထိုအကြံကို ‌‌ခေါင်းထဲမှ ထုတ်ထားလိုက်တော့သည်။

တစ်ချိန်ထဲမှာပင် ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးမှာလည်း ကျိုးရိဖန်း၏ ကိစ္စရပ်ကြီးအကြောင်းကို ပြန်လည်တွေးတောသုံးသပ်နေခဲ့၏။ သူသည် ဝမ်ပေါင်လဲ့၏ စွမ်းဆောင်ရည်များကို မြင်ခဲ့ရသဖြင့် သူ၏ အကျင့်စရိုက်မှာ လိုအပ်ချက်များရှိနေကြောင်း သိလိုက်ရ၏။ သို့သော် သူ၏ ဂိုဏ်းချုပ်ကြီး ဖြစ်နေသောကြောင့် သူ၏ နှလုံးသားထဲ၌ စိတ်ထက်သန်ပြင်းပြမှုများ ရှိနေဆဲပင်။ ထို့ကြောင့် သူသည် ထိုကဲ့သို့ ဖြစ်ရပ်မျိုး နောက်ထပ်တစ်ကြိမ် ထပ်၍ အဖြစ်ခံမည်မဟုတ်ကြောင်း သူ့ကိုယ်သူ ကတိပေးလိုက်၏။ ကောင်းကင်တာအိုကျောင်း၏ အရှိန်အဝါ အစစ်အမှန်ကို အများသိအောင် ထုတ်ပြရမည့် အချိန်သို့ ရောက်လာပြီဖြစ်သည်။

ကျိုးရိဖန်း၏ ကိစ္စရပ်ကြီး ပြီးဆုံးသွားပြီး လိုအပ်သည့် ကြိုတင်ကာကွယ်မှုများကို ပြုလုပ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ ချန်းမု၏ အကြောင်းများကို မေ့းထားလိုက်တော့သည်။ သူသည် ဤကိစ္စကြီးကို ကိုင်တွယ်ဖြေရှင်းရာ၌ ပြည်ထောင်စုကြီး၏ စည်းမျဉ်းများကို လိုက်နာရန်လိုအပ်ပြီး ဆန္ဒစောနေ၍ မဖြစ်ကြောင်း နားလည်ထား၏။

ထို့အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်နိမ့်နေသေးသောကြောင့် ထိုဖြစ်ရပ်များ ဖြစ်လာရခြင်းဖြစ်ကြောင်းကိုလည်း သူက သိထား၏။ အကယ်၍ လက်ရှိတွင် သူသာ အမြုတေအဆင့်သို့ ရောက်နေမည်ဆိုပါက အခြေအနေများမှာ ယခုလို ဖြစ်နေမည် မဟုတ်ပေ။

” ကျင့်ကြံခြင်း လေ့ကျင့်ရမယ် ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ တွေးလိုက်၏။ ထို့နောက် သူသည် သူ၏ရုံးမှ ထွက်ခွာလာပြီး သူ၏အိမ်ရာဆီသို့ပြန်၍ ကျင့်ကြံခြင်းကို စတင်လေ့ကျင့်လိုက်တော့သည်။ သူသည် နှောင်းပိုင်း အခြေတည်အဆင့်မှ ဖောက်ထွက်ကာ အခြေတည်ထိပ်ဆုံးအဆင့်သို့ တက်လှမ်းနိုင်တော့မည်ဖြစ်ကြောင်း ခံစားမိနေပြီဖြစ်သည်။

တစ်ချိန်ထဲမှာပင် အင်္ဂါဂြိုဟ်၏ အပြင်ဘက်ရှိ နေအဖွဲ့အစည်း၏ အလွန်တွင် အခေါင်းကြီးတစ်လုံးမှာ အနန္တစကြဝဠာထဲ၌ အရှိန်အဟုန်ဖြင့် မျောလွင့်နေ၏။ ၎င်းမှာ အာကာသထဲ၌ ဖြတ်၍ ပျံနေသည့်ပုံ ပေါက်နေပြီး ၎င်း၏ ပတ်ပတ်လည်ရှိ အချိန်နှင့် အာကာသတို့မှာ တွန့်လိမ့်ပုံပျက်နေကြ၏။ ထို့ကြောင့် ၎င်းမှာ အချိန်နှင့် အာကာသကြားရှိ စပ်ကြားနယ်မြေတွင် ခြေဦးတည့်ရာ သွားလာနေသကဲ့သို့ ဖြစ်နေတော့သည်။ ၎င်းမှာ နှစ်သိန်းပေါင်းမြောက်မြားစွာ ကြာမြင့်ပြီးသွားပါက ကမ္ဘာဆီသို့ ရောက်ရှိလာနိုင်သလို လွန်ခဲ့သည့် နှစ်‌သိန်းပေါင်းမြောက်မြားစွာတုန်းကလည်း ကမ္ဘာဆီသို့ ရောက်ရှိလာနိုင်ခဲ့ပေသည်။

အာကာသကြီး၏ အခြားတစ်ဖက်ရှိ နေအဖွဲ့အစည်းနှင့် သိပ်၍မဝေးသော နေရာတစ်ခုတွင်လည်း အနက်ရောင်ရေခူကြီးတစ်ကောင်မှာ ဦးတည်ရာမဲ့စွာ မျောလွင့်နေ၏။ လက်ရှိအနေအထားအတိုင်းသာဆိုလျှင် ၎င်းမှာ နေအဖွဲ့အစည်း၏ အစွန်းနားမှ ဖြတ်သန်းသွားမည့်ပုံပင်…

Comment

  1. Lamin says:

    👍👍👍👍👍👍👍👍👍👍👍

Leave a Reply

Options

not work with dark mode
Reset