Switch Mode

အခန်း (၄၀၃)

မြို့တော်သခင်ဝမ်၏ အမိန့်တော်အတိုင်း

ခုန်းတောက်မှာ သူ၏ခေါင်းကိုင်ဖခင် သွမ့်မုချွယ်အား ရိုသေလေးစားမှု အပြည့်ရှိပေသည်။ သွမ့်မုချွယ်မှာ သူ၏ ဖခင်အရင်းတစ်ယောက်ကဲ့သို့ သူ့အားဆက်ဆံပြီး သူ၏ ခက်ထန်တင်းမာသော အမူအရာများ၏အောက်တွင် သူ့အပေါ်ထားရှိသော ဂရုစိုက်မှုများကို ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း သူက အလိုလိုသိနေ၏။ သို့သော်ငြားလည်း ခုန်းတောက်မှာ သူ့ဆီမှ မည်သည့်အရာကိုမှ အလွယ်တကူ မတောင်းဆိုရဲခဲ့ပေ။

ထို့ကြောင့် သူသည် ဥက္ကဋ္ဌရုံးဆီသို့ လှမ်း၍ ဆက်သွယ်ကာ သူသည် အင်္ဂါဂြိုဟ်အပြင်ဘက်သို့ ထွက်လာမည်ဖြစ်ကြောင်း အသိပေးလိုက်ခြင်းဖြစ်သည်။ ထို့နောက် သူ၏ တောင်းဆိုမှုကို ကမ္ဘာပေါ်ရှိ စီမံခန့်ခွဲရေးရုံးဆီသို့ တင်ပြလိုက်၏။ သူ၏ အသံလွှင့်အကြောင်းကြားစာအား လက်ခံခဲ့သည့်လူမှာ သာယာနာပျော်ဖွယ်ကောင်းသည့် အသံတစ်ခုကို ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူသည် ထိုအသံကို ရင်းနှီးနေသည်ဟု ခပ်ရေးရေးခန့် ခံစားမိပါသော်လည်း မည်သူ့၏အသံဖြစ်ကြောင်းကို အတိအကျ မဝေခွဲနိုင်ဘဲ ဖြစ်နေရ၏။ ထို့ကြောင့် သူသည် ထိုအကြောင်းကို ဆက်၍ တွေးတောမနေတော့ပေ။ သူသည် ထိုအကြောင်းကြားစာကို အဆုံးသတ်လိုက်ပြီးနောက် အင်္ဂါဂြိုဟ်စစ်တပ်ဆီသို့ ဆက်သွယ်လိုက်၏။

ထိုကဲ့သို့ အဆင့်ဆင့် ပြင်ဆင်ပြီးသွားပြီးနောက် ခုန်းတောက်တစ်ယောက် ကမ္ဘာကြီးဆီသို့ ထွက်ခွာမည့် အာကာသ သင်္ဘောပျံကြီးပေါ်သို့ တက်သွားချိန်တွင် သူနှင့်အတူ လူအယောက်သုံးရာကျော်ကို ခေါ်လာခဲ့၏။ သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာ အခြေတည်အဆင့်တွင် ရှိနေကြသည်ဖြစ်ရာ ငပျော့လေးများ မဟုတ်ကြပေ။ ထို့အပြင် အင်္ဂါဂြိုဟ်စစ်တပ်မှာ ထိုအဖွဲ့နှင့် လိုက်ပါသွားပြီး ခုန်းတောက်အား အကာအကွယ်ပေးနိုင်ရန် အမြုတေအဆင့်တွင် ရှိသည့် ဘုန်းတော်ကြီးတစ်ပါးကိုလည်း စေလွှတ်ခဲ့သေးသည်။

ခုန်းတောက်မှာ အင်္ဂါဂြိုဟ်စစ်တပ်၏ မြို့တော်အသစ်ထဲရှိ ကိုယ်စားလှယ်ဖြစ်နေသည် မဟုတ်ပါလော။ ထို့အပြင် သူသည် တမူထူးခြားသော ကျောထောက်နောက်ခံတစ်ခုကို ပိုင်ဆိုင်ထားသည့်အပြင် သူ ကမ္ဘာကြီးဆီသို့ သွားရောက်လည်ပတ်ရမည့် အကြောင်းအရင်းမှာလည်း ဝမ်ပေါင်လဲ့ကြောင့် ဖြစ်နေ၏။ ထိုအချက်များအားလုံးကြောင့် အင်္ဂါဂြိုဟ်စစ်တပ်မှာ သူ့ဘက်မှ အပြည့်အဝ ကူညီထောက်ပံ့ပေးနေကြ၏။

ထို့အပြင် ခုန်းတောက်မှာ ကမ္ဘာပေါ်ရှိ စစ်တပ်ကိုလည်း လိုရမယ်ရ ဆက်သွယ်ထားသေးသည်။ သူသည် အရာရာတိုင်းကို ပြင်ဆင်ထားပြီးသား ဖြစ်နေ၏။ သူ၏ သင်္ဘောပျံကြီး ကမ္ဘာပေါ်သို့ ဆင်းသက်လာသောအခါ ကမ္ဘာပေါ်ရှိ စစ်တပ်မှ စေလွှတ်လိုက်သည့် လူအယောက်သုံးရာပါသော အဖွဲ့တစ်ဖွဲ့မှာ သူ့အား စောင့်ကြိုနေကြသည်ကို မြင်လိုက်ရသည်။ သူတို့အားလုံးမှာလည်း အခြေတည်အဆင့်၌ ရှိနေကြ၏။

သူတို့အား ခုန်းတောက်ကို ကူညီထောက်ပံ့ကာ တာဝန်ကြီးကို အောင်မြင်အောင် ထမ်းဆောင်ပေးရန် ညွှန်ကြားထား၏။

ထိုအဖွဲ့ထဲမှ လူသုံးယောက်ကို ခုန်းတောက်က အာရုံစိုက်မိလိုက်၏။ ထိုသုံးယောက်ထဲတွင် မိန်းမငယ်လေးတစ်ယောက် ပါဝင်နေပြီး သူမသည် သစ်လွင်တောက်ပြောင်သော တူညီဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး ဖျက်လက်တက်ကြွမှု အပြည့်ရှိသည့်ပုံ‌ ပေါက်နေ၏။ သူမ၏ ပြိုင်စံရှား အလှတရားကြောင့် သူမ၏ ပတ်ပတ်လည်ရှိ လူတိုင်းမှာ ရင်ခုန်သံများ မြန်နေကြပြီ ဖြစ်သည်။ သို့သော် သူမ၏ မျက်ဝန်းများထဲရှိ သန့်ရှင်းစင်ကြယ်မှု အရိပ်အယောင်များနှင့် သူမ၏ အငွေ့အသက်များမှာ လူတိုင်းအား ရှက်ကိုးရှက်ကန်းနှင့် မလုံမလဲ ဖြစ်သွားစေသည်သာ ဖြစ်သည်။ သူမ၏ ရှေ့တွင် မရိုးသားသောစိတ်များ ပေါ်ပေါက်လာနိုင်စွမ်း လုံးဝမရှိသည့်အလားပင်။

ထိုအမျိုးသမီးမှာ…. ကျောက်ယမုန့်ပင် ဖြစ်သည်။

သူမသည် ဥက္ကဋ္ဌရုံး၏ လက်ထောက်ဖြစ်သောကြောင့် သူမကိုယ်တိုင် ရောက်ရှိနေသည်ကိုကြည့်လျှင် ဥက္ကဋ္ဌရုံး၏ ဤကိစ္စအပေါ် ထားရှိသော သဘောထားကို သိမြင်နိုင်ပေသည်။ သူမ၏နောက်တွင် အလွန်အင်မတန်မှ မြင့်မားသော ကျင့်ကြံခြင်းအဆင့်များကို ပိုင်ဆိုင်ထားကြပြီး အမြုတေအဆင့်သို့ ရောက်နေသည့် အကြီးအကဲနှစ်ယောက် ရှိနေ၏။

ခုန်းတောက်မှာ ထိုအကြီးအကဲနှစ်ယောက်နှင့် မရင်းနှီးပေ။ ပြည်ထောင်စုကြီးထဲတွင် အမြုတေအဆင့် ကျင့်ကြံသူများစွာကို စုစည်းကာ ဖွဲ့စည်းထားသည့် ဘုန်းတော်ကြီးအဖွဲ့အစည်းတစ်ခု ရှိနေသည်ကို သူက သိထားပေသည်။ ထိုကျင့်ကြံသူများမှာ ပြည်ထောင်စုဥက္ကဋ္ဌကြီး၏ အမိန့်ကို နာခံကြ၏။ သို့ဖြစ်ရာ ထိုအကြီးအကဲနှစ်ယောက် ရောက်ရှိလာသည်ဖြစ်ရာ ပြည်ထောင်စုဥက္ကဋ္ဌကြီး၏ ရပ်တည်ချက်ကို အထင်အရှား သိမြင်နိုင်ပေသည်။

ခုန်းတောက်မှာ ကမ္ဘာပေါ်ရှိ စစ်တပ်နှင့် သူ၏ ခေါင်းကိုင်ဖခင်ဆီမှ ရသော ကူညီထောက်ပံ့မှုများကြောင့် စိတ်နှလုံးလှုပ်ရှားသွားရပါသော်လည်း ဇဝေဇဝါ ဖြစ်နေရဆဲပင်။ သူတို့၏ ကူညီထောက်ပံ့မှုများမှာ သူ စိတ်ကူးထားသည့် ပမာဏထက် အများကြီး သာလွန်နေသည်မဟုတ်ပါလော။ သူ၏ ခေါင်းကိုင်ဖခင်မှာ ထောက်ခံချက်ပေးရုံလောက်သာ ပေးလိမ့်မည်ဟု သူက ထင်မှတ်ထားခဲ့၏။ ထို့ကြောင့်လည်း သူသည် သီးခြား ပြင်ဆင်မှုများ ကြိုတင်ပြုလုပ်ထားခဲ့ပြီးသား ဖြစ်သည်။ သို့သော် ယခုတွင်မူ ၎င်းတို့ကို မလိုအပ်တော့သည့်ပုံပင်။

အခြေတည်အဆင့်ကျင့်ကြံသူ ခြောက်ရာနှင့် အမြုတေအဆင့်ကျင့်ကြံသူ သုံးယောက်ပါသော သူ၏ အဖွဲ့အား ပြည်ထောင်စုကြီးထဲရှိ မည်သည့် နိုင်ငံရေးအဖွဲ့အစည်းကမှ ပေါ့ပေါ့တန်တန် ဆက်ဆံရဲမည် မဟုတ်ပေ။ ထို့အပြင် ထိုအသေးစား စစ်တပ်လေး၏ နောက်ကွယ်ရှိ နိုင်ငံရေးအင်အားစုများမှလည်း လျှော့တွက်၍မရသော အဖွဲ့အစည်းများ ဖြစ်နေကြ၏။

ကျိုးမိသားစုမှာ ထိုတပ်ဖွဲ့ကြီးကို မြင်လိုက်ရသောအခါ အမှန်တကယ်ပင် အံ့သြတုန်လှုပ်သွားခဲ့ရ၏။ အထူးသဖြင့် ကျိုးရိရှန်မှာဆိုလျှင် စိုးရိမ်စိတ်များကြီးထွားလာရတော့သည်။ ခုန်းတောက်မှာ သူ၏စစ်တပ်ကြီးကို သူတို့၏ အိမ်တော်ဆီသို့ ခေါ်ဆောင်လာသည်မဟုတ်ပါလော။ ထို့အပြင် သူသည် ဝေ့ဝိုက်ပြောဆိုနေခြင်းမရှိဘဲ တည့်တိုးသာ ကြေညာလိုက်၏။

” ကျုပ်က အင်္ဂါဂြိုဟ်စစ်တပ်ရဲ့ ကိုယ်စားလှယ်တစ်ယောက်နဲ့ နတ်ဘုရားလက်နက် မြို့တော်အသစ်ရဲ့ မြို့တော်ဝန်တစ်ယောက်ဖြစ်တဲ့ ခုန်းတောက်ပဲ။ ပြီးရင် ကျုပ်က ဒုပဏာမအဆင့်သုံး အရာရှိတစ်ယောက်ဆိုရင်လည်း ဟုတ်တယ်။ အခု ကျုပ်က နတ်ဘုရားလက်နက်မြို့တော်အသစ်ရဲ့ မြို့တော်သခင်ဖြစ်တဲ့ ဝမ်ပေါင်လဲ့ရဲ့ အမိန့်အတိုင်း ကျိုးရိဖန်းကို ပြန်လာခေါ်ဖို့ ရောက်လာခဲ့တာပဲ။ ကျိုးမိသားစုဘက်ကနေ ပူးပေါင်းဆောင်ရွက်ပေးပြီးတော့ သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် ”

ကျိုးမိသားစု၏ သခင်ကြီးနှင့် အခြားသူများမှာ ဤကိစ္စကြီးအကြောင်းကို မသိထားခဲ့ကြပေ။ သူတို့မှာ ကျိုးရိရှန်တစ်ယောက် ကျိုးရိဖန်းအား အကျဉ်းချပြီးသွားသောအခါမှ ကျိုးရိရှန်နှင့် ချန်းမုတို့၏ အပေးအယူအကြောင်းကို သိရှိသွားခဲ့ကြခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဖြစ်ပျက်ပြီးသွားခဲ့သည့် အရာများကို ပြန်ပြင်၍မရတော့ပေ။ ယခုကဲ့သို့ နောက်ဆက်တွဲအကျိုးဆက်များ ပေါ်ပေါက်လာသည့်တိုင်အောင် ကျိုးမိသားစုမှာ ဂုဏ်ကျက်သရေ အတင့်အသင့်ပိုင်ဆိုင်ထားသည့် မိသားစုတစ်ခု ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ အခြားသူများ အမိန့်ပေးသည့်အတိုင်း လူတစ်ယောက်အား စေလွှတ်ပေးကြမည် မဟုတ်ပေ။ လူ့ဘောင်အဖွဲ့အစည်းထဲရှိ စည်းမျဉ်းစည်းကမ်းများအရဆိုလျှင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်တစ်ခု မချမှတ်နိုင်ခင် အပြန်ပြန်အလှန်လှန် ဆွေးနွေးညှိနှိုင်းရန် လိုအပ်ပေသည် ။

ထို့ကြောင့် ယခုလို အတင်းအဓမ္မဖိအားပေးသည့် ခုန်းတောက်နှင့် ရင်ဆိုင်လိုက်ရချိန်တွင် ကျိုးမိသားစုကိုယ်စား ဤ ကိစ္စကြီးကို တာဝန်ယူထားသော အကြီးအကဲကြီးတစ်ယောက်မှာ အေးတိအေးစက် လေသံကြီးဖြင့် ခုန်းတောက်၏ အမိန့်များကို ငြင်းဆန်လိုက်တော့သည်။

သူ ထိုသို့ ငြင်းဆန်လိုက်ပြီး ခုန်းတောက်ဘက်မှ သူ့အား အခက်တွေ့အောင် မလုပ်နိုင်ခင်မှာပင် ဒေါသတကြီး ဖြစ်နေသော ကျောက်ယမုန့်မှာ စတင်တိုက်ခိုက်လိုက်တော့သည်။ သူမ၏ တိုက်ကွက်မှာ အားပြင်းသည်ဟု မဆိုနိုင်ပါသော်လည်း သူမ၏ နောက်တွင်ရှိနေသော အမြုတေအဆင့် ဘုန်းတော်ကြီးများမှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသောကြောင့် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ်လာကြ၏။ ထို့ကြောင့် အခြေအနေကြီးမှာ ပို၍ တင်းမာသွားပြီး ချက်ချင်းဆိုသလိုပင် ပရမ်းပတာ ဖြစ်သွားကြတော့သည်။

ထိုအခါ အမိန့်မနာခံရန် ဆုံးဖြတ်ထားသည့် ကျိုးမိသားစု၏ ရပ်တည်ချက်မှာ ချက်ချင်းဆိုသလိုပင် ယိမ်းယိုင်သွားရတော့သည်။ ကျိုးမိသားစုမှ အကြီးအကဲကြီးမှာ ကျောက်ယမုန့်အား အထိတ်တလန့် ဖြစ်နေသည်ကို အထင်အရှားမြင်နိုင်ပေသည်။ ထို့ကြောင့် ခုန်းတောက်မှာ အထူးတဆန်း ဖြစ်သွားရပါသော်လည်း ဆက်လက်စဉ်းစားတွေးတောမနေတော့ပေ။ သူသည် သူ့ဘက်မှ စတင်မလှုပ်ရှားခင် ဝမ်ပေါင်လဲ့ဆီသို့ အသံလွှင့် အကြောင်းကြားစာတစ်ခု ပေးပို့လိုက်ပြီး သူ့ဆီမှ ခွင့်ပြုချက်ကို တောင်းခံလိုက်၏။

သူ့ဘက်မှ တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်နှင့် အရာအားလုံးမှာ ပြောင်းလဲသွားမည်ဖြစ်သောကြောင့် သူသည် ဝမ်ပေါင်လဲ့ဆိုလျှင် မည်သို့မည်ဖုံ ဆုံးဖြတ်လိမ့်မည်နည်းဟု သိချင်နေ၏။

ဝမ်ပေါင်လဲ့မှာ ထိုကိစ္စနှင့် ပတ်သတ်၍ အနီးကပ်စောင့်ကြည့်နေခဲ့၏။ ထို့ကြောင့် ထိုအသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်ပြီး ဖြစ်ကြောင်းကုန်စင်ကို ပို၍ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားသောအခါ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အေးစက်စက် လေသံကြီးဖြင့် ပြန်ပြောလိုက်၏။

” လုပ်လိုက်။ တစ်ခုခုဖြစ်သွားရင် ငါ တာဝန်အပြည့် ယူမယ် ”

ဝမ်ပေါင်လဲ့၏ ဆုံးဖြတ်ချက်ပြတ်သားသော စကားသံကိုကြားလိုက်ရသောအခါ ခုန်းတောက်၏ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ ဖျတ်ခနဲလက်သွား၏။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် တိုက်ခိုက်ရန် အမိန့်ပေးလိုက်သဖြင့် အချိန်မရွေး တိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်လာတော့မည် အနေအထားသို့ ရောက်သွား၏။ ကျိုးမိသားစုမှာ တိုက်ခိုက်ရမည်ကို ကြောက်ရွံ့နေခြင်း မရှိပါသော်လည်း သူတို့ဘက်မှ ရှုံးနိမ့်သွားမည်သာဖြစ်ကြောင်း သိရှိထား၏။ သူတို့၏ ရန်သူဘက်တွင် ခုန်းတောက်၊ ကျောက်ယမုန့်နှင့် စစ်တပ်တို့ ရှိနေသည်မဟုတ်ပါလော။ ထို့အပြင် သက်ဆိုင်ရာ နိုင်ငံရေးကျောထောက်နောက်ခံများကို ပိုင်ဆိုင်ထားကြသည့် အမြုတေအဆင့်ကျင့်ကြံသူသုံးယောက်လည်း ရှိနေသေးသည်ဖြစ်ရာ ကျိုးမိသားစုမှာ အခွင့်မသာတော့ပေ။

” ပြည်ထောင်စု ဥက္ကဋ္ဌကြီးရော၊ ပြည်ထောင်စုစစ်တပ်ကြီးရော၊ အင်္ဂါဂြိုဟ်ဘုရင်ခံရော၊။ ဝမ်ပေါင်လဲ့ရောပါလားဟ…. တောက်ကွာ။ ကျိုးရိရှန်ရာ။ မင်းက မိသားစုမျိုးနွယ်စုကြီးတစ်ခုလုံး သတ်ခံရအောင် လုပ်နေတာလားဟ ” ကျိုးမိသားစု၏ ခေါင်းဆောင်ကြီးမှာ ဖိအားမြောက်မြားစွာကို ခံစားနေရသောကြောင့် အသက်ပြင်းပြင်း ရှူလိုက်၏။ ထို့နောက် သူသည် အခြေအနေအား တည်ငြိမ်အောင်ထိန်းသိမ်းကာ အဖွဲ့နှစ်ဖွဲ့စလုံးအား မတိုက်ခိုက်အောင် တားဆီးလိုက်ရ၏။ သူသည် လူကိုယ်‌တိုင် ရုပ်လုံးထွက်ပြလာခြင်း မရှိပါသော်လည်း အခြားတစ်ယောက်ကို ကျိုးရိဖန်းအား သွား၍ ခေါ်ထုတ်လာရန် အမိန့်ပေးလိုက်၏။

သို့သော် ကျိုးရိဖန်း အပြင်ဘက်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ကျိုးမိသားစု၏ အိမ်နောက်ဖေးကွက်လပ်ထဲမှ နှောင်းပိုင်းအမြုတေအဆင့် ကျင့်ကြံခြင်းစွမ်းအားများနှင့် နဝမအဆင့်ရှိသော ဓမ္မလက်နက်ကြီးတစ်ခု၏ ဝိညာဉ်စွမ်းအင်များမှာ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုကဲ့သို့ ရုတ်တရက်ပေါ်ထွက်လာခဲ့သော ဝိညာဉ်စွမ်းအင်များကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ပင်လျှင် ပြောင်းလဲလုနီးပါး ဖြစ်သွားရ၏။ မိုးခြိမ်းသံများထွက်ပေါ်လာသလို လေထုထဲ၌ ဖိအားကောင်းသော အငွေ့အသက်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ ကျောက်ယမုန့်၊ ခုန်းတောက်နှင့် သူတို့၏ လူများ၏ ပတ်ပတ်လည်၌ ဝန်းရံသွားကြ၏။

ကျိုးမိသားစုမှာ ထိုအမြုတေအဆင့် ကျင့်ကြံသူကြီးမှာ သူတို့အားလုံးကို အလွယ်တကူ သုတ်သင်ရှင်းလင်းပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။ သို့သော် သူသည် သူ၏ အစွမ်းများကို အမြည်းလောက်သာ ထုတ်ပြခဲ့ပြီးနောက် သူ၏အငွေ့အသက်များမှာ ပျောက်ကွယ်သွားတော့သည်။ သူသည် လူများအား တုန်လှုပ်ချောက်ချားသွားအောင် လုပ်ချင်ခဲ့ရုံသာမက ဤကိစ္စကြီးအား စောင့်ကြည့်နေသည့် လူတိုင်းကိုလည်း အမှာစကားတစ်ခွန်း ပြောလိုက်ခြင်းဖြစ်သည်။ ကျိုးမိသားစုမှာ ကြောက်ရွံ့နေသောကြောင့်မဟုတ်ဘဲ အခြေအနေ တည်ငြိမ်ရေးကို ပို၍ဦးစားပေးသောကြောင့်သာ ကျိုးရိဖန်းအား စေလွှတ်ပေးလိုက်ရခြင်း ဖြစ်သည်ဆိုသည့် အမှားစကားပင် ဖြစ်သည်။

သူတို့မှာ ကျိုးရိဖန်းအား ပြန်လွှတ်ပေးလိုက်ကြပြီးနောက် ဤကိစ္စကြီးအား တာဝန်ယူထားသည့် အကြီးအကဲကြီးမှာလည်း သူတို့မှာ လက်ရှိအခြေအနေကြီးအတွက် ဝာာဝန်ရှိသူများ မဟုတ်ကြောင့် လိမ္မာပါးနပ်စွာ ရှင်းပြလိုက်၏။ အခြားလူတစ်ယောက်မှာ ကျိုးရိဖန်းအား သူတို့ဆီသို့ စေလွှတ်ခဲ့ခြင်းဖြစ်ပေသည်။

ထိုသို့ဖြင့် ထိုကိစ္စကြီးမှာ ပြီးဆုံးသွားပြီဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် ၎င်းမှာ အသံသာမြည်ပြီး အဆန်မပါသည့် သင်္ကြန်အမြောက်ကဲ့သို့ပင်။ ထိုကိစ္စကြီးတခုလုံးကို စောင့်ကြည့်နေခဲ့ကြသည့် လူများမှာလည်း အံအားသင့်သွားခြင်းမရှိပေ။ ထိုကဲ့သို့သော နိုင်ငံရေးအင်အားစုများ ပေါင်းစည်းထားသော တပ်ဖွဲ့ကြီးနှင့် ရင်ဆိုင်လိုက်ရမည်ဆိုပါက မည်သူမဆို အရှုံးပေးလိုက်ကြမည်သာဖြစ်သည်။

ကျိုးရိဖန်းမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ့အား အချိန်မီကယ်တင်နိုင်ခဲ့၏။ သူသည် အနည်းငယ်ခန့် ဒဏ်ရာရထားပါသော်လည်း စိုးရိမ်စရာ မရှိပေ။ သို့သော် သူသည် စိတ်ဓာတ်ကျနေသည်ဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။ ကျိုးမိသားစုအပေါ် ထားရှိသည့် သူ၏ နောက်ဆုံး မိသားစုသံယောဇဉ်နှောင်ကြိုးများမှာ လုံးဝပြတ်တောက်သွားခဲ့သည် ပုံပင်။

သူသည် ထိုကဲ့သို တစ်ခဏမျှ အကျဉ်းချခံခဲ့ရစဉ်တုန်းက မည်ကဲ့သို့သော အရာများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရမှန်း မည်သူမှ မသိကြပေ။ သူ့ဘက်မှလည်း စတားတစ်ခွန်းမှ မဟခဲ့ပေ။ ကျောက်ယမုန့်ပင်လျှင် သူ့ဆီမှ စကားတစ်လုံးတလေပင် မညှစ်ထုတ်နိုင်ခဲ့ချေ။ သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ကျိုးရိဖန်းမှာ အလွန်အင်မတန်မှ အထိနာသွားခဲ့ရသည်မှာ သိသာထင်ရှားပေသည်။

တိတ်ဆိတ်ငြိမ်သက်နေသော အပြန်လမ်းခရီးတွင် ခုန်းတောက်မှာ ကျိုးရိဖန်းအား အင်္ဂါဂြိုဟ်သို့ သွားလည်ရန် အကြံပေးခဲ့ပါသော်လည်း ကျိုးရိဖန်းကမူ ငြင်းဆိုလိုက်၏။

” ငါ အင်္ဂါဂြိုဟ်ကို မသွားတော့ဘူး‌လို့ ဝမ်ပေါင်လဲ့ကို ကူပြောပေး။ ငါ လပေါ်ကို သွားမလို့။ အဲ့မှာပဲ လေ့ကျင့်ပြီးတော့ အမြုတေအဆင့် မရောက်မချင်း ပြန်လာမှာမဟုတ်ဘူး ” ကျိုးရိဖန်းမှာ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်နေသည့် မျက်ဝန်းများဖြင့် ကြိမ်းဝါးလိုက်၏။

ခုန်းတောက်မှာ ကျိုးရိဖန်း၏ ဆုံးဖြတ်ချက်ကို ကြားလိုက်ရသောအခါ သက်ပြင်းချမိသွား၏။ ထို့နောက် သူ ထိုနေရာမှ မထွက်ခွာခင် အကြံပေးခဲ့လိုက်၏ ” မင်း သားရဲပင်လယ်ဆီကို သွားရင်သွားကြည့်ပေါ့။ အန္တရာယ်တောထဲတိုးပြီး ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်အောင် ကြိုးစားဖို့ ရည်ရွယ်ထားတယ်ဆိုရင် သားရဲပင်လယ်က လထက်ပိုကောင်းတဲ့ လေ့ကျင့်ရေးကွင်းတစ်ခုပဲ ”

သူသည် ထိုသို့ အကြံပေးလိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ကျောက်ယမုန့်အား အရိုအသေပေးလိုက်ပြီး နောက်သို့လှည့်ကာ သူ၏လူများနှင့်အတူ ထွက်ခွာသွားတော့သည်။

သူသည် ယခင်တုန်းက ကျောက်ယမုန့်အပေါ် မေတ္တာရှိခဲ့ပါသော်လည်း ယခုတွင်မူ သူ၏ စိတ်ကို ကောင်းကောင်းကြီး နားလည်နေပြီဖြစ်သည်။ သူသည် အစွမ်းထက်သောကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်မည့် ခရီးလမ်းတစ်ခုကို လျှောက်ချင်နေခြင်း ဖြစ်၏။ ၎င်းမှာ ခက်ခဲကြမ်းတမ်းသော လမ်းတစ်ခုဖြစ်သောကြောင့် သူသည် အာရုံများထွေပြားနေ၍ မဖြစ်ပေ။ ထို့ကြောင့် သူသည် သူ၏ ခံစားချက်များကို နှလုံးသားထဲ၌သာ သိမ်းဆည်းထားလိုက်ပြီး ကျောက်ယမုန့်ဆီမှ လှည့်ထွက်လာခဲ့ခြင်းဖြစ်သည်။

သူသည် ကမ္ဘာမြေပေါ်မှ ချက်ချင်းထွက်ခွာသွားခြင်းမရှိပေ။ ကျိုးရိဖန်းနှင့် လမ်းခွဲလိုက်ပြီးနောက် သူသည် ထိုကိစ္စကြီးအကြောင်းကို လိုက်လံစုံစမ်းလိုက်၏။ သူသည် သူ၏ အချိတ်အဆက်များကို အသုံးပြုကာ ကျင့်သိုမင်ကိုပင် လှမ်း၍ ဆက်သွယ်ခဲ့၏။ နောက်ဆုံးတွင် သူသည် ရှာဖွေတွေ့ရှိထားသမျှ သဲလွန်စများအားလုံးကို နောက်ကြောင်းပြန် စုံစမ်းကြည့်လိုက်သောအခါ တရားခံသည် ချန်းမုဖြစ်သည်ဆိုသည့် သက်သေအထောက်အထားကို ရှာတွေ့သွားတော့သည်။

ထို့နောက် သူသည် သင်္ဘောပျံကြီးပေါ်သို့တက်ကာ အင်္ဂါဂြိုဟ်ဆီသို့ ပြန်၍ ဦးတည်သွားလိုက်ပြီး သူ၏ စုံစမ်းစစ်ဆေးမှုရလဒ်များအား ဝမ်ပေါင်လဲ့ဆီသို့ ပေးပို့လိုက်၏။ သင်္ဘောပျံကြီး ကောင်းကင်ယံထဲသို့ ပျံတက်သွားသောအခါ သူ၏ တာဝန်မှာ ပြီးဆုံးသွားပြီဖြစ်သည်။

သူ၏ တာဝန်ကြီးတစ်ခုလုံးမှာ အချိန်အနည်းငယ်ခန့်သာ ကြာမြင့်လိုက်ပါသော်လည်း ပြည်ထောင်စုကြီးထဲ၌ ရုတ်ရုတ်သဲသဲဖြစ်သွားရဆဲပင်။ တာအိုကျောင်းလေးကျောင်း၊ လွှတ်တော်နှင့် အခြားနိုင်ငံရေးအင်အားစုများအပါအဝင် ထိုအရှုပ်ထုပ်ကြီးတစ်ခုလုံးကို အစမှအဆုံးအထိ စောင့်ကြည့်နေခဲ့ကြသည့် လူများအားလုံး၏ အာရုံမှာ အင်္ဂါဂြိုဟ်ပေါ်သို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြ၏။

ယခင်တုန်းကဆိုလျှင် နိုင်ငံရေးအင်အားစုများမှာ အင်္ဂါဂြိုဟ်အကြောင်း ထည့်သွင်းစဉ်းစားပါက အင်္ဂါဂြိုဟ်ဘုရင်ခံတစ်ယောက်တည်းကိုသာ ထည့်သွင်းစဉ်းစားခဲ့ကြသည်ဖြစ်သည်။ သို့သော် ယခုတွင်မူ နောက်ထပ်လူအသစ်တစ်ယောက် ပေါ်လာပြီဖြစ်သည်။ သူသည် အခြေတည်အဆင့်တွင်သာ ရှိသေးပါသော်လည်း အင်္ဂါဂြိုဟ်ပေါ်တွင်သာ ဆက်ရှိနေခဲ့ပြီး အမိန့်တစ်ခုတည်းဖြင့် လူတစ်ယောက်အား ကမ္ဘာဆီသို့ စေလွှတ်ကာ တာဝန်တစ်ခုကို ထမ်းဆောင်ခိုင်းခဲ့သည်မဟုတ်ပါလော။ ထို့အပြင် သူသည် စစ်တပ်နှင့် အင်္ဂါဂြိုဟ်အစိုးရ၏ ကူညီထောက်ပံ့မှုကိုသာမက ပြည်ထောင်စုဥက္ကဋ္ဌကြီး၏ အကြွင်းမဲ့ထောက်ခံချက်ကိုလည်း ရရှိခဲ့သေးသည်ဖြစ်သည်။ ထိုအခြင်းအရာများအားလုံးကို ကြည့်လျှင် အင်္ဂါဂြိုဟ်ပေါ်၌ ထင်ပေါ်ကျော်ကြားလာသည့် ထိုလူငယ်လေး၏ အရေးပါ အ‌ရာရောက်မှုများကို လျစ်လျူရှုထား၍ မရနိုင်တော့သည့် အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်းသိနိုင်ပေသည်။

ဝမ်ပေါင်လဲ့အတွက်မူ ဤစစ်ဆင်ရေးကြီးမှာ ကျိုးမိသားစုအပေါ် ထားရှိသော သူ၏ မကျေနပ်ချက်နှင့် သူ၏ မိတ်ဆွေအား ကယ်တင်လိုသည့်ဆန္ဒများကို ထုတ်ဖော်ပြသလိုက်ခြင်းပင်။ အခြား နိုင်ငံရေးအင်အားစုများအတွက်မူ ဝမ်ပေါင်လဲ့မှာ သူ၏ လုပ်ပိုင်ခွင့်အာဏာများကို ထုတ်ပြလိုက်ခြင်းဖြစ်ကြောင်း မှတ်ယူထား၏။ သူသည် သူ့နည်းသူ့ဟန်ဖြင့် သူ၏မိသားစုဝင်များနှင့် မိတ်ဆွေများကို မည်သည့် နိုင်ငံရေးအင်အင်အားစုကမှ အလွယ်တကူ ထိပါးနှောင့်ယှက်နိုင်လိမ့်မဟုတ်ကြောင်း လူတိုင်းအား အသိပေးလိုက်ခြင်းသာဖြစ်သည်။

အကယ်၍ သူတို့ကိုသာ ထိပါးနှောင့်ယှက်ရဲမည်ဆိုပါက သူသည် ကြောက်ရွံ့နေခြင်း မရှိဘဲ သူ၏ အစွမ်းအစများကို ထုတ်ပြရန် ဝန်လေးနေမည် မဟုတ်ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset