အခန်း ( ၁၄၈ )

အချစ်လေး...အတူတူကစားကြမယ်လေကွာ

မြေခဓါးကမ္ဘာ၏ အလယ်ရှိနေရာများမှာ ပျက်စီးလာသည်။ လေထဲတွင်အိပ်ပျော်နေသည့် အဆိပ်သားရဲ အများအပြားသည် မိုးကြိုးသံကြောင့် ရုတ်တရက် လန့်နိုးသွားကြဟန်တူလေသည်။ သူတို့သည် ပိုင်ရှောင်ချန်း၏ စိတ်စွမ်းအင်ဆေးလုံးကို အာရုံခံမိကြပုံရကာ တုန်လှုပ်နေကြပြီး မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာကြလေ၏။

အဆိပ်သားရဲများတည်ရှိရာ အချို့နေရာများတွင် ဂိုဏ်းကြီး၄ခုမှ ဂိုဏ်းသားများ ရှိသော်လည်း နေရာအများစုတွင် ကျင့်ကြံသူများ မရှိကြချေ။ မကြာမီမှာပင် အဆိပ်သားရဲများ၏ ကြောက်မက်ဖွယ်ရာ မျက်လုံးများ က ပွင့်လာကြပြီး လိုချင်တပ်မက်သည့်အရောင်များ ဝင်းလက်လာကာ ပိုင်ရှောင်ချန်း ရှိရာဘက်သို့ ကြည့်လိုက်သည်။ ခဏမျှကြာပြီးနောက် များပြားလှစွာသော အူသံများက လေထဲတွင် ပျံ့လွင့်လာ၏။

အူသံလှိုင်းများသည် ရေလှိုင်းများကဲ့သို့ မြေခဓါး
ကမ္ဘာ တစ်ခုလုံး ပျံနှံ့သွားကာ လေအဟုန် ကိုဖြတ်၍ ပြေးလာနေသည့် အဆိပ်သားရဲများကို ရိုက်ခတ်သွားလေသည်။

သို့ရာတွင် အဆိပ်သားရဲ များထက်ပို၍ အံ့သြစရာကောင်းသည်မှာ အဆိပ်သားရဲများ မဝင်ရဲသည့် အချို့နေရာများရှိ လေထုထဲတွင် အရိပ်ပမာ ပုံစံများ စတင်ထွက်ပေါ်လာကြသည်။

ထိုအရိပ်များမှာ လူကြီး၊လူငယ်၊ယောင်္ကျားကြီး၊မိန်းမ ကြီးများဖြစ်ကြသည်။ သူတို့ထဲမှအငယ်ဆုံးမှာ အဖြူရောင် ဂါဝန်လေးဝတ်ထားသည့် မိန်းမငယ်လေးဖြစ်၏။ သူမ၏ လက်ထဲတွင် အရေခွံစုတ်ခံထားရ၍ သွေးချင်းချင်းနီ နေသည့် ဝက်ဝံကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။ သူတို့၏မျက်လုံးများက ခံစားချက်ကင်းမဲ့နေပြီး ကောင်းကင်တံတားပတ်လည်တွင် မြင်ဖူးနေကျမဟုတ်သည့် ထူးဆန်းသော သတ္တဝါများ ခြံရံလျက် ပျံသန်းလာနေသည်။

သူတို့ကား အဆိပ်ဝိညာဥ်များ ဖြစ်တော့သည်။

ကောင်းကင်ယံတွင် ဤဓားကြီးတည်ရှိနေခဲ့စဥ်က သတ်ဖြတ်ခံခဲ့ရသည့် သက်ရှိများအားလုံးသည် မြေစီးကြောင်း ၏သက်ရောက်မှုကြောင့် အသက်မဲ့ဝိညာဥ်များ အဖြစ်သို့ပြောင်းလဲသွားခဲ့သည်။

သူတို့သည် ကို့ရို့ကားရားနှင့် နားလည်ရခက်ပြီး ကောင်းကင်တံတားမြစ်၏ပတ်ဝန်းကျင်မှ မဟုတ်မှန်း သိသာလှသည်။ သူတို့က ကောင်းကင်ယံထက်ရှိ ဒဏ္ဍာရီလာဒေသဖြစ်သော ထာဝရ ဟုအမည်ရသည့်နေရာမှ ရောက်လာခဲ့ခြင်းပင်။

ယခုတွင် သူတို့သည် မြေခဓါးကမ္ဘာ၏နေရာအမျိုးမျိုးမှာ ဖြန့်ကျက် ရောက်ရှိနေကြ၏။ ထိုနေရာများသို့ အဆိပ်သားရဲ များပင် ချဥ်းကပ်ရန် မဝံ့ရဲကြချေ။

ယခုအချိန်တွင် ထိုပုံရိပ် အတော်များများသည် လေထုအတွင်းမှ ပြင်ပသို့ ထွက်လာကြတော့သည်။ အချို့ပုံရိပ်များက ရှေးကျသော ဝတ်စုံများကို ဝတ်ဆင် ထားကာ အချို့ကစစ်ပွဲသုံး သံချပ်ကာနှင့် အချို့ကမူ အသားမရှိဘဲ အကြေးခွံ အရေပြားများဖြစ်ကြပေသည်။ သူတို့အသွင်က ထူးဆန်းနေပြီး အများစုသည် တိုက်ပွဲ တွင် ဒဏ်ရာရခဲ့ပုံပေါ်ကာ ကိုယ်လက်အင်္ဂါ ဆိုးဆိုးဝါးဝါး ထိခိုက်ထားကြလေ၏။ အချို့သည် လက်ပြတ်နေသလို အချို့က ခေါင်းပြတ်နေကြသည်။ အချို့ပံုရိပ်များတွင် ရင်ဘက်သက်သက် သာလျှင်ရှိပြီး ဒဏ်ရာ များသည် ဟက်တက်ကွဲေနသည်။ သူတို့ ပေါ်ထွက်လာစဥ် အနက်ရောင်မြူများက ဘေးပတ်ဝန်းကို ယှက်သန်းလာသည်။

အဆိပ်ဝိညာဥ်များ အားလုံး၏ မျက်နှာများက ပြောင်ချောနေပြီး သတိလည်းမရှိ သလို မှတ်ဥာဏ်လည်း မရှိကြပေ။ သူတို့ဖြတ်သွား သည့် မည်သည့်နေရာတွင်မဆို အဆိပ်သားရဲများသည်
တုန်ရီကာ ကျန်ခဲ့ပြီး ကြောက်လန့်မှုကြောင့် ကျုံ့ဝင် သွားကြသည်။ ကံဆိုးစွာဖြင့် အဆိပ်ဝိညာဥ်ထဲမှ တစ်ယောက်နှင့် ထိမိသော မည်သည့်သားရဲမဆို
ချက်ချင်း ဖျက်ဆီးခံလိုက်ရကာ လွင့်ပါးပျောက်ကွယ်သွားသည်။

သားရဲအသွင် အဆိပ်ဝိညာဥ်တိုင်းက အမျိုးမျိုးသော အကောင်များ၏ အစိတ်အပိုင်းများဖြင့် ပေါင်းစည်းထားသည်ဖြစ်ရာ ကြည့်ရသည်မှာ ကို့ယို့ကားယားနိုင်လှသည်။

အဆိပ်ဝိညာဥ်များသည် လေတွင်ပျံဝဲလျက် အံ ့မခန်း လျင်မြန်စွာ လာနေကြသည်။ သူတို့သည် ပိုင်ရှောင်ချန်းထံသို့ တိုက်ရိုက်ဦးတည်လာနေပြီး သူတို့
၏ လမ်းကြောင်းကို မည်သည့်အရာမှ မတားဆီး မပိတ်ဆို့နိုင်ပေ။

မရေမတွက်နိုင်အောင် များပြားသော အဆိပ်ဝိညာဥ်များသည် အဘက် ဘက်မှ ပိုင်ရှောင်ချန်းဆီသို့ စုပြုံလာနေကြသည်။

သူတို့ ဖြတ်သန်းလာရာ တစ်လျှောက်ရှိ ဂိုဏ်းကြီး၄ခုမှ အချို့ ဂိုဏ်းသားများသည့် ထူဆန်းသည့် အရာတစ်ခုခု ဖြစ်ပွားနေပြီကို သဘောပေါက်လိုက်ကြသည်။ အဆိပ်သားရဲများ မရေမတွက်နိုင်အောင် ပေါ်လာခြင်းကြောင့် လေထဲမှာ လှိုင်းဂယက်ငယ်များ ဖြစ်ပေါ်လာ၏။ အစပိုင်းတွင် စိတ်အားထက်သန်သော ဂိုဏ်းသားများက အဆိပ်ဝိညာဥ်များအား သတ်ဖြတ်ရန် ပြေးသွားကြသေး၏။ သို့ရာတွင် မကြာမီမှာပင် သူတို့၏ဦးခေါင်းများ တဆစ်ဆစ် ခံစားလာရပြီး အဆိပ်ဝိညာဥ်များမှာ များပြားလွန်းလှပြီး ဒီရေကဲ့သို့ အုပ်လိုက်ကြီးတက်လာနေသည်ကို သဘောပေါက်သွားကြသည်။

“ဘာတွေဖြစ်နေတာလဲ”

“ဘုရားသခင်၊ အဆိပ်သားရဲတွေကို တွေ့ဖို့ဆိုတာ အရမ်း ခက်ခဲတယ်။ ဒီလောက်အများကြီးက ရုတ်တရက် ဘယ်လိုဖြစ်လို့လဲ။”

“တစ်ခုခုဖြစ်လို့နေမယ်။သေစမ်း။ ဒါကအဆိပ်သားရဲ မဟုတ်ဘူး။ အဆိပ်ဝိညာဥ်ဟ။” အံ့သြနေသော အော်သံများက မြေခဓါးကမ္ဘာတစ်ခုလုံး ကျွတ်ကျွတ်ညံ သွားရသည်။ မကြာမီမှာပင် ဂိုဏ်းသားများသည် အဆိပ်
သားရဲများကြားက အဆိပ်ဝိညာဥ်များ ဖြစ်နေသည်ကို
သိသွားကာ ထိတ်လန့်တုန်လှုပ်စွာ ထွက် ပြေးကြလေတော့သည်။

အဆိပ်ဝိညာဥ်များက ကြောက်စရာကောင်းပြီး ဂိုဏ်းကြီး၄ခုမှ ခေါင်းဆောင်များသည် ဂိုဏ်းသားများ အားလုံးကို မြေခဓါးချောက်အတွင်းမှာ အဆိပ်ဝိညာဥ်များကို သတိထားရန် ထပ်ခါထပ်ခါ သတိပေးခဲ့လေ၏။ မည်သည့် အခြေအနေမျိုးတွင်မဆို အဆိပ်
ဝိညာဥ်များကို ရန်မစသင့်ပေ။ မည်သည့်နည်းနှင့်ပင် ဖြစ်စေ ရှောင်ရှားရမည့် အရာများ ဖြစ်သည်။

“ ဒီဘက်မှာရှိတဲ့ တစ်ခုခုက အဆိပ်ဝိညာဥ်တွေကို ဆွဲဆောင်နေတာဖြစ်မယ်။ တကယ်ပါပဲ။ဒီမှာဘာတွေ ဖြစ်ကုန်တာလဲ။”

“နောက်ခပ်လှမ်းလှမ်း ကနေလိုက်ပြီး ကြည့်ကြည့်ရအောင်။” ဂိုဏ်းသားများသည် ဒီရေကဲ့သို့သော အဆိပ် သားရဲများနှင့် အဆိပ်ဝိညာဥ်များ နောက်သို့ တစ်ဦး တည်း သော်လည်းကောင်း၊၃ယောက်၅ယောက်ခန့်ရှိ အုပ်စုများနှင့် သော်လည်းကောင်း နောက်ယောင်ခံလိုက်ပါလာကြသည်။

ဤတွင် မြေခဓါးကမ္ဘာ တစ်ခုလုံး၏ တစ်ဝက်ခန့်သည် ပိုင်ရှောင်ချန်း၏ စိတ်စွမ်းအင်ဆေးမှ ဖန်တီးလိုက်သော မိုးကြိုးပစ်ခတ်သံများကြောင့် အရှိန်ပြင်းစွာ တုန်ခါသွားသည်။

တောင်ပေါ်ဂူ အတွင်းတွင်မူ ပိုင်ရှောင်ချန်းသည်
ပိန်လှီညိုးငယ်နေပြီး သူ၏ဆံပင်များသည်လည်း ဖရိုဖရဲ ဖြစ်နေကာ ဆေးပေါင်းဖိုအားစိုက်ကြည့်လျက် ထိုင်နေ၏။ ဝုန်းခနဲ မြည်ဟည်းသွားချိန်တိုင်းဆေးပေါင်းဖို မျက်နှာပြင်တွင် အက်ကြောင်းများ ပိုမိုပျံ့နှံ့လာသည်။

၉ကြိမ်မြောက် ဝုန်းခနဲမြည်ဟည်းသွားပြီးချိန်တွင် ဆေး ပေါင်းဖိုသည် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါ သွားကာ ပေါက်ကွဲထွက်သွားပြီး အပိုင်းအစများက အဘက်ဘက်သို့ လွင့်စင်သွားသည်။ တချိန်တည်း မှာပင် ထူးဆန်းသော အနက်ရောင်ရောင်ခြည်တန်း၄ခု ပေါ်ထွက်လာလေ၏။

ထိုကဲ့သို့ဖြစ်လာမည်ကို ပိုင်ရှောင်ချန်းက ကြိုတင် တွက်ဆထားပြီးဖြစ်သည်။ သူက ခရမ်းရောင်ချီဒယ်အိုးစောက် ထိန်းချုပ်ခြင်းနည်း ပညာရပ်ကို ချက်ချင်း ထုတ်ဖော်ကာ လွတ်မြောက်ရန် ကြိုးစားနေသော စိတ်စွမ်းအင်ဆေးလုံးလေးလုံးအား ထိန်းချုပ်နိုင်ရန် မမြင်ရသောနယ်ပယ်တစ်ခု ဖန်တီးလိုက်သည်။

“ထွက်သွားနိုင်မယ်လို့ မင်းတို့ကောင်တွေ ထင်နေတာလား” သူကဂုဏ်ယူသော လေသံဖြင့် ပြောလိုက်၏။ အရောင်တောက်နေသော မျက်လုံးများဖြင့် စိတ်စွမ်းအင်ဆေးလုံး၄လုံးကို ငုံ့ကြည့်လိုက်ကာ အဆိပ်သားရဲများပေါ်တွင် အလုပ်ဖြစ်မဖြစ် သိမြင်နိုင် ရန် ဂူပေါက်ဝဆီသို့ အမြန်သွားလိုက်လေ၏။

သို့ရာတွင် ထွက်လာချိန်မှာပင် သူ့မျက်နှာပေါ်တွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး နောက်သို့ ပြန်ဆုတ်လာလေသည်။ သူကလေထုအားထိုးခွဲကာ သူရပ်နေရာဆီသို့ လာနေသည့် အနက်ရောင် ကင်းမြီးကောက် အမြီးကို ရှောင်လိုက်ခြင်းဖြစ်သည်။

ခဏမျှကြာသွားပြီးနောက် ၃မီတာရှည်သော အနက်ရောင် ကင်းမြီးကောက် တစ်ကောင်သည် လေထုအတွင်းမှ ထွက်လာလေ၏။ ကင်းမြီးကောက်၏မျက်လုံး များသည် လိုချင်တပ်မက်စိတ်များဖြင့် တောက်ပနေကာ ပိုင်ရှောင်ချန်း လက်ထဲမှ ဆေးလုံး၄လုံးကို စိုက်ကြည့်နေလေသည်။ ထို့နောက် ရှေ့သို့ ဆတ်ခနဲ လှမ်းလာ၏။

ထိုအကောင်၏လှုပ်ရှားမှုများကို မှန်းဆကြည့်လျှင် အဆင့်နိမ့်အဆိပ်သားရဲ ဟုတ်ပုံမရချေ။ စောစောက ဝက်ဝံကဲ့သို့ အလယ်အလတ်အဆင့် သားရဲ ဖြစ်ဟန်တူသည်။

မျက်လုံးများက အရောင်တောက်လာကာ ပိုင်ရှောင် ချန်းသည် ဘယ်လက်ဖြင့် ကင်းမြီးကောက် ၏အမြီးကို လျှပ်တပြက်ဖမ်းကိုင်လိုက်လေ၏။ ထို့ နောက် ဂူ၏ကျောက်တုံးနံရံတွင် ဖိရိုက်ကာ သတ်လိုက် သည်။ တချိန်တည်းမှာပင် သူကြိတ်ချေပစ်လိုက်သည့် ကင်းမြီးကောက်၏ အားအနည်းဆုံးဖြစ်သော အစိတ်အပိုင်းထဲ သို့ စိတ်စွမ်းအင်များ ပို့လွှတ်လိုက်သည်။ ကင်းမြီးကောက်သည် ကြုံ့ ပြီး ပျော့သွားလျက် အရောင်လွင့် ပျောက်ကွယ်သွားကာ ပိုင်ရှောင်ချန်း စုဆောင်းနေသောမြေစီးကြောင်းအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားလေသည်။

သာမန်ကျင့်ကြံသူတစ်ယောက်သည် အလယ်အ လတ်အဆင့်သားရဲကို ထိုကဲ့သို့လွယ်လင့်တကူ မသတ် နိုင်ပေ။ ဂိုဏ်းအကြီးအကဲများက ထိုအကြောင်းကို
ဂိုဏ်းသားများအား သတိပေးထားခဲ့ကြသည်။သို့ရာတွင် ပိုင်ရှောင်ချန်းက ထိုသို့မဟုတ်ချေ။ ၁ရာခန့်မျှသော အဆိပ်သားရဲများအား အနီးကပ် လေ့လာခဲ့ပြီးနောက် တွင် သူသည် သူတို့၏ အားနည်းချက်များအား လွန်စွာ အကျွမ်း ဝင်လာကာ အလွယ်တကူ သတ်နိုင်၏။

“ဆေးလုံးတွေက ဆေးပေါင်းဖိုထဲကနေ ထွက်ခါစအချိန်မှာတောင် အဆိပ်သားရဲတွေကို စိတ်ဝင်စားအောင် ဆွဲဆောင် တာပဲ။ ဟားဟား။ ပိုင်ရှောင်ချန်းရဲ့ဆေးလုံးတွေ အောင် မြင်သွားပြီကွ။” ပိုင်ရှောင်ချန်းသည် ဆေးလုံးများကို
စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်း လုပ်ရမလုပ်ရ စိတ်လှုပ်ရှား စွာဖြင့် ချင့်ချိန်လိုက်သည်။၊ ထိုစဥ် လှိုင်းဂယက်များ ရုတ်တရက် နေရာအနှံ ့ပျံ့လွင့်လာကာ အဆိပ်သားရဲတစ်ကောင်ပြီး တစ်ကောင် ထွက်လာလေ၏။

“ အများကြီးပါလား။ ကောင်းပြီလေ။ ဒါကလိုတာထက် ပိုနေပြီ။ ဟား…ဟား…ဟား။ ဒီနှုန်းနဲ့ဆိုရင် ပိုင်ရှောင်ချန်းက အခြေခိုင်မာခြင်းအဆင့်ကို ရောက်တဲ့ ပထမဆုံးလူ ဖြစ်သွားမှာ သေချာတယ် ”

ပိုင်ရှောင်ချန်းသည် စိတ်လှုပ်ရှားလှသဖြင့် နေရာတွင်ပင် ကခုန်တော့မည့်အလား ဖြစ်နေသည်။ သူဖော်စပ်ထားသော ဆေးလုံးများ၏ အစွမ်းသတ္တိကို အသုံးချတော့မည့်ဆဲဆဲတွင် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အဝေးမှ ခေါင်းပြတ်လုနီးပါး ဖြစ်နေသော ပုံရိပ်တစ်ခုကို သတိပြုမိကာ မျက်လုံးများ ပြူးသွားသည်။ ထိုလူသည် ခဲရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ သူ့မျက်နှာတွင် ကျန်ရှိနေသော မျက်လုံးတစ်လုံးက အသက်ကင်းမဲ့နေသည်။ သူသည် လေထဲတွင် ပျံဝဲလာရာ ခေါင်းမှာ အနည်းငယ် လှုပ်ရှားလျက်ရှိသည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများသည် ပိုင်ရှောင်ချန်းဆီသို့ ရောက်လာကာ ရုတ်တရက် သူ၏ အမူအရာမှာ ပြောင်းလဲသွားသည်။

သူသည် ရုတ်တရက် လိုချင်တပ်မက်စိတ်များနှင့် ပြည့်လာဟန်တူသည်။ မျက်လုံးများသည် ပိုင်ရှောင်ချန်း သို့မဟုတ် ပို၍ အတိအကျပြောရလျှင် သူ့လက်ထဲရှိ ဆေးလုံးများဆီသို့ မလွတ်တမ်း စိုက်ကြည့်နေကာ ရှေ့သို့ အရှိန်အဟုန်ပြင်းစွာ တိုးလာခဲ့သည်။

ထိုတစ်ဝိုက်တွင်ရှိသော အဆိပ်သားရဲများမှာ ထိုလူကို မြင်သည်တွင် အားလုံးမှာ တုန်လှုပ်သွားကြကာ တုပ်တုပ်ပင် မလှုပ်ရဲကြတော့ပေ။ ပုံရိပ်သည် ရှေ့သို့ တိုးလာရာ လမ်းတစ်လျှောက်တွင် အဆိပ်သားရဲ ၇ကောင်၊ ၈ကောင်ခန့်ကို တိုက်မိရာ ၎င်းတို့ထံမှ အော်မြည်သံများထွက်ပေါ်လာပြီး ပေါက်ကွဲသွားလေသည်။

” အဆိပ်ဝိညာဥ်လား။ ဒီဆေးလုံးတွေက သူတို့ကိုတောင် စွဲဆောင်နိုင်တာလား။ အင်း… တစ်ကောင်တစ်လေပဲနေ-ဟမ် ” သူ၏ စကားမဆုံးမီမှာပင် နောက်ထပ် အဆိပ်ဝိညာဥ်တစ်ကောင်သည် ခပ်လှမ်းလှမ်းတွင် ထပ်မံပေါ်ပေါက်လာလေသည်။ ဤတစ်ကောင်သည် လက်မောင်းများ ပြတ်ထွက်နေကာ ဆံပင်မှာလည်း ဆိုးဝါးစွာပင် ဖရိုဖရဲဖြစ်နေသည်။ ၎င်းသည် ပျက်စီးယိုယွင်းနေသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကာ ပိုင်ရှောင်ချန်းကို လိုချင်တပ်မက်သည့် မျက်လုံးများဖြင့် စိုက်ကြည့်ကာ အမြန်ပြေးလာလေ၏။

ထိုမျှနှင့် မပြီးသေးပေ။ ဝမ်းဗိုက်တွင် ကြီးမားလှသော ဟပြဲဒဏ်ရာကြီးနှင့် အဘိုးအိုတစ်ယောက်သည် အဝေးတစ်နေရာမှ ပေါ်ထွက်လာလေသည်။ သူသည်လည်း ပိုင်ရှောင်ချန်းဆီသို့ပင် ဦးတည်ပြေးလာ၏။

ပိုင်ရှောင်ချန်းသည် ကြောက်လန့်လှသဖြင့် ဦးရေပြားများပင် ကျဥ်ခနဲ ဖြစ်သွားသည်။ သက်ပြင်းတစ်ချက်ရှိုက်ကာ ပျံသန်းရန် ခြေလှမ်းပြင်လိုက်စဥ်တွင် ဤနေရာ၌ရှိနေသော အဆိပ်ဝိညာဥ်များမှာ ၃၊၄၊၅ကောင်သာမကဘဲ တစ်အုပ်လိုက်ကြီးဖြစ်သည်ကို အလန့်တကြား တွေ့လိုက်ရသည်။

များပြားလှသော အဆိပ်ဝိညာဥ်များသည် မြန်ဆန်စွာဖြင့် ဆက်တိုက်၊ ဆက်တိုက် ပေါ်ပေါက်လာကြရာ အသံများပင် ဆူညံနေကာ သူတို့၏ မျက်လုံးများတွင် လောဘအရောင်များလက်နေသည်။ ပိုင်ရှောင်ချန်းသည် တစ်စစီ ဆုတ်ဖြဲခံရပါက မည်သို့ ခံစားရမည်ကို စိတ်ကူးဖြင့် မှန်းဆကြည့်ကာ မျက်နှာတွင် သွေးဆုတ်ကာ ဖြူဖျော့သွားလေသည်။

” ဘာလို့ ဒီလိုကြီးဖြစ်သွားတာလဲ။ ” သူသည် ငိုချင်စိတ်ပေါက်နေသော်လည်း မျက်ရည်က တစ်စက်မျှ ထွက်မလာပေ။ သူ၏ ပထမအတွေးမှာ ထွက်ပြေးရန် ဖြစ်သည်။ သူသည် များပြားလှစွာသော အဆိပ်ဝိညာဥ်များကို ရင်ဆိုင်ရန် ဆန္ဒမရှိပေ။ ချီစုစည်းမှု ဂိုဏ်းသားများမဆိုထားနှင့် ဂိုဏ်း၄ခုမှ ဝါရင့်ဂိုဏ်းသားများပင် ဤ အဆိပ်ဝိညာဥ်များကြောင့် သေဆုံးသွားနိုင်သည်။

သို့သော်လည်း ပိုင်ရှောင်ချန်း ထွက်ပြေးရန်ပြင်လိုက်ချိန်တွင် အဆိပ်ဝိညာဥ်အားလုံးက သူ့ကို ကြည့်ကာ အော်ဟစ်လိုက်ကြသည်။ သူတို့အသံလှိုင်းများေကြာင့် အဆိပ်သားရဲများ ပို၍ တုန်လှုပ်သွားသည်။ ပိုင်ရှောင်ချန်းသည် ဆတ်ခနဲ ဖြစ်သွားကာ နောက်သို့ ဒယီးဒယိုင်ဆုတ်ရင်း သတိလစ်တော့မတတ်ဖြစ်နေသည်။ သူသည် တူနှင့် အရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ သူ့ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး ကြောက်ရွံ့ကာ တဆတ်ဆတ်တုန်နေလေသည်။ အသံကုန်အော်ဟစ်ကာ လျှာကိုကိုက်၍ သတိမလစ်သွားအောင် ထိန်းပြီး ပျံသန်းလိုက်သည်။

ချွေးသီးချွေးပေါက်များ သူ့ခန္ဓာကိုယ်ထက်တွင် စီးကျနေပြီး သူ့ကျောပေါ်ရှိ အနက်ရောင်ဒယ်စောက်အိုး၏ နောက်ဘက်တွင် တောင်ပံများ ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူသည် တတ်နိုင်သမျှ အမြန်ဆုံး ပျံသန်းလိုက်ရာ သူပျံသန်းရာ လမ်းတစ်လျှောက်တွင် ပုံရိပ်ယောင်များဖြစ်ကျန်ခဲ့၏။ သို့သော် အဆိပ်ဝိညာဥ်များကလည်း အရှိန်ကို မြှင့်တင်လိုက်ကာ ပျံသန်းလျက်လိုက်ပါလာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အနီးအနားမှ အဆိပ်ဝိညာဥ် ဒါဇင်ပေါင်းများစွာသည် ပိုင်ရှောင်ချန်းနောက်သို့ ပျံသန်းလိုက်ပါလာကြသည်။

အဆိပ်ဝိညာဥ်များထဲမှ အမြန်ဆုံးတစ်ကောင်မှာ ပထမဆုံးပေါ်လာခဲ့သော တစ်စိတ်တစ်ပိုင်း ခေါင်းပြတ်နေသည့် အရိပ်ဖြစ်သည်။ သို့သော် ထိုတစ်ကောင်အပြင် အဖြူရောင်ဂါဝန်နှင့် မိန်းကလေးတစ်ယောက်လည်း ရှိနေသည်။ သူမသည် အခြားသော ဝိညာဥ်များကဲ့သို့ အော်ဟစ်ခြင်းမပြုသော်လည်း အထူးသဖြင့် သူမ၏ မျက်နှာသည် အေးစက်ကာ အန္တရာယ်ပြုမည့် အငွေ့အသက်များထွက်နေပြီး မျက်လုံးသေများမှလည်း ပြင်းပြသော လိုချင်တပ်မက်စိတ်များ ထွက်ပေါ်နေသည်။

နောက်မှ လိုက်လာကြသော ဂိုဏ်းကြီး၄ခုမှ ဂိုဏ်းသားများသည် ဖြစ်ပျက်နေသည်များကို မြင်တွေ့ကာ ထိတ်လန့်သွားကြပြီး ဦးရေများ ကျဥ်ခနဲဖြစ်အောင် ခံစားလိုက်ရသည်။ အထူးသဖြင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားများပင်။ အချို့မှာ စိုးရိမ်စွာဖြင့် အဆိပ်ဝိညာဥ်များ ပိုင်ရှောင်ချန်းနောက်ကို လိုက်နေခြင်းအား တားဆီးရန် ကြိုးစားကြသော်လည်း အဆိပ်ဝိညာဥ်များသည် ပိုင်ရှောင်ချန်းမှလွဲ၍ အခြားအရာအားလုံးကို လျစ်လျူရှုထား၏။

” ကယ်ကြပါဦး။ ကျုပ်ကို သတ်ဖို့ ကြိုးစားနေပါတယ်…. “ပိုင်ရှောင်ချန်းသည် အသက်လုပြေးနေရင်း အသံကုန်အော်ဟစ်လိုက်သည်။ မျက်လုံးထောင့်မှ မျက်ရည်များလည်း စီးကျလာ၏။ အဆိပ်သားရဲများကို စွဲဆောင်ရန် သူဖော်စပ်လိုက်သော ဆေးလုံးများသည် အကြောင်းတစ်ခုခုကြောင့် အဆိပ်ဝိညာဥ်များကိုပါ ဆွဲဆောင်နိုင်လိမ့်မည်ဟု လုံးဝတွေးမထားခဲ့ပေ။
” သေလိုက်ပါတော့ကွာ… ဆေးဖော်စပ်တဲ့နေရာမှာ အမှားလုပ်မိပြန်ပြီ။ နောက်ထပ် ထူးခြားတဲ့ဆေးတစ်မျိုးကို ဖော်လိုက်မိပြီ။ ”

အဆိပ်ဝိညာဥ်များသည် တစ်စထက်တစ်စ ပို၍ နီးကပ်လာရာ သူ့နောက်ကို လိုက်သည်မှာလည်း အရူးအမူးဖြစ်လာဟန်တူသည်။ ပိုင်ရှောင်ချန်းသည် နောက်ဆုံးတွင် အံကြိတ်လိုက်ပြီး ရင်နာစွာဖြင့် ဆေးလုံး၄လုံးထဲမှ ၁လုံးကို ဟိုးအဝေးသို့ လှမ်းပစ်လိုက်သည်။

ထိုအခါ အဆိပ်ဝိညာဥ်များ တုန်ခါသွားကြကာ ခေါင်းများမှာလည်း လှည့်သွားကြသည်။ ထို့နောက် အများစုသည် သူပစ်ချလိုက်သော ဆေးလုံးရှိရာသို့ ပြေးထွက်သွားကြလေသည်။ ပိုင်ရှောင်ချန်းသည် နောက်ဆုံးတွင် အမှန်တကယ်ထွက်ပြေးနိုင်ခဲ့ပြီဖြစ်သည်။ အနည်းငယ်ဝေးသွားသောအခါ တုန်တုန်ရီရီနှင့်နောက်လှည့်ကြည့်လိုက်သည်။

သူ့နောက်မှာ အဆိပ်ဝိညာဥ်များသည် ဆေးလုံးကို ရရန် တိုက်ခိုက်နေကြလေသည်။ အံ့ဩဖွယ်ကောင်းစွာပင် နောက်ဆုံး၌ ဆေးလုံးကို ရရှိသွားသူမှာ အဖြူရောင်ဂါဝန်နှင့် မိန်းကလေးဖြစ်ကာ ရလျှင်ရချင်း ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။

ထိုအခိုက်အတန့်တွင် မိန်းကလေး၏ မျက်လုံးတွေမှ အသက်ကင်းမဲ့နေဟန်များ အနည်းငယ် မှိန်ဖျော့သွား၏။ ထူးဆန်းလှသော အလင်းတစ်ချက်ပေါ်ထွက်လာကာ သူမ၏ အမူအရာသည် ပို၍ပင် အေးစက်သွားသည်။ တစ်စုံတစ်ခုကြောင့် သူမက ရုတ်တရက် အသိဥာဏ်ရှိလာသည့်ဟန် တူနေ၏။

မိန်းကလေးသည် ပိုင်ရှောင်ချန်းကို တဖြည်းဖြည်း လှည့်ကြည့်လာသည်။

မျက်လုံးချင်းဆုံသွားသောအခါ ပိုင်ရှောင်ချန်းမှာ ကြောက်လန့်လွန်းလှသဖြင့် ဦးရေပြားများ တောင့်တင်းကာ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရသည်။တချိန်တည်းမှာပင် ဖျော့တော့ကာ ကို့ရို့ကားယားနိုင်လှသည့် အသံတစ်သံက သူ့နားထဲသို့ ဝင်ရောက်လာ၏။

” အချစ်လေး… အတူတူ ကစားကြမယ်လေကွာ… ”
ပိုင်ရှောင်ချန်း ကြောက်လန့်သွားသည်မှာ ဆိုဖွယ်ရာမရှိတော့ချေ။ ရှေ့သို့ ပြန်လှည့်ကာ မြန်နိုင်သမျှ အမြန်ဆုံးနည်းဖြင့် တချိုးတည်း ပြေးလေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset