Switch Mode

အခန်း ( ၁၄၅ )

သေဒဏ်ကျခံရမယ်

ပိုင်ရှောင်ချန်း၏ ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ် ထုံကျဥ်နေသည်။ သူ့ရှေ့တွင်ရပ်နေသောလူသည် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံနေသူများကို သတ်နိုင်နေပြီဖြစ်ကာ မကြုံစဖူးရက်စက်ကြမ်းကြုတ်သောရာဇဝင်လည်းရှိနေပေသည်။ ပိုင်ရှောင်ချန်းသိထားသလောက် ထိုလူသည် အစောကြီးကတည်းကပင် ဓားကမ္ဘာထဲသို့ဝင်ရောက်သွားနှင့်နိုင်နေပြီဖြစ်သည်။ ဓား၏အောက်ဘက်တွင် သူဘာတွေလုပ်နေခဲ့သလဲဆိုသည်မှာ စဥ်းစားရခက်နေသည်။

စုန့်ချွဲသည် သူ့ကိုစိုက်ကြည့်နေသောအခါ ပိုင်ရှောင်ချန်းရင်ထဲတွင် အသက်ဘေးအန္တရာယ်တော့ရှိနေပြီဟု ခံစားလိုက်ရသည်။ ပိုင်ရှောင်ချန်းဘက်မှ အနည်းငယ်လှုပ်ရှားလိုက်လျှင်ပင် အသေသတ်တော့မလိုအမူအရာများကိုလည်း စုန့်ချွဲထံတွင်မြင်တွေ့နေရသည်။

စုန့်ချွဲသည်လည်း ပိုင်ရှောင်ချန်းနည်းတူထိတ်လန့်တုန်လှုပ်နေသည်။ သူမှလွဲ၍အခြားတစ်ယောက်ကပါ ဤအဆင့်သို့ရောက်လာနိုင်လိမ့်မည်ဟု စိတ်ကူးတောင်မယဥ်ဖူးပေ။ ဤနေရာသည် အလွန်အမင်းအေးစက်လွန်းသည်ဖြစ်ရာ ချီစွမ်းအင်စုစည်းမှုအဆင့်ထက်ကျော်လွန်နေသည်မှာ အသိအသာကြီးပင်ဖြစ်သည်။ အခြားလက်ရွေးစင်ဂိုဏ်းသားတော်တော်များများပင် ဤအဆင့်ထိရောက်ဖို့မလွယ်။ သို့သော်လည်း ပိုင်ရှောင်ချန်းအတွက်ကမူ ဤအဆင့်သို့ရောက်လာရန် အခက်အခဲသိပ်ရှိလိုက်ပုံပင်မပေါ်။

ပိုင်ရှောင်ချန်းကိုစိုက်ကြည့်နေလိုက်ရင်းက စုန့်ချွဲသည် ဂိုဏ်းမှပေးသောကျောက်စိမ်းပေလွှာထဲတွင် ဖတ်ဖူးထားသောပိုင်ရှောင်ချန်းနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များကိုပြန်၍ တွေးနေမိသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မလှုပ်မယှက်စူးစိုက်ကြည့်နေကြသည်။ စုန့်ချွဲအတွက်မူ ပိုင်ရှောင်ချန်းသည် လျှို့ဝှက်ဆန်းကြယ်ပြီးနားလည်ရခက်သော လူသားတစ်ယောက်ဖြစ်နေသည်။ ပိုင်ရှောင်ချန်းသည် သတ်ဖြတ်လိုစိတ်ရှိဟန်မပေါ်သော်လည်း အကယ်၍ ပိုင်ရှောင်ချန်းသာတိုက်ခိုက်ရန်ကြိုးစားခဲ့ပါမူ သူတို့နှစ်ယောက်ထဲမှတစ်ယောက်ကတော့ သေချာပေါက်အသက်ဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း စုန့်ချွဲ၏စိတ်တွင် အလိုလိုသိနေသည်။ ထို့အပြင် အသက်ရှင်ကျန်ရစ်မည့်လူမှာ သူကိုယ်တိုင်ပင်ဖြစ်သည်ဟုလည်း ယုံကြည်ချက်မရှိပေ။

အချိန်တော်တော်ကြာရပ်နေပြီးနောက် စုန့်ချွဲဘက်မှ စတင်၍စကားပြောလိုက်သည်။

“ဒီနေရာရဲ့အောက် မီတာ ၆၀ မှာ ဝင်ပေါက်ရှိတယ်”

ပိုင်ရှောင်ချန်း၏မျက်လုံးများအရောင်လက်သွားပြီး နှလုံးခုန်အနည်းငယ်မြန်နေသော်လည်း သူ၏အောက်သို့ရွေ့လျားမှုကိုခပ်ဖြည်းဖြည်းပြန်စလိုက်သည်။ စုန့်ချွဲသည် လွန်စွာထိတ်လန့်သွားပြီး ပိုင်ရှောင်ချန်းဘက်မှစတင်တိုက်ခိုက်သည်နှင့် တန်ပြန်တိုက်ခိုက်နိုင်ရန်ပြင်ဆင်လိုက်လေသည်။

သူတို့နှစ်ယောက်ကြားတွင် မီတာအနည်းငယ်သာကွာတော့သည့်အချိန်တွင် စုန့်ချွဲသည် သူ့နောက်ရှိဓားအတွက်နေရာရရန် ရုတ်တရက်ဘေးသို့ရွေ့ရပ်လိုက်သည်။ စုန့်ချွဲ၏မျက်လုံးများသည် ခြိမ်းခြောက်သည့်အရိပ်အယောင်များဖြင့် စူးရှနေသည်။

“ခွေးသူခိုးလေး…” ပိုင်ရှောင်ချန်းသည် စိတ်ထဲမှရေရွတ်လိုက်သည်။ “ဒီကောင်က ကောင်းကျိုးမပေးတဲ့ကောင်ပဲ” သူသည် စုန့်ချွဲပြောသည့်နေရာသို့ရောက်သည်အထိ အောက်သို့ဆက်ဆင်းလာခဲ့သည်။ ထိုနေရာတွင် ဝင်ပေါက်တစ်ခုအမှန်တကယ်ပင်ရှိနေလေသည်။ အခြေအနေကိုအနည်းငယ်အကဲခတ်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းက ဝင်ပေါက်ထဲသို့ဝင်လိုက်လေသည်။

ပိုင်ရှောင်ချန်းပျောက်ကွယ်သွားမှသာ စုန့်ချွဲလည်းသက်ပြင်းချနိုင်တော့သည်။ ဂိုဏ်းမှအကြံပေးစာအရ ပိုင်ရှောင်ချန်းကို အလွယ်တကူတိုက်ခိုက်၍ရမည်မဟုတ်မှန်း စုန့်ချွဲသိလေသည်။ နောက်ဆုံးတွင် စုန့်ချွဲမျက်ဝန်းထဲတွင် ရက်စက်သည့်အငွေ့အသက်များပေါ်ထွက်လာလေသည်။ ချီစုစည်းမှုအဆင့်ခြောက်သို့ရောက်ပြီးနောက်ပိုင်း သူ့အနေဖြင့် မည်သူ့အနားတွင်မှ သတိကြီးစွာထားလျက်မနေခဲ့ရဖူးသေးချေ။ ပိုင်ရှောင်ချန်းနှင့်တွေ့မှပင် အောက်တွင်ရှိသောဝင်ပေါက်နေရာကိုပါ ပြောပြလိုက်ရလေသည်။

“ပိုင်ရှောင်ချန်းဟာ သာမန်ထက်ထူးခြားရင်ထူးခြားနေမယ်။ ဒါပေမယ့် ငါ့အကြံအစည်တွေအောင်မြင်တာနဲ့ ဒီကောင့်ကို ပုရွတ်ဆိတ်ကလေးသတ်သလိုလွယ်လွယ်ကူကူလေးသတ်ပစ်ရမယ်။” သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသောမျက်လုံးအကြည့်များဖြင့် ဓား၏မျက်နှာပြင်ကိုလေ့လာလိုက်လေသည်။

” အကိုကြီးပြောတာမှန်တယ်။ စွမ်းအင်အမှတ်အသားကဒီမှာပဲ”

**

ပိုင်ရှောင်ချန်းသည် ရေအလွှာတစ်ခုထဲဖြတ်သန်းသွားနေမိသလို ခံစားနေရသည်။ ခဏကြာသောအခါ သူသည် ဓားကမ္ဘာ၏အတွင်းပိုင်းသို့ရောက်လာခဲ့လေသည်။ ဘေးပတ်ပတ်လည်ရှိအရာအားလုံးက အဖြူနှင့်အမည်းများဖြင့် ခြယ်လှယ်ထားသည်။

မိုးကောင်းကင်သည် အဖြူရောင်ဖြစ်နေပြီး မြေကြီးမှာမူအမည်းရောင်ဖြစ်နေသည်။ အရာအားလုံးသည် မှင်ဆေးပန်းချီကားတစ်ချပ်နှင့်ပင် ဆင်တူနေသေးသည်။

နိမ့်ချည်မြင့်ချည်သွယ်တန်းထားသောတောင်ကုန်းများ၊ မြွေလိမ်မြွေကောက်ကွေ့ဝိုက်နေသောအမည်းရောင်မြစ်တစ်စင်းနှင့် မိုးပေါ်သို့မော့ကြည့်လိုက်လျှင် မှိတ်တုန်မှိတ်တုတ်ဖြစ်နေသော မရေမတွက်နိုင်သောကြယ်ကလေးများ ပန်းချီကားထဲတွင်ရှိနေကြသည်။

အားလုံးထက်ပို၍ထူးဆန်းနေသည်မှာ ကမ္ဘာကြီးတစ်ခုလုံး အစောင်းလိုက်တည်ရှိနေပုံဖြစ်သည်။ ပိုင်ရှောင်ချန်း၏စိတ်ထဲတွင် တောင်ကုန်းတစ်ခု၏ဘေးဘက်တွင် မတ်တပ်ရပ်နေရသလိုခံစားနေရသည်။

ထိုခံစားချက်မှာထူးဆန်းလှပြီး နေသားတကျဖြစ်ရန်မှာ အချိန်ယူရဦးပေမည်။

“ဒီဓားက ဘယ်လိုဓားမျိုးပါလိမ့်။ ဓားရဲ့အတွင်းမှာ ကမ္ဘာတစ်ခုလုံးကြီးရှိနေတယ်။ ဒီကမ္ဘာဟာ လက်တွေ့အပြင်ကမ္ဘာထက်အများကြီးသေးပေမယ့် တော်တော်တော့ထူးခြားဆန်းကြယ်နေဆဲပဲ။” ဘေးဘီကိုကြည့်လိုက်မိသောအခါ သူတစ်ယောက်တည်းသာရှိနေသည်ကို တွေ့လိုက်ရသည်။ သူ၏တွက်ချက်မှုများအရ သူသည်ဓားကမ္ဘာ၏ အတွင်းအကျဆုံးအပိုင်းသို့ရောက်ရှိနေသည်မဟုတ်သော်ငြားလည်း အခြားဂိုဏ်းသားများထက်တော့ အတော်ဝေးဝေးရောက်နေခဲ့ကြောင်း သတိထားမိလိုက်သည်။

စက္ကန့်ပိုင်းမျှတွေးနေမိပြီး ဝင်ပေါက်မှအောက်သို့ဆက်ဆင်းလာခဲ့လေသည်။ အမွှေးတိုင်တစ်ဝက်ထွန်းစာမျှကြာပြီးနောက်တွင် သူသည်တောင်ထိပ်သေးသေးလေးတစ်ခုပေါ်သို့ရောက်ရှိလာခဲ့ပြီး သူ၏မျက်နှာမှာဝင်းလက်တောက်ပသွားလေသည်။ သူသည် ဘေးသို့ကပ်ကာလက်ဖျောက်တစ်ချက်တီးလိုက်ရာ သူ၏ညာဘက်လက်မှတောက်ပသောငွေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။

သူ၏ဘေးတွင် အနက်ရောင်မြွေတစ်ကောင်ရုတ်တရက်ပေါ်လာပြီး မြွေမှာလက်တစ်ဝါးခန့်မျှသာရှိလေသည်။ ထိုမြွေဘာမှမလုပ်နိုင်ခင်မှာပင် သူ၏လက်ထဲသို့ရောက်ရှိလာပြီး မြွေ၏မေးရိုးအနောက်ဘက်မှဆုပ်ကိုင်ထားလိုက်လေ၏။

တိတ်ဆိတ်မှုအားလုံးကိုဖြိုခွင်းလိုက်သည့်အလား မြွေ၏ စူးစူးဝါဝါးအော်သံတစ်ခု ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင်ပိုင်ရှောင်ချန်း၏လက်ကိုတင်းတင်းကြပ်ကြပ်ရစ်ပတ်ထားလေသည်။

မြွေ၏ခွန်အားမှာ ကြီးမားပြင်းထန်လှ၍ ပိုင်ရှောင်ချန်းအံ့အားသင့်သွားသည်။ သူ၏ခန္ဓာကိုယ်က ပထမအတားအဆီးနှင့်ထိတွေ့ပြီးသောကြောင့်သာ မြွေက အလွယ်တကူထွက်ပြေးလွတ်မြောက်မသွားနိုင်ခြင်းဖြစ်ပေသည်။

သူသည် မြွေ၏ခေါင်းကို လက်နှစ်ချောင်းနှင့်ဖိချေလိုက်သောအခါ အက်ကွဲသံတစ်သံပေါ်ထွက်လာပြီး မြွေ၏ဦးခေါင်းခွံက ကြေမွသွားလေသည်။ မြွေသည်ပျော့ခွေသွားပြီး အမွှေးတိုင်တစ်တိုင်ခန့်အကျယ်ရှိသော မီးခိုးရောင်စွမ်းအင်စီးကြောင်းလေးအဖြစ်သို့ပြောင်းလဲသွားကာ ချက်ချင်းလွင့်မျောပျောက်ကွယ်သွားလေသည်။

“ဒါဟာ မြေစီးကြောင်းစွမ်းအင်ပေါ့… ဟုတ်လား။” သူ၏တာအိုပုလင်းကို အလျင်အမြန်ထုတ်လိုက်ပြီး စွမ်းအင်များကိုထည့်သိမ်းလိုက်သည်။ ပုလင်းကိုအနည်းငယ်လှုပ်လိုက်ပြီးနောက် မြေစီးကြောင်စွမ်းအင်သည် မီးခိုးရောင်အရည်တစက်အဖြစ်သို့ပြောင်းလဲသွားလေ၏။

“ပုလင်းပြည့်ဖို့ဆိုရင် ဒီလိုအစက်ပေါင်းတစ်ထောင်လောက်လိုလိမ့်မယ်။” တစ်ချက်တွေဝေသွားကာ သူဝင်လာခဲ့သောလမ်းကိုပြန်လှည့်ကြည့်နေသည်။ ပုလင်းကိုအပြည့်ဖြည့်ရန် ဤနေရာရှိအဆိပ်သားရဲပေါင်းထောင်ချီကိုသတ်ရန်လိုအပ်ပါက ပြင်ပကမ္ဘာတွင်လည်း သတ်ဖြတ်ခြင်းမည်မျှပြုလုပ်ရမည်ကို သူမစဥ်းစားတတ်ပေ။

“ငါမြန်မြန်လုပ်မှရမယ်။ မြေစီးကြောင်းဆွဲငင်သလင်းကျောက်ကို မြန်မြန်ရအောင်လုပ်မှဖြစ်မယ်။” ထို့နောက် သူသည်အလျင်အမြန်ရှေ့ဆက်လိုက်ပြီး လမ်းတစ်လျှောက်တွင် အဆိပ်သားရဲများကိုရှာဖွေနေလေသည်။ သုံးရက်ခန့်ကြာသောအခါ သူ၏တာအိုပုလင်းထဲတွင် မီးခိုရောင်အရည်အစက်သုံးဆယ်ခန့်စုဆောင်းမိနေပြီဖြစ်သည်။

ထိုသုံးရက်အတွင်း သူသည် အဆိပ်သားရဲဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ပြီးစုဆောင်းခဲ့ရသည်။ သူ၏စုဆောင်းနှုန်းမှာအလွန်နှေးကွေးနေသည်ဟု ခံစားနေရသည်။

“ဒီနှုန်းအတိုင်းသာဆက်သွားမယ်ဆိုရင် မြေစီးကြောင်းဆွဲငင်သလင်းကျောက်
ကိုရဖို့ နှစ်လလောက်စုဆောင်းရလိမ့်မယ်။” သူသည်အံကိုကြိတ်ကာရပ်နေလိုက်ပြီး သူ့အတွက်အကောင်းဆုံးနည်းလမ်းမှာ ယခုထက်ပို၍နက်နက်ရှိုင်းရှိုင်းဝင်ရောက်ရန်ပင်ဖြစ်ကြောင်း သိလိုက်သည်။ ထို့နောက် သူသည်အလျင်အမြန်ပင်ရှေ့ဆက်သွားလိုက်လေသည်။ နှစ်နာရီခန့်ကြာသောအခါ သူ့ရှေ့တွင် အလောင်းနှစ်လောင်းကိုတွေ့လိုက်ရသောကြောင့် ရုတ်တရက်ရပ်တန့်လိုက်သည်။

ဤလူနှစ်ယောက်သည် ဓားကမ္ဘာထဲတွင် ပိုင်ရှောင်ချန်းစတွေ့သော လူနှစ်ယောက်ဖြစ်သည်။ သူတို့သည် ဤနေရာသို့ရောက်ရန် အပြေးအလွှားလာခဲ့ကြပုံရသည်။ သို့မဟုတ်အခြားအကြောင်းတစ်ခုခုကြောင့် ဤနေရာသို့ရောက်နေကြခြင်းဖြစ်ရပေမည်။

သူတို့ထဲမှတစ်ယောက်သည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားဝတ်စုံကို ဝတ်ဆင်ထားပြီး တောင်ပိုင်းဂိုဏ်းမှ အတွင်းစည်းဂိုဏ်းသားတစ်ယောက်ဖြစ်သည်။ အခြားတစ်ယောက်သည် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူတို့နှစ်ယောက်သည် အပြန်အလှန်တိုက်ခိုက်ရင်းသေဆုံးသွားကြဟန်တူသည်။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသား၏လက်ထဲတွင် တာအိုပုလင်းတစ်လုံးကိုင်ထားလေသည်။

ပိုင်ရှောင်ချန်းသည် အဝေးကတည်းကပင် တောင်ပိုင်းဂိုဏ်းသားကိုမှတ်မိလိုက်သည်။ တောင်ပိုင်းဂိုဏ်းသားသည် ခရမ်းဒယ်အိုးတောင်မှ ကျောက်ရိသော်ဆိုသူ အတွင်းစည်းဂိုဏ်းသားပင်ဖြစ်သည်။ ဝင်ပေါက်သုံးခုကိုဝင်ရောက်နိုင်ခဲ့သူ လူငါးယောက်အုပ်စုထဲမှ တစ်ယောက်ဖြစ်သည်။ သူသည်ပိုင်ရှောင်ချန်းကို ဂိုဏ်းတူဦးလေးပိုင်ဟု တက်တက်ကြွကြွနှုတ်ဆက်လေ့ရှိပြီး ဓား၏အပြင်ဘက်မြေအောက်ခရီးစဥ်တုန်းကလည်း အခြားဂိုဏ်းသားများကိုရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့လေသည်။ ယခုကဲ့သို့ သေဆုံးခြင်းဖြင့်အဆုံးသတ်သွားလိမ့်မည်ဟု ပိုင်ရှောင်ချန်းထင်မထားခဲ့ချေ။

ထူးဆန်းပြီးမဖော်ပြနိုင်သောခံစားမှုတစ်ခု ပိုင်ရှောင်ချန်းရင်ထဲတွင်ပေါ်ထွက်လာလေသည်။ လွန်ခဲ့သောရက်ပိုင်းကပင် ကျောက်ရိသော်နှင့်သူ ရယ်ရယ်မောမောပျော်ပျော်ပါးပါး စကားတွေပြောနေကြသေးသည်။ အခုတစ်ခေါက် ပြန်တွေ့ရသည့်အခါမှာတော့ သေခြင်းကစည်းခြားထားလေပြီ။ ဤကမ္ဘာကြီးသည် ပျက်စီးယိုယွင်းခြင်းနှင့်သေဆုံးခြင်းတို့ဖြင့် စိမ့်ဝင်ပျံနှံ့နေပုံပေါ်သည်။ ဤအဖြစ်အပျက်သည် သူ၏ပတ်ဝန်းကျင်ရှိအန္တရာယ်များအကြောင်း ပိုင်ရှောင်ချန်းကို သတိပေးနေသကဲ့သို့ဖြစ်လေသည်။ ခြေလှမ်းတစ်ချက်မှားလိုက်သည်နှင့် အချိန်မရွေးသေသွားနိုင်သည်။ လူများသည် သူ၏အလောင်းကိုအသုံးပြုကာ အခြားဂိုဏ်းသားများကိုထောင်ချောက်ဆင်ချင် ဆင်နေနိုင်သည်။

ပိုင်ရှောင်ချန်း၏မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များပြည့်နှက်သွားပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ နှစ်အတော်ကြာကသေဆုံးသွားခဲ့သောဖိန်းယန်မှလွဲ၍ ဤဂိုဏ်းသားသည် ပိုင်ရှောင်ချန်းနှင့်ရင်းနီးသောဂိုဏ်းသားများထဲမှ ပထမဆုံးသေဆုံးသူဖြစ်လေရာ ဖြေမဆည်နိုင်အောင်ခံစားနေရသည်။ ကျောက်ရိသော်ပြောခဲ့ဖူးသော စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ခေါင်းဆောင်တစ်ယောက်ဖြစ်လိုသော သူ၏အိပ်မက်ကို သူလုံးဝမေ့မရ။

“ထာဝရအသက်ရှည်ခြင်းအတွက်ကျင့်ကြံတယ်ဆိုတာ ပိုကောင်းတဲ့ဘဝတစ်ခုရလာဖို့ မဟုတ်ဘူးလား။ ကိုယ့်ရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့မဟုတ်ဘူးလား။ ဘာကြောင့်လဲ… ဘာကြောင့် ဒီလိုမျိုးတိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေလုပ်နေရတာလဲ။ တန်လို့လား။” စက္ကန့်ပိုင်းမျှအကဲခတ်လိုက်ပြီးနောက် အလောင်းနှစ်လောင်းသည် ထောင်ချောက်ဆင်ထားခြင်းဖြစ်သည်ကို သူသိလိုက်သည်။ သို့သော်လည်း သူရှေ့ဆက်တိုးရန်ဆုံးဖြတ်လိုက်သည်။

အလောင်းများအနီးသို့သူရောက်သွားသည်နှင့်တပြိုင်နက် မြေအောက်မှတဝုန်းဝုန်းမြည်သံများပေါ်ထွက်လာလေသည်။ မြေအောက်တွင်ဝှက်ထားသောဆေးလုံးများပေါက်ကွဲသံဖြစ်ပြီး ပိုင်ရှောင်ချန်းရှိရာသို့အဆိပ်ငွေ့များတလိပ်လိပ်တက်လာလေသည်။

တချိန်တည်းမှာပင် လျှပ်စီးလက်သည့်အလား ဓားတစ်ချောင်းက သူ့ဆီသို့ လျင်မြန်စွာ ပြေးဝင်လာသည်။ ဓားကို စူးစူးဝါးဝါး အော်မြည်နေသော ကင်းမြီးကောက်ပုံရိပ်တစ်ခုကဝန်းရံထားသည်။

တချိန်တည်းမှာပင် တခြားဘက်ဆီမှာ ဆူညံကျယ်လောင်ပြီး ကြောက်မက်ဖွယ်ကောင်းလှသောပေါက်ကွဲသံများပေါ်ထွက်လာလေသည်။ ဆေးလုံးများထပ်မံပေါက်ကွဲသံပင်ဖြစ်သည်။

တဖက်တွင်ဓားပျံတစ်လက်လာနေပြီး တခြားတဖက်ဆီမှပေါက်ကွဲသံများကိုကြားနေရသည်။ အဆိပ်မန္တန် အစီအရင်တစ်ခုကလည်း သူ့ကိုဝန်းရံထားသေးသည်။ သူ့နေရာတွင် အခြားသူတစ်ယောက်ယောက်ဆိုပါမူ နေရာတွင်ပင်ကြောက်လန့်ကာ ပွဲချင်းပြီးသေသွားနိုင်ပေသည်။

အဆိပ်ငွေ့များကြားမှ အေးတိအေးစက်အသံတစ်ခုပေါ်ထွက်လာသည်။
“သေစမ်း”

ပိုင်ရှောင်ချန်းသည် သူ၏ချီစွမ်းအင်များကိုစုစည်းလိုက်သည်။ သူ၏ရင်ထဲမှ ဒေါသမီးတောင်ကြီးသည် ပေါက်ကွဲထွက်လာပြီဖြစ်သောကြောင့် သူ၏မျက်နှာမှာတင်းမာခက်ထန်နေလေပြီ။

“သေရမယ့်ကောင်က မင်းပဲကွ။” မိုးခြိမ်းသံကဲ့သို့ကျယ်လောင်လှသောအသံသည် အရပ်ရှစ်မျက်နှာသို့ လေပြင်းတိုက်သလိုပျံ့လွင့်သွားရာ အားပြင်းလှသောကြောင့် တောင်များကိုပြိုလဲကျသွားစေနိုင်ပြီး ပင်လယ်ထဲရှိရေများကိုပင်ကုန်ခန်းသွားစေနိုင်လေသည်။

သူ၏ဆံပင်သည် ဖရိုဖရဲဖြစ်နေပြီး သူ၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသည်။ ထိုမြင်ကွင်းသည် ရင်သပ်ရှုမောဖွယ်ရာပင်။

သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ကျယ်လောင်လှပြီး ဝမ်းနည်းမှု၊ ပူဆွေးဒေါသများဖြင့် ပြည့်နှက်နေသည်။ အသံသည် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည့်အလား အဆိပ်ငွေ့များကို ရိုက်ခတ်သွားလေသည်။

မျက်စိတမှိတ်အတွင်းမှာပင် အဆိပ်ငွေ့များလွင့်စင်ပျောက်ကွယ်သွားကာ ဓားပျံနှင့် ပေါက်ကွဲသံများပေါ်ထွက်လာလေသည်။ ထိတ်လန့်ကြောက်ရွံ့နေသော ဂိုဏ်းသားနှစ်ယောက်ကိုလည်းတွေ့လိုက်ရပေသည်။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ လူရွယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်ပင်ဖြစ်သည်။

ဓားကိုဝန်းရံထားသော ကင်းမြီးကောက်သည် ကြီးမားသောလက်ကြီးတစ်ခုက လုံးချေလိုက်သကဲ့သို့ ကြောက်မက်ဖွယ်ရာစူးစူးဝါးဝါးအော်ဟစ်နေလေ၏။ ဓားမှ စိတ်စွမ်းအင်များကုန်ခန်းသွားသည်နှင့် အက်ကွဲသံများပေါ်လာကာ ဘေးသို့လည်လျက်ကျသွားလေ၏။

ပေါက်ကွဲသံများမှ ကြောက်မက်ဖွယ်စွမ်းအားများကို ပိုင်ရှောင်ချန်းက လမ်းလွှဲပေးလိုက်ရာ နဂိုလာရာလမ်းကြောင်းမှအခြားဘက်သို့ လွင့်စင်ပျောက်ကွယ်ကုန်ကြလေ၏။

ချက်ချင်းပင် အရာအားလုံးသည် မှုန်ဝါးဝါးဖြစ်ကျန်နေခဲ့လေသည်။ ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာစွမ်းအင်များ ဖြာထွက်လျက်ရှိပြီး သူ့အရပ်မှာ ပုံမှန်ထက်ရှည်လာသည်ဟု ထင်ရသည်။ သူက ကျယ်လောင်အားကောင်းသောအသံဖြင့် စကားပြောလိုက်သည်။

“စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ယောက်ကိုသတ်တဲ့လူတိုင်း သေဒဏ်ကျခံစေရမယ်”

သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ကာ ကျူပင်ခုတ်ကျူငုတ်မကျန် သတ်ဖြတ်ပစ်မည့်အသွင် ရှိသည်။

သူ့အသံသည် ပတ်ဝန်းကျင်ရှိ အားပျော့နေပြီဖြစ်သော ပေါက်ကွဲသံထဲသို့ အားတစ်ခုပေါင်းထည့်လိုက်သလိုဖြစ်နေသည်။ ထိုအသံထဲတွင် ပိုင်ရှောင်ချန်း၏ သတ်ဖြတ်လိုစိတ်များ၊ ရွှယ်ကျဲကော်တု၏သက်စောင့်ဝိညာဥ်စွမ်းအားများ ပါဝင်နေသည်။

ထိုစွမ်းအားသည် တောင်များကိုအစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေနိုင်ပြီး ပင်လယ်များကိုပင်ခန်းခြောက်သွားစေနိုင်သည်။

ရုတ်တရက် ပတ်ဝန်းကျင်တွင် ရေငွေ့များကိုမြင်တွေ့လိုက်ရလေသည်။ ရွှယ်ကျဲကော်တု ပေါ်ထွက်လာလေပြီ။


Comment

Leave a Reply

Options

not work with dark mode
Reset