Switch Mode

အခန်း ( ၁၄၄ )

ကိုယ်တော်ပိုင်က မင်းတို့ကိုသေတဲ့အထိ တိုက်ခိုက်ပစ်မယ်

အတွင်းထဲသို့ဝင်သွားပြီးနောက် ခြုံခိုတိုက်ခိုက်ခြင်း ခံရမည်မဟုတ်ဟု ယူဆ၍မရချေ။ ဘေးကင်းစွာနေရန်မှာ လူတစ်ယောက်၏ အရည်အချင်းပေါ်တွင် မူတည်သည်။ ထို့ပြင် အပြင်ဘက်ရှိလူများအား သတင်းစကားပေးရန် ကျောက်စိမ်းပေလွှာများကိုလည်း အသုံးပြု၍မရပေ။ သို့သော် အကယ်၍ တစ်ဂိုဏ်းထဲမှ ဂိုဏ်းသားများစွာက တချိန်တည်း ဝင်ရောက်ခဲ့လျှင် ရက်စက်ကြမ်းကြုတ်သော အကြီးစားခြုံခိုတိုက်ခိုက်ခြင်းမှ လွဲ၍ သူတို့အားလုံး လုံခြုံနိုင်လိမ့်မည်။

ဝင်ပေါက်ထဲသို့ ဂိုဏ်းသားလေးဦး ဝင်သွားပြီးနောက်တွင် ဟိုယွင်ဖေးက ဝင်ရောက်ရန်ရွေးချယ်လိုက်သည်။ အတွင်းသို့ မဝင်မီ ပိုင်ရှောင်ချန်းအား အကူအညီ္ပေးရန် တောင်းခံခဲ့သည်။

“တကယ်လို့ အတွင်းထဲမှာ မမျှော်လင့်ထားတဲ့အရာ တစ်ခုခု ဖြစ်သွားခဲ့ရင် ကျေးဇူးပြုပြီး ငါ့မျိုးနွယ်တူ ညီလေး ဟိုယွင်ချင်ကို ဂရုစိုက်ပေးပါ” ဟိုယွင်ချင်မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းဝင်မဟုတ်သော်လည်း မျိုးနွယ်စု၏ အရေးပါသောလူငယ်လေး တစ်ဦးဖြစ်သည်။ ထို့ထက် သူကမျိုးနွယ်စုအတွင်းတွင်နေထိုင်ကာ ကျင့်ကြံခြင်းကိုတိုးတက်အောင် လုပ်ဆောင်နေလေသည်။

ပိုင်ရှောင်ချန်းက ဟိုယွင်ဖေးအား အလျင်အမြန်နှစ်သိမ့်ပေးကာ စိတ်ဓာတ်မကျရန်ပြောလိုက်သည်။ ထို့နောက် သူ့အား တိတ်တဆိတ် အဆောင်လက်ဖွဲ့တစ်ခု ချိတ်ဆွဲပေးလိုက်သည်။ ဟိုယွင်ဖေးက အစပိုင်းတွင် လန့်သွားခဲ့သော်လည်း အဆောင်လက်ဖွဲ့လေးအား ခဏတာကြည့်ရှုပြီးနောက် အတော်လေး စိတ်နှလုံးထိခိုက်သွားရသည်။ ပိုင်ရှောင်ချန်းအား နောက်ဆုံးအနေဖြင့် ခေါင်းတစ်ချက်ညိတ်ပြကာ ဝင်ပေါက်ထဲသို့ ဝင်သွားလေသည်။

သူပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် ဝင်ပေါက်မှာ မှောင်မည်းသွားပြီး ဝင်ပေါက်တစ်ခုအနေဖြင့် အသုံးပြုရန်မဖြစ်နိုင်တော့ကြောင်း ပြသနေသည်။ ပိုင်ရှောင်ချန်းက ဟိုယွင်ဖေးအား အနည်းငယ်စိတ်ပူသော်လည်း ဝင်ပေါက်ပိတ်သွားသည်နှင့်အမျှ လုပ်ဆောင်စရာအနည်းငယ်လည်း ရှိလေသည်။

သူတို့အားလုံးက အမွှေးတိုင်တစ်တိုင်စာလောင်ကျွမ်းပြီးချိန်အထိ တောင်ဘက်ခြမ်းတွင် ပိုင်ရှောင်ချန်း၏ ကို့ရို့ကားယားလုပ်ခဲ့ခြင်းများကို ပြောလိုက်၊ရယ်မောလိုက်ဖြင့် လုပ်နေကြသည်။ သူတို့က သူတို့၏မျှော်လင့်ချက်များနှင့် ရည်မှန်းချက်များအကြောင်းကိုလည်း ပြောဆိုကြသည်။ ပိုင်ရှောင်ချန်းက ရင်ဘတ်ကိုပုတ်ကာ သူ၏အိပ်မက်မှာ ထာဝရ ရှင်သန်ရန်ဖြစ်ကြောင်း ပြောသည့်အခါ သူတို့အားလုံး တခစ်ခစ်ရယ်ကြလေသည်။ ကျိုးယုံသောက်ကလည်း သူ၏အိပ်မက်မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်တစ်ယောက်ဖြစ်လာရန်ဖြစ်ကြောင်း ကြေညာလေသည်။

သူတို့အားလုံးမှာ အခြေခိုင်မာခြင်းအဆင့်၏ ခက်ထန်ကြမ်းတမ်းပြီးသေစေနိုင်သော လမ်းကြောင်းပေါ်တွင်လျှောက်နေခဲ့ရသော်လည်း ယခုအချိန်တွင် သူတို့က အနည်းငယ်အပန်းဖြေနိုင်ခဲ့သည်။ ပိုင်ရှောင်ချန်း၏ ဦးဆောင်မှုဖြင့် သူတို့အားလုံးမှာ မည်သည့်ဆုတ်ယုတ်မှုကိုမှ မခံစားရပေ။ သူတို့မြင်တွေ့ခဲ့ရသည့် မည်သည့်ဝင်ပေါက်ကိုမဆို လွှဲပြောင်းယူလိုက်နိုင်ကြသည်။

“ငါ့ကောင်တွေ။ သူ့ကို ချကြဟေ့…” ဟုပိုင်ရှောင်ချန်းက အော်သည်။

“ဟေးးး ဒီနေရာက ငါတို့ပိုင်တာ”

“ဆူမနေကြနဲ့ ။ ဒီနေရာက ငါတို့ဟာ”

“ကောင်းပြီလေ။ ဒါက ဘာမို့လို့လဲ။ ဟေ့မင်း…ငါ့ကို ဘာအကြည့်နဲ့ ကြည့်နေတာလဲ။ ငါ့ကောင်တွေ…သူ့ကို ချကြဟေ့”

တဝုန်းဝုန်း အသံများ အဆက်မပြတ်မြည်လာလေသည်။ တချိန်တည်းတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားများမှာ နည်း၍နည်း၍လာသည်။ သူတို့ထဲမှတစ်ယောက်က အပေါက်ထဲသို့ဝင်သွားပြီးတိုင်း သူတို့အားလုံးမှာ ပိုင်ရှောင်ချန်းအား လေးနက်စွာကျေးဇူးတင်ကြောင်း ပြောကြပေလိမ့်မည်။ တချိန်တည်းမှာပင် ဂိုဏ်းသားများက ခုန်ပေါက်ကာ သူ၏လက်ကိုရိုးရှင်းစွာဝေ့ယမ်းလိုက်သည့်အဖြစ်ကပင် ပိုင်ရှောင်ချန်းအား စိတ်လှုပ်ရှားစေသည်။

“ဒါဆို ဒီဟာက လက်ရွေးစင်တစ်ယောက် ဘယ်လိုခံစားရလဲဆိုတာမျိုးပေါ့။ လူတွေအများကြီးက လက်ရွေးစင်ဖြစ်ချင်ကြတာ အံ့သြစရာမကောင်းတော့ပါဘူးကွာ” သူက ထိုကိစ္စအတွက် သက်ပြင်းချလိုက်ပြီး သူတို့က ဓားကိုယ်ထဲရှိ အခြားဝင်ပေါက်များဆီသို့ ချဥ်းကပ်သွားကြသည်။ ထိုနေရာတွင် မမျှော်လင့်ထားပဲ တစ်ဦးကိုတစ်ဦးတိုက်ခိုက်နေကြသော လူအုပ်စုကြီးတစ်စုရှိနေသည်။ ပို၍ထိတ်လန့်အံ့သြဖွယ်ကောင်းသည်မှာ ထိုနေရာတွင် စုစုပေါင်းအပေါက် သုံးခုရှိကြောင်းမြင်နေရသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ စွမ်းအားကြီးသော ဂိုဏ်းသားခြောက်ယောက်မှာ အခြားဂိုဏ်းနှစ်ခုမှ ဂိုဏ်းသားကိုးယောက်ကို တိုက်ခိုက်နေကြသည်။

ယခုအချိန်တွင် တိုက်ခိုက်နေမှုမှာ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ ဖြစ်နေသည်။ ပိုင်ရှောင်ချန်းက ဖြစ်ပျက်သမျှကို မြင်တွေ့ရသောအခါ မျက်လုံးများတောက်ပလာပြီး သူ၏နောက်မှတစ်ဒါဇင်ခန့်မျှသာ ကျန်တော့သော စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများအားလုံးမှာ စတင်၍စိတ်လှုပ်ရှားလာကြသည်။ တုံ့ဆိုင်းနေခြင်းမရှိပဲ ပိုင်ရှောင်ချန်းက အော်လိုက်သည်။
“ဟေးးးး ဒီနေရာကို ငါတို့လဲပိုင်တယ်ကွ”

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားများက ဂိုဏ်းအတွက်တာဝန်ထမ်းဆောင်နိုင်ရန် တတ်နိုင်သမျှ ထိုနေရာကို စောင့်ကြပ်နေကြသည်။ သူတို့က ပင်ပန်းနေကြသော်လည်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားများရောက်လာသည်ကိုမြင်လိုက်ကြသောအခါ သူတို့၏မျက်နှာအမူအယာမှာ တစ်ချက်လက်သွားပြီး ထွက်မပြေးကြပေ။ ထို့အစား အပေါက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

ပတ်ပတ်လည်ရှိ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားများက ဝင်ပေါက်အတွင်းသို့တဟုန်ထိုးတိုက်ခိုက်လိုက်ကြသော်လည်း သူတို့မှာ မှော်ပညာရပ်များနှင့် အံ့ဖွယ်အစွမ်းများ၏ ထိုးနှက်မှုကိုခံလိုက်ရကာ ဖယ်ထုတ်ခံလိုက်ရသည်။ ခဏအကြာတွင် ပိုင်ရှောင်ချန်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားများက လမ်းကိုပိတ်ဆို့လိုက်ကြသည်။

သူတို့က လူအရေအတွက်များသည်ကို အခွင့်ကောင်းယူကာ ပိုင်ရှောင်ချန်းက ဝင့်ကြွားစွာပြောလိုက်သည်။
” ကောင်လေးတွေ….ငြိမ်ငြိမ်နေကြစမ်း။ ဒီနေ့ ကိုယ်တော်ပိုင် စိတ်ကောင်းဝင်နေတယ်။ မင်းတို့ကို ဒုက္ခရောက်အောင် မလုပ်ချင်ဘူး ”

အခြားဂိုဏ်းများမှ ဂိုဏ်းသားများ၏မျက်နှာများမှာ ဆိုးရွားစွာပျက်သွားသည်။

” လာပြန်ပြီကွာ…ဒီကောင်ပဲ ”

“သူ့နာမည်က ပိုင်ရှောင်ချန်းတဲ့။ တကယ့်လူယုတ်မာကွာ..။ သူငါ့ဆီကဝင်ပေါက်လုသွားတာ ဒီတစ်ခါနဲ့ဆို သုံးကြိမ်ရှိနေပြီ”

” သေစမ်း… ငါ့ဆီကဆို နှစ်ကြိမ်ရှိပြီကွ။ သူ့ကြောင့်သာမဟုတ်ရင် ငါအခုဆိုရင် ဓားကမ္ဘာကိုရောက်နေပြီ ”

ထိုအုပ်စုတွင် မတူညီသောဂိုဏ်းများမှ ဂိုဏ်းသားများပါဝင်ကြပြီး အတူတကွပူးပေါင်းဖို့ရန် တွန့်ဆုတ်နေကြသည်။ ထို့အပြင် သူတို့ပူးပေါင်းခဲ့လျှင်တောင်မှ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများက ပို၍အရေအတွက်များနေသေးသည်။ မျက်လုံးများတွင် ဒေါသများနှင့် မျှော်လင့်ချက်ကင်းမဲ့မှုများ တောက်လောင်နေပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ အပေါက်သုံးခုအတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်နေကြရသည်။

အလွန်ကျေနပ်နေလျက် ပိုင်ရှောင်ချန်းက ပထမအပေါက်အတွင်း ဂိုဏ်းသားငါးဦးက ထိုအပေါက်မမှောင်မိုက်သေးမီ ဝင်ရောက်သွားသည်ကို ကြည့်နေသည်။ ဒုတိယအပေါက်တွင်လည်း လူသုံးယောက်ဝင်ရောက်ပျောက်ကွယ်သွားသည်။ သူကအမှန်တကယ်တွင် စိုးရိမ်ပူပန်နေသော်လည်း ဂိုဏ်းအတွက် ကြီးလေးသောတာဝန်ကို ထမ်းဆောင်နိုင်ခဲ့သည်။

ဤအချက်ဖြင့်သူ၏ တာဝန်မှာပြီးမြောက်သွားခဲ့သည်။ သူကချောင်းဟန့်လျက် နောက်ဆုံးကျန်သောဂိုဏ်းသားငါးယောက်ဖြင့် ပေါင်းလိုက်ကာ သူတို့က တတိယအပေါက်နားသို့ ချဥ်းကပ်လိုက်ကြသည်။ ပတ်ပတ်လည်ရှိ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားများက ကြည့်နေကြပြီး ဤအချက်ဖြင့်ပင် ယခုအခြေအနေနှင့်ပတ်သက်၍မည်သည်အရာကိုမဆိုလုပ်ဖို့ရန် နောက်ကျလွန်းသွားကြောင်း သိလိုက်ကြသည်။

ထို့အပြင် အကယ်၍ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများဝင်သွားပြီးသော်လည်း အပေါက်မှာ မှောင်မိုက်သွားခြင်းမရှိလျှင်တောင်မှ သူတို့မှာ အခြားတစ်ဖက်တွင် အလစ်တိုက်ခံရမည်ကို ကြောက်၍ ဝင်ရဲကြမည်မဟုတ်ပေ။

သူတို့က ခွဲခွာလိုက်ကြကာ အခြားအပေါက်တစ်ခုရှာဖွေရန်လုပ်နေစဥ် အံ့သြမှုကြောင့် သူတို့အားလုံးမျက်လုံးပြူးလျက် ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ထို့နောက် သူတို့၏မျက်နှာတွင် အေးစက်ပြီး ကောက်ကျစ်သော အပြုံးများပေါ်လာကြသည်။

ယခုတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ငါးယောက်မြောက်ဂိုဏ်းသားက လမ်းကြောင်းအတိုင်း ဝင်သွားပြီး ပိုင်ရှောင်ချန်းက ဝင်ဖို့ကြိုးပမ်းလိုက်သည့်အချိန်တွင်…..ထိုအပေါက်မှာ မှောင်မည်းသွားခဲ့သည်။

“မဖြစ်နိုင်တာ..” ပိုင်ရှောင်ချန်းက အံ့အားသင့်လျက်ပြောလိုက်သည်။ ဝင်ပေါက်က သူ့ကိုကြမ်းတမ်းစွာတွန်းဖယ်လိုက်သည့်အတွက် သူက ငုံ့ကာ သူ၏ပခုံးအားကြည့်ရှုစစ်ဆေးလိုက်သည်။ ထိုနေရာတွင် အခြားဂိုဏ်းမှ ဂိုဏ်းသားအုပ်စုမှာရပ်နေကြပြီး သူတို့၏မျက်လုံးများတွင် အန္တရာယ်ပြုမည့်အရိပ်အယောင်များ လက်နေပြီး ပိုင်ရှောင်ချန်းဆီသို့ ဖြည်းညင်းစွာလျှောက်လာကြသည်။

လူတစ်ယောက်စီတိုင်းက ချီစုစည်းမှုအဆင့်တစ်ဆယ်ရှိကြပြီး သူတို့၏ဂိုဏ်းတွေမှာ လူတကာ မော့ကြည့်ရသည့် လက်ရွေးစင်များဖြစ်ကြသည်။ သူတို့အားလုံးမှာ အခြားဂိုဏ်းသားများက ဝင်ရောက်သွားသည်ကို စိတ်ပျက်စွာ ကြည့်နေတတ်သူများ မဟုတ်ဘဲ သူတို့၏ပင်ကိုယ်ပါရမီကိုကြည့်လျှင်လည်း သာမန်ထက်ထူးကဲနေသေးသည်။

“ပိုင်ရှောင်ချန်း…မင်းဘာလို့မဝင်သွားတာလဲ။ မြန်မြန်လေး..ဝင်ပေါက်ထဲကိုဝင်လေ”

“ဟုတ်တယ်ကွ..။ မင်းမဝင်ရင် ငါတို့မင်းကိုကူညီပါ့မယ်။ ငါတို့က တကယ်လို့မင်းကို တစ်စစီဖြတ်တောက်လိုက်လို့ရှိရင် မင်းကပြန်ပြီးတပ်လိုက်ပေါ့ကွာ..”

“ဟားဟားဟားးးနောက်ဆုံးတော့ မင်းပြန်ပေးဆပ်ရမဲ့အချိန်ရောက်လာပြီပဲ။ မင်းနဲ့မင်းရဲ့အဖွဲ့က ငါ့ရဲ့ ဝင်ပေါက်သုံးပေါက်ကို လုသွားခဲ့တာကွ..။ မင်းအခု ဘာလုပ်နိုင်တော့မှာလဲ” အေးစက်စက်ရယ်မောသံများနှင့် လူသတ်ငွေ့များက ထိုနေရာတွင် ပျံ့နှံ့နေသည်။ ဤအချက်ကိုကြည့်ခြင်းဖြင့် ပိုင်ရှောင်ချန်းမှာ ဂိုဏ်းသားအားလုံးမုန်းတီးနေသော ဘုံရန်သူတစ်ဦးဖြစ်နေသည်။

လူအုပ်စုကတိုက်ခိုက်ရန်အသင့်ပြင်လိုက်သောအခါ သူကအသက်ကိုပြင်းပြင်းရှုလိုက်ပြီး ကိုင်ဆောင်ထားသည့်အိတ်ကိုပုတ်ကာ အဆောင်လက်ဖွဲ့လက်တစ်ဆုပ်စာကိုထုတ်လိုက်သည်။ ထို့နောက် သူ့ကိုယ်ပေါ်တွင်ကပ်လိုက်သည်။ ချက်ချင်းတွင် ပိုင်ရှောင်ချန်းဆီမှ မီတာခြောက်ဆယ်အကျယ်အဝန်းရှိသော မျက်စိကြိမ်းလောက်သည့်အလင်းရောင်များဖြာထွက်လာသည်။

ဆင့်ခေါ်ခံရသည့် အကာအကွယ်ဒိုင်းများ၏ တဖောက်ဖောက်မြည်သံများကြောင့် နေရာတစ်ခုလုံးမှာ ဆူညံသွားတော့သည်။

ဂိုဏ်းသားများမှာ မျက်လုံးပြူးသွားကြပြီး စိတ်ထဲတွင်လည်း ရှုပ်ထွေးသွားကြ၏။ သူတို့မြင်နေရသည်ကို မယုံနိုင်ကြပေ။ မီတာခြောက်ဆယ်အတွင်း တောက်ပသော အရောင်စုံ အကာအကွယ်ဒိုင်းပေါင်းတစ်ရာကျော်ပေါ်ထွက်လာသည်။ ဂိုဏ်းသားများမှာ ထိတ်လန့်တုန်လှုပ်လျက် ခေါင်းကြိမ်းနေကြသည်။ သူတို့၏ငယ်ဘဝတစ်လျှောက်လုံး ထိုကဲ့သို့မမြင်ဖူးခဲ့ကြပေ။

“ဘယ်…ဘယ်လောက်တောင်များတဲ့ အဆောင်လက်ဖွဲ့ ဒိုင်းကာတွေလဲ”

“ဘုရားရေ…။ ဒီလူက ဘယ်လောက်တောင် ချမ်းသာတာလဲ။ သေစမ်းကွာ…။ ငါတို့ရဲ့လူအင်အားဆယ်ဆများသွားရင်တောင်မှ ငါတို့ အဲ့ဒီအကာအကွယ်ဒိုင်းတွေကိုထိုးဖောက်နိုင်မှာမဟုတ်ဘူး” ဂိုဏ်းသားများမှာ ရူးသွပ်မတတ်ဖြစ်လျက် ပိုင်ရှောင်ချန်းအားအလွန်အံ့အားသင့်လျက် ငေးကြည့်နေကြသည်။

ပိုင်ရှောင်ချန်းကမူ ထိုနေရာ၌ ရင်ကိုကော့၊လက်ကိုနောက်ပစ်လျက် မေးငေါ့ကာ အထီးကျန်သူရဲကောင်းကဲ့သို့ ရပ်နေလေသည်။

” ကောင်းတယ်..။အနိုင်ကျင့်ချင်တဲ့ကောင်တွေ…။ လာခဲ့စမ်းပါ” သူက ကျယ်လောင်စွာဖြင့်ပြောလေသည်။
” ကိုယ်တော်ပိုင်က မင်းတို့ကို သေတဲ့အထိ တိုက်ပစ်မယ်ကွ ”
သူ၏လေသံမှာ အသေအကျေတိုက်ရန်အသင့်ဖြစ်နေပုံပေါ်သည်။

စကားပြောလိုက်ပြီးနောက် သူ၏သံလိုက်အတောင်ပံလေးသည် သူ့နောက်ကျောရှိ အနက်ရောင်ဒယ်စောက်အိုး၏အပေါ်မှ ပေါ်ထွက်လာသည်။ ထို့နောက် သူသည် အနီးကပ်ဆုံးဂိုဏ်းသားဖြစ်သည့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ မျက်နှာရှည်ရှည်နှင့် လူငယ်ကို ဝင်ဆောင့်မိသွားသည်။

တိကျစွာပြောရလျှင် ပိုင်ရှောင်ချန်းက ဝင်တိုက်ခြင်းမဟုတ်ပေ။ သူ၏အကာအကွယ်ဒိုင်းဖြင့်တိုက်မိသွားခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းဆီမှ မီတာခြောက်ဆယ်အကွာတွင် စိတ်ဆင်းရဲဖွယ်အော်သံများပဲ့တင်ထပ်သွားလေသည်။ ထိုလူငယ်မှာ မတ်တပ်မရပ်နိုင်မီ နောက်သို့ အကွာအဝေးအနည်းငယ် လွင့်ထွက်သွားသည်။ သူ၏ပါးစပ်မှသွေးများကိုသုတ်လိုက်ရင်း ပိုင်ရှောင်ချန်း၏အကာအကွယ်ဒိုင်းများကိုကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ ဆူပုပ်ပုပ်ဖြင့်ထွက်သွားလေသည်။

ပိုင်ရှောင်ချန်း၏ အကာအကွယ်ဒိုင်းများကို သူတစ်ယောာက်တည်းဖြင့်ထိုးဖောက်နိုင်ခြင်းမရှိကြောင်းသူသိလေသည်။ ထို့ကြောင့်ထွက်သွားရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။ သူ၏စွမ်းအားများကို ထိုကဲ့သို့ကုန်ဆုံးစေရလျှင် အကျိုးမရှိပေ။ ထို့နောက် ဓားကမ္ဘာထဲသို့ ဝင်သည့်အခါ သူ၏စွမ်းအားအတွက် အနှောင့်အယှက်ဖြစ်လိမ့်မည်။

လူတိုင်းက သူတို့မြင်ရသည့်အရာအတွက် လုံးလုံးတုန်လှုပ်နေကြတော့သည်။ ပိုင်ရှောင်ချန်းရောက်လာချိန်မှစ၍ အကူအညီမဲ့သွားသကဲ့သို့ခံစားရပြီး နေရာအနှံ့လူခွဲလိုက်ကြကာ အမြန်ဆုံးအရှိန်ဖြင့် တဟုန်ထိုးထွက်ပြေးကြလေသည်။

ဝင်ပေါက်တစ်ပေါက်မျှမရှိပါပဲ ရုန်းကန်တိုက်ခိုက်နေမှုကို စဥ်းစားမိကြလျက် ပိုင်ရှောင်ချန်းဖြင့် အသေအကျေတိုက်ခိုက်မည့်အရေးကို သူတို့ ဆင်ခြင်မိလိုက်ကြခြင်းဖြစ်သည်။

“ဟေးးး မပြေးကြနဲ့လေကွာ..။ ငါ့အမုန်းတွေပျောက်တဲ့အထိ မင်းတို့ကိုလက်စားချေဖို့ အဆင်သင့်ပြင်ပြီးပြီကွ။ အနိုင်ကျင့်ချင်တဲ့ကောင်တွေ…။ပြန်လာကြစမ်းပါ” ပိုင်ရှောင်ချန်းမှာ အာခေါင်ခြစ်၍အော်လေသည်။ သို့သော် ထိုအသံကပင် အခြားဂိုဏ်းသားများအား ပို၍လျင်မြန်စွာပြေးသွားစေသည်။

မကြာမီတွင် ပိုင်ရှောင်ချန်းမှာ မျက်တောင်လေးတဖျတ်ဖျတ်ခပ်လျက် တကိုယ်ထဲရပ်ကာ ကျန်ခဲ့လေသည်။ ရန်သူဂိုဏ်းသားများ၏စုပေါင်းတိုက်ခိုက်မှုမှာ အသက်ဘေးမှလွတ်မြောက်ရာတွင် သူ၏အချိန်တချို့အား ဖြုန်းမိသွားသော်လည်း မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်လမ်းကြောင်းပေါ်မှာ ဆက်ရှိနေခြင်းက သူ့အတွက် အရေးအပါဆုံးသောအရာဖြစ်သည်။

ထိုနောက်တွင် သူ၏အဆောင်လက်ဖွဲ့စာရွက်များကို သိမ်းလိုက်ကာ ကိုင်ထားသောအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ အများစုမှာ တစ်ဝက်လောက်မှစ၍လောင်ကျွမ်းနေပြီးသားဖြစ်သော်လည်း နောက်တစ်ကြိမ်သုံး၍တော့ရသေးသည်။

ပိုင်ရှောင်ချန်းက အထီးကျန်သူရဲကောင်းကဲ့သို့ မေးကိုငေါ့လျက် အကျီလက်ကိုခါယမ်းလိုက်သည်။

“ပိုင်ရှောင်ချန်းဆိုတဲ့ငါက စိတ်အနှောင့်အယှက်ပေးသင့်တဲ့သူမဟုတ်ဘူးကွ…”

ထိုသို့ပြောကာ အက်ကြောင်းများနှင့်နံရံကွဲကြောင်းများဆီသို့ အလျင်အမြန်လှုပ်ရှားသွားလာလိုက်ပြီး ဓားကမ္ဘာကြီးဆီသို့ဦးတည်သော အခြားဝင်ပေါက်တစ်ခုရှာရန်ကြိုးစားလိုက်သည်။

မှန်ပေသည်။ ဓားကမ္ဘာထဲသို့ ပိုစော၍ရောက်သည်ဖြစ်စေ၊ ပိုနောက်ကျ၍ရောက်သည်ဖြစ်စေ ကောင်းကျိုးနှင့်ဆိုးကျိုး နှစ်မျိုးလုံးရှိသည်။

အစောပိုင်းဝင်ရောက်နိုင်ကြသည့်သူများတွင် မြေစီးကြောင်းအဆိပ် သားရဲများကို စတင်တိုက်ခိုက်သတ်ဖြတ်ကာ မြေစီးကြောင်းစွမ်းအင်ကို စတင်စုဆောင်းနိုင်သည်။ သို့သော်လည်း လူများမှာ ဓားကမ္ဘာထဲတွင် မိမိကိုယ်ကိုအဆင့်မြင့်နေကြောင်းတွေ့နိုင်သည်။ မြေစီးကြောင်းအဆိပ် သားရဲများတွင် စွမ်းအင်အများအပြားမရှိပေ။ ဓားကမ္ဘာအောက်ဆုံးထဲရှိ အဆိပ်သားရဲများတွင် မြေစီးကြောင်းစွမ်းအင်မှာ ဆယ်ဆ သို့မဟုတ် ထို့ထက်များပြားသည်။

မြေစီးကြောင်းဆွဲငင်သလင်းကျောက်ရရှိစေရန် မြေစီးကြောင်းစွမ်းအင်များစွာ စုဆောင်းရန်လိုအပ်ပေသည်။

ထပ်၍စဥ်းစားရဦးမည့်အခြားတစ်ခုမှာ ဓားကမ္ဘာသည် ကြီးမားကျယ်ပြန့်ပြီး အဆိပ်ဝိညာဥ်များလည်းရှိလေသည်။ အဆိပ်ဝိညာဥ်များကို ရှောင်ရှားရသောကြောင့် အကယ်၍ တစ်စုံတစ်ယောက်သာ ဓားကမ္ဘာအပြင်ဘက်တွင်ရှိနေလျှင် အောက်ဘက်သို့ တတ်နိုင်သမျှ ဆက်သွားရလိမ့်မည်။

ဓားကမ္ဘာ၏အပြင်ဘက် အကျဆုံးသို့ နောက်ထပ်ဆက်၍သွားလေလေ အအေးဓာတ်မှာ လွန်ကဲလာလေလေဖြစ်သည်။ နောက်ဆုံးတွင် ချီစုစည်းမှုအဆင့်ရှိသော ဂိုဏ်းသားများ မရှင်သန်နိုင်လောက်သည်အထိ အေးလာပေမည်။ ဓားကမ္ဘာသို့ဝင်ရောက်ရသည့် တိကျသောအချက်မှာ မိမိကိုယ်တိုင်လုံခြုံမှုရှိရန်ဖြစ်သည်။ အဆုံးသတ်ရလျှင် ဓားကမ္ဘာသို့ ဝင်ရောက်ရသည့်ရည်ရွယ်ချက်မှာ လူတစ်ယောက်၏ ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် အစွမ်းတိုးတက်လာစေရန်ဖြစ်သည်။

ပိုင်ရှောင်ချန်း၏ အအေးဒဏ်ခံနိုင်ရည်အားမှာ မြင့်မားပြီးသားဖြစ်သည်။ သူယခုကဲ့သို့စဥ်းစားမိခြင်းကြောင့် ဝင်ပေါက်တစ်ခုမရွေးချယ်မီ တက်နိုင်သမျှအတိုင်းအတာအထိ အောင်သို့ဆင်းသွားလေသည်။ ထိုအရာကပင် ဓားကမ္ဘာအတွင်းရောက်နေသူများထက် သူကရှေ့သို့ရောက်နေစေသည်။

အချိန်များမှာ ကုန်လွန်သွားခဲ့သည်။ ပိုင်ရှောင်ချန်းက ရိပ်ခနဲလျင်မြန်စွာ ရွေ့လျားနေလေသည်။ သို့တိုင် ထိုအခြင်းအရာကို သူသတိမပြုမိဘဲ ဓားကမ္ဘာသို့ဝင်ရောက်ပြီးသော အခြားချီစုစည်းမှုအဆင့်ရှိ ဂိုဏ်းသားများအားလုံးနီးပါးကို ကျော်တက်မိလျက်သားဖြစ်သွားသည်။ အအေးဓာတ်မှာ ပို၍ပို၍ပြင်းထန်လာကာ သူ့အား အေးခဲသွားတော့မည်အထိ ဖြစ်သွားစေသည်။ နောက်ဆုံးတွင် ဆက်၍သွားပါက သူ့အားထိခိုက်ဒဏ်ရာရစေနိုင်မည့် နေရာသို့ရောက်လာခဲ့သည်။

အသက်ကိုပြင်းပြင်းရှုလိုက်ကာ မည်းမှောင်နေသော အောက်ဘက်သို့ ကြည့်လိုက်သည်။

“ငါနောက်ထပ် မီတာသုံးရာလောက် သွားနိုင်သေးတယ်လို့ ငါထင်တယ်”

သူက အဆောင်လက်ဖွဲ့စာရွက်အချို့ကိုထုတ်ကာ အအေးဒဏ်ကိုခုခံရန်ကြိုးစားလိုက်သော်လည်း အနည်းငယ်သာ နေသာထိုင်သာရှိသွားသည်။ ခေါင်းကိုခါလိုက်ပြီးနောက် အနားတွင်ရှိသည့် အပေါက်များကိုစတင်ရှာဖွေလိုက်တော့သည်။ အကြမ်းအားဖြင့် အောက်ဘက် ကိုးဆယ်မီတာတွင် လူငယ်တစ်ယောက် ဓား၏နံဘေးတွင် မတ်တပ်ရပ်နေကြောင်း ရုတ်တရက် သူ သတိပြုမိလိုက်သည်။

ထိုလူငယ်မှာ ပိုင်ရှောင်ချန်းအား အာရုံခံမိသွားပြီး မော့ကြည့်လာကာ သူတို့နှစ်ဦး အကြည့်ချင်းစုံသွားကြလေသည်။ ပိုင်ရှောင်ချန်းက ချက်ချင်းပင် ထိုအေးစက်ပြီး ရက်စက်သောအသွင်ရှိသည့်လူငယ်မှာ မည်သူဖြစ်ကြောင်း အမှတ်ရသွားသည်။

” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက စုန့်ချွဲ..”

“စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ပိုင်ရှောင်ချန်း…”

Comment

Leave a Reply

Options

not work with dark mode
Reset