အခန်း (၁၃) မင်းမျက်နှာကို သွေးအလိမ်းလိမ်း ဖြစ်တဲ့အထိ ရိုက်မယ်
ချောင်ယွမ်လုံသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ လက်ဗလာသက်သက်ဖြင့် မိုးပြာရောင်ဓားအလင်းတန်းကို ဖမ်းယူရန် အသင့်ပြင်လိုက်သည်။
သို့သော် မိုးပြာရောင်အလင်းတန်းက မရေမတွက်နိုင်သည့် ဓားအလင်းတန်းများအဖြစ် ကွဲထွက်သွားပြီး မိုးပြာရောင်နဂါးပုံရိပ်အဖြစ် ပြန်လည် ပေါင်းစပ်သွားသည်။
တကယ့် နဂါးအစစ်ကဲ့သို့ ထိုနဂါးပုံရိပ်သည် လှုပ်ရှားလိုက်တိုင်း ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြေးခွံများ လှုပ်ရမ်းသွားသည်။
အင်္ကျီလက်ထဲက မိုးပြာရောင်နဂါး၊ အစစ်အမှန်နဂါး၏ ကြေးခွံများ……
ထိုအချိန်တွင် မိုးပြာရောင်နဂါးပုံရိပ်သည် အသွေး၊အသားရှိသော တကယ့် မိုးပြာရောင်နဂါးနှင့် ဆင်တူနေ၏။
မိုးပြာရောင်နဂါးပုံရိပ်သည် တဟုန်ထိုး ဆင်းသက်လာပြီး ရွှေအပ်များနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ကာ ၎င်းတို့ကို ဖျက်စီးသွားသည်။
ချောင်ယွမ်လုံမှာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။ သူ့မျက်နှာက တည်ကြည်လေးနက်နေ၏။
သူက တစ်လုံးချင်း ပြောလိုက်သည်။ “ရန်…. ကျောက်…. ကဲ…..”
လူအုပ်၏ရှေ့တွင် အရိပ်တစ်ခုက ဖျတ်ခနဲ ပေါ်လာသည်။ အနက်ရောင် အနားကွပ်သော အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး ဤသည်ကား အမှန်ပင် ရန်ကျောက်ကဲ ဖြစ်လေသည်။
ပန်းခြံထဲတွင် လမ်းလျှောက်နေသည်နှင့် မခြားသော ရန်ကျောက်ကဲ၏ အပူပင်ကင်းမဲ့သည့် ဟန်ပန်ကြောင့် ဝါဒတောင်ဂိုဏ်းတပည့်များအားလုံးသည် သူတို့၏ တင်းကျပ်နေသော စိတ်များ ရုတ်တရက် ပြေလျေ့ာသွားသလို ခံစားရပြီး အစောပိုင်းက ချောင်ယွမ်လုံထံမှ ဖိအားက လုံးဝ ပျောက်ကွယ်သွားသည်။
အခြားတစ်ဖက်တွင် နေသူတော်စင်ဂိုဏ်း၏တပည့်အားလုံးမှာ သူတို့၏နှလုံးသားများ တင်းကျပ်လာသလို ခံစားရသည်။ သူတို့သည် မောက်မာပြီး အထင်သေးစွာ ပြုမူလေ့ရှိသော်လည်း ထိုခဏ၌ သူတို့၏ မောက်မာသော အမူအရာများ လုံးဝ ငုတ်လျှိုးသွားသည်။
ရန်ကျောက်ကဲသည် ချောင်ယွမ်လုံ၏ ရှေ့သို့ လျှောက်လာရင်း မနှေးလွန်း မမြန်လွန်းသော အသံဖြင့် ပြောလိုက်သည်။ “ငါ ဒီ ရောက်နေပြီလေ၊ မင်းက ငါတို့ကြား အနိုင်အရှုံး ကွဲပြားချင်တာများ ဘာလို့ အရင်ထဲက ထုတ်မပြောလဲ”
ချောင်ယွမ်လုံသည် ရန်ကျောက်ကဲအား စူးစိုက် ကြည့်လိုက်ပြီး လေးပင်သော အသံနှင့် ပြောလိုက်၏။
“မင်း ရောက်လာပြီပဲ”
သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင်အလင်းများ တောက်ပလာကာ သန်းပေါင်းများစွာသော စူးရှသည့် ရွှေရောင်အပ်များက သေးငယ်သော နေတစ်စင်းသဏ္ဌာန်ဖြစ်လာပြီး အရပ်မျက်နှာတိုင်းတွင် လင်းထိန်နေသည်။
နောက်တစ်စက္ကန့်အတွင်း ချောင်ယွမ်လုံသည် ရန်ကျောက်ကဲထံသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
သူကား မွန်းတည့်ကောင်းကင်တွင် တောက်လောင်နေသော နေတစ်စင်းသဖွယ် ဖြစ်နေ၏။
ဤတစ်ကြိမ်သည် ယခင်က စစ်ခုန်ချင်းတို့အား သူ ခြိမ်းခြောက်သည်နှင့် ကွာခြားပြီး မယာယန်ရွှေအပ်သိုင်းစွမ်းအားကို အပြည့်အဝ အသုံးပြုလိုက်သည့်အပြင် ကောင်းကင်နတ်ဘုရားလက်ဝါးကိုပါ တွဲဖက်အသုံးပြုလိုက်သည်။
ထိုသိုင်း နှစ်ခုပေါင်းစပ်မှုကြောင့် သူ၏စွမ်းအား ပိုမို ကြီးမားလာသည်။
လက်ဝါးစွမ်းအားကြောင့် ပတ်ဝန်းကျင်သို့ ရိုက်ခတ်သော လေလှိုင်းများပင် ချွန်ထက်သော ဓားများသဖွယ် ဖြစ်နေ၏။
ချောင်ယွမ်လုံ၏လက်ဝါးသွားရာ လမ်းတစ်လျှောက်ရှိ လေဟာနယ်သည် ရုတ်တရက် ရပ်တန့်သွားပြီး ဖုန်မှုန့်များပင် လေထဲတွင် ရပ်နေသည်။
ချီကို ကျောက်တုံးကဲ့သို့ မာကျောအောင် လေ့ကျင့်ထားပြီး သူ့၏ ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့်ပင် သတ္တုတုံးကိုပင် ရွှံ့တုံးကဲ့သို့ ပုံပျက်အောင် စွမ်းဆောင်နိုင်လေသည်။
အမူအရာ ပြောင်းလဲခြင်း မရှိဘဲ ရန်ကျောက်ကဲက သူ့ဝတ်ရုံကို ရမ်းလိုက်ရာ အစိမ်းရောင်အလင်းတန်းတစ်ခုက ချောင်ယွမ်လုံထံသို့ ပျံသန်းသွားသည်။
နဂါးဟိန်းသံတစ်ခု နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ အစိမ်းရောင်အလင်းတန်းက မရေမတွက်နိုင်သော ဓားအလင်းတန်းများအဖြစ် ကွဲထွက်သွားပြီး အစိမ်းရောင်နဂါးအသွင်သို့ ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲ လေထဲသို့ ခုန်တက်လိုက်ရာ သူ့ခန္ဓာကိုယ်က အစိမ်းရောင်နဂါးပုံရိပ်နှင့် ပေါင်းစပ်သွားပြီး နှဂါးတစ်ကောင် ကောင်းကင်မှ ထိုးဆင်းလာသည့်နှယ် သန်းပေါင်းများစွာသော ရွှေအပ်များနှင့် ပြုလုပ်ထားသော နေမင်းထံသို့ တိုးဝင်လာသည်။
အင်္ကျီလက်ထဲမှ မိုးပြာရောင်နဂါး၊ တိမ်စိုင်ကြားက နဂါး……
လူးကာလွန့်ကာနှင့် မိုးကောင်းကင်သို့ ထိုးတက်သွားသော အစိမ်းရောင်နဂါးသည် တိမ်တိုက်များကြားမှ ဆင်းသက်လာသည်။
ဘန်း………….
အလွန်ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။ ရွှေရောင်ချီနှင့် အစိမ်းရောင်ချီသို့ ထိပ်တိုက်တွေ့ဆုံသွားပြီး အရပ်မျက်နှာတိုင်းသို့ ပြန်နှံ့သွားသည်။
ချောင်ယွမ်လုံ တယီးတယိုင်ဖြင့် နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်ရသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ပြီးနောက် သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးနေသော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
သူ အသိပြန်ဝင်လာပြီးနောက် သူ့မျက်နှာက အလွန် ကြောက်မယ်ဖွယ်ရာ ကောင်းလာပြီး ရန်ကျောက်ကဲအား စူးစူးရဲရဲ ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် သွေးနီရောင် အရှိုးရာများကို ထင်ထင်ရှားရှား တွေ့ရသည်။ ထင်ရှားစွာပင် ၎င်းတို့သည် ရန်ကျောက်ကဲက ထူးဆန်းသည့် နည်းစနစ်တချို့ကို အသုံးပြု၍ ချောင်ယွမ်လုံအား ရိုက်နှက်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက လက်နှစ်ဖက်နောက်ပစ်လျက် မည်သည့်စကားမျှ မဆိုဘဲ ချောင်ယွမ်လုံအား အေးဆေးစွာ ကြည့်နေ၏။ သူ့ပုံစံက ရှင်းသည်။ “မင်း ဆက်တိုက်ချင်သေးလား” ဟူသည့် သဘောမျိုးဖြစ်သည်။
ချောင်ယွမ်လုံသည် သူ့ကိုယ်ထဲက ဝိဉာဉ် အပြင်သို့ ထွက်သွားလောက်သည့်အထိ ဒေါသထွက်နေပြီး ကျယ်လောက်စွာ ဟိန်းဟောက်လိုက်သည်။ သူ့ဒဏ်ရာများကို ဂရုမစိုက်တော့ဘဲ ရန်ကျောက်ကဲထံသို့ ပစ်ဝင်လိုက်သည်။
နဂါးချုပ်လှောင်ခြင်းချောက်နက်၏ အမှောင်ထုထဲတွင် နဂါးဟိန်းသံများနှင့်အတူ အစိမ်းရောင်အလင်းများ ပြိုးပြိုးပျက်ပျက် လင်းလက်သွားသည်။
ဖြန်း…. ဖြန်း….. ဖြန်း……
သူတို့ ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး နေသူတော်စင်ဂိုဏ်းတပည့်များမှာ အာစေးထည့်ခံထားရသလို ဖြစ်နေကြသည်။ သူတို့၏ရှေ့မှောက်တွင် အင်မတန် အစွမ်းကြီးမားသော ချောင်ယွမ်လုံမှာ ထပ်ခါ ထပ်ခါ ရိုက်နှက်ခံနေရကာ သူ့မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးဗလပွ ဖြစ်နေသည့် အရှိုးရာများနှင့် ပြည့်နှက်နေသည်။ ဤသနားစရာကောင်းသော မြင်ကွင်းကို ကြည့်ပြီး သူတို့သည် စိတ်ထဲတွင် ငိုကြွေးနေကြသည်။
ချောင်ယွမ်လုံသည် သူ့ခေါင်း ချာချာလည်၍ သူ့မျက်နှာတစ်ခုလုံး ယောင်ကိုင်းနေကာ သူ့မျက်လုံးများ သွေးရောင်ပေါက်သည်အထိ ရိုက်နှက်ခံနေရသည်။
သူ၏ နောက်ဆုံး လက်ကျန် ကြယ်တာရာချီကို နိုးဆွ၍ ၎င်းကို သူ့လက်ဖဝါးအလယ်သို့ စုစည်းလိုက်ပြီး ရန်ကျောက်ကဲထံသို့ နောက်တစ်ကြိမ် ခုန်ဝင်လိုက်သည်။
သည်တစ်ကြိမ်တွင် သူသည် ခုခံမှုကို လုံးဝ လျစ်လျူရှု့လိုက်ပြီး သူ့ခွန်အားများ အားလုံးကို တိုက်ခိုက်ရန်အတွက်သာ အာရုံစိုက်ထားကာ သူ၏တိုက်ခိုက်ရေးစွမ်းအားကို အဆုံးစွန်ဆုံးအထိ မြှင့်တင်ထားသည်။ သူ့ခန္ဓာကိုယ်ရှိ ချီအားလုံး ခမ်းခြောက်သွားလျှင်တောင်မှ ချောင်ယွမ်လုံသည် ဤအရှက်ရမှုကို ပြန်လည်ပေးဆပ်ချင်သည်။ ရန်ကျောက်ကဲအား သေသည်အထိ ရိုက်နှက်ချင်သည်။
ရန်ကျောက်ကဲက သာမာန်မျှ ကြည့်လိုက်ပြီး ချောင်ယွမ်လုံ၏ လက်ဝါးချက်တည့်တည့်သို့ သူ့လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ဓားအလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။
ကမ္ဘာတုန်နိုင်သည့် နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး သွေးပျက်မတတ် စူးစူးဝါးဝါး အော်သံတစ်ခုက နောက်မှ လိုက်လာသည်။
ထို့နောက် ခဏအကြာ၌ ပတ်ဝန်းကျင်မှ လူများသည် တိုက်ပွဲ၏ နောက်ဆက်တွဲ ရလဒ်ကို မြင်လိုက်ရသည်။
ချောင်ယွမ်လုံ၏ လက်ဖဝါး အလယ်တည့်တည့်တွင် သွေးများ ပန်းထွက်နေသော အပေါက်တစ်ပေါက် ဖြစ်နေကာ ရန်ကျောက်ကဲ၏ ဓားအလင်းတန်းက ထိုးဖောက်သွားခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက ငြီးငွေ့နေဟန်ဖြင့် မေးလိုက်သည်။ “မင်း ကျေနပ်ပြီလား”
ပတ်ဝန်းကျင်မှ လူများ၏ စိတ်ရှုပ်ထွေးနေသော အကြည့်များအောက်တွင် ရန်ကျောက်ကဲ၏မျက်နှာက တည်ငြိမ်အေးချမ်းလျက်ရှိသည်။ သူ့ဝတ်ရုံကို ရမ်းလိုက်သောအခါ စိမ်းမြရောင် ကျောက်စိမ်း အပိုင်းအစကဲ့သို့ အရာလေးကို သူ့လက်ထဲတွင် တွေ့ရသည်။ ပတ်ဝန်းကျင်မှ လူများသည် ဤတိုက်ပွဲကို စေ့စေ့စပ်စပ် ကြည့်ရှု့နေကြသော်လည်း ယခုမှသာ တိုက်ပွဲတစ်လျှောက်လုံးတွင် ရန်ကျောက်ကဲ သုံးခဲ့သော လက်နက်ကို မြင်ရတော့သည်။
သို့သော် ထိုအရာကို မြင်ပြီး ပတ်ဝန်းကျင်မှ လူများသည် လေအေးများ ရှိုက်သွင်းလိုက်မိသည်။
ချောင်ယွမ်လုံသည်လည်း ၎င်းကို မြင်ပြီးနောက် သူ၏ မျက်လုံးများ ခဏတာမျှ မှောင်မိုက်သွားပြီး သတိမေ့လုမတတ် ဖြစ်သွားသည်။
၎င်းသည် ဓားတစ်ချောင်းနှင့်ပင် မတူပေ။ ထိုသေးသွယ်၊ ရှည်လျားသော စိမ်းမြရောင် ကျောက်စိမ်းအပိုင်းအစနှင့် ဆင်တူသော အရာလေးသည် တကယ်တော့ ဝါးပင်၏သေးငယ်သော အကိုင်းလေးသာ ဖြစ်လေသည်။ ၎င်းမှာ လတ်ဆတ်သေးပြီး ဝါးရွက်တချို့ပင် အကိုင်း၏အဖျားတွင် ရှိနေသေးသည်။
သူတို့၏ရှေ့တွင် ဤအဖြစ်အပျက်ကို မြင်တွေ့နေကြသော်လည်း လူအများစုမှာ သူတို့မျက်လုံးများကိုပင် မယုံနိုင်ကြပေ။
မရေမတွက်နိုင်သော အတွေးများနှင့် ခန့်မှန်းမှုများက သူတို့စိတ်ထဲတွင် အစီအရီ ပေါ်လာကြသည်။
“ဒါ…ဘယ်လိုကြောက်မက်ဖွယ်ရာ ဝိဉာဉ်လက်နက်မျိုးလဲ၊ လျှို့ ဝှက်ဆန်းကြယ်တဲ့ ရှေးဟောင်းပစ္စည်းတစ်မျိုးလဲ ဖြစ်ရင် ဖြစ်လောက်မယ်၊ ဒါနဲ့… ဘာလို့ အဲ့တာက သာမာန် ဝါးကိုင်းနဲ့ ဆင်တူနေရတာလဲ”
လူတချို့သည် ထိုကဲ့သို့ အတွေးများ တွေးမိနေစဉ် ရန်ကျောက်ကဲက သူ့လက်ကို ရမ်းလိုက်သည်။ သေးငယ်သော ဝါးကိုင်းက ချွန်ထက်သော ဓားတစ်ချောင်းကဲ့သို့ မြေပေါ်တွင် စိုက်ဝင်နေပြီး ဘယ် ညာ ယိမ်းယိုင်လျက်ရှိသည်။
သို့သော် ဝါးကိုင်းထဲတွင် ဖြည့်သွင်းထားသော ရန်ကျောက်ကဲ၏ ကြယ်တာရာချီ ပျောက်ကွယ်သွားပြီးနောက် ဝါးကိုင်းသည် နဂါးပိတ်လှောင်ခြင်းချောက်နက်၏ တိုက်စားတတ်သော ပတ်ဝန်းကျင်အောက်တွင် လျင်မြန်စွာ ဆွေးမြေ့သွားပြီး နောက်ဆုံးတွင် ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
ပတ်ဝန်းကျင်ရှိ လူအားလုံး အံ့အားသင့်သွားကြသည်။ “လတ်စသတ်တော့… ဒါက သာမာန် ဝါးကိုင်းတစ်ကိုင်းကိုး”
ရီကျင်း မျက်မှောင်ကြုံပြီး အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ “ဘယ်လိုလုပ် ကျိုးလွယ်တဲ့ ဝါးကိုင်းလေးက အစွမ်းကြီးတဲ့ ကြယ်တာရာချီကို လက်ခံနိုင်မှာလဲ၊ ကြယ်တာရာချီ ထည့်သွင်းလိုက်တာနဲ့ အဲ့ဝါးကိုင်းက အမှုန့်ဖြစ်သွားမှာပဲ၊ သတ္တုတွေ ရွှေတွေတောင် ကြယ်တာရာချီဖြည့်သွင်းတာကို မခံနိုင်တဲ့ဟာ ဘယ်လိုလုပ် သာမာန်အပင်လေးတစ်ပင်က လက်ခံနိုင်မှာလဲ”
စစ်ခုန်ချင်း၏မျက်လုံးများ အရောင်လက်သွားသည်။ “ချီကို အနုစိတ်အကျဆုံး၊ အသေသပ်ဆုံးအဆင့်ထိ ထိန်းချုပ်နိုင်ရင် လေးလံတဲ့အရာကို ငှက်မွှေးလေးတစ်မွှေးလို အလွယ်တကူ မနိုင်လိမ့်မယ်”
“သူ မလှုပ်ရှားခင်က ကြယ်တာရာချီကို အနည်းဆုံးပမာဏလောက်ကိုပဲ စုစည်းထားတယ်၊ ချီကို သူ အသုံးချပုံက အသေးစိတ် တိကျလှတဲ့အတွက် ဝါးကိုင်းတစ်ကိုင်းကို ဝိဉာဉ်လက်နက်တစ်ခုလို အသုံးချနိုင်တာပဲ”
စစ်ခုန်ချင်းက ရန်ကျောက်ကဲအား စိတ်ဝင်စားစွာ ကြည့်နေ၏။ “သူက အဆင့်တစ်ဆို့နေတာကို ချိုးဖျက်ပြီး အပြင်ပိုင်းကြယ်တာရာချီအဆင့် သိုင်းပညာရှင် အဆင့်ကို ရောက်သွားပြီလား၊ အပြင်ပိုင်းကြယ်တာရာချီအဆင့် သိုင်းပညာရှင်တွေထဲမှာ သူတို့ရဲ့ ကြယ်တာရာချီကို ဒီလို အတိုင်းအတာအထိ ထိန်းချုပ်နိုင်တဲ့ လူမျိုးကို ငါ တစ်ခါမှ မကြားဖူးဘူး”
“ဒီလို ထိန်းချုပ်မှုမျိုးကို အပြင်ပိုင်းကြယ်တာရာချီ ကနဦးပိုင်းအဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့ သိုင်းပညာရှင်တွေတောင် လုပ်နိုင်မှာ မဟုတ်ဘူး၊ တကယ်တော့ သူ…..”
ထိုအခိုက်တွင် လူတိုင်း အတွေးများနေကြသည်။
သူတို့၏ ကျင့်ကြံမှုအဆင့်က မမြင့်မားသေးသော်လည်း သူတို့သည် ထိပ်သီးဂိုဏ်းများမှ လာသော ဗဟုသုတကျယ်ပြန့်သူများ ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးဓားချက်က မည်မျှ ထူးခြားသည်ကို သူတို့ နားလည်သဘောပေါက်သည်။
“ဝါးကိုင်းလေးကို ဓားတစ်ချောင်းလို အသုံးပြုတာတောင် ဒီလိုစွမ်းအားမျိုး ပြသနိုင်ရင် တကယ့်ဓားတစ်ချောင်းကို သုံးရင်ကော၊ အဲ့တာက သာမာန်လက်နက်ဆို အဲ့နေရာမှာ ဝိဉာဉ်လက်နက်ကို သုံးရင်ကော”
ဝါဒတောင်ဂိုဏ်းသားများပင် ထိုအချိန်၌ တိတ်ဆိတ်နေကြသည်။
ချောင်ယွမ်လုံ၏ရင်ဘက်က ဖားဖိုကြီးတစ်လုံးကဲ့သို့ နိမ့်ချည် မြင့်ချည် အသက်ရှုရင်း ရန်ကျောက်ကဲအား စိုက်ကြည့်နေ၏။ သူ့ဝတ်ရုံမှ ဝိဉာဉ်လက်နက်၏စွမ်းအားလှိုင်းက မသိမသာ ဖြာထွက်လာသည်။
ထိုဝိဉာဉ်လက်နက်သည် အစောပိုင်းက နှစ်ဖက်ဂိုဏ်းသားများအသုံးပြုခဲ့သော အဆင့်နိမ့် ဝိဉာဉ်လက်နက်များထက် အများကြီး သာလွန်သည်။
ရန်ကျောက်ကဲက ဂရုစိုက်ပုံမရဘဲ အလေးမထားဟန်ဖြင့် ကြည့်လိုက်သည်။ “အဲ့တော့ မင်းက ဘယ်သူ့လက်နက် ပိုကောင်းလဲ ပြိုင်ချင်တာလား”
ချောင်ယွမ်လုံ အံ့အားသင့်သွားပြီး သူ့မျက်နှာ နီရဲသွားသည်။ သို့သော် သူ့ဝိဉာဉ်လက်နက်ကို ဆက်လက် အသက်မသွင်းရဲပေ။
ရန်ကျောက်ကဲ စကားဆုံးသည်နှင့် သူ့ဝတ်ရုံကို ရမ်းလိုက်သောအခါ မြေပေါ်တွင် ပြန့်ကျဲနေသော အဆင့်နိမ့် ဝိဉာဉ်လက်နက်ဆယ့်ကိုးခုက လေပေါ်သို့ ကြွလာသည်။ ကြယ်တာရာချီကို အသက်သွင်းလိုက်သည်နှင့် ထိုဝိဉာဉ်လက်နက်များသည် ချောင်ယွမ်လုံထံသို့ စုပြုံ ပျံသန်းသွားသည်။
ဝါဒတောင်ဂိုဏ်းတပည့်များ၏ အံ့ဩတကြီး ရေရွတ်သံများ ထွက်လာကြသည်။ လက်ရှိ ထိုဝိဉာဉ်လက်နက်များ ပြသနေသော စွမ်းအားသည် သူတို့တွင် ရှိစဉ်ကထက် အများကြီး သာလွန်သည်။
ချောင်ယွမ်လုံ ဆက်လက် မခုခံရဲတော့ဘဲ နောက်လှည့်၍ သုတ်ချေတင် ပြေးတော့သည်။
ဝါဒတောင်ဂိုဏ်းသားများက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
နေသူတော်စင်ဂိုဏ်းသားများသည် စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းငိုက်စိုက်ကျနေကြသည်။
ထိုဝိဉာဉ်လက်နက်များထဲမှ အများစုမှာ လက်ပတ်များ၊ ဒိုင်းများ၊ ချပ်ဝတ်များ ကဲ့သို့သော အကာအကွယ်ပစ္စည်းများ ဖြစ်သည်။ သို့သော် ဤခဏ၌ သူတို့အားလုံးသည် ဧရာမ ဒိုင်းကြီးသဖွယ် ပေါင်းစပ်သွားကြသည်။
ရန်ကျောက်ကဲက ကောင်းကင်သို့ ပျံတက်ပြီး ထိုဧရာမ ဒိုင်းကြီးအား အောက်သို့ ထိုးချလိုက်သည်။ ဒိုင်းကြီးသည် ချောင်ယွမ်လုံ၏ အကာအကွယ်အလွှာကို ချိုးဖျက်ပြီး ချောင်ယွမ်လုံ၏ ခေါင်းတည့်တည့်သို့ ဝင်ဆောင့်သွားသည်။ ထိုတိုက်ခိုက်မှုကြောင့် နေသူတော်စင်ဂိုဏ်း၏ ဂုဏ်ယူရသော ကံကြမ္မာ၏ ကလေးငယ်သည် သတိမေ့သွားပြီး မြေပေါ်သို့ ပုံရက်သားကျသွားလေသည်။
ချောင်ယွမ်လုံ သတိမေ့သွားပြီးနောက် ရန်ကျောက်ကဲ အကြောဆန့်လိုက်သည်။ သူ့အကြည့်က နေသူတော်စင်ဂိုဏ်း၏တပည့်များအပေါ်သို့ ကျရောက်သွားရာ သူတို့အားလုံး ကျောရိုးထဲမှ အေးစိမ့်သွားသလို ခံစားရသည်။