အခန်း ( ၁၄၃ )

ဒါ…ရည်ရွယ်ချက်ရှိရှိလုပ်တာ

ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ရွှီရှောင်ရှန်း ကိုရှာရန် သူတို့ဆီမှ အကြည့်လွှဲလိုက်သည်။ သူ့ကိုရှာရသည်မှာ အလွယ်ဆုံးပင်။ သူက အလွန်ခန့်ငြားလှပြီး မာနကြီးသည့်အမူအရာရှိလေသည်။ သူသည် သူ့မျက်လုံးထဲသို့တည့်တည့်ကြည့်ရန်တိုက်ထန်သည့်လူ ဤကမ္ဘာတွင်မရှိသည့်အလား အမြဲမေးငေါ့ထားလေသည်။

သူ၏ လူပေါ်ကြော့ အမူအရာမှာလည်း သူ့နားတွင်ပြုစုနေသော အမျိုးသမီးချောနှစ်ယောက်ပင် ရှိသည်။ တစ်ယောက်မှာသူ၏ပုခုံးကိုနှိပ်နယ်ပေးနေပြီး အခြားတစ်ယောက်မှာ သစ်သီးများနွှာပေး၍ ပါးစပ်ထဲပင်ခွံ့ကျွေးနေလေသည်။ ပိုင်ရှောင်ချန်းမှာ အနည်းငယ်ပင် အားကျနေမိတော့သည်။

ဤအချိန်တွင်မူ စုန့်ချွဲ ကဲ့သိုပင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားအများစုက ပြုမူနေသည်ကို ပိုင်ရှောင်ချန်း သတိထားမိလိုက်သည်။ သူ့ကို အကုန်လုံးက အေးစက်စက်အကြည့်များဖြင့် ဝိုင်းကြည့်နေကြခြင်းပင်။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ သံသယဝင်သောအကြည့်များနှင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ခပ်မာမာအကြည့်များနှင့် မတူသည်မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အကြည့်များမှာ ကြောက်မက်ဖွယ်ကောင်းနေပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေခြင်းပင်ဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ အာခေါင်နှင့် ပါးစပ်များပင်ခြောက်လာတော့သည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏ အကြည့်မှာ ထူးဆန်းနေပြီး ပိုင်ရှောင်ချန်းမှာ အခြားသူများ၏ ကျောက်စိမ်းပေလွှာများတွင် သူ့အကြောင်းကို မည်သို့ရေးထားသည်ကို သိချင်နေတော့သည်။

သွေး စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ဦးဆောင်လာသည့်ကျင့်ကြံသူမှာ ကြက်သွေးရောင်ဆံပင်ရှိပြီး အနီရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည့် အဘိုးကြီးတစ်ယောက်ဖြစ်သည်။ သူ၏မျက်နှာမှာဖြူဖပ်နေပြီးနောက်ကျောတွင် ဘုကြီးတစ်ခုရှိလေသည်။ သူ၏မျက်လုံးများမှာ ရက်စက်မှုများပြည့်နှက်နေပြီး လူအုပ်ကြီးကိုလှမ်းကြည့်ရင်း စုတ်သပ်နေလေသည်။ တုန်လှုပ်ဖွယ်ကောင်းသည်မှာ သူ၏လျှာမှာလည်း ပုံမှန်လူတစ်ယောက်၏ လျှာနှင့် မတူပေ။ မြွေတစ်ကောင်၏လျှာကဲ့သို့ နှစ်ခွဖြစ်နေသဖြင့် မြင်လိုက်ရသူတိုင်း ကြောက်ဒူးတုန်နေတော့သည်။

အူယန်ကျဲနှင့်အတူ ဟိုင်နှင့်လင်း ဟုအမည်ရသော ကျင့်ကြံသူနှစ်ယောက်မှာ စကားပြောနေသည်ကိုရပ်လိုက်ကြပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို ကြည့်လိုက်ကြလေသည်။ လျှာနှစ်ခွနှင့် အဘိုးကြီးကိုမြင်လိုက်သောအခါ ဟိုင်နှင့်လင်းတို့မှာ မှင်တက်သွားကြသည်။ အူယန်ကျဲ ကမူ အမူအရာတည်ကြည်သွားပြီး ရေရွတ်လိုက်လေသည်။ “မြွေကြေးခွံဆရာပါလား။”

ထို့နောက် အူယန်ကျဲက ရန်မူသည့်လေသံဖြင့် လှမ်းအော်ပြောလ်ိုက်လေသည်။
“သွေး စွမ်းအင်နတ်ရေစင်ဂိုဏ်းက နောက်ကျတယ်နော်။” ထိုအခါ လျှာနှစ်ခွနှင့်အဘိုးကြီးက မျက်တောင်ခတ်လိုက်ပြီး ကောက်ကျစ်စွာ ပြုံးပြလိုက်လေသည်။ သတ်ဖြတ်လိုစိတ်များတောက်နေသည့် မျက်လုံးများဖြင့် သူက အူယန်ကျဲကိုကြည့်ကာ ပြောလိုက်လေသည်။ ” ဟားဟား… ငါနောက်ကျတာမဟုတ်ပါဘူးကွ။ မင်းတို့ကောင်တွေကိုက စောနေတာပါ။”

ထိုလူနှစ်ယောက်လုံး၏အကြည့်မှာ အာရုံခံ နတ်ဘုရားအစွမ်းများပါဝင်နေသဖြင့် ထူးဆန်းသော အသံမဲ့လှိုင်းများ သူတို့ကြားထဲတွင် ဖြစ်ပေါ်လာတော့သည်။ အနည်းငယ်ကြာသောအခါ ထိုတုန်ခါမှုကြီးမှာ ကွဲအက်သွားပြီး အူယန်ကျဲမှာ အင့်ခနဲဖြစ်သွားလေသည်။ ဖြူဖတ်နေသောမျက်နှာဖြင့် သူက အင်္ကျီလက်ကိုခါယမ်းကာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများရှေ့သို့ ပြန်သွားကာ မတ်တတ်ရပ်နေတော့သည်။

လျှာနှစ်ခွနှင့်အဘိုးကြီးကမူ မျက်လုံးများမှာ အရောက်လက်လာပြီး သူ၏ချီနှင့်သွေးများမှာ သူ၏ခန္ဓာကိုယ်ထဲတွင် မြင့်တက်လာတော့သည်။ သူလည်း နောက်သို့ခြေလှမ်းအနည်းငယ်တွန်းခံလိုက်ရပြီး ထူးဆန်းသောအလင်းရောင်များတောက်ပနေသည့် မျက်းလုံးများဖြင့် မော့ကြည့်လိုက်လေသည်။
” လူကြောင်ကြီး အူယန်။ ကြည့်ရတာ ဒီနှစ်တွေမှာ မင်းရဲ့ကျင့်ကြံခြင်းအခြေခံက တော်တော်လေး တိုးတက်လာပုံပဲ။ ထားပါတော့ နောက်မှ အဲ့ကိစ္စတွေရှင်းဖို့ အချိန်သပ်သပ်ဖယ်ထားလိုက်။ အခု သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရောက်လာပြီဆိုတော့ မြေခဓားမဟူရာချောက်ကို ဖွင့်လိုက်ရအောင်။ နတ်မီးလျှံစမ်းသပ်ပွဲ အတွက် အချိန်ရောက်ပြီဟေ့။”

သူကထိုသို့ပြောပြီး လက်ကိုဝှေ့ယမ်းလိုက်သောအခါ လည်ဆွဲတစ်ခုမှ ခွဲထွက်လာဟန်တူသည့် ကျောက်စိမ်းအပိုင်းအစတစ်ခုပေါ်လာလေသည်။ ထိုအပိုင်းအစလေးက ချက်ချင်းပင်ပျံထွက်သွားကာ ဂိုဏ်းလေးဂိုဏ်းအကြားတွင် ပျံဝဲနေလေတော့သည်။ ဟိုင်နှင့်လင်းမှာလည်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးပုံစံတူ ကျောက်စိမ်းအပိုင်းအစများကို ထုတ်လိုက်လေသည်။ အူယန်ကျဲလည်း ထိုနည်းတူပင်။

ချက်ချင်းပင် အပိုင်းအစလေးခုမှာ အတူတကွပျံသန်းလာပြီး လည်ဆွဲတစ်ခုလုံးအဖြစ် ပေါင်းစပ်သွားတော့သည်။ လေထဲတွင် အလင်းရောင်များတောက်လာပြီး ခဏကြာသောအခါ ဧရာမဓားကြီးကို ဝန်းရံပိတ်ဆို့နေသည့် တလက်လက်ထနေသော အကာအရံကြီးမှာ ပွင့်သွားလေသည်။

အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းစာလောက်ကြာပြီးသွားသောအခါ ထိုအတွင်းသို့ ဝင်နိုင်သည့်အခြေအနေသို့ ရောက်သွားပုံပေါ်လာလေသည်။ ချီစုစည်းမှုအဆင့် ကျင့်ကြံသူများမှာ ဖြစ်ပျက်နေသည်များကို သေချာလေ့လာကြည့်ရှုနေကြသည်။ ပိုင်ရှောင်ချန်းမှာ ထိုဖြစ်ရပ်များကို လေ့လာနေစဥ် အူယန်ကျဲ၏အသံမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏ နားထဲသို့ ရောက်လာလေသည်။

” ဓားကမ္ဘာထဲကိုဝင်ဖို့က တံခါးပေါက် လေးဆယ်ကျော်ရှိတယ်။ တစ်ပေါက်က လူဆယ်ယောက်ထက် ပိုမဆံ့ဘူး။ မင်းတို့ပထမဆုံးတိုက်ရမဲ့ပွဲက ဓားထဲကိုဝင်ဖို့ နေရာလုရမဲ့ပွဲပဲ။ အထဲမှာဆို ချုံခိုတိုက်ခိုက်တာတွေလည်းဖြစ်တတ်တယ်ဆိုတော့ ပူးပူးကပ်ကပ်နေတာ အကောင်းဆုံးပဲ။ စောစောက ငါမင်းတို့ကိုပြောထားတာတွေကို မှတ်ထား။ တခြားဂိုဏ်းကဂိုဏ်းသားတွေတွေ့ရင် ပျော့ညံ့မနေနဲ့။ မင်းတို့ကိုယ်မင်းတို့ကာကွယ်ဖို့ သူတို့ကိုသတ်သင့်ရင်သတ်ရမှာပဲ။ မြေစီးကြောင်းစွမ်းအင်ကို မင်းတို့ရဲ့ တာအိုပုလင်းတွေထဲစုပြီး မြေစီးကြောင်းဆွဲငင်သလင်းကျောက်ကိုမြန်မြန် ဖန်တီးကြ။ အဲ့တာပြီးရင် ကျန်တဲ့ မြေခဓားကမ္ဘာရဲ့ပတ်ပတ်လည်မှာရှိတဲ့ မြေစီးကြောင်းစွမ်းအင်တွေကို ဆင့်ခေါ်ကြ။”

အူယန်ကျဲက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကို နောက်ဆုံးတစ်ခေါက်ရှင်းပြနေချိန်တွင် အခြားဂိုဏ်းသုံးဂိုဏ်းမှ အခြေခိုင်မာခြင်းအဆင့်ရှိသော ကျင့်ကြံသူများကလည်း ထိုနည်းတူပင် လုပ်နေကြသည်။ အူယန်ကျဲက သူ၏ညာလက်ကိုဝှေ့ယမ်းလိုက်သောအခါ အပြာရောင်ပုလင်းေလး အလုံးတစ်ရာ မှာ ဂိုဏ်းသားများ၏လက်ထဲသို့ ပျံထွက်သွားကြသည်။ ” ဒါမင်းတို့ရဲ့ တာအိုပုလင်းတွေပဲ။ ”

ထိုအချိန်တွင် မြေကြီးထဲရှိအက်ကွဲကြောင်းများထဲဝင်ရောက်သည့်လမ်းတွင် တားဆီးနေကြသည့် ဒိုင်းကာများမှာလုံးဝပွင့်သွားသဖြင့် ထစ်ချုန်းသံများပေါ်ထွက်လာပြီး ဂိုဏ်းသားများဝင်သွားရမည့် ကိုးမီတာအကျယ်ခန့်ရှိသော အပေါက်တစ်ပေါက်ပေါ်လာတော့သည်။ ထိုအပေါက်ထဲသို့ဝင်ပါက မြေအောက်လမ်းများထဲသို့ရောက်သွားမည်ဖြစ်ပြီး မဟူရာချောက်ကြီးထဲသို့ဆင်းနိုင်မည်ဖြစ်ကာ ဓားကမ္ဘာထဲသို့ဝင်ပေါက်များကို ရှာဖွေနိုင်မည်ဖြစ်သည်။

” ဒီနေရာတစ်ခုလုံးကို ဂိုဏ်းကြီးလေးဂိုဏ်းက ထိန်းချုပ်ထားတာ။ ဂိုဏ်းခေါင်းဆောင်ကြီးတွေရဲ့ ကြည့်ရှုစောင့်ရှောက်မှုတွေပါထပ်ပါသေးတော့ ဘယ်အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူကမှ ဓားကမ္ဘာထဲကို ဝင်နိုင်မှာမဟုတ်ဘူး။ မှတ်ထား။ မင်းတို့အထဲမှာ အကြာကြီးနေလို့မရဘူး။ ဒီမြင့်မြတ်တဲ့နေရာက သုံးလတိတိပဲပွင့်နေမှာ။ အဲ့အချိန်ပြီးရင် မင်းတို့အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ပြန်ထွက်လာမှရမှာ။ အပြင်ကနေငါဆွဲထုတ်ရမယ်ဆို ငါကဆွဲထုတ်မှာနော်။”

“ပြီးတော့နောက်တစ်ခု။ ထင်မှတ်ထားတာတွေထက် ပိုဆိုးတာတွေမဖြစ်နိုင်ဘူးလို့မပြောနိုင်ပေမဲ့ ဂိုဏ်းကြီးလေးဂိုဏ်းရဲ့ ခေါင်းဆောင်ကြီးတွေက အရေးပေါ်တစ်ခုခုကြုံရင် အပြင်ထွက်နိုင်အောင်လို့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တွေကို လုပ်ပေးထားတယ်။ မင်းတို့ကျင့်တဲ့ ကျင့်စဥ်တွေအပေါ်မူတည်ပြီး အဲ့အစီအရင်တွေက မင်းတို့ကိုမင်းရဲ့ဂိုဏ်းဆီ ဒါမှမဟုတ် ဂိုဏ်းရှိတဲ့နယ်မြေထဲကို ပြန်ပို့ပေးလိမ့်မယ်။ ဂိုဏ်းသားတွေတိုက်ခိုက်သတ်ဖြတ်တာနဲ့တော့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တွေက ပေါ်လာမှာတော့မဟုတ်ဘူးပေါ့။ မင်းတို့အကုန် မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်ကို ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ မင်းတို့အကုန် အသက်ရှင်လျက်ပြန်ထွက်လာနိုင်ဖို့ ငါဆုတောင်းပါတယ်ကွာ။”

အူယန်ကျဲက ဂိုဏ်းသားများကိုကြည့်ရှုနေစဥ်တွင် သူ၏ အေးစက်စက် ခပ်မာမာအမူအရာမှာ အနည်းငယ် ပျော့လာပြီး အားပေးနေသည့်အမူအရာပင် ဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်းနှင့် ဝိညာဥ်စွယ် ကိုကြည့်လိုက်သောအခါ သူ၏အမူအရာမှာပို၍ပင် သိသာလေသည်။ သူတို့ကိုကြည့်နေစဥ်တွင် သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက်များက တောက်ပနေလေသည်။

ဝင်ပေါက်ပွင့်သွားပြီဖြစ်ရာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ချက်ချင်းပင် ထိုဘက်သို့ ပျံသန်းသွားတော့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများထဲတွင်မူ ဝိညာဥ်စွယ်မှာ ထိပ်ဆုံးကလှုပ်ရှားလိုက်ပြီး သူ့နောက်တွင် ရှန်ကွမ်းထျန်ယုံနှင့် အခြားလက်ရွေးစင်များ ပါလာလေသည်။ ပိုင်ရှောင်ချန်းကမူ အသက်ပြင်းပြင်းရှူ၍ သားရေအင်္ကျီရှစ်ထည်ကို သူ၏ထည့်စရာအိတ်ထဲမှထုတ်လိုက်လေသည်။ သူကပျံသန်းနေရင်း ဒယ်အိုးနက်ကြီးကိုထုတ်ကာ နောက်ကျောပေါ်တွင်တင်လိုက်လေသည်။

ပြတ်သားမှုများဖြင့်တောက်ပနေသော မျက်လုံးများနှင့် သူက အံကြိတ်ကာ အပေါက်ဝကိုဖြတ်၍ ပျံသန်းလိုက်လေတော့သည်။ သူက တစ်ယောက်ထဲသွားခြင်းတော့မဟုတ်ပေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများအုပ်စု၏နောက်တွင် သူက ကပ်၍လိုက်သွားလေသည်။

မကြာမီတွင် ဂိုဏ်းကြီးလေးဂိုဏ်းမှ ဂိုဏ်းသားများမှာ အက်ကွဲကြောင်းများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြတော့သည်။ အူယန်ကျဲ၊ လျှာနှစ်ခွနှင့်အဘိုးကြီး၊ ဟန်နှင့်လင်းဟုအမည်ရသော ကျင့်ကြံသူနှစ်ယောက်တို့မှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အဝင်ဝအနားတွင် တင်ပျဥ်ခွေထိုင်ချလိုက်ကာ စူးရှနေသောအကြည့်များဖြင့်ကြည့်ပြီး ကာကွယ်နေလေတော့သည်။

မြေအောက်ထဲသို့ ရောက်သည့် အက်ကွဲကြောင်းများစွာမှာ တချို့ကကြီးမားပြီး အချို့မှာ သေးငယ်ကြလေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ အကုန်လုံးတော့ တစ်စုတစ်စည်းထဲ မနေကြပေ။ ဝိညာဥ်စွယ်၊ပေဟန်လဲ့၊ ကုန်းစွန်းဝမ်အာနှင့် အခြားလက်ရွေးစင်များမှာ တစ်ယောက်ထဲသာ သွားကြလေသည်။ ကျန် ဂိိုဏ်းသားများမှာ မြောက်ခြမ်းအုပ်စုနှင့် တောင်ခြမ်းအုပ်စုဟူ၍ အုပ်စုနှစ်စုခွဲလိုက်လေသည်။

ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ဆန်းကြယ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာလည်း ထိုနည်းတူပင်လုပ်ကြလေသည်။ သို့သော်လည်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကမူ သူတို့အချင်းချင်းပင် သိပ်အယုံအကြည်ရှိကြပုံမရပဲ တစ်ယောက်ထဲခွဲသွားသူကခွဲသွားကြကာ ကျန် လူများက နှစ်ယောက်တစ်အုပ်စု သုံးယောက်တစ်အုပ်စု ခွဲသွားကြလေသည်။

ပိုင်ရှောင်ချန်းကမူ ဘေးဘီဝဲယာကို ဂရုတစိုက်ကြည့်ကာ တောင်ခြမ်းဂိုဏ်းသားများနောက်လိုက်ကာ ချောက်နက်ထဲသို့ ဆင်းသွားတော့သည်။ မြေအောက်သို့ရောက်သောအခါ အောက်ဖက်မှ မြင့်တက်လာသည့် အအေးဓာတ်ကို ခံစားလိုက်ရလေသည်။ ထိုအအေးဓာတ်မှာ သူ၏ခန္ဓာကိုယ်ထဲသို့ဖောက်ဝင်ကာ သူ၏ချီနှင့်သွေးများကို အေး ခဲအောင်လုပ်ချင်နေတော့သည်။

သို့သော်လည်း သူက အင်္ကျီအများကြီးဝတ်ထားသဖြင့် အအေးဓာတ်မှာ သူ့ဆီမရောက်နိုင်ဖြစ်နေရသည်။ အောက်သို့ပိုဆင်းလေ အအေးဓာတ်မှာ ပိုကြီးလာလေဖြစ်သည်။ သို့သော်လည်း သူတို့မှာ မျက်နှာပြင်နှင့်တော့ သိပ်မဝေးပေ။ သူတို့၏ ကျင့်ကြံခြင်းအခြေခံအဆင့်များကြောင့် မည်သည့်ထိခိုက်ဒဏ်ရာမှတော့ မရှိပေ။

မကြာမီတွင် တောင်ခြမ်းဂိုဏ်းသားများမှာ ပိုင်ရှောင်ချန်းသည် နောက်ဆုံးနားတွင်ရောက်နေသည်ကို သတိထားမိလိုက်ကြ၍ မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာများပေါ်လာကြတော့သည်။ သို့သော်လည်း ထိုအမူအရာများမှာ ချက်ချင်းပင် ပျော်ရွှင်မှုအပြုံးများအဖြစ် ပြောင်းလဲသွားကြတော့သည်။ ပိုင်ရှောင်ချန်းမှာ သူတို့နှင့်ရှိနေသည်ဖြစ်သဖြင့် သူတို့မှာ လုံခြုံသည်ဟု ခံစားလိုက်ကြတော့သည်။

သူတို့အားလုံးမှာ ချီစုစည်းမှုအဆင့်တစ်ဆယ်အတွင်းရှိကြသည့် ပါရမီရှင်လူငယ်များဖြစ်ပါသော်လည်း ပိုင်ရှောင်ချန်းမှာ သူတို့ထက် အဘက်ဘက်တွင် အများကြီးပိုစွမ်းကြောင်း သူတို့က သိလေသည်။ မကြာမီတွင် သူတို့မှ ဘေးဖယ်ကလက်များယှက်ပြီး သူ့အတွက်လမ်းဖယ်ပေးကာ အရိုအသေပေးလိုက်ကြတော့သည်။

” မင်္ဂလာပါ ဂိုဏ်းတူဦးလေးပိုင်။”

” တရားမျှတပြီး အမှန်တရားမြတ်နိုးတဲ့ ဂိုဏ်းတူဦးလေးပိုင်ကွ။ သူက ရှန်ကွမ်းထျန်ယုံနဲ့ အခြားကောင်တွေလိုမျိုး သူတို့ဟာသူတို့ ထွက်မသွားဘူး။ သူက ငါတို့နဲ့ နေပေးနေတာကွ။”

” တောင်ခြမ်းဆိုတာ ဒီလိုဖြစ်နေရမှာ။”

“ဂိုဏ်းတူဦးလေးပိုင်။ ကျွန်တော်ပါ။ ကျောက်ရိသော်လေ။ မှတ်မိသေးလားဗျ။ အက်စစ်မိုးရွာတုံးက ကျွန်တော့်မှာ အလုပ်တွေလုံးဝရှုပ်သွားတာဗျာ….”

ပိုင်ရှောင်ချန်းမှာ သူ့ကိုရှေ့ဘက်သို့သွားရန် လမ်းဖယ်ပေးလိုက်ကြသော အုပ်စုကြီးကိုကြည့်ရင်း အံ့အားသင့်နေတော့သည်။ သူက နောက်ဘက်တွင်နေလျှင် ဘေးကင်းမည်ထင်၍ နေနေခြင်းဖြစ်သည်။ သို့သော်လည်း သူ့အကြောင်းလူတိုင်းပြောဆိုနေကြပုံများကို ကြားလိုက်ရသောအခါ သူက မျက်တောင်ခတ်လိုက်ကာ ချောင်းဟန့်လိုက်လေသည်။ ထို့နောက်မေးငေါ့လိုက်ကာ ဝါရင့်ဂိုဏ်းဝင်တစ်ယောက်ပုံစံဖမ်းလိုက်လေသည်။

” ဟားဟားဟား။ မင်းတို့တစ်ယောက်မှ ကြောက်နေစရာမလိုဘူး။ ငါ့လိုအရေးပါတဲ့လူတစ်ယောက်ရှိနေမှတော့ ဘယ်ကောင်က မင်းတို့ကို ပြဿနာရှာရဲမှာလဲကွ။ ” ထိုစကားကိုကြားလိုက်ရသောအခါ အခြားဂိုဏ်းသားများမှာ ကျေနပ်သွားကြပြီး ပိုင်ရှောင်ချန်းနားသို့ ကပ်နေကြတော့သည်။ ခရမ်းဒယ်အိုးတောင်မှ ကျောက်ရိသော်ဆိုလျှင် အပြုံးပန်းများဖြင့်ဝေဆာနေတော့သည်။

ဟိုယွင်ဖေးကမူ ပိုင်ရှောင်ချန်း၏ဘေးတွင် ရပ်လိုက်လေသည်။ သူဝတ်စားထားပုံနှင့် သူ၏ဝါရင့်ဂိုဏ်းဝင်ပုံစံဖမ်းနေပုံကို နှိုင်းယှဥ်ကြည့်လိုက်သောအခါ ဟိုယွင်ဖေးမှာ ရယ်မောနေတော့သည်။ သို့သော်လည်း လောချိန်မျိုးနွယ်စုဝင်နှင့်တုံးက ဖြစ်ခဲ့သည့်အရာအားလုံးကို သူကမမေ့သေးပေ။
” ကံကောင်းပါစေ ရှောင်ချန်းရေ။မင်းကတော့ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကို သေချာပေါက်ရောက်မှာပါ။” သူက တိုးတိုးလေးပြောလိုက်လေသည်။

” အေးကွာ အဲ့လိုပဲဖြစ်ပါစေ။” ပိုင်ရှောင်ချန်းက ပြန်ဖြေလိုက်သည်။ ဘေးဘီကိုလူရှင်းမရှင်းကြည့်လိုက်ပြီး သူကအနည်းငယ်ကပ်လိုက်ပြီး ပြောလိုက်လေသည်။ ” ဟေး။ အခြားဂိုဏ်းသားတွေ အခုလိုလုပ်တာ တမင်လုပ်နေတာလို့ မင်းထင်လား။ ငါက နောက်ဘက်မှာပဲနေချင်တာကွ။ ဘာကိစ္စနဲ့များ ချက်ချင်းကြီးရှေ့ရောက်သွားရတာလည်း မသိပါဘူးကွာ။”

ထိုအခါ ဟိုယွင်ဖေး၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုပေါ်လာပြီး သူက အသာအယာချောင်းဟန့်လိုက်လေသည်။ ပိုင်ရှောင်ချန်းသာဘေးနားရှိပါက မည်သည့်အကြောင်းကြောင့်တော့မသိ မည်မျှပင် အန္တရာယ်များသည့် အခြေအနေဖြစ်နေပါစေကာမူ ကြောင်တိကြောင်တောင်ဖြစ်သွားကာ ပျော်စရာကောင်းလာသည်မှာတော့ အမှန်ပင်။

” အာ ထားလိုက်ပါတော့။ ငါက ဂုဏ်ထူးဆောင်ဂိုဏ်းသား။ ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူညီလေးဖြစ်နေတာကိုး။ တောင်ခြမ်းမှာတုံးက ငါသူတို့ကို ဆေးဖော်ရင်းနဲ့ ဒုက္ခပေးမိထားတာပဲ။ ဒီခေါက်တော့ လျှော့ပေးလိုက်ပါ့မယ်။” ပိုင်ရှောင်ချန်းက ထိုသို့ဆိုရင်း ရင်ကော့ကာ သူရဲကောင်းပုံစံဖမ်းလိုက်ပြီး သူ၏သတိကြီးပြီး လှုပ်ရှားနေသည့်စိတ်ကို ဂရုမစိုက်ပဲ ရှေ့သို့ ခပ်သွက်သွက် သွားလိုက်လေသည်။

မြေအောက်ရှိ အခြားအက်ကွဲကြောင်းများထဲတွင်မူ အခြားဂိုဏ်းမှ ဂိုဏ်းသားများမှာ တစ်ယောက်ထဲသို့မဟုတ် သုံးယောက်မှ ငါးယောက်တစ်အုပ်စုဖွဲ့ကာ သွားနေကြသည်။ ဒါဇင်အနည်းငယ်ထက်ပိုသည့် လူအုပ်ကြီးကိုတွေ့ပါကသူတို့အားလုံးမှာ ရှောင်ရှားသွားကြမည်သာဖြစ်သည်။ မိမိကိုယ်ကို သာလွန်ပါသည်ဟု ခံယူထားသူများပင်လျှင် သူတို့အဖွဲ့ကိုအေးစက်စက်ကြည့်ကာ ခပ်မြန်မြန်ထွက်ခွာသွားမည်သာဖြစ်သည်။

မကြာမီတွင် သူတို့အုပ်စုမှာ ဓားကိုယ်ထည်ကြီးနှင့် ဓားထဲသို့ဝင်နိုင်မည့် အပေါက်များထဲမှ တစ်ပေါက် ကိုမြင်လိုက်ရလေသည်။ သို့သော်လည်း ထိုအပေါက်ဆီသို့ ပျံသန်းသွားသည့် အလင်းတန်းနှစ်ခုမှာ ကြိုရောက်နေပြီးသားဖြစ်နေသည်။ ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် ရှေ့ဆက်သွားရန် ဆုံးဖြတ်လိုက်သော်လည်း သူမလှုပ်ရသေးခင်မှာပင် ဘေးနားရှိ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများက စိတ်လှုပ်တရှားဖြင့် မန္တန်လက်ကွက်များဖော်လိုက်ကြလေသည်။

မျက်စိတစ်မှိတ်အတွင်းတွင် အခြားဂိုဏ်းမှ ဂိုဏ်းသားနှစ်ယောက်အပေါ်သို့ များစွာသော စွမ်းအားများ ကျဆင်းသွားလေတော့သည်။ သူတို့နှစ်ယောက်မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှဖြစ်ပြီး ထိုမှော်အတတ်များကိုမြင်လိုက်ရသောအခါ သူတို့၏မျက်နှာများမှာ အရောင်လက်သွားပြီး ရှောင်ရှားရန် ကြိုးစားလိုက်ကြသည်။

သို့သော်လည်း သူတို့မှာနှေးနေသဖြင့် နောက်သို့လန်ထွက်သွားကာ ပါးစပ်များထဲမှ သွေးများပန်းထွက်လာတော့သည်။ ထို့နောက် သူတို့မှာ ထွက်ပြေးသွားကြပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို မုန်းတီးစွာ ကြည့်သွားကြတော့သည်။

ပိုင်ရှောင်ချန်းမှာ အုပ်စုတောင့်သောကြောင့် အပေါက်တစ်ပေါက် ရလိုက်သည်ကို အံ့အားသင့်ကာ ကျေနပ်နေတော့သည်။ သူ၏အဆင့်အတန်းကြောင့် သူကချောင်းဟန့်လိုက်ကာ အခြားဂိုဏ်းသားများကို အရင်ဝင်ခိုင်းလိုက်လေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset