အင်္ဂါဂြိုဟ်ပေါ်၌ ရှုံးနိမ့်သွားခဲ့ရပြီးနောက် သူ၏ မိသားစုမျိုးနွယ်စုဆီသို့ ပြန်သွားသော ကျိုးရိရှန်မှာ ချန်းမု၏ ကမ်းလှမ်းချက်ကို သေသေချာချာ စဉ်းစားရင်း မျက်လုံးများအရောင်လက်သွား၏။ သူသည် ယခင်အခေါက်တုန်းက ထိုရုပ်သံမှတ်တမ်းအား သူ့ဆီသို့ ပေးပို့ခဲ့ခြင်းမရှိဘဲ ထိုကိစ္စမား မေ့ပစ်ရန် စေတနာဖြင့် တားခဲ့သည့်ပုံ ပေါက်ပါသော်လည်း သူ၏ ရည်ရွယ်ချက် အစစ်အမှန်မှာ ချန်းမုနှင့် ဝမ်ပေါင်လဲ့တို့အား ရန်တိုက်ပေးရန်သာ ဖြစ်သည်။
သူသည် ထိုနှစ်ယောက်ထဲမှ မည်သူရှုံးရှုံး ကျေနပ်နေမည်သာ ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား အူထဲအသဲထဲမှ မုန်းတီးနေသည့်တိုင်အောင် ကျိုးမိသားစုနှင့် ချန်းမိသားစုတို့၏ကြား၌ တင်းမာမှုများ ရှိနေသေးသည်မဟုတ်ပါလော။ ထိုမိသားစုနှစ်ခုမှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဆိုသည့် သဘောထားတူညီသော မိသားစုပေါင်းများစွာ ပေါင်းစည်းထားသည့် အဖွဲ့အစည်းတစ်ခုထဲမှ ဖြစ်နေသည့်တိုင်အောင် ထိုမိသားစုများ၏ ကြား၌ ပဋိပက္ခများ ပေါ်ပေါက်လာသည်ကို ရှောင်လွှဲ၍ ရနိုင်မည်မဟုတ်ပေ။
ကျိုးမိသားစုဝင် အများစုမှာ ချန်းမိသားစုအား လုပ်ပိုင်ခွင့်အာဏာရှိသည့် နေရာမှ ဖယ်ရှားကာ သူတို့၏ နေရာ၌ အစားထိုးချင်နေကြသည်ဖြစ်သည်။
ထို့ကြောင့်လည်း ကျိုးရိရှန်မှာ ချန်းမုအား အငိုက်ဖမ်းနိုင်ရန်အတွက် သူမလုပ်ချင်သည့်အရာကို လုပ်နေရခြင်းဖြစ်သည်။ အကယ်၍ ချန်းမုမှာ ထိုရုပ်သံမှတ်တမ်းကို မကြည့်လိုက်ရပါက ထိုကိစ္စနှင့်ပတ်သတ်၍ ဆက်လက်စွဲလမ်းနေဦးမည်သာဖြစ်ကြောင်း သူက နားလည်ထား၏။ ရပ်ငြိုးအများစုမှာ အကြောင်းအရင်တစ်ခုတည်းကြောင့် တန်း၍ ပေါ်ပေါက်လာတတ်ကြသည် မဟုတ်ဘဲ ယခုကဲ့သို့သော စွဲလမ်းမှုများ၏ မိစ္ဆာတစ်ကောင်ကဲ့သို့ အသိစိတ်အား တဖြည်းဖြည်းချင်း ခြောက်လှန့်မှုများကြောင့်သာ ပေါ်ပေါက်လာတတ်ကြသည် ဖြစ်သည်။ ထိုသို့ဖြင့် မဟာရန်သူများ အဖြစ်သို့ ရောက်သွားကြခြင်းဖြစ်၏။
သို့သော် ချန်းမုမှာ နုံအသူတစ်ယောက် မဟုတ်ကြောင်း ကျိုးရိရှန်က သိထား၏။ သူသည် အခြေအနေများကို မရိပ်စားမိလျှင်တောင် သိပ်မကြာခင်တွင် ကျိုးရိရှန်၏ အကြံအစည်များကို ဖော်ထုတ်နိုင်သွားမည်သာ ဖြစ်သည်။ ထိုသို့သာဆိုပါက ကျိုးရိရှန်မှာ ပြုသမျှနုရမည့်အနေအထားသို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။
ယခုတွင် ချန်းမု၏ ကမ်းလှမ်းချက်များမှာ ကျိုးရိရှန်အတွက် ပို၍ အကျိုးရှိနေသည်ဖြစ်သည်။ သူ စိုးရိမ်နေရသည့် တစ်ခုတည်းသောအရာမှာ ထိုကိစ္စအပေါ် ထားရှိမည့် ဝမ်ပေါင်လဲ့၏ သဘောထားပင် ဖြစ်သည်။ ယခင်တုန်းကသာဆိုလျှင် သူသည် ဝမ်ပေါင်လဲ့၏ သဘောထားများကို ဂရုစိုက်နေခဲ့မည် မဟုတ်ပါသော်လည်း ယခုတွင် သူသည် မြို့တော်သခင်တစ်ယောက် ဖြစ်နေပြီမဟုတ်ပါလော။ သူသည် ပဏာမအဆင့်သုံး အရာရှိတစ်ယောက် ဖြစ်နေပြီ ဖြစ်သောကြောင့် ယခင်တုန်းကနှင့် အဆင့်အတန်းမတူတော့ပေ။
” သူ့ရဲ့ လက်ရှိရာထူးက မြင့်နေရင်တောင် သူက အခြေတည်အဆင့်မှာပဲ ရှိသေးတာပါ။ အဲ့တာမလို့ ကျိုးမိသားစုထဲထိ လာပြီးတော့ သောင်းကျန်းနိုင်မှာမဟုတ်ဘူး။ သူ မကျေမနပ်ဖြစ်နေရင်တောင် သူ့ရဲ့ဒေါသတွေအကုန်လုံးကို ချန်းမုပေါ်ပဲ ပုံချလို့ရမှာ။ ငါနဲ့ ဘာမှဆိုင်မှာမဟုတ်ဘူး ” ကျိုးရိရှန်မှာ သေသေချာချာ စဉ်းစားတွေးတောလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
” သဘောတူတယ် ”
အင်္ဂါဂြိုဟ်မြို့တော်အသစ်ထဲမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲရှိ ချန်းမုမှာ ကျိုးရိရှန်၏ သဘောတူညီချက်ကို လက်ခံရရှိလိုက်ပြီးနောက် မျက်လုံးမှေးသွားပြီး လှောင်ပြုံးပြုံးလိုက်၏။
” ကျိုးရိရှန်က ရည်မှန်းချက်ကြီးပေမယ့် အရည်အချင်းမရှိတဲ့ လူတစ်ယောက်ပဲ။ ဒီလို အပေါစား လှည့်ကွက်လေးတွေနဲ့ ငါ့ကို လှည့်စားလို့ ရလိမ့်မယ်လို့များ သူက ထင်နေတာလား ” ချန်းမု၏ မျက်ဝန်းများထဲ၌ အေးစက်စက် အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွား၏။ သူသည် ကျိုးရိရှန်မှာ သူ့အား လှည့်စား၍ မီးလောင်ရာလေပင့်ရန် ကြိုးစားနေသည်ဖြစ်ကြောင်း သိရှိထားပါသော်လည်း ဂရုမစိုက်ပေ။ လက်ရှိတွင် အရေးအကြီးဆုံးအချက်မှာ ထိုရုပ်သံမှတ်တမ်းအား ကြည့်ရှုနိုင်ရန်ပင်ဖြစ်သည်။ ထိုရုပ်သံမှတ်တမ်းအပေါ်မူတည်၍ လီဝမ်အာအပေါ် ထားရှိသော သူ၏သဘောထားမှာ ပြောင်းလဲသွားမည်ဖြစ်သည်။
တစ်ဖက်တွင် သူ၏ ယောက်ျားမာနနှင့် လည်း သက်ဆိုင်နေသည် ဖြစ်သလို အခြားတစ်ဖက်တွင်လည်း လီဝမ်အာသာ အရေးကြီးဆုံး အချိန်ရောက်မှ သူ့အား သစ္စာဖောက်သွားမည်ဆိုပါက ပေါ်ပေါက်လာနိုင်သည့် ပြဿနာများကို သူက စိုးရိမ်နေခြင်းဖြစ်သည်။
ချန်းမုမှာ ထိုချက်အလက်များအားလုံးကို ထည့်သွင်းစဉ်းစားကာ တစ်ခဏမျှ ဆင်ခြင်သုံးသပ်လိုက်၏။ ထို့နောက် သူသည် သူ၏ မိသားစုမျိုးနွယ်စုထဲမှ လူများကို ချက်ချင်းပင်ဆက်သွယ်လိုက်ပြီး ကျိုးရိဖန်းအား လိုက်လံရှာဖွေနေလိုက်တော့သည်။
ချန်းမုမှာ အင်္ဂါဂြိုဟ်ပေါ်၌ လုပ်ပိုင်ခွင့်အာဏာ သိပ်မရှိသောကြောင့် ဝမ်ပေါင်လဲ့၏ရှေ့၌ ထုတ်မပြနိုင်ခဲ့ပေ။ သို့သော် ကမ္ဘာပေါ်တွင်မူ သူသည် ချန်းမိသားစု၏ အကြီးဆုံးသား ဖြစ်သောကြောင့် အမွေဆက်ခံသူအဖြစ် သတ်မှတ်ခံထားရခြင်း မရှိလျှင်တောင် သူပိုင်ဆိုင်ထားသည့် အချိတ်အဆက်များနှင့် လုပ်ပိုင်ခွင့်အာဏာများကို လျှော့တွက်၍ ရမည်မဟုတ်ပေ။
ထို့ကြောင့် သူသည် သူ၏ အချိတ်အဆက်များမှတစ်ဆင့် ကျိုးရိဖန်း၏ တည်နေရာကို ချက်ချင်းပင် ရှာတွေ့သွားတော့သည်…
ထိုသို့ဖြစ် တစ်ပတ်တိတိ ကုန်ဆုံးသွား၏။ ထိုအချိန်တွင် သူ၏ အိမ်ရာထဲ၌ တရားထိုင်ရင်း ဓမ္မလက်နက်၏ ကောင်းကင်လှုံ့ဆော်ခြင်းပညာရပ်အား လေ့လာနေသော ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးဆီမှ အသံလွှင့် အကြောင်းကြားစာတစ်စောင်ကို ရရှိလိုက်၏။
သူ၏နားထဲ၌ ထိုအကြောင်းကြားစာထဲမှ စကားသံ ထွက်ပေါ်လာချိန်တွင် ဝမ်ပေါင်လဲ့မှာ အာရုံနှစ်ဖက်ခွဲကာ ထိုအသံအား နားထောင်ရင်း သူဖန်တီးထားသည့် တလက်လက်တောက်ပနေသော ဝိညာဉ်စွမ်းအင်ဓာတ်လုံးလေးအား ထိန်းချုပ်ရန် ကြိုးစားလိုက်၏။ ၎င်းမှာ သူ ဓမ္မလက်နက်အား လေ့လာရာမှ ထွက်ပေါ်လာခဲ့သည့်ရလဒ်ပင်ဖြစ်သည်။ သူသည် သူ၏ ကိုယ်ပိုင်ဝိညာဉ်ချီကို ကြားခံနယ်တစ်ခု အဖြစ်အသုံးချကာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအင်များကို လမ်းကြောင်းပြောင်းနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။
” ဂိုဏ်းချုပ်ကြီး။ ဘာကိစ္စရှိလို့လဲခင်ဗျ။ ကျနော် အခု ဓမ္မလက်နက်တွေ သန့်စင်နေလို့ ” ဝမ်ပေါင်လဲ့မှာ သူ၏ ဝိညာဉ်ချီဓာတ်လုံးလေးကို ထိန်းချုပ်ရင်း ကြွားလိုက်၏။ သူ၏စကားကြောင့် ဂိုဏ်းချုပ်ကြီးမှာ အံအားသင့်သွားရမည်ဖြစ်ကြောင်း သူက တွေးနေမိတော့သည်။
သို့သော် သူ မျှော်လင့်ထားသည့် တုံ့ပြန်မှုမျိုးကို ပြန်မရလိုက်ပေ။ ဂိုဏ်းချုပ်ကြီးမှာ ဝမ်ပေါင်လဲ့၏ ဓမ္မလက်နက်သန့်စင်နေသည်ဆိုသော စကားကို မကြားလိုက်သည့်ပုံပင်။ သူ၏ တည်ကြည်မှုအပြည့်ရှိသော ခပ်ဩဩ စကားသံကြီးမှာ ဝမ်ပေါင်လဲ့၏ နားထဲ၌ မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းသွား၏။
” ပေါင်လဲ့။ ငါ မင်းကိုပြောစရာရှိလို့… မနေ့ညနေတုန်းက ကျိုးရိဖန်းက သူ့ရဲ့တာဝန်ကို ထမ်းဆောင်ပြီးတော့ ကျောင်းကိုပြန်လာရမှာ။ ဒါပေမဲ့ သူက ချောင်းမြှောင်း တိုက်ခံခဲ့ရပြီး ဒဏ်ရာအပြင်းအထန်ရသွားခဲ့တာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့နားမှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုထဲက ကျိုးမိသားစုရဲ့ ကုန်သည်အဖွဲ့တစ်ဖွဲ့ ရှိနေခဲ့တာလေ။ ကျိုးရိဖန်းရဲ့ ရာထူးအဆင့်အတန်း အနေအထားကြောင့် သူ့ကို အဲဒီ ကုန်သည်အဖွဲ့က ကယ်တင်သွားကြတာ ”
ဂိုဏ်းချုပ်ကြီး ထိုသို့ဆိုလိုက်သောအခါ ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ထွက်ပေါ်လာရတော့သည်။ သူ၏ ရှေ့တွင်ရှိနေသော တလက်လက်တောက်ပနေသည့် ဝိညာဉ်ချီဓာတ်လုံးလေးမှာလည်း ချက်ချင်းဆိုသလိုပင် မတည်မငြိမ်ဖြစ်သွားပြီး အသံအကျယ်ကြီးမြည်အောင် ပေါက်ကွဲသွားတော့သည်။ ၎င်းထဲမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းတစ်ခုမှာ အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး နံရံများကို ရိုက်ခတ်သွား၏။ ထိုပြင်းအားကြောင့် သူ၏ဆံပင်များမှာ ဖွာလန်ကြဲသွားရပြီး သူ၏ မျက်ဝန်းများထဲ၌ အေးစက်စက် အလင်းရောင်တစ်ခု တောက်ပလာတော့သည်။
” ပြီးတော့ရော ” ဝမ်ပေါင်လဲ့မှာ မလှုပ်မယှက် ထိုင်နေရင်း မေးလိုက်၏။ သူ၏လေသံမှာ ပို၍ တည်ကြည်သွားပြီဖြစ်သည်။
” အဲဒီအဖွဲ့က သူ့ကို ကျိုးမိသားစုရဲ့ အိမ်တော်ဆီ တန်းပြီးတော့ ပို့ပေးလိုက်ကြတာပဲ …အဲ့အချိန်ကစပြီးတော့ သူ့ဆီကနေ ဘာအကြောင်းပြန်စာမှကို မရသေးဘူး။ ငါတို့လည်း အဲ့အကြောင်းသိသိချင်း ကျိုးမိသားစုဆီကို တန်းပြီးတော့ ဆက်သွယ်ခဲ့ပေမယ့် ကျိုးရိဖန်းက ကျိုးမိသားစုက ဖြစ်နေတာမလို့ ငါတို့ဘက်က ဘာမှ ပြန်ပြောလို့မရဘူးလေ။ မဟာထိပ်သီးအကြီးအကဲကြီးကလည်း ခရီးသွားနေတာမလို့ ကျောင်းမှာမရှိဘူး။ မင်းနဲ့ ကျိုးရိဖန်တို့နှစ်ယောက်က ရင်းနှီးမှန်း ငါသိထားတာမလို့ ငါ မင်းကို လှမ်းပြီးတော့ အသိပေးလိုက်တာ ”
” ဒါပေမဲ့ အရမ်းကြီးလည်း စိတ်ပူမနေပါနဲ့။ ကျိုးရိဖန်းက ငါတို့ ကောင်းကင်တာအိုကျောင်းရဲ့ ကျောင်းသားတစ်ယောက်မလို့ ကျိုးမိသားစုဘက်ကနေ သူ့ကို အမြန်ဆုံးပြန်လွှတ်အောင် ဖိအားပေးနိုင်ဖို့ ငါ နည်းလမ်းတစ်ခုခု စဉ်စားပေးပါ့မယ်… မင်းရဲ့အသိတွေထဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အကူအညီပေးနိုင်မယ့် လူတစ်ယောက်ယောက် ရှိရင်လည်း အကူအညီ တောင်းထားကြည့်ပေါ့။ အဲ့လိုဆိုရင် ပိုမြန်မှာပါ ” ဂိုဏ်းချုပ်ကြီးမှာ ထိုသို့ဆိုကာ ဆက်သွယ်မှုကိုအဆုံးသတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ ဤကိစ္စအကြောင်း သိရှိသွားပြီးနောက် ဘာမှမလုပ်ဘဲ ထိုင်စောင့်နေမည်မဟုတ်ကြောင်း သူက ယုံကြည်ထားသည်။
အကယ်၍ ဝမ်ပေါင်လဲ့မှာ ပဏာမအဆင့်သုံးအရာရှိတစ်ယောက်နှင့် မြို့တော်သခင်တစ်ယောက် ဖြစ်မနေဘဲ ယခုလို ဂုဏ်သတင်းကျော်စောနေခြင်း မရှိပါက ဂိုဏ်းချုပ်ကြီးမှာ သူ့အား ယခုလို လာပြောပြမည်မဟုတ်ပေ။ သို့သော် လက်ရှိတွင်မူ ဝမ်ပေါင်လဲ့၏ ရာထူးအဆင့်အတန်းမှာ မြေရှင်ပဒေသရာဇ်တစ်ပါး၏ ရာထူးအဆင့်အတန်းနှင့် ဆင်တူနေပြီဖြစ်ကြောင်း ဂိုဏ်းချုပ်ကြီးက မှတ်ယူထားသည်။ သို့ဖြစ်ရာ ဤကိစ္စကြီးထဲ၌ သူကိုယ်တိုင် ဝင်ပါလာမည်ဆိုပါက အတိုင်းအတာတစ်ခုအထိ ဩဇာလွှမ်းမိုးမှု ရှိနေမည်မှာ အမှန်ပင်။
သူ၏ တုံ့ပြန်မှုမှာလည်း ဂိုဏ်းချုပ်ကြီး ခန့်မှန်းထားခဲ့သည့်အတိုင်းပင်။ အမှန်အတိုင်း ဆိုရမည်ဆိုလျှင် သူ၏ တုံ့ပြန်မှုမှာ ပို၍ပင် ပြင်းထန်နေသည်ဟု ဆိုနိုင်ပေသည်။ ဂိုဏ်းချုပ်ကြီးဘက်မှ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ အသက်ရှူနှုန်းမှာ အနည်းငယ်ခန့် မြန်ဆန်လာ၏။ သူ၏ မျက်ဝန်းထဲမှ အေးစက်စက် အငွေ့အသက်များမှာလည်း သတ်ဖြတ်လိုသည့် စိတ်များအဖြစ် ပြောင်းလဲသွားပြီး သူသည် ရုတ်တရက်ဆိုသလို မတ်တတ်ထလာ၏။ ထို့နောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ စတင်လည်းပတ်လာသဖြင့် သူ၏ ပတ်ပတ်လည်ရှိ နံရံများမှာ အေးခဲသွားကြတော့သည်။
” ကျိုးရိရှန် ” ဝမ်ပေါင်လဲ့မှာ မျက်စိမျက်နှာပျက်သွားပြီး သူသည် ပေါက်ကွဲတော့ မိီးတောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ ကျိုးရိဖန်းမှာ သူ၏ မိတ်ဆွေကောင်းတစ်ယောက်ဖြစ်သလို လူချောလေးများ အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ််ယောက်လည်း ဖြစ်နေသည်မဟုတ်ပါလော။ ထို့အပြင် သူသည် သူနှင့်အတူတူ သေမင်းကြီးကို ရင်ဆိုင်ခဲ့သည့် သူ၏ညီအစ်ကိုတစ်ယောက်ဆိုလည်း မမှားပေ။ ထို့ကြောင့် မည်သူမဆို တစ်ခုခုလွဲနေပြီဖြစ်ကြောင်း မယုံသင်္ကာ ဖြစ်သွားကြမည်သာဖြစ်သည်။
ကျိုးရိဖန်းမှာ ကျိုးရိရှန်အတွက် မည်မျှအရေးပါကြောင်းကို ဝမ်ပေါင်လဲ့က သိရှိထား၏။ သူသည် ကျိုးမိသားစုက ကျိုးရိရှန်အတွက် ပြုစုပျိုးထောင်ပေးထားသည့် သွေးစစ်သည်တစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ သို့သော် ကျိုးရိဖန်းမှာ ကောင်းကင်တာအိုကျောင်းသို့ ရောက်ရှိလာခဲ့ပြီး ဝမ်ပေါင်လဲ့နှင့် မိတ်ဆွေများဖြစ်သွားကြပြီးနောက် သူ၏ ကံကြမ္မာများမှာ ပြောင်းလဲသွားခဲ့ရသည့်ဖြစ်သည်။ ထို့ကြောင့် ကျိုးရိရှန်မှာ မည်သည့်အရာကိုမှ မထိန်းချုပ်နိုင်တော့ဘဲ ဖြစ်သွားရ၏။
လက်ရှိတွင် ကျိုးမိသားစုဆီသို့ ပြန်ပို့ခံလိုက်ရသော ကျိုးရိဖန်းမှာ အန္တရာယ်ကြီးတစ်ခုနှင့် ကြုံနေရလောက်ပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူသည် ပဏာမအဆင့်သုံး အရာရှိတစ်ယောက်ဖြစ်နေပြီး အင်္ဂါဂြိုဟ်မြို့တော်အသစ်၏ မြို့တော်သခင် ဖြစ်နေသည့်တိုင်အောင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အမြုတေအဆင့်၌ ရှိမနေသေးသည်ကို သိထား၏။ ထို့ကြောင့် သူသည် ကျိုးမိသားစုအား ဖိအားပေးနိုင်ရန်မှယ မလွယ်ပေ…
တာအိုကျောင်းလေးကျောင်းမှာ လုပ်ပိုင်ခွင့်အာဏာ ကြီးမားပါသော်လည်း ကောင်းကင်တာအိုကျောင်းမှာ ထိုအဖွဲ့အစည်း၏ ခေါင်းဆောင်မဟုတ်ပေ။ ထို့အပြင် ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးမှာ လူကောင်းတစ်ယောက်ဖြစ်ပြီး ဝမ်ပေါင်လဲ့မှာ သူ့အား အလွန်အင်မတန်မှ လေးစားပါသော်လည်း လင်းယုံ၏ ဂိုဏ်းချုပ်ကြီးအပေါ် သုံးသပ်ချက်မှာ မှန်ကန်နေပြီဖြစ်ကြောင်း သူက သိလာရ၏။ ဂိုဏ်းချုပ်ကြီး၏ အကျင့်စရိုက်မှာ အနည်းငယ်ခန့် နူးညံ့သိမ်မွေ့သည့်ဘက်သို့ ရောက်နေပြီး ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို မပိုင်ဆိုင်ထားကြောင်း သူက လက်ခံလိုက်လာရပြီလည်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆက်လက်တွေးတောနေရင်း အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူသည် ကျိုးမိသားစု၏ လုပ်ပိုင်ခွင့်အာဏာကို ဖြိုဖျက်ကာ အကောင်းမွန်ဆုံး တန်ပြန်တိုက်စစ်ကို ပြန်လည်စတင်နိုင်မည့် လူတစ်ယောက်ကို တွေးမိသွား၏။ ထို့ကြောင့် သူသည် သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူလိုက်ပြီး ခုန်းတောက်အား ဆက်သွယ်ကာ သူ့အားလာတွေ့ရန် ဆင့်ခေါ်လိုက်၏။
ထိုအခါ ခုန်းတောက်မှာလည်း ဝမ်ပေါင်လဲ့၏ အိမ်ရာထဲသို့ ရောက်ရှိလာတော့သည်။ သူသည် ရောက်ရှိလာချိန်တွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲမှ အေးစက်စက် အလင်းရောင်များကို သတိထားမိလိုက်ပြီး နံရံကြီးများကိုလည်း မြင်လိုက်ရသဖြင့် အတွေးများထဲ၌ နစ်မျောသွားရ၏။ သို့သော် သူသည် စကားတစ်ခွန်းမှမပြောဘဲ မတ်တတ်ရပ်ကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း သူစကားပြောမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်တော့သည်။
” ညီကိုခုန်း။ မင်းရဲ့ မိသားစုကျောထောက်နောက်ခဲ့အင်အားအပြင် အင်္ဂါဂြိုဟ်နဲ့ ကမ္ဘာပေါ်က စစ်တပ်နှစ်ခုရဲ့ လုပ်ပိုင်ခွင့်ကိုပါ အားကိုးဖို့လိုအပ်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခု ငါ့ဆီမှာ ရှိနေလို့။ မင်း ငါ့ကို ကူညီပေးလို့ အဆင်မပြေဘူးဆိုရင် ပြောနော် ” ဝမ်ပေါင်လဲ့မှာ ခုန်းတောက်အား တည်ကြည်စွာ စိုက်ကြည့်ကာ ဆိုလိုက်၏။
” ဘာကိစ္စလဲ ” ခုန်းတောက်မှာ ထိုစကားများကိုကြားလိုက်ရသောအခါ မျက်ဆံများကျဉ်းမြောင်းသွားရ၏။ ထို့နောက် သူသည် ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ဘဲ တည်ကြည်စွာ ပြန်ပြောလိုက်၏။
” ကျိုးမိသားစုအိမ်တော်ဆီကို သွားပြီးတော့ ကျိုးရိဖန်းကို ဘေးမသီရန်မခ ပြန်ခေါ်ထုတ်လာခဲ့။ ပြီးရင် သူ့ကို အင်္ဂါဂြိုဟ်ပေါ် ပြန်ပြီးတော့ ခေါ်လာခဲ့ပေး ”
” ကျိုးမိသားစု ” ဆိုသည့် စကားကိုကြားလိုက်ရသောအခါ ခုန်းတောက်မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့မှာ သူ၏အသက်ကို ကယ်တင်ပေးခဲ့သည်ဖြစ်ပြီး သူ့အား ရာထူးတိုးအောင် ကူညီပေးထားသည့်ဖြစ်ကြောင်း ပြန်၍ စဉ်းစားမိလိုက်၏။ ထို့ကြောင့် သူသည် ဆုံးဖြတ်ချက် ပြတ်သားမှုအပြည့်ဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်တော့သည်။
” ရတယ်လေ။ အခုချက်ချင်းပဲ သွားလိုက်မယ်။ ငါကိုယ်တိုဂ် ကမ္ဘာမြေဆီ ပြန်ပြီးတော့ ကျိုးမိသားစုအိမ်တော်ဆီသွားပြီး သူ့ကို ပြန်ခေါ်လာခဲ့မယ် ”
” ကျေးဇူးတင်ပါတယ် ” အန္တရာယ်နှင့် ကြုံနေရသော အခိုက်အတန့်များတွင်သာ မိတ်ဆွေစစ် ဟုတ်မဟုတ် ခွဲခြားနိုင်သည်ဖြစ်သည်။ ခုန်းတောက်မှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အဖြေပြန်ပေးခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်နှလုံးလှုပ်ရှားသွားရပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဦးညွှတ်ကာ အရိုအသေပေးလိုက်၏။
ခုန်းတောက်မှာလည်း ထိုကဲ့သို့ အရိုအသေ ပြန်ပေးလိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။ ထို့နောက် သူသည် စစ်တပ်၏ လုပ်ပိုင်ခွင့်ကို အသုံးပြုကာ မဟာအင်္ဂါဂြိုဟ် မန္တန်အစီအရင်ကြီးထဲမှတစ်ဆင့် အင်္ဂါဂြိုဟ်မြို့တော်ထဲသို့ တိုက်ရိုက် တည်နေရာပြောင်းရွှေ့သွားလိုက်၏။ ထို့နောက် သူသည် အာကာသသင်္ဘောပျံကြီးတစ်စင်းပေါ်သို့ တက်သွားလိုက်ပြီးနောက် ကမ္ဘာကြီးဆီသို့ ဦးတည်သွားတော့သည်။
ခုန်းတောက်မှာ ထိုသင်္ဘောပျံကြီးပေါ်သို့ မတက်ခင် မျက်နှာထား တင်းမာနေ၏။ သူသည် ဤတာဝန်ကြီးမှာ မည်မျှခက်ခဲကြောင်း သိရှိထားသလို ဝမ်ပေါင်လဲ့မှာ သူ့ဆီမှ တစ်ခုမှ အကူအညီ မတောင်းခဲ့ဖူးသည်ကိုလည်း သိထား၏။ ထို့ကြောင့် သူသည် ဤတာဝန်ကြီးအား အောင်မြင်အောင် ထမ်းဆောင်ရန် လိုအပ်ကြောင်း ဆုံးဖြတ်ထားတော့သည်။
ခုန်းတောက်မှာ ထိုကဲ့သို့ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ အသံလွှင့်လက်စွပ်ကို ဖွင့်ကာ သူ၏ ခေါင်းကိုင်ဖခင် ရှိနေသည့် ဥက္ကဋ္ဌရုံးဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်တော့သည်…