လွန်ခဲ့သည့် ရက်သတ္တပတ်နှစ်ပတ် အတောအတွင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေသုံးခုမှလွဲ၍ မြို့တော်ကြီးတစ်ခုလုံး၏ ဆောက်လုပ်ရေးလုပ်ငန်းများမှာ ပုံမှန်အတိုင်းလည်ပတ်နေခဲ့၏။ သို့သော် လူတိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေများနှင့် ဝမ်ပေါင်လဲ့၏ အားပြိုင်မှုအပေါ် အာရုံရောက်နေခဲ့ကြသည်ဖြစ်သည်။ ထို့ကြောင့် မြို့တော်အသစ်ထဲ၌ ပေါ်လာသည့် လူစိမ်းကြီးကို မည်သူမှသတိမထားမိကြပေ။
ထိုကဲ့သို့ အားပြိုင်မှုမျိုး မရှိနေလျှင်တောင် ထိုလူကြီးကို မည်သူကမှ ရှာတွေ့ကြမည်မဟုတ်ပေ။ မြို့တော်ထဲသို့ လူဦးရေ မြောက်မြားစွာ အလုံးအရင်းဝင်ရောက်လာခဲ့ခြင်း မရှိသည့်တိုင်အောင် မြို့တော်အသစ်ထဲ၌ နေထိုင်နေကြသည့် လက်ရှိလူဦးရေ အရေအတွက်မှာ သန်းနှစ်ရာကျော် ရှိနေပြီ မဟုတ်ပါလော။
ထို့ကြောင့် လူသစ်တစ်ယောက် ထိုကဲ့သို့ မြို့တော်ကြီးတစ်ခုဆီသို့ ရောက်သွားခြင်းမှာ သဲကန္တာရထဲသို့ သဲတစ်ပွင့်ကျသွားသကဲ့သို့သာ ဖြစ်နေမည်ဖြစ်သည်။
ထို့အပြင် ထိုပုဂ္ဂိုလ်မှာ ရုပ်ဖျက်ကာ အငွေ့အသက်များကို ဖုံးကွယ်ရာ၌ ကျွမ်းကျင်မှုလည်း ရှိနေ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ မှန်းဆ၍မရနိုင်လောက်အောင် မြင့်မားနေသောကြောင့်လားတော့ မသိပေ။ သူ၏ အငွေ့အသက်ကို အလွယ်တကူ အာရုံခံနိုင်မည်မဟုတ်ချေ။
လက်ရှိတွင် ကျင့်သိုမင်၏ လက်အောက်တွင်ရှိနေသော် မြို့တော်နယ်မြေအသစ်ထဲရှိ လမ်းကြားလေး တစ်ခုထဲတွင် အပြာရောင်ဝတ်ရုံ ဆင်မြန်းထားသည့် ကျင့်ကြံသူ လူငယ်လေးတစ်ယောက်မှာ သူနှင့် ခင်မင်ရင်းနှီးခဲ့သည်မှာ သိပ်မကြာပါသော်လည်း မိတ်ဆွေကောင်းများ ဖြစ်လာခဲ့သည့် လူတစ်ယောက်နှင့် ပျော်ရွှင်စွာ စကားပြောနေ၏။
” အစ်ကိုကျန့်။ အစ်ကို ပြောနေတဲ့လူက ကျနော်တို့ရဲ့ မြို့တော်သခင်ဝမ်လားဗျ။ သူက အရေးပါတဲ့ လူပုဂ္ဂိုလ်တစ်ယောက်ပဲ။ တော်တော်လေးကိုလည်း အထင်ကြီးဖို့ကောင်းတယ် ” ထိုအပြာရောင်လူငယ်လေး၏ဘေးမှ ကျင့်ကြံသူမှာ ဝိုင်အရက်များ အများကြီး သောက်ထားမိသည့်ပုံပင်။ သူ၏ဘေးတွင်ရှိနေသော လူကြီးက စကားတစ်ခွန်းပြောလိုက်သဖြင့် သူသည် ရယ်မောကာ ပြန်ပြောလိုက်၏။
” မြို့တော်သခင်ဝမ်က တာအိုကျောင်းလေးကျောင်းထဲက တစ်ကျောင်းဖြစ်တဲ့ ကောင်းကင်တာအိုကျောင်းကနေ ဘွဲ့ရခဲ့တာလေ။ သူ ရာထူးတွေ တက်လာတာ တော်တော်လေးတော့ မြန်သားဗျ။ သူက ဘာမှမဟုတ်တဲ့ အညတရအဆင့်ကနေ ရာထူးတစ်ဆင့်ချင်းစီ တက်ပြီးတော့ အခုလိုနေရာအထိ ရောက်လာတာပဲ ”
အပြာရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ သူ၏ ပြောစကားကို နားထောင်ရင်း ပြုံးသွားပြီး ခေါင်းညိတ်လိုက်၏။ သူသည် စကားအများကြီး သိပ်မပြောပေ။ ထို့နောက် သူတို့မှာ အဝေးသို့ ဆက်လက်လျှောက်လှမ်းသွားကြ၏။ ထိုအပြာရောင်ဝတ်ရုံနှင့် လူငယ်လေး၏ မိတ်ဆွေမှာမူ သူ၏ မျက်ဝန်းများထဲ၌ မီးတောက်တစ်ခု လောင်ကျွမ်းနေသည်ကို သတိမထားမိခဲ့ပေ။ ၎င်းမှာ အမှောင်မီးတောက်နှင့် ဆင်တူနေပြီး ငြိမ်းသွားမည့်ပုံ လုံးဝမပေါ်ပေ။
ထို့အပြင် ထို အပြာရောင်ဝတ်ရုံနှင့် လူငယ်လေး၏ မိတ်ဆွေမှာ သူ မကြာသေးမီတုန်းက မိတ်ဆွေဖွဲ့မိလိုက်သည့် လူငယ်လေးသည် မြို့တော်အသစ်မှ မဟုတ်ကြောင်းကိုလည်း မသိထားပေ။ သူ မြင်နေရသည့် ပုံစံမှာလည်း ထိုလူငယ်လေး၏ ပုံစံအစစ်အမှန် မဟုတ်ပေ။
အမှန်တွင် သူသည် ခေါင်းအစ၊ ခြေအဆုံး အနက်ရောင်ဝတ်ရုံများ ခြုံထားသည့် လူတစ်ယောက်နှင့် တူနေရမည်ဖြစ်သည်။
သူတို့မှာ အဝေးသို့ ဆက်လက်လျှောက်လှမ်းသွားကြ၏။ ထိုသို့ဖြင့် တစ်နာရီတိတိ ကုန်ဆုံးသွားပြီးချိန်တွင် အဝေးတစ်နေရာမှနေ၍ အနက်ရောင် အရိပ်ကြီးတစ်ခုမှာ တိတ်ဆိတ်ငြိမ်သက်နေသော ထိုလမ်းကြားလေးထဲသို့ ရုပ်တရက်ဆိုသလို ပြေးဝင်လာ၏။ အနားသို့ ရောက်လာသောအခါ ၎င်းကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ ၎င်းမှာ မြည်းလေးပင်ဖြစ်သည်။
မြို့တော်ထဲရှိ မည်သူကမှ ထိုအပြာရောင်ဝတ်ရုံနှင့် လူငယ်လေး၏ ထူးဆန်းသောအငွေ့အသက်များကို သတိမထားမိခဲ့ပါသော်လည်း ခပ်ရေးရေးမျှ ကျန်ရစ်ခဲ့သော သူ၏ ကိုယ်နံ့အား အစားသောင်းကျန်းလွန်းနေသည့် မြည်းလေးက အာရုံခံမိလိုက်၏။
ကနဦး မြို့တော်နယ်မြေအသစ် စတင်ဆောက်လုပ်ခဲ့သည်အချိန်မှ ယခုလက်ရှိ မြို့တော်အသစ်အကြီးအဖြစ် ပြောင်းလဲသွားသည့်အထိ ထိုမြည်းလေးမှာ ခြေဦးတည့်ရာ လှည့်လည်သွားလာနေခဲ့၏။ အမှန်တွင် ၎င်းမှာ သူ ယခင်တုန်းက စားမိခဲ့ပြီး တန်းတန်းစွဲ ဖြစ်သွားခဲ့ရသည့် အစာကို လိုက်လံရှာဖွေနေခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုအစာမှာ ဉာဏ်ပြေးလွန်းနေ၏။ မြည်းလေးမှာ အချိန်အတော်အတန်ကြာအောင် ရှာဖွေခဲ့ပြီးသည့်တိုင်အောင် ၎င်းအား ရှာမတွေ့နိုင်သေးပါသော်လည်း အလျှော့ပေးမပေးဘဲ ဇွဲနပဲကြီးစွာ ကြိုးစားနေဆဲပင်။ ယနေ့တွင်မူ ၎င်းမှာ ထိုအစာ၏ ရနံ့နှင့် ဆင်တူသည့် အနံ့တစ်မျိုးကို အာရုံခံမိနိုင်ခဲ့၏။ ၎င်းမှာ အနည်းငယ်ခန့် ကွဲပြားနေပါသော်လည်း မူလဇာစ်မြစ်မှာ အတူတူဖြစ်နေသည့်ပုံပင်။
ထို့ကြောင့် ၎င်းမှာ စိတ်လှုပ်တရှားဖြင့် အပြေးရောက်လာခဲ့၏။ ထို့နောက် ၎င်းမှာ ထိုလမ်းကြားထဲ၌ ဟိုဟိုသည်သည် လိုက်လံနမ်းရှုပ်ရင်း အဘယ့်ကြောင့် ထိုရနံ့များမှာ ဆင်တူနေပါသော်လည်း ကွဲပြားနေသလို ဖြစ်နေရပါသနည်းဟု ဝေခွဲမရဖြစ်ကာ အံ့အားသင့်နေရတော့သည်။ သို့သော် ၎င်းမှာ ထိုအကြောင်း ဆက်တွေးမနေဘဲ တံတွေးများမျိုချလိုက်ပြီး အရောင်တောက်နေသော မျက်ဝန်းများဖြင့် ဆက်လက်ရှာဖွေနေလိုက်တော့သည်…
မြည်းလေးမှာ ထိုအစာတစ်ခုလုံးကို မောင်ပိုင်စီးချင်နေ၏။ ၎င်းမှာ ထိုအစာကို ရှာတွေ့သွားပြီဖြစ်ကြောင်း ဝမ်ပေါင်လဲ့အား အသိပေးမည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာလည်း ထိုမြည်းလေးအတွက် အချိန်ပေးနိုင်သည်တော့ မဟုတ်ပေ။
ထိုမြည်းလေး ယခုကဲ့သို့ လှည့်ပတ်သွားလာနေသည်မှာ ကောင်းမွန်သောအရာတစ်ခုဖြစ်ကြောင်း ဝမ်ပေါင်လဲ့က မှတ်ယူထား၏။ အနည်းဆုံးတော့ သူကိုယ်တိုင် အစာရှာစားနေသည် မဟုတ်ပါလော။ ထိုသို့သာမဟုတ်ဘဲ ၎င်းမှာ သူ၏ ဘေးမှ တစ်ဖဝါးမှမခွာဘဲ ရှိနေခဲ့မည်ဆိုပါက ၎င်း၏ သမုဒ္ဒရာကဲ့သို့သော ဝမ်းဗိုက်ကြီးနှင့် ဘယ်လောက်စားစား အာသာမပြေနိုင်သည့် အကြောင်းများကို တွေးမိလိုက်သည့်အချိန်တိုင်း ဝမ်ပေါင်လဲ့မှာ ၎င်းအား သတ်ဖြတ်ပစ်ရန် စိတ်ကူးများပေါ်လာမည်သာဖြစ်သည်။
ထို့ကြောင့် သူသည် ထိုမြည်းလေး အသက်ရှိမရှိကိုသာ တစ်နေ့တစ်ကြိမ် အကဲခတ်စစ်ဆေးနေခဲ့ရုံမှလွဲ၍ ၎င်းကို အာရုံမစိုက်ခဲ့ပေ။ ထို့နောက် သူသည် ရုံးမှပြန်၍ သူ၏ အိမ်ရာဆီသို့ ပြန်သွားသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ရုံးတစ်ရုံးလုံးကို အပိုင်ရထားသောကြောင့် မြို့တော်အသစ်ထဲရှိ သူ၏အိမ်ရာဆီသို့ သွားလေ့သွားထ သိပ်မရှိပေ။ သူသည် တံခါးပိတ်လေ့ကျင့်ခြင်းနှင့် ဓမ္မအဆောင်များ သန့်စင်ခြင်းတို့ကဲ့သို့သော အလုပ်များအတွက် သီးသန့်ပြုလုပ်ထားသည့် နေရာတစ်ခုရှိပေသည်။ ထို့အပြင် ထိုရုံးထဲ၌ ဌာနအသီးသီးမှ ကျင့်ကြံသူများနှင့် ဝန်ထမ်းပေါင်းမြောက်မြားစွာ ရှိနေကြသည့်အပြင် အမျိုးသမီးများ၏ အရေအတွက်မှာ အမျိုးသားများထက် ပို၍များနေသောကြောင့် သူ့အတွက် မျက်စိအေးနေရ၏။
သို့သော် ဝမ်ပေါင်လဲ့မှာ ရုံးထဲ၌ အချိန်အကြာကြီး နေခဲ့ပြီးနောက် နောက်ဆုံးတွင် အနည်းငယ်ခန့် သင့်တော်မှုမရှိသလို ခံစားလိုက်ရ၏။ အထူးသဖြင့် ဓမ္မအဆောင်များအား သန့်စင်နေတုန်း တစ်ခုခု ဖြစ်သွားခဲ့ပြီး အဆောက်အဦကြီး ပြိုကျသွားမည်ဆိုပါက အခြားသူများအတွက် အန္တရာယ်ရှိနိုင်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် တွေးတောသုံးသပ်လိုက်ပြီးနောက် သူ၏ အိမ်ရာထဲ၌သာ ဓမ္မအဆောင်များကို လေ့လာရန် ဆုံးဖြတ်လိုက်တော့သည်။ သူ၏ အိမ်ရာကို မြို့တော်အသစ်ထဲရှိ အခြားသော အဆောက်အဦများနှင့် အတူတကွ ပေါင်းစည်းတည်ဆောက်ထားသည်ဖြစ်ရာ သူ၏ရုံးနှင့် သိပ်မဝေးပေ။ ၎င်းမှာ ဘေးကင်းလုံခြုံမှုအတွက် အဆောင်အပြည့်ချထားသည့် သီးသန့်နယ်မြေတစ်ခုထဲတွင် တည်ရှိသည်။
ထိုနယ်မြေထဲ၌ သူတစ်ယောက်တည်း ရှိသည်မဟုတ်ဘဲ သီးခြားတည်ဆောက်ထားသည့် အိမ်ရာဆယ်ခု ရှိနေ၏။
ထိုနယ်မြေထဲ၌ နေခွင့်ရှိသူများမှာ သူ့အပြင် အခြား မြို့တော်ဝန်များနှင့် လက်ထောက်မြို့တော်သခင် လီဝမ်အာတို့ပင်ဖြစ်သည်။ သို့သော် သူ့ကဲ့သို့ပင် အခြားသူများမှာလည်း ထိုအိမ်ရာများထဲ၌ သိပ်၍ မနေကြပေ။
ယခုတွင် ဝမ်ပေါင်လဲ့မှာ သူ၏ အိမ်ရာဆီသို့ ပြန်ရောက်လာ၏။ သူသည် ပြင်ပအနှောင့်အယှက်များကို ကာကွယ်တားဆီးနိုင်ရန် မန္တန်အစီအရင်ကြီးအား ဖွင့်လိုက်ပြီး သူ၏ နေ့စဉ်လေ့ကျင့်ခန်းများကို စတင်လိုက်တော့သည်။ ထိုကဲ့သို့ နေ့စဉ်ပြုလုပ်နေသည့် လေ့ကျင့်ခန်းများနှင့် အမှောင်ချီ၏ အားဖြည့်ပေးမှုများကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ လျင်မြန်စွာ တိုးတက်လာနေ၏။ ထို့ကြောင့် တစ်ခဏလေးအတွင်းတွင် သူသည် နှောင်းပိုင်းအခြေတည်အဆင့်၏ ထိပ်ဆုံးအဆင့်ထိ ရောက်ရှိသွားပြီး အခြေတည်ထိပ်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ရန် သိပ်မလိုတော့ပေ။
ဝမ်ပေါင်လဲ့မှာ သူ၏တိုးတက်မှုနှုန်းကြောင့် အလွန်အင်မတန်မှ ပျော်ရွှင်နေရပြီး သုံးနှစ်အတွင်း အမြုတေအဆင့်သို့ မရောက်နိုင်စရာ အကြောင်းမရှိကြောင်း တွေးလိုက်၏။ သူ အမြုတေအဆင့်သို့ ရောက်ရှိသွားသည်နှင့် စစ်တပ်ခွင့်ပြုမိန့် ပျက်ပြယ်သွားလျှင်တောင် ရာထူးတက်ရန် ကြိုးစားနေရင်း သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် သူ့ကိုယ်သူကာကွယ်နိုင်မည် ဖြစ်သည်။
” အမြုတေကျင့်ကြံခြင်းအဆင့်နဲ့ ဓမ္မလက်နက်သခင်… အဲဒီ အရည်အချင်းနှစ်ခုစလုံးကိုသာ ပိုင်ဆိုင်သွားမယ်ဆိုရင်…. ပဏာမအဆင့်နှစ်ရာထူးအတွက်တောင် ကြိုးစားခွင့် ရရင်ရသွားမှာ ” ဝမ်ပေါင်လဲ့မှာ ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့၍ တွေးလိုက်၏။ သူသည် ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လိုသော သူ၏ ရည်မှန်းချက်ပန်းတိုင်နားသို့ တဖြည်းဖြည်းနှင့် နီးကပ်လာနေပြီဖြစ်ကြောင်း ခံစားနေရ၏။ သူ့ဘက်မှ အနည်းငယ်ခန့်ထပ်၍ ကြိုးစားအားထုတ်လိုက်ရုံမျှဖြင့် ထိုရာထူးအား အမိအရ ဖမ်းဆုပ်နိုင်တော့မည်ဖြစ်သည်။
” ပြည်ထောင်စုဥက္ကဋ္ဌ ” ထိုရာထူးအကြောင်းကို တွေးမိလိုက်တိုင်း ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရ၏။ အချိန်အနည်းငယ်ခန့် ကြာပြီးနောက် သူသည် စိတ်ကိုပြန်လည်တည်ငြိမ်အောင် ထားလိုက်ပြီ သူ၏လေ့ကျင့်ခန်းများကို ဆက်လုပ်နေလိုက်တော့သည်။ ရက်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးမှ သူသည် တရားထိုင်ခြင်းကို ရပ်တန့်လိုက်ပြီး ဓမ္မအဆောင်များအား စတင်လေ့လာလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်တစ်ခုအတွက် လိုအပ်သည် ဝိညာဉ်ပေါင်းစည်းခြင်းနှင့် မိုးကောင်းကင်လှုံ့ဆော်ခြင်း ပညာရပ်များအကြောင်း တွေ့တောလိုက်ပြီးနောက် ဝိညာဉ်ပေါင်းစည်းခြင်းမှာ ပို၍လွယ်ကူနေလိမ့်မည်ဟု မှတ်ယူလိုက်၏။ သို့သော် အရေးကြီးသောအဆင့်မှာ မိုးကောင်းကင်လှုံ့ဆော်ခြင်းပညာရပ်သာ ဖြစ်သည်။ သို့သော် သူသည် အချိန်အကြာကြီး လေ့လာပြီးသည့်တိုင်အောင် ထိုပညာရပ်အား မည်ကဲ့သို့ အသုံးပြုရမည်ကို နားမလည်နိုင်သေးပေ။ သို့ရာတွင် သူသည် စဇွဲလျှော့လိုက်ခြင်းမရှိပေ။ ဓမ္မလက်နက်များ သန့်စင်ရာ၌ အခက်အခဲများစွာနှင့် ကြုံရမည်ဖြစ်ကြောင်း သူကသိထား၏။ သူသည် တစ်ကြိမ်တွင် အခက်အခဲ တစ်ခုစီကိုသာ ကျော်ဖြတ်ရန် လိုအပ်ပေသည်။။
ဝမ်ပေါင်လဲ့မှာ တံခါးပိတ်လေ့ကျင့်နေခြင်းကို ဆက်လက်ဆောင်ရွက်နေလိုက်၏ယ မြည်းလေးမှလွဲ၍ မြို့တော်အသစ်ကြီးတစ်ခုလုံးမှာ ပုံမှန်ပတိုင်း ဆက်လက်လည်ပတ်နေကြဆဲပင်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများ၏ ဆောက်လုပ်ရေးလုပ်ငန်းများမှာလည်း အရှိန်ရလာကြပြီဖြစ်သောကြောင့် မြို့တော်အသစ်ကြီး၏ ပုံစံမှာ နေ့စဥ်နှင့်အမျှ ပြောင်းလဲနေတော့သည်။ ဆောက်လုပ်ရေးလုပ်ငန်းများအား အဆက်မပြတ်ဆောင်ရွက်နေပြီး ဒီဇိုင်းပုံစံအား ပြီးပြည့်စုံသွားအောင် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သောကြောင့် ၎င်းမှာ မြို့တော်ကြီးတစ်ခုနှင့် ပို၍ ဆင်တူလာတော့သည်။
ထိုအတောအတွင်းတွင် မြည်းလေးမှာ တစ်မြို့လုံးနှံ့အောင် လိုက်လံရှာဖွေနေရင်း အလုပ်ရှုပ်နေခဲ့ရ၏။ ၎င်းမှာ ထိုအစားကို တန်းတန်းစွဲဖြစ်နေသောကြောင့် မောပန်းနွမ်းနယ်ကောင်းမှန်းပင် မသိတော့ပေ။ နောက်ဆုံးတွင် သူသည် မနေနိုင်တော့သဖြင့် အချို့သောနေရာများကိုဆိုလျှင် မျက်ခြည်မပြန်တမ်း စောင့်ကြည့်နေတော့သည်။ သူ၏ ပစ်မှတ်နှင့်သီသီကလေး ကပ်လွဲသွားခဲ့သော အကြိမ်အနည်းငယ်ခန့် ရှိခဲ့ပါသော်လည်း ၎င်းမှာ ဇွဲမလျှော့သေးပေ။
ထိုမြို့တော်သစ်ထဲ၌ အစပိုင်းတုန်းက စိတ်အေးနေရပြီးနောက် တဖြည်းဖြည်းနှင့် ဒေါသထွက်လာရပြီး နောက်ဆုံးတွင် အံတကြိတ်ကြိတ်ဖြစ်နေရသည့် လူတစ်ယောက်လည်း ရှိနေသေးသည်။
ထိုသူမှာ ဝမ်ဟွေ့ပင်ဖြစ်ပြီး သူ အံကြိတ်နေရသည့် အကြောင်းအရင်းမှာ လျှိုတောက်ပင်းကြောက့်ပင် ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ့အား စောင့်ကြည့်ခိုင်းရန် လျှိုတောက်ပင်းအား စေလွှတ်ထားခဲ့သည်ဖြစ်ရာ သူသည် ဘာမှမလုပ်နိုင်ဘဲ ဖြစ်နေရ၏။ လျှိုတောက်ပင်းမှာလည်း သူ၏အလုပ်၌ ကျွမ်းကျင်မှုအပြည့်ရှိနေသည်ဖြစ်သည်။ သူသည် ထိုနယ်မြေ၏ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများကို ချက်ချင်းပင် တာဝန်ယူလိုက်၏။ ထိုအပိုင်းတွင် သူသည် အတွေ့ကြုံရင့်သန်နေသည် မဟုတ်ပါလော။
လျှိုတောက်ပင်းမှာ ငယ်စဉ်ဘဝကတည်းက ထိုကဲ့သို့သော အလုပ်များကို လုပ်နေခဲ့သည်လားဟု ဝမ်ဟွေ့က သံသယဝင်သွားခဲ့ရ၏။ သူ၏ သံသယမှာလည်း မမှားပေ။ လျှိုတောက်ပင်းမှာ တာအိုကျောင်းထဲသို့ စတင်ရောက်ရှိလာခဲ့သည့် အချိန်ကတည်းက ဝမ်ပေါင်လဲ့အတွက် ယခုလို အလုပ်များကို လုပ်ပေးနေခဲ့သည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့ ရှိနေခဲ့စဉ်တုန်းကလည်း သူက ထိုအလုပ်များ လုပ်နေခဲ့သည်ဖြစ်သလို သူထွက်သွားပြီးသည့် နောက်တွင်လည်း ထိုအလုပ်များကို ဆက်လုပ်နေခဲ့သည်သာဖြစ်သည်။ ထို့ကြောင့် သူသည် ထိုအပိုင်းတွင် တစ်ဖက်ကမ်းခပ် ကျွမ်းကျင်နေပြီဟု ဆိုနိုင်ပေသည်။
လျှိုတောက်ပင်း၏ သတိကြီးသော ကြီးကြပ်မှုများကြောင့် ဝမ်ဟွေ့၏ နယ်မြေအသစ်ထဲမှ လူတိုင်းမှာ အန္တရာယ်နှင့် ကြုံနေကြရပြီဖြစ်သည်။ ဝမ်ဟွေ့ပင်လျှင် ရာထူးမှ ထုတ်ပယ်ခံရမည့် အလားအလာများ ရှိနေ၏။ အချို့သော အချိန်များတွင်ဆိုလျှင် ဝမ်ဟွေ့မှာ သူ၏မကျေနပ်ချက်များကို ဖြေဖျောက်နိုင်စွမ်း မရှိတော့သဖြင့် တစ်ကိုယ်လုံး ပေါက်ကွဲသွားလုမတတ် ခံစားခဲ့ရ၏။
သူတစ်ယောက်သာ ထိုအခြေအနေနှင့် ကြုံနေရသည်မဟုတ်ပေ။ ဖန်ကျင့်နှင့် ချန်းမုတို့မှာလည်း သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအသီးသီးထဲတွင် အလားတူပြဿနာများကို ကြုံတွေ့နေရ၏။ သို့သော် လူတိုင်းမှာ လျှိုတောက်ပင်းလောက် ကျွမ်းကျင်မှုမရှိသောကြောင့် သူတို့မှာ ဝမ်ဟွေ့လောက်တော့ အခြေအနေမဆိုးသေးပေ။
ဝမ်ဟွေ့နှင့် ဖန်ကျင့်တို့မှာ ဝမ်ပေါင်လဲ့နှင့် ပြောဆိုဆက်ဆံရသည်မှာ မည်မျှအထိခက်ခဲကြောင်း သိရှိထားကြသောကြောင့် သူတို့၏ မကျေနပ်ချက်များကို မျိုသိပ်ထားလိုက်ရ၏။ သို့သော် ချန်းမုမှာမူ ငြိမ်ခံမနေခဲ့ပေ။ သူသည် ဝမ်ပေါင်လဲ့မှာ မုန်းတီးနေပြီဖြစ်သလို တစ်ချိန်ထဲမှာပင် သူ၏ ဇနီးလောင်းဖြစ်သု လီဝမ်အာကိုလည်း မကျေမချမ်း ဖြစ်နေရပြီဖြစ်သည်။
သူသည် သူတို့နှစ်ယောက်၏ သံသယဖြစ်ဖွယ် ဂန္တဝင် ရုပ်သံမှတ်တမ်းကြီးအကြောင်းကို ခေါင်းထဲမှ မထုတ်နိုင်လောက်အောင် ဖြစ်နေရ၏။ ယခင်တုန်းကသာဆိုပါက သူသည် ထိုကိစ္စကြီးကို ခေါင်းထဲမှထုတ်ကာ မေ့ပျောက်ထားလိုက်မည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ သူ၏ နှလုံးသားထဲ၌ မကျေနပ်ချက်များနှင့် မုန်းတီးမှုများဖြင့် ပြည့်နှက်နေပြီဖြစ်ရာ ထိုကိစ္စကြီးအကြောင်းကိုသာ တွေးတောနေမိတော့သည်။ ထို့ကြောင့် သူသည် နေမထိထိုင်မသာ ဖြစ်လာရသဖြင့် ကျိုးရိရှန်အား ဆက်သွယ်ကာ ထိုရုပ်သံမှတ်တမ်းအား လှမ်းတောင်းရန် ဆုံးဖြတ်လိုက်တော့သည်။
” ကျိုးရိရှန်။ မင်းဆီမှာ ကျိုးရိဖန်းလို့ခေါ်တဲ့ ညီတစ်ယောက်ရှိတာ ငါသိတယ်။ သူက မင်းအတွက် မင်းရဲ့မိသားစုက ပြုစုပျိုးထောင်ပေးထားတဲ့ သွေးစစ်သည်တစ်ယောက်မလား။ မင်း သူ့ကို နှိမ်ထားဖို့လိုတယ်နော်။ လတ်တလောမှာ သူက ထိမ်းမနိုင်သိမ်းမရ ဖြစ်နေတယ်လို့ ငါကြားထားတယ်…. ”
” မင်းရဲ့ ပြဿနာကို ငါ ဖြေရှင်းပေးနိုင်တယ်။ မင်းလုပ်ရမှာက အဲဒီ ရုပ်သံမှတ်တမ်းတစ်ခုလုံးကို ငါ့ဆီ ပို့ပေးဖို့ပဲ “