နောက်ထပ်တစ်လကုန်လွန်သွားခဲ့ပြီး ဘရူဆာ ၏အပြုအမူများသည် ပို၍သာဆိုးသွမ်းလာလေသည်။ ယခင်က ပိုင်ရှောင်ချန်းကိုရန်စခဲ့ကြသောအမျိုးသားဂိုဏ်းသားများသည် ရူးချင်နေကြပြီး လက်ရှိအခြေအနေအရဘာမှလည်းပြန်မလုပ်နိုင်ကြချေ။
ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ကျင့်ကြံခြင်းအခြေခံသည် ချီစွမ်းအင်စုစည်းမှုအဆင့်တစ်ဆယ်၏မဟာစက်ဝန်းသို့ ဆိုက်ရောက်လာခဲ့လေပြီ။ သူသည်ခက်ခက်ခဲခဲကျော်ဖြတ်ရမည့်အတားအဆီးတစ်ခုနှင့်ကြုံတွေ့နေရလေပြီ။
“အခြေခိုင်မာခြင်းအဆင့်ကိုရောက်ဖို့ပဲကျန်တော့တယ်။” အသက်ကိုပြင်းပြင်းရှူကာ မျက်ဝန်းထဲတွင်မျှော်လင့်ချက်များအပြည့်ဖြင့် သူတွေးလိုက်မိ၏။ အခြေခိုင်မာခြင်းအဆင့်ကို လူသားစီးကြောင်း၊ မြေစီးကြောင်းနှင့် ဒဏ္ဍာရီလာ ကောင်းကင်စီးကြောင်း ဟူ၍ခွဲခြားထားသည်။ တစ်ခုစီတိုင်းသည် မတူကွဲပြားစွာအသက်ပိုရှည်စေသည်။ အတိအကျဆိုရလျှင် လူသားစီးကြောင်း သည် နှစ်တရာ၊ မြေစီးကြောင်းသည် နှစ်နှစ်ရာ၊ ကောင်းကင်စီးကြောင်း သည် နှစ်ငါးရာ ပို၍အသက်ရှည်စေသည်။
ပိုင်ရှောင်ချန်းသည် ကောင်းကင်စီးကြောင်း အခြေခိုင်မာခြင်းအဆင့်သို့ရောက်နိုင်ချေမည်မျှရှိသည်ဟုပင် တခါမှမတွေးဖူးချေ။ ဘယ်သောအခါမှရောက်လိမ့်မည်လည်းမထင်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ နှစ်ပေါင်းတစ်သောင်းသမိုင်းတလျှောက်တွင် လက်တစ်ဆုပ်စာလူအနည်းငယ်သာ ကောင်းကင်စီးကြောင်း အခြေခိုင်မာခြင်းအဆင့်ကိုရောက်ခဲ့ကြပြီး ထိုသူများသည်လည်း ကောင်းကင်စီးကြောင်း စွမ်းအင်အချို့ ကြုံရာကျပန်းရရှိခဲ့သောကြောင့်သာ ရောက်ခဲ့ကြခြင်းဖြစ်သည်။
“ယေဘူယျအားဖြင့်ပြောရမည်ဆိုလျှင် အခြေခိုင်မာခြင်းအဆင့်ဆေးလုံးရှိသောလူများအနေဖြင့် လူသားစီးကြောင်း သို့ရောက်နိုင်သည်။ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကိုရောက်ရန် မြေစီးကြောင်းစွမ်းအင်လိုအပ်သည်။ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကိုပင် သန်မာသောအဆင့်နှင့် အားနည်းသောအဆင့်ဟူ၍ထပ်မံခွဲခြားထားသည်။ ထိုကိစ္စမှာ အခြေခိုင်မာခြင်းအဆင့်သို့ရောက်ရောက်ခြင်းကာလအပေါ်တွင်မူတည်သည်။ ထို့အပြင် တစ်စုံတစ်ယောက်၏စိတ်စွမ်းအင်ပင်လယ်ကြီးထဲတွင် ဒီရေစီးကြောင်းဘယ်လောက်များများဖြစ်ပေါ်လာသလဲဆိုသည့်အပေါ်တွင် မူတည်သည်။ ဒီရေစီးကြောင်းသည် အနည်းဆုံးတစ်ခါတော့ပေါ်မည်ဖြစ်ကာ အများဆုံးကိုးခါအထိပေါ်နိုင်လေ၏။
“ထို့နောက် သူ၏အသွေးအသားခန္ဓာကိုယ်အစွမ်းတွေရှိသေးသည်။ သူသည်ယခုအခါ ပထမအတားအဆီးနှင့် ထိတွေ့နိုင်သောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ထာဝရရွှေအရေပြားကိုအသုံးပြု၍ထိုးဖောက်သည်ဖြစ်စေ၊ နဂါးလိုဆင်လို အဏ္ဏဝါကျမ်း၏တန်ခိုးများကိုသုံး၍ဖြစ်စေ ထိုအတားအဆီးကိုသူကျော်ဖြတ်နိုင်လိမ့်မည်ဖြစ်သည်။
ထိုနည်းလမ်းနှစ်ခုလုံးကိုအသုံးပြု၍ကျော်ဖြတ်ရန်ကြိုးစားကြည့်ပါမူ သူ၏အစွမ်းသည် ခန့်မှန်း၍မရအောင်ကြီးမားနေပေမည်။ ပိုင်ရှောင်ချန်းသိထားသည်ကတော့ အခြေခိုင်မာခြင်းအဆင့်ဆေးလုံးများကို စွမ်းဆောင်မှုရမှတ်များအသုံးပြုကာ ဂိုဏ်းမှဝယ်ယူနိုင်ပေသည်။
ဆေးလုံးများသည် ဈေးအဆမတန်ကြီးမားသော်လည်း သူ့တွင်စုဆောင်းထားသည်များရှိလေရာ ဝယ်ယူလိုပါက ဝယ်ယူ၍ရနိုင်ပေသည်။ သို့သော် သူသည် ထိုကဲ့သို့မဝယ်ယူလိုပေ။ လူသားတာအို ဟုလူသိများသော လူသားစီးကြောင်း အခြေခိုင်မာခြင်းအဆင့်သည် နှစ်တရာသာပို၍အသက်ရှည်စေမည်မဟုတ်ပါလား။
အချိန်အတော်ကြာစဥ်းစားပြီးနောက် ပိုင်ရှောင်ချန်းသည် ကျောက်စိမ်းပေလွှာတစ်ခုကိုထုတ်လိုက်ကာ လီချင်းဟောက်ဆီသို့စာတစ်စောင်ပို့လိုက်လေ၏။ စာထဲတွင် မြေစီးကြောင်းစွမ်းအင်အကြောင်းထပ်မံပြောပြပေးရန်မေးမြန်းထားလေသည်။
စက္ကန့်ပိုင်းမျှအကြာတွင် လီချင်းဟောက်ဆီမှစာပြန်ရောက်လာသောကြောင့် ကျောက်စိမ်းပေလွှာသည်အရောင်ဖျော့ဖျော့လေးတောက်ပလာသည်။ ပိုင်ရှောင်ချန်းသည် ချက်ချင်းပင် စိတ်စွမ်းအင်အချို့ကို ကျောက်စိမ်းပေလွှာထဲသို့ထုတ်လွှတ်လိုက်ရာ လီချင်းဟောက်၏အသံသည် သူ၏စိတ်တွင်ပဲ့တင်ထပ်ထွက်ပေါ်လာလေသည်။
“အစတုန်းကတော့ ငါ နည်းနည်းကြာမှပြောမလို့ပဲ… ဒါပေမယ့်… နောက်သုံးလကြာရင် မြောက်ပိုင်းဂိုဏ်းကလူ ၁၅၀၊ တောင်ပိုင်းဂိုဏ်းကလူ ၁၀၀၊ ချီစွမ်းအင်စုစည်းမှုအဆင့်တစ်ဆယ်ရှိတဲ့အတွင်းစည်းဂိုဏ်းသားအားလုံးတို့က တာအိုသစ်စေ့တောင်ပေါ်က ခန်းမဆောင်ကြီးမှာ စုဝေးကြလိမ့်မယ်။”
“အကြောင်းရင်းကတော့ အခြေခိုင်မာခြင်းအဆင့်မြင့်မြတ်သောနယ်မြေသုံးခုဖွင့်ဖို့အတွက်ပဲ။ မင်းအနေနဲ့ကတော့ မြေခဓား မဟူရာချောက် ကိုသွားပြီး မြေစီးကြောင်းစွမ်းအင်ကိုရဖို့ တခြားလူတွေအားလုံးနဲ့ယှဥ်ပြိုင်တိုက်ခိုက်ရလိမ့်မယ်။ မြေစီးကြောင်းစွမ်းအင်ရလာရင် မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကိုရောက်ဖို့အသုံးပြုလို့ရပြီ။ အကယ်၍ မင်းသာအောင်မြင်လို့ရှိရင် နှစ်ပေါင်း ၂၀၀ ပိုပြီးအသက်ရှည်လိမ့်မယ်။ မင်းရဲ့ ထာဝရအသက်ရှည်ဖို့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ အဓိကအရေးပါတဲ့အဆင့်ပဲ။
ပိုင်ရှောင်ချန်းသည် ကျောက်စိမ်းပေလွှာကိုစိတ်လှုပ်ရှားစွာကြည့်နေမိသည်။
“မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကိုရောက်ရင် နှစ်ပေါင်း ၂၀၀ ပိုပြီးအသက်ရှည်မယ်။” သူ့မျက်လုံးများသည် မျှော်လင့်ချက်ကြောင့်အရောင်လက်သွားပြီးခဏအကြာတွင် “တခြားသူတွေနဲ့ ယှဥ်ပြိုင်ရမယ်ဆိုရင်သေချာပေါက်ရက်စက်ကြမ်းကြုတ်မှာပဲ…” ဟုတွေးလိုက်မိသည်။
“ဒါပေမယ့် နှစ်ပေါင်း ၂၀၀ အသက်ပိုရှည်မှာပဲလေ” ထိုကိစ္စနှင့်ပက်သတ်၍ဝေခွဲမရဖြစ်နေသည်။ သူ၏ထာဝရအသက်ရှည်ခြင်းအပေါ်စွဲလမ်းနေမှုကြောင့် သူ၏မျက်လုံးများမှာ သွေးပျက်နေသည်။
ပိုင်ရှောင်ချန်းသည် ဖြစ်လာမည့်ကိစ္စများအကြောင်း ကြိုတင်အကြောင်းကြားခြင်းခံရသော တစ်ဦးတည်းသောလက်ရွေးစင်မဟုတ်ပေ။ မကြာမီပင် အခြေခိုင်မာခြင်းအဆင့်မြင့်မြတ်သောနယ်မြေသုံးခုအကြောင်းသည် မြောက်ပိုင်းနှင့်တောင်ပိုင်းတွင် ဟိုးလေးတကျော်ကျော်ဖြစ်နေသည်။
အခြေခိုင်မာခြင်းအဆင့်နယ်မြေသုံးခုမှာ မြေခဓား မဟူရာချောက်, အထီးကျန်ငရဲနယ်မြေ နှင့် ရှေးဟောင်းဝိညာဥ်တံခါးပေါက် တို့ဖြစ်ကြသည်။ နှစ်ခြောက်ဆယ်လျှင်တစ်ကြိမ် ထိုနယ်မြေများကိုတပြိုင်တည်းဖွင့်လှစ်လေ့ရှိရာ ယခုနှစ်တွင်အချိန်ကျရောက်လာပြန်ပြီဖြစ်သည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် မြင့်မြတ်သောနယ်မြေသုံးခုအတွင်းသို့ လူများလွှတ်ရန်အရည်အချင်းပြည့်မီသော တစ်ခုတည်းသောဂိုဏ်းတော့မဟုတ်ပေ။ အရှေ့ဘက်ခြမ်းရှိ ကျင့်ကြံခြင်းပြုလုပ်နေကြသော အသန်မာဆုံးဂိုဏ်း လေးဂိုဏ်းစလုံးမှ ဂိုဏ်းသားများ ပို့လွှတ်ကြမည်ဖြစ်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် ထိုဂိုဏ်းကြီးလေးခုထဲမှ တစ်ခုသာဖြစ်သည်။
မြေခဓား မဟူရာချောက် သည် မြင့်မြတ်သောနယ်မြေသုံးခုထဲတွင် အကောင်းဆုံးတခုအဖြစ်သတ်မှတ်ခံထားရသည်။ အထီးကျန်ငရဲနယ်မြေ နှင့် ရှေးဟောင်းဝိညာဥ်တံခါးပေါက် တို့သည် ဒုတိယအကောင်းဆုံးဖြစ်သည်။ ထိုသို့အဆင့်သတ်မှတ်ထားရခြင်းမှာ ဒဏ္ဍာရီများအရ မြေခဓား မဟူရာချောက် တွင် ကောင်းကင်စီးကြောင်း စွမ်းအင် ကမ်းနားတစ်ခုရှိခဲ့ဖူးသောကြောင့်ဖြစ်သည်။
ထိုဒဏ္ဍာရီများရှိနေခဲ့သည်မှာ ကြာခဲ့ပေပြီ။ သို့သော်လည်း မြေခဓား မဟူရာချောက် ဖွင့်သည့်အချိန်တိုင်း ကောင်းကင်စီးကြောင်း စွမ်းအင် များကို တစ်ယောက်ယောက်ရသွားသည်ဟူ၍ မရှိဘူးချေ။
မြေစီးကြောင်းစွမ်းအင်အတွက်ယှဥ်ပြိုင်တိုက်ခိုက်ရသည်မှာ သွေးချောင်းစီးသောတိုက်ပွဲများဖြစ်လေ့ရှိသောကြောင့် အသန်မာဆုံးသူသာလျှင် အနိုင်ရရှိမည်ဖြစ်ပေသည်။
အခြေခိုင်မာခြင်းအဆင့်မြင့်မြတ်သောနယ်မြေသုံးခုအကြောင်း မြောက်ပိုင်းနှင့် တောင်ပိုင်းတခွင်တွင်ဆွေးနွေးပြောဆိုနေကြလေသည်။ ချီစုစည်းမှုအဆင့်တစ်ဆယ်ရှိသောအတွင်းစည်းဂိုဏ်းသားများသည် ထိုအကြောင်းကို စိတ်လှုပ်ရှားစွာ ပြောဆိုဆွေးနွေးနေကြလေသည်။
“အဲ့နေ့ကျရင်တော့ အစုလိုက်အပြုံလိုက်သွေးချောင်းစီးကြဦးမှာပဲ။ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်အတွက် ယှဥ်ပြိုင်တိုက်ခိုက်ဖို့ အရည်အချင်းပြည့်မီတဲ့လူတွေထဲမှာ အနည်းငယ်ကတော့သေရတာပဲ။ ဒါနဲ့… ဂိုဏ်းလေးခုစလုံးက တရားဝင်ယှဥ်ပြိုင်တိုက်ခိုက်ကြမယ်ဆိုတာ ကျုပ်အခုမှကြားဖူးတာပဲ။ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကိုရောက်သွားတဲ့ဂိုဏ်းကလူဦးရေက နောက်တကြိမ်ထပ်လွှတ်မယ့်လူအရေအတွက်ကို ဘယ်လိုသက်ရောက်မှုရှိမလဲ။”
“အာ… ဒါကမမျှတပါဘူး။ လူသားစီးကြောင်း နဲ့ မြေစီးကြောင်းဆိုတာကအကွာကြီးပဲကို။ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်က လူသားစီးကြောင်း ကို သေချာပေါက်လုံးခြေပစ်လိုက်နိုင်တာပဲ။ သူတို့နှစ်ခုက လုံးဝအဆင့်အကွာကြီးပဲ။”
ထိုအထဲမှ ပြင်းထန်ပြီးသွေးချောင်းစီးသောတိုက်ပွဲများအကြောင်း ကြားသိရပြီးကြောက်လန့်တုန်လှုပ်နေကြသူများလည်းရှိလေသည်။ အချို့သည် ပို၍ဘေးကင်းသော လူသားတာအို အခြေခိုင်မာခြင်းအဆင့်ကို နှစ်ပေါင်းများစွာပို၍အသက်ရှည်စေပြီး ကိုယ့်ထက်အဆင့်နိမ့်သူများကိုနင်းချေနိုင်မည်ဆိုတာထက် ပိုသဘောကျကြသည်။
နောက်သုံးလကြာပြီးနောက် အာရုဏ်တက်အချိန်တွင် တာအိုသစ်စေ့တောင်ပေါ်မှ သာယာသောခေါင်းလောင်းသံများ ပေါ်ထွက်လာလေသည်။ ဂုဏ်သရေရှိတောင်ထိပ်တောင်ထိပ်သခင်ခုနှစ်ဦးသည် နောက်လိုက်တပည့်ဂိုဏ်းသားပေါင်း တစ်ဒါဇင်စီခြံရံကာ ကျက်သရေရှိစွာပျံသန်းသွားကြလေသည်။
ဂိုဏ်းအတွင်းမှလူများသည် တာအိုသစ်စေ့တောင်ဆီသို့ဦးတည်ပျံသန်းသွားနေကြသော လူများကိုရင်သပ်ကြည့်ရှုနေကြလေသည်။ ပျံသန်းသွားသောလူများမှာ အလွန်ထင်ပေါ်ကျော်ကြားသောကြောင့် အခြားဂိုဏ်းသားများသည် သူတို့၏နာမည်များကိုပင်သိနေကြလေသည်။
မြောက်ပိုင်းဂိုဏ်းမှ ပေဟန်လဲ့၊ ရွှီဆုန်၊ ကုန်းစွန်းဝမ်အာ၊ ပေဟန်ဖိန်း၊ ကုန်းစွန်းယွင်တို့နှင့်အတူ ရှေ့ဆုံးမှဝိညာဥ်စွယ်က အနက်ရောင်မြူခိုးများဝန်းရံကာဦးဆောင်ထွက်ခွာသွားကြလေသည်။
တောင်ဘက်ပိုင်းတွင်လည်း ထိုကဲ့သို့သောမြင်ကွင်းတစ်ခုကို မြင်တွေ့ရမည်ဖြစ်သည်။ မြစိမ်းတောင်၊ မွှေးရနံ့တိမ်တောင်နှင့် ခရမ်းဒယ်အိုးတောင်တို့မှ ဂိုဏ်းသားအများအပြားသည် ပျံသန်းနေသောလူများကို စိတ်လှုပ်ရှားစွာမော့ကြည့်နေကြလေသည်။ ရွှီပေါက်ချိုင်သည် မှတ်စုစာအုပ်ကြီးတစ်အုပ်ကိုကိုင်ကာ ဖြစ်ပျက်နေသမျှကိုရေးမှတ်နေလေသည်။
ရှမ်ကွမ်းထျန်ယုံသည် ယခင်ကထက်အများကြီး ပိုအစွမ်းထက်လာသည်မှာသိသာပေသည်။ သူသည် မျက်စိကျိန်းလောက်အောင်တောက်ပသောအလင်းတန်းတခုအလား ပျံသန်းနေသည်မှာ ဓားအိမ်မှထုတ်လိုက်သော ထက်မြက်နေသည့်ဓားတစ်ချောင်းနှင့်ပင်တူနေလေသည်။ ကျိုးရှင်းချီသည် အပြာရောင်အလင်းတန်းများဝန်းရံကာ ပျံသန်းသွားနေသည်။
လုထျန်းလဲ့သည် ကောင်းကင်ကိုပင်နှစ်ခြမ်းခွဲပစ်နိုင်သော စွမ်းအားကြီးမားသည့် မိုးကြိုးသွားတစ်ခုနှင့်ပင်တူနေလေသည်။ သူတို့နှင့်အတူ အခြားဝါရင့်အတွင်းစည်းဂိုဏ်းဝင်များသည် တောင်ပိုင်းတောင်ထိပ်သခင်သုံးဦးနောက်မှ အေးဆေးတည်ငြိမ်စွာပျံသန်းလိုက်ပါသွားကြသည်။
အကြီးအကဲဂိုဏ်းချုပ်များနှင့် အခြားအရည်အချင်းပြည့်မီသောဂိုဏ်းသားများသည် ဆွေးနွေးတိုင်ပင်နေကြသည်။
“မြောက်ပိုင်းကလူ ၁၅၀ နဲ့ တောင်ပိုင်းကလူ ၁၀၀ ရှိတယ်။ သူတို့ထဲကဘယ်နှယောက်လောက်များ တခြားဂိုဏ်းသုံးဂိုဏ်းနဲ့ ယှဥ်ပြိုင်တိုက်ခိုက်မှုတွေမှာအနိုင်ရပြီး နောက်ဆုံးမှာမြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကိုရောက်မလဲမသိဘူး။ သူတို့ထဲကတချို့ကတော့ ဘယ်တော့မှပြန်လာနိုင်တော့မှာမဟုတ်ဘူး။ ကျင့်ကြံခြင်းလမ်းစဥ်ဟာ သွေးနဲ့ခင်းထားတယ့်လမ်းဖြစ်ပြီး တောအုပ်ကြီးရဲ့စည်းမျဥ်းစည်းကမ်းတွေနဲ့ အုပ်ထိန်းထားတယ်။”
“ကျုပ်တို့မျိုးနွယ်စုက ဝါရင့်ဂိုဏ်းဝင်တစ်ယောက်ပြောဖူးတာတော့ အခြေခိုင်မာခြင်းအဆင့်မြင့်မြတ်သောနယ်မြေသုံးခုဖွင့်လှစ်တိုင်းမှာ လူတွေအစုလိုက်အပြုံလိုက်သေပြီး သွေးချောင်းစီးရတာပဲတဲ့။ တချို့လူတွေအတွက်ဆိုရင် သူတို့ရဲ့အဓိကရည်ရွယ်ချက်က အခြေခိုင်မာခြင်းအဆင့်ကိုရောက်ဖို့မဟုတ်ဘဲ တခြားဂိုဏ်းသုံးခုက ဂိုဏ်းဝင်တွေကိုသတ်ဖို့ပဲတဲ့။ နှစ်ပေါင်းခြောက်ဆယ်မှတစ်ခါကျင်းပတဲ့ ဂိုဏ်းကြီးလေးခုကြားက စစ်ပွဲတစ်ခုလိုပေါ့ကွာ။”
“ဒါပေမယ့် ကျုပ်တို့လက်ရွေးစင်တွေကို အသတ်ခံရဖို့ဘာလို့လွှတ်နေရတာလဲ။ မြေစီးကြောင်းစွမ်းအင်က သိမ်းထားပြီး နောက်မှအသုံးပြုလို့မရမှန်းကျုပ်သိပါတယ်… ဒါပေမယ့်… လူသားတာအို အခြေခိုင်မာခြင်းအဆင့်က ပိုပြီးဘေးမကင်းဘူးလား။ ပိုပြီးအားနည်းရင်နည်းမယ်… ဒါပေမယ့် လူအများအပြားသေကြေစရာမလိုတော့ဘူးပေါ့ဗျာ။”
“ဟမ်… မျိုးဆက်တစ်ခုမှာ အားနည်းတဲ့လူတွေပြည့်နေလို့ရှိရင် နောက်မျိုးဆက်တွေမှာလဲ အားနည်းတဲ့လူတွေပဲဖြစ်လာမှာပေါ့။ အဲ့လိုသာဖြစ်လာလို့ရှိရင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဟာ တချိန်ချိန်မှာတော့ ပျောက်ကွယ်သွားမှာပဲ။”
“ဂိုဏ်းကြီးလေးဂိုဏ်းစလုံးက တိုက်ခိုက်ဖို့ရှောင်နေကြမှာမဟုတ်ဘူးကွ။ သူတို့ဂိုဏ်းထဲမှာ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကိုရောက်နိုင်တဲ့ ဂိုဏ်းသားတစ်ယောက်လောက်ရှိနေရင်ကို သူတို့ကတိုက်ခိုက်နေဦးမှာပဲ။ ဂိုဏ်းသားမျိုးဆက်တစ်ခုက အားနည်းနေလို့ရှိရင် ဂိုဏ်းရဲ့အစွမ်းဟာလည်းယုတ်လျော့သွားလိမ့်မယ်။ အဲ့လိုဆိုရင် ပြင်ပအနှောက်အယှက်ရန်တွေကိုကြောက်လန့်နေရလိမ့်မယ်။ ခေါင်းခဲစရာတွေဖြစ်လာလိမ့်မယ်။”
“အကောင်းဆုံးဥပမာတစ်ခုကတော့ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းပဲကွ။ ဟိုးအရင်တုန်းက သူတို့ဟာတိုက်ခိုက်ဖို့ကိုသုံးကြိမ်ဆက်တိုက်ရှောင်ဖယ်နေခဲ့ကြတယ်။ နောက်တော့သူတို့ရဲ့တိုက်ပွဲစွမ်းရည်တွေကျကုန်တယ်။ အဲဒီနောက်မှာ အင်အားကြီးမားတဲ့လူတွေ ဂိုဏ်းရဲ့ပိုင်နက်ပေါ်ကိုရောက်လာပြီး သူတို့ပိုင်နယ်မြေလေးတွေစတင်ထူထောင်လာကြတယ်။ ကျုပ်တို့စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကတောင် သူတို့ရဲ့နယ်မြေ ၂၀ ရာခိုင်နှုန်းလောက်ကို သိမ်းပိုက်ခဲ့ကြသေးတယ်။ သူတို့ဟာတွန်းအားပေးခံလိုက်ရသလိုဖြစ်ပြီး တဖန်ပြန်လည်ဝင်ရောက်တိုက်ခိုက်ကြတော့ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ဂိုဏ်းသားအချို့ကိုရရှိလိုက်ကြတယ်။ တခြားဂိုဏ်းသားတွေတော့ သေကြေကုန်ကြတာပေါ့။ ဒါပေမယ့် သူတို့ဟာအရင်ကအခြေအနေကို ပြန်လည်ထူထောင်နိုင်ခဲ့ကြတယ်။”
မကြာမီတွင် တောင်ပိုင်းနှင့်မြောက်ပိုင်းဂိုဏ်းသားများသည် တောင်ထိပ်သခင်အသီးသီးကဦးဆောင်ကာ တာအိုသစ်စေ့တောင်ပေါ်ရှိခန်းမဆောင်ရှေ့သို့ဆင်းသက်လိုက်ကြသည်။ ဂိုဏ်းသားတိုင်း၏မျက်နှာသည် တည်ကြည်ငြိမ်သက်နေကြသည်။
ဂိုဏ်းသားအားလုံးသည် သူတို့၏နောက်ထပ်သွားရမည့်ခရီးပန်းတိုင်သည် အခွင့်အရေးများရော၊ သွေးမြေကျရမည့်ဖြစ်ရပ်များနှင့်ပါပြည့်နှက်နေသည်ဆိုတာကို သိထားကြသည်။
ဂိုဏ်းသားများသည် အခြားဂိုဏ်းသားများကို လေ့လာအကဲခတ်နေကြသည်။ မကြာမီပင် ဂိုဏ်းသားတစ်ယောက်ရောက်မလာသေးကြောင်းသတိထားမိလိုက်ကာ ထိတ်လန့်သွားကြလေ၏။
“ပိုင်ရှောင်ချန်းလိုက်မလာဘူးလား”
ဂိုဏ်းသားများပင် အံ့သြတုန်လှုပ်သွားကြသည်မဟုတ်ပေ။ တောင်ထိပ်သခင်ခုနှစ်ဦးသည် စဥ်းစားရခက်နေသောမျက်နှာများဖြင့် မြောက်ပိုင်းရှိသားရဲမွေးမြူရေးခြံရှိရာဘက်သို့ မျှော်ကြည့်နေကြလေသည်။ လီချင်းဟောက်သည်လည်း အံ့သြတုန်လှုပ်လျက်ရှိသည်။ ပိုင်ရှောင်ချန်းသည် ဆိုးသွမ်းပြီးနောက်ပြောင်ကျီစယ်နေတတ်ကာ သေရမည်ကိုကြောက်သော်လည်း သူသည် ထာဝရအသက်ရှည်ခြင်းကိုစွဲလမ်းနေသောကြောင့် သေချာပေါက်လိုက်လာလိမ့်မည်ဟုယုံကြည်နေသည်။
သားရဲမွေးမြူရေးခြံတွင် ပိုင်ရှောင်ချန်းသည် ခေါင်းလောင်းသံများကိုနားစွင့်ကာထိုင်လျက်ရှိသည်။ အချိန်အကြာကြီးစဥ်းစားပြီးနောက် သူသည်အံကိုတင်းတင်းကြိတ်ကာ မတ်တပ်ထရပ်လိုက်သည်။ လွန်ခဲ့သောသုံးလအတွင်း သူသည်ကျင့်ကြံခြင်းအပေါ်၌ လုံးဝအာရုံစိုက်ထားသည်။ သူသည်ထောင်ပေါင်းများစွာသော အဆောင်လက်ဖွဲ့များဝယ်ယူရန်အတွက် စွမ်းဆောင်မှုရမှတ်အများအပြားကိုအသုံးပြုထားပြီး ယခုအခါသူ့တွင်လက်နက်ကိရိယာများအစုံအလင်ရှိနေပြီဖြစ်သည်။ သူ၏ထာဝရငွေအရေပြားနှင့် ထိုးဖောက်နိုင်ရန်လည်း အပြင်းအထန်ကြိုးစားခဲ့ပြီးဖြစ်သည်။ ကံမကောင်းစွာပင် သူသည်အနည်းငယ်တိုးတက်လာသော်လည်း မထိုးဖောက်နိုင်သေးပေ။
သူ၏အထုပ်အပိုးများကိုပြင်ဆင်ပြီး၍ ထွက်သွားရန်လည်းအဆင်သင့်ဖြစ်နေလေပြီ။ ဘရူဆာ ကိုတော့ ထိုကဲ့သို့သောဖြစ်ရပ်များအတွက်အဆင်သင့်မဖြစ်သေးသောကြောင့် သူနှင့်အတူခေါ်မလာခဲ့ပေ။ ရွှေကျီးကန်းဓားပေါ်သို့ခုန်တက်လိုက်ပြီး တာအိုသစ်စေ့တောင်ဆီသို့ဦးတည်ပျံသန်းသွားလေ၏။ လမ်းတွင် ဝိညာဥ်ကျောက်တုံးဆောင်၌ခဏရပ်ကာ စွမ်းဆောင်မှုရမှတ်အနည်းငယ်ကိုအသုံးပြုပြီး မြေမီးတောက်သလင်းကျောက် အချို့ဝယ်ယူခဲ့လေသည်။ မြေမီးတောက်သလင်းကျောက်များသည် မြေမီးတောက်အစစ်အစားအသုံးပြုနိုင်ကာ နေရာမရွေး လိုအပ်သလိုဆေးဖော်စပ်နိုင်ပေသည်။
သူ၏မျက်လုံးများသည် နီရဲနေ၏။ သူသည်လွန်ခဲ့သောရက်ပိုင်းကတည်းက ဆုံးဖြတ်ချက်ချထားခဲ့သော်လည်း လိုရမယ်ရပြင်ဆင်မှုများပြုလုပ်ထားလေသည်။ ထို့ကြောင့် သူသည်ရှေးဟောင်းမှတ်တမ်းများစွာကို သေချာဖတ်ရှုထားခဲ့လေရာ အခြေခိုင်မာခြင်းအဆင့်မြင့်မြတ်သောနယ်မြေများ၏ လူမဆန်ရက်စက်ကြမ်းကြုတ်သွေးချောင်းစီးမှုများအကြောင်း သိရှိပြီးဖြစ်သည်။ ဂိုဏ်းများအတွက် မည်မျှအင်အားကြီးမားကြောင်း အခြားသူများသိအောင် ဖော်ပြနိုင်မည့်အခွင့်အရေးတစ်ခုဖြစ်မှန်းလဲ သိထားပြီးဖြစ်လေသည်။
ထိုအကြောင်းအရာများကိုပို၍သိလာလေလေ၊ ပို၍စိုးရိမ်ထိတ်လန့်မိလေလေဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၈၀၀ ခန့်က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားဆယ်ယောက်ခန့်သာ မြေခဓား မဟူရာချောက် မှပြန်ရောက်ခဲ့ကြောင်းသိလိုက်ရသောအခါ သူပို၍ထိတ်လန့်စိုးရိမ်သွားလေသည်။ ထိုကဲ့သို့ ကြမ်းတမ်းပြီးလူမဆန်သောဖြစ်ရပ်များကြောင့် ပိုင်ရှောင်ချန်းပို၍စိုးရိမ်မိခြင်းဖြစ်သည်။
ထိုဖြစ်ရပ်သည် တစ်ခုတည်းသာရှိသေးသည်။ မှတ်တမ်းများအရ လွန်ခဲ့သောနှစ်ပေါင်း ၈၀၀ ခန့်က ထိုသို့ရက်စက်သောဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့ရခြင်းမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ လက်ရွေးစင်ဂိုဏ်းသားတစ်ယောက်ကြောင့်ပင်ဖြစ်သည်။ ထိုလက်ရွေးစင်ကို အတုမဲ့သခင်ဟုခေါ်ကြပြီး သူလျှောက်မည့်လမ်းတွင်ရှိနေသောမည်သူမဆိုကို အမှုန့်ချေပစ်တတ်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသာ ထိုသို့အကြီးအကျယ်ရက်ရက်စက်စက် အသတ်ခံခဲ့ရသည်မဟုတ်ပေ။ အခြားဂိုဏ်းသုံးဂိုဏ်းစလုံးလည်း ထိုသို့တွေ့ကြုံခဲ့ဖူးလေသည်။ ထိုဖြစ်ရပ်တွင်တော့ အခြားဂိုဏ်းသုံးဂိုဏ်းလုံးရှိမျိုးဆက်များအကုန်လုံး အသတ်ခံခဲ့ရပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသည် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကိုကျော်ကာ ဂိုဏ်းလေးဂိုဏ်းတွင် အင်အားအကြီးဆုံးဂိုဏ်းဖြစ်လာခဲ့သည်။
အတုမဲ့သခင်သည် ယခုအခါ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးအတုမဲ့ ဖြစ်နေလေပြီ။
အခြေခိုင်မာခြင်းအဆင့်မြင့်မြတ်သောနယ်မြေများဖွင့်စဥ်တွင်ဖြစ်ပွားခဲ့သော အခြားတိုက်ပွဲများသည် ထိုမျှလောက် ရက်ရက်စက်စက်မရှိပေ။ အဆိုးဆုံးဆိုလျှင် ဂိုဏ်းသားတစ်ဝက်ခန့်သေဆုံးသည်လောက်သာဖြစ်လေသည်။ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကိုမရောက်ခဲ့သူများပင်လျှင် လိမ္မာပါးနပ်မှုရှိပါက အသက်ရှင်လျက် ပြန်ထွက်နိုင်ခဲ့ကြလေသည်။
သို့သော်လည်း အသတ်ခံရသူ ၅၀ ရာခိုင်နှုန်းဆိုသောအတွေးက ပိုင်ရှောင်ချန်းကိုခြောက်လှန့်နေသည်။ သူသည်အခွင့်အလမ်းကိုလက်လွှတ်ကာ အန္တရာယ်ကင်းဘေးရှင်းသော လူသားတာအို အခြေခိုင်မာခြင်းအဆင့်ကိုဝင်ရောက်ပြီး နှစ် ၁၀၀ ပို၍အသက်ရှည်ခြင်းကို အေးအေးဆေးဆေးလေး ယူချင်နေသည်။
သို့သော်လည်း သူ၏အိပ်မက်မှာ နှစ်ပေါင်း ၁၀၀ ပို၍အသက်ရှည်ရန်မဟုတ်ပေ။ သူသည် ထာဝရအသက်ရှည်ချင်နေသည်မဟုတ်ပါလား…။
“ငါ အနှစ် ၁၀၀ ထက်ပိုအသက်ရှည်ချင်တာ။ငါက ထာဝရအသက်ရှည်ချင်တာ။” ရှေးဟောင်းမှတ်တမ်းများကိုဖတ်ရှုပြီးသောအခါ သူသည်အတော်ပင်သွေးပျက်နေပြီဖြစ်ပြီး အခြေခိုင်မာခြင်းအဆင့်တိုက်ပွဲများအကြောင်းလည်း ရှင်းရှင်းလင်းလင်းသိနေပြီဖြစ်သည်။ အဓိကကျသောအချက်တစ်ခုမှာ လူသားတာအို အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံမှုတစ်ယောက်မှ ရွှေအမြုတေအဆင့်သို့မရောက်သေးဟူသော အချက်ပင်ဖြစ်သည်။
အကယ်၍ သူသာရွှေအမြုတေအဆင့်ထိရောက်အောင် ကျင့်ကြံလိုပါမူ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်သို့ရောက်အောင် အရင်လုပ်ရမည်ဖြစ်သည်။
ရွှေအမြုတေအဆင့်အနိမ့်ဆုံးပင်လျှင် အခြေခိုင်မာခြင်းအဆင့်ထက် အများကြီးပိုအသက်ရှည်စေနိုင်သည်။ သိသာထင်ရှားသည်မှာ တစ်စုံတစ်ယောက်သည် ကျင့်ကြံခြင်းအခြေမြင့်လေလေ၊ ထာဝရအသက်ရှည်ရန်အခွင့်အရေးပိုများလေလေဖြစ်သည်။
“ဒီအခြေအနေကို ငါရှောင်လွှဲလို့ရတယ်။ ဒါပေမယ့်… နောင် နှစ် ၁၀၀ ကြာတဲ့အခါမှာ သေဆုံးခြင်းကို ငါဘယ်လိုရှောင်လွှဲရမလဲ။ အဲ့အချိန်ကျရင် မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကိုရောက်ဖို့ အခွင့်အရေးကိုငါလက်လွှတ်မိခဲ့လေခြင်းဆိုပြီး နောင်တရနေမှာပဲ။” လွန်ခဲ့သောသုံးလအတွင်း ပိုင်ရှောင်ချန်းသည် ထိုပြဿနာကိုဖြေရှင်းဖို့ အကြိမ်ကြိမ်ကြိုးစားနေခဲ့လေသည်။ အဆုံးတွင် သူသည် ဝေခွဲမရဖြစ်နေကာ ရူးမတတ်ဖြစ်နေလေသည်။ အံကိုတင်းတင်းကြိတ်ကာ သူ၏နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာချလိုက်သည်။
“ထာဝရအသက်ရှင်နေနိုင်ဖို့ ငါ ဘာမဆိုလုပ်မယ်” သူသည် အော်ဟစ်ကြွေးကြော်လိုက်ပြီး ရွှေကျီးကန်းဓားပေါ်သို့ခုန်တက်ကာ တာအိုသစ်စေ့တောင်ဆီသို့ ဦးတည်ပျံသန်းသွားလေသည်။ အခြားဂိုဏ်းသားများအားလုံးဆုံပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ပိုင်ရှောင်ချန်းရောက်ရှိလာခဲ့လေသည်။