ထိုအချိန်တွင် ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦ အပြင်ဘက်မှ ဆူဆူညံညံအသံများ ထွက်ပေါ်လာလေသည်။ ပိုင်ရှောင်ချန်းသည်ဇဝေဇဝါဖြစ်သွားကာ တံခါးကိုဖွင့်ကြည့်လိုက်ရာ မန္တန်အစီအရင်၏အပြင်ဘက်တွင် စုဝေးရောက်ရှိနေကြသော မြောက်ပိုင်းဂိုဏ်းသားအစုလိုက်အပြုံလိုက်ကို တွေ့လိုက်ရသည်။
သူသည် နောက်သို့ဖြည်းဖြည်းချင်းဆုတ်လိုက်ပြီး ယခုကဲ့သို့လူများစုဝေးလာအောင် ဘာများလုပ်မိခဲ့ပါလိမ့်ဟုစဥ်းစားနေမိသည်။ သို့သော်လည်း သူဘယ်လိုပဲစဥ်းစားစဥ်းစား၊ မြောက်ပိုင်းဂိုဏ်းသားများဘာကြောင့်ရုတ်ရုတ်သဲသဲဖြစ်နေကြသည်ကို သူနားမလည်။
ဘာတွေဖြစ်နေမှန်းမသိသော်ငြားလည်း ထိတ်လန့်ကြောက်ရွံ့လာသောကြောင့် ချက်ချင်းပင်လှမ်းမေးလိုက်လေ၏။ ” မင်းတို့ဘာတွေလုပ်နေကြတာလဲ”
ချက်ချင်းပင် ဂိုဏ်းသားများသည် မန္တန်အစီအရင်၏အခြားတဖက်တွင်ရှိနေသောသူ့ကို စူးစိုက်ကြည့်နေကြလေ၏။
“ဂိုဏ်းတူဦးလေးပိုင်… ကျုပ်တို့ဝင်လာပြီးရှာဖွေလို့ရအောင် မန္တန်အစီအရင်ကိုဖွင့်ပေးပါဗျ…”
“ကျုပ်တို့ ဒီနေရာတင်မကဘူး၊ မြောက်ပိုင်းဂိုဏ်းတခုလုံးရှာဖွေနေတာပါ…”
“ပြီးခဲ့တဲ့လအတွင်းမှာ အမျိုးသမီးဂိုဏ်းသားအများစုရဲ့ အတွင်းခံအင်္ကျီတွေပျောက်ဆုံးနေခဲ့ပါတယ်။ တဏှာရူးတကောင်ရဲ့လက်ချက်ဖြစ်မယ်ထင်ပါတယ်။ ဂိုဏ်းတူဦးလေးပိုင်သာအပြစ်မလုပ်ထားဘူးဆိုရင် မန္တန်အစီအရင်ကိုဖွင့်ပေးပြီး ကျုပ်တို့ကိုရှာဖွေခွင့်ပေးပါ…”
“ဟင်း… အတွင်းခံအင်္ကျီတွေကိုထည့်စရာအိတ်ထဲထည့်ဖွက်ထားရင်တောင်မှ ကျုပ်တို့မှာရှာဖွေနိုင်မယ့်နည်းလမ်းရှိပါတယ်…”
ပိုင်ရှောင်ချန်းသည် စိတ်အနည်းငယ်အေးသွားပြီး သက်ပြင်းချလိုက်သည်။ တကယ်တော့ သူအနည်းငယ်ပင်ဒေါသထွက်သွားလေ၏။ လက်နှစ်ဖက်ကိုနောက်ပစ်ကာ မြောက်ပိုင်းဂိုဏ်းသားများကိုရပ်ကြည့်နေလေ၏။
သူဘာအပြစ်မှလုပ်မထားကြောင်းသေချာနေသည့်အတွက် မြောက်ပိုင်းဂိုဏ်းသားများတောင်းဆိုသည်ကို အလွယ်တကူခွင့်ပြုမပေးဖို့ဆုံးဖြတ်လိုက်သည်။ မဟုတ်မမှန်အစွပ်စွဲခံနေရသဖြင့်ဒေါသထွက်နေသောမျက်နှာဖြင့် သူက “အဓိပ္ပာယ်မရှိတာတွေပြောနေတာရပ်လိုက်ကြစမ်း။ ငါက ဂိုဏ်းခေါင်းဆောင်ရဲ့ဂိုဏ်းတူညီလေး၊ ဂုဏ်ထူးဆောင်ဂိုဏ်းသားတစ်ယောက်ပဲ။ ဒီလိုလုပ်ရပ်မျိုး ငါ လုပ်စရာအကြောင်းမရှိဘူး။”
“ဒီလိုလုပ်ရပ်မျိုးလုပ်မယ့်သူက မြောက်ပိုင်းဂိုဏ်းတခုလုံးမှာ ခင်ဗျားပဲရှိတာပဲ။ သေချာပေါက် ခင်ဗျားလုပ်တာပဲဖြစ်ရမယ်။”
“အမှန်ပဲ။ ပိုင်ရှောင်ချန်းက အားလုံးထဲမှာ မသင်္ကာစရာအကောင်းဆုံးပဲ။ သက်စောင့်အား ထုတ်ယူဖို့ တခြားဂိုဏ်းသားတွေရဲ့ တိုက်ပွဲဝင်သားရဲတွေကိုလည်း တိတ်တိတ်လေးခိုးယူခဲ့ပြီးပြီ။ သူဘယ်လောက်ကျွမ်းကျင်မှုရှိလဲ အဲ့ကိစ္စကအကောင်းဆုံးဥပမာပဲ။ ဂိုဏ်းတူအစ်မတွေ၊ ညီမတွေရဲ့အတွင်းခံအင်္ကျီတွေက ခြေရာလက်ရာလုံးဝမကျန်ခဲ့ပဲနဲ့ပျောက်ပျောက်နေတယ်။”
ဆူညံအော်ဟစ်နေကြသောလူအုပ်ကြီးကိုကြည့်ကာ ပိုင်ရှောင်ချန်း၏ခနဲ့တဲ့တဲ့ရယ်လိုက်ပြီး လက်ကိုဝှေ့ယမ်းကာ မန္တန်အစီအရင်ကိုဖွင့်ပေးလိုက်လေ၏။
“ကောင်းပြီလေ… မင်းတို့ဝင်ပြီးရှာလိုကရှာနိုင်တယ်။ လက်ဗလာနဲ့ပြန်ထွက်လာလို့ရှိရင်တော့ မင်းတို့ငါ့ကိုဘယ်လိုပြန်လျော်ပေးမလဲကြည့်ကြသေးတာပေါ့။” ပိုင်ရှောင်ချန်းသည် အမှားတစုံတရာလုပ်ထားခြင်းမရှိသဖြင့် လုံးဝတည်ငြိမ်နေသည်။
သူ၏ရိုးသားအပြစ်ကင်းသောယုံကြည်မှုကြောင့် လူအုပ်ထဲမှလူအများစုကိုပင် သူတို့၏သင်္ကာမကင်းဖြစ်နေမှုအပေါ်သံသယဝင်သွားစေ၏။ သို့သော်လည်း သူတို့တွင်သက်သေပြစရာအထောက်အထားတစုံတရာမရှိပေ။ ပိုင်ရှောင်ချန်းသည် မန္တန်အစီအရင်ကိုဖွင့်ပေးလိုက်လေသည်။ အစပိုင်းတွင် လူအုပ်သည်တယောက်မျက်နှာတယောက်ကြည့်ကာ ကသိကအောက်ဖြစ်နေကြသေးသည်။ ထို့နောက် အတွင်းခံအင်္ကျီအခိုးခံလိုက်ရသောအမျိုးသမီးဂိုဏ်းဝင်များက ဦးဆောင်ကာ အံကိုတင်း၍ဝင်ရောက်လိုက်ကြသည်။ သူတို့သည် ပိုင်ရှောင်ချန်းကို လက်ယှက်အရိုအသေပေးလိုက်ပြီး ရှာဖွေမှုစတင်လိုက်ကြလေ၏။ အမျိုးသမီးဂိုဏ်းဝင်တယောက်သည် သူမ၏သားရဲထည့်သည့်အိတ်အတွင်းမှ ကြက်သွေးရောင်ရှဥ့်တစ်ကောင်ကိုပင် ထုတ်ကာရှာဖွေနေလေ၏။
ရှဥ့်ကိုထုတ်လိုက်သောအခါ စူးစူးဝါးဝါးတစ်ချက်အော်လိုက်ပြီး အလျင်အမြန်ရှာဖွေမှုပြုလေတော့သည်။ လူအုပ်ထဲမှလူအားလုံးနီးပါးနောက်ဆုတ်လိုက်ကြပြီး ရှဥ့်ကိုအလုပ်လုပ်စေသည်။ လွန်ခဲ့သောရက်ပေါင်းများစွာအတွင်း ပျောက်ဆုံးနေသောအတွင်းခံအင်္ကျီရှာပုံတော်ဖွင့်ရာ၌ သူတို့သည်ဤထူးဆန်းသောရှဥ့်ကိုအသုံးပြုခဲ့ကြသည်။ ရှဥ့်တွင်အလွန်စူးရှသောအနံ့ခံအာရုံရှိပြီး သူ၏ပစ်မှတ်သည်ထည့်စရာအိတ်ထဲရောက်နေပါစေ အနည်းငယ်သောအနံ့အသက်မျှကိုပင် အနံ့ခံနိုင်လေသည်။
စောစောက လူအုပ်ကြီးသည် သူတို့၏ဆုံးဖြတ်ချက်အပေါ်ဝေခွဲမရဖြစ်နေခဲ့သော်လည်း ယခုအခါတွင် သူတို့၏မျက်လုံးများပြူးကျယ်လာပြီး မန္တန်အစီအရင်နှင့်ကာကွယ်ထားသောနေရာအတွင်းသို့ အပြေးအလွှားဝင်ရောက်လာကြသည်။ ပိုင်ရှောင်ချန်းသည် ဇဝေဇဝါဖြစ်နေကာ ကြောင်စီစီငေးကြည့်နေမိသည်။ သူလည်းလူအုပ်နှင့်အတူလိုက်လာခဲ့ပြီး ရှဥ့်သည် ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦ၏အခန်းခွဲတစ်ခုအတွင်းသို့ဝင်ရောက်သွားလေသည်။ တံခါးကိုဖွင့်လိုက်သောအခါ ထောင်ချီသောရောင်စုံအတွင်းခံအင်္ကျီများ ရေတံခွန်ကဲ့သို့ထွက်ကျလာလေ၏။
“ပိုင်ရှောင်ချန်း… ရှင်မလုပ်ပါဘူးလို့ ကျွန်မတို့ကိုပြောဦးမှာလား”
“ဒီတော့ ရှင့်လက်ချက်ပဲပေါ့…”
“ပိုင်ရှောင်ချန်း… ရှင်… ရှင်ကလုံးဝကိုအရှက်မရှိတာပဲ။”
လူအုပ်ထဲရှိဂိုဏ်းသားများကမူ အလွန်အမင်းဒေါသထွက်နေကြလေသည်။
ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ထိတ်လန့်တုန်လှုပ်လာလေ၏။
“မဖြစ်နိုင်တာ…” သူကစူးစူးဝါးဝါးငြင်းဆန်လိုက်လေ၏။
ထိုသို့ပြောလိုက်သောအခါ အမျိုးသမီးဂိုဏ်းဝင်များသည် သူ့ကိုအသေသတ်တော့မတတ် ဝိုင်းအုံကြည့်နေကြလေ၏။ ပိုင်ရှောင်ချန်းခေါင်းနပန်းများကြီးလာပြီး ချက်ချင်းပင်ဖြေရှင်းချက်ပေးရန်ဟန်ပြင်လိုက်လေ၏။
“ကျုပ်တစ်ကယ်မလုပ်ပါဘူးဗျာ… ဒီဟာတွေ ဒီကိုဘယ်လိုရောက်နေမှန်းကိုမသိတာ။” တခုခုတော့အရမ်းကိုမှားနေပြီဟု ခံစားလိုက်ရလေသည်။ ယခုအခြေအနေကို သူဘယ်လိုဖြေရှင်းရမည်ပင်မသိတော့ပေ။ အမျိုးသမီးဂိုဏ်းဝင်များသည် ဒေါသအပြည့်ဖြင့်စိန်းစိန်းဝါးဝါးစိုက်ကြည့်နေကြပြီး အချို့ဂိုဏ်းသူများသည် တိုက်ခိုက်ရန်မန္တန်လက်ကွက်များပင်ဖော်နေကြလေပြီ။
“ချီးပဲ… ဘာတွေဖြစ်ကုန်တာလဲ။” သူကတွေးလိုက်သည်။ သူသည် လတ်တလောတွင် တစ်ကိုယ်တည်းတရားကျင့်ကြံခြင်းဖြင့်သာအချိန်ကုန်နေခဲ့ပြီး ကျင့်ကြံခြင်းအပေါ်လုံးဝအာရုံစိုက်ထားလေသည်။ သူသည် ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦအပြင်သို့ပင်မထွက်ဖြစ်သလို ဘေးအခန်း၏တံခါးကိုလည်းတခါမှဖွင့်မကြည့်မိခဲ့။ ထိုအချိန်တွင် ဘရူဆာ သည် အနီရောင်အတွင်းခံအင်္ကျီတစ်ခုကိုကိုက်ကာ ယစ်မူးနေဟန်ဖြင့်ပြေးလာနေသည်ကိုတွေ့လိုက်ရလေသည်။
သို့သော်လည်း ဘရူဆာ သည် မန္တန်အစီအရင်သို့မရောက်မီပင် ပြေးနေရာမှရုတ်တရက်ရပ်တန့်လိုက်သည်။ ဆူပူသောင်းကျန်းနေကြသောလူအုပ်ကြီးကိုတွေ့သွားသောအခါ အနီရောင်အတွင်းခံအင်္ကျီကိုအလျင်အမြန်လွှတ်ချလိုက်သည်။
တချိန်တည်းမှာပင် မရေမတွက်နိုင်သောမျက်လုံးအစုံများသည် သူရှိရာဘက်သို့လှည့်ကြည့်လိုက်ကြသည်။
ပိုင်ရှောင်ချန်းသည် ချက်ချင်းပင်ခေါင်းများကိုက်လာသလိုခံစားလိုက်ရသည်။ တကယ်တမ်း ပိုင်ရှောင်ချန်းတစ်ကိုယ်တည်းတရားကျင့်နေစဥ်အတောအတွင်း အခြားဂိုဏ်းသားများလဲမန္တန်အစီအရင်ကိုဖြတ်ကျော်သွားလာခြင်းမပြုနိုင်ကြပေ။
ခွေးနက်ကြီးပင်ထိုသို့ဖြတ်သန်းမသွားနိုင်။ မန္တန်အစီအရင်ကိုလွတ်လပ်စွာဝင်ထွက်သွားလာနိုင်သည့် တစ်ယောက်တည်းသောသူမှာ ဘရူဆာ ပင်ဖြစ်ပေသည်။
ဘရူဆာ သည် စိုးရိမ်ထိတ်လန့်စပြုလာလေသည်။ အခြားဂိုဏ်းသားများဒေါသထွက်နေသည်ကိုကြောက်ရွံ့နေ၍မဟုတ်၊ ပိုင်ရှောင်ချန်းစိတ်ဆိုးမှာကိုကြောက်၍ဖြစ်သည်။ ဘရူဆာ သည်ငိုမဲ့မဲ့ဖြစ်နေကာ သူ့ကိုယ်သူမြေပေါ်သို့လှဲချပြီး တကွိကွိအသံပြုနေလေသည်။
ဆူပူနေသောလူအုပ်ကြီးထဲရှိဂိုဏ်းသားများ၏မျက်နှာများမှာထူးဆန်းအံ့သြနေကြလေသည်။ ဂိုဏ်းသူများဆိုလျှင် သူတို့မျက်လုံးကိုပင်သူတို့မယုံနိုင်ကြပေ။ ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦ၏အတွင်းရောအပြင်ပါ အပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိတ်ကုန်ကြသည်။
အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် အမျိုးသမီးဂိုဏ်းဝင်တစ်ယောက်က ထ၍ရေရွတ်လိုက်သည် “ဘရူဆာ ကတော့ဒီလိုမျိုးမလုပ်လောက်ပါဘူး။ သူကသိပ်ချစ်စရာကောင်းတာ။ တစ်ယောက်ယောက်ကသူ့ကိုခိုင်းနေတာပဲဖြစ်ရမယ်။”
ချက်ချင်းပင်လူများသည် သူမ၏စကားကိုထောက်ခံနေကြသည်။
“ဟုတ်တယ်… ဘရူဆာ ကအလွန်နှစ်လိုဖွယ်ကောင်းပြီးအပြစ်ကင်းစင်လွန်းတယ်။ တစ်ယောက်ယောက်က မန္တန်တစ်ခုခုသုံးပြီး သူ့ကိုအတင်းအကြပ်စေခိုင်းနေတာပဲဖြစ်ရမယ်။”
“သူ့ကိုခိုင်းနေတာပိုင်ရှောင်ချန်းပဲ။ ပိုင်ရှောင်ချန်းက ဘရူဆာ ရဲ့သခင်ပဲ”
မကြာမီပင်အမျိုးသမီးဂိုဏ်းဝင်အားလုံးနီးပါး ထိုသို့လက်ခံယုံကြည်သွားကြပြီး ပိုင်ရှောင်ချန်းကိုဒေါသတကြီးစိုက်ကြည့်နေကြလေ၏။ အချို့လူများသည် အဖြစ်မှန်ကိုသိကြသော်လည်း ဘရူဆာ သည်ပုံမှန်အားဖြင့်အလွန်ချစ်စရာကောင်းပြီး လက်ရှိတွင်အင်မတန်ကြောက်ရွံ့နေရှာသည်ဖြစ်ရာ လူအများသည် သနားလျက်အကြင်နာပိုနေကြလေ၏။
သို့သော်လည်း အခြေအနေမှာအတော်ပင်ထူးဆန်းနေသည်ဖြစ်ရာ အဖြစ်မှန်သိသောဂိုဏ်းသားများသည် ဆိတ်ဆိတ်နေကြလေ၏။ ထပ်မံ၍ပြဿနာရှာခြင်းလည်းမပြုတော့ပဲ ပိုင်ရှောင်ချန်းကိုစိန်းစိန်းဝါးဝါးကြည့်ကာ ထွက်ခွာသွားကြလေ၏။
မကြာမီပင်အခြေအနေများတည်ငြိမ်သွားပြီဖြစ်လေရာ ပိုင်ရှောင်ချန်းသည် သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး ငိုမဲ့မဲ့မျက်နှာဖြင့်ကောင်းကင်သို့မော့ကြည့်နေလေ၏။ ဘရူဆာ သည် သူ့သခင်၏မျက်လုံးအကြည့်များမှတဆင့် သူအမှားလုပ်မိပြီဖြစ်ကြောင်းရိပ်မိလိုက်လေသည်။ သူသည် ပိုင်ရှောင်ချန်းဆီသို့ကုပ်ချောင်းကုပ်ချောင်းသွားလိုက်ပြီး ပိုင်ရှောင်ချန်း၏ခြေထောက်များအကြား ပွတ်သီးပွတ်သပ်လုပ်နေလေ၏။
ပိုင်ရှောင်ချန်းသည် သက်ပြင်းချလိုက်ကာ ဒူးထောက်ထိုင်လိုက်ပြီး သူ၏ခေါင်းကိုပွတ်သပ်ပေးနေသည်။ “ဘရူဆာ… မင်းကသာမန်ဆိုသိပ်ဉာဏ်ပြေးတဲ့ကောင်ပါ။ ဘာကြောင့်အခုတခေါက်ကျ ဉာဏ်တုံးသွားရတာလဲ။ မင်း… မင်း အတွင်းခံအင်္ကျီတွေခိုးချင်ရင်လဲခိုးပေါ့။ ဒါပေမယ့် ငါ့ကိုပြဿနာတက်အောင်မလုပ်ရဘူးလေ။ ငါ မင်းကိုဖန်တီးခဲ့တာ။ ငါကမင်းအဖေပဲဆိုရင်လဲမမှားဘူး။ မင်းအဖေကို ပြဿနာတက်အောင်မလုပ်ရဘူးကွ။”
” ကောင်းပြီ… မှတ်ထားနော်။ မင်းနဲ့ရင်းနီးတဲ့လူတွေကို ပြဿနာတက်အောင်မလုပ်ရဘူး။ ဒီအတွင်းခံအင်္ကျီတွေကတော့ အဲ့အခန်းထဲမှာဖွက်ထားလို့အဆင်မပြေဘူးကွ။ ခိုးလာတဲ့ပစ္စည်းတွေဆိုတာ အိမ်ထဲမှာမဖွက်ထားရဘူး။ သိပ်မိုက်တဲ့ ဘရူဆာ ပဲ။ မင်းနည်းနည်းဉာဏ်သုံးရလိမ့်မယ်။ နောက်ဆိုမခိုးခင် သေချာအစီအစဥ်ချပြီးမှခိုး။ ပြီးတော့ အဖမ်းလဲမခံရစေနဲ့ဦး။” ဘရူဆာ သည်ခေါင်းကိုငုံ့ကာ သူ့အပြစ်ကိုသိသည့်အလား တကွိကွိအော်မြည်နေလေသည်။
ဘရူဆာ ထိုသို့ပြုမူနေသည်ကိုမြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်း၏စိတ်နှလုံးပျော့ပျောင်းသွားကာ ထပ်မံအပြစ်တင်ဆုံးမခြင်းမပြုရန်ဆုံးဖြတ်လိုက်လေသည်။ ထို့နောက် အနည်းငယ်စိတ်ဓာတ်ကျနေလျက် ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦသို့ပြန်လာခဲ့ပြီး တရားကျင့်ခြင်း၊ ကျင့်ကြံခြင်းများကိုပြုလုပ်နေလိုက်သည်။
ခြံဝန်းအပြင်ဘက်တွင် ဘရူဆာ သည် တကွိကွိအော်မြည်ကာလှဲလျောင်းနေသည်။ ထို့နောက် ရက်စက်ကြမ်းကြုတ်သောအကြည့်များဖြင့် မြောက်ပိုင်းဂိုဏ်းသားများရှိရာသို့ စိန်းစိန်းဝါးဝါးကြည့်လိုက်လေသည်။
ညနက်လာသောအခါ သူသည် မြောက်ပိုင်းဂိုဏ်းဘက်သို့ တိတ်တဆိတ်ထွက်ခွာသွားလေသည်။
နောက်တစ်နေ့မနက်ခင်းနေရောင်ခြည်ဖြန့်ကျက်စပြုချိန်တွင် ဂိုဏ်းသားတစ်ယောက်၏နေအိမ်မှ စိတ်သောကရောက်စွာစူးစူးဝါးဝါးအော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
“ချီးပဲ… ဘယ်သူလဲကွ။ ငါ့ရဲ့ သားရဲစိတ်စွမ်းအင်ဆေးလုံးကို ဘယ်သူခိုးသွားတာလဲ။ အဲ့ဆေးလုံးရဖို့ ငါပင်ပင်ပန်းပန်းကြိုးစားခဲ့ရတာကွ။ အဲ့ဆေးလုံးကို ငါ့ရဲ့သားရဲကြီးအဆင့်ပိုမြင့်လာအောင်ကျွေးမလို့။”
ထိုအော်ဟစ်သံများထွက်ပေါ်လာပြီး အလားတူအော်ဟစ်ငိုကြွေးသံအများအပြားထွက်ပေါ်လာလေ၏။
“အား… ကျုပ်ရဲ့ အတုမရှိစိတ်စွမ်းအင်မြက်ပင်တွေ။ ကျုပ်ဒီမြက်ပင်တွေကို ငါးနှစ်လောက်စိုက်ပျိုးခဲ့ရတာ အခုတော့အမြစ်ပဲကျန်တော့တယ်။ ကုန်ပြီ… အားလုံးကုန်ပြီ။ တစ်ယောက်ယောက်စားပစ်လိုက်ပြီ။”
“သူခိုးဝင်တယ်။ မယုံနိုင်စရာပဲ။ ကျုပ်ရဲ့အင်မော်တယ်ဂူထဲက တိုက်ပွဲဝင်သားရဲအစာတွေအကုန်ပြောင်ပြီ။ သုံးနှစ်စာ ကောင်းကောင်းကျွေးလို့ရတဲ့အစာတွေပဲ။”
“ဘုရားရေ… မနေ့ကမှ တတိယသွေးမျိုးဆက်သားရဲအရိုးတစ်ချောင်း အကြီးအကဲလီဆီကနေရလာတာ။ အဲ့အရိုးကနေသွေးမျိုးဆက်အစွမ်းတွေထုတ်ယူမလို့ရှိသေး။ အခုတော့ မရှိတော့ဘူး… ပျောက်သွားပြီ။”
အပြင်စည်းဂိုဏ်းမှာသာမက အတွင်းစည်းဂိုဏ်းမှာပါ အော်ဟစ်ငိုကြွေးသံများပြည့်နှက်နေသည်။ အဆုံးတွင်ဒေါသတကြီးအော်ဟစ်ငိုကြွေးနေကြသောလူပေါင်း ရာနှင့်ချီရှိလေသည်။ ခြွင်းချက်မရှိ ထိုလူများအားလုံးအမျိုးသားများဖြစ်ကြကာ လွန်ခဲ့သောနေ့က ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦသို့ရောက်လာဖူးသူများဖြစ်ကြသည်။
နာကျင်ဒေါသထွက်လျက်ငိုကြွေးနေကြစဥ် သွေးရောင်လွှမ်းနေသောအရိုးတစ်ချောင်းကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင်ကိုက်ချေလျက် ပြေးလွှားနေသော ဘရူဆာ ကိုရုတ်တရက်မြင်တွေ့လိုက်ကြသည်။
ဂိုဏ်းသားတစ်ယောက်သည် စိတ်သောကရောက်စွာ စူးစူးဝါးဝါးထအော်လိုက်လေ၏။ ထိုလူ၏ဆံပင်များသည် ဖရိုဖရဲဖြစ်နေကာ မျက်လုံးတွင်သွေးပျက်နေသောအမူအရာများဖြင့် အရူးတပိုင်းအော်ငိုနေလေတော့၏။
“မလုပ်နဲ့… ငါ အဲ့ဒီတတိယသွေးမျိုးဆက်သားရဲအရိုးကို အကြီးအကဲတစ်ယောက်ဆီက ငှားလာတာ။ အား… မစားပစ်လိုက်နဲ့။”
ဂျွတ်… ဂျွတ်…
ခေါင်းကိုဂုဏ်ယူစွာမော့လျက်က မည်သူမှမဖမ်းလိုက်နိုင်ခင်မှာပင် ဘရူဆာ သည်အမှုန်အမွှားလေးတစ်ခုအဖြစ် ထွက်ပြေးပျောက်ကွယ်သွားလေသည်။ အလျင်အမြန်ထွက်ပြေးနေရင်းက အရိုးကိုကုန်အောင်ကိုက်ဝါးလျက်ရှိသည်။ ဆံပင်ဖရိုဖရဲနှင့်ဂိုဏ်းသားသည် အကြီးအကဲလီ၏အရိုးကိုပြန်မပေးနိုင်ပါက အကြီးအကဲလီမည်မျှဒေါသထွက်လိမ့်မည်ကိုတွေးမိကာ မျက်နှာတွင်သွေးများဆုတ်သွားလေ၏။ ဒေါသတကြီးအော်ဟစ်လျက်က ဘရူဆာ ၏နောက်သို့ ပြေးလိုက်လေ၏။
ထိုသို့ပြေးလိုက်သွားသည်မှာ သူတစ်ယောက်တည်းမဟုတ်ပေ။ ရာချီသောဂိုဏ်းသားများသည် ဘရူဆာ ၏နောက်သို့ ဒေါသတကြီးပြေးလိုက်ကြသော်လည်း မီအောင်တော့မလိုက်နိုင်ကြ။ ဘရူဆာ သည် ယန်ဝေ့တောင်ဆီသို့ ဦးတည်ပြေးသွားသည်ကိုသာ မျက်လုံးအပြူးသားနှင့်သာကြည့်နေရလေ၏။ ဘရူဆာ နောက်သို့ဆူညံစွာလိုက်ဖမ်းနေကြစဥ်ပင် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်လှသော ချောင်းဟန့်သံကြီးကိုကြားလိုက်ရလေ၏။
ယန်ဝေ့တောင်၏တောင်ထိပ်သခင်အဘွားကြီး ပေါ်ထွက်လာလေသည်။ ရာချီသောဂိုဏ်းသားများကို အေးစက်စက်စိုက်ကြည့်လိုက်ပြီးသူမက “ဘယ်လိုထိတ်လန့်စရာကောင်းတဲ့အပြုအမူတွေလဲ။ ကြည့်စမ်းပါဦး… ဘရူဆာ လေးကကြောက်လွန်းလို့တုန်တောင်တုန်နေရှာပြီ။ မင်းတို့တွေဒီလိုလျှောက်လိုက်နေရအောင် အားယားနေကြသလား… ဟမ်”
ဂိုဏ်းသားများသည် လန့်ဖျတ်သွားကြပြီး လက်ကိုယှက်လျက်အရိုအသေပြုလိုက်ကြသည်။ ဘရူဆာ သည် အဘွားအို၏နောက်နားတွင်အမြီးလေးကုပ်၍ရပ်နေပြီး မျက်လုံးများကိုပြူးကျယ်ထားကာနှစ်လိုဖွယ်မျက်နှာပေးနှင့် အဘွားအို၏ခြေထောက်များကိုပွတ်သပ်နေသည်။
ဂိုဏ်းသားများသည် စိတ်ထဲတွင်အလွန်ဒေါသဖြစ်နေကြသော်လည်း တခွန်းမှမဟရဲကြပေ။ ဘရူဆာ အပေါ်မုန်းတီးမှုများသည် တစတစပို၍ကြီးထွားလာနေလေသည်။
“ပစ္စည်းတချို့ သူတွေ့လို့စားပစ်မိတာဘာဖြစ်လဲ…” အဘွာအိုကဆက်၍ “အရေးမပါတာ…။ သူစားပစ်လိုက်တာကို ကျုပ်ပြန်လျော်ပေးမယ်။ ဘရူဆာ ကိုအနိုင်ကျင့်နေတာကိုရပ်လိုက်ပြီး အခုထွက်သွားကြစမ်း။” ဂိုဏ်းသားများကိုစိန်းစိန်းဝါးဝါးတစ်ချက်ကြည့်လိုက်ပြီး အဘွားအိုသည် ဘရူဆာ ၏ခေါင်းကို ကြင်ကြင်နာနာပွတ်သပ်ပေးနေသည်။ ဘရူဆာ သည် ပို၍နှစ်လိုဖွယ်ကောင်းသောအမူအရာများပြုလုပ်နေလေသည်။ သူမ၏လက်ကို ခွေးတစ်ကောင်ကဲ့သို့ လျှာလေးနှင့်ပင်လျက်လိုက်သေး၏။
ဂိုဏ်းသားများသည် အံကိုသာတင်းတင်းကြိတ်နေကြရလေ၏။ သူတို့စိတ်ထဲတွင် သူတို့က ဘရူဆာ ကိုအနိုင်ကျင့်နေခြင်းမျိုးမဟုတ်ပဲ ဘရူဆာ ကသူတို့ကိုအနိုင်ကျင့်နေသည်ဟုခံစားနေရသည်။
သို့သော်လည်း တောင်ထိပ်သခင်တစ်ယောက်လုံး သူ့ဘက်ကရှိနေသောအခါ သူတို့လည်းဘာမှမတတ်နိုင်ပေ။ သူတို့၏အမျက်ဒေါသများကိုမြိုသိပ်ကာ ပြဿနာတစုံတရာထပ်မရှာတော့ပဲပြန်ခဲ့ရလေတော့သည်။ သူတို့၏ဒေါသများကို ပိုင်ရှောင်ချန်းအပေါ်သို့ လွှဲပြောင်းပေးလိုက်ကြသည်။
“ဒါတွေအကုန်လုံး ပိုင်ရှောင်ချန်းကြောင့်ဖြစ်ရတာ။ သူက ဒီဆိုးသွမ်းတဲ့တိုက်ပွဲဝင်သားရဲကိုဖန်တီးခဲ့တာပဲ။”
“ဒီတိုက်ပွဲဝင်သားရဲဟာ ရွံရှာစက်ဆုပ်ဖွယ်ပဲ။ သိပ်ကောင်းတယ်… အတွင်းခံအင်္ကျီတွေခိုးလိုက်… အစားအသောက်တွေခိုးလိုက်နဲ့။ အမျိုးသမီးဂိုဏ်းဝင်တွေ၊ အကြီးအကဲတွေ၊ တောင်ထိပ်သခင်တွေနဲ့အတူတူပဲ… အဲ့ကောင်ကိုဖျက်ဆီးနေကြတာ။”
ပိုင်ရှောင်ချန်းသည် တရားထိုင်နေရင်း ရုတ်တရက်နှာချေလိုက်လေသည်။ သူသည် မျက်လုံးများဖွင့်ကာဘေးဘီကို စက္ကန့်အနည်းငယ်မျှဝေ့ကြည့်လိုက်ပြီး အသက်ရှူထုတ်လေ့ကျင့်ခန်းများဆက်လက်ပြုလုပ်နေလေ၏။ သူ၏ကျင့်ကြံခြင်းအခြေသည် ချီစုစည်းမှုစွမ်းရည်အဆင့်တစ်ဆယ်၏ မဟာစက်ဝန်းဆီသို့ တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်သည်။