လေထဲတွင်မူ အဖြူရောင်ဝတ်ရုံရှည်နှင့်အဘိုးကြီးမှာ သက်ပြင်းချနေတော့သည်။ ဤသတ္တဝါမှာ သူ့တစ်ဘဝလုံးအတွက် အခြားမည်သူ့ကိုမှဆရာထပ်တင်တော့မည်မဟုတ်မှန်း သူကသိလေသည်။ တစ်စုံတစ်ယောက်က အတင်းအကျပ်ခိုင်းစေလျှင်ပင် ပိုင်ရှောင်ချန်းကို ၎င်း၏သွေးသားအဖြစ်မှတ်ယူထားရာ ထိုအချက်မှာ အနှောင့်အယှက်တစ်ခုလိုဖြစ်နေမည်သာ။
ဤတစ်ကမ္ဘာလုံးတွင် သူ၏ ထာဝရတစ်ဦးတည်းသောသခင်မှာ ပိုင်ရှောင်ချန်းတစ်ယောက်ပင် ဖြစ်သည်။ ပိုင်ရှောင်ချန်း တစ်ရက်ရက်ကွယ်ပျောက်သွားခဲ့သည့်တိုင်အောင် ထိုသားရဲက သူ့ကိုမေ့မည်မဟုတ်ပေ။
ထိုသို့ဖြစ်အောင် ထူးဆန်းသောပညာရပ်သုံးကာ ချိတ်ဆက်ခြင်းလည်း မဟုတ်ပေ။ သူတို့နှစ်ယောက်၏ဆက်ဆံရေးမှာ မည်သည့်ဆက်နွယ်ခြင်းထက်မဆို ပို၍ခိုင်မြဲနေသည်။
အဖြူရောင်ဝတ်ရုံရှည်နှင့်အဘိုးကြီးမှာ သူ၏ခေါင်းကိုခါလိုက်ပြီး ပိုင်ရှောင်ချန်းကို သေချာစိုက်ကြည့်ကာ ထိုကလေးမှာ ဤကဲ့သို့ဆက်ဆံရေးမျိုးရရှိသည်မှာ ထိုက်တန်ကြောင်း တွေးနေတော့သည်။ သူကိုယ်တိုင်ဤသားရဲကိုဖန်တီးခဲ့ခြင်းဖြစ်ပြီး ၎င်းဘဝ၏အန္တရာယ်အများဆုံးအချ်ိန်တွင်လည်း သူက ၎င်း၏ဘေးတွင် နှစ်သိမ့်ပေး ကာရှိခဲ့လေသည်မဟုတ်ပါလော။
” ကြည့်ရတာ ဆဌမအဆင့် သွေးမျိုးဆက်သားရဲတစ်ကောင်ကို ပိုင်ရှင်တစ်ယောက်လက်ခံနိုင်အောင်လုပ်နိုင်တဲ့တစ်ခုတည်းသော အရာက ဒီကလေးမှာရှိတဲ့ စိတ်နှလုံးဖြူစင်မှုပဲ ထင်တယ်။ သူ့မှာ ဘာယုတ်မာတဲ့ အကြံအစည်မှမရှိဘူး။ သူက ဒီသားရဲရှင်သန်နေရရင်ကို ကျေနပ်နေတာလေ။ ဒီကလေး သူ့ဘဝတစ်လျှောက်လုံး ဒီလိုမျိုးစိိတ်နှလုံးဖြူဖြူစင်စင်နဲ့ပဲ နေသွားနိုင်ပါစေ။ နောက်နှစ်ပေါင်းများစွာတိုင်အောင် သူ့ရဲ့စိတ်ဓာတ်ကို ပြောင်းလဲစေမဲ့ အဖြစ်ဆိုးတွေနဲ့ မကြုံရပါစေနဲ့။” ထိုသို့ပြောကာ အဘိုးကြီးက သူကျင့်ကြံခြင်းလောကထဲစဝင်ခဲ့ခြင်းတုံးက သူအပြစ်ကင်းစင်ကာ အတွေ့အကြုံနုနယ်ခဲ့ပုံများကို လွမ်းဆွတ်နေသည့် အမူအရာဖြင့် ထွက်ခွာသွားတော့သည်။
အဆုံးတွင် လူအုပ်ကြီးမှာလည်း တစ်စတစ်စ လျော့ ပါးသွားတော့သည်။ အမျိုးသမီးဂိုဏ်းဝင်များကမူ ပြန်ရမည်ကို ချီတုချတုံဖြစ်နေတော့သည်။ သားရဲပေါက်စလေး၏ ချစ်စရာမျက်လုံးပြူးလေးများမှာ သူတို့ကို ဖမ်းစားထားတော့သည်။ သို့သော်လည်း ထိုသားရဲမှာ အမျိုးသမီးများကို တစ်ချက်မှပင်မကြည့်ပေ။ တောင်ထိပ်သခင်များကလည်း ထိုမွေးကာစ သားရဲလေးကို အားကျနေသောအကြည့်များဖြင့်ကြည့်ကာ မပြန်ချင်ပြန်ချင်နှင့် ပြန်သွားတော့သည်။
မကြာမီတွင် သားရဲမွေးမြူရေးခြံကြီးမှာ တိတ်ဆိတ်သွားတော့သည်။ ပိုင်ရှောင်ချန်းမှာ မွေးကင်းစ သားရဲလေးနှင့် စောစောက လူအုပ်ကြီးဘေးသို့တွန်းထုတ်လိုက်သည့် ခွေးနက်ကြီးနှင့် အတူကျန်ခဲ့တော့သည်။ ပိုင်ရှောင်ချန်းကမူ ထိုအကောင်ပေါက်လေး၏ ခေါင်းကိုပွတ်သတ်ရင်းပါးစပ်များမှာ နားရွတ်တက်ချိတ်မတတ် ပြုံးနေတော့သည်။
ထိုသားရဲမှာ မြင်းခန္ဓာကိုယ်၊ နဂါးဦးခေါင်း၊ တွာသွားသတ္တဝါ၏အနက်ရောင်အကြေးခွံများ၊ ပန်ဂွန်လင်း ၏ ခြေသည်းများပါသည့် ခြေထောက်များ ရှိပြီး ၎င်း၏သွားများမှာ ခုနစ်ရောင်စုံတောက်ပနေသည်။ သူ၏ဦးချိုမှာမူ ကောင်းကင်ချိုမှင်ရည်နဂါး၏ချိုအတိုင်းပင် ရှည်လျားချွန်ထက်နေသည်။ အနီးကပ်ကြည့်ကြည့်ပါက အခြားတိရစ္ဆာန်များနှင့်တူသော အစိတ်အပိုင်းများစွာကို တွေ့နိုင်မည်ဖြစ်သည်။
ပိုင်ရှောင်ချန်း၏ အလိုဆန္ဒအတိုင်း အရာရာဖြစ်လာပြီဖြစ်သည်။ များစွာသောသားရဲများ၏ အကောင်းဆုံးအစိတ်အပိုင်းများက စုပေါင်းကာ ယခင်က ကြားပင်မကြားဖူးသော သက်ရှိတစ်ကောင် အဖြစ်ပြောင်းသွားပြီဖြစ်တော့သည်။
” အခုကစပြီး မင်းက ပိုင်ရှောင်ချန်းရဲ့ကိုယ်ပိုင်သားရဲဖြစ်သွားပြီ။ မပူနဲ့။ ဒီကျင့်ကြံခြင်းလောကထဲမှာရှိတဲ့ နေရာတိုင်းဆီကို မင်းကိုခေါ်သွားပေးမယ်။” ပိုင်ရှောင်ချန်းက ရယ်မောရင်း သူ့ဘေးနားထိုင်နေကာ သူ့ကို ချစ်စဖွယ်မျက်လုံးပြူးကြီးများဖြင့် ပြူးကြည့်နေသည့် ဘရူဆာ ၏ခေါင်းကိုပွတ်သတ်ပေးလိုက်လေသည်။
ခွေးနက်ကြီးမှာလည်း ရောက်လာလေသည်။ သူကအမြဲတမ်း သတိရှိရှိနေပြီး ပိုင်ရှောင်ချန်းအပေါ်မုန်းတီးမှုများကို မမေ့သေးသော်လည်း ဘရူဆာ ရှိနေပြီဖြစ်ရာ ၎င်း၏အမူအရာမှာ ရိုသေကြောက်ရွံ့နေလေတော့သည်။ ဘရူဆာက ထိုခွေးကြီးကို အထူးတဆန်းကြည့်လိုက်ကာ တခဏကြာသောအခါ လက်ခံလိုက်လေသည်။
အချိန်များမှာ ကုန်ဆုံးသွားသည်။ နောက်တစ်လအတွင်းတွင် ပိုင်ရှောင်ချန်းမှာ မကြာခဏဆိုသလို ဘရူဆာ ကို သားရဲမွေးမြူရေးခြံအပြင်သို့ခေါ်သွားကာ မြောက်ဘက်တွင် ပတ်၍လှမ်းလျှောက်ထွက်လေသည်။ ထိုအချိန်များမှာ သူကရှေ့မှဦးဆောင်ပြီး ဘရူဆာ ကနောက်မှလိုက်ကာ ဘေးဘီဝဲယာကို အထူးတဆန်း ကြည့်နေတော့သည်။
ခွေးနက်ကြီးမှာလည်း နောက်က ခိုးလိုက်လာပြီး ဘရူဆာ ကိုကာကွယ်ပေးနေလေသည်။ ဘေးနားရှိဂိုဏ်းသားများက ပိုင်ရှောင်ချန်းနှင့် ဘရူဆာ ကိုတွေ့သောအခါ သူတို့၏ အမူအရာများမှာ အံ့အားသင့်ခြင်း မနာလိုခြင်းနှင့် အခြားခံစားချက်ပေါင်းစုံရောထွေးနေတော့သည်။
အမျိုးသမီး အများစုကမူ ဘရူဆာ၏ ချစ်စဖွယ်အမူအရာများကြောင့်် ချက်ချင်းဆိုသလို အရည်ပျော်ကုန်ကြတော့သည်။ အစတွင် ဘရူဆာ မှာ စိတ်လှုပ်ရှားကာ လက်နှစ်ဖက်ကိုနောက်ဘက်တွင်ဆုပ်ကာ ဂုဏ်ယူစွာ လမ်းလျှောက်နေသည့် ပိုင်ရှောင်ချန်းနားသာ ကပ်နေတော့သည်။
” ငါ့ ဘရူဆာ လေးကို အကုန်ချစ်ကြတာပဲ။ အဲ့တာ ငါ့ဆီက အမွေရတာပဲနေမှာ။” သူက တွေးရင်း သဘောကျနေတော့သည်။ သူက ချောင်းဟန့်လိုက်ကာ ဘရူဆာ ကို မြောက်ခြမ်းရှိ လူရှုပ်သောနေရာပေါင်းစုံသို့ ခေါ်သွားလေသည်။ ဂိုဏ်းသားများစွာက သူ့ကိုဝိုင်းကြည့်နေသည့်ခံစားချက်ကြောင့် သူ၏ရင်ထဲတွင် ဂုဏ်ယူမှုများနှင့်ပျော်ရွှင်များက နေရာယူထားတော့သည်။ သူကမေးငေါ့ကာ ဘရူဆာ ကို မြောက်ခြမ်းတစ်ခြမ်းလုံးနှင့် ရင်းနှီးသည်အထိ ဟိုဟိုသည်သည် လိုက်ပြနေတော့သည်။
အဆုံးတွင် ဘရူဆာ ၏ အကြောက်တရားနှင့် စိတ်လှုပ်ရှားမှုများမှာ ပျောက်ကွယ်သွားပြီး လမ်းလျှောက်ထွက်တိုင်း မြူးထူးပျော်ပါးနေတော့သည်။ သို့သော်လည်း သူကပိုင်ရှောင်ချန်းကို အတုခိုးကာ မေးငေါ့လျှက်ပင် လမ်းလျှောက်လေသည်။ သူ၏မျက်လုံးထဲမှအကြည့်များကပင် ဂုဏ်ဆာနေမှုများ ပါဝင်နေလေသည်။
သူက ပိုင်ရှောင်ချန်းသူ၏ဘေးနားရှိလျှင် တစ်ကမ္ဘာလုံးရှိမည်သည့်အရာမှ မကြောက်သည့် ပုံစံဖြစ်နေတော့သည်။ ထိုပုံစံကြောင့် ဂိုဏ်းသားများကပင် အံ့အားသင့်နေတော့သည်။ မကြာမီတွင် ဘရူဆာ မှာ ထူးဆန်းသော အကျင့်တစ်ခုရှိကြောင်းသိလိုက်ရသည်။
လူများက သူပျော်ရွှင်နေချိန်တွင် သူ့ကိုကြည့်နေကြောင်း သိလိုက်လျှင် သူက ရှေ့တိုးနောက်ဆုတ် မလုပ်ချင်သလို လုပ်ချင်သလို လုပ်ပြလိုက်လေသည်။ သူစိတ်ဆိုးနေပါက သွားများဖြဲပြကာ ကြောက်မက်ဖွယ်ဟိန်းဟောက်လေသည်။
ထိုကုန်သွားသောတစ်လအတွင်းတွင် ဘရူဆာ မှာ ဖြည်းဖြည်းချင်း ကြီးထွားလာသည်။ သို့သော်လည်း သူ၏အလျင်နှုန်း၊ စွမ်းအားနှင့် ကိုက်ချက်၏ပြင်းအားတို့ကို ထုတ်ပြခွင့်ရတိုင်း လူတိုင်းမှင်တက်သွားရစမြဲပင်။ သူ၏အမြန်နှုန်းမှာ ခွေးနက်ကြီးလောက်ရှိနေပြီဖြစ်ပြီး သားရဲမွေးမြူရေးခြံမှ မီတာသုံးဆယ်အရှည်ရှိသည့် ပန်ဂွန်လင်း ကြီးကို မီတာအနည်းငယ်နောက်သိူ့လွင့်သွားအောင် ဝင်တိုက်နိုင်လောက်သည်အထိ ခွန်အားကြီးလာလေသည်။
ဥာဏ်စွမ်းဆိုလျှင်လည်း ကြောက်မက်ဖွယ်အဆင့်တွင်ရောက်နေပြီဖြစ်သည်။ ဆယ်ကျော်သက်လူသားတစ်ယောက်နီးပါး အသိဥာဏ်ရှိကာ အခြားနေရာများတွင် ထို့ထက်ပင် သာလွန်လေသည်။
ပိုင်ရှောင်ချန်းအကြိုက်ဆုံးအချက်က ဘရူဆာ မှာမီးကိုထိန်းချုပ်ရာတွင် ကျွမ်းကျင်ခြင်းဖြစ်သည်။ ထို့အပြင် သူ၏ခြေထောက်မှထွက်လာသော မီးတောက်များမှာ သူလျင်မြန်စွာရွေ့လျားတိုင်း ပို၍အားပြင်းလာသည်။ မီးတောက်များမှာ မြေအောက်ကမ္ဘာမှ မီးများအလား နက်မှောင်နေသည်။
၎င်း၏ အံ့သြဖွယ် သဘာဝနှင့် ချစ်စဖွယ်အမူအရာများ၊ မျက်လုံးပြူးလေးများကြောင့် အကြီးအကဲများနှင့် တောင်ထိပ်သခင်များကပါ ဘရူဆာ ကို အလိုလိုက်ကြလေသည်။ သူတို့က ဘရူဆာအတွက် သင့်တော်သည့် စိတ်စွမ်းအင်ဆေးများနှင့် စားစရာများကို လက်ဆောင်အဖြစ် မကြာခဏပို့လေ့ရှိလေသည်။
သို့သော်လည်း ဘရူဆာ အသက်ကြီးလာသောအခါ ပိုင်ရှောင်ချန်းမှာ ထူးဆန်းသောအရာတစ်ခုကို တွေ့လိုက်လေသည်။ သူ၏အကျင့်နှင့်ပတ်သတ်သည့် သူမတူသော ထူးဆန်းချက်များရှိလေသည်။
ယခုတွင်မူ ရွှီဆုန်က ပိုင်ရှောင်ချန်းရှေ့ရှိ လမ်းတွင်ရပ်နေပြီး အကြေးခွံများထောင်ထနေကာ ခြေထောက်မှ မီးနက်များတောက်လောင်နေသည့် သူ့ကိုအော်ဟစ်နေသော ဘရူဆာ ကို ကြည့်နေလေသည်။ ရွှီဆုန်ကမူ တုန်လှုပ်နေသည်။ သူက ဘရူဆာ ကိုကြည့်ပင်ကြည့်ရသေးသော်လည်း ၎င်းမှာ ဒေါသထွက်ကာ သူ့ကိုကိုက်မည့်အနေအထားဖြစ်နေတော့သည်။
” ပိုင်ရှောင်ချန်း…. မင်းရဲ့သားရဲက….” သူက စိတ်ရှုတ်ရှုတ်နှင့်ပြောလိုက်လေသည်။ သို့သော်လည်း ဘရူဆာ ကို အကြီးအကဲများနှင့် တောင်ထိပ်သခင်များက အလိုလိုက်ထားသည်ကို သိလိုက်သဖြင့် သူ ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်သည်။ သူစကားပင်မဆုံးသေး ကုန်းစွန်းဝမ်အာမှာ တခြားဘက်မှ ပေါ်ပေါက်လာသည်။
စောစောကပင် လက်သည်းသွေး၊ အစွယ်သွေး နေသည့် ဘရူဆာ မှာ ကုန်းစွန်းဝမ်အာကိုလှမ်းကြည့်လိုက်သောအခါ ၎င်း၏မျက်လုံးများမှာ အရောင်တောက်လာသည်။ အရင်အကြိမ်များထက် ပိုချစ်စရာကောင်းသည့်ပုံဖြင့် ၎င်းကသူမဆီသို့ ကမူးရှူးထိုး ပြေးသွားလေသည်။
ထို့နောက် သူမလမ်းလျှောက်သည့်နောက်မှ ပျော်ရွှင်စွာ အော်မြည်ကာ ခွေးတစ်ကောင်လို အမြီးယမ်းရင်း လိုက်လာလေသည်။ သူမ၏ခြေထောက်ကို ၎င်းက ပွတ်သတ်လိုက်သောအခါ သူမမှာ ပြုံးလိုက်ပြီး ၎င်းကိုကောက်ကာ ရင်ခွင်ထဲသို့ ချီလိုက်လေသည်။
ကုန်းစွန်းဝမ်အာ၏ ရင်ဘတ်အတွင်းတွင် ဘရူဆာ က ရှေ့နောက် လူးလွန့်ရင်း မျက်လုံးများမှာ တောက်ပနေတော့သည်။ ကုန်းစွန်းဝမ်အာကမူ ရယ်မောနေသည်။ ဘရူဆာ မျက်နှာလေးပေါ်မှ အမူအရာအရ ၎င်းမှာ ကျေနပ်ပျော်ရွှင်နေတော့သည်။
ရွှီဆုန်၏မျက်လုံးများမှာ ပြူးသွားပြီး ပိုင်ရှောင်ချန်းကမူ ခြောက်ကပ်ကပ် ရယ်မောလိုက်လေသည်။ လွန်ခဲ့သောတစ်လုံးတွင် ဘရူဆာ က အမျိုးသားများကို သွားဖြဲ၍တဂူးဂူးတဂါးဂါးလုပ်ကာ သူ့ကိုလာထိလျှင် တန်းကိုက်မည့်ပုံစံပေါက်နေခြင်းဖြစ်သည်။ သို့သော်လည်း အမျိုးသမီးများရှေ့တွင်မူ ချစ်စဖွယ်အမူအရာလုပ်ပြကာ ပွေ့ဖက်ခံချင်နေသည့်အလား လုပ်ပြနေကြဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ထိုအကြောင်းအရင်းကို မသိသော်လည်း ဘရူဆာ ၏ သွေးမျိုးဆက်ကြောင့်ဖြစ်မည်ဟုသာ ထင်လိုက်လေသည်။ သေချာသည့် တစ်ခုတည်းသော အရာမှာ သူကထိုဝါသနာကို အမွေဆက်ခံရရှိခဲ့ခြင်းဖြစ်မည်ဆိုသည့် အချက်သာဖြစ်သည်။ ထိုအမူအကျင့်မှာ ကြာလေကြာလေ ပိုဆိုးလေဖြစ်လာပြီး အဓိပ္ပါယ်မရှိတော့သည့် အခြေအနေထိပင် ရောက်သွားတော့သည်။
ဘရူဆာ က အမျိုးသားများကိုဆက်ဆံပုံနှင့် အမျိုးသမီးများကို ဆက်ဆံပုံမှာ လုံးဝဆန့်ကျင်ဘက်ပင်။ အမျိုးသားများမှာမူ ဆွံ့အနေကြပြီး အများစုဆိုလျှင် ဘရူဆာ ကို အားပင်ကျနေတော့လေသည်။ အမျိုးသမီးတစ်ဝက်ကျော်ကျော်လောက်ကို သူကပွတ်သတ်ပြီးသွားပြီဖြစ်နေလေသည်။
ထိုမျှလောက်သာ ကိစ္စကပြီးသွားမည်ဆိုလျှင် သိပ်ပြဿနာမရှိပေ။ သို့သော်လည်း မကြာမီတွင် ပိုင်ရှောင်ချန်းက ချီစုစည်းမှုအဆင့်တစ်ဆယ် စက်ဝန်းထဲသို့ ဖောက်ထွက်ရန် တံခါးပိတ်ကျင့်စဥ်စလိုက်လေသည်။
ထိုအချိန်အတွင်းတွင် ဘရူဆာ ၏ ဝါသနာများမှာ ပြောင်းလဲသွားတော့သည်။ ခွေးနက်ကြီးက သူ့ကို မြောက်ဘက်ရှိအမျိုးသမီးများရေချိုးသည့်နေရာသို့ ခေါ်ခေါ်သွားကာ ခိုးခိုးကြည့်ကြလေသည်။ ခွေးနက်ကြီးမှာ အနည်းငယ်ပင် စိတ်ဝင်စားသော်လည်း ဘရူဆာ မှာမူ တန်းတန်းစွဲဖြစ်နေလေသည်။ အဆုံးတွင် အမျိုးသမီးများ၏ ရေချိုးချိန်ကို သူကမှတ်သားထားပြီး နံနက်အစောကြီးမှစ၍ သားရဲမွေးမြူရေးခြံအပြင်ထွက်ကာ ညမှောင်သည်အထိ လုံးဝပြန်မလာပေ။
တစ်ရက်အတွင်း ရေချိုးနေသည့်အမျိုးသမီးမည်မျှ သူတွေ့ခဲ့ကြောင်း တပ်အပ်ပင်မပြောနိုင်ပေ။ ပိုင်ရှောင်ချန်းမှာ သူ၏ တံခါးပိတ်ကျင့်စဥ်နှင့် ကျင့်ကြံခြင်းအခြေခံတိုးတက်ရေးပေါ်တွင် အာရုံစိုက်ထားရသဖြင့် ဖြစ်ပျက်နေသည်များကို သတိများများမထားနိုင်ခဲ့ပေ။
နောက်တစ်လထပ်ကုန်သွားပြီး ဘရူဆာ ၏ အကျင့်များမှာလည်း ပြောင်းသွားပြန်သည်။ အမျိုးသမီးများ၏ ပွေ့ဖက် ချီမြှောက်ခြင်းကို ခံရခြင်း နှင့် သူတို့ရေချိုးသည်ကိုခိုးကြည့်ခြင်းအပြင် သူက အရသာအသစ်တစ်ခု ထပ်တွေ့လာလေသည်။ အမျိုးသမီးများရေချိုးနေသည်ကို ကြည့်ရင်း သူက သူတိူ့၏ အတွင်းခံအင်္ကျီများကို ခိိုးကာ လုံခြုံသည့်တစ်နေရာတွင် ဖွက်ထားခြင်းပင်ဖြစ်သည်။
အဆုံးတွင် အမျိုးသမီး အများစုက သူတို့၏ အတွင်းခံများပျောက်ဆုံးနေသည်ကို သိလိုက်ရပြီး လူတိုင်းနီးပါးအခိုးခံရသည့် အနေအထားသို့ပင် ရောက်သွားတော့သည်။ ဘရူဆာက မြန်လွန်းသည်အပြင် ခွေးနက်ကြီးကလည်း သူ့ကိုစောင့်ကြည့်ပေးနေသည်ဖြစ်ရာ မည်သူမှ သူတို့ကို မမိပေ။
ထို့ကြောင့် သူအတွင်းခံခိုးသည့် ပထမဆုံးလတွင် မည်သည့်သဲလွန်စမှ မကျန်ခဲ့ပေ။ ဘရူဆာ မှာချစ်စရာကောင်းလွန်းလှ၍ မည်သည့်အမျိုးသမီးကမှ သူ့ကို သံသယမဝင်ပေ။
“တဏှာရူးတစ်ကောင် မြောက်ခြမ်းမှာပေါ်လာပြီပဲ။ သူက မိန်းကလေးအတွင်းခံတွေခိုးတာ အတော်ကျွမ်းတယ်တဲ့နော်။ သောက်ကျိုးနည်းကို တဏှာရူးကောင်ပဲကွ။ ဂိုဏ်းတူညီမလေးစွန်းဆ်ိုရင် ဆယ်ထည်လောက်ရှိပြီပျောက်တာ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ငါနည်းနည်းစုံစမ်းကြည့်ပြီးပြီ။ ငါ့တွက်ချက်အရဆို အတွင်းခံ ထောင်ပေါင်းများစွာ ပျောက်နေတာပဲ။ ဒီကောင့်မှာ တော်တော်ဆန်းတဲ့ အကျင့်ရှိတာပဲကွ။ သူက အတွင်းခံတွေကို ဖျက်စီးတာတော့မဟုတ်ဘူး။ ဒီတိုင်းစုနေတာကွ။ သူ့ကိုသေချာပေါက်တွေ့အောင်ရှာမယ်။”
.အတွင်းခံများပျောက်ဆုံးနေမှုမှာ ပို၍ပင် ဆိုးလာလေသည်။ အဆုံးတွင် အမျိုးသမီးများက ဒေါသတကြီးနှင့် ပေါင်းစည်းကာ မြောက်ခြမ်းတစ်ခြမ်းလုံးတွင် သက်သေလိုက်ရှာနေတော့သည်။
မုခ်ဦးတောင်မှ အကြီးအကဲတစ်ယောက်၏ ရှာဖွေရေးကျွမ်းကျင်သည့် ရှဥ့်တစ်ကောင်ဆီကပင် သူတို့က အကူအညီရလေသည်။ မြောက်ခြမ်းတစ်ခြမ်းလုံးမှာ အင်မတန် သတိနိုးကြားနေကြပြီး အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတော့သည်။
တောင်လေးလုံးအပြင်အခြားနေရာများတွင်ပါ သူတို့ကလိုက်ရှာကြလေသည်။ အဆုံးတွင် သားရဲမွေးမြူရေးခြံသို့သွားရန်လမ်းညွှန်လိုက်ကြသဖြင့် ခဏအတွင်းပင် ဂိုဏ်းသားရာချီကြီးမှာ ထိုနေရာသို့သွားနေကြတော့သည်။
ထိုစဥ် ပိုင်ရှောင်ချန်းကမူ ဂုဏ်ထူးဆောင်အစောင့်အရှောက် အဆောက်အဦထဲတွင် အာရုံအပြည့်ဖြင့် တရားထိုင်ကာ သူ၏ကျင့်ကြံခြင်းအခြေခံ မြင့်တက်လာသာသည်ကို အံ့သြလာလေတော့သည်။