Switch Mode

အခန်း (၄၀၀)

စာတစ်စောင်

ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူကျေနပ်နေစဉ် ချန်းမုနှင့် အပေါင်းအပါများမှာ မကျေမချမ်းဖြစ်နေကြ၏။ လီဝမ်အာတစ်ယောက် ဒေါသတကြီးနှင့် ခြိမ်းခြောက်သွားခဲ့ပြီးနောက် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၊ ဆည်းဆာကြယ်စင်စုဂိုဏ်းနှင့် ယွီဟွားရှန်ထျန်းဂိုဏ်းတို့မှာ သူတို့၏ အဖွဲ့ဝင်များဆီမှ အကြောင်းကြားစာများကို လက်ခံရရှိလိုက်ကြသည်။ သူတို့မှာ မြို့တော်အသစ်ထဲ၌ ဖြစ်ပျက်နေကြသည့် ဖြစ်ကြောင်းကုန်စင်ကို သိလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် အမျက်ချောင်းချောင်း ထွက်သွားကြတော့သည်။

အထူးသဖြင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာဆိုလျှင် သူတို့၏ ပေးပို့လိုက်သည့် ပစ္စည်းများအားလုံးမှာ သိမ်းယူခံလိုက်ရသည်မဟုတ်ပါလော။ ထိုကိစ္စကြီးမှာ သူတို့အတွက် အလွန်အင်မတန်မှ အထိနာပေသည်။ သူတို့မှာ ဒေါသတကြီးဖြစ်နေကြပြီး ပြည်ထောင်စုဥက္ကဋ္ဌကြီးဆီသို့ တိုက်ရိုက်ဆက်သွယ်လိုက်၏။

ပြည်ထောင်စုဥက္ကဋ္ဌကြီးမှာလည်း ထိုကိစ္စကို အရေးတယူ ဆောင်ရွက်နေသည့်ပုံပင်။ သူသည် အထူးစုံစမ်းရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးလိုက်ပြီး အင်္ဂါဂြိုဟ်ဘုရင်ခံကိုပင် ထိုအဖွဲ့၏ ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးလိုက်၏။ သူတို့မှာ ထိုကိစ္စကြီးကို သေသေချာချာ စုံစမ်းစစ်ဆေးရမည်ဖြစ်သည်။

သူတို့မှာ အလေးထား၍ ဆောင်ရွက်နေသည့်ပုံ ပေါ်ပါသော်လည်း ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၊ ဆည်းဆာကြယ်စင်စုဂိုဏ်းနှင့် ယွီဟွားရှန်ထျန်းဂိုဏ်းတို့မှာမူ ယခင်ကထက်ပင်ပို၍ ဒေါသထွက်လာရပြီဖြစ်သည်။ သူတို့မှာ ချန်းမုကဲ့သို့ အသက်ငယ်ရွယ်နုနယ်ပြီး နုံအသော ငတိလေးများ မဟုတ်ကြပေ။ ထိုနိုင်ငံရေးအဖွဲ့အစည်းသုံးခုမှာ ပြည်ထောင်စုကြီးထဲမှ စည်းမျဉ်းစည်းကမ်းများကို ကျွမ်းကျင်ပိုင်နိုင်နေပြီးသားဖြစ်သည့် ဉာဏ်ပညာထက်မြက်သော အဖွဲ့ဝင်ပေါင်းများစွာကို ပိုင်ဆိုင်ထားကြသည်ဖြစ်သည်။ ထို့အပြင် ထိုအဖွဲ့အစည်းများထဲ‌၌ ပြည်ထောင်စုကြီး၏ နိုင်ငံရေးဇာတ်ခုံပေါ်တွင် အတွေ့အကြုံရင့်သန်ပြီး ပြိုင်ဘက်များကို ဒုက္ခပေးနိုင်စွမ်းရှိသော အရည်အချင်းရှိ ပုဂ္ဂိုလ်များလည်း ရှိနေကြသည်ဖြစ်သည်။ ပြည်ထောင်စုကြီးဘက်မှ ယခုလို ဟန်ပြသက်သက် လုပ်ပြနေခြင်းမှာ အနာဂတ်တွင် ကြုံတွေ့လာရမည့် ပြစ်တင်ဝေဖန်မှုများကို ရှောင်လွှဲနိုင်ရန်အတွက်သာ ဖြစ်ကြောင်း သူတို့က သိထားကြ၏။

သူတို့ ခန့်မှန်းထားကြသည်အတိုင်းပင်။ ထိုစုံစမ်းရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော အင်္ဂါဂြိုဟ်ဘုရင်ခံမှာ နှစ်ပတ်တိတိ စုံစမ်းစစ်ဆေးပြီးနောက် လူတိုင်းအား ကျေနပ်သွားစေမည့် အဖြေတစ်ခု ပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်၏။

ထို့ကြောင့် ချန်းမုနှင့် အပေါင်းအပါများမှာ ပို၍ပင် စိတ်ဆင်းရဲသွားကြတော့သည်။ သူတို့မှာ လေးဖက်လေးတန်စလုံးမှ ပိတ်ဆို့ခံထားရသည်မဟုတ်ပါလော။ အပြင်ဘက်မှ လူများမှာ အတွင်းသို့ဝင်ခွင့်မရှိသလို အတွင်းထဲမှလူများမှာလည်း အပြင်ဘက်သို့ ထွက်ခွင့်မရှိသည့်အပြင် သူတို့၏ ပစ္စည်းများအားလုံးကိုလည်း သိမ်းယူသွားခဲ့ပြီ မဟုတ်ပါလော။ ဆည်းဆာကြက်စင်စုဂိုဏ်းနှင့် ယွီဟွားရှန်ထျန်းဂိုဏ်းတို့မှာ ထိုဖြစ်ရပ်ကြီးကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရသောကြောင့် သူတို့၏ သယ်ယူပို့ဆောင်ရေး သင်္ဘောပျံကြီးများအား လမ်းတစ်ဝက်၌ နောက်သို့ ပြန်လှည့်လာခိုင်းလိုက်ရ၏။

သူတို့၏ ကျင့်ကြံသူအများစုမှာ ကြံရာမရ ဖြစ်နေကြပြီဖြစ်သည်။ အကယ်၍ ယခုလိုသာ နှစ်ပတ်တိတိ ဆက်ဖြစ်နေမည်ဆိုပါက သူတို့မှာ အမှန်တကယ်ပင် လမ်းဆုံးသို့ ရောက်သွားလောက်မည်သာ ဖြစ်သည်။

သူတို့ထဲမှ အများစုမှာ ရှေးဟောင်းသိုင်းပညာပဆင့်၊ အာနာပါနအဆင့်နှင့် အခြေတည်အဆင့်တွင်သာ ရှိနေကြသည်မဟုတ်ပါလော။ သူတို့မှာ အမြုတေအဆင့်ကျင့်ကြံသူများကဲ့သို့ အစာနှင့်ရေ မရှိဘဲ အသက်ရှင်နိုင်စွမ်းမရှိကြပေ။ သူတို့အတွက် ဂျုံ၊ ဆန်၊ ရေ အစရှိသော အရာများမှာ အခြေခံ လိုအပ်ချက်များဖြစ်ကြ၏။

လက်ရှိတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲ၌ ရှိနေကြသည့် ကျင့်ကြံသူများအားလုံးမှာ ထိုနိုင်ငံရေး အဖွဲ့အစည်းသုံးခုနှင့် ဆက်နွှယ်နေကြသူများ ဖြစ်ကြသည်။ ထိုနယ်မြေသုံးခုကို အပြီးအထိ မဆောက်လုပ်ရသေးသောကြောင့် ထိုအဖွဲ့အစည်းသုံးခုနှင့် မသက်ဆိုင်သောလူများမှာ ထိုနယ်မြေများထဲသို့ ပြောင်းရွှေ့အခြေချနေထိုင်ခြင်း မရှိကြသေးပေ။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ချန်းမုနှင့် အပေါင်းအပါများအပေါ် စာနာသနားစိတ် လုံးဝမထားဘဲ နှိပ်စက်နေခြင်း ဖြစ်၏။

သိပ်မကြာခင်တွင် ထို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေသုံးခုမှာ ဆက်၍ သည်းမခံနိုင်တော့သဖြင့် သူတို့ ခံစားနေရသည့် ဒုက္ခများကြောင့် အသံများ ထွက်လာကြတော့သည်။ ချန်းမုနှင့် အခြား မြို့တော်ဝန်နှစ်ယောက်မှာလည်း ကျီးလန့်စာ စားနေရပြီဖြစ်သည်။ လီဝမ်အာမှာလည်း ဘာမှမတတ်နိုင်ပေ။ ထို့ကြောင့် ထိုကျင့်ကြံသူများနှင့် ဆက်နွှယ်နေသည့် နိုင်ငံရေးအဖွဲ့အစည်းများမှာ လွှတ်တော်ခေါင်းဆောင်ကြီးအား ဤကိစ္စထဲ၌ ဝင်ရောက်ဖျန်ဖြေပေးရန် တောင်းဆိုလိုက်ရတော့သည်။

ပြည်ထောင်စုဥက္ကဋ္ဌကြီးနှင့် အင်္ဂါဂြိုဟ်ဘုရင်ခံတို့ပင်လျှင် လွှတ်တော်ခေါင်းဆောင်ကြီးအား ရိုသေလေးစားသမှုဖြင့် ဆက်ဆံကြရသည်ဖြစ်သည်။ ထို့ကြောင့် သူ ဝင်ပါလာသောအခါ ဘုရင်ခံမှာ သူ့အား ထိုကိစ္စနှင့်ပတ်သက်၍ ရှင်းပြလိုက်ရတော့သည်။

” ဝမ်ပေါင်လဲ့က မြို့တော်အသစ်ရဲ့ လုံခြုံရေးကို အပြည့်အဝတာဝန်ယူထားတာ။ အဲ့တာမလို့ ကျမကိုယ်တိုင်တောင် ဝင်ရောက်စွပ်ဖက်ခွင့်မရှိဘူး ” သူမသည် ထိုအကြောင်းပြန်စာနှင့်အတူ စာရွက်စာတမ်းတစ်စုံအား ထိုလွှတ်တော်ခေါင်းဆောင်ကြီးဆီသို့ ပူးတွဲပေးပို့လိုက်၏။

ထိုစာရွက်စာတမ်းများမှာ ဝမ်ပေါင်လဲ့ သူမဆီသို့ တင်ပြထားသည့် စာရွက်စာတမ်းများပင် ဖြစ်သည်။ ၎င်းတို့ထဲတွင် နံရံကြီး၏ တိုက်စားမှုနှုန်းကို ဖော်ပြထားသည့်အပြင် သူ၏ သုံးနှစ်တာကာလ ကတိလည်း ပါဝင်နေ၏။ ထို့ကြောင့် လွှတ်တော်ခေါင်းဆောင်ကြီးမှာ ထိုစာရွက်စာတမ်းများကို ကြည့်ရင်း နှုတ်ဆိတ်သွားရ၏။ တစ်အောင့်ခန့် ကြာမြင့်သွားပြီးနောက် သူ၏ မျက်ဝန်းများထဲ၌ ထူးဆန်းသောအလင်းရောင်တစ်ခု တောက်ပလာတော့သည်။ ဝမ်ပေါင်လဲ့၏ ထိုစွမ်းဆောင်မှုကြောင့် လွှတ်တော်ခေါင်းဆောင်ကြီးမှာ သူ၏ ကိုယ်ရေးရာဇဝင်ကို ပထမဆုံးအကြိမ်အဖြစ် သေသေချာချာ ပြန်လည် အကဲဖြတ်လိုက်ရပြီဖြစ်သည်။

” ချန်းမုက ဒီကောင်လေးနဲ့ ယှဉ်လိုက်ရင် အာပလာပဲ ”

လွှတ်တော်ခေါင်းဆောင်ကြီးမှာ ထိုအချက်အလက်များနှင့် ဘုရင်ခံဆီမှ အကြောင်းကြားစာတို့ကိုသာမက ဤကိစ္စကြီးတစ်ခုလုံးအပေါ် ထားရှိသည့် သူ၏ ကိုယ်ပိုင်အတွေးအမြင်များကိုပါ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၊ ဆည်းဆာကြယ်စင်စုဂိုဏ်းနှင့် ယွီဟွားရှန်ထျန်းဂိုဏ်းဆီသို့ ပေးပို့လိုက်၏။ ထို့နောက် သူသည် ထိုကိစ္စကြီးထဲ၌ လုံးဝ ဝင်ပါခြင်း မရှိတော့ပေ။

ထိုအချက်အလက်သာ စစ်မှန်နေပြီး စစ်တပ်ခွင့်ပြုမိန့်မှာ အကျိုးသက်ရောက်နေ‌သရွေ့ နံရံကြီးအား လက်ရှိနှုန်းထားအတိုင်း ဆက်လက်တိုက်စားနေမည်ဆိုလျှင် ဝမ်ပေါင်လဲ့မှာ ပြဿနာအကြီးကြီး မရှာမိသရွေ့ သူ၏ ရာထူးမှာ တည်မြဲနေမည်သာဖြစ်ကြောင်း သူက သိထား၏။

လွှတ်တော်ခေါင်းဆောင်ကြီး၏ အကြောင်းပြန်စာကို ရရှိလိုက်ပြီးနောက် ဆည်းဆာကြယ်စင်စုဂိုဏ်းနှင့် ယွီဟွားရှန်ထျန်းဂိုဏ်းတို့မှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြတော့သည်။ ဆည်းဆာကြယ်စင်စုဂိုဏ်း၏ တုံ့ပြန်မှုမှာ အမြန်ဆုံးဖြစ်နေ၏။ သူတို့မှာ ဝမ်ဟွေ့အား ချက်ချင်းပင်လှမ်း၍ ဆက်သွယ်လိုက်ကြပြီး ချန်းမုနှင့် ခပ်ကင်းကင်းနေရန် အသိပေးလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် ဝမ်ပေါင်လဲ့နှင့် မဟာမိတ်ဖွဲ့ရမည်ဖြစ်သည်။ သူတို့မှာ သူတို့၏ ဂိုဏ်းနှင့် ဝမ်ပေါင်လဲ့၏ကြား၌ တင်းမာမှုများ ရှိနေသည်ကို သိရှိနားလည်ထား၏။ ထို့ကြောင့် အပြစ်ပေးခံရသည့်အနေဖြင့် ယာယီနယ်နှင်ဒဏ်ပေးခံထားရသော ဂိုဏ်းချုပ်ကြီး၏နေရာ၌ တာဝန်ထမ်းဆောင်နေသည့် အကြီးအကဲအချို့မှာ စုံစမ်းစစ်ဆေးမှုအချို့ ပြုလုပ်လိုက်ကြပြီးနောက် သူတို့ဂိုဏ်းမှနေ၍ နတ်ဘုရားလက်နက် မြို့တော်အသစ်ဆီသို့ ထောက်ပံ့ပေးနေသော ပစ္စည်းအား အရေအတွက် တိုးမြှင့်ပေးရန် ဆုံးဖြတ်ချက်ချလိုက်ကြတော့သည်။

တစ်ချိန်ထဲမှာပင် သူတို့မှာ ဝမ်ပေါင်လဲ့၏ ယာာီစစ်အုပ်ချုပ်ရေးကို အသိအမှတ်ပြုလိုက်ကြပြီး သူတို့ ထောက်ပံ့ပေးသော ပစ္စည်းများအားလုံးကို အချိုးကျခွဲဝေပေးမည့် ဆုံးဖြတ်ချက်ကိုလည်း သဘောတူလိုက်ကြ၏။

ဝမ်ဟွေ့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေမှာ ငွေအင်အား၊ လူအင်အား အမြောက်အမြား မလိုအပ်သောကြောင့် ပစ္စည်းများ ပိုလျှံနေသည်ကို ရှင်းပြနေစရာမလိုပေ။ ထိုလုပ်ရပ်ကိုကြည့်၍ ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ရဲတင်းမှုကို အထင်အရှား တွေ့မြင်နိုင်ပေသည်။ ဝမ်ဟွေ့မှာ သူ၏ဂိုဏ်းဆီမှ အကြောင်းကြားစာကို ရရှိလိုက်တော့အခါ အောင့်အီးသည်းခံကာ ဝမ်ပေါင်လဲ့ဆီသို့ လှမ်း၍ဆက်သွယ်လိုက်ပြီး သူ၏ဂိုဏ်းမှ ကမ်းလှမ်းချက်ကို ရှင်းပြလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ဆွံ့အသွားရ၏။

” ဆည်းဆာကြယ်စင်စုဂိုဏ်းက ဘယ်ဆိုးလို့လဲကွ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ သူသည် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဤကိစ္စကြီးအား ကိုင်တွယ်ဖြေရှင်းပုံနှင့် ပတ်သက်၍ စိတ်ထဲ၌ ကျေနပ်သွားတော့သည်။ သို့သော် သူသည် သူတို့ဆီမှ ထပ်၍ အမြတ်ထုတ်ရန် ကြိုးစားကြည့်သင့်သေးကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ချောင်းဟန့်လိုက်ပြီး ဝမ်ဟွေ့ဆီသို့ အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်တော့သည်။

” ဝမ်ဟွေ့ရေ။ နယ်မြေအသစ်ထဲက အလုပ်တွေက တော်တော်ကို ပင်ပန်းတာကွ။ မင်းက အခုမှ အသက်ငယ်ငယ်လေး ရှိသေးတာမလို့ မင်းအတွက် မနိုင်ဝန်ထမ်းနေရသလို ဖြစ်နေမှာ ငါ စိုးရိမ်မိတယ် ” ဝမ်ပေါင်လဲ့မှာ စကားရိပ်သမ်းလိုက်၏။

ထိုအခါ ဝမ်ဟွေ့မှာ ငြိမ်ကျသွားရတော့သည်။ သူသည် စဉ်စားဉာဏ်မရှိသော လူတစ်ယောက်မဟုတ်သောကြောင့် ဝမ်ပေါင်လဲ့ ပြောလိုသောစကား၏ အဓိပ္ပါယ်ကို ကောင်းကောင်းကြီး နားလည်‌ပေသည်။ ယခင်တုန်းကသာဆိုပါက သူသည် အပြင်းအထန် ကန့်ကွက်လိုက်မည်သာ ဖြစ်ပါသော်လည်း ယခုတွင်မူ သူ၏ ဂိုဏ်းကပါ လက်မြှောက်အရှုံးပေးနေရသဖြင့် သူသည်လည်း ရှက်ရွံ့မနေတော့ဘဲ ရှုံ့မဲ့မဲ့နှင့်ပြုံးကာ ပြန်၍အကြောင်းကြားလိုက်တော့သည်။

” မြို့တော်သခင်နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျနော်မျိုးလည်း တကယ်ပဲ အလုပ်တွေရှုပ်နေခဲ့တာ။ အဲ့တာမလို့ မြို့တော်သခင်ကို ကျနော့်အတွက် လက်ထောက်တစ်ယောက်လောက် စေလွှတ်ပေးဖို့ တောင်းဆိုပါရစေ… ”

ဝမ်ဟွေ့မှာ ရေလိုက်ငါးလိုက် ပြုမူပေးနေသောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ကျေနပ်သွားရ၏။ ထို့ကြောင့် သူသည် ဝမ်ဟွေ့နှင့် စကားအနည်းငယ်ခန့် ပြောရင်း လျှိုတောက်ပင်းအကြောင်းကို မသိမသာ ထည့်ပြောလိုက်၏။ ဝမ်ဟွေ့မှာလည်း အရိပ်ပြလျှင် အကောင်မြင်တတ်သော လူတစ်ယောက်ဖြစ်သောကြောင့် သူ့ဘက်မှစ၍ လျှိုတောက်ပင်းအား လက်ထောက်မြို့တော်ဝန်နေရာ၌ တာဝန်ထမ်ဆောင်ခိုင်းရန် အကြံပေးလိုက်၏။ ထိုအပြောင်းအရွှေ့အတွက် လိုအပ်သော ကိစ္စအဝဝကို သူ့ဘက်မှနေ၍ တာဝန်ယူပေးမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကြားစာကို အဆုံးသတ်လိုက်ပြီးနောက် မတ်တတ်ထလာပြီး ပြတင်းပေါက်ဘေးသို့သွားကာ အပြင်ဘက်သို့လှမ်း၍ ငေးကြည့်လိုက်၏။ သူသည် သူ၏ဗိုက်ကိုပုတ်ရင်း အလွန်အင်မတန်မှ ပျော်ရွှင်နေတော့သည်။ သူသည် သူ၏ မြို့တော်သခင်ရာထူး၏ လုပ်ပိုင်ခွင့်အာဏာများကို ကျင့်သားရလာပြီဖြစ်သောကြောင့် အလွယ်တကူ အသုံးချနိုင်စွမ်းရှိနေပြီဖြစ်ကြောင်း ခံစားမိနေ၏။ ထို့နောက် သူသည် လျှိုတောက်ပင်းဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်ခု ပေးပို့လိုက်ပြီး အကျဉ်းချုပ် ရှင်းပြလိုက်၏။ ထိုအခါ လျှိုတောက်ပင်းမှာ အတိုင်းမသိလောက်အောင် စိတ်လှုပ်ရှားကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရပြီး ကတုန်ကယင်ဖြစ်နေသော အသံများဖြင့် ပြန်၍ အကြောင်းပြန်လိုက်တော့သည်။

” မြို့တော်သခင် စိတ်ပူစရာမလိုဘူး။ လျှိုတောက်ပင်းဆိုတဲ့ ကျနော် အဲဒီမြို့တော်နယ်မြေအသစ်ကို သေချာစောင့်ကြည့်ပေးထားမယ်။ အမှားတစ်ခုခု ပေါ်လာတာနဲ့ ကျနော့်ခေါင်းကို ကျနော်ကိုယ်တိုင်ဖြတ်ပြီးတော့ မြို့တော်သခင်ဆီကို ပြန်ယူလာခဲ့ပါ့မယ်။ မြို့တော်သခင် ကျနော့် အပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေကို စိတ်မပျက်စေရပါဘူး ”

ဝမ်ပေါင်လဲ့မှာ လျှိုတောက်ပင်း၏ ပြောဆိုပြုမူပုံများကြောင့် အလွန်အင်မတန်မှ စိတ်ကျေနပ်သွားရ၏။ သူသည် သူ့အား ညွှန်ကြားချက်အချို့ ထပ်ပေးလိုက်ပြီးနောက် ထိုဆက်သွယ်မှုအား အဆုံးသတ်လိုက်၏။ နောက်ဆုံးတွင် လျှိုတောက်ပင်းမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရသောကြောင့် မျက်ရည်စမ်းစမ်းပင် ဖြစ်နေရတော့သည်။

ဝမ်ဟွေ့မှာလည်း အမှန်တကယ်ပင် အလုပ်ကြိုးစားပေသည်။ သူသည် တစ်ရက်အတွင်းတွင် လိုအပ်သည့် စီမံခန့်ခွဲမှု ကိစ္စအားလုံးကို ဖြေရှင်းနိုင်ခဲ့၏။ ထိုသို့ဖြင့် လျှိုတောက်ပင်းမှာ အတားအဆီးမရှိဘဲ ဝမ်ဟွေ့၏ လက်ထောက်အဆင့်သို့ ရာထူးတိုးသွားတော့သည်။ သူ၏ အရာရှိအဆင့်ကို တိုးပေးရန်မှာ အချိန်တိုအတွင်း မဖြစ်နိုင်ပါသော်လည်း သူ့အား ရုံးထိုင်ခိုင်းတွင်မူ ပြဿနာမရှိပေ။

ဝမ်ပေါင်လဲ့မှာ စိတ်ကျေနပ်သွားသဖြင့် လင်းတျန်ဟောက်အား ဝမ်ဟွေ့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ၏ ပတ်ပတ်လည်ရှိ ပိတ်ဆို့မှုများကို ရှင်းလင်းပေးရန် ညွှန်ကြားလိုက်၏။ ထိုသို့ဖြင့် တံခါးပေါက်များ ပွင့်သွားပြီး ဝမ်ဟွေ့မှာလည်း လွတ်လပ်သွားတော့သည်။ ထို့နောက် အထောက်အပံ့ ပစ္စည်းမြောက်မြားစွာမှာ ဒလဟော ရောက်ရှိလာကြ၏။

ထိုအခါမှသာ ဝမ်ဟွေ့မှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွားတော့သည်။ ထို့နောက် သူသည် စိတ်ပိုင်းဖြတ်လိုက်၏။ အနာဂတ်တွင် တစ်ယောက်ကသာ ပြဿနာရှာချင်ပါက သူ့တစ်ယောက်တည်းကိုသာ ရှာခိုင်းတော့မည်ဖြစ်သည်။ ဝမ်ဟွေ့မှာ သူ၏ သေရေးရှင်ရေးကိစ္စများနှင့် မပတ်သတ်နေသရွေ့ ဝမ်ပေါင်လဲ့အား အာခံတော့မည် မဟုတ်ပေ။

ဝမ်ဟွေ့၏ သစ္စာဖောက်မှုကြောင့် ချန်းမုမှာ အကြီးအကျယ် ဒေါသထွက်သွားရပါသော်လည်း သူသည် ဘာမှလုပ်နိုင်စွမ်းမရှိပေ။ ထိုအခင်းအရာများအားလုံးကို မြင်လိုက်ရသည့် ဖန်ကျင့်မှာလည်း သူမ၏ ဂိုဏ်းဆီမှ ညွှန်ကြားချက်များကို ရရှိလိုက်၏။ ထို့ကြောင့် သူမသည် ဆန္ဒမရှိသည့်တိုင်အောင် အရှုံးပေးလိုက်ရပြီ ဝမ်ဟွေ့အတိုင်း လိုက်လုပ်ရန် ဆုံးဖြတ်လိုက်ရတော့သည်။

ဝမ်ပေါင်လဲ့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေသုံးခုထဲမှ နှစ်ခုနှင့် ကျေအေးသွားပြီဖြစ်ရာ ချန်းမုတစ်ယောက်သာ ကျန်ရစ်နေတော့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ပိတ်ဆို့မှုများမှာ ပို၍အားကောင်းလာ၏။ ချန်းမု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာ အစာရေစာ လုံးဝပြတ်တောက်လုနီးပါး အနေအထားသို့ ရောက်နေပြီဖြစ်သည်။ မည်သည့် ကုန်ကြမ်းပစ္စည်းမှ ဝင်ရောက်မလာခဲ့သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများမှာလည်း ရပ်တန့်သွားရ၏။ ထို့အပြင် မိုးထိုးလုမတတ် မြင့်မားနေသော နံရံကြီးများကြောင့် သူတို့မှာ စိတ်ဖိစီးမှုများ ခံစားနေရပြီး အကျဉ်းထောင်ထဲ၌ ပိတ်မိနေသကဲ့သို့ ဖြစ်နေကြတော့သည်။ ချန်းမု၏ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ ကျင့်ကြံသူအားလုံးမှာ စိတ်ဓာတ်များ ကျဆင်းနေကြပြီဖြစ်သည်။

နောက်ဆုံးတွင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ အခြားရွေးချယ်စရာ မရှိတော့သောကြောင့် အလျှော့ပေးကာ အပေးအယူလုပ်လိုက်ရတော့သည်။ ချန်းမုမှာ လုံးဝအလျှော့ပေးချင်စိတ် မရှိပါသော်လည်း မတတ်နိုင်တော့ဘဲ အင်္ဂါဂြိုဟ်အစိုးရဆီသို့ တောင်းဆိုချက်တစ်ခု တင်ပြလိုက်ရ၏။ ၎င်းမှာ ယခုမှစ၍ နတ်ဘုရားလက်နက်မြို့တော်၏ တိုက်ရိုက်ကြီးကြပ်မှုကို ခံယူခွင့်ပေးရန်ဆိုသည့် တောင်းဆိုချက်ပင်ဖြစ်သည်။

နှစ်ပတ်တိတိ ဖြစ်ပွားနေခဲ့သော တိုက်ပွဲကြီးမှာ နောက်ဆုံးတွင် ချန်းမုနှင့် အပေါင်းအပါများ၏ ဝမ်ပေါင်လဲ့အား အရှုံးပေးမှုဖြင့် ပြီးဆုံးသွား၏။ ထိုနှစ်ပတ်အတွင်းတွင် မြို့တော်အသစ်ထဲမှ ကျင့်ကြံသူအားလုံးမှာ ထိုကိစ္စကြီးအား မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့၏။ ထို ဖြစ်ရပ်ကြီးတစ်ခုလုံး ပြီးဆုံးသွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ လုပ်ပိုင်ခွင့်အာဏာများမှာ အနည်းငယ်လေးပင် ယိမ်းယိုင်သွားခဲ့ခြင်း မရှိသည်ကို သူတို့က သိလိုက်ရ၏။

ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၊ ဆည်းဆာကြယ်စင်စုဂိုဏ်းနှင့် ယွီဟွားရှန်ထျန်းဂိုဏ်းတို့မှာ အလျှော့ပေးခဲ့ရသည်မဟုတ်ပါလော။

ပြည်ထောင်စုကြီးထဲမှ အခြားနိုင်ငံရေးအဖွဲ့အစည်းများမှာလည်း ထိုကိစ္စကြီးကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြသည် ဖြစ်သည်။ ဤဖြစ်ရပ်ကြီးကြောင့် ပြည်ထောင်စုကြီးထဲရှိ အဖွဲ့အစည်းအားလုံးမှာ ဝမ်ပေါင်လဲ့အပေါ် ပို၍ စိတ်ဝင်စားလာကြပြီး ယခင်တုန်းကထက်ပို၍ အလေးထားလာကြတော့သည်။

အရေးအကြီးဆုံးအချက်မှာ …. ဝမ်ပေါင်လဲ့သည် အစမှအဆုံးအထိ တာအိုကျောင်းလေးကျောင်း၏ အချိတ်အဆက်များကို အသုံးပြုခဲ့ခြင်းမရှိဘဲ ကိုယ့်အားကိုယ်ကိုးကာ ဤပြဿနာကြီးတစ်ခုလုံးကို ဖြေရှင်းခဲ့ခြင်းပင် ဖြစ်သည်။

ထိုအတောအတွင်း၌ ပြည်ထောင်စုကြီးထဲရှိ မည်သည့်မြေပုံပေါ်တွင်မှ မရှိသော ဒေသတစ်ခုတွင် ကြည်လင်အေးမြသောရေများ စီးဆင်းနေသည့် တောင်တန်းများထဲ၌ နေရာတစ်ခု ရှိနေ၏။ ထိုနေရာမှာ ပြည်‌ထောင်စုကြီးထဲ၌ ထိပ်ဆန်းအဆင့် လျှို့ဝှက်နေရာတစ်ခု ဖြစ်၏။ ကျင့်ကြံသူများမှာ ဝိညာဉ်အာရုံခံစွမ်းအား‌များဖြင့် ဤနေရာကို ရှာဖွေနိုင်စွမ်းရှိမည်မဟုတ်ပေ။

ထိုဒေသထဲ၌ အဆောင်တစ်ခု ရှိနေ၏။ လက်ရှိတွင် နေဝင်ချိန်ရောက်နေပြီဖြစ်သောကြောင့် ကောင်းကင်ယံကြီးမှာ လိမ္မော်ရောင် သန်းနေပြီဖြစ်သည်။ အနောက်ဘက်သို့ ဝင်သွားမည့်ဆဲဆဲဖြစ်နေသည့် နေမင်းကြီး၏ နောက်ဆုံးအလင်းတန်းများမှာ ထိုအဆောင်၏ အပေါ်ဆုံးအထပ်သို့ ကျရောက်နေ၏။ ထိုအထပ်တွင် သက်လတ်ပိုင်းလူကြီးတစ်ယောက် ထိုင်နေသည်။ ထိုလူကြီးမှာ ရှေးဆန်ပြီး ရိုးရှင်းသော လက်ရှည်ဝတ်ရုံကြီးတစ်ခုကို ဆင်မြန်းထားပြီး နေဝင်ဆည်းဆာအလင်းထဲ၌ ကိုင်မြှောက်ထားသော စာတစ်စောင်ကို ဖတ်ရှုနေ၏။

ထိုလူကြီး၏ ရုပ်ရည်မှာ သာမာန်အဆင့်တွင်သာ ရှိနေပါသော်လည်း ထိုအခန်းထဲ၌ တစ်ယောက်ယောက်သာ ရှိနေမည်ဆိုပါက သူတို့မှာ အမြင်မှားနေခြင်း ဖြစ်မည်လောဟု တွေးမိနေမည်ဖြစ်သည်။ ထိုသာမန်ရုပ်ရည်နှင့် လူကြီးမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ဖြင့် တစ်သားတည်းဖြစ်နေသည့်ပုံ ပေါက်နေ၏။ သူ့အား စိုက်ကြည့်နေရခြင်းမှာ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့၏ ဥပဒေသများကို မျက်ဝါးထင်ထင် ကြည့်နေရသကဲ့သို့ပင်။

လက်ရှိ ရှေးဦးဝိညာဥ်ခေတ်ထဲတွင် လူအများစုမှာ ကျောက်စိမ်းပေလွှာများကို အသုံးပြုနေကြပြီဖြစ်သည်။ ထိုလူကြီးကဲ့သို့ သ၀ဏ်လွှာများကို ဖတ်ရှုသည့် လူများမှာ မရှိသလောက် နည်းနေပြီဖြစ်သည်။ သူသည် ထိုစာကိုဖတ်နေရင်း တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် ထိုစာရွက်ကို အောက်သို့ချလိုက်၏။ ထို့နောက် သူသည် ခေါင်းမော့လာပြီး ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံကြီးအား လှမ်းကြည့်ကာ ခပ်ရေးရေးမျှ ပြုံးလိုက်တော့သည်။

” သူ့ကို ပျိုးပင်ကိုယ်စားလှယ်တစ်ယောက် အဖြစ် လက်ခံဖို့ အကြံပေးနေတာပါလား။ ရတယ်လေ။ နည်းနည်းလောက်ထပ်ပြီးတော့ အခြေအနေ စောင့်ကြည့်ပြီးမှ အကဲဖြတ်တာပေါ့ ” ထိုလူကြီးမှာ ထိုသို့ရေရွတ်လိုက်ပြီး ထိုစာရွက်အား သူ၏ဘေးတွင်ရှိနေသော စာအုပ်စင်၏ အောက်ဆုံးအဆင့်ပေါ်၌ တင်ထားလိုက်တော့သည်။

ထိုစာအုပ်စင်ပေါ်တွင် အဆင့်သုံးဆင့် ရှိနေ၏။ ထိပ်ဆုံးအဆင့်တွင် အနီရောင်စာသုံးစောင်၊ ဒုတိယအဆင့်တွင် အပြာရောင် စာခုနစ်ဆောင်၊ ရှစ်ဆောင်နှင့် နောက်ဆုံးအဆင့်တွင် သူ၏လက်ထဲ၌ ကိုင်ထားသည့် စာနှင့် တစ်ထေရာတည်း တူနေသည့် စာဆယ့်ခုနစ်ဆောင်တိတိ ရှိနေ၏။

Comment

  1. 10aprilsunday4 says:

    Book 30 မြန်မြန်ထွက်ပေးပါ

Leave a Reply

Options

not work with dark mode
Reset