နတ်ဘုရားလက်နက် မြို့တော်အသစ်၏ မန္တန်အစီအရင်ကြီးမှာ မဟာအင်္ဂါဂြိုဟ် မန္တန်အစီအရင်ကြီးကို အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်ရာ အလွန်အင်မတန်မှ အစွမ်းထက်၏။ မြို့တော်အသစ် မတည်ဆောက်ရသေးခင်တုန်းက အင်္ဂါဂြိုဟ်တစ်ခုလုံးပေါ်တွင် ဘုရင်ခံတစ်ယောက်သာလျှင် ထိုမန္တန်အစီအရင်ကြီးအား အပြည့်အဝ ထိန်းချုပ်ခွင့်ရှိသည်ဖြစ်သည်။ အခြားသူများမှာ တစ်စိတ်တစ်ပိုင်းလောက်သာ ထိန်းချုပ်ခွင့်ရှိခဲ့သောကြောင့် ထိုမန္တန်အစီအရင်ကြီး စွမ်းအားကို အကုန်ထုတ်မသုံးနိုင်ကြပေ။ သူတို့မှာ ၎င်းဆီမှ စွမ်းအားများအား ခဏယူ၍သာ အသုံးပြုနိုင်ခဲ့၏။
မြို့တော်နယ်မြေအသစ်အား စတင်တည်ဆောက်သည့်အချိန်တွင်မူ လှိုဏ်ခေါင်းများအား ထိန်းချုပ်ရသည့် တာဝန်မှာ ကြီးမားလာပြီဖြစ်သည်။ သို့ဖုစ်ရာ ဘုရင်ခံမှာ ဝမ်ပေါင်လဲ့အား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ခွင့် ပေးခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်လည်း သူသည် မြို့တော်အသစ်ထဲ၌ မန္တန်အစီအရင်ကြီး၏ စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်းရှိနေခြင်းဖြစ်သည်။
ထိုစဉ်တုန်းက သူ၏ ထိန်းချုပ်နိုင်စွမ်းမှာ မြင့်မားခဲ့ပါသော်လည်း အကန့်အသတ်တစ်ခုတော့ ရှိခဲ့ပေသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုမြို့တော်နယ်မြေအား မြို့တော်အစစ်တစ်ခုအဖြစ် ပြောင်းလဲပြီး ဒုတိယအင်္ဂါဂြိုဟ်မြို့တော်အဖြစ် တည်ဆောက်ရန် တရားဝင် လျှောက်ထားခဲ့သည့်အချိန်တွင် အရာအားလုံးမှာ ပြောင်းလဲသွားတော့သည်။ ထိုအချိန်တွင် ကျောက်ယမုန့် စီစဉ်ရေးဆွဲခဲ့သော မန္တန်အစီအရင်ကြီးမှာ ထိုမန္တန်အစီအရင်ကြီး၏ အချက်အချာဖြစ်သွားခဲ့ပြီး မဟာအင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီးနှင့် ပေါင်းစည်းသွား၏။
ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့် စီစဉ်ရေးဆွဲထားသော မဟာပေါင်လဲ့ မန္တန်အစီအရင်ကြီးအား အပြည့်အဝထိန်းချုပ်နိုင်စွမ်းရှိနေ၏။ သို့ဖြစ်ရာ သူသည် ထိုမန္တန်အစီအရင်ကြီးကို အခြေခံ၍ မဟာအင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီးကိုလည်း အသုံးပြုနိုင်စွမ်းရှိနေတော့သည်။ ထို့အပြင် သူသည် မြို့တော်သခင်အဖြစ် ရာထူးတိုးသွားခဲ့ပြီးနောက် မဟာအင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီးအား ထိန်းချုပ်ခွင့်ကိုလည်း အလိုလို ရရှိသွားခဲ့သေးသည်။ ထို့ကြောင့် သူသည် နှောင်းပိုင်း အခြေတည်အဆင့်၌သာ ရှိနေသေးသည့်တိုင်အောင် မန္တန်အစီအရင်ကြီးကို အသုံးပြု၍ ဒုတိယအင်္ဂါဂြိုဟ်မြို့တော်ထဲ၌ အံ့ဩမှင်တက်ဖွယ်ရန် စွမ်းအားများကို ထုတ်ပြနိုင်စွမ်း ရှိနေတော့သည်။
၎င်းမှာ ပဏာမအဆင့်သုံး အရာရှိတစ်ယောက်ဖြစ်သော မြို့တော်အသစ်၏ မြို့တော်သခင် ပိုင်ဆိုင်ထားသင့်သည့် စွမ်းအားနှင့် လုပ်ပိုင်ခွင့်အာဏာမျိုး ဖြစ်ပေသည်။ ထိုသို့သာမဟုတ်ပါက သူသည် နှောင်းပိုင်းအခြေတည်အဆင့်တွင်သာ ရှိနေသေးသည်ဖြစ်၍ မည်သည့်နည်းဖြင့် လူများအား ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်ကာ လှိုဏ်ခေါင်းများအား တည်ငြိမ်အောင် ထိန်းသိမ်းရမည့် တာဝန်ကို အပြည့်အဝ ထမ်းဆောင်နိုင်ပ့ါမည်နည်း။
သို့သော် ဝမ်ပေါင်လဲ့မှာ မြို့တော်အသစ်ထဲ၌သာ ထိုကဲ့သို့ ထိန်းချုပ်ခွင့်ရှိသည်ဖြစ်သည်။ ထိုမြို့တော်ကြီးအပြင်ဘက်တွင် သူ၏ မဟာအင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီးအား ထိန်းချုပ်နိုင်စွမ်းမှာ သိသိသာသာ လျော့နည်းသွားမည်သာ ဖြစါသည်။ ထို မန္တန်အစီအရင်ကြီး၏ စွမ်းအားများထွက်ပေါ်လာသောအခါ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ အခြေတည်ထိပ်ဆုံးအဆင့် အကြီးအကဲကြီးမှာ အသက်ရှူသံများ ရပ်တန့်သွားရ၏။ သူသည် သူ၏ ဦးခေါင်းအထက်၌ ဖိအားကြီးတစ်ခု ရောက်နေသောကြောင့် အချိန်မရွေး သေဆုံးသွားနိုင်သည့်အလား ခံစားနေရတော့သည်။
ချန်းမုနှင့် အပေါင်းအပါများမှာလည်း ထိုမြင်ကွင်းကြော င့်တုန်လှုပ်ချောက်ချားသွားရ၏။ လီဝမ်အာပင်လျှင် ကောင်းကင်ယံထဲရှိ ဝမ်ပေါင်လဲ့၏ မှုန်ဝါးဝါး မျက်နှာကြီးကို အဓိပ္ပါယ်ပါပါ ကြည့်နေ၏။ သူမသည်လည်း မဟာအင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီးအား အကန့်အသတ်နှင့်သာ ရှိသည်ဖြစ်သည်။ သို့သော် မြို့တော်အသစ်ထဲ၌ သူမ၏ ထိုမန္တန်အစီအရင်ကြီးအား ထိန်းချုပ်နိုင်စွမ်းမှာ ဝမ်ပေါင်လဲ့လောက် မြင့်မားနေခြင်း မရှိသည်ကို အထင်အရှား မြင်နိုင်ပေသည်။
ဝမ်ပေါင်လဲ့ ထိုသို့မေးလိုက်ပြီးနောက် အရာအားလုံးမှာ တိတ်ဆိတ်သွားကြသဖြင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ အခြေတည်ထိပ်ဆုံးအဆင့် အကြီးအကဲကြီးမှာ နဖူးပေါ်မှ ဇောချွေးများ စီးကျလာတော့သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး အခြားရွေးချယ်စရာ မရှိတော့သဖြင့် ခေါင်းငုံ့ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်လိုက်ပြီး ကောင်းကင်ယံထဲရှိ ဝမ်ပေါင်လဲ့၏ မျက်နှာကြီးအား အရိုအသေ ပေးလိုက်ရတော့သည်။
သူသည် ဝမ်ပေါင်လဲ့အား ယှဉ်နိုင်မည်မဟုတ်ကြောင်းသိထား၏။ သူသည် အတုအယောင် အမြုတေအဆင့်ဟု ခေါ်ဆိုကြသည့် အခြေတည်ထိပ်ဆုံးအဆင့်၌ ရှိနေသည့်တိုင်အောင် အရည်အချင်းပိုင်းတွင်သာမက ရာထူးအဆင့်အတန်းအပိုင်းတွင်ပါ ဝမ်ပေါင်လဲ့ထက် အများကြီးပို၍ နိမ့်ကျနေသည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ တောက်ပသောအနာဂတ်တစ်ခုကို ပိုင်ဆိုင်ထားရုံသာမက ယခုကဲ့သို့သော ကျင့်ကြံခြင်းအဆင့်အထိ ရောက်နေသည်ကိုကြည့်၍ သူ၏ မွေးရာပါ ပင်ကိုယ်ပါရမီများကို အထင်အရှား သိမြင်နိုင်ပေသည်။ ထို့အပြင် သူသည် ပဏာမအဆင့်သုံးဆိုသော ရာထူးကိုလည်း ပိုင်ဆိုင်ထားသေးသည်မဟုတ်ပါလော။
သူတို့မှာ တာအိုလူ့အဖွဲ့အစည်း အစစ်အမှန်တစ်ခုထဲသို့ ရောက်နေသည်သာ ဆိုပါက ထိုအကြီးအကဲကြီးအတွက် အခြေအနေကောင်းနိုင်ပေးသည်။ သို့သော် ဤကမ္ဘာကြီးပေါ်တွင် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများသာမက ရာထူးအဆင့်အတန်း ကြီးစဉ်ငယ်လိုက်နှင့် ဖွဲ့စည်းတည်ဆောက်ပုံများ ရှိနေကြသည်ဖြစ်သည်။ နှစ်ထောင်ပေါင်းများစွာ ရှိနေခဲ့သော စနစ်ကြီးတစ်ခုအား ရှေးဦးဝိညာဉ်ခေတ်ထဲသို့ ဆယ်စုနှစ်အနည်းငယ်မျှ ရောက်နေရုံလောက်နှင့် အလွယ်တကူ ပြောင်းလဲပစ်နိုင်မည် မဟုတ်ပေ။
” ကျနော် စောစောနက စကားပြောမှားသွားတာပါ။ မြို့တော်သခင် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒါပေမဲ့ ကျနော်က ထောက်ပို့ရေးလုပ်ငန်းအတွက် တာဝန်ယူထားရတာမလို့ မြို့တော်သခင်ဘက်က ကျနော်တို့ရဲ့ ပစ္စည်းတွေကို သိမ်းယူရတဲ့ အကြောင်းပြချက်တစ်ခု ပေးဖို့ တောင်းဆိုပါရစေ ” အခြေတည်ထိပ်ဆုံးအဆင့် အကြီးအကဲကြီးမှာ ခေါင်းငုံကာ လျှောက်ထားလိုက်၏။ သူသည် ယခုလို တင်ပြမှရတော့မည်ဖြစ်သည်။ ထိုသို့သာမဟုတ်ဘဲ သူတို့အား ထိုပစ္စည်းများကို ဆန္ဒရှိသလို သိမ်းယူခွင့် ပေးလိုက်မည်ဆိုပါက သူသည် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုသို့ ပြန်ရောက်သည့်အချိန်တွင် မလွဲမသွေ အပြစ်ပေးခံရမည်သာဖြစ်သည်။
သို့သော် ယခုတွင် သူသည် စိတ်တည်ငြိမ်သွားပြီဖြစ်သောကြောင့် သူ၏ လေသံမှာလည်း သိမ်မွေ့သွားပြီဖြစ်သည်။ သူသည် ” ရှင်းပြချက် ” ဟူသော စကားလုံးအစား ” အကြောင်းပြချက် ” ဟူသော စကားလုံးကို ရွေးချယ်သုံးနှုန်းခဲ့သည်ဖြစ်ရာ ထိုစကားလုံးနှစ်လုံး၏ ခြားနားချက်ကိုကြည့်၍ သူပြောလိုသော စကား၏ အဓိပ္ပါယ်ကို ခွဲခြား သိမြင်နိုင်ပေသည်။
” ရှင်းပြချက် ဟုတ်လား ” ကောင်းကင်ယံထဲရှိ မန္တန်အစီအရင်ကြီးပေါ်၌ ပေါ်နေသော ဝမ်ပေါင်လဲ့၏ မျက်နှာကြီးမှာ တည်ကြည်မှုအပြည့်ရှိသောအမူအရာဖြင့် မေးလိုက်၏။
” မြို့တော်ဝန်ခုန်းတောက်က စောနတုန်းကပဲ မင်းတို့ကို အသိပေးထားတယ် မဟုတ်ဘူးလား။ လှိုဏ်ခေါင်းအသစ်တစ်ခု ပေါ်လာလို့ မြို့တော်ကြီးတစ်လုံး ထိတ်ထိတ်ပျာပျာ ဖြစ်နေရတယ်ဆိုပြီးတော့လေ။ ဒီကိစ္စကြီးက မြို့တော်အသစ်အတွက် သေရေးရှင်ရေးလောက်ကို အရေးကြီးတာ။ အဲတာမလို့ သင်္ဘောပျံတွေအားလုံးကို ငါတို့က ထိန်းသိမ်းထားရမှာ။ ပစ္စည်းတွေကိုလည်း မြို့တော်အသစ်က ထိန်းသိမ်းစောင့်ရှောက်ပေးထားမှာပါ ”
” ပြီးရင်… ခဗျားတို့တွေ ဒီနေရာကနေ ထွက်ခွာဖို့ အချိန်နှစ်နာရီရမယ် ” ဝမ်ပေါင်လဲ့၏ စကားသံကြီးမှာ လေထုထဲ၌ ပဲ့တင်ထပ်သွားပြီး ကောင်းကင်ယံထဲမှ သူ၏မျက်နှာကြီးမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။ ၎င်း ပျောက်ကွယ်ပြီးသွားသည့်တိုင်အောင် သူ၏စကားလုံးများ၏ ဖိအားများမှာ ကျန်ရစ်နေခဲ့ဆဲ ဖြစ်သောကြောင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ အခြေတည်ထိပ်ဆုံးအဆင့် အကြီးအကဲကြီးမှာ ချက်ချင်းဆိုသလိုပင် တုန်ရီသွားရတော့သည်။
သူတစ်ယောက်ထဲသာ ထိုသို့ဖြစ်သွားရသည်တော့မဟုတ်ပေ။ ခုန်းတောက်ပင်လျှင် ခေါင်းမော့ကာ လေထဲ၌ ပျောက်ကွယ်သွားသည့် မျက်နှာကြီးကို လှမ်းကြည့်နေလိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ စကားလုံးများထဲ၌ ကိန်းအောင်းနေသော ဖိအားများကို အာရုံခံနိုင်စွမ်းရှိနေ၏။ ဝမ်ပေါင်လဲ့မှာ ချန်းမုနှင့် အပေါင်းအပါများအား သင်ခန်းစာတစ်ခုပေးရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သူက ရိပ်မိလိုက်၏။ ထို့ကြောင့် ခုန်းတောက်မှာလည်း ဤကိစ္စကြီးအား အလေးထား၍ ဆက်ဆံလိုက်၏။
သူသည် မည်သူ့ကို အပြစ်လုပ်မိလုပ်မိ ဂရုစိုက်နေမည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ သူ၏အသက်ကို ကယ်တင်ခဲ့ရုံသာမက သူ့အား ရာထူးတစ်ဆင့်တက်လာအောင် ကူညီပေးခဲ့သည်ဖြစ်သောကြောင့် ခုန်းတောက်မှာ သူ့အပေါ် ကျေးဇူးကြွေးတင်နေပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မား မကူညီဘဲ ဘေးထွက်နေရမည့် အကြောင်းအရင်း လုံးဝမရှိဟု သူက မှတ်ယူထား၏။
ခုန်းတောက်၏ တင်းကြပ်သော ကြီးကြပ်မှုအောက်တွင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ အခြေတည်ထိပ်ဆုံးအဆင့် အကျီအကယ်ကြီးမှာ သူ၏ ပြောင်သလင်းခါနေပြီဖြစ်သော သင်္ဘောပျံကြီးများအား ထားခဲ့ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သူသည် ထိုနေရာမှထွက်မသွားခင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများ၏ အပြင်ဘက်ရှိ နံရံကြီးများကို ကောင်းကောင်းကြီး မြင်ခဲ့ရ၏။ ထို့ကြောင့် သူသည် ခေါင်းယမ်းကာ သက်ပြင်းချလိုက်ပြီး ထိုကိစ္စအား သူ၏ အထက်လူကြီးများဆီသို့ ချက်ချင်းပင် တင်ပြလိုက်တော့သည်။
ချန်းမုနှင့် အပေါင်းအပါများမှာလည်း ငြိမ်ကျသွား၏။ သူတို့မှာ အသေးစိတ်အချက်အလက်များကို မသိရပါသော်လည်း ခပ်လှမ်းလှမ်းတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို မြင်လိုက်ရ၏။ သူတို့မှာ သူတို့၏ နယ်မြေများထဲ၌ ပိတ်မိနေကြစဉ် သူတို့၏ ပစ္စည်းများ သိမ်းယူခံလိုက်ရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရ၏။ သူတို့မှာ အခြားလူတစ်ယောက်က သူတို့အား စိတ်ကြိုက်ခြယ်လှယ်နေသလို ခံစားလိုက်ရသဖြင့် မကျေမချမ်း ဖြစ်နေရတော့သည်။ သို့သော် သူတို့မှာ ငြိမ်ခံနေရုံမှတပါး အခြား ဘာမှ မလုပ်နိုင်ခဲ့ပေ။
အမှန်အတိုင်းဆိုရမည်ဆိုလျှင် ဤပြဿနာကြီးကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခု ရှိပါသော်လည်း ချန်းမု၊ ဝမ်ဟွေ့နှင့် ဖန်ကျင့်တို့မှာ ထိုနည်းလမ်းကို မရွေးချယ်လိုကြပေ။ ၎င်းမှာ လက်မြောက်အရှုံးပေးကာ ဝမ်ပေါင်လဲ့နှင့် စေ့စပ်ညှိနှိုင်းပြီး သူ့အား သူတို့၏ နယ်မြေများထဲ၌ ကြီးကြပ်ခွင့် ပေးလိုက်ရန်သာဖြစ်သည်။
” ငါ့ရဲ့ မိသားစုမျိုးနွယ်စုဆီကို သတင်းပို့ရုံက လွဲပြီးတော့ တခြားရွေးချယ်စရာ မရှိတော့ဘူး။ ဝမ်ဟွေ့၊ ဖန်ကျင့်။ မင်းတို့လည်း မင်းတို့ရဲ့ ဂိုဏ်းတွေဆီကို ချက်ချင်း အကြောင်းကြားလိုက်ကြ။ ငါတို့တွေ လုံးဝအလျှော့မပေးနိုင်ဘူး ” တစ်ခဏမျှ ကြာပြီးနောက် ချန်းမုမှာ အံကြိတ်ကာ ခေါင်းမော့လာပြီး နံရံပေါ်ရှိ လင်းတျန်ဟောက်အား စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် လီဝမ်အာအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။ သူသည် သူ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဆီသို့ ပြန်သွားလိုက်ပြီးနောက် သူ၏မိသားစုမျိုးနွယ်စုဆီသို့ ချက်ချင်းပင် လှမ်း၍ ဆက်သွယ်လိုက်တော့သည်။
ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ အခြေတည်ထိပ်ဆုံးအဆင့် အကြီးအကဲကြီးဆီမှလည်း ထိုအစီအရင်ခံစာကို ရရှိခဲ့ပြီးဖြစ်သည်။ ချန်းမု၏ စကားများကို ကြားလိုက်ရသောအခါတွင်မူ သူတို့မှာ အမျက်ချောင်းချောင်းထွက်သွားကြပြီး ထိုကိစ္စထဲ၌ ဝင်ပါရန် ဆုံးဖြတ်လိုက်တော့သည်။
သို့သော် သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့၏ ပြတ်သားသောရပ်တည်ချက်ကို လျှော့တွက်မိခဲ့ကြသည်ဖြစ်သည်။ သူသည် မြို့တော်သခင်တစ်ယောက်အနေနှင့် လီယီရှိခဲ့စဉ်တုန်းက ဖြစ်ရပ်ကြီးအား ကိုင်တွယ်ဖြေရှင်းခဲ့သည့် အချိန်မှလွဲ၍ အခြားအချိန်များ၌ သူ၏ ဗိုလ်ကိတတ်သောအကျင့်စရိုက်ကို ထုတ်မပြဖူးခဲ့ပေ။ ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ဤကိစ္စကြီးအား ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ဖြေရှင်းကာ သူသည် တရာသေသမားတစ်ယောက် ဖြစ်ကြောင်း အများသိအောင် သက်သေပြရန် ဆုံးဖြတ်လိုက်ပြီးဖြစ်သည်။
” ကျနော့်ကို ဘယ်သူလာပြီး ဖျောင်းဖျဖျောင်းဖျ ဘာမှထူးမှာ မဟုတ်ဘူး။ ဒီကောင်တွေ အရှုံးပေးမလား မပေးဘူးလားဆိုတာ ကျနော် အဆုံးအထိ စောင့်ကြည့်မှာ ” ဝမ်ပေါင်လဲ့မှာ ရုံးန်းထဲ၌ထိုင်ရန် ဘုရင်ခံနှင့် သူ၏ကြားမှ အသံလွှင့် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်၏။ သူသည် ထမဦးဆုံးအနေဖြင့် လှိုဏ်ခေါင်းအသစ်ကြီး ပေါ်လာခဲ့သောကြောင့် မြို့တော်အသစ်၏ ဘေးကင်းလုံခြုံရေးအတွက် ယခုလိုလုပ်နေရခြင်းဖြစ်ကြောင်း ရှင်းပြခဲ့၏။ ထို့နောက် သူ အပုပ်ချ ပြောဆိုခံခဲ့ရသည့် အဖြစ်အပျက်များကို တင်ပြခဲ့ပြီး နောက်ဆုံးတွင် သူသည် စာရွက်စာတမ်းများကို ပေးပို့ခဲ့၏။ ဘုရင်ခံမှာ ထိုစာရွက်စာတမ်းများအား ဖတ်ရှုလိုက်ပြီးနောက် နှုတ်ဆိတ်သွားခဲ့ရ၏။ ထို့နောက် သူမမှာ ပြုံးသွားပြီး ဝမ်ပေါင်လဲ့အား မည်သည့်မေးခွန်းမှ ထပ်မမေးတော့ရန် ဆုံးဖြတ်လိုက်တော့သည်။
ဘုရင်ခံနှင့် စကားပြောလိုက်ပြီးနောက် အခြားသူများမှာလည်း သူ့ဆီသို့ အသံလွှင့်အကြောင်းကြားစာများ ပေးပို့လိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာ စိတ်ရှုပ်နေသည်အမူအရာဖြင့် ထိုကြောင်းကြားစာများအား ကြည့်လိုက်ပြီးနောက် ၎င်းတို့အား အကြောင်းမပြန်ဘဲ လျစ်လျူရှုထားလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုအကြောင်းကြားစာများထဲတွင် လီဝမ်အာ၏ အကြောင်းကြားစာတစ်ခုလည်း ပါဝင်နေ၏။ ထိုကြောင့်လည်း သူမမှာ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ ရုံးခန်းဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိလာရခြင်းဖြစ်၏။
လီဝမ်အာမှာ စူပုပ်နေသော မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့၏ ရုံးခန်းထဲသို့ ဇွတ်တိုးဝင်လာပြီး တည်ကြည်စွာ မေးလိုက်၏။
” မြို့တော်သခင်ဝမ်။ ဒီတစ်ခေါက် ပို့လိုက်တဲ့ ပစ္စည်းတွေက အရမ်းအရေးကြီးတဲ့ ပစ္စည်းတွေ။ မြို့တော်သခင်ဝမ် အဲဒီပစ္စည်းတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေဆီ ဘယ်တော့ ပြန်ပို့ပေးမှာလဲ ”
သူ ချန်းမုအား သင်ခန်းစာကောင်းကောင်းပေးလိုက်ရသည်ကို မြင်လိုက်ရပြီးနောက် လီဝမ်အာမှာ စူပုပ်နေသော မျက်နှာအမူအရာဖြင့် သူ့အား အေးတိအေးစက်စကားများ ပြောနေသောကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ မကျေမနပ် ဖြစ်သွားရ၏။ ထို့ကြောင့် သူသည် မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူကာ သန်းဝေလိုက်ပြီး တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေလိုက်တော့သည်ာ
” အဲဒီပစ္စည်းတွေကိုက အသေးစိတ် စစ်ဆေးမှုတွေ ပြုလုပ်ရဦးမှာ။ အခုလက်ရှိ စစ်အုပ်ချုပ်ရေး ပြီးသွားတဲ့အချိန်လောက်ပေါ့ ”
” ဘယ်အချိန်ပြီးမှာလဲ ” လီဝမ်အာကမူ ဝမ်ပေါင်လဲ့အား အေးစက်စက် စိုက်ကြည့်ကာ ထပ်မေးလိုက်ပြန်သည်။
” အဲ့မေးခွန်းကို ငါ့ဆီ လာမမေးနဲ့။ မြေကြီးအောက်ထဲမှာ ရောက်နေတဲ့ နတ်ဘုရားလက်နက်ကို သွားပြီးတော့မေးလိုက်။ သူ့ကြောင့် လှိုဏ်ခေါင်းအသစ်တွေနဲ့ သားရဲစီးကြောင်းကြီးတွေ ထပ်ပြီးတော့ ပေါ်မလာတော့တဲ့ အချိန်ကျရင် စစ်အုပ်ချုပ်ရေးလည်း ပြီးရင်ပြီးသွားမှာပေါ့ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများပင့်ကာ ပြန်ဖြေလိုက်၏။ ထို့နောက် သူသည် ဝိညာဉ်ရေခဲရေဘူး တစ်ဘူးကို ထုတ်ယူလိုက်ပြီး တစ်ကျိုက်မော့သောက်လိုက်တော့သည်။ ထိုအခါမှသာ သူသည် နေသာထိုင်သာ ရှိသွား၏။
” ရှင် ” လီဝမ်အာမှာ ထိုစကားကို ကြားလိုက်ရတော့အခါ ထောင်းခနဲ ဒေါသထွက်သွားရ၏။ ဝမ်ပေါင်လဲ့မှာ ချန်းမုနှင့် အပေါင်းအပါများအား အပြစ်ပေးရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း သူမက သိလိုက်၏။ ထို့ကြောင့် သူမသည် နောက်သို့လှည့်ကာ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။ သို့သော် သူမသည် အခန်းထဲမှ ထွက်မသွားခင် အသက်ပြင်းပြင်းရှူလိုက်ပြီး အေးတိအေးစက်လေသံဖြင့် ဆိုလိုက်၏။
” မြို့တော်သခင်ဝမ်။ ကျမ ဒီကို စရောက်လာခဲ့တဲ့ အချိန်တုန်းက မြို့တော်အသစ်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းက အရေးကြီးဆုံးလို့ မြို့တော်သခင် ပြောခဲ့တာနော်။ အခုလိုဆက်ဖြစ်နေမယ်ဆိုရင် မြို့တော်အသစ်ကြီးတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှု ရှိလာမှာလား မရှိလာဘူးလားဆိုတာကို ကျမ အာမခံပေးနိုင်မှာမဟုတ်ဘူး ” လီဝမ်အာမှာ စကားဆုံးအောင်ပြောလိုက်ပြီးနောက် တံခါးကိုတွန်းဖွင့်၍ ထွက်ခွာသွားတော့သည်။
လီဝမ်အာ ထွက်ခွာသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ သူ၏ ဝိညာဉ်ရေခဲရေဘူးအား အောက်သို့ချလိုက်ပြီး မျက်လုံးမှေးလိုက်၏။ လီဝမ်အာ၏ စကားလုံးများထဲတွင် ခြိမ်းခြောက်သည့်လေသံများ ပါနေသည်ကို သူက အာရုံခံမိလိုက်၏။ မြို့တော်အသစ်ဆောက်လုပ်ရေးလုပ်ငန်းကြီးသာ တစ်ခုခု မှားယွင်းသွားမည် ဆိုပါက အခြားသူများမှာလည်း တာဝန်ယူရမည်ဖြစ်ပါသော်လည်း သူ၏ တာဝန်မှာ အကြီးလေးဆုံး ဖြစ်နေမည်ဖြစ်ကြောင်း သူက နားလည်ထား၏။
” ဒါပေမဲ့ လီဝမ်အာရယ်။ နင် ဘာမှ နားမလည်သေးပါဘူး။ ပြည်ထောင်စုကြီး တကယ်အာရုံစိုက်ထားတဲ့အရာက မြို့တော်အသစ်ကြီးမဟုတ်ဘဲ နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးထဲက နံရံကြီး ဖြစ်နေတာလေ… ” ဝမ်ပေါင်လဲ့မှာ ခပ်ရေးရေးမျှသာ ပြုံးလိုက်၏။ သူ့ဘက်မှ စတင်မလှုပ်ရှားရသေးပါက ကိစ္စမရှိပါသော်လည်း ယခုတွင်မူ လှုပ်ရှားပြီးသွားပြီဖြစ်ရာ ချန်းမုနှင့် အပေါင်းအပါများ အညံ့မခံခင် အချိန်အထိ လုံးဝ ရပ်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လီဝမ်အာ၏ ခြိမ်းခြောက်မှုအား စိတ်ထဲ၌ပင် ထည့်မထားချေ။
အဘယ့်ကြောင့်ဆိုသော် ဘုရင်ခံ သူ့အား ဆက်သွယ်လာခဲ့စဉ်တုန်းက သူသည် သူမဆီသို့ စာရွက်စာတမ်းများ ပေးပို့ထားပြီးသား ဖြစ်နေသောကြောင့်ဖြစ်သည်။ ထိုစာရွက်စာတမ်းများထဲတွင် ခုန်းတောက်တစ်ယောက် ထိုနံရံကြီး၏ တိုက်စားမှုနှုန်းအား စုံစမ်းစစ်ဆေးထားရမှ ထွက်ပေါ်လာသော ရလဒ်များကို အသေးစိတ် ဖော်ပြထားသည်ဖြစ်သည်။
ထိုအစီရင်ခံစာထဲမှ အချက်အလက်များအရဆိုလျှင် သူ၏ မြို့တော်အသစ်ကြီး၏ မန္တန်အစီအရင်ကြီးမှာ နံရံကြီးအား တိုက်စားနိုင်စွမ်း အပြည့်ရှိကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။ ထို့အပြင် သူသည် ထိုနံရံကြီးကြောင့် ပေါ်ပေါက်လာရသည့် ပြဿနာကြီးတစ်ခုလုံးကို သုံးနှစ်အတွင်းတွင် ဖြေရှင်းပေးနိုင်မည်ဟု အာမခံထား၏။
၎င်းမှာ စစ်တပ်မှနေ၍ ဝမ်ပေါင်လဲ့အား ပေးထားသော ခွင့်ပြုမိန့်တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၊ ဆည်းဆာကြယ်စင်စုဂိုဏ်းနှင့် ယွီဟွားရှန်ထျန်းဂိုဏ်းတို့အား ယခုလို ရန်ငါပြတ်ရဲနေခြင်းလည်း ဖြစ်သည်။
“ဒီလို အပေါ်ယံ ဟန်ဆောင်မှုတွေကို ဖောက်ထွင်းမြင်နိုင်ပြီးတော့ တကယ့် အနှစ်သာရကို ခွဲခြားသိမြင်နိုင်တဲ့ စွမ်းရည်ကို အဆင့်မြင့်အရာရှိကြီးတွေရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တွေထဲမှာ ဖော်ပြထားပြီးသား။ လီဝမ်အာက ဒါမျိုးတွေ နားမလည်ပါဘူးကွာ ” ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရစွာဖြင့် သူ၏ဗိုက်ကိုပုတ်ကာ ရေရွတ်လိုက်၏။ ထို့နောက် သူသည် နောက်ထပ်မုန့်ထုပ်တစ်ထုပ် ထုတ်ယူလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပလုပ်ပလောင်း စားနေလိုက်တော့သည်။
👍👍👍👍👍👍👍👍👍👍