Switch Mode

အခန်း ( ၁၃၇ )

ငါ့တိုက်ပွဲဝင်သားရဲလေး

ဤအချိန်တွင်မူ မြောက်ခြမ်းရှိလူတိုင်းအကုန်လုံးမှာ သားရဲမွေးမြူရေးခြံထဲမှ ဖြစ်ရပ်များကိုသာ ဂရုတစိုက်ကြည့်ရှုနေကြလေသည်။ တာအိုသစ်စေ့တောင်မှ မျက်လုံးများစွာကလည်း ကြည့်နေတော့သည်။

” အဲ့တာက…..ဟင်…”ထိုသို့ အံ့သြသံများထွက်လာချိန်တွင်ပင် လေပေါ်ရှိ ရေဝဲကြီးမှာ ကြက်သွေးရောင်သို့ ပြောင်းသွားပြီး ကောင်းကင်တစ်ခုလုံးမှာ နီမြန်းသွားတော့သည်။

ထို့နောက် သားရဲသန္ဓေတည်ပန်းပွင့်ထဲမှ သွေးပျက်မတတ်အော်သံကြီးတစ်ခု ပေါ်ထွက်လာသည်။ ချက်ချင်းဆိုသလိုပင် အင်အားပြင်း အငွေ့အသက်များလည်း လျော့ကျသွားလေသည်။ ထိုသို့သာ အပြီးထိကျဆင်းသွားပါက ပန်းပွင့်ထဲရှိအရာက သေဆုံးသွားမည်မှာ အသေချာပင်။ မွေးဖွားခွင့်မရှိပဲ စောစောစီးစီး အသက်ဆုံးသွားမည်ဖြစ်လေသည်။

ပိုင်ရှောင်ချန်းမှာ အသားများတုန်လာပြီး တောင်ထိပ်သခင် လေးယောက်ကမူ အံ့အားသင့်နေကြသည်။
” အဲ့ကောင်က သွေးနှောမျိုးဆက်ပဲ။ သူ့ခန္ဓာကိုယ်ကို တစ်စုတစ်စည်းထဲဖြစ်အောင် သူ့ရဲ့ စိတ်က မနည်းကြိုးစားနေရတာပဲ။ သောက်ကျိုးနည်းကွာ။ ဒီလိုဖြစ်မယ်ဆိုတာ ငါသိသားပဲ။ ဒီသားရဲကတော့ ဒီတောင်ကိုမကျော်နိုင်တော့ဘူး ထင်ပါရဲ့ကွာ…..”

တောင်ထိပ်သခင်လေးယောက်က ထိုသို့ တုန်လှုပ်စွာ ပြောဆိုနေသောအခါ ပိုင်ရှောင်ချန်းမှာ တုန်ရီနေပြီး သားရဲသန္ဓေတည်ပန်းပွင့်ကို ကြည့်နေတော့သည်။ အတွင်းထဲရှိ စိတ်ဝိညာဥ်လေးမှာ အပြင်သို့ ထွက်လာချင်ပါသော်လည်း မစွမ်းနိုင်ကြောင်း သူကခံစားမိလေသည်။ ၎င်းမှာ သေလုဆဲဆဲဖြစ်နေပြီး သေခြင်းတရားအငွေ့အသက်များပင် ထွက်နေတော့သည်။

ထို့နောက် သားရဲသန္ဓေတည်ပန်းပွင့် အထက်တွင် ဝါးတားတားပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာလေသည်။ သူ့ကိုသေချာမြင်ရန် မဖြစ်နိုင်သော်လည်း အဖြူရောင်ဝတ်ရုံရှည်ဝတ်ထားသည့် အဘိုးကြီးတစ်ယောက်ဖြစ်မှန်းတော့ သိနိုင်ပေသည်။ သူက လေပေါ်တွင် မည်သည့်အငွေ့အသက်ကိုမှ ထုတ်လွှတ်မနေပဲ တည်ကြည်စွာ ရပ်နေလေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံကိုမူ လုံးဝ ခန့်မှန်း၍ မရချေ။

လူတိုင်းမှာ စိတ်ခြောက်ခြားသွားကြသည်။ များစွာသောဂိုဏ်းသားများမှာ ဤအဘိုးကြီးကို မမြင်ဖူးသော်လည်း တောင်ထိပ်သခင်များကမူ မြင်ဖူးသဖြင့် သူတို့မှာ အလွန် အံ့အားသင့်နေတော့သည်။ သူတို့မှာ မျက်လုံးပြူးသွားကြပြီး ဒူးထောက်ကာ အရိုအသေပေးလိုက်ကြတော့သည်။ ” တတိယမြောက်မျိုးဆက် ခေါင်းဆောင်ကြီး……” ဂိုဏ်းသားများမှာ ထိုအရိုအသေပေးသံကိုကြားလိုက်ရသောအခါ ကယောင်ခြောက်ခြားဖြစ်ကုန်ကြပြီး ဒူးထောက် အရိုအသေပေးလိုက်ကြလေသည်။

ပိုင်ရှောင်ချန်းကမူ ရီဝေဝေဖြစ်နေသဖြင့် ထိုအသစ်ရောက်လာသူကို သတိပင်မထားမိပေ။ သူ၏ အာရုံမှာ ခြောက်ကပ်နေပြီဖြစ်သော သားရဲသန္ဓေတည်ပန်းပွင့်အထဲရှိ ဝိညာဥ်ဆီသို့သာရောက်နေပြီး သူ၏စိတ်နှလုံးမှာ ညှိုးနွမ်းကာ မျက်ရည်များစို့နေတော့သည်။

အဖြူရောင်ဝတ်ရုံရှည်ဝတ်ထားသည့် အဘိုးကြီးမှာ ပန်းပွင့်ကိုလှမ်းကြည့်လိုက်ပြီး ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်ကာ ပန်းပွင့်ထဲသို့ အသက်ဓာတ်များထည့်သွင်းပေးလိုက်လေသည်။ သို့သော်လည်း တစ်ခဏမျှကြာသောအခါ သေခြင်းတရား အခိုးအငွေ့များမှာ ပို၍ပင် အားပြင်းလာသည်။

ထိုအခါ အဘိုးကြီးက တစ်စုံတစ်ခုကို တတွတ်တွတ် ရေရွတ်လိုက်ပြီး ရှေးဟောင်းသားရဲချောက်နက်ကြီးဘက်သို့ ကြည့်လိုက်လေသည်။ ထိုနေရာရှိ ကောင်းကင်ချိုမှင်ရည်နဂါးကြီးမှာ ပါးစပ်ဖွင့်လိုက်သောအခါ ရွှေရောင်သွေးစက်တစ်စက်ထွက်လာပြီး နဂါးကြီးမှာ ချက်ချင်းပင် အိုစာသွားလေသည်။ တချိန်ထဲမှာပင် ကောင်းကင်ချိုမှင်ရည်နဂါးကြီးက သားရဲသန္ဓေတည်ပန်းပွင့်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေတော့သည်။

ရွှေရောင်သွေးစက်လေးမှာ လေကိုခွင်းကို ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် သားရဲသန္ဓေတည်ပန်းပွင့် ဆီသို့ ပျံသန်းလာသည်။ အဖြူရောင်ဝတ်ရုံရှည်ဝတ်ထားသည့် အဘိုးကြီးကမူ သက်ပြင်းချလိုက်သည်။ တောက်ပနေသောမျက်လုံးများဖြင့် သူက လက်နှစ်ဖက်သုံးကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ တိမ်တိုက်များမှာ မွှေနောက်သွားပြီး မှော် သင်္ကေတတစ်ခုအသွင်ပြောင်းလဲသွားကာ ရွှေရောင်သွေးစက်နှင့်ပေါင်းစပ်သွားပြီး သားရဲသန္ဓေတည်ပန်းပွင့်ထဲသို့ ဝင်သွားလေသည်။

” သွေးနှောမျိုးဆက်နဲ့ဆို ဒီကောင်အသက်ရှင်မဲ့နှုန်းကတော့ နည်းတယ်။ အခုငါလုပ်ပေးထားတာက သူ့ကို အများဆုံး ကိုးရက်လောက်ပဲ ဆက်ထိန်းပေးထားနိုင်မှာ။ နောက် အသက်ဆက်ရှင်ပြီး သားရဲသန္ဓေတည်ပန်းပွင့်ထဲနေ ရုန်းကန်ထွက်လာဖို့ကတော့ သားရဲရဲ့ စိတ်ဓာတ်မာကျောမှု ဘယ်လောက်ကောင်းမကောင်းပေါ်မှာပဲ မူတည်တယ်။” နှမြောစရာကွာ… အေးပေါ့လေ သူက ပဥ္စမအဆင့် သွေးမျိုးဆက်ရှိတဲ့ ဝိညာဥ်သတ္တဝါဆ်ိုတော့လည်း…..”

ထို အဘိုးကြီးပင်လျှင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးက ချမှတ်ထားသော ကံကြမ္မာကို မပြောင်းလဲပစ်နိုင်ပေ။ ထုိသားရဲ၏ ကံကြမ္မာမှာ ၎င်း၏ကံတရားပေါ်တွင်သာ မူတည်လေသည်။ အဘိုးကြီးက ပိုင်ရှောင်ချန်းကို သနားနေသော မျက်လုံးများဖြင့်တစ်ချက်ကြည့်လိုက်ကာ အင်္ကျီလက်ကိုခါယမ်းပြီး တလက်လက်ထနေသော အလင်းမှုန်များထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

သူထွက်ခွာသွားသောအခါ တောင်ထိပ်သခင်များက တဖြည်းဖြည်းပြန်ထလာကြသည်။ ထိုအဘိုကြီးပျောက်ကွယ်သွားသည့်နေရာကို တလေးတစားကြည့်ပြီး သားရဲသန္ဓေတည်ပန်းပွင့်ဘေးတွင် အသက်မပါသည့်အလားရပ်နေသော ပိုင်ရှောင်ချန်းကို လှည့်ကြည့်လိုက်ကြသည်။

သူတို့အားလုံးမှာ အနည်းငယ်တော့ စိတ်ရှုပ်နေကြတော့သည်။ ပိုင်ရှောင်ချန်းကဲ့သို့ အသေအကျေကြိုးစားပြီးမှ သားရဲလေးမှာ မွေးနိုင်ခြေရှိမရှိ၊ မသေချာဟု သိလိုက်ရလျှင် မည်သူမဆို စိတ်ညစ်ကြမည်သာဖြစ်သည်။ သားရဲသန္ဓေတည်သစ်စေ့မှာ ကျင့်ကြံခြင်းလောကတွင် အလွန်ရှားသည်ဖြစ်ရာ ပို၍ပင်ဆိုးလေသည်။

တောင်ထိပ်သခင်လေးယောက်မှာ သက်ပြင်းသာချနေတော့သည်။ ပိုင်ရှောင်ချန်းကို ဒေါသထွက်နေသည့် သူတို့၏စိတ်များမှာပျောက်သွားပြီး တဖြည်းဖြည်းနှင့် ခပ်ဝေးဝေးကို ထွက်သွားကြတော့သည်။ ဤကဲ့သို့မြန်ဆန်သော မထင်မှတ်ထားသည့် ဖြစ်ရပ်များကြောင့် မြောက်ခြမ်းဂိုဏ်းသားများမှာ ပိုင်ရှောင်ချန်းကို အနှောင့်အယှက်မပေးနိုင်ကြတော့ပေ။ အများစုမှာ ဒေါသထွက်နေသေးကြသော်လည်း နောက်လှည့်ကာ ထွက်ခွာသွားကြလေတော့သည်။

မကြာမီတွင် ညနေခင်းအချိနိရောက်သွားတော့သည်။ သားရဲမွေးမြူရေးခြံတွင် ပိုင်ရှောင်ချန်းတစ်ယောက်ထဲသာ ကျန်ခဲ့တော့သည်။ သူက ခြောက်ကပ်နေသည့် သားရဲသန္ဓေတည်ပန်းပွင့်ကြီးနှင့် အထဲမှ ရုန်းကန်နေသည့် အကောင်သေးလေးအား အသက်မပါသည့်အကြည့်များဖြင့် ရပ်ကာကြည့်နေတော့သည်။

ထိုသတ္တဝါလေးမှာ သူ့အသက်လုရန် တိုက်ပွဲကြီးတစ်ခုကို တိုက်နေသည့်ပုံစံပင်။ ပိုင်ရှောင်ချန်းကမူ ခြေတစ်လှမ်းရှေ့သို့လှမ်းလိုက်ပြီး သားရဲသန္ဓေတည်ပန်းပွင့်ကြီးဘေးတွင် ဖြည်းညင်းစွာထိုင်ချလိုက်ပြီး မျက်ရည်များကျနေတော့သည်။ ထို့နောက်သူက ပန်းပွင့်ပေါ်သို့ သူ၏လက်ကိုတင်လိုက်လေသည်။

သူခံစားနေရသည့် သောကများမှာ သူ၏မျက်နှာပေါ်တွင် အထင်းသားပေါ်နေတော့သည်။ ဤဖြစ်ရပ်ကြီးကို သူက အလွယ်တကူလက်မခံနိုင်သေးပေ။ ဤအချိန်တွင်မူ သူ့မှာ ပြိုင်ဘက်ကင်း တိုက်ပွဲဝင်သားရဲ ကိုမြင်ရရန် ဆန္ဒမရှိတော့ပေ။ ပန်းပွင့်ထဲရှိ အကောင်လေးက လုံးဝစွမ်းအားမကြီးလျှင်တောင်မှ ၎င်းအသက်ရှင်သည့်အခြေအနေတစ်ခုကိုသာ သူ လိုချင်နေလေတော့သည်။

သူက ဤသတ္တဝါလေးမွေးလာရန် စိတ်ရောကိုယ်ပါနှစ်ခဲ့သည်ဖြစ်ရာ ယခု၎င်းသေလုမျောပါးဖြစ်နေသည်ကိုမြင်နေရသည်မှာ သူ၏နှလုံးထဲသို့ ဓားဖြင့်ထိုးမွှနေသည့်အလားပင်။ ပို၍ဆိုးသည်မှာ သူက ဘာမှမလုပ်ပေးနိုင်သည့် အချက်ပင်ဖြစ်သည်။

သူက ချီစုစည်းမှု အဆင့်တစ်ဆယ်တွင်ရောက်နေပါသော်လည်း စွမ်းအားမဲ့နေသလိုပင် ခံစားနေရလေသည်။ ထိုခံစားချက်ကြောင့်သူ့မှာ အသက်ရှူကျပ်လာပြီး ကူရာမဲ့ဖြစ်နေတော့သည်။

ညသို့ ရောက်လာလေသည်။ သတ္တဝါပေါက်စလေး၏ အသက်ဝိညာဥ်မှေးမှိန်ပျောက်ကွယ်သွားနေသည်ကို အကူအညီကင်းမဲ့စွာ ထိုင်ကြည့်နေရသည့်အတွက် ပိုင်ရှောင်ချန်းမှာ ကြောက်စိတ်များဖြင့် တုန်ရီနေတော့သည်။ သူ့ရွာမှာတုံးက သူ၏မိဘများ ဖျားနာ၍ ဝေဒနာခံစားနေရသည့် အချိန်များမှာ သူ၏အတွေးထဲသို့ ပြန်ဝင်လာတော့သည်။

သူ့မိဘနှစ်ပါးမှာ သူ၏လက်ကိုဆုပ်ကိုင်ကာ သားလေး ‘အသက်ဆက်ရှင်ရမယ် ‘ လို့သာ ပြောခဲ့လေသည်။ ထိုစကားလုံးတွေက ပိုင်ရှောင်ချန်း၏ စိတ်ထဲတွင် ထာဝရကျန်ခဲ့လေတော့သည်။
” အသက်ဆက်ရှင်ရမယ်…” သူက မျက်ရည်လည်ရွှဲနှင့် ညင်သာစွာပြောလိုက်လေသည်။
” မင်းအသက်ရှင်မှရမယ်နော်… မသေပါနဲ့ ဘရူဆာ ရယ်….”

ထိုသတ္တဝါလေး၏ ခန္ဓာကိုယ်အနည်းငယ်ထွက်နေသည့် ပန်းပွင့်ပေါ်မှနေရာကို သူက ညင်သာစွာပွတ်သတ်ပေးနေတော့သည်။ သူကနာမည်ခေါ်လိုက်သောအခါ ထိုအကောင်လေးက သူ၏အငွေ့အသက်ကို ခံစားမိသည့်ပုံစံဖြစ်သွားပြီး အနည်းငယ်လှုပ်ရှားလာတော့သည်။

“တောင့်ထားနော်။ မင်းက ကမ္ဘာကြီးကိုတောင် မမြင်ရသေးဘူးလေကွာ။ မင်းကို မြင်ခွင့်တောင် ငါ့မှာမရှိသေးဘူး။ ကျင့်ကြံခြင်းလောကမှာရှိတဲ့ အရာအားလုံးကို မင်းကိုလိုက်ပြချင်သေးတယ်လေကွာ….. အားတင်းထားပါအုံး…..” ပိုင်ရှောင်ချန်း၏ ညင်သာစွာပြောသော စကားသံများထဲတွင် ပြတ်သားမှုများ ပါဝင်နေလေသည်။

သူက တစ်ညလုံးစကားပြောကာ သတ္တဝါပေါက်စလေး၏ ခန္ဓာကိုယ်ဖြစ်သည့် ဖောင်းထွက်နေသည့် အပိုင်းလေးကို ပွတ်သတ်နေတော့သည်။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာကို သူကလုပ်နေခြင်းသာဖြစ်သည်။ သတ္တဝါလေး၏ဘေးတွင်နေပေးကါ အားပေးစကားများပြောပြီး ဆုတောင်းနေတော့သည်။

အရုဏ်ဦးသို့ရောက်လာလေသည်။ ထို့နောက် နေ့လည်…. ညနေရောက်သွားသည်။ အဆုံးတွင် လမင်းကြီးက ထိန်ထိန်သာလျက် ပြန်လည်ထွက်လာပြီး ပထမဆုံးရက်မှာ ကုန်ဆုံးသွားလေသည်။ သားရဲသန္ဓေတည်ပန်းပွင့်ထဲမှ သတ္တဝါလေး၏ ရုန်းကန်မှုမှာလည်း ပို၍ပင် အားပျော့လာသည်။ သို့သော်လည်း ၎င်းမှာ လက်မလျှော့သေးပေ။

၎င်း၏ သွေးနှောဆက်ကြောင့် ၎င်း၏ခန္ဓာကိုယ်ကို တစ်စစီကွာမကျအောင်ထိန်းရာတွင် ခက်ခဲနေသောလည်း ၎င်းမှာ ကြိုးစားနေဆဲပင်။ ပိုင်ရှောင်ချန်းကမူ တခြား မည်သည့်အရာကိုမှမသိတော့ပေ။ သူ့စိတ်ထဲရှိ တစ်ခုတည်းသောအရာမှာ သားရဲသန္ဓေတည်ပန်းပွင့်ထဲမှ သတ္တဝါပေါက်စလေးသာ ဖြစ်သည်။

သူက ၎င်းကို စိတ်ရောကိုယ်ပါနှစ်ပြီး အားပေးစကာများ တီးတိုးပြောကာ ပွတ်သတ်ပေးနေလေသည်။ စကားကို လုံးဝမရပ်ပဲ သူ၏ကိုယ်ပိုင်စိတ်စွမ်းအင်များကိုပင် ပန်းပွင့်ထဲသို့ ထည့်ပေးနေလေသည်။ အလုပ်ဖြစ်မဖြစ် သေချာမသိသော်လည်း သူကကြိုးစားနေဆဲပင်။

တဖြည်းဖြည်းနှင့် ဒုတိယမြောက်နေ့မှာ ကုန်သွားတော့သည်။ ထို့နောက် တတိယနေ့….ထို့နောက် စတုတ္ထနေ့။ ပိုင်ရှောင်ချန်းကမူ လုံးဝအနားမယူပေ။ သူ၏မျက်လုံးများမှာ လုံးဝနီရဲနေပြီး သူ၏စိတ်စွမ်းအင်များမှာလည်း ကုန်ခမ်းနေသည်မှာ ကြာလှပြီဖြစ်သည်။ သူစိတ်စွမ်းအင်အနည်းငယ်စုမိသည့်အခါတိုင်း သားရဲသန္ဓေတည်ပန်းပွင့် ထဲသို့သာ ထည့်ပေးလေသည်။ ထိုစိတ်စွမ်းအင်များတွင် သူ၏ ဆုတောင်းသံများ၊ ဝမ်းနည်းမှုများနှင့် နှစ်သိမ့်မှုများပါလေသည်။

သူက ဘယ်တော့မှ စကားအပြောမရပ်ပဲ ဆက်တိုက်အားပေးနေလေသည်။ ထိုသတ္တဝါပေါက်စလေး ရုန်းကန်ပြီး နာကျင်စွာအော်ငိုလာတိုင်း ပိုင်ရှောင်ချန်း၏ ချော့မြူသံများကြောင့် ငြိမ်ကျသွားစမြဲပင်။ သို့သော်လည်း ထိုပေါက်စလေး၏ အငွေ့အသက်များမှာ အားနည်းလာပြီး သေခြင်းတရားအငွေ့အသက်များမှာ အားကောင်းလာသည်ကို မြင်ရသောအခါ ပိုင်ရှောင်ချန်းမှာ ဝမ်းနည်းပက်လက်ဖြစ်နေတော့သည်။

” ဘရူဆာ ရေ။ မင်းသိလား။ ငါငယ်ငယ်တုံးကလေ။ ငါ့အဖေနဲ့ အမေရှိတုံးကပေါ့။ ငါက သေရမှာကို အဲ့လောက်မကြောက်ဘူးကွ။ တကယ်ဆို သေခြင်းတရားဆိုတာ ဘာလဲဆိုတာတောင် အဲ့တုံးက ငါသိတာမဟုတ်ဘူး …. မင်းနေကောင်းလာတာနဲ့ ဦးလေးလီ ဆီကို ခေါ်သွားမယ်။ သူက ငါ့အပေါ်အဖေတစ်ယောက်လိုပဲကွ။ ” သူက သူ့အကြောင်းများ၊ သူ၏အတိတ်အကြောင်းများ၊ ရွာမှနေခဲ့ရစဥ်တုံးကအချိန်များနှင့် ဂိုဏ်းများအကြောင်းကို တိုးတိုးလေး ပြောပြနေလေတော့သည်။

စတုတ္ထနေ့၏ ညဥ့်နက်အချိန်တွင် တောင်လေးတောင်၏ အစောင့်အရှောက် ဝိညာဥ်သားရဲများနှင့် ချောက်နက်ကြီးထဲရှိ ကောင်းကင်ချိုမှင်ရည်နဂါးကြီးပင်လျှင် အကုန်သက်ပြင်းချကာ ပိုင်ရှောင်ချန်းနှင့် သားရဲသန္ဓေတည်ပန်းပွင့်ဆီမှ အကြည့်လွှဲလိုက်ကြလေသည်။

သို့သော်လည်း ည၏အမှောင်ထုထဲတွင် ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦ အပြင်ဘက်တွင် ခွေးနက်ကြီးတစ်ကောင် ပေါ်လာလေသည်။ ၎င်းက နောက်ဘက်ခြံဝန်းထဲသို့ ဝင်လာပြီး ပိုင်ရှောင်ချန်း၏ဘေးတွင် ထိုင်လိုက်လေသည်။ ၎င်းက ပူဆွေးနေသော အမူအရာဖြင့် သားရဲသန္ဓေတည်ပန်းပွင့်ထဲရှိ အကောင်ပေါက်လေးကိုကြည့်လိုက်ပြီး လျှာဖြင့်ယှက်လိုက်လေသည်။

နောက်တစ်ရက်မှာကုန်သွားလေသည်။ ပဥ္စမမြောက်ရက်၏ ညနေတွင် ပိုင်ရှောင်ချန်းမှာ အားအင်ကုန်ခမ်းနေပြီဖြစ်သည်။ သူ့အတွက်ထိုငါးရက်မှာ ဆေးငါးလတိတိ မရပ်မနားဖော်စပ်ခဲ့ရသည့်အလား ပင်ပန်းစရာကောင်းနေတော့သည်။ သို့သော်လည်း သူက အားမလျှော့သေးပေ။ ဆက်လက်၍ အားပေးစကားများပြောကာ နှစ်သိမ့်နေဆဲပင်။ စကားပြောနေသည်ကို လုံးဝမရပ်ပေ။ သို့သော်လည်း ထိုသတ္တဝါလေးမှာ အားအင်ပို၍သာ ချိနဲ့လာလေသည်။

ပဥ္စမမြောက်ရက်၏ညတွင် အကြိမ်အနည်းမျှ ၎င်းက ကြောက်မက်ဖွယ်ရုန်းကန်လိုက်ပြီး အနည်းငယ် လှုပ်စပြုလာလေသည်။ အနည်းကြာသောအခါ ၎င်းမှာရပ်သွားပြီး သေခြင်းတရား အခိုးအငွေ့များက ပိုင်ရှောင်ချန်းနှင့် ခွေးနက်ကြီးကို လွှမ်းခြုံသွားတော့သည်။ ပိုင်ရှောင်ချန်းကမူ ပန်းထဲမှ ထိုသတ္တဝါလေးထွက်နေသည့်နေရာကို လက်တင်ကာ ငိုယိုရင်းပြောလိုက်လေသည်။

“အသက်ရှင်ပါကွ။ မင်းအသက်ရှင်မှရမှာလေကွာ။ လောချိန်မျိုးနွယ်စုတွေ ငါ့ကိုလိုက်ဖမ်းတုံးက လူဆယ်ယောက် ငါ့ကိုသတ်ဖို့ ကြိုးစားခဲ့တာတောင် ငါအသက်ရှင်ခဲ့သေးတာ။ သူတို့ငါ့ကို သတ်ဖို့လုပ်တော့ ငါသူတို့ကို ပြန်သတ်ပေးလိုက်တယ်လေ။ ငါအသက်ရှင်ဖို့ ငါ့ရဲ့လက်တစ်ချောင်းကိုတောင် ချိုးခဲ့ရတာကွ။ မင်းလည်း အဲ့လိုကြိုးစားစမ်းပါ။ အသက်ရှင်။ အသက်ရှင်လိုက်စမ်းပါ။”

သူက ထိုသို့အော်ရင်း ပန်းပွင့်ထဲသို့ စိတ်စွမ်းအင်များ ထည့်သွင်းပေးလိုက်လေသည်။ အနည်းငယ်ကြာသောအခါ လှုပ်ရှားမှုကင်းမဲ့နေသည့် သတ္တဝါလေးမှာ တုန်ရီသွားပြီ ပြန်လည် ရုန်းကန်လာတော့သည်။ ပိုင်ရှောင်ချန်း၏ အားပေးမှုများကြောင့် ၎င်း၏အသက်ရှင်ချင်စိတ်များမှာ ကြီးထွားလာသည့်အလား အချိန်များကုန်သွားလေ ၎င်း၏ရုန်းကန်အားများမှာ ပို၍ပြင်းလာလေဖြစ်သည်။ ပိုင်ရှောင်ချန်းက မျက်ရည်များ သုတ်ကာ အော်လိုက်လေသည်။
” မင်းအသက်ရှင်ချင်ရင် ကြိုးစားရုန်းကန်ရမယ်လေ။ မင်းရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်စမ်းပါ။ အဲ့ပန်းထဲက ထွက်ခဲ့ကွာ။”

ထိုသတ္တဝါလေးမှာ ပို၍ပင်ရုန်းကန်လာပြီး ညှောင်တောင်တောင်အသံများပင် ထွက်လာတော့သည်။ သူရုန်းသည့်အကြိမ်တိုင်း သူ့မှာဝေဒနါခံစားရသဖြင့် အသားများပင်တုန်နေတော့သည်။ သိူ့သော်လည်း ၎င်းမှာ အလျှော့မပေးသေးပေ။ ပို၍ကြီးကြီးလာပြီး ၎င်း၏အသက်ရှင်လိုစိတ် ထက်ကျော်လွန်နေသော ပြင်းထန်သည့် စိတ်ဓာတ်မာကျောမှုကြီးက ၎င်းကိုထောက်ပံ့ပေးနေသည့်အလားပင်။ ထိုစိတ်ဓာတ်မာကျောမှုမှာ ဘဝတွင် အရေးအကြီးဆုံးပင်။

” မင်းက ပြိုင်ဘက်ကင်း တိုက်ပွဲဝင် သားရဲလေကွာ။ ငါတို့နှစ်ယောက်က တစ်ဘဝလုံး အဖော်တွေဖြစ်ကြမှာကွ။ ငါမင်းကိုဖန်တီး မွေးမြူစောင့်ရှောက်ခဲ့တာ။ မင်းကို အသေမခံနိုင်ဘူး။” ဤအကြိမ်တွင် ပိုင်ရှောင်ချန်း၏အသံမှာ အော်ဟစ်နေရသဖြင့် အသံများပင်ဝင်နေပြီး ရူးသွပ်နေသည့်အလား ဖြစ်နေတော့သည်။

လွန်ခဲ့သည့် ငါးရက်တိတိ ဤအကောင်လေးကို သူကအားပေးစကားများမပြတ်ပြောခဲ့ခြင်းဖြစ်သည်။ အဆုံးတွင် ၎င်း၏ ညှောင်တောင်တောင်အော်သံများမှာ ရပ်သွားတော့သည်။ သူက အသဲသဲ့သဲ့လေးဖြင့် ဟိန်းဟောက်လိုက်လေတော့သည်။ အသံမှာအားပျော့သော်လည်း ဟိန်းဟောက်သံဖြစ်သည်မှာတော့ အမှန်ပင်။

ချက်ချင်းဆိုသလိုပင် ၎င်း၏မှေးမှိန်နေသည့် အသက်စွမ်းအားများက မီးတောက်ကဲ့သို့ ပူလောင်စွာ ပြန်လည်တောက်လောင်လာတော့သည်။ထိုစွမ်းအားမှာ ခမ်းနားကြီးကျယ်စွာ ထွက်လာပြီး အထက်ရှိ တိမ်တိုက်များက မွှေနောက်သွားကြကာ ဆူပွက်လာကြတော့သည်။ ထိုစွမ်းအားမှာ မိမိအသက်အတွက် နောက်တစ်ခေါက်ထပ်၍ ရုန်းကန်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည့် ထိုသတ္တဝါလေး၏ စိတ်ဓာတ်မာကျောမှုပင်ဖြစ်သည်။

ထွက်လာသော လှုပ်ခါမှုများကြောင့် မြောက်ခြမ်းရှိအခြားလူများမှာ သတိထားမိကုန်ကြလေသည်။ ဂိုဏ်းသားများစွာမှာ အံ့သြသွားကြပြီး မှင်တက်နေသည့် တောင်ထိပ်သခင်လေးယောက်မှာ သားရဲမွေးမြူရေးခြံ ဆီသို့ ပြေးလာကုန်ကြတော့သည်။ တခြားဂိုဏ်းသားများမှာလည်း ထိုနည်းတူပင်။ သားရဲသန္ဓေတည်ပန်းပွင့်ကြီးမှာ သက်စောင့်အားများ ပြန်လည်နိုးထလာသဖြင့် သူတို့မှာ အမူအရာပေါင်းစုံရောယှက်နေသည့် မျက်နှာများဖြင့် သားရဲမွေးမြူရေးခြံဆီသို့ ပြေးလာကြတော့သည်။

ကောင်းကင်ယံရှိ ဖုံးလွှမ်းနေသည့် တိမ်စိုင်များမူ ပို၍ပင် ထူထဲလာတော့သည်။ အစောင့်အရှောက် ဝိညာဥ်သားရဲများ၊ ကောင်းကင်ချိုကြီးနှင့် တာအိုသစ်စေ့တောင်မှ မျက်လုံးများစွာက ကြည့်နေကြလေသည်။ ညှို့မှိုင်းနေသည့် အဖြူရောင်ဝတ်ရုံရှည်ဝတ်ထားသော အဘိုးကြီး ကြည့်နေသည်ကိုမူ မည်သူမှ မမြင်ပေ။

ပဥ္စမမြောက်ရက်မှာကုန်သွားပြီး ဆဌမမြောက်နေ့ရက်ရောက်လာသောအခါ သားရဲသန္ဓေတည်ပန်းပွင့်ထဲမှ ဟိန်းဟောက်သံများမှာ ကောင်းကင်ကိုတုန်ခါစေနိုင်ပြီး မြေကြီးကိုအက်ကွဲစေနိုင်သည့် အဆင့်ထိရောက်နေပြီဖြစ်သည်။

ပန်းပွင့်မှထွက်လာသည့် စွမ်းအားများကြောင့် နွမ်းနယ်နေသော ပိုင်ရှောင်ချန်းမှာ ဒယိမ်းဒယိုင်နှင့်နောက်သို့ဆုတ်ကာ ခြံဝန်းထဲရှိ နံရံများပေါ်တွင်မှီလိုက်ရလေသည်။ ခွေးနက်ကြီးပင်လျှင် နောက်သို့ အတွန်းခံလိုက်လေသည်။ လေကိုပင်ခွင်းနိုင်သည့် ဓားသွားများအလားချွန်ထက်သော လက်သည်းများက သားရဲသန္ဓေတည်ပန်းပွင့်၏ ဘေးဘက်သားများကို ဆုတ်ဖြဲလိုက်သောအခါ ထစ်ချုန်းသံများထွက်လာတော့သည်။

လက်သည်းများဘေးတွင် မီးများတောက်နေပြီး မြင်လိုက်ရသူတိုင်း လုံးဝတုန်လှုပ်နေမည်မှာ အမှန်ပင်။ ထို့နောက် လက်သည်းများက ပန်းပွင့်ကို ပို၍ပင်ဆုတ်ဖြဲလိုက်ပြီး အဆုံးတွင် သားရဲပေါက်စလေးပေါ်ထွက်လာတော့သည်။

သူ၏ပုံစံမှာ မြင်း၊ခွေး၊ ဖွတ်၊ မိကျောင်းနှင့် နဂါးတို့ရောစပ်ထားသည့် ပုံစံပင်။ သူ၏ခေါင်းတွင် ရှည်လျားသောချိုတစ်ချောင်းရှိပြီး သူ၏နောက်တွင် ဆံဖြူများက ဖားလျားကျနေလေသည်။ သူ၏ခန္ဓာကိုယ်ကို အနက်ရောင်အကြေးခွံများက ဖုံးအုပ်ထားပြီး သူ့တွင် ချွန်ထက်သည့်သွားများလည်းရှိလေသည်။ ယခုတွင်မူ သူ၏မျက်လုံးများမှာ တင်းကျပ်စွာပိတ်နေဆဲပင်။

” အဲ့တာ…..”လေထဲရှိ အဖြူရောင်ဝတ်ရုံရှည်ဝတ်ထားသော အဘိုးကြီးက ထူးဆန်းသောအကြည့်ဖြင့်ကြည့်ကာ နှလုံးခုန်နှုန်းမြန်လာတော့သည်။ ဤအကောင်ပေါက်စလေး အသက်ရှင်နိုင်လိမ့်မည်ဟု သူကလုံးဝမတွေးထားပေ။ သူ့ပုံစံအရ ထိုသတ္တဝါလေးမှာ အဆုံးအစမဲ့သော အရည်အချင်းများရှိပြီး သွေးမျိုးဆက်ကိုပင် မြှင့်တင်နိုင်စွမ်းပင်ရှိလောက်ပေသည်။

ရှေးဟောင်းသားရဲချောက်နက်ကြီးထဲတွင်မူ ကောင်းကင်ချိုမှင်ရည်နဂါးကြီး၏ မျက်လုံးများ ချက်ချင်းပွင့်လာကာ ဝိညာဥ်သားရဲ အစောင့်အရှောက်လေးကောင်မှာလည်း တုန်ရီသွားကြတော့သည်။ မြောက်ခြမ်းရှိ သားရဲတိုင်းမှာ တဆတ်ဆတ်တုန်နေကြသည်။ ကြည့်နေသည့်လူတိုင်းမှာ မှင်တက်နေကြသည်။ မျက်လုံးပါသည့်လူတိုင်း ဤသားရဲပေါက်စလေးကို တစ်ချက်ကြည့်ရုံဖြင့် ပုံမှန်ထက် များစွာသာလွန်နေကြာင်း သိနိုင်မည်ဖြစ်သည်။

တောင်ထိပ်သခင် လေးယောက်စလုံးမှင်တက်နေကြပြီး သူတို့၏မျက်လုံးထဲတွင် ထူးဆန်းသောအရောင်များတောက်နေတော့သည်။
” မွေးကထဲက သူက မှော်အတတ်တစ်ခုထုတ်တတ်နေပြီပဲ။ ပြီးတော့ သူ့လက်သည်းက မီးတွေထုတ်လို့ရတယ်။ အဲ့တာဆို…. အဲ့ကောင်က ဆဌမအဆင့်သွေးမျိုးဆက်ရှိတာပေါ့။ ဘုရားရေ။ ဆဌမအဆင့်သွေးမျိုးဆက်ရှိတဲ့ ဝိညာဥ်သတ္တဝါ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ တကယ်ပေါ်လာခဲ့ပြီပဲ။ အဲ့ကောင်က မြောက်ခြမ်းရဲ့ အနာဂတ် အစောင့်အရှောက်သားရဲပဲဟေ့။ ဟားဟားဟား။ ကောင်းကင်ချိုမှင်ရည်နဂါးထက်သာတဲ့ ဝိညာဥ်သတ္တဝါကို မြောက်ခြမ်းက မွေးထုတ်နိုင်ခဲ့ပြီကွ။ ဆဌမမြောက်အဆင့် သွေးမျိုးဆက်တဲ့ ”

လူများစွာမှာ တိုးဝှေ့ရင်း ရှေ့သို့ပြေးကာ အနီးကပ်ကြည့်ရှုနေကြသဖြင့် နံရံကိုမှီနေသော ပိုင်ရှောင်ချန်း၏မြင်ကွင်းကို ကွယ်နေတော့သည်။ သူကမူ ဂရုမစိုက်ပေ။ ဘရူဆာ လေးကောင်းကောင်းမွန်မွန်မွေးလာသည်ကိုသာ သူက ပျော်ရွှင်နေတော့သည်။
” မင်းအသက်ရှင်နေဖို့ပါပဲကွာ….”

သားရဲလေး၏ မျက်လုံးများမှာ ရုတ်တရက်ပွင့်သွားပြီး သူက ဘေးဘီဝဲယာသို့ ကြည့်လိုက်လေသည်။ ထိုမျက်လုံးများမှာ ချစ်စဖွယ်ကောင်းပြီး ညာဏ်အမြော်အမြင်ရှိမှုများနှင့်အတူအနက်ရောင်မီးတောက်များ ရောယှက်လျက် တောက်ပနေသည်။

ထိုသတ္တဝါလေး တစ်ခုခုကိုရှာနေသည်မှာ အသိအသာပင်။ သူမျက်လုံးဖွင့်ဖွင့်ချင်း စလုပ်သည့်အရာမှာ အလွန်အရေးပါလွန်းလှလေသည်။ တခြားဂိုဏ်းသားများမှာ နားမလည်သော်လည်း အဖြူရောင်ဝတ်ရုံရှည်ဝတ်ထားသော အဘိုးကြီးမှာ စိတ်နှလုံးပင် လှုပ်ခါသွားတော့သည်။
” သူရှာနေတာက….”

လူအုပ်ကြီးကြောင့် သားရဲလေးမှာ သူရှာနေသည့်အရာကို မတွေ့နိုင်ဖြစ်နေရသဖြင့် စိတ်ရှုပ်လာလေသည်။ ဒေါသထွက်နေသော အမူအရာဖြင့် သူက ဟိန်းဟောက်သံလေးများကို ပြုလုပ်လိုက်လေသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ နံရံမှထလာလေသည်။ နွမ်းနယ်နေသော်လည်း စိတ်လှုပ်ရှားပျော်ရွှင်နေသဖြင့် သူက လူအုပ်ကြီးကို ဖြတ်လျှောက်ကာ သားရဲလေးဆီသို့ သွားနေလေသည်။

” ဘရူဆာ …” သူက ညင်သာစွာ လှမ်းခေါ်လိုက်သည်။ သားရဲလေးမှာ ချက်ချင်းဆိုသလို တုန်ရီသွားပြ ပိုင်ရှောင်ချန်းလာနေသည့်ဘက်သို့ တောက်ပသောမျက်လုံးများဖြင့် လှမ်းကြည့်လိုက်လေသည်။ ထို့နောက် သူ့၏ အကြည့်များမှာ သိမ်မွေ့သွားပြီး ဆွေမျိုးအရင်းတစ်ယောက်ကို မြင်လိုက်ရသည့်အလား ပျော်ရွှင်မှုအရိပ်အယောင်များပေါ်လာတော့သည်။

သားရဲသန္ဓေတည်ပန်းပွင့်ထဲမှ ရုန်းကန်ထွက်ခဲ့သည့်နောက်ဆုံးအခေါက်တွင် သုံးလိုက်သည့် စိတ်ဓာတ်မာကျောမှုစွမ်းအင်မှာ သူ၏မျက်လုံးများကိုဖွင့်ကာ သူခက်ခက်ခဲခဲရုန်းကန်ခဲ့ရချိန်တွင် အားပေးနှစ်သိမ့်ခဲ့သူကို မြင်လိုသောဆန္ဒကြောင့် ပေါက်ဖွားလာခြင်းဖြစ်သည်။ ထိုမျှနှင့်ပင်လုံလောက်ပေသည်။ ထိုသို့သော ခံစားချက်၊ စိတ်ဓာတ်မာကျောမှုများမှာ ရှင်သန်လိုသည့်ဆန္ဒများထက်ပင် သာလွန်နေတော့သည်။ ဤအချိန်တွင် ဤထူးဆန်းလှသောကမ္ဘာကြီးတွင် ဘရူဆာ အတွက်အရေးပါသည့် တစ်ခုတည်းသောအရာမှာ ပိုင်ရှောင်ချန်းသာ ဖြစ်လေသည်။ သူတို့ကြားထဲတွင် လူမည်မျှများပြားစွာ ရှိနေသည်ဖြစ်ပါစေ ပိုင်ရှောင်ချန်းသာ တစ်ခွန်းပြောလိုက်ပါက အကုန်လုံးပျောက်ကွယ်သွားမည်သာဖြစ်သည်။ ဘရူဆာအတွက် ပိုင်ရှောင်ချန်းသည်သာ အရာအားလုံးဖြစ်ပေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset