Switch Mode

အခန်း ( ၁၃၆ )

အားလုံးဆုံကြရာဝယ်

တောင်ထိပ်သခင်လေးဦးသည် သားရဲသန္ဓေတည်ပန်းပွင့်ဆီသို့ တဟုန်ထိုးပြေးသွားကြလေသည်။ ကမ္ဘာ့အဖိုးအတန်ဆုံးရတနာတပါးကို မျက်မြင်တွေ့လိုက်ရသည့်အလား အမောတကောပြေးကြလေရာ ဟောဟဲဆိုက်နေကြလေ၏။ ယန်ဝေ့တောင်ထိပ်မှအဘွားအို၏မျက်နှာတွင် ပါးရေနားရေများပင် ပိုတွန့်လာသလိုထင်ရလေ၏။

အခြားတောင်ထိပ်သခင်သုံးဦးသည် စိတ်လှုပ်ရှားစွာဖြင့် သားရဲသန္ဓေတည်ပန်းပွင့်ကို ကိုင်ကြည့်ဖို့ကြိုးစားနေကြလေ၏။ သူတို့အတွက် ထိုပန်းပွင့်သည် ကြီးကျယ်မြင့်မြတ်လွန်းနေပြီး သူတို့၏အမြင်အာရုံကိုလုံးဝဖမ်းစားထားလေရာ အခြားအရာများကိုပင်ရှိနေသည်ဟုမထင်တော့ပေ။

ဂိုဏ်းသားများသည် အသံလည်းမထွက်ရဲပဲ ဘာလုပ်ရမှန်းမသိဖြစ်နေတော့သည်။ သူတို့ထဲမှအများစုသည် သားရဲသန္ဓေတည်အစေ့အကြောင်းကြားပင်မကြားဖူးကြပေ။ ထို့ပြင် တောင်ထိပ်သခင်လေးဦး၏အပြုအမူများကြောင့် ကြောက်ရွံ့ထိတ်လန့်နေကြလေသည်။

သို့သော်လည်း အတွင်းစည်းဂိုဏ်းသားအနည်းငယ်က တောင်ထိပ်သခင်များရေရွတ်ပြောဆိုသွားသောစကားများအရ ထိုပန်းပွင့်သည် သားရဲသန္ဓေတည်ပန်းပွင့်ဖြစ်မှန်းသိကြလေ၏။ ဂိုဏ်းသားများသည်ထိတ်လန့်တုန်လှုပ်နေကြပြီး ရင်ထဲတွင်လည်း မကြုံစဖူးအံ့အားသင့်နေကြလေသည်။

“သားရဲသန္ဓေတည်ပန်းပွင့်တဲ့လား။ ဘုရားရေ… အဲဒီပန်းပွင့်က တကယ်ပဲသားရဲသန္ဓေတည်ပန်းပွင့်လား”

“ဒီပန်းက ဒဏ္ဍာရီလာ အဖိုးတန်ရတနာပဲ… ကမ္ဘာပေါ်မှာအရှားပါးဆုံးပစ္စည်းပဲ”

“ကျုပ် အဲ့ပန်းပွင့်အကြောင်းကို ရှေးဟောင်းမှတ်တမ်းတွေထဲမှာပဲ ဖတ်ခဲ့ရဖူးတာ။ ရှေးခေတ်ကတည်းကမျိုးသုဥ်းပျောက်ကွယ်ကုန်ကြပြီတဲ့။ ဒီမှာပန်းတစ်ပွင့်ကျန်နေသေးတာ ကျုပ်ဖြင့် ယုံတောင်မယုံနိုင်ဘူး။”

တီးတိုးပြောဆိုနေသံများသည် တစထက်တစပို၍ကျယ်လာသည်။ ထောင်သောင်းမကသောလူအုပ်ကြီးသည် မကြာမီပင် သူတို့မြင်နေရသော သာမန်ထက်ကြီးမားသည့် ပန်းပွင့်ကြီးသည် မဖော်ပြနိုင်လောက်အောင်အဖိုးတန်သောပစ္စည်းတစ်ခုဖြစ်မှန်း သိသွားကြလေ၏။

ခဏအကြာတွင် လူအုပ်ကြီးသည် တယောက်တပေါက်တီးတိုးပြောဆိုနေမှုများကြောင့် အလွန်အမင်းဆူညံလာလေ၏။ ဝိညာဥ်စွယ်တောင်ထိပ်မှအဘိုးကြီးက လူအုပ်ဘက်သို့လှည့်၍ စူးစူးဝါးဝါးကြည့်လိုက်သောအခါမှ လူအုပ်ကြီးသည် မီးကိုရေနှင့်ငြိမ်းလိုက်သည့်အလား ချက်ခြင်းငြိမ်ကျသွားလေ၏။

ပိုင်ရှောင်ချန်းသည် ဘေးဘက်မှနေ၍ ခေါင်းကိုဂုဏ်ယူဝင့်ကြွားစွာမော့ကာ တစ်ကိုယ်တော်သူရဲကောင်းပုံစံဖမ်းနေပြန်သည်။

“ဟင်း… ငါ ပိုင်ရှောင်ချန်းက ဘာဖြစ်လို့တိုက်ပွဲဝင်သားရဲတွေဆီက အကူအညီကိုလိုအပ်နေလဲဆိုတာ ခင်ဗျားတို့အခုနားလည်သွားကြပြီမလား။ ဒါတွေအားလုံး ငါ့ရဲ့သားရဲသန္ဓေတည်ပန်းပွင့်အတွက်ပဲ။” ပိုင်ရှောင်ချန်းရင်ထဲတွင် ဂုဏ်ယူစိတ်လှုပ်ရှားမှုများပြည့်နှက်နေသော်လည်း သူ၏မျက်နှာကိုမူ စိတ်အားငယ်နေသည့်မျက်နှာပေးဖြစ်နေအောင် ပြုလုပ်ထားလေ၏။ တောင်ထိပ်သခင်လေးဦးတို့၏မျက်နှာတွင်မူ နှစ်သက်ကြည်နူးခြင်းနှင့် မချင့်မရဲဖြစ်နေခြင်းတို့ ရောပြွမ်းနေသည်။ အဆုံးတွင်မူ သူတို့သည်သွားကိုစေ့ကာ အံကိုတင်းတင်းကြိတ်လိုက်ကြသည်။ ယန်ဝေ့တောင်ထိပ်မှအဘွားအို၏မျက်နှာတွင်မူ အံ့သြနေမှုများနှင့်အတူ သွေးပျက်ထိတ်လန့်နေသည့်အမူအရာများလည်း မြင်တွေ့နေရလေသည်။

“ပိုင်ရှောင်ချန်း” ဒေါသထွက်နေပြီး ပူဆွေးသောကရောက်နေသောလေသံဖြင့် သူမကဆိုသည်။ “ဒီသားရဲသန္ဓေတည်ပန်းပွင့်က ဘယ်လောက်အဖိုးတန်လဲဆိုတာ နင်မသိဘူးလား။ ဒီပန်းပွင့်တွေမျိုးသုဥ်းပျောက်ကွယ်ကုန်ပြီဆိုတာရော နင်မသိဘူးလား။ ဒီသားရဲသန္ဓေတည်ပန်းပွင့်က ဘာကိုကိုယ်စားပြုသလဲဆိုတာရော နင်သိရဲ့လား။” အဘွားအိုသည် စိတ်ဆိုးနေသည့်လေသံဖြင့် ဒေါသတကြီးပြောနေလေသည်။ ထိုသားရဲသန္ဓေတည်အစေ့သာ သူမလက်ထဲသို့ရောက်ခဲ့ပါမူ အခြေအနေများတမျိုးတဖုံထူးခြားသွားမည့်လေသံမျိုးနှင့် စိတ်ဆိုးမာန်ဆိုးပြောနေခြင်းဖြစ်သည်။

” ကျနော် သိတာပေါ့” ပိုင်ရှောင်ချန်းကအံ့အားသင့်သွားသည့်လေသံဖြင့် ပြန်ဖြေသည်။ ဘယ်လောက်အဖိုးတန်မှန်းမသိခဲ့လျှင် သူ့အနေဖြင့် မြောက်ပိုင်းတစ်ဂိုဏ်းလုံးကို စိတ်အနှောက်အယှက်လိုက်ပေးနေစရာမလိုပေ။

အဘွားအိုပူပင်သောကရောက်နေစဥ်အချိန်အတွင်း အခြားတောင်ထိပ်သခင်သုံးဦးသည် ဓားသွားကဲ့သို့စူးရှသောအကြည့်များဖြင့် ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေကြလေ၏။ သားရဲသန္ဓေတည်သစ်စေ့သည်မည်မျှအဖိုးတန်မှန်း သူတို့သိကြသည်။ သားရဲသန္ဓေတည်သစ်စေ့သည် အဖိုးတန်ရတနာတပါးကဲ့သို့ဖြစ်လေရာ တောင်ထိပ်သခင်များသည် ပိုင်ရှောင်ချန်းကိုလုံးလုံးလျားလျားစိတ်ပျက်နေကြပုံပေါ်သည်။

“ဒီလောက်တန်ဖိုးရှိတဲ့သစ်စေ့ကို မင်းမို့လို့ဒီလိုနေရာမျိုးမှာစိုက်ပစ်တယ်။” အဘွားအိုက မြည်တွန်တောက်တီးနေပြန်သည်။ “အခု ဒီပန်းပွင့်ကနေပြီး သားရဲလေးတကောင်မွေးဖွားလာတော့မယ်။”

“မင်း…မင်း ပိုင်ရှောင်ချန်း… ဂိုဏ်းအတွင်းမှာရှိတဲ့ တိုက်ပွဲဝင်သားရဲတွေစိတ်ရူးပေါက်ကုန်ကြတာ မင်းလက်ချက်ဆိုတာအသိသာကြီးပဲ။ မင်းဘယ်နေရာမှာဘယ်လိုသုံးလိုက်တာလဲ။ ဒီသားရဲတွေအကုန်လုံးက သွေးမျိုးဆက်အနိမ့်စားတွေပဲ။”

“ငါတို့ အဲဒီသားရဲသန္ဓေတည်အစေ့ကို အကြီးအကဲစွန်းရဲ့တတိယအဆင့်သွေးမျိုးဆက်သားရဲနဂါးသွဲ့ပင်လယ်မိစ္ဆာနဲ့တွဲသုံးပြီး နောက်ထပ်သားရဲတကောင်မွေးထုတ်နိုင်တာပဲ။ အခုတော့ အားလုံးနောက်ကျကုန်ပြီ… နောက်ကျသွားပြီ။”

ပိုင်ရှောင်ချန်းသည် မျက်တောင်ကိုဖွင့်ချည်ပိတ်ချည်လုပ်ကာ လည်ချောင်းကိုရှင်းလိုက်ပြီး “အကြီးအကဲစွန်းရဲ့ နဂါးသွဲ့ပင်လယ်မိစ္ဆာကိုလဲထည့်သုံးထားပါတယ်” ဟုပြောလိုက်သည်။

“မင်း… နေပါဦး… ဘာဖြစ်တယ်။” အဘွားကြီးသည် တဗျစ်တောက်ဆက်မပြောနိုင်တော့ပဲ ပါးစပ်အဟောင်းသားဖြစ်သွားလေ၏။ အခြားတောင်ထိပ်သခင်သုံးဦးသည် အံ့အားသင့်သွားပြီး လူအုပ်ဘက်သို့လှည့်ကြည့်လိုက်လေရာ လူအုပ်ထဲတွင် အလွန်အံ့အားသင့်နေသောမျက်နှာဖြင့် သူတို့ကိုပြန်ကြည့်နေသော အကြီးအကဲစွန်းကိုတွေ့လိုက်ရလေ၏။ အကြီးအကဲစွန်းသည် သူ၏တိုက်ပွဲဝင်သားရဲကြီးမူမမှန်ဖြစ်နေသောကြောင့် လာရောက်ခဲ့ခြင်းမဟုတ်ပဲ ဂိုဏ်းသားများ၏သားရဲများ ထူးဆန်းနေကြသည်ကို ကြား၍လာရောက်ခြင်းဖြစ်လေသည်။ ယခုမှသာ သူ၏နဂါးသွဲ့ပင်လယ်မိစ္ဆာကြီးဆီမှ သက်စောင့်အင်အားများ ထုတ်ယူခံလိုက်ရသည်ကို သိလိုက်ခြင်းဖြစ်သည်။

ခဏကြာပြီးနောက် အဘွားအို၏အော်ဟစ်ပြောဆိုနေသံများပြန်ထွက်လာလေ၏။

“အကြီးအကဲစွန်းရဲ့နဂါးသွဲ့ပင်လယ်မိစ္ဆာနဲ့မလုံလောက်သေးရင် အကြီးအကဲချန်ရဲ့ကောင်းကင်ပြာစပါးကြီးမြွေကို သုံးလို့ရသေးတယ်။ စပါးကြီးမြွေက တတိယအဆင့်သွေးမျိုးဆက်ပဲရှိသေးပေမယ့် တစ်ရက်ရက်မှာနဂါးအဖြစ်ကူးပြောင်းနိုင်လိမ့်မယ်။ ဒါ့အပြင် ကောင်းကင်ပြာစပါးကြီးမြွေက တကောင်တည်းသော…”

သူမပြော၍မပြီးသေးခင်ပင် ပိုင်ရှောင်ချန်းက မဝံ့မရဲကြားဖြတ်ပြောလိုက်သည်။ “ကောင်းကင်ပြာစပါးကြီးမြွေဆီကလည်း ထုတ်ယူပြီးပါပြီ။”

အဘွားအို၏မျက်လုံးများပြူးကျယ်သွားသည်။ လူအုပ်ထဲတွင် အကြီးအကဲချန်သည် ပါးစပ်အဟောင်းသားဖြစ်နေကာ သားရဲသန္ဓေတည်ပန်းပွင့်ကိုအထင်သေးသည့်အကြည့်ဖြင့်ကြည့်လိုက်၏။ ထိုအချိန်တွင် အပြာရောင်မြွေတစ်ကောင်သည် ခေါင်းကိုထောင်ကာ သားရဲသန္ဓေတည်ပန်းပွင့်ဆီသို့ တပ်မက်စွဲလမ်းနေဟန်ဖြင့် မျှော်ကြည့်နေလေသည်။

“အကြီးအကဲချန်ရဲ့ ကောင်းကင်ပြာစပါးကြီးမြွေက ငယ်ရွယ်ပြီးသန်မာပါသေးတယ်” ဝိညာဥ်စွယ်တောင်ထိပ်၏တောင်ထိပ်သခင်ကပြောလိုက်သည်။ သူ၏အသံသည် ဒေါသကြောင့်တုန်ရီနေလေသည်။ “သားရဲသန္ဓေတည်အစေ့မရှိပဲနဲ့တောင် သားဖောက်လို့ရတယ်။ ကျုပ်ရဲ့ ယက္ခ သားရဲကမှ သားရဲသန္ဓေတည်အစေ့အတွက်အသင့်တော်ဆုံးပဲ။ အကယ်၍မင်းသာ…”

“အမ်… တောင်ထိပ်သခင်ဝူ။ သခင်ဝူရဲ့ ယက္ခ သားရဲဆီကလည်း ထုတ်ယူပြီးပါပြီ။”

တောင်ထိပ်သခင်ဝူတစ်ယောက်သာ ထိတ်လန့်သွားသည်မဟုတ်။ ဂိုဏ်းသားများအားလုံးပင် သူတို့ကြားလိုက်ရသောစကားကြောင့် အံ့သြတုန်လှုပ်သွားကြလေ၏။

အခြားတောင်ထိပ်သခင်များသည်ထပ်ပြောမည်ကြံနေကြစဥ်ပင် ပိုင်ရှောင်ချန်းသည်နောက်သို့အနည်းငယ်ဆုတ်ကာ ကောင်းစွာ သတိထားလျက် ပြောလိုက်သည်မှာ “ခင်ဗျားတို့ရဲ့ သားရဲတွေအားလုံးဆီက သက်စောင့်အားတွေ ထုတ်ယူပြီးပါပြီ” ဟူ၍ပင်။

တောင်ထိပ်သခင်လေးဦးသည် နွေခေါင်ခေါင်မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။ သူတို့၏သားရဲများ ဤနေရာသို့ ရောက်ရှိလာခဲ့သည်ကို သူတို့ဘာကြောင့်သတိမထားမိလိုက်ပါလိမ့်။ တချိန်တည်းမှာပင် မြောက်ပိုင်းဂိုဏ်းသားအားလုံးသည်လည်း လွန်စွာမှအံ့သြထိတ်လန့်နေကြလေရာ သူတို့၏ပါးစပ်များကို ဆက်ပိတ်မထားနိုင်ကြတော့ပေ။

“ဘုရားရေ… သားရဲဘယ်နှစ်ကောင်ဆီကများ ထုတ်ယူထားပါလိမ့်”

“ဒီ ပိုင်ရှောင်ချန်းဆိုတဲ့ကောင်… တောင်ထိပ်သခင်တွေရဲ့ သားရဲတွေကိုတောင်အလွတ်မပေးပါလား”

“ဘယ်လိုတောင်သောက်ရူးထမှုကြီးလဲ”

လူအုပ်ထံမှအော်ဟစ်သံများပို၍ကျယ်လောင်လာသည်နှင့်အမျှ ပိုင်ရှောင်ချန်းထိတ်လန့်စပြုလာလေ၏။ သူသည်နောက်သို့အနည်းငယ်ဆုတ်လိုက်ကာ တောင်ထိပ်သခင်လေးဦးကိုစိုက်ကြည့်နေလေသည်။ ခဏကြာသောအခါ ယန်ဝေ့တောင်ထိပ်မှအဘွားအို၏အကြည့်များသည် ပို၍စူးရှပြင်းထန်လာလေသည်။

“ကောင်းပြီ။ မင်းကိုလျှော့တွက်လိုက်မိတယ် ပိုင်ရှောင်ချန်း။ တောင်ထိပ်သခင်တွေအားလုံးရဲ့ သားရဲကောင်တွေကိုတောင်မင်းခိုးယူပြီးပြီပဲ။ ဘာဖြစ်လို့ရပ်လိုက်တာလဲ။ ယန်ဝေ့တောင်ထိပ်က ခုနှစ်ရောင်ခြယ်ဖီးနစ်ငှက်ကို ဘာလို့ခေါ်မလာတာလဲ။ ငါတို့ရဲ့တိုက်ပွဲဝင်သားရဲတွေက တတိယအဆင့်သွေးမျိုးဆက်တွေကြည့်ပဲဆိုပေမယ့် ခုနှစ်ရောင်ခြယ်ဖီးနစ်ငှက်ကတော့ စတုတ္ထအဆင်သွေးမျိုးဆက်နော်။ စတုတ္ထအဆင့်သွေးမျိုးဆက်သားရဲနဲ့ဆိုရင်တော့ သေချာပေါက်…” သူမဆက်၍မပြောနိုင်ခင် ပိုင်ရှောင်ချန်း၏မျက်နှာအမူအရာပျက်သွားသည်ကိုသတိထားမိလိုက်သောအခါ သူမရင်ထဲဒိန်းခနဲဖြစ်သွားလေ၏။ “မင်း..မင်း မဟုတ်မှလွဲရော…”

“ခုနှစ်ရောင်ခြယ်သားရဲဆီကလည်းထုတ်ယူပြီးပါပြီ” ပိုင်ရှောင်ချန်းက ပြောသည်။

“မုခ်ဦးတောင်ထိပ်က မျက်လုံးသုံးလုံးကျီးကန်းဆီကရော…”

“သူ့ဆီကလည်းထုတ်ပြီးပါပြီ” ပိုင်ရှောင်ချန်းကပြောလိုက်သည်။ “ပြီးတော့ မုခ်ဦးတောင်ထိပ်ကဖွတ်ကြီးဆီကရော၊ ဝိညာဥ်စွယ်တောင်ထိပ်က တောင်သရဲကြီးဆီကရော ထုတ်ယူပြီးပါပြီ”

တောင်ထိပ်သခင်များမျက်လုံးပြူးသွားကြပြီး မယုံကြည်နိုင်ဖြစ်နေကြသည်။ ခဏအကြာတွင် သူတို့အားလုံး ကျောက်စိမ်းပေလွှာများထုတ်လိုက်ကြပြီး ထူးဆန်းသည့်နည်းလမ်းတခုကိုသုံးကာ ဝိညာဥ်သားရဲအစောင့်အရှောက်များကို ဆက်သွယ်လိုက်ကြသည်။ ခဏအကြာတွင် ထိုအကြောင်းအရာများကိုအတည်ပြုလိုက်နိုင်လေသည်။ ဝိညာဥ်သားရဲအစောင့်အရှောက်များသည် ကောင်းကင်ချိုမှင်ရည်နဂါးကြီးအကြောင်းထုတ်ဖော်မပြောရဲကြပေ။ တောင်ထိပ်သခင်များသည် မျက်လုံးများပြူးကာ ပိုင်ရှောင်ချန်းကို မယုံသင်္ကာနှင့်ကြည့်နေကြလေသည်။

ကျန်သောမြောက်ပိုင်းဂိုဏ်းသားများသည်လည်း ထိတ်လန့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်ကျန်ခဲ့ကြလေ၏။ ပေဟန်လဲ့သည် ပိုင်ရှောင်ချန်းက မည်မျှစွမ်းအားကြီးမားနေပြီဖြစ်ကြောင်းရိပ်မိကာ အလွန်တုန်လှုပ်သွားလေ၏။ ရွှီဆုန်၏စိတ်ထဲတွင်ဝေခွဲမရဖြစ်နေသည်။ ဝိညာဥ်သားရဲအစောင့်အရှောက်များသည် မည်မျှထိတ်လန့်ကြောက်ရွှံ့ဖွယ်ကောင်းကြောင်း သူကောင်းကောင်းသိလေရာ ၎င်းတို့ဆီမှသက်စောင့်အား ကိုရအောင် ပိုင်ရှောင်ချန်းက မည်သို့မည်ပုံပြုလုပ်လိုက်သည်ကို သူစဥ်းစား၍မရပေ။

ယန်ဝေ့တောင်ထိပ်မှအဘွားအိုသည် အံ့သြလွန်းသဖြင့်ရူးသွားတော့မလားဟုပင်တွေးနေမိသည်။ ပိုင်ရှောင်ချန်းကိုသင်ခန်းစာပေးရန်ရည်ရွယ်ပြောဆိုခဲ့သော်လည်း သူမပြောလေလေ၊ ပြောစရာမရှိတော့လေလေဖြစ်နေသည်ကို သတိထားမိလိုက်လေသည်။ ပိုင်ရှောင်ချန်းသည် သားရဲသန္ဓေတည်သစ်စေ့၏အဖိုးတန်ပုံကိုသိထားရုံမျှမက မြောက်ပိုင်းဂိုဏ်းရှိစွမ်းအားအကြီးဆုံးသောသားရဲများဆီမှ သက်စောင့်အားများကိုပင်
ရအောင်ကြံခဲ့ပြီးဖြစ်သည်။ သူမသာထိုသို့ပြုလုပ်ရန်ကြိုးစားခဲ့ပါမူ သက်စောင့်အင်အားတစ်စက်မှ ပင်ထုတ်ယူနိုင်လိမ့်မည်မထင်။

သို့သော်လည်း ဂိုဏ်းသားများကြည့်ရှုနေကြစဥ် ပိုင်ရှောင်ချန်း၏ဖြေရှင်းချက်များကြောင့်သူတို့အားလုံးဆွံ့အကုန်ကြရာ အဘွားအိုသည်ပို၍ဒေါသထွက်လာလေသည်။ သူမ၏ဝတ်ရုံလက်ကိုအသာအယာပင့်တင်ကာ သူမက “အလကားပဲ… ပိုင်ရှောင်ချန်း… မင်းသာ သားရဲသန္ဓေတည်အစေ့ကို ထိပ်တန်းခေါင်းဆောင်တယောက်ယောက်ဆီကို ပေးလိုက်မယ်ဆိုရင် ခေါင်းဆောင်တွေတောင်တုန်လှုပ်သွားမှာပဲ။ သူတို့သာဆိုရင် ဓမ္မ အမိန့်တစ်ခုထုတ်ပြီး ဂိုဏ်းရဲ့ကြီးကျယ်မြင့်မြတ်တဲ့ဝိညာဥ်သားရဲအစောင့်အရှောက်ဖြစ်တဲ့ ကောင်းကင်ချိုမှင်ရည်နဂါးကြီးကို ဒီသစ်စေ့ကိုသုံးပြီး နောက်ထပ်မျိုးဆက်တစ်ခုထပ်ထုတ်ခိုင်းနိုင်မှာပဲ။ အဲ့လိုသာဆိုရင်အလဟဿဖြစ်မှာမဟုတ်ဘူး။ အခုတော့…” ပထမတော့ သူမသည်ပို၍ပို၍ဒေါသတကြီးပြောဆိုမိတော့မလိုဖြစ်သော်လည်း ပိုင်ရှောင်ချန်း၏ တစုံတခုပြောရန်ဟန်ပြင်နေသောကြောင့် သူမသည်ဆက်မပြောတော့ပဲရပ်လိုက်သည်။ ထို့နောက် သူမရင်ထဲတွင်ဒိန်းကနဲဖြစ်သွားပြန်သည်။

သူမတစ်ယောက်တည်းမဟုတ်ပေ။ ပိုင်ရှောင်ချန်း၏မျက်နှာအမူအရာကြောင့် အခြားတောင်ထိပ်သခင်သုံးဦးပါ မျက်နှာပျက်ကုန်ကြလေ၏။

ပိုင်ရှောင်ချန်းသည်မျက်တောင်ခပ်လိုက်ကာ မဝံ့မရဲ ပြောလိုက်လေ၏။
“ ဓမ္မအမိန့်ထုတ်ဖို့ ခေါင်းဆောင်တွေကို ဒုက္ခပေးစရာမလိုဘူးထင်တာပဲ။ အစ်ကိုကြီးကောင်းကင်ချိုမှော်နဂါးကြီးက လွန်ခဲ့တဲ့သုံးရက်ကရောက်လာပြီး အကြိမ်ငါးဆယ်ထက်မနည်း သက်စောင့်အားတွေ ထုတ်ပေးခဲ့ပါတယ်။”

လူအားလုံးအပ်ကျသံပင်ကြားရလောက်အောင်ငြိမ်သက်နေကြလေ၏။

တောင်ထိပ်သခင်လေးဦးနှင့် အကြီးအကဲများရော ဂိုဏ်းသားအားလုံးပါ အံ့သြလွန်းသဖြင့်စကားပင်မပြောနိုင်ကြတော့ပေ။ အားလုံးသည် ပိုင်ရှောင်ချန်းကိုအံ့သြတကြီးငေးကြည့်နေကြလေသည်။

ထိုအချိန်တွင် သားရဲသန္ဓေတည်ပန်းပွင့်သည် ရုတ်တရက်ခြောက်သွေ့ညှိုးနွမ်းစပြုလာကာ ပွင့်ဖတ်များတစ်ရွက်ပြီးတစ်ရွက်ကြွေလွင့်ကုန်လေ၏။ စွမ်းအားပြင်းသော သက်စောင့်အားတစ်ခုက ပန်းပွင့်အထဲ၌ပေါ်ပေါက်လာပြီး ထိုအားသည် အချိန်နှင့်အမျှတဖြည်းဖြည်းပို၍သန်မာလာနေသည်။ တောင်ထိပ်သခင်များ၊ အကြီးအကဲများ၊ သာမန်ဂိုဏ်းသားများအားလုံးပင် ပန်းပွင့်ကိုမမှိတ်မသုန်အာရုံစူးစိုက်ကြည့်နေကြသည်။

တောင်ထိပ်လေးခု၏ဝိညာဥ်သားရဲအစောင့်အရှောက်များသည် သူတို့၏မျိုးဆက်ကိုအာရုံခံမိနေသည့်အလား လှုပ်လှုပ်ရွရွဖြစ်နေကြသည်။ မရေမတွက်နိုင်သောသာမန်တိုက်ပွဲဝင်သားရဲများသည်လည်းထိုသို့ခံစားမိနေသည့်အလား မနေနိုင်မထိုင်နိုင်ဖြစ်နေကြလေသည်။

ရှေးဟောင်းသားရဲချောက်နက်ကြီးထဲတွင် ကောင်းကင်ချိုမှင်ရည်နဂါးကြီးသည် မျက်လုံးများဖွင့်ကာ သားရဲမွေးမြူရေးခြံဘက်သို့ မျှော်လင့်တကြီးစူးစိုက်ကြည့်နေလေသည်။

ပိုင်ရှောင်ချန်းသည် ကြောက်ရွံ့ထိတ်လန့်စွာဘေးသို့ရှောင်နေလိုက်ရင်းက ဘာများဆက်ဖြစ်လာမလဲဟု စိတ်ဝင်တစားကြည့်ရှုနေသည်။ တောင်ထိပ်သခင်များသည် ပိုင်ရှောင်ချန်း၏ဘေးနားတွင်ရပ်ကာ အသက်ပင်ဖြောင့်အောင်မရှူနိုင်ကြတော့ပေ။

သားရဲသန္ဓေတည်ပန်းပွင့်သည် တဖြည်းဖြည်းညှိုးနွမ်းလာပြီး အသက်ခွန်အားအငွေ့အသက်သည် ပို၍အားကောင်းလာလေသည်။ ပန်းပွင့်၏အတွင်းဘက်မှတစုံတခုပေါက်ကွဲထွက်လာတော့မည့်ဟန်ဖြစ်နေသည်။ ထိုအချိန်တွင် ပန်းပွင့်၏အပေါ်၌ရေဝဲတခုပေါ်လာပြီး ဖြည်းညင်းစွာလည်ပတ်နေသည်မှာ ကောင်းကင်မှမျက်လုံးများသည် မြေပြင်ပေါ်ရှိဖြစ်ရပ်အစုံကို ငုံ့ကြည့်နေသကဲ့သို့ရှိနေလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset