Switch Mode

အခန်း ( ၁၆၆ )

ငါ့မျက်လုံးကိုကြည့်ပြီး အရိပ်အယောင်ပြတဲ့အတိုင်းလိုက်လုပ်ပါ

“ ရွှမ်းယာ အစ်ကို့ကို စောင့်ကြိုနေပါ့မယ်ဟုတ်လား… စောင့်ကြိုနေပါမယ်တဲ့… မင်း… ”

‘ မင်းမေကြီးတော်ကို သွားစောင့်ကြိုနေပါလား… ’
လီချန်ရှို့၏မျက်ဝန်းထဲတွင် တလက်လက်ထနေသောလျှပ်စီးများ၊ ပျံသန်းနေသော လျှပ်စီးကွေးများနှင့် ကောင်းကင်တွင်ပြည့်နှက်နေသေည့် အရှိန်လှိုင်းများအားလုံးသည် ပေါက်ကွဲထွက်လာသော အဆိပ်ဓာတ်ငွေ့များကဲ့သို့ပင်။

လီချန်ရှို့သည် ပြန်လည်တုံ့ပြန်သည့်အနေဖြင့် လက်နှစ်ဖက်ဆုပ်ပြလိုက်ပြီး မြေကိုယ်ယောင်ဖျောက်အတတ်ကိုသုံးကာ ထွက်သွားလိုက်သည်။

‘ နှုတ်ဆက်ပါတယ်… ငါတို့ ထပ်ပြီးတွေ့မှာ မဟုတ်တော့ဘူး ’
လီချန်ရှို့သည် ယုံချင်ရွှမ်းယာကို ကောင်းကင်ပြစ်ဒဏ်အတွက် ဖာရာဒေးလှောင့်ချိုင့်များပေးခဲ့၏။ လီချန်ရှို့သည် ယုံချင်ရွှမ်းယာ၏ဂိုဏ်းတူအစ်ကိုတစ်ယောက်အနေဖြင့် ထိုနေ့က သူမသည် တန်ခိုးရှင်၏တာအိုသင်္ကေတများ‌‌ရောက်လာအောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် ဆုအသေးစားလေးချလိုက်ခြင်းသာဖြစ်သည်။

လီချန်ရှို့သည် သူက တန်ခိုးရှင်၏အာရုံစိုက်မှုကိုခံခဲ့ရပြီး သူ့ကိုတန်ခိုးရှင်မှတ်မိနေအောင် လုပ်နိုင်ခဲ့ခြင်းမှာ ထိုကိစ္စနှင့် တစ်စိတ်တစ်ပိုင်းသက်ဆိုင်ရမည်ဟု ခံစားခဲ့ရသည်။

ယခုတွင် ဤနေရာသို့ ကျောင်း‌တော်သုံးကျောင်းမှဂိုဏ်းချုပ်တစ်ဝက်ခန့် ရောက်ရှိနေပေသည်။ ကျောင်း‌တော်သုံးကျောင်း၏ နတ်ဝိဇ္ဇာဂိုဏ်းရာကျော်သည် ဤနေရာတွင် စုဝေးနေပြီဖြစ်သည်။ ထိုကဲ့သို့သောနေရာတွင် ယုံချင်ရွှမ်းယာသည် ကောင်းကင်ပြစ်ဒဏ်ကိုခုခံရန် ဖာရာဒေးလှောင်ချိုင့်ကိုသုံးလိုက်သဖြင့် သူ့အတွက် အလွန်အန္တရာယ်များနေခဲ့ပြီးဖြစ်သည်။

သို့သော် လီချန်ရှို့သည် ထိုကိစ္စကို စိတ်ထဲမထားပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် သူယခင်က သတိမထားခဲ့မိခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ရာ သူ့အပြစ်သာဖြစ်သောကြောင့်ပင်။ သူသည် ယုံချင်ရွှမ်းယာကို ဖာရာဒေးလှောင်ချိုင့်ကို ပေးခဲ့စဉ်က ယခုကဲ့သို့အခြေအနေမျိုးဖြစ်လာလိမ့်မည်ဟု သူ မတွေးမိခဲ့ပေ။ ထို့ကြောင့် ထိုအရာသည် သူ့အပြစ်သာဖြစ်သည်။ သူသည် ထိုအတွက် ယုံချင်ရွှမ်းယာကို အပြစ်မတင်ပေ။

‘ ပြဿနာက သူကောင်းကင်ပြစ်ဒဏ်ခံနေတုန်း ဘာလို့ငါ့နာမည်ကို ထုတ်ပြောရတာလဲ… ’

‘ ငါက ကောင်းကင်တာအိုနဲ့ ညီအစ်ကိုတွေမို့လို့လား။ ငါ့မျက်နှာကိုထောက်ပြီး ကောင်းကင်တာအိုရဲ့စွမ်းအားက လျော့သွားမှာမို့လို့လား ’
လီချန်ရှို့ စိတ်ထဲတွင် မချင့်မရဲဖြစ်နေသည်။ သူသည် မြေကိုယ်ယောင်ဖျောက်အတတ်ကိုသုံးကာ မနှေး၊ မမြန်သွားနေ၏။ သူသည် လမ်းတစ်ဝက်သို့ရောက်သောအခါ ‌နောက်သို့ တိတ်တဆိတ်ပြန်လှည့်လိုက်သည်။

သူသည် ယုံချင်ရွှမ်းယာကို ပြောစရာအချို့ရှိပေသေးသည်။ မဟုတ်လျှင် သူသည် ကိုယ့်ဒုက္ခကိုယ်ရှာမိသလို ဖြစ်သွားပေမည်။

ထိုအရာသည် အတန်ငယ်ရှုပ်ထွေးပေသည်။

ဖာရာဒေးလှောင်ချိုင့်သည် ကောင်းကင်ပြစ်ဒဏ်၏မိုးကြိုးတစ်ချက်ကို တောင့်ခံနိုင်သည်။ ယုံချင်ရွှမ်းယာသည် ထိုအရာကို သရုပ်ဖော်ပြသခဲ့ပြီးဖြစ်ကာ ကောင်းကင်တာအိုသည်လည်း ၎င်းကိုသဘောတူခဲ့သည်။

အကယ်၍ ဖာရာဒေးလှောင်ချိုင့်အကြောင်းသာ အာဒိကပ္ပလောကထဲတွင် ပျံ့နှံ့သွားလျှင် ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားနိုင်သူအရေအတွက်သည် များစွာတိုးလာပေလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ နတ်ဝိဇ္ဇာအရေအတွက်သည် တိုးပွားလာမည်ဖြစ်ပြီး လောကအတွင်းမှပြောင်းလဲမှုများသည် လွန်စွာများပြားလာမည်ဖြစ်သည်။

ထိုအခါ ကောင်းကင်ပြစ်ဒဏ်အများအပြားသည် ပို၍ကြီးမားသောစွမ်းအားဖြင့် စောစီးစွာရောက်လာနိုင်ပေသည်။

ထိုသို့ဖြစ်လာလျှင် ဖာရာဒေးလှောင့်ချိုင့်၏မူလအစဖြစ်သော လီချန်ရှို့သည် ကြမ္မာနှောင်ကြိုးများစွာရစ်နွယ်ခံရမည်ဖြစ်သည်။

ထိုပစ္စည်းကို သူ့အနီးက လူတစ်စုအတွင်း၌သာ သုံးနိုင်ပေသည်။

လီချန်ရှို့သည် ထိုအကြောင်းကို သေသေချာချာ တွေးတောကာ ယုံချင်ရွှမ်းယာ၏အတွေးများကို ခန့်မှန်းရန် ကြိုးစားလိုက်သည်။ သူသည် သူမကိုနားချရန် ပြင်ဆင်ထား၏။

တချိန်တည်းမှာပင် သူသည် ရှုံးလင်လိထံသို့ လျှို့ဝှက်အသံပို့လွှတ်ကာ အဝေးတစ်နေရာတွင် ပုန်းအောင်းနေခိုင်းလိုက်ပြီး သူမကို နောက်မှ သူလာတွေ့မည်ဖြစ်ကြောင်း ပြောလိုက်ပြီးဖြစ်သည်။

ထိုအခိုက်တွင် နတ်အာရုံများစွာသည် ယုံချင်ရွှမ်းယာကို စောင့်ကြည့်နေပေသည်။ လီချန်ရှို့သည် သူမအနီးသို့ ကပ်မသွားပေ။ သူသည် လီ(၂၀)အကွာမှ ဝါးတောထဲတွင် စောင့်ဆိုင်းနေလိုက်သည်။

လီချန်ရှို့သည် သူနှင့်မျိုးဆက်တူသော အခြားချီကျင့်ကြံသူများကဲ့သို့ပင် လက်နောက်ပစ်၍ရပ်ကာ ရှစ်ချက်မြောက်မိုးကြိုးကို တောင့်ခံနိုင်လိုက်ပြီး နတ်ဝိဇ္ဇာအလင်းများထဲတွင်ရှိနေသည့် ယုံချင်ရွှမ်းယာကို ကြည့်နေလိုက်သည်။

ယုံချင်ရွှမ်းယာသည် ဆန်းကြယ်သောနယ်မြေတစ်ခုအတွင်းသို့ ရောက်နေပုံရလေသည်။ သူမသည် မျက်လုံးများကို ချက်ချင်းမှိတ်ကာ အာရုံစိုက်နေသည်။

‘ အဆင့်ကျော်တက်တာလား… ’
လီချန်ရှို့ မျက်မှောင်ကြုတ်လိုက်ပြီး ခေတ္တမျှ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေလိုက်သည်။ ယုံချင်ရွှမ်းယာတစ်ယောက် မျက်လုံးပွင့်လာပြီး သူ့ကိုရှာနေချိန်တွင် သူသည် သူ၏နတ်အာရုံကိုသုံး၍ သူမထံသို့ လမ်းညွှန်မှုအနည်းငယ် ပို့လွှတ်လိုက်သည်။
“ ညီမလေး… ညီမလေးရဲ့ရင်ထဲမှာ ဉာဏ်အလင်းပွင့်မှုတစ်ခုရှိနေရင် ချက်ချင်းတရားထိုင်ပြီး ကျင့်ကြံသင့်တယ်။ အပြင်က နတ်ဝိဇ္ဇာတွေက ညီမလေးကို အပြင်ကိုပြန်ထုတ်ပေးမှာပါ။ တကယ်လို့ တစ်ယောက်ယောက် လှောင်ချိုင့်အကြောင်းကိုမေးရင် အစ်ကိုပေးထားတာလို့ ပြောလိုက်။ အစ်ကို အဲ့ပစ္စည်းကို ဂိုဏ်းက ရှေးဟောင်းကျမ်းစာတစ်အုပ်က တွေ့တာလို့ပြောလိုက်။ အရင်ကတော့ အဲ့လှောင်ချိုင့်တွေအများကြီး ရှိပေမယ့် အခုနှစ်ခုပဲကျန်တော့တယ်။ အဲ့လှောင်ချိုင့်အကြောင်း စကားတွေပျံ့နှံ့သွားရင် ကြမ္မာနှောင်ကြိုးတွေအများကြီးတွယ်သွားလိမ့်မယ်။ ဖြစ်လာမယ့် နောက်ဆက်တွဲကိစ္စတွေကလည်း မစဉ်းစားနိုင်လောက်အောင်ပဲ… အစ်ကို ညီမကို အဲ့လှောင်ချိုင့်ပေးတာက အစ်ကိုတို့ကမိတ်ဆွေတွေလို့ထင်လို့ပဲ။ အစ်ကို ညီမအပေါ် တခြားဘာစိတ်မှမရှိပါဘူး။ မြန်မြန် ဉာဏ်အလင်းပွင့်ဖို့လုပ်လိုက်တော့… ဒါက ညီမအတွက် ကောင်းတဲ့အခွင့်အရေးတစ်ခုပဲ ”

ယုံချင်ရွှမ်းယာသည် ထိုစကားများကို ကြားသောအခါ မျက်လုံးများအရောင်လက်သွားသည်။ သူမ၏နတ်အာရုံသည် လီချန်ရှို့၏အရိပ်အယောင်များကို လျင်မြန်စွာရှာတွေ့သွားသည်။

လီချန်ရှို့သည် သူမကိုခေါင်းညိတ်ပြလိုက်ပြီး ဝါးတောလေးအတွင်းမှ ထွက်လာလိုက်သည်။

ထိုအချိန်တွင် ‘မိတ်ဆွေ’ဟူသော စကားလုံးသည် သူ၏စိတ်ထားကို တိုက်ရိုက်ဖော်ပြထားပြီးဖြစ်သည်။

ယုံချင်ရွှမ်းယာတစ်ယောက် ထပ်၍နားလည်မှုလွဲလိမ့်မည်ဟု သူ မထင်ပေ။

ကောင်းကင်ထက်တွင် ကြည်လင်သောအလင်းများထုတ်လွှတ်နေသည့် ယုံချင်ရွှမ်းယာသည် လှပစွာ ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး လီချန်ရှို့၏နောက်ကျောကို သူမ၏နတ်အာရုံဖြင့် ကြည့်နေလေသည်။ သူမသည် ရင်ထဲတွင် သက်ပြင်းသဲ့သဲ့ချလိုက်၏။
‘ အစ်ကိုချန်ရှို့ရဲ့ နောက်ကျောဘက်ကမြင်ကွင်းက အမြဲအပူအပင်ကင်းနေတယ်လို့ထင်ရတယ်။ သူက ငါ့ကို ဒီတန်ဖိုးကြီးပစ္စည်းကို သုံးခိုင်းပေမယ့် ငါ့ကို ပြန်ကျေးဇူးမဆပ်ခိုင်းဘူး။ ဒါပေမဲ့ ငါကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားနိုင်ဖို့ လှောင်ချိုင့်ပေးခဲ့တဲ့ အစ်ကိုချန်ရှို့ကို ဘယ်လိုကျေးဇူးပြန်ဆပ်ရမယ်ဆိုတာ ငါတွေးမိနေတုန်းပဲ… ’

‘ အခုကစပြီး ရွှမ်းယာ အစ်ကို့ကို အသက်နဲ့ရင်းပြီး ကျေးဇူးပြန်ဆက်ပါ့မယ် ’
ယုံချင်ရွှမ်းယာသည် လီချန်ရှို့ထွက်သွားသည့်ဘက်သို့ ဦးညွှတ်လိုက်သည်။ ထို့နောက် သူမသည် မျက်လုံးမှိတ်၍ တောက်ပနေသောတိမ်တိုက်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။ သူမသည် သာယာနာပျော်ဖွယ် နတ်ဂီတသံနှင့်အတူ တာအိုဉာဏ်အလင်းပွင့်နယ်မြေအတွင်းသို့ ဝင်သွားလေတော့သည်။

တက်လှမ်းခြင်း…

တချိန်တည်းမှာပင် လီချန်ရှို့ တွေးတောနေမိ၏။
‘ အပြင်မှာတော့ ဂိုဏ်းချုပ်ကိုရှာနေတဲ့ နတ်ဝိဇ္ဇာတွေရှိလောက်တယ်… ’

ကောင်းကင်ပြစ်ဒဏ်၏မိုးကြိုးတစ်ချက်ကို တောင့်ခံနိုင်သော ထိုကဲ့သို့သော ပစ္စည်းမျိုးသည် တန်ခိုးကြီးနတ်ဝိဇ္ဇာများကို သူတို့ကိုယ်သူတို့နှိမ့်ချ၍ တုနတ်ဝိဇ္ဇာဂိုဏ်းမှနေ၍ ထိုပစ္စည်းကိုအ အခြားပစ္စည်းတစ်ခုဖြင့် လဲလှယ်ရန်ပြောခြင်း သို့မဟုတ် ထိုပစ္စည်းကိုတောင်းခံခြင်းတို့ လုပ်သွားစေနိုင်လေသည်။

သူသည် လက်ရှိတွင် ပန်းချီကားအတွင်း၌ရှိနေ၍ အပြင်သို့သွား၍ ထိုကိစ္စကို ကိုယ်တိုင်မကိုင်တွယ်နိုင်ပေ။

သူ၏ဆရာ ကောင်းကင်ပြစ်ဒဏ်ခံနေစဉ် သူသည် ဖာရာဒေးလှောင်ချိုင့်ကို လူအများကြီး၏မျက်စိအောက်တွင် သုံးခဲ့ပေသည်။ ထိုလှောင်ချိုင့်အကြောင်းကိုသိသူများ သေချာပေါက်ရှိရပေမည်။ တုနတ်ဝိဇ္ဇာဂိုဏ်းမှတာဝန်ရှိသူများ သို့မဟုတ် အကြီးအကဲများလည်း သိနိုင်ပေသည်။

လောလောလတ်လတ်တွင် သူသည် စက္ကူကိုယ်ပွားမှတဆင့် လင်းအယ်ကိုဆက်သွယ်ကာ ဆရာဒေါ်လေးကျိုးရှစ်ကိုသွားတွေ့စေပြီး ဆရာဒေါ်လေးကျိုးရှစ်မှနေ၍ ဆရာဦးလေးကျိုးဝူကို ဆက်သွယ်ခိုင်းရတော့မည်ဖြစ်သည်။

လီချန်ရှို့ စိတ်လှုပ်ရှားနေပြီး ထိုကိစ္စကိုချက်ချင်းလုပ်ဆောင်လိုက်သည်။ သူတစ်ပြိုင်တည်း ကိစ္စများစွာကို ပြုလုပ်လိုက်၏။ သူ့ဆရာတူညီမလေးဘေးတွင် ပုန်းကွယ်နေသည့် စက္ကူကိုယ်ပွားသည် ရုတ်ခြည်းနိုးထလာလေသည်။

သို့သော် စက္ကူကိုယ်ပွားနိုးထလာချိန်တွင် လီချန်ရှို့သည် ရေသံများနှင့် လင်းအယ်တစ်ယောက် ‌ရေချိုးချိန်တွင် ညီးလေ့ရှိသည့် တေးသွားလေးကို ကြားလိုက်ရသည်။ လက်ရှိကိစ္စသည် အ‌ရေးကြီးနေသဖြင့် လီချန်ရှို့သည် ထိုအကြောင်းကို အရေးစိုက်မနေနိုင်တော့ပေ။

“ ညီမလေး… ”
စက္ကူကိုယ်ပွားသည် အသံပို့လွှတ်၍ လှမ်းခေါ်လိုက်သည်။ လင်းအယ် ရုတ်တရက် တုန်သွားပြီး သူမ၏ခေါင်းကို ရေစည်အတွင်းနှစ်လိုက်သည်။ ရေပူဖောင်းလေးများ ပေါ်လာ၏။

ခေတ္တကြာပြီးနောက် အဝတ်အစား သပ်ရပ်စွာဝတ်ဆင်ထားပြီးဖြစ်သော လင်းအယ်သည် တဲအိမ်အပြင်မှ မန္တန်အစီအရင်ကို လျင်မြန်စွာပိတ်လိုက်လေသည်။ သူမသည် ဓမ္မတန်ခိုးကိုသုံး၍ သူမ၏ဆံပင်ရှည်များကို ခြောက်သွားအောင်လုပ်လိုက်ပြီး ကောင်းကင်ခွင်းတောင်သို့ လျင်မြန်စွာပျံသန်းသွားလိုက်လေသည်။

တစ်ဖက်တွင်မူ…

ယုံချင်ရွှမ်းယာဘေးရှိ ဆန်းကြယ်သောအခြင်းအရာများ ပျောက်ကွယ်သွားပေပြီ။ ကောင်းကင်ထက်မှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး ယုံချင်ရွှမ်းယာအပေါ်သို့ ကျရောက်သွားသည်။

ရွှေရောင်အလင်းသည် သူမကို မနှောင့်ယှက်ခဲ့ပေ။ ၎င်းသည် သူမကို ပန်းချီကားအပြင်သို့ ခေါ်ဆောင်သွားပြီး တုနတ်ဝိဇ္ဇာဂိုဏ်း၏နေရာတွင် ချပေးလိုက်သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှလူအားလုံးသည် သူမကို ချက်ချင်းဝန်းရံလိုက်၏။ သို့သော် ဂိုဏ်းချုပ်ကျိဝူယုံသည် ကာကွယ်အလွှာတစ်ခုဖန်ဆင်း၍ ယုံချင်ရွှမ်းယာကို ကာရံပေးလိုက်သည်။
“ သူ့ကို မနှောင့်ယှက်ကြနဲ့… သူက သူ့ရဲ့အခွင့်အရေးကို ရယူနေတာပဲ ”

အကြီးအကဲတစ်ဦးက ပြုံး၍ ပြောလိုက်၏။
“ ဒါဆို သူက အဆင့်ကျော်တက်သွားတာပေါ့။ ရွှမ်းယာက မူလနတ်ဝိဇ္ဇာအဆင့်ကိုကျော်တက်ပြီး အတုမဲ့နတ်ဝိဇ္ဇာဖြစ်လာမယ်ထင်တယ် ”

“ ဂိုဏ်းတူ တူမလေးယုံချင်က တော်တော်လေး အထင်ကြီးစရာကောင်းတာပဲ ”

“ ဂိုဏ်းကိုပြန်ရောက်ရင် ငါသူ့ကို ကောင်းကောင်းမွန်မွန် ဆုချီးမြှင့်ရမယ် ”

“ တူမလေးယုံချင်အကြောင်းကိုပြောမှပဲ တူလေးချန်ရှို့ကလဲ… ကျွတ်… ”

“ ကျွတ်..ကျွတ်..ကျွတ်… ”
လူတိုင်း စိတ်အားတက်ကြွနေစဉ် ယုံချင်ရွှမ်းယာတစ်ယောက် ကောင်းကင်ပြစ်ဒဏ်၏ ရှစ်ချက်မြောက်မိုးကြိုးကိုရင်ဆိုင်စဉ်က အားလုံး၏ရှေ့၌ ဖွင့်ပြောခဲ့သည့်စကားကို အမှတ်ရသွားကြသည်။

အခြားကျောင်းတော်နှစ်ကျောင်းမှ နတ်ဝိဇ္ဇာများသည် ထိုစကားကို နားလည်သည်၊ မလည်သည်ကို သူတို့မသိပေ။

သို့သော် ယုံချင်ရွှမ်းယာသည် သေရေး၊ ရှင်ရေးအခြေအနေတွင် သူမ၏ချစ်ရသူကို ဖွင့်ပြောခဲ့ခြင်းဖြစ်ကြောင်း ရန်ကျောင်းတော်မှလူများသည် အဘယ်သို့ နားမလည်ဘဲနေမည်နည်း။

အရှင်ဝမ်ချင်းနှင့် အကြီးအကဲအချို့သည် ဂိုဏ်းချုပ်ကျိဝူယုံနားသို့သွား၍ တစ်စုံတစ်ခုကို စိုးရိမ်တကြီးပြောနေကြ၏။

“ ကောင်းလိုက်တာ… ”
ကျိုးကျိုးသည် အရက်အိုးကြီးကိုပိုက်၍ မျက်နှာရဲနေလေသည်။ သူမသည် အကာအရံအတွင်းရှိ ယုံချင်ရွှမ်းယာကိုကြည့်၍ သက်ပြင်းသဲ့သဲ့ချလိုက်သည်။

ချုံတောင်လေး၏ အစားသရဲသုံးယောက်..အဟမ်း..နတ်သမီးသုံးယောက်ထဲမှ နောက်တစ်ယောက်သည် နတ်ဝိဇ္ဇာဖြစ်လာခဲ့ပေပြီ။ ယခုတွင် နတ်ဝိဇ္ဇာဖြစ်လာရန် လင်းအယ်သာ ကျန်တော့ပေသည်။

ကျိုးဝူသည် လက်နောက်ပစ်ကာ လျှောက်လာပြီး ကျိုးကျိုးကိုပြောလိုက်လေသည်။
“ ဘာတွေကများ ကောင်းနေလို့လဲ။ ကိုယ့်အတွက်ကိုယ်တွေးပါဦး ညီမလိမ္မာလေးရဲ့ ”

ကျိုးကျိုးသည် မျက်တောင်ခတ်လိုက်ပြီး သူမ၏ အစ်ကိုငါးကို ပြန်ပြောလိုက်သည်။
“ ဘာတွေကရော ဆိုးနေလို့လဲ။ ရွှမ်းယာက အခုနတ်ဝိဇ္ဇာဖြစ်လာပြီလေ.. ပြီးတော့ သူကအဆင့်တောင်ကျော်တက်သွားသေးတယ် ”

“ သူပြောလိုက်တာကို ညီမ မကြားဘူးလား ”

“ သူပြောလိုက်တာဟုတ်လား…ဟာ… ”
ကျိုးကျိုး နောက်ဆုံး၌ တုံ့ပြန်ခဲ့ပေပြီ။ သူမသည် မျက်တောင်ခတ်၍ ချက်ချင်းပြုံးလိုက်ရာ သူမ၏သမင်မျက်ဝန်းများသည် လခြမ်းကွေးလေးကဲ့သို့ ဖြစ်သွားလေသည်။
“ ဟီးဟီးဟီး… ရွှမ်းယာက ရှို့ရှို့လေးကို စိတ်ဝင်စားနေတာများလား။ ဒါက စိတ်ဝင်စားစရာပဲ။ လင်းအယ်လေးကလည်း ရှို့ရှို့လေးကို ကြိုက်နေတာ.. အခု ရွှမ်းယာက သူ့ရဲ့ခံစားချက်ကို လူသိရှင်ကြားကြေညာလိုက်ပြီပေါ့။ ဟေ… လင်းအယ်လေးက ရွှမ်းယာနဲ့ချကြတော့မှာလား ”

ကျိုးဝူသည် ကိုယ့်နဖူးကိုကိုယ် လက်တစ်ဖက်ဖြင့် ထိန်းထားလိုက်ရလေသည်။ သူ ခါးသက်သက်ပြုံးလိုက်ပြီး အသံထပ်မံပို့လွှတ်လိုက်သည်။
“ ကျိုးအာ… ညီမလည်း တူလေးချန်ရှို့အပေါ် ခံစားချက်တွေရှိနေတာ ညီမသတိမပြုမိဘူးလား ”

“ အာ.. အစ်ကိုငါး… အစ်ကိုမှားနေပြီ ”
ကျိုးကျိုးလက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“ အရင်ကလည်း အစ်မလေးက ဒီလိုပြောဖူးသေးတယ်။ ညီမ ရှို့ရှို့လေးရှေ့မှာ ဟာသတောင်ဖြစ်သွားသေးတယ်။ နောက်တော့ အစ်ကိုငါးနဲ့ အစ်မလေးတို့က တစ်ရက်လုံး တစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေကြတော့ အစ်ကိုတို့ရဲ့ခေါင်းထဲမှာ အဲ့လိုအတွေးတွေပဲပြည့်နေတယ်ဆိုတာ ညီမသိသွားတယ်။ အဲဒီလိုဆိုတော့ အစ်ကို အထင်မမှားမှသာ ထူးဆန်းနေမှာ… ညီမ ချုံတောင်လေးကိုသွားတာက အရက်သောက်ဖို့၊ အစားစားဖို့နဲ့ ဆေးလုံးတွေယူဖို့ပဲ။ တာအိုလက်တွဲဖော်က ညီမအတွက် အရေးမပါပါဘူး။ ပြီးတော့ ညီမနဲ့ ချန်ရှို့လေးရဲ့ဆက်ဆံရေးက..အင်း… အရက်သမားက အရက်စိမ်ဆရာကို ချစ်သလိုမျိုးပဲ။ ကျင့်ကြံခြင်းလမ်းက အထီးကျန်ပါတယ်။ ညီမအပျင်းဖြေစရာ အဖော်ရှိရင် လုံလောက်ပါပြီ ”

ကျိုးဝူ ဆွံ့အသွားသည်။ သူသည် သူ၏ဆရာတူညီမလေးကိုကြည့်လိုက်သည်။

ကျိုးကျိုး၏မျက်ဝန်းများသည် ကြည်လင်နေပြီး သူမ၏နှုတ်ခမ်းပေါ်ရှိအပြုံးများသည် သက်တောင့်သက်သာရှိလေသည်။

“ တကယ်ကြီးလား… ”
ကျိုးဝူမျက်မှောင်ကြုတ်၍ မေးလိုက်သည်။ သူ ကျိုးကျိုးကို ဆက်မေးရန်ဟန်ပြင်လိုက်စဉ် ဆက်သွယ်ရေးကျောက်စိမ်းပြားက အဆက်မပြတ်လှုပ်ခါလာကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

သူသည် သူ၏ချစ်ဇနီးလေးထံမှ ဆက်သွယ်မှုကို မည်သို့လျစ်လျူရှုနိုင်ပေမည်နည်း။

ကျိုးဝူသည် လက်ထဲတွင် ဆက်သွယ်ရေးကျောက်စိမ်းပြားကို ကိုင်လိုက်သည်။ သူ့ရင်ထဲသို့ နတ်အာရုံတစ်တန်းဝင်သွားပြီး စကာလုံးအချို့အဖြစ် ပြောင်းလဲသွားသည်။

တာအိုရသေ့ဂျပု မှင်တက်သွားသည်။

ကျိုးကျိုးသည် မျက်လုံးပင့်၍ အစ်ကိုငါးကို လျစ်လျူရှုလိုက်သည်။ သူမသည် ပို၍ ကြော့ရှင်းလာသော ယုံချင်ရွှမ်းယာကို ဆက်ကြည့်လိုက်သည်။ သူမစိတ်ထဲတွင် သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ပုဒ် ပေါ်လာ၏။ ဇာတ်လမ်းထဲမှသရုပ်ဆောင်များသည် ဇာတ်အင်္ကျီများကို ဝတ်ဆင်ကြသော ဇာတ်လမ်းမျိုးဖြစ်သည်။

မကြာမီ ရန်ကျောင်းတော်မှ အာကာသနတ်မင်းအချို့သည် အတူတကွရောက်ရှိလာပြီး တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်ကျိဝူယုံကို လာရှာကာ ယုံချင်ရွှမ်းယာ ကောင်းကင်ပြစ်ဒဏ်ခံစဉ်က သုံးခဲ့သည့် လှောင်ချိုင့်အကြောင်းကို မေးမြန်းကြလေသည်။

ကျိဝူယုံသည် အတော်ကြာ ချောင်းဆိုး၍ မည်သို့မှ မပြောနိုင်အောင် ဖြစ်နေသည်။

ဘေးမှ အရှင်ဝမ်ချင်းသည် အသံတစ်ခုပို့လွှတ်ကာ ဂိုဏ်းမှ အကြီးအကဲများနှင့် တာဝန်ရှိသူများကို မေးလိုက်သည်။ လူများသည် သူတို့၏လက်ချောင်းများကိုထိ၍ နိမိတ်ဖတ်လိုက်ကြ၏။ သို့သော် ကောင်းကင်ပြစ်ဒဏ်ကိုခံနိုင်သည့် လှောင်ချိုင့်ကိုပြုလုပ်သူမှာ မည်သူဖြစ်ကြောင်း နိမိတ်မဖတ်နိုင်ကြပေ။

သို့သော် ထိုဖာရာဒေးလှောင်ချိုင့်သည် ချီယွမ် ကောင်းကင်ပြစ်ဒဏ်ခံစဉ်ကလည်း ထွက်ပေါ်လာခဲ့ဖူးလေသည်။ သူတို့နှင့်အတူတွေ့ဆုံပွဲသို့လိုက်လာသော ဂိုဏ်းမှ အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးသည် ထိုအကြောင်းကို ပြန်အမှတ်ရသွားပြီး အရှင်ဝမ်ချင်းကို တင်ပြလိုက်သည်။

“ ချုံတောင်လေးလား… ”
အရှင်ဝမ်ချင်း အတန်ငယ်မျက်မှောင်ကြုတ်သွားသည်။ မကြာခင်က ချုံတောင်လေးတွင် ထူးဆန်းသည့်ကိစ္စများ တစ်စထက်တစ်စပိုများလာပေသည်။ ထိုအခိုက်တွင် ကျိုးဝူသည် ခပ်သွက်သွက်ရောက်လာပြီး အော်ပြောလိုက်သည်။
“ ဆရာ… လှောင်ချိုင့်က ဘယ်ကလဲဆိုတာ ကျွန်တော်သိပါတယ် ”

“ ပြောပါဦး… ”
ကျိုးဝူသည် ခပ်မြန်မြန် အသံပို့လွှတ်လိုက်သည်။
“ ဒီလှောင်ချိုင့်က ဂိုဏ်းက အတုမဲ့နတ်ဝိဇ္ဇာအိုကြီးတစ်ပါး မသေခင် ချန်သွားတာပဲ။ အဲ့တုန်းက အဲ့အကြီးအကဲက ဘဝနေဝင်ချိန်ကို ရောက်နေပြီ… ဒါပေမဲ့ သူ့လက်အောက်မှာ တပည့်တစ်ယောက်မှ မရှိခဲ့ပါဘူး။ သူ့ရဲ့နတ်တန်ခိုးက သာမန်နတ်ဝိဇ္ဇာအိုကြီးတစ်ပါးလိုပဲ အားနည်းပါတယ်။ သူမသေဆုံးခင် လအနည်းငယ်မှာ ချုံ‌တောင်လေးကတပည့် လီချန်ရှို့က သူ့ကိုပြုစုပေးခဲ့ပါတယ်။ လီချန်ရှို့ကို အဲ့တာဝန်ပေးခဲ့တာ ပိုင်ဖန်ခန်းမကပါ… အဲ့အကြီးအကဲမသေဆုံးသွားခင် သူက တူလေးချန်ရှို့ကို စက္ကူကိုယ်ပွားအတတ်ပညာနဲ့ ဖာရာဒေးလှောင်ချိုင့်လို့ခေါ်တဲ့ ရတနာတစ်ခုကို ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ရတနာကို ဘယ်လိုလုပ်ထားတာလဲဆိုတာ ကျွန်တော်တို့ တကယ်ကို မသိပါဘူး။ အခု အဲ့လိုလှောင်ချိုင့်နှစ်ခုပဲကျန်ပါတော့တယ်။ အဲ့နှစ်ခုက တူလေးချန်ရှို့နဲ့ သူ့ဆရာတူညီမလေးအတွက်ပါ… ”
အရှင်ဝမ်ချင်းသည် ဉာဏ်အလင်းပွင့်သွားပုံပင်။

အမှန်တွင် ကျိုးဝူပြောသောစကားမှာ အမှားတစ်ဝက်၊ အမှန်တစ်ဝက်ရောထွေးနေပေသည်။

လီချန်ရှို့၏ စက္ကူကိုယ်ပွားမှော်အတတ်သည် ထိုနတ်ဝိဇ္ဇာသက်တမ်းကုန်၍ သေဆုံးသွားသော ထိုအကြီးအကဲထံမှ ရခဲ့သည်မှာ အမှန်ဖြစ်သည်။ ထိုအခိုက်တွင် သူသည် ဖာရာဒေးလှောင့်ချိုင့်ကိုလည်း ထိုအကြီးအကဲအပေါ် လွှဲချလိုက်ခြင်းပင်။

တချိန်တည်းမှာပင် သူသည် အနာဂတ်အတွက်လမ်းဖောက်၍ လင်းအယ်ကို စက္ကူကိုယ်ပွားဖန်တီးသည့် အတတ်ပညာကို ပေါ်ပေါ်ထင်ထင်သင်ကြားပေးနိုင်ရန် လုပ်လိုက်ခြင်းပင်။

အရှင်ဝမ်ချင်းသည် သူ၏လက်ချောင်းများကိုထိ၍ နိမိတ်ဖတ်လိုက်သည်။ သူခေါင်းညိတ်လိုက်ပြီး အာလာပသလာပများပြောနေသည့် အာကာသနတ်မင်းများထံလျှောက်သွားလိုက်သည်။ သူသည် ဂိုဏ်းချုပ်ကို တစ်စုံတစ်ခု တီးတိုးပြောလိုက်သည်။

ကျိဝူယုံသည် ထိုဖာရာဒေးလှောင်ချိုင့်များအား ပြုလုပ်သည့်နည်းလမ်းမကျန်ခဲ့ဘဲ တပည့်နှစ်ဦးအတွက် ဖာရာဒေးလှောင့်ချိုင့်နှစ်ခုသာ ကျန်ရှိတော့ကြောင်း ထိုအာကာသနတ်မင်းများကို ပြောလိုက်သည်။

ထိုလှောင့်ချိုင့်ကို တောင်းရန်လာသော အာကာသနတ်မင်းအချို့သည် စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။ သူတို့သည် အတင်းတောင်းဆိုမနေတော့ဘဲ နှုတ်ဆက်ထွက်ခွာသွားကြလေသည်။

ကျိဝူယုံက သူ၏ခုံတွင် ပြန်မထိုင်ရသေးခင်မှာပင် နောက်ထပ် အာကာသနတ်မင်းတစ်ပါး ထပ်မံရောက်လာပြန်သည်။

နေ့ဝက်အတွင်းမှာပင် ကျောင်းတော်သုံးကျောင်းမှ တပည့်တစ်ဒါဇင်ကျော်သည်လည်း ဖာရာဒေးလှောင်ချိုင့်အကြောင်းကို လာမေးမြန်းကြလေသည်။

ဂိုဏ်းချုပ်ကျိဝူယုံသည် ထိုအခြေအနေကို ကိုင်တွယ်ရင်း လွန်စွာပင်ပန်းလာလေတော့သည်။ သူသည် သစ်သားဆိုင်းဘုတ်တစ်ခုထောင်ထားလိုက်ပြီး တုနတ်ဝိဇ္ဇာဂိုဏ်းတွင် ထိုလှောင်ချိုင့်ပြုလုပ်နည်းမရှိကြောင်း ရေးထားရလေတော့သည်။ ထိုပစ္စည်းသည် အကြီးအကဲတစ်ဦးက ချန်ထားခဲ့သည့် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ပြီး သူတို့ထံတွင် ပြုလုပ်နည်းမရှိကြောင်း ဖော်ပြရေးသားထားရသည်။

ထိုအခါမှသာ သူသည် အခြေအနေကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပေသည်။

သို့သော် ထိုကိစ္စနှင့်ပတ်သက်သည့်ပြဿနာက မပြီးသေးပေ။

တပည့်များသည် ပန်းချီကားအတွင်း၌ ခုနစ်ရက်ယှဉ်ပြိုင်ပြီးနောက် ပန်းချီကားအတွင်းရှိ မိစ္ဆာသားရဲများနှင့် ကြမ်းကြုတ်သောသားရဲများ ကုန်လုနီးပါးဖြစ်သွားပေပြီ။ ရတနာအများစုကိုလည်း တပည့်များက ရသွားပြီဖြစ်သည်။ “ တပည့်များယှဉ်ပြိုင်ပွဲ ” အစီအစဉ်ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

ထိုအခိုက်တွင် ကျောင်းတော်သုံးကျောင်းမှ နတ်ဝိဇ္ဇာဂိုဏ်းများသည် သူတို့တပည့်များရခဲ့သည့်ရတနာများကို ရေတွက်နေကြသည်။ ကျောင်းတော်သုံးကျောင်းအကြားမှ လေထုသည် တင်းမာနေပေသည်။ အပေါ်ယံတွင်မူ လူတိုင်းသည် ဖော်ရွေပုံပေါက်နေပေသည်။ သို့သော် ထိုပြိုင်ပွဲတွင် ဘက်လိုက်မှုမရှိဘဲ သူတို့၏လုပ်ဆောင်မှုသည် အတော်လေးကောင်းမွန်ပေသည်။

ကျန်ရက်အနည်းငယ်တွင် လီချန်ရှို့နှင့် ရှုံးလင်လိတို့သည် ဆက်လက်ပုန်းအောင်းနေခဲ့သည်။

အရှင်ရွှမ်းဒူ ပြန်သွားခဲ့ပြီဖြစ်သည်။ ယုံချင်ရွှမ်းယာသည်လည်း မိစ္ဆာများကိုသုတ်သင်ခဲ့ပြီး နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းခဲ့ကာ အဆင့်ပင်ကျော်တက်သွားခဲ့သည်။ သူမတစ်ဦးတည်းဖြင့်ပင် တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် ရန်ကျောင်းတော်သည် ဂုဏ်ပြောင်ခဲ့ပြီဖြစ်သည်။ အရှင်ရွှမ်းဒူပေးအပ်ထားသည့် ရန်ကျောင်းတော်၏အစွမ်းကိုပြရမည့်တာဝန်သည်လည်း ပြီးဆုံးခဲ့ပေပြီ။

သူတို့အနေဖြင့် များစွာလုပ်ဆောင်ရန် မလိုအပ်‌တော့ပေ။

ထို့ကြောင့် လီချန်ရှို့သည် ကျန်သည့်ရက်အနည်းငယ်တွင် ပန်းချီကားအတွင်းမှာပင် ဖာရာဒေးလှောင်ချိုင့် မတော်တဆပေါ်သွားသောကြောင့် ဖြစ်ပေါ်လာနိုင်သည့်အကျိုးသက်ရောက်မှုများကို ဆင်ခြင်သုံးသပ်နေခဲ့သည်။

လီချန်ရှို့သည် အမျိုးမျိုးတွေးတောပြီးနောက် ထိုအရာသည် သိပ်၍အန္တရာယ်မများဟု ကောက်ချက်ချလိုက်သည်။ အဆိုးဆုံးအနေဖြင့် မျက်နှာပူစရာအချို့ဖြစ်လာရုံသာရှိလေသည်။ သူသည် ထိုအခြေအနေကို အလွယ်တကူဖြေရှင်းနိုင်ပေသည်။

အရှင်ရွှမ်းဒူ၏ထောက်ပံ့မှုကိုရထားသော တုနတ်ဝိဇ္ဇာဂိုဏ်းကို ထိဝံ့သူ ရှိမည်မဟုတ်ပေ။

ခုနစ်ရက်မြောက်နေ့တွင် ချန်ကျောင်းတော်မှ အာကာသနတ်မင်းယွင်ကျုံးစစ်သည် တပည့်များကို ပန်းချီကားအတွင်းမှ သူတို့၏မူလနေရာသို့ ပြန်ပို့လိုက်သည်။

လီချန်ရှို့နှင့် ရှုံးလင်လိတို့သည် သူတို့ကိုယ်သူတို့ တည်ငြိမ်အောင်လုပ်ပြီးနောက်မှာပင် ကျိုးဝူသည် သူတို့ထံသို့လျှောက်လာပြီး လီချန်ရှို့ကို ဂိုဏ်းချုပ်ကျိဝူယုံထံသို့ ခေါ်သွားလေသည်။

ကျိဝူယုံသည် ချောင်းဟန့်၍ လီချန်ရှို့ကိုမေးလိုက်သည်။
“ လှောင်ချိုင့်ကိစ္စက ကြမ္မာနှောင်ကြိုးတွေ နွှယ်လာမှာကို မင်း ကြောက်လို့မလား ”

“ ဟုတ်ပါတယ် ”
လီချန်ရှို့ တစ်စုံတစ်ခုကို အလျင်အမြန်စဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။

ကျိဝူယုံသည် ခေတ္တမျှတွေးတော၍ ပြောလိုက်သည်။
“ နောက်လည်း မင်းမှာ လှောင်ချိုင့်နှစ်ခုပဲ ရှိတော့တယ်လို့ပြောရမယ်။ ပြီးတော့ အဲဒါကို မင်းနဲ့မင်းရဲ့ဆရာတူညီမလေးကလွဲပြီး တခြားဘယ်သူ့ကိုမှ မပေးရဘူး ”

လီချန်ရှို့ ရင်ထဲမှသက်ပြင်းချ၍ နူးညံ့စွာပြောလိုက်သည်။
“ ကျွန်တော့်ကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ခင်ဗျာ ”

ကျိဝူယုံ တည်ငြိမ်စွာ ပြောလိုက်သည်။
“ မင်းက ငါ့ဂိုဏ်းကတပည့်ပဲ။ ဒါက ငါလုပ်သင့်တဲ့ကိစ္စပါ ”

“ ကျောင်း‌တော်သုံးကျောင်းက နတ်ဝိဇ္ဇာတွေ ပြန်သွားရင် တစ်ယောက်ယောက်တော့ သေချာပေါက် ငါ့ဆီလာပြီး ပြဿနာရှာ … အဲ နားပူနားဆာလုပ်မှာပဲ။ အဲ့အချိန်ကျရင်… ငါ့ရဲ့မျက်လုံးတွေကိုကြည့်ပြီး အရိပ်အယောင်ပြတဲ့အတိုင်း လိုက်လုပ် ”

“ ကျွန်တော်နားလည်ပါတယ် ”


Comment

  1. Feng Yixaio says:

    1ပတ်တစ်ပိုင်းတော့လုပ်ပါဗျာဖတ် ရတာမတန်ဘူးဗျာ

  2. Feng Yixaio says:

    1ပတ်တစ်ပိုင်းတော့လုပ်ပါဗျာဖတ် ရတာမတန်ဘူးဗျာကြိုက်တဲ့စာစဥ်လေးမို့ဖတ်ချင်နေတာစောင့်ရတာမောတယ်ဗျာ😪

  3. Thurein says:

    တပိုင်း တပိုင်းစောင့်ရတာအကြာကြီးပဲ အပိုင်းအသစ် ထပ်ဝယ် ဖတ်ဖို့တောင် လန့်လာပြီ ထပ်မပြန် ပဲစာစဥ်တိုးလို့တန်းလန်း ထားခဲ့ခံရတာတွေ ဖြစ်မှာစိုးလို့

Leave a Reply

Options

not work with dark mode
Reset