Switch Mode

အခန်း ( ၁၃၅ )

မြောက်ပိုင်းဂိုဏ်းသားတွေပေါက်ကွဲကုန်ပြီ

“အား… လျှောက်မဖွနဲ့” သူအော်ပြောလိုက်သည်။ ယုန်အကြောင်းကောင်းကောင်းသိနေသည့်အတွက် အလျင်အမြန်ပင်လှုပ်ရှားလိုက်လေ၏။ သူ၏ကျောဘက်မှအတောင်ပံများထွက်လာပြီး ယုန်ကိုအလျင်အမြန်လိုက်ဖမ်းလိုက်လေ၏။

သို့သော် ယုန်မှာအလွန်လျင်မြန်လွန်းနေသည်။ မကြာမီပင် အဝေးတစ်နေရာမှပဲ့တင်ထွက်လာသော ယုန်၏အသံကိုသာကြားရလေတော့သည်။

“အား… လျှောက်မဖွနဲ့”

ယုန်နောက်သို့အချည်းနှီးလိုက်ဖမ်းနေခဲ့ပြီးနောက် ချီစုစည်းမှုအဆင့်တစ်ဆယ်သို့ရောက်ဖို့နေနေသာသာ ယုန်လောက်ပင်မလျင်မြန်သေးပါလားဟူ၍ စိတ်အားငယ်စွာတွေးလိုက်မိလေ၏။ ယုန်သည် လျင်မြန်ဖျတ်လတ်လွန်းလှသဖြင့် ယုံနိုင်ဖွယ်ရာပင်မရှိ။

“ငါစိတ်ကုန်ပြီ… ဘာပဲဖြစ်ဖြစ်ကွာ ” ထွက်ပြေးပျောက်ကွယ်သွားသောယုန်ကို စိတ်ပျက်လက်ပျက်ငေးကြည့်ကာ ရေရွတ်လိုက်သည်။ ထိုနေရာတွင်စိတ်ခြောက်ချားစွာရပ်နေမိပြီး စိတ်ထဲတွင်တောင်စဥ်ရေမရဖြစ်နေသည်။ သူ့အတွက်အဆိုးဝါးဆုံးအိပ်မက်များထဲတွင်တောင်မှ ထိုစကားပြောသောယုန်သည်မြောက်ပိုင်းသို့ရောက်လာလိမ့်မည်ဟု တခါမှထည့်မမက်ဖူးပေ။ အိပ်မက်ဆိုးသည် တကယ်ဖြစ်လာပေပြီ။

“ငါဘာတွေပြောနေခဲ့ပါလိမ့်…” ခေါင်းကိုကုတ်ကာ သူရေရွတ်လိုက်သည်။
“ယုန် ဘာတွေများကြားသွားပါလိမ့်…” သူ့စိတ်ထဲငိုချင်လာသည်။ မယုံနိုင်လောက်အောင်ခြေလုံလက်လုံရှိသည့် စကားပြောသောယုန်တစ်ကောင်ကြောင့် ကယောင်ချောက်ချားဖြစ်နေရလေပြီ။ ဤကဲ့သို့သာဆက်ဖြစ်နေဦးမည်ဆိုလျှင် သူ့အနေနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်လာနိုင်ပေသည်။ ယခုမှစ၍ စကားမပြောပဲနေလိုက်ရင်ကောင်းမည်ထင်သည်။

ဤကဲသို့အလွန်အမင်းစိတ်အနှောက်အယှက်ဖြစ်စရာကောင်းသော စကားပြောသည့်ယုန်ကိုဖြစ်လာစေမည့် လျှို့ဝှက်ဆန်းကြယ်ဆေးလုံးကိုဖော်စပ်မိခဲ့သည့်အတွက် အကြီးအကျယ်နောင်တရလျက်ရှိသည်။

“ဒီသောက်ယုန် ဘာမှကြားမသွားဘူးနေမှာပါ။ ဘာဆိုဘာမှမကြားလောက်ပါဘူး။ ကြားသွားလို့ရှိရင် ထပ်ခါတလဲလဲအော်နေပြီပေါ့။” စိတ်တထင့်ထင့်ဖြစ်လျက် သူ့ကိုယ်သူစိတ်သက်သာရာရအောင်လုပ်သည့်အနေဖြင့် နှာတရှုပ်ရှုပ်လုပ်နေရာ အနည်းငယ်တော့ သက်သာလေသည်။ စကားပြောသောယုန်သည် အချိန်မရွေးပေါက်ကွဲသွားနိုင်သော၊ ပေါက်ကွဲလျှင်လည်း ကောင်းကင်နှင့်မြေကြီးကိုပါလှုပ်ခတ်သွားစေနိုင်သော ဆေးပေါင်းဖိုတလုံးကဲ့သို့ပင်။

စိတ်လှုပ်ရှားလျက် ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦသို့ပြန်လာခဲ့ပြီး လိုအပ်လာပါက တောင်ပိုင်းသို့ခေတ္တတိမ်းရှောင်နိုင်ရန် ပစ္စည်းများကိုသိမ်းဆည်းထားလိုက်သည်။ ထို့နောက်သူသည် စိတ်လှုပ်ရှားစွာဖြင့် သားရဲသန္ဓေတည်ပန်းပွင့်ကို ကြည့်လိုက်သည်။

“သုံးရက်။ ငါ့ရဲ့တိုက်ပွဲဝင်သားရဲကြီးက နောက်ထပ်သုံးရက်ဆိုရင်ပေါ်ထွက်လာတော့မယ်။” မျက်လုံးထဲတွင်သွေးပျက်နေဟန်ဖြင့် သူသည်စိတ်လှုပ်ရှားစွာစောင့်နေလေ၏။ ခွေးနက်ကြီးသည် နောက်ထပ်တိုက်ပွဲဝင်သားရဲတစ်ကောင်ကို ဆွဲခေါ်လာလေ၏။ ပိုင်ရှောင်ချန်းသည် သားရဲကိုဘေးဖယ်ထားလိုက်ပြီး နောက်ကျလျှင် သွေးလှူဒါန်းရန်အတွက် အခြားတိုက်ပွဲဝင်သားရဲများယူဆောင်လာဖို့ လိုအပ်တော့မည်မဟုတ်ကြောင်း ရှင်းပြနေသည်။

ခွေးနက်ကြီးသည် သိပ်ပြီးသဘောကျပုံမရပေ။ ချက်ခြင်းပင် ခက်ထန်ကြမ်းကြုတ်သောအမူအရာဖြင့်သွားဖြဲပြလေ၏။ ပိုင်ရှောင်ချန်းသည် နှလုံးခုန်ရပ်မတတ်ဖြစ်သွားပြီး ချောင်းဟန့်လိုက်လေ၏။

“ကဲကဲ… အဲဒါကသိပ်မသေချာသေးပါဘူးကွ…” သူကပြောလိုက်သည်။ “ငါပြောမယ်။ အင်မတန် လျင်မြန်ဖျတ်လတ်တဲ့ယုန်တစ်ကောင် မြောက်ပိုင်းမှာကျက်စားနေတယ်ကွ။ အဲ့ယုန်က အရေမရအဖတ်မရတွေတချိန်လုံးပြောနေတတ်တယ်။ အဲ့ယုန်ကိုသွားဖမ်းပြီး ငါ့ဆီခေါ်လာခဲ့… ဟုတ်ပြီလား။”

ခွေးသည် မယုံသင်္ကာမျက်လုံးများဖြင့် ပြန်ကြည့်နေသည်။ ခွေးသည် ခက်ထန်ကြမ်းကြုတ်သောအမူအရာများဖြင့် ထပ်မံရှင်းပြပေးရန်တောင်းဆိုနေသည်။ နောက်ဆုံးတွင် ခွေးသည် နားလည်သွားပြီး နောက်ပြန်လှည့်ကာ အနက်ရောင်အမှုန်အဝါးလေးအဖြစ်သို့ပျောက်ကွယ်သွားလေသည်။

ပိုင်ရှောင်ချန်းသည် မျှော်လင့်အားကိုးသောမျက်ဝန်းများဖြင့် ခွေးကိုလှမ်းကြည့်နေလေ၏။

“ကံကောင်းပါစေ ငါ့ကောင်။ မင်းသာငါ့အတွက် ယုန်ကိုဖမ်းပေးမယ်ဆိုရင် မင်းအတွက်နောက်ထပ် သားရဲသန္ဓေတည်အစေ့တခု မရရအောင်ရှာပေးပါ့မယ်။” ထိတ်လန့်ဖွယ်ရာစကားပြောသောယုန်အကြောင်းတွေးမိတိုင်းပင် ပိုင်ရှောင်ချန်းစိတ်မအေးရပေ။ ခြံဝန်းအနောက်ပြန်သို့ပြန်ဝင်ကာ စိတ်ရှည်ရှည်နှင့်ထိုင်စောင့်နေလိုက်လေ၏။

နောက်တစ်ရက်ကုန်လွန်သွားခဲ့ပြန်ပြီ။

ထိုအချိန်အတောအတွင်း ပိုင်ရှောင်ချန်းသည် အပြင်မှကြားရသောအသံအားလုံးကို ဂရုတစိုက်နားစွင့်နေလေ၏။ မြောက်ပိုင်းဂိုဏ်းသားအားလုံးသည် သူတို့၏တိုက်ပွဲဝင်သားရဲများရုတ်ချည်းပြောင်းလဲသွားရခြင်းအကြောင်းရင်းကိုလိုက်လံရှာဖွေနေကြလေသည်။ လူအများသည် ပိုင်ရှောင်ချန်းကိုသံသယဝင်နေကြပြီး ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦနားသို့ပင် လာရောက်အကဲခတ်နေကြလေ၏။ သို့သော်လည်း သူသည် သားရဲသန္ဓေတည်ပန်းပွင့်ကို ဘယ်သူမှမမြင်အောင် သေချာဝှက်ထားနိုင်ခဲ့လေ၏။

ထို့အပြင် လုပ်စရာရှိသည်များကိုလည်း ညအချိန်မှသာလုပ်ဆောင်လေ့ရှိပြီး ခြေရာလက်ရာမကျန်ခဲ့အောင်လည်း အထူးသတိထားလေ့ရှိသည်။ ထိုအခါ လူအများသည် သူ့ကိုသံသယဝင်ကြသော်လည်း အပြစ်ရှိကြောင်းသက်သေတစုံတရာမရှိသည့်အတွက် သူ့အားလွှတ်ပေးထားလေ၏။

သို့ရာတွင် ပိုင်ရှောင်ချန်းမှာ ပို၍ပင်စိတ်လှုပ်ရှားနေလေ၏။ တစ်ရက်ပြီးတစ်ရက်ကုန်လွန်သွားပြီး စုံစမ်းစစ်ဆေးမှုများမှာပို၍ပြင်းထန်လာလေ၏။ တိုက်ပွဲဝင်သားရဲများကို ထိန်းချုပ်ရန်ပိုခက်လာသောဂိုဏ်းသားများသည် အပူတပြင်းစုံစမ်းနေကြလေ၏။ သူတို့သည် အဆက်မပြတ်အော်ဟစ်ကြိမ်းဝါးနေကြလေသည်။

“ဘာတွေဖြစ်နေတာလဲကွာ…”

“ကပ်ရောဂါတခုခုဖြစ်နိုင်တယ်ကွ။ ဒါပေမယ့် ကပ်ရောဂါနဲ့လည်းမတူပါဘူး။ ကပ်ရောဂါကအကြောင်းရင်းမဟုတ်နိုင်ဘူး။”

“မသင်္ကာစရာတခုခုတော့ဖြစ်နေပြီကွ။ လုံးဝ… လုံးဝမသင်္ကာစရာပဲ။”

မြောက်ပိုင်းဂိုဏ်းတခုလုံးထိန်းမနိုင်သိမ်းမရဖြစ်နေပြီး ဆူပူမှုများဖြစ်ပေါ်လာရန်နည်းနည်းသာလိုတော့သည်။ အပြင်စည်းဂိုဏ်းသားအများအပြားသည် စုံစမ်းစစ်ဆေးရာတွင်ပါဝင်လာကြပြီး အတွင်းစည်းဂိုဏ်းသားများလည်းပါဝင်လာကြသည်။ တောင်ထိပ်သခင်များပင် ပူးပေါင်းလာကြလေ၏။ မကြာမီပင်သားရဲသန္ဓေတည်ပန်းပွင့်ရန် နေ့တဝက်သာလိုတော့လေသည်။ ထိုအချိန်မှာပင် သဲလွန်စတခုသည်ပေါ်ပေါက်လာလေ၏။

“ပေဟန်လဲ့ရဲ့အမဲလိုက်ခွေးကြီးပဲကွ…”

“ဒီခွေးက တိုက်ပွဲဝင်သားရဲတကောင်ကို ဖမ်းခေါ်သွားတယ်။ ဖမ်းခေါ်ခံရတဲ့သားရဲပြန်ရောက်လာတော့ သူ့မျက်နှာဟာထူးထူးဆန်းဆန်းဖြစ်နေတာပဲ”

“အဲ့ခွေးကြီးကိုရှာကြစမ်း”

မြောက်ပိုင်းဂိုဏ်းသားများသည် ခွေးကိုဒေါသတကြီးလိုက်လံရှာဖွေနေကြလေ၏။ မကြာမီပင် သူတို့ရှာတွေ့သွားကြပြီး ခွေးနက်ကြီးနှင့်အတူ ယုန်တကောင်ကိုပါတွေ့လိုက်ရလေ၏။

ယုန်သည် ခွေးနက်ကြီးကလိုက်ဖမ်းနေသောကြောင့် ဝရုန်းသုန်းကားထွက်ပြေးနေလေသည်။

ယုန်ကိုခွေးကလိုက်ဖမ်းနေသည်မှာ သိပ်တော့အထူးတဆန်းမဟုတ်။ သို့သော် ယုန်ကစကားပြောနေကြောင်းသိလိုက်ရသောအခါ ဂိုဏ်းသားများအံ့အားသင့်နေကြလေ၏။

“ဂိုဏ်းတူညီမမေ့ရှန်း…။ ဝိညာဥ်စွယ်တောင်ရဲ့ တောင်ထိပ်သခင်တယောက်အနေနဲ့ ညီမကိုလီချင်းဟောက်ရဲ့လက်ထဲလုံးဝအပါမခံနိုင်ဘူး။”

“အို… ဂိုဏ်းတူအကိုစွန်းက သိပ်ဆိုးတာပဲ…”

“ဟားဟားဟား… ဒီဆေးလုံးဟာ အင်မတန်အစွမ်းထက်တာပဲ… ငါ ပိုင်ရှောင်ချန်းက အံ့မခန်းပဲ ။ ဒီယုန်က တကယ်စကားပြောနိုင်တယ်။”

“ပိုင်ရှောင်ချန်းက အဆုံးအစမဲ့ တိုက်ပွဲဝင်သားရဲ ကိုရတော့မှာကွ။ ဟွန်း။ မင်းတို့မြောက်ခြမ်းသားတွေ ကြောက်ဒူးတုန်နေကြစမ်းကွာ။ ငါသူ့ကိုပေးဖို့ နာမည်တောင်စဥ်းစားပြီးသွားပြီဟေ့။ ဘရူဆာ တဲ့ကွ။”

” မင်းတို့က မင်းတို့ကိုယ်ပိုင်သားရဲတွေ ငါ့ကိုမငှားတဲ့အပြင် ငါ့နာမည်ပါဖျက်ကြသေးတာကိုး။ ဘာဖြစ်မလဲစောင့်ကြည့်နေကြ။ မင်းတို့သားရဲတွေ ငါ့အတွက် သူတို့ရဲ့ သက်စောင့်အားနဲ့ အကူအညီပေးခဲ့တာကို မင်းတို့သိတဲ့အချိန် ငါကတောင်ခြမ်းပြန်ရောက်လို့ မင်းတို့ဘာမှတောင် လုပ်နိုင်မှာမဟုတ်ဘူးကွ။ ဟားဟားဟား။”
ယုန်သည် ရှင်းလင်းပြတ်သားသောစာသားများကိုအော်ပြောလျက် ပြေးသွားသည်ကို မြောက်ပိုင်းဂိုဏ်းသားများဆွံ့အစွာငေးကြည့်နေကြလေ၏။ အဆုံးတွင် ဤထူးဆန်းသောယုန်ကိုဖန်တီးခဲ့သူမှာ ပိုင်ရှောင်ချန်းဖြစ်ပြီး ယုန်သည် စကားပြောနေရသည်ကိုနှစ်သက်ကြောင်း သူတို့သိလိုက်ရလေ၏။

မြောက်ပိုင်းဂိုဏ်းသားများ၏ မျက်လုံးများသည်အံ့အားသင့်ဟန်ဖြင့် ပြူးကျယ်နေပြီး အသက်ရှူသံများမှာလည်းဟောဟဲလိုက်နေသည်။ ယုန်နောက်သို့ခွေးနက်ကြီးလိုက်ဖမ်းနေသည်ကို ငေးကြည့်နေကြစဥ်ပင် ထိုနှစ်ကောင်ပျောက်ကွယ်သွားလေ၏။

” သက်စောင့်အားတွေ ပေးနေရတယ် ”

“ငါတို့ရဲ့သားရဲတွေဘာဖြစ်သွားလဲဆိုတာသိတဲ့အချိန်ရောက်ရက် ပိုင်ရှောင်ချန်းကတောင်ပိုင်းကိုထွက်ပြေးနေလောက်ပြီ ”

“ပိုင်ရှောင်ချန်း…” တိုက်ပွဲဝင်သားရဲများဖမ်းခေါ်ခံခဲ့ရသောဂိုဏ်းသားများမှစတင်ကာ ဒေါသတကြီးအော်ဟစ်လိုက်ကြသည်။ သူတို့အားလုံး သားရဲမွေးမြူရေးခြံဆီသို့ အလျင်အမြန်ဦးတည်ပျံသန်းလိုက်ကြလေ၏။

ယုန်သည်ဆက်လက်ပြေးလွှားနေရင်း အဆက်မပြတ်စကားပြောနေရာ နောက်ဆုံးတွင် မြောက်ပိုင်းဂိုဏ်းသားများအားလုံးကြားသွားလေ၏။ မျက်လုံးများပြူးကျယ်သွားကြကာ ဒေါသတကြီးအော်ဟစ်နေကြသည်မှာ မြောက်ပိုင်းတခုလုံးငလျင်လှုပ်နေသည့်အလားပင်။

“ပိုင်ရှောင်ချန်း…”

“လက်စသတ်တော့ တရားခံကမင်းကိုး။ တောင်ပိုင်းကိုလစ်ပြေးချင်သေးတယ်ဟုတ်လား”

“ပိုင်ရှောင်ချန်းကိုဖမ်းကြဟေ့”

မြောက်ပိုင်းဂိုဏ်းသားများအားလုံးစိတ်ဆိုးနေကြသည်။ အပြင်စည်းဂိုဏ်းသားများ၊ အတွင်းစည်းဂိုဏ်းသားများနှင့် အကြီးအကဲများအားလုံးနီးပါးပင် သားရဲမွေးမြူရေးခြံဘက်သို့ဦးတည်ကာ ခပ်သုတ်သုတ်ထွက်လာကြလေ၏။

လျင်မြန်သောယုန်သည် ခွေးနက်ကြီးလက်မှလွတ်အောင်ပြေးနေရင်း ရုတ်တရက်သူ့ရှေ့မှမျောက်အိုကြီးတစ်ကောင်ပေါ်လာသောအခါ ပြေးနေရာမှချက်ခြင်းရပ်လိုက်လေ၏။ မျောက်သည်ယုန်ကိုသေသေချာချာစူးစိုက်ကြည့်နေပြီး တမူထူးခြားသည့် ရှေးဟောင်းလေသံနှင့် စကားပြောလိုက်လေ၏။

“မင်းဘယ်သူလဲ ပြောစမ်း ယုန်ကလေး…”

ယုန်သည် မျောက်ကဲ့သို့ပင် တမူထူးခြားကာ ရှေးဆန်သော လေသံနှင့် ပြန်ပြောလိုက်သည်။

“မင်းဘယ်သူလဲပြောစမ်း ယုန်ကလေး”

မျောက်၏မျက်လုံးများသည်စူးရှဝင်းလက်နေပြီး ရုတ်တရက် ယုန်ဆီသို့တဟုန်ထိုးပြေးဝင်လာလေ၏။ ယုန်သည် နောက်လှည့်ပြီး လျင်မြန်စွာထွက်ပြေးလေသည်။ ခဏအကြာတွင် မျောက်ရောယုန်ရောကိုပါမတွေ့ရတော့ချေ။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် သားရဲမွေးမြူရေးခြံအတွင်း၌ စိတ်လှုပ်ရှားစွာထိုင်စောင့်နေသည်။ နောက်ထပ်လေးနာရီစောင့်ပြီးလျှင် သားရဲကြီး ပေါ်ထွက်လာတော့မည်ဖြစ်သည်။ ထိုအချိန်မှာပင် အပြင်ဘက်မှရုတ်ရုတ်သဲသဲဆူညံသံများကြားရပြီး သူ့ထံသို့ဦးတည်ပြေးလာနေကြသော ပုံရိပ်များကိုတွေ့လိုက်ရသည်။

“ပိုင်ရှောင်ချန်း” ဒေါသထွက်နေသောမြောက်ပိုင်းဂိုဏ်းသားများသည် ချဥ်းကပ်ဝင်ရောက်လာကြသည်။ လုံးဝတုံ့ဆိုင်းခြင်းမရှိပဲ ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦကိုကာရံထားသော မန္တန်အစီအရင်အကာအကွယ်ကို ကျော်ဖြတ်ဝင်ရောက်ရန်ကြိုးစားနေကြသည်။ တဒုန်းဒုန်းမြည်သံများပဲ့တင်ထပ်လာပြီး မန္တန်အစီအရင်သည် တုန်ခါသွားလေ၏။ ပိုင်ရှောင်ချန်း၏မျက်လုံးများပြူးကျယ်လာပြီး သူ၏နှလုံးခုန်နှုန်းမှာလည်းမြန်လာလေသည်။

“ခင်ဗျားတို့ ဒါဘာလုပ်ကြတာလည်း။ ကျုပ်ကဂုဏ်ထူးဆောင်ဂိုဏ်းသားနော်။ ဂိုဏ်းခေါင်းဆောင်ရဲ့ဂိုဏ်းတူညီလေးဆိုလည်း ဟုတ်တယ်။ ကျုပ်က…”

“မင်းဘယ်သူဖြစ်ဖြစ်သောက်ဂရုမစိုက်ဘူးကွ…” ဒေါသထွက်နေသောလူအုပ်ကြီးကအော်ပြောလိုက်သည်။ မကြာမီပင် လူအုပ်ကြီး၏ တပြိုင်တည်းတိုက်ခိုက်နေမှုကြောင့် မန္တန်အစီအရင်ဆီမှ အက်ကွဲသံများပေါ်ထွက်လာလေသည်။ မန္တန်အစီအရင်သည် ပြိုကျလုနီးနီးဖြစ်နေလေပြီ။

မြောက်ပိုင်းဂိုဏ်းသားများအလွန်အမင်းဒေါသထွက်နေကြကြောင်း ပိုင်ရှောင်ချန်းရိပ်မိလိုက်သောအခါ ခေါင်းနပန်းများပင်ကြီးသွားလေ၏။ တောင်ပိုင်းဂိုဏ်းသားများဒေါသထွက်လျှင်ကျောက်တုံးနှင့်သာထိုင်ပစ်နေကြသော်လည်း မြောက်ပိုင်းဂိုဏ်းသားများမှာမူ ရှိသမျှတိုက်ကွက်များအကုန်ထုတ်သုံးနေကြသည်။ အကယ်၍ မန္တန်အစီအရင်သာပြိုကျသွားပါက သူ့အနေဖြင့်အလောင်းတောင်ကျန်ပါ့မလားမသိပေ။

“ကယ်ကြပါ… ကျုပ်ကိုသတ်ဖို့လုပ်နေကြပါတယ်” သူကအော်ဟစ်အကူအညီတောင်းလိုက်သည်။ မြောက်ပိုင်းဂိုဏ်းသားငတုံးများသည် သူ့ကိုတလွဲထင်နေကြပြီဟု သူတွေးလိုက်မိ၏။ ပထမတော့သူ့ကိုရန်စကြသည်။ နောက်တော့ သွားပုတ်လေလွင့်ပြောဆိုကြသည်။ ယခုလည်းသူတို့၏သားရဲများအား ခေတ္တငှားရမ်းမိသည်ကိုမကျေမနပ်ဖြစ်ကာ သတ်ဖို့ကြံနေကြပြန်ပြီ။

အကူအညီတောင်းခံနေစဥ်မှာပင် မန္တန်အစီအရင်သည် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားကာ မရေမတွက်နိုင်သောမြောက်ပိုင်းဂိုဏ်းသားများဖြတ်ကျော်ဝင်ရောက်လာကြသည်။ ထိုအချိန်မှာပင် ကောင်းကင်ပေါ်မှ အေးစက်စက်ဟိန်းဟောက်သံတချက်ပေါ်လာပြီး မြောက်ပိုင်းတောင်ထိပ်သခင်လေးဦး ကြားဝင်ဖျန်ဖြေရန်ဆင်းသက်လာကြလေသည်။

ယန်ဝေ့တောင်မှအဘွားအိုသည် မြောက်ပိုင်းဂိုဏ်းသားများကိုစိုက်ကြည့်နေလေ၏။

ပိုင်ရှောင်ချန်းကိုအကာအကွယ်ပေးနေသည်ကို မခံမရပ်နိုင်ဖြစ်နေသောဂိုဏ်းသားတချို့က ” တောင်ထိပ်သခင်… ကျုပ်တို့…”

“တိတ်စမ်း” အဘွားအိုက မိုးခြိမ်းသံကဲ့သို့ကျယ်လောင်လှသောအသံဖြင့် ဟောက်ထည့်လိုက်သည်။ “မင်းတို့က သားရဲမွေးမြူရေးခြံကိုတိုက်ခိုက်ရဲတယ်ပေါ့…။ ဘယ်လိုတောင်ရုပ်ပျက်ဆင်းပျက်ပြုမူနေကြတာလဲ”

ဂိုဏ်းသားများသည် စိုးရိမ်ထိတ်လန့်လျက်ဂနာမငြိမ်ဖြစ်နေကြသည်။

သက်ပြင်းတချက်ချလိုက်ကာ ပိုင်ရှောင်ချန်းကစိတ်အေးသွားဟန်ဖြင့် ထပ်ပြောလိုက်သည် “ဒါအမှန်ပဲ… မင်းတို့က သားရဲမွေးမြူရေးခြံကိုတိုက်ခိုက်ရဲတယ်ပေါ့…။ ဘယ်လိုတောင်ရုပ်ပျက်ဆင်းပျက်ပြုမူနေကြတာလဲ”

“မင်းလဲပါးစပ်ပိတ်ထား…” အဘွားအိုက ပိုင်ရှောင်ချန်းကိုစိန်းစိန်းဝါးဝါးကြည့်လျက် ငေါက်ထည့်လိုက်သည်။ သူမစကားဆက်ပြောအံ့ဆဲဆဲမှာပင် ခြံဝန်းအနောက်ဘက်ရှိသားရဲသန္ဓေတည်ပန်းပွင့်ကိုတွေ့သွားပြီး မျက်လုံးများပြူးကျယ်သွားလေသည်။ သူမသည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး အခြားတောင်ထိပ်သခင်များမှာထိတ်လန့်တုန်လှုပ်ကုန်ကြသည်။

“သားရဲသန္ဓေတည်ပန်းပွင့်ပါလား…”

Comment

Leave a Reply

Options

not work with dark mode
Reset