Switch Mode

အခန်း ( ၁၃၄ )

သက်စောင့်အား ရှိသေးတာပဲ

ချောက်နက်ကြီးထဲရှိ အုံ့ဆိုင်းနေသောမြူခိုးများထဲတွင် မျက်လုံးကြီးနှစ်လုံးမှာ အရောင်စုံများဖြင့် တလက်လက်ထနေသည်။ အများဆုံးပေါ်နေသောအရောင်မှာ ပန်းခရမ်းရောင်ဖြစ်သည်။

ထိုမျက်လုံးများမှာ ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်တမျှ
ကြီးမားနေသဖြင့် ကောင်းကင်ချိုမှင်ရည်နဂါး တစ်ကောင်လုံးမှာ မည်မျှပင်ကြီးမားမည်ကိုတွေးရင်း ပိုင်ရှောင်ချန်းမှာ မှင်တက်နေတော့သည်။ သူအနီးကပ်ကြည့်လိုက်သောအခါ ချိုတစ်ချောင်းကိုသာ မြင်ရလေသည်။

ထိုချိုကိုအနီးကပ်ကြည့်ပြီးသောအခါ စကားသံပိုင်ရှင်မှာ ကောင်းကင်ချိုမှင်ရည်နဂါး ဖြစ်ကြောင်း သူက သိသွားသဖြင့် စိတ်လှုပ်ရှားလာတော့သည်။ အနည်းငယ်တွေးတောပြီးသောအခါ သူက အံကြိတ်လိုက်လေသည်။

” ဂိုဏ်းတူအစ်ကို မကြောက်ပါနဲ့။ ကျွန်တော်အဲ့တာကို ကြိုးစားပြီးပြုလုပ်မှာပါ။” ထိုသို့ပြောရင်း သူ၏မျက်လုံးများမှာ အာရုံစူးစိုက်မှုများနှင့် မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။ ကောင်းကင်ချိုမှင်ရည်နဂါး၏ အကူအညီကို တစ်ခေါက်သာရပါက အဆုံးမဲ့တိုက်ပွဲဝင်သားရဲ မွေးထုတ်လိုသည့် သူ၏အိပ်မက်များမှာ သေချာပေါက် ပြည့်ဝလာမည်ဖြစ်သည်။

” သက်စောင့်အား ကုန်ခမ်းနေတာပဲ။ အဲ့တာကို နိုးထအောင်လုပ်မှရမယ်။ အဲဒီအတွက် ပြင်းပြင်းထန်ထန် လှုံ့ဆော်နိုင်စွမ်းရှိတဲ့ အရာတစ်ခုလိုမယ်။ လှုံ့ဆော်နိုင်စွမ်းရှိတာဆိုရင်…. ငါ့ရဲ့ကာမစိတ်ရွှင်ဆေးကို ဘယ်အရာကများ ယှဥ်နိုင်မှာလဲကွ။ ” သူက နီမြန်းနေသောမျက်လုံးများဖြင့် သားရဲမွေးမြူရေးခြံ အပြင်သို့ ပျံထွက်သွားကာ တာအိုသစ်စေ့တောင်သို့ သွားလိုက်လေသည်။ သူ၏ အဆင့်အတန်းနှင့် သူစုထားသော စွမ်းဆောင်မှုရမှတ်များကြောင့် သူလိုအပ်သော ဆေးပင်များကို စုဆောင်းရာတွင် အခက်အခဲမရှိခဲ့ပေ။

သူအကုန်စုဆောင်းပြီးသွားသောအခါ စွမ်းဆောင်မှုရမှတ် တစ်ဝက်ကျော်ကျော်ပင် ကုန်သွားပြီဖြစ်သည်။ သူဝယ်လာသည့် ပစ္စည်းများမှာ များပြားလွန်းလှ၍ ထည့်စရာအိတ်တစ်အိတ်နဲ့ပင် မလောက်ပေ။ အိတ်ခုနစ်အိတ်အပြည့်ထိပင် ထည့်လိုက်ရလေသည်။ ဆေးပင်ရောင်းနေသည့် ဂိုဏ်းသားကမူ အံ့အားသင့်နေကြတော့သည်။ သူ ရောင်းလာသမျှ ကာလတစ်လျှောက်လုံး စွမ်းဆောင်မှုရမှတ်များအား ထိုသို့ ကြောက်ခမန်းလိလိ သုံးစွဲမှုကို မမြင်ဖူးပေ။

ထိုဂိုဏ်းသားမှာ သူ့ကို ချက်ချင်းပင် မှတ်မိသွားတော့သည်။ သူထွက်ခွာသွားသောအခါ ထိုဂိုဏ်းသားမှာ အသက်ပြင်းပြင်းရှူရင်း ပိုင်ရှောင်ချန်း၏ ကြီးကျယ်ခန်းနားမှုကို တွေးတောရင်းကျန်ခဲ့တော့သည်။

ဆေးပင်များစွာဝယ်ယူပြီးသွားသောအခါ ပိုင်ရှောင်ချန်းက ရှေးဟောင်းသားရဲချောက်နက်ကြီးနားသို့ ပြန်သွားကာ ဆေးများဖော်စပ်နေတော့သည်။ ခဏအတွင်းပင် သူ၏မျက်လုံးများမှာ နီရဲလာပြီး ဘေးဘီဝန်းကျင်ကိုပင် ဂရုမစိုက်နိုင်သည့် အခြေအနေသို့ ရောက်သွားတော့သည်။

” အစွမ်းထက် ကာမစိတ်ရွှင်ဆေးလုံးကို ဖော်စပ်ဖို့လိုတယ်။” သူက အံကြိတ်ရင်း ရေရွတ်နေတော့သည်။ ဆေးစွမ်းကို အဆမတန်မြှင့်တင်ချင်လိုသည့် ရည်ရွယ်ချက်ဖြင့် သူက အဆထောင်ချီအောင်ပိုမစွမ်းနိုင်ပါသော်လည်း ရာကျော်လောက်ထိ ပိုစွမ်းအောင် ဆေးဖော်စပ်နည်းကို ပြောင်းလဲလိုက်လေသည်။

ခုနစ်ရက်တာကုန်ဆုံးသွားသည်။ ပိုင်ရှောင်ချန်းမှာ လုံးဝအနားမယူသည့်အတွက် မကြာမီ သူ၏ဆံပင်များမှာ ရှုပ်ပွလာတော့သည်။ ဆေးဖော်စပ်ခြင်းတွင် သူကလုံးဝစိတ်ပါနေပြီဖြစ်သည်။ ထိုအတောအတွင်း ခွေးနက်ကြီးများ အခြားသားရဲများနှင့် မကြာခဏရောက်လာသဖြင့် ပိုင်ရှောင်ချန်းမှာ မပေးချင်ပေးချင်နှင့် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ပေးကာ မန္တန်အစီအရင်ကို ယာယီလောက်ဖွင့်ပေးရစမြဲပင်။

ထိုခွေးကြီးမှာ ဉာဏ်ကောင်းလှသဖြင့် ထိုကျောက်စိမ်းပေလွှာကိုယူကာ သားရဲများအား ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦသို့ ခေါ်သွားကာ ပိုင်ရှောင်ချန်းပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်လေသည်။ ၎င်းကတာဝန်ဝတ္တရားများကို မကျေပွန်လျှင် ဤနေရာသို့ နောက်တစ်ခေါက်ပြန်မလာရတော့မည်ကို စိုးရိမ်နေလေသည်။ ပိုင်ရှောင်ချန်းသာ မကြီးကြပ်နေဘူးဆိုပါက ထိုခွေးကြီးမှာ မရေမတွက်နိုင်အောင် အကူအညီပေးပြီးနေမည် ဖြစ်သည်။

တဖြည်းဖြည်းကြာလာသောအခါ မြောက်ခြမ်းဂိုဏ်းသားများမှာ ဒေါသထွက်လာကြတော့သည်။ သူတို့၏ ကိုယ်ပိုင်သားရဲများမှာ ပျောက်ပျောက်သွားပြီး ထူးဆန်းသောအမူအရာများဖြင့် ကမ္ဘာကြီး၏အရှင်သခင်ပမာ ဂုဏ်ဆာနေသည့်အလား ပြန်လာကြလေသည်။ ထိုသားရဲများမှာ ရူးသွပ်နေကြကာ သတ်ချင်ဖြတ်နေသလိုလို အတိတ်ကအကြောင်းများကိုသာ ပြန်တွေးနေသည့် ပုံစံများဖြစ်နေတော့သည်။ ထို့အပြင် သူတို့၏ပိုင်ရှင်များက မည်မျှပင်သတင်းနှိုက်ပါစေကာမူ ဘာမှမထူးပေ။

ထိုကဲ့သို့ ပြုမူကြသည့် ကိုယ်ပိုင်သားရဲများမှာ ပို၍ပင် များများလာသည်။ အချို့သားရဲများဆိုလျှင် သူတို့၏ပိုင်ရှင်များက သေချာလေ့ကျင့်ပေးထားသဖြင့် ထိုသို့ ပုန်ပုန်ကန်ကန် အမူအရာမလုပ်ရဲကြပေ။ သို့သော်လည်း တခဏမျှပျောက်ကွယ်သွားပြီး လောကကြီး၏အရှင်ခင်အလား ခံစားချက် အရိပ်အယောင်များကို ခံစားလိုက်ရသောအခါ သူတို့မှာ ထိန်းချုပ်၍မရကြတော့ပေ။ မြောက်ခြမ်းတစ်ခြမ်းလုံးမှာ ဆူဆူညံညံဖြစ်ကုန်ကြတော့သည်။

” ဘာတွေဖြစ်နေတာလဲဟေးး။”

” တစ်ခုခုတော့လွဲနေပြီ။ ငါတို့အဖြေရှာမှရမယ်။”

အဆုံးတွင်အကြီးအကဲများ၏ သားရဲများပင်လျှင် ထိုနည်းတူဖြစ်ကုန်ကြတော့သည်။ သိပ်မကြာမီတွင် မြောက်ခြမ်း၏ဂိုဏ်းသားများမှာ ထိုအကြောင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လိုက်ကြတော့သည်။

သုံးရက်အကြာတွင် ပိုင်ရှောင်ချန်းမှာ သူ၏ရူးသွပ်မှုထဲတွင် လုံးဝနစ်မျောနေဆဲပင်ဖြစ်သည်။ သူက လုံးဝပင်အကြောက်အလန့်မရှိသည့်အလား ချောက်နက်ကြီး၏အစွန်းသို့သွားကာ ကောင်းကင်ချို မှင်ရည်နဂါးဆီမှ သွေးတစ်စက်ကိုပင် သွား၍ တောင်းခံလိုက်လေသည်။

အခြားအချိန်များမှာဆိုလျှင် ပိုင်ရှောင်ချန်းက ထို့သို့ အန္တရာယ်များလှသည့်အလုပ်ကို မလုပ်ပေ။ သို့သော်လည်း သူက အလွန်အမင်းရူးသွပ်နေသဖြင့် နောက်အကျိုးဆက်များကို သိပ်၍ပင် မတွေးတောတော့ပေ။

ချောက်နက်ကြီးထဲမှ အချိန်အတော်ကြာသည်အထိ ဘာသံမှမကြားရသောအခါ ပိုင်ရှောင်ချန်းက အချိန်ဖြုန်းရန်အထိ မအားကြောင်းစိတ်မရှည်သလိုလို ပြောလိုက်လေသည်။ အနည်းငယ်ကြာသောအခါ ရွှေရောင်သွေးစက်တစ်စက်မှာပျံ့လွင့်လာပြီး ပိုင်ရှောင်ချန်းမှာ ပုလင်းတစ်ခုထဲတွင် သိမ်းဆည်းလိုက်လေသည်။ ထို့နောက်သူက ဂူထဲသို့ပြန်သွားကာ ဆေးဖော်စပ်မှုများ ဆက်လက်လုပ်ဆောင်နေတော့သည်။

ငါးရက်ကြာသောအခါတွင်မူ သူမရပ်မနားဆေးဖော်စပ်နေသည်မှာ လတစ်ဝက်ကျိုးသွားပြီဖြစ်သည်။ ထိုအချိန်တွင် အစွမ်းထက် ကာမစိတ်ရွှင်ဆေးမှာ လောကထဲသို့ ပေါ်ထွက်လာတော့သည်။

ထိုညနေခင်းတွင် ထစ်ချုန်းသံများပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်းက ဦးခေါင်းအရွယ်အစားရှိသော ဆေးလုံးကြီးကိုကြည့်ကာ ခေါင်းကိုနောက်ပစ်၍ အားပါးတရရယ်မောလိုက်တော့သည်။ ထိုဆေးလုံးမှာ ကြီးရုံတင်ကြီးသည်မဟုတ်။ အင်မတန်လည်း လေးလှပေသည်။

ဆေးပေါင်းဖိုထဲတွင် ထိုဆေးလုံးပေါ်ထွက်လာသောအခါ ဆေးရနံ့များမှာ အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားတော့သည်။ ထိုရနံ့မှာ ဂူအပြင်ဘက်သို့ထွက်သွားသောအခါ သားရဲတစ်ကောင်ကိုသယ်လာသည့် ခွေးနက်ကြီးမှာ အနံ့ခံမိသွားလေသည်။ ထိုအခါ ၎င်းမှာ စိတ်လှုပ်ရှားသွားပြီး မျက်လုံးများမှာ နီမြန်းစွာတောက်ပလာတော့သည်။ ထို့နောက် အသံကုန်အူရင်း သားရဲမွေးမြူရေးခြံအပြင်ထွက်ကာ မည်သည့်နေရာမှန်းမသိ ထွက်ပြေးသွားလေတော့သည်။

တချိန်ထဲမှာပင် သားရဲမွေးမြူရေးခြံ၏ သစ်တောထဲမှ မရေမတွက်နိုင်သည့် စိတ်လှုပ်ရှားနေသော အော်သံများ ထွက်ပေါ်လာတော့သည်။

ထိုဆေးက ယခုတွင်ပင် အလွန်အစွမ်းထက်နေသည်ကို မြင်လိုက်ရ၍ ပိုင်ရှောင်ချန်းမှာ ပို၍ကျယ်လောင်စွာ ရယ်မောနေတော့သည်။ သူက စိတ်လှုပ်ရှားမှုများနှင့်အတူ အသားများတဆတ်ဆတ်တုန်နေသော်လည်း ဆေးလုံးမှာ သိပ်မကောင်းသေးဟု စိုးရိမ်နေသေးသည်။

လူမသိ သူမသိနိုင်မည့်နေရာသို့ ပြေးသွားကာ သူကာ ဒယ်စောက်အိုးကိုထုတ်၍ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပြုလုပ်ရန် ပြင်လိုက်သည်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသုံးဆင့်ပြုလုပ်ပြီးသွားသောအခါ သူ၏ အစွမ်းထက် ကာမစိတ်ရွှင်ဆေးလုံးမှာ ကျင့်ကြံခြင်းလောကတွင် မည်သူမျှ မကြားဖူးသည့် အဆင့်သို့ပင် ရောက်သွားတော့သည်။ အဆင့်မြင့်ဆေးလုံးအဖြစ် ပြောင်းသွားလေသည်။

” ဒီဆေးလုံးတော့ အလုပ်ဖြစ်လောက်ပါတယ်။ မဖြစ်ရင်လည်း ငါ ပိုင်ရှောင်ချန်းဒီတစ်သက် ဆေးမဖော်တော့ဘူး ” သူက စိတ်ဓာတ်တက်ကြွစွာဖြင့် ကြုံးဝါးကာ မိမိကိုယ်ကို ယုံကြည်မှုများပြင်းထန်နေတော့သည်။ ထို့နောက်သူက ထိုဆေးလုံးကို ရှေးဟောင်းသားရဲချောက်နက်၏ အဝရှိရေတံခွန်သို့ ယူသွားတော့သည်။ ထို့နောက် တွန့်ဆုတ်မနေပဲ သူက ထိုဆေးလုံးကို ပစ်ချလိုက်တော့သည်။

ဆေးလုံးမှာ အမှောင်ထုထဲသို့ အသံတစ်သံမှမထွက်ဘဲ ပျောက်ဆုံးသွားသည်။ ပိုင်ရှောင်ချန်းက ချောက်ကမ်းပါးကြီး၏ အစွန်းတွင်ရပ်ရင်း စောင့်နေလေသည်။ အချိန်များမှာ တရွေ့ရွေ့ကုန်ဆုံးသွားသည်။ တစ်နာရီတိတိကြာသောအခါ သူက စောစောကရှိခဲ့သော ယုံကြည်မှုများပျောက်ဆုံးကာ စိတ်လှုပ်ရှားစပြုလာတော့သည်။

” မဖြစ်နိုင်ဘူး။ ငါအဲ့ဆေးစွမ်းကို အဆတစ်ထောင်ကျော်ထိ မြှင့်တင်ထားတာကို။” နောက်တစ်နာရီမှာထပ်ကုန်သွားပြီး ပိုင်ရှောင်ချန်းမှာ ကြောက်ကြောက်လန့်လန့်နှင့် ချွေးများပင်ထွက်လာတော့သည်။ ထို့နောက် ချောက်ကမ်းပါးထဲရှိ မြူခိုးများမှာ ရုတ်တရက် ဝဲဂယက်ထလာပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်ရီစေနိုင်မည့် အော်သံကြီးတစ်ခုထွက်လာလေသည်။ မြူခိုးများအကြားမှ ထိုအသံကြီးထွက်လာပြီး လေကြမ်းကြီးများတိုက်ခတ်လာသည့်အတွက် ပိုင်ရှောင်ချန်းမှာနောက်သို့ခြေလှမ်းအနည်းငယ်ပင် ဆုတ်လိုက်ရလေသည်။

ထို့နောက် အနက်ရောင်မြူခိုးဂယက်ကြီးတစ်ခုက လေထဲသို့မြောက်တက်သွားပြီး လည်ပတ်နေလေတော့သည်။ တချိန်ထဲမှာပင် အလွန်ပျော်ရွှင်နေသည့်အသံတစ်ခုက အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်နေတော့သည်။

” နောက်ဆုံးတော့ ငါ့သက်စောင့်အား နိုးထလာတာကို ခံစားမိပြီဟေ့။” ထို့နောက် မြူခိုးများမှာပျောက်ကွယ်သွားပြီး ချောက်ကမ်းပါးကြီးထဲမှ လက်သည်းချွန်များဖြင့် လက်ကြီးတစ်ခုထွက်လာလေသည်။ ထိုလက်ကြီးက တောင်စွန်းတစ်ခုကို ဆုပ်ကိုင်မိလိုက်သောအခါ မြေကြီးမှာ တုန်ခါသွားလေသည်။

လက်ကြီးမှာ မည်းနက်နေပြီး လူ့အရွယ်အစားရှိသော အကြေးခွံများဖြင့် ဖုံးအုပ်ထားလေသည်။ လက်သည်းများမှာ ဓားမြောင်ကဲ့သို့ ချွန်ထက်လှပြီး လူတစ်ယောက်ကိုပင် တုန်ရီစေနိုင်လောက်သည့် စွမ်းအင်များထုတ်လွှတ်နေကာ ခပ်မှိန်မှိန် တောက်ပနေသည်။

ထို့နောက် တောင်လုံးကြီးနှင့်တူသော မည်းနက်နေသည့် ဧရာမဦးခေါင်းကြီးတစ်လုံးမှာ ချောက်ကမ်းပါးကြီးထဲမှထွက်လာပြီး ကြောက်မက်ဖွယ်ဦးချိုကြီးမှာ နှဖူးမှထွက်နေလေသည်။ထိုဦးချိုပေါ်ထွက်လာသောအခါ ဘေးနားရှိအရာအားလုံးမှာ ဝေဝါးသွားတော့သည်။

နဂါးတစ်ကောင်၏မျက်လုံးများမှာ ကိုးမီတာအကျယ်ရှိမည်ဟု လူအများထင်ထားကြသော်လည်း ဤနဂါး၏မျက်လုံးများမှာ ပို၍ပင်ကျယ်နေလေသည်။ ထိုနဂါးကြီးမှာ ရှေးဟောင်းအငွေ့အသက်များထုတ်လွှတ်နေပြီး ခေါင်းတွင်လည်း အမာရွတ်မျိုးစုံဖြင့် ရှုပ်ပွနေလေသည်။ အတိတ်တုံးက ထိုနဂါးကြီး၏တိုက်ခိုက်ခဲ့သော ကြောက်မက်ဖွယ်တိုက်ပွဲများကို ခန့်မှန်းကြည့်ရုံနှင့်ပင် တုန်လှုပ်နေလိမ့်မည်။

နဂါးကြီးမှာ သက်တမ်းကြာမြင့်လှပြီဖြစ်သော်လည်း အံ့သြဖွယ် စွမ်းအင်များကို ထုတ်လွှတ်နေဆဲပင်။ ၎င်း၏ဦးခေါင်းကို နောက်သို့လှန်ကာ ဟိန်းဟောက်လိုက်သောအခါ တောထဲရှိ သားရဲအကုန်လုံးမှာ မြေကြီးပေါ်သို့ ငြိမ်ဝပ်ပိပျားစွာ ဝမ်းလျားမှောက်ကုန်ကြပြီး မလှုက်မယှက်ဖြစ်ကုန်ကြသည်။

ပိုင်ရှောင်ချန်းမှာ တံတွေးပင် အနိုင်နိုင်မျိုချနေရတော့သည်။ ဤနဂါးကြီးမှာ စိတ်ကူးထဲကထက်ပင် ပိုကြီးမားနေပြီး ပို၍ကြောက်စရာကောင်းသည်မှာ ၎င်း၏ခန္ဓာကိုယ်တစ်ဝက်လောက်ပင် ချောက်ကမ်းပါကြီးထဲမှ ထွက်မလာသေးသည့် အချက်ပင်ဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ ဒူးများတုန်လာပြီး ကယောင်ခြောက်ခြားတွေ ဖြစ်နေတော့သည်။

ထိုအခါမှသာ ထိုနဂါးကြီးက ပိုင်ရှောင်ချန်းကို ငုံ့ကြည့်လိုက်ပြီး သူနှင့်တစ်တန်းထဲဖြစ်အောင် ခေါင်းကို နှိမ့်လိုက်လေသည်။

ပိုင်ရှောင်ချန်းမှာ ကြီးမားသောဖိအားများကို ချက်ချင်းခံစားလိုက်ရလေသည်။ သူ၏ရှေ့ရှိ ဦးခေါင်းကြီးမှာ သူ့မြင်ကွင်းထဲတွင်အပြည့်ဖြစ်နေပြီး ကျန်မည်သည့်အရာမှ မမြင်ရတော့ပေ။

စိတ်များလှုပ်ရှားလာသဖြင့် ပိုင်ရှောင်ချန်းက လွှတ်ခနဲပြောလိုက်လေသည်။ “ဂိုဏ်းတူအစ်ကို ကောင်းကင်ချို။ ကျွန်တော်ပါ ပိုင်ရှောင်ချန်းလေ။ မှတ်မိတယ်မလားဗျ။ အဲ့ဆေးကို ကျွန်တော်ဖော်ခဲ့တာလေ။ လတစ်ဝက်လောက်တောင် ကြာတယ်ဗျဖော်ရတာ။ သေမတတ်ကြိုးစားပြီး ဖော်ခဲ့ရတာဗျာ။”

ကောင်းကင်ချို မှင်ရည်နဂါးကြီးမှာ သူ့ကိုတစ်ခဏမျှစိုက်ကြည့်ကာ ပြုံးလိုက်လေသည်။ ပိုင်ရှောင်ချန်းအမြင်တွင်မူ ထိုအပြုံးကြီးမှာ ကြက်သီးမွေးညင်းထလောက်အောင်ပင် ကြောက်စရာကောင်းနေသည်။ သူဘာမှဆက်မပြောနိုင်ခင်နိုင်မှာပဲ ထိုနဂါးကြီးက သူ၏ရှေ့မှာပင် ကျုံ့သွားလေသည်။ မျက်စိတစ်မှိတ်အတွင်း ကိုးမီတာအရှည်သာရှိသည့် အနက်ရောင် ဖွတ်တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။

၎င်းမှာ မုခ်ခုံးတောင်မှ ဖွတ်နှင့်ပင် ဆင်တူနေတော့သည်။

ထိုဖွတ်မှာ ပိုင်ရှောင်ချန်းရှေ့သို့ ရောက်လာပြီး ၎င်း၏လက်သည်းများက မြေကြီးနှင့်ထိစပ်မိသွားသောအခါ အရာအားလုံးမှာ တွန့်လိန်ကုန်တော့သည်။ မြင်ကွင်း ပြန်ရှင်းလာသောအခါ သူတို့မှာ ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦ၏ နောက်ဘက်ခြံဝန်းထဲသို့ ရောက်နေသည်ကို တွေ့လိုက်ရ၍ ပိုင်ရှောင်ချန်းမှာ အံ့အားသင့်နေတော့သည်။

” ကြည့်ရတာ သားရဲသန္ဓေတည်သစ်စေ့တစ်စေ့ကို မင်းရခဲ့တဲ့ပုံပဲ။ မင်းအဲ့သစ်စေ့ကို ဒီယူလာကထဲက ငါအာရုံတော့ခံမိတယ်။ အဲ့သစ်စေ့က စိတ်ကယောင်ခြောက်ခြား ဖြစ်စေပြီး သက်စောင့်အားကို စုပ်ယူတယ်။ အဲ့အားတွေပေါင်းပြီး မျိုးဆက်သွေးအဖြစ်နဲ့ အတွင်းထဲ ရောက်သွားတာလေ။ ဒီသစ်စေ့နဲ့ဆို ငါ့ရဲ့ သွေးမျိုးဆက်ကို ဆက်ပြီး ချန်ထားလို့ရပြီ ” ကောင်းကင်ချို မှင်ရည်နဂါးကြီးမှာ ထိုသို့ ပြောရင်း သက်ပြင်းချလိုက်လေသည်။ ထို့နောက် ပိုင်ရှောင်ချန်းကို လျစ်လျူရှုရင်း သားရဲသန္ဓေတည်ပန်းပွင့်ဆီ ချဥ်းကပ်သွားသောအခါ ပန်းပွင့်မှာ အနည်းငယ်တုန်ရီသွားပြီးမှ ပွင့်လာလေသည်။

ပန်းပွင့်က သူ့ကိုဝါးမျိုသောအခါ ကောင်းကင်ချို မှင်ရည်နဂါးကြီးမှာ မရုန်းကန်ပေ။ ထို့အပြင် ၎င်း၏မျက်နှာပေါ်တွင် မျှော်လင့်ချက် အရိပ်အယောင်များပင် ပြည့်နေတော့သည်။

ပိုင်ရှောင်ချန်းကမူ ဘေးနားတွင် သားရဲသန္ဓေတည်ပန်းပွင့်ကြီးကိုကြည့်ကာ စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေပြီး ကောင်းကင်ချို မှင်ရည်နဂါးကြီး မည်သို့သော ပုံရိပ်များမြင်နေမည်နည်းဟု သိချင်နေတော့သည်။ အခြားသားရဲများကဲ့သို့ တိတ်ဆိတ်မနေဘဲ ဟိန်းဟောက်သံများထွက်လာလေသည်။ ပိုင်ရှောင်ချန်းမှာ ငိုမဲ့မဲ့ပင်ဖြစ်နေသည်။ သူလုပ်တာတွေများ လွန်သွားပြီလားဟု ပြန်တွေးကာ သားရဲသန္ဓေတည်ပန်းပွင့်မှာ ကြောက်မက်ဖွယ် ကောင်းကင်ချိုနဂါးကြီး၏ ဒဏ်ကို ခံနိုင်မည်မဟုတ်ဟု တွေးနေတော့သည်။

စိတ်လှုပ်ရှားစွာ ဆုတောင်းကာ နာရီပေါင်းများစွာ စောင့်နေတော့လေသည်။ အဆုံးတွင် ကောင်းကင်ချိုမှင်ရည်နဂါးကြီးမှာ ခပ်မှိုင်မှိုင်အမူအရာဖြင့် ပျံထွက်လာသည်။ ခဏကြာသောအခါ ၎င်းက ပန်းပွင့်ထဲ ပြန်ခုန်ဝင်သွားပြန်သည်။

အချိန်များမှာ ကုန်ဆုံးသွားသည်။ နောက်ကိုးရက်တိတိတွင် ခွေးနက်ကြီးကိုပင် ကျော်လွန်သွားသော ကောင်းကင်ချိုမှင်ရည်နဂါးကြီးကို တုန်လှုပ်စွာငေးကြည့်နေတော့သည်။ ပျံထွက်မသွားခင်အထိ သူက အကြိမ်ငါးဆယ်ကျော်ထိပင် အကူအညီပေးခဲ့လေသည်။

” ပုံရိပ်ယောင်တွေဆိုတာ ကောင်းတာတော့ကောင်းပါရဲ့ကွာ။ ဒါပေမဲ့သူတို့က အတိတ်တွေကွ။ ငါမင်းကိုသဘောကျတယ် ကလေးရေ။ နောက်ငါ့အကူအညီလိုရင် ငါအကောင်းဆုံးကူညီပေးမယ်။ ဆိုးဆိုးရွားရွားကြီးတွေတော့ အကူအညီမတောင်းနဲ့ပေါ့ကွာ။” ဂိုဏ်း၏ မြင့်မြတ်သောအစောင့်အရှောက် သားရဲကြီး၏ ပိုင်ရှောင်ချန်းကို ကျေးဇူးတင်နေသံများမှာ ခေါင်းလောင်းထိုးနေသကဲ့သို့ပင်။ ၎င်းက ထွက်ခွာရန်ပြုလိုက်စဥ်တွင် ပိုင်ရှောင်ချန်းမှာ တွန့်ဆုတ်တွန့်ဆုတ်လုပ်လိုက်လေသည်။ သူ၏အမြင်တွင်မူ ဂိုဏ်းအတွက် သူက ကြီးမားသည့်တာဝန်တစ်ခုထမ်းဆောင်ပေးခဲ့သည်ဖြစ်ပြီး ကောင်းမှုကုသိုလ်အကြီးကြီးတစ်ခု လုပ်ခဲ့သည်ဟု ထင်နေလေသည်။

မျှော်လင့်ချက်အပြည့်မျက်နှာဖြင့် သူကဆိုလိုက်လေသည်။
” ဂိုဏ်းတူအစ်ကို ကောင်းကင်ချို။ တောင်လေးတောင်က ဝိညာဥ်အစောင့်အရှောက်သားရဲတွေကို အကူအညီလာပေးခိုင်းဖို့ အစ်ကို လုပ်ပေးနိုင်လားဗျ။ တောင်ထိပ်သခင်တွေရဲ့ သားရဲတွေလေ “
” အဲ့ကောင်တွေလား။ အေးဆေးပါ။ ” ကောင်းကင်ချို မှင်ရည်နဂါးကြီးမှာ ပြုံးလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်လေသည်။ ထိုအခါ ကောင်းကင်နှင့် ကမ္ဘာမြေကြီး ခဏတာမျှ တွန့်လိမ်သွားသည်ကို ပိုင်ရှောင်ချန်းခံစားလိုက်ရလေသည်။ ထို့နောက် ခုနစ်ရောင်ခြယ် ဖီးနစ်ငှက်၊ မျက်လုံးသုံးလုံးကျီးကန်း၊ တောင်သရဲနှင့် မုခ်ဦးတောင်မှ ဖွတ်ကြီးတို့အကုန်မှာ ကောင်းကင်ချို မှင်ရည်နဂါး၏ရှေ့တွင် ပေါ်လာတော့သည်။ ထို့အပြင် တောင်ထိပ်သခင်များ၏ သားရဲများလည်း ပါလာလေသည်။

သူတို့မှာ ပေါ်လာသည့်အခါတွင် တုန်ရီနေကြပြီး မျက်လုံးများမှာလည်း အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။ မျက်လုံးသုံးလုံးကျီးကန်းနှင့် ခုနစ်ရောင်ခြယ်ဖီးနစ်ငှက်တို့ပင်လျှင် တုန်ရီနေကြပြီး တောင်သရဲကြီးမှာ မြေကြီးပေါ်တွင် ဒူးထောက်လျက်သားဖြစ်နေသည်။

မုခ်ဦးတောင်မှ ဖွတ်ကြီးမှာလည်း ကြောက်ကြောက်လန့်လန့်နှင့် ပြားပြားဝပ်နေတော့သည်။ တောင်ထိပ်သခင်များ၏ သားရဲများဆိုလျှင် အကြောက်ဆုံးဖြစ်နေကြသည်။

ကောင်းကင်ချို မှင်ရည်နဂါး၏အမိန့်အတိုင်း ထိုခေါင်းမာသော သားရဲများ တဝေမသိမ်းလိုက်လုပ်နေရသည်ကို ပိုင်ရှောင်ချန်းက ပီတိတဖျာဖျာနှင့် ကြည့်နေတော့သည်။ တစ်ကောင်ချင်းဆီ သူတို့က သားရဲသန္ဓေတည်ပန်းပွင့်ထဲသို့ဝင်ကာ အကူအညီပေးကုန်ကြတော့သည်။ နောက်နေ့နံနက် သူတို့ထွက်ခွာသွားသောအခါ သူတို့မှာ ရီဝေဝေဖြစ်နေလေသည်။ ကောင်းကင်ချို မှင်ရည်နဂါးကြီးမှာလည်း ထွက်ခွာသွားပြီး ပိုင်ရှောင်ချန်းကို ချီးကျူးသည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။

ပိုင်ရှောင်ချန်းကမူ ခေါင်းကိုနောက်ပစ်ကာ ကျယ်လောင်စွာရယ်မောလိုက်တော့သည်။ ဤအချိန်တွင် သားရဲသန္ဓေတည် ပန်းပွင့်မှာ တဖြည်းဖြည်းပိတ်လာပြီဖြစ်သည်။ အငွေ့အသက်နှင့် ရနံ့များကိုမထုတ်တော့ပဲ အတွင်းထဲရှိ ပိုင်ရှောင်ချန်း၏စိတ်ကြိုက် သားရဲကို မွေးထုတ်တော့မည့်အလား ဖြစ်နေတော့သည်။ မြောက်ခြမ်းဂိုဏ်းသားများက သားရဲများနှင့်ပတ်သတ်သည့် အကြောင်းများကိုစုံစမ်းနေကြောင်း သူကကြားထားသဖြင့် ဂုဏ်ယူစွာရယ်မောနေတော့သည်။

“ပိုင်ရှောင်ချန်းက အဆုံးအစမဲ့ တိုက်ပွဲဝင်သားရဲ ကိုရတော့မှာကွ။ ဟွန်း။ မင်းတို့မြောက်ခြမ်းသားတွေ ကြောက်ဒူးတုန်နေကြစမ်းကွာ။ ငါသူ့ကိုပေးဖို့ နာမည်တောင်စဥ်းစားပြီးသွားပြီဟေ့။ ဘရူဆာ တဲ့ကွ။”

” မင်းတို့က မင်းတို့ကိုယ်ပိုင်သားရဲတွေ ငါ့ကိုမငှားတဲ့အပြင် ငါ့နာမည်ပါဖျက်ကြသေးတာကိုး။ ဘာဖြစ်မလဲစောင့်ကြည့်နေကြ။ မင်းတို့သားရဲတွေ ငါ့အတွက် သူတို့ရဲ့ သက်စောင့်အားနဲ့ အကူအညီပေးခဲ့တာကို မင်းတို့သိတဲ့အချိန် ငါကတောင်ခြမ်းပြန်ရောက်လို့ မင်းတို့ဘာမှတောင် လုပ်နိုင်မှာမဟုတ်ဘူးကွ။ ဟားဟားဟား။” သူက မေးငေါ့ကာ အင်္ကျီလက်ကိုခါယမ်းရင်း အထီးကျန်သူရဲကောင်းတစ်ယောက်ပုံစံဖမ်း၍ သူ၏မျက်နှာပေါ်မှ ဂုဏ်ဆာနေသည့် အမူအရာများကို ဖုံးကွယ်ရန် အားပင်မထုတ်တော့ပေ။

သို့သော်လည်း ထိုအချိန်တွင် သူ့ကိုတစ်စုံတစ်ယောက်က ကြည့်နေကြောင်း ခံစားလိုက်ရလေသည်။ သူက အလန့်တကြားနှင့် လှည့်ကြည့်လိုက်သောအခါ ဂုဏ်ထူးဆောင်အစောင့်အရှောက် အဆောက်အဦ ဘေးတွင် အကောင်တစ်ကောင်ရောက်နေသည်ကို တွေ့လိုက်ရသည်။ ထိုအရာမှာ မှော်ဆန်ဆန် တိုးတိုးတိတ်တိတ် နေနိုင်လွန်းလှသည့် နားရွက်ရှည်ယုန်လေးပင်ဖြစ်သည်။

အနည်းငယ်မှင်တက်ကာ တစ်ခဏမျှ ကြက်သေသေပြီးနောက် သူက လှမ်းအော်လိုက်လေသည်။
” မင်း…မင်း သောက်စကားပြောတဲ့ယုန်။ မင်းဒီမှာ ဘာ လုပ်နေတာလဲ။”

ထိုအခါ ယုန်လေးမှာလည်း မှင်တက်သွားပြီး ပြန်အော်လိုက်လေသည်။
” မင်း…မင်း သောက်စကားပြောတဲ့ယုန်။ မင်းဒီမှာ ဘာ လုပ်နေတာလဲ။

ထိုသို့အော်ပြီး ၎င်းမှာ နောက်လှည့်ကာ ခွေးနက်ကြီးထက်ပင် ပို၍လျင်မြန်စွာ လှစ်ခနဲပျောက်သွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset