ပိုင်ရှောင်ချန်းက ခေါင်းပြူပြီး ကြည့်လိုက်ချိန်တွင် မန္တန်အစီအရင် အကာအကွယ် အပြင်ဘက်၌ ခွေးနက်ကြီး အား မြင်လိုက်ရသည်။ ခွေးသည် ဝင့်ကြွားစွာဖြင့် ရပ်နေကာ မျက်လုံးပြာနှင့် ကြောင်နက်၏ ကျောကုန်းကို လက်ဖဝါးဖြင့် ကုပ်ခြစ်နေလေ၏။ မျက်လုံးပြာနှင့် ကြောင်နက်သည် လွန်စွာအားနည်းနေပုံရကာ အနည်းငယ် နာကျင်နေသည့် အခြေအနေတွင်ရှိသည်။
ခွေးနက်ကြီးသည် ပိုင်ရှောင်ချန်းကို ကြည့်ပြီးနောက် ဂုဏ်ယူဝင့်ကြွားစွာ အူလိုက်သည်။ ပိုင်ရှောင်ချန်းက မန္တန်အစီအရင်အား ချက်ချင်း ဖွင့်လိုက်သည်နှင့် တစ်ပြိုင် နက် ခွေးကအထဲသို့ တဟုန်ထိုးဝင်လာကာ သားရဲသန္ဓေတည် ပန်းပွင့်ဆီသို့ ခုန်ဆင်းလိုက်ပေ၏။ ပိုင်ရှောင်ချန်းက နောက်သို့ ခုန်ဆုတ်လိုက်ကာ မည်သို့သော အမြင်မှားမှုအား ခွေးနက်ကြီးက ကြုံတွေ့နေရ သည်ဖြစ်စေ ဤသည်ကား ထူးခြားဖြစ်စဥ် ဖြစ်မည်ဟု တွေးတောမိလေသည်။
“တကယ်ပဲ သူ့ကိုယ်သူသတ်ဖို့ကြိုးစားနေတာလား”
သူကတွေးလိုက်သည်။ ထိုအတွေးနှင့်အတူ သူက မျက်လုံးပြာနှင့် ကြောင်နက် ဆီသို့ ချဥ်းကပ်သွားလေ ၏။အလျင် အမြန် စစ်ဆေးလိုက်ပြီးနောက်တွင် ကြောင်သည်မောပန်းနေရုံမျှသာဖြစ်ကာ မည်သို့မျှ ထိခိုက်ဒဏ်ရာ မရထားကြောင်း သူက အတည်ပြု လိုက်သည်။ သူက ကြောင်ကိုဖမ်းကိုင်လိုက်ကာ နောက်ဖေးဥယျာဥ်သို့ ပြန်လျှောက်သွားလေ၏။
အချိန်အတန်ငယ် ကြာပြီးနောက် သားရဲသန္ဓေတည် ပန်းပွင့်ကို မျိုးပွားခြင်း ၁၀ကြိမ်လုပ်ပြီးနောက်တွင် နောက်ဆုံး၌ ပိုင်ရှောင်ချန်းက ခွေးနက်ကြီးကို ကန် ထုတ်လိုက်သည်။ ခွေးဆီမှ မျိုးဆက်သွေး သက်စောင့်အားအား ထုတ်ယူကာ မကြာမကြာ မျိုးပွားခြင်းက အင်အားအကြီးမားဆုံး တိုက်ပွဲဝင်သားရဲများအား ဖန်တီးလိုသော သူ့အစီအစဥ်ကို ကြားဝင် နှောင့်ယှက်မည်ကို သူက တကယ်ပင်စိုးရိမ်လာမိသည်။ သားရဲသန္ဓေတည်ပန်းပွင့်မှ ခွေးနက်ကြီးတစ်ကောင်မွေးဖွားလာခဲ့လျှင် မည်သို့ ဖြစ်မည်နည်း။ ?!
ထိုအတွေးက သူ့အားထိတ်လန့်သွားစေပေ၏။ ထို့ ကြောင့် ခွေးနက်ကြီးကို နောက်ထပ် မျိုးပွားခွင့်မပေး ရန် ဆုံးဖြတ်လိုက်သည်။ ချိတုံချတုံ မဖြစ်တော့ဘဲ မျက်လုံးပြာကြောင်ကို သားရဲသန္ဓေတည် ပန်းပွင့်ထဲသို့ တွန်းလွှတ်လိုက်သည်။
နောက်လတစ်ဝက် အတွင်းတွင် ခွေးနက်ကြီးက လွန်စွာကျိုးနွံနေပေ၏။ ငြိမ်သက်နေသောသားရဲနှင့်အတူ မကြာခဏလာပြီး ပိုင်ရှောင်ချန်း တံခါးဖွင့်သည့် တိုင်အောင် အော်ဟစ်ကာ အထဲသို့ဝင်ရန် စိတ်အား ထက်သန်စွာ စောင့်လေသည်။ ပိုင်ရှောင်ချန်းက ဝင်ခွင့်မပြုလိုသော်လည်း ခွေးကြီးယူလာသော သားရဲ များက သူ့အား အံ့သြထိတ်လန့် စေလေသည်။
“ဒီခွေးက အံ့သြစရာပဲ။ အဲ့ဒီသားရဲတွေ အကုန်လုံးကို ငါမြင်ဖူးပေမယ့် မရနိုင်တဲ့ဟာတွေ။ သူတို့ရဲ့သခင်တွေ က သားရဲမွေးမြူရာအိတ်ထဲမှာပဲဖြစ်ဖြစ် အင်မော်တယ်ဂူထဲမှာပဲဖြစ်ဖြစ် ဖွက်ထားတာ။ ” ပိုင်ရှောင်ချန်းသည် မငြင်းဆန်နိုင်တော့ချေ။
ခွေးနက်ကြီးသည် သူ့စိတ်ကိုဆွဲဆောင်နေကာ ခွေးကြီး ယူလာသော သားရဲများကလည်း သူ့စိတ်ကိုလှုပ်ရှားစေ ပေ၏။ တစ်ကြိမ်တွင် ခွေးက နေဝင်တောင် အကြီး အကဲတစ်ယောက်၏ သားရဲကို ယူလာနိုင်ခဲ့လေ သည်။
ပိုင်ရှောင်ချန်းသည် အဖြစ်အပျက်များကို နားလည် သွားကာ နောက်ဆုံးတော့ သူ့တွင် မေးခွန်း တစ်ခုသာ ကျန်ရှိတော့သည်။ “သေစမ်း။ ဒီခွေးက ငါ့ကို နောက်ကလိုက်ချောင်းနေတာ ဘယ်လောက်တောင်ကြာနေပြီလဲ။”
သက်ပြင်းချလိုက်ပြီးနောက် သူက သားရဲသန္ဓေတည်ပန်းပွင့် ဘေးတွင် တိတ်တဆိတ် လျဲလျောင်းနေသော ခွေးကို အကဲခတ်ကြည့်လိုက်ကာ ထိုခွေးသည် အမှန်ပင် ဥာဏ်ကောင်း၊စွမ်းအားပြည့်ဝပြီး လွန်စွာ လျင်မြန်လှသည်ကို သဘောပေါက်သွားရသည်။ ထိုသို့ သော စွမ်းရည်များမရှိပါက ထိုသားရဲအားလုံးကို ရယူရန် မဖြစ်နိုင်ချေ။
“အေးပါကောင်လေးရယ်။ အရင်က ငါဘယ်လောက် ပင်ပန်းခဲ့လဲဆိုတာရယ်၊ အမြဲတမ်း ဒီသားရဲတွေကို ငါ့ဆီယူလာပေးနိုင်တာရယ်၊ အဲ့ဒါတွေကို ထောက်မယ်ဆိုရင် နောက် ထပ် အကြိမ်နည်းနည်းလောက် သူ့ကို မျိုးပွားခွင့်ပေး တာက ဘာမှတော့ မဖြစ်လောက်ဘူးလို့ ငါထင်တယ်။ အလွန်အကျူးတော့ ငါအဖြစ်မခံဘူး။ သင့်ရုံလောက်ပေါ့။” ထိုအတွေးနှင့်အတူ သူ့ခေါင်းအား ခါရမ်းလိုက် ကာ တောင်ထိပ်လေးခုထံ ပြန်လည် အာရုံစိုက်လိုက်၏။
“နောက်ထပ် စွမ်းအားရှိတဲ့သားရဲတွေကို ထပ်ပြီး တော့ လိုနေသေးတယ်။ တောင်ထိပ်လေးခုရဲ့ဝိညာဥ်သားရဲ အစောင့်အရှောက်များ ကရွေးဖို့ အကောင်းဆုံးလောက်ပဲ။” သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ကာ ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦမှ ထွက်လာပြီး ဆေးလုံးအချို့ကို ဖော်စပ်ရန် ရှေးဟောင်းသားရဲချောက် ဘေးမှ ဂူသို့ပြန်သွားလေသည်။
ဤတွင် မြောက်ဘက်ခြမ်း ဂိုဏ်းသား အများသည် မသင်္ကာဖြစ် လာကြတော့၏။ သားရဲများသည် လွန်စွာ ထူးထူးခြားခြား ပြုမူနေကြကာ ညသန်းခေါင်တွင် အော်ဟစ်ကြပေသည်။
မျက်လုံးပြာနှင့် ကြောင်နက်က ပိုဆိုးကာ အလွန် ကျယ်လောင်စွာ အော်ပေသည်။ တစ်ခါတစ်ရံတွင် သားရဲအားလုံး၏ ဘုရင်ဖြစ်ချင်သည့် အတိတ်မှ အိပ်မက်အကြောင်းကို တွေးမိပုံရလေ၏။ ထို့ကြောင့် အော်ဟစ်ချိန်တွင် အသံသည် အလွန်စူးရှကျယ်လောင်လှသဖြင့် အနီးမှလူများက ကောင်းကောင်း အိပ်မရတော့ချေ။ ကြောင်ပိုင်ရှင်သည် အားလုံးထဲတွင် စိတ်အပူဆုံးဖြစ်ကာ သူမ၏ ကိုယ်ပိုင်သားရဲသည် မည်သို့မည်ပုံ
ဖြစ်ပျက်သွားသည်ကို မတွေးဆနိုင်တော့ပေ။
ထိုသို့သော အဖြစ်အပျက်များသည် ဂိုဏ်းတစ်ခုလုံး တွင် တဖြည်းဖြည်း များပြားလာပေ၏။ မြောက်ဘက်ခြမ်း ဂိုဏ်းသားများသည် ထိုကိစ္စကို သူတို့ကိုယ်တိုင် တဖြည်းဖြည်းချင်း စုံစမ်းလာကြ သည်။ ရက်အနည်းငယ် ကြာပြီးနောက်တွင် ပိုင်ရှောင်ချန်းကသားရဲအရိုင်းများအား ဆွဲဆောင်နိုင်သည့် ဆေးလုံးဖော်ပြီးသည့်နောက်တွင် သူ၏ဆေးဖော်ရာဂူမှ ထွက် လာလေ၏။ ညရောက်သောအခါ သူက ယန်ဝေ့တောင်သို့ အမြန်သွားလေသည်။ ထိပ်ဖျားသို့ရောက် လျှင် သူက ဂူဆီသို့အမောတကော ကြည့်လိုက် သည်။ ထို့ နောက် သူ့အတွေးသည် အလုပ်ဖြစ်မလားဟူ၍ စိတ်အားထက်သန်စွာဖြင့် အဆင့်၃စိတ်စွမ်းအင်ဆေး ကို အတွင်းထဲသို့ ပစ်လိုက်သည်။
ဆေးလုံး ဂူထဲသို့ရောက်သွားပြီး မကြာမီတွင် အမြန် နှုန်းဖြင့်ပြန်ထွက်လာကာ သူ့ဝမ်းဗိုက်အား ပြင်းထန်စွာ ဝင် ဆောင့်လေသည်။ သူ၏အံ့ဖွယ်မာကြောသော အသားကြောင့်သာ မဟုတ်လျှင် ဆေးလုံးက သူ့အား ကြိတ်ချေသွား ပေလိမ့်မည်။ နောက်ဘက်သို့ အတန် ငယ် ဒယီးဒယိုင် ဖြစ်သွားသကဲ့သို့ သူ မျက်နှာပျက် သွားရသည်။ တချိန်တည်းမှာပင် ခုနစ်ရောင်ခြယ် ဖီးနစ် ငှက်သည် ဂူအပြင်သို့ ခေါင်းထုတ်၍ သူ့အား သရော်ပြုံးဖြင့် ကြည့်လေသည်။
ပိုင်ရှောင်ချန်းအား သရော်ခြင်းမဟုတ်ဘဲ ဆေးလုံး ကို ပစ်လိုက်သည့် အမူအရာကြောင့်ဖြစ်သည်။
ကြည့်ရသည်မှာ ထိုငှက်သည် လူစိမ်းများကျွေးသော ဆေးလုံးကိုမစားဘူးဟူ၍ ပြောနေသလိုပင်။
ပိုင်ရှောင်ချန်းက မျက်လုံးပြူးသွားရကာ ခြောက် ကပ်ကပ် ချောင်းဆိုးလေသည်။
တတ်နိုင်သမျှနှစ်လိုဖွယ် ကောင်းသော ပုံစံဖြစ်ရန် ကြိုးစားလျက် သူကပြောလိုက်၏။
“ အစ်ကိုကြီး ဖီးနစ်, ဒီဆေးလုံးက တကယ်ကို အရသာရှိပါတယ်။ ဒါကိုမကြိုက်ဘူးဆိုရင် ရပါတယ်။ဒါပေမယ့် ကျွန်တော်နဲ့လိုက်မယ်ဆိုရင် အကိုကြီးရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာမယ့် နေရာကို ကျွန်တော်ပြပေး နိုင်တယ်။” သို့တစေ ဖီးနစ်ငှက်ကသူ့အတောင်များကို တဖျပ်ဖျပ်ခါလေရာ ပိုင်ရှောင်ချန်းမှာ အနီးရှိချောက်ကမ်းပါးသို့ ပြုတ်ကျလုမတတ် ဖြစ်သွား သည်။ နှလုံးတဆတ်ဆတ်ခုန်သွားရကာ သူက မကျသွားရန် မနည်း ကြိုးစားလိုက်ရသည်။
ခုနစ်ရောင်ခြယ် ဖီးနစ်ငှက်သည် သူ့အားစိန်းစိန်းကြီး ကြည့်နေပြီး ဂူထဲသို့ နှေးကွေးစွာပြန်လှည့်ဝင်သွားလေ၏။
“ကောင်းတယ်။ကောင်းတယ်။ ဒီ၇ရောင်ခြယ် ဖီးနစ်က တော်တော် စိတ်ကြီးတာပဲ။ မျက်လုံး ၃လုံး ကျီးကန်းကိုတွေ့ဖို့ နေဝင်တောင်ကိုသွားရမယ်။ ဒါကပိုကောင်းတဲ့ စိတ်ကူးပဲ။” ခေါင်းကိုက်သကဲ့သို့ ခံစားလာရသဖြင့် သူကဆုံးဖြတ်ချက်
ချလိုက်ကာ မျက်လုံးသံုးလုံး ကျီးကန်း ဂူတွင်လည်း တူညီသော နည်းဗျူဟာ ကို သုံးရန် ဆည်းဆာတောင်ဆီသို့ ချက်ချင်း ဦးတည်လိုက်လေ သည်။
သို့ရာတွင် အမွှေးတိုင် တစ်တိုင်ဝက်ခန့် လောင်ကျွမ်း စာ ကြာပြီးနောက် သူ့ဦးရေခွံသည် တစစ်စစ်ခံစားလာရသည်။ မျက်လုံး၃လုံး ကျီးကန်းသည် သူ့ကို တောင်အောက်အထိ လိုက်လံကာ မောင်းထုတ်နေသဖြင့် သူ့နောက်မှ အနက်ရောင် အလင်းတန်းတစ်ခုက ထပ်ကြပ်မကွာလိုက်ပါလာသည်ကို မြင်နေရပေသည်။ သူ့အား မောင်းထုတ်ပြီးနောက် ကျီးကန်းက ဂုဏ်ယူစွာဖြင့် ဂူထဲသို့ ပြန်ဝင်သွားလေ၏။
“ငါ ငှက်တွေကို မုန်းတယ်။ ဟမ်း။ သူတို့မှာ ဒီလို အကျင့်ဆိုးတွေ ရှိတာပဲ။ ပြီးတော့ အကြီးအကဲ ကျိုးရဲ့ငှက်က ဒီတစ်ခေါက် ငါ့ကို အတိအလင်း အန္တရာယ်ပေးတာပဲ။” သူကငှက်များအား ဆေးလုံးကို ရို့ရို့ကျိုးကျိုးပေး သော် လည်း ငှက်များက အဘယ်ကြောင့်သူ့အား ငြင်းပယ်ကာ မောင်းထုတ်ကြသနည်း။ ဤသည်မှာ မှားယွင်းနေသည် ဟု သူကအလေးအနက် ခံစားမိလေသည်။ သို့တစေ အကောင်းမွန်ဆုံး သားရဲကို မွေးမြူပျိုးထောင်ချင်သည့် သူ၏ အိပ်မက်ကို မစွန့်လွှတ်နိုင်ချေ။ ထို့ကြောင့် သူက မုခ်ဦး တောင်ထိပ်ဆီသို့ ကြည့်လိုက်လေသည်။
“အဲ့ဒီကဖွတ်ကြီးက ဆက်ဆံရေး တော်တော်ကောင်း မယ့်ပုံပဲ။ တော်တော်လည်း ဝတယ်ဆိုတော့ စားချင်စိတ် လည်းရှိမှာပဲ။ ငါအဲ့ဒီမှာ အခွင့်အရေးတစ်ခုခု ရရင် ရနိုင်တယ်။” သူက တက်တက်ကြွကြွ ဖြစ်သွားရကာ မုခ်ဦးတောင်ထိပ်ဆီသို့အမြန်သွားလေ၏။ သို့ရာတွင် မကြာခင်အချိန်မှာပင် မကျေမနပ်ဖြင့် သူပြန်ရောက်လာလေသည်။ သူ့အဝတ်အစားများတွင် စုတ်ရာပြဲရာများပင်ရှိနေသည်။
ဆေးလုံးအချို့ကို သူပစ်ပေး လိုက်ချိန်တွင် ဖွတ်ကြီးက လုံးလုံးလျားလျား လျစ်လျူ ရှုနေခဲ့သည်။ သူကစိုးရိမ်သွားရကာ နောက်ထပ် ဆေးလုံးအနည်းငယ် ထပ်ပေးလိုက်သော် လည်း ဖွတ်က သူ့ကို လက်သည်းများဖြင့် ကုပ်ခြစ်လေသည်။
သူက ကြောက်လန့်တကြား ထွက်ပြေးခဲ့သောကြောင့် မထိခိုက်သော်လည်း အဝတ်အစားများ ပြဲသွားပြီး စုတ်စုတ်ပြတ်ပြတ်ပုံ ပေါက်သွားလေသည်။
နောက်ဆုံး ဝိညာဥ် သားရဲ အစောင့်အရှောက်က ဝိညာဥ်စွယ်တောင်မှ တောင်သရဲ ဖြစ်လေသည်။ ပိုင်ရှောင်ချန်းက တစ်ညလုံး တွေဝေနေခဲ့သော်လည်း နောက်ဆုံးတွင် သူ့ခြေထောက်ကို ဒေါသတကြီး ဆောင့်နင်းလိုက်ကာ ဝိညာဥ်စွယ် တောင်ပေါ်သို့ လျင်မြန်စွာသွားလေသည်။ တောင်သရဲသည် အကုန်လုံးထဲတွင် ဂရုဏာအရှိဆုံး ဖြစ်နေသည်ကို သူတွေ့လိုက်ရသည်။ သူသည် ပိုင်ရှောင်ချန်းအား ရှိသည်ဟူ၍ပင် မထင်ကာ ဆေးလုံးများကို အနည်းငယ်လေးမျှ အာရုံမရှိပေ။
ညတစ်ဝက်ခန့်ထိ တုန့်ပြန်မှုမရှိဘဲထိုင်စောင့်ပြီးနောက် သူပြန်လာခဲ့ရသည်။ နောက်တစ် ညတွင် သူပြန်လာကာ ၃ရက်မြောက်ညတွင်လည်း ပြန်လာပေ၏။ နောက်ဆုံးတွင်မူ မျက်ရည်ကျလုနီးနီးဖြစ်ကာ လက်လျှော့လိုက်ရသည်။
“ ဝိညာဥ်သားရဲ အစောင့်အရှောက် လေးကောင်လုံးက ငါ့ကိုအထင်သေးတာပဲ။” သူက ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦတွင် နှပ်နေချိန်၌ မြောက်ဘက်ခြမ်းတစ်ခုလုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်လျက်ရှိ၏။ မဖြစ်ဘဲ ကျန်နေသူများမှာ ပိုင်ရှောင်ချန်းအနေဖြင့် ရန်မစရဲသောသူများသာပင်။ ဥပမာအားဖြင် သူတို့၏ သားရဲမွေးမြူရေးအိတ်ထဲတွင် သားရဲများကို ဝှက်ထားသူများဖြစ်သည်။ အခြားတန်ဖိုးကြီးသားရဲများအားလုံးသည် မျိုးပွားမှုများကို လုပ်ဆောင်ခဲ့ပြီးလေပြီ။ အကြီးအကဲအများစု၏ သားရဲများ ပင်လျှင် ခွေးနက်ကြီးက ယူဆောင်ပေးခဲ့ပြီး ဖြစ်ချေသည်။
သို့တစေ ပိုင်ရှောင်ချန်းက ဝိညာဥ်သားရဲ အစောင့်အရှောက်များဆီသို့ သွားတိုင်း မကျေမနပ် ပူဆွေး သောက ရောက်ရကာ ကျရှုံးမှုသာ ကြုံရလေသည်။ သားရဲသန္ဓေတည် ပန်းပွင့် ပွင့်တော့မည်ဟု တွေးလိုက်လျှင် သူ ပို၍ ဝမ်းနည်းရလေသည်။
“ငါ့သားရဲကို ပြိုင်ဘက်မရှိ စွမ်းအားကြီးစေချင်တယ်။ ဒါပေမယ့် သားရဲအစောင့်အရှောက် လေးကောင်က သဘောမတူကြဘူး။ သူတို့ထက် ပိုပြီးစွမ်းအားကြီးတဲ့ သားရဲတွေကို ငါ လိုတယ်လို့ ထင်တယ်။ သူတို့ထက် ပိုပြီး အင်အားကြီးတာ ဂိုဏ်းထဲမှာ ဘာရှိလဲ။ နေပါဦး။” ထိုအကြောင်းကို သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ရုတ်တရက် သူက တုန်ခါသွားပြီး ရှေးဟောင်းသားရဲချောက်ဆီသို့ ငုံ့ကြည့်လိုက်ကာ သူ့မျက်လုံးများက တောက်ပလာသည်။
“ ဝိညာဥ် သားရဲအစောင့်အရှောက် လေးကောင်ထက် ပိုစွမ်းအားကြီးတဲ့ တစ်ခုတည်းသောအရာက ဂိုဏ်းတစ်ခုလုံးရဲ့ မြင့်မြတ်တဲ့ သားရဲအစောင့်အရှောက်ပဲ။”
“ကောင်းကင်မှင်ရည်ဦးချိုနဂါး… ငါ အဲ့ဒီနဂါးကိုသာ မျိုးပွားလို့ ရမယ်ဆိုရင် လုံလောက်သွားမှာ အမှန်ပဲ။”
အမောတကော စိတ်လှုပ်ရှားလာကာ သူ့အတွေးများကို
စုစည်းလိုက်၏။
“ဒါက အခုငါတွေးနေတဲ့ဟာပဲ။ မြင့်မြတ်တဲ့ သားရဲအစောင့်အရှောက်နဲ့ပတ်သက်ပြီး ငါ့နဲ့ ရေစက်ကောင်းတွေရှိတယ်။ ဒီရောက်ကတည်းက သူ့ကို ဆေးလုံးတွေ ပေးလာခဲ့တာ။ အိုနေပြီဖြစ်တဲ့ ကောင်းကင်မှင်ရည်ဦးချိုနဂါးကို တစ်ခါမှ မမြင်ဖူးပေမယ့် သူက အနီးနားမှာ ငါဆေးဖော်နေတာကိုတော့ တားခဲ့တာမဟုတ်ဘူး။ ဒါက ခွင့်ပြုတယ် ဆိုတဲ့သဘောပဲ။”
သူက ထိုအကြောင်းကို ပိုပြီးတွေးလေလေ ပိုအာရုံခံစား
ရလေ ဖြစ်လာတော့သည်။ ပို၍စိတ်လှုပ်ရှားလာရကာ သူက ကိုင်ထားသည့် အိတ်ကိုပြင်လိုက်ပြီး သက်ပြင်း ရှိုက်လိုက်လေ၏။ ထို့နောက် အင်္ကျီလက်ကို အသာ အယာ ပုတ်လိုက်ကာ ရှေးဟောင်းသားရဲချောက်ဆီသို့ ဦးတည်လိုက်ပေသည်။
သူက စိတ်အားထက်သန်စွာဖြင့်သူ့ အိပ်မက်ဖြစ်သော အကောင်းဆုံးသားရဲ မေးမြူနိုင်ရန်အတွက် စွန့်စားရန် အသင့်ဖြစ်နေလေသည်။ မကြာမီတွင် ရှေးဟောင်းသားရဲချောက်ထဲသို့ စီးကျနေသော ရေတံခွန်အစွန်းတွင် သူကရပ်လျက်ရှိနေလေ သည်။ အောက်တွင်မူ အမှောင်ထုက ပိတ်ဆို့လျက် ရှိပြီး နေရာတိုင်းတွင် အနက်ရောင်မြူများက ကျဆင်းလျက် ရှိပေသည်။ သူက အစွန်းတွင် ရပ်လိုက်ချိန်၌ သူ့လက်နှင့် ခြေထောက်များသည် ချောက်နက်ထဲမှ လာသော အေးစိမ့်မှုကြောင့် တဖျဥ်းဖျဥ်းဖြစ်လာရသည်။
သူက ကြောက်လန့်မှုကြောင့် အနည်းငယ်မျှ တုန်သွားရသည်။ ပြုတ်ကျမည်ကို ကြောက်သောကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ အံကြိတ်လျက် ဆေးလုံးကို အထဲသို့ ပစ်ချလိုက်သည်။
“အကိုကြီး ကောင်းကင်ချို၊ ကျွန်တော်ပါ။ လူငယ်မျိုးဆက်က ပိုင်ရှောင် ချန်းပါ။ ကျွန်တော့်ကို မှတ်မိလားမသိဘူး။ ကျွန်တော်က ဒီနှစ်တွေအတွင်းမှာ ဆေးလုံးတွေကိုပေးနေတဲ့သူပါ။ ဟို၊ အင်း။ ဒီကျွန်တော်ယူလာတဲ့ အရသာရှိတဲ့ ဆေးလုံး အသစ်ကို စမ်းကြည့်ပါလား။” အတန်ငယ် စောင့်ဆိုင်းပြီးနောက်တွင် တုံ့ပြန်မှုမရရှိချေ။ ကောင်းကင်မှင်ရည်ဦးချို နဂါးသည် အခြားသော ဆေးအရသာကို ကြိုက်မည်လားဟု သူတွေးလိုက်၏။ နောက်ဆုံးတွင် သူကမတူညီသော အဆင့်၃ စိတ်စွမ်းအင်ဆေး ၃မျိုးကို ပစ်ချလိုက်လေသည်။
မကြာမီ ဆေးလုံး ၇လုံး၊၈လုံးကို အထဲသို့ သူ
ပစ်ချလိုက်သည်။ အနည်းငယ် ထိတ်လန့်လာရကာ သူက နောက်ဆုံးတွင် ကာမအားတိုးဆေးများကို ပစ်ချလိုက်လေသည်။ သို့ရာတွင် တုံ့ပြန်မှု ရမလာခဲ့ချေ။
“ အကောင်းဆုံးတိုက်ပွဲသားရဲကို မွေးမြူဖို့အတွက် ပိုင်ရှောင်ချန်း ကို နတ်ဘုရားတွေကမျက်နှာသာမပေးတာပဲ ဖြစ်ပါလိမ့်မယ်လေ…” ညှိုးငယ်စွာဖြင့် သက်ပြင်းချလိုက်ကာ လှည့်ထွက်လိုက်ချိန်တွင် ရုတ်ချည်းပင်လျှင် ဂူထဲမှ မြူများက တလိပ် လိပ်ထလာပြီး အတွင်းမှ လေးနက်ရှေးကျသော အသံထွက်လာပေ၏။ “ကြိုးစားရတာ မတန်ဘူးလား ကလေး….။ငါမင်းရဲ့ ကြင်နာမှုကို အသိအမှတ်ပြုပေမယ့် ငါ့ကံတရားက လွန်ခဲ့တဲ့နှစ်ပေါင်း ၃ထောင်လောက် ကတည်းက အလုံပိတ်ခံထားရတာ။ ဒါပေမယ့် ငါ့ဝိညာဥ်ကို ခဏလောက်လေးဖြစ်ဖြစ် လှုပ်ရှားနိုင်စေမယ့် နည်းလမ်း တစ်ခုကို မင်းရှာနိုင်မယ်ဆိုရင် မင်းလိုချင်တာတွေ အကုန် ငါလုပ်ပေးနိုင်ပါတယ်။”
ပိုင်ရှောင်ချန်း၏ မျက်လုံးများက ပြူးသွားရပေသည်။ သူက အမောတကောဖြင့် နောက်သို့လှည့်လိုက်ကာပြောလိုက်လေ၏။ “တကယ်လား”