အချိန်များကုန်လွန်သွားပြီး သိပ်မကြာခင်တွင် သုံးရက်တိတိကုန်ဆုံးသွား၏။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေသုံးခုအား ဝန်းရံထားသည့် မြို့တော်နံရံကြီးကို မနေ့က ဆောက်လုပ်ပြီးစီးသွားခဲ့ခြင်း ဖြစ်သည်။ လင်းတျန်ဟောက်၏ ကြီးကြပ်မှုဖြင့် ထိုနံရံကြီး၏ အမြင့်အား နဂိုမူလ အစီအစဉ်ထဲ၌ ရေးဆွဲသတ်မှတ်ထားသည့် အတိုင်းအတာထက် ပို၍တိုးချဲ့ကာ ဆောက်လုပ်ခဲ့သည်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ၎င်းမှာ တောင်စဉ်တန်းအစစ်တစ်ခုနှင့် ဆင်တူနေပြီး ၎င်း၏အမြင့်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေသုံးခုထဲရှိ အမြင့်ဆုံး အဆောက်အဦထက်ပင် ပို၍ မြင့်မားနေ၏။ သို့ဖြစ်ရာ လူအင်အား၊ ငွေအင်အား အမြောက်အမြား အကုန်ကျခံ၍ ၎င်းအား တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။
မြို့တော်အသစ်တွင် ထို လူအင်အား၊ ငွေအင်အားများမှာ အလုံအလောက်ရှိပေသည်။ ထို့ကြောင့် ထိုနံရံကြီးမှာ မည်မျှပင် ထူပြီး မည်မမျှပင် မြင့်မားနေစေကာမူ အချိန်တိုလေးအတွင်း ဆောက်လုပ်ပြီးစီးသွားမည်သာ ဖြစ်သည်။ ထို ဆောက်လုပ်ရေးလုပ်ငန်း ပြီးစီးသွားသောအခါ လင်းတျန်ဟောက်မှာ ချန်းမုနှင့် အပေါင်းအပါများ သူတို့၏ နယ်မြေများထဲ၌ မည်သို့မည်ဖုံ ခံစားနေကြရမည်ကို စိတ်ထဲ၌ပင် ထည့်မထားခဲ့ပေ။ သို့သော် သူတို့မှာ ထို မီတာသုံးရာကျော်မြင့်မားသော ဧရာမနံရံကြီးကို ကြည့်ရင်း ဖိအားမြောက်မြားစွာ ခံစားနေရလိမ့်မည်ဟု သူက ခန့်မှန်းထား၏။
လက်တွေ့တွင်လည်း သူခန့်မှန်းထားသည့်အတိုင်းပင် …
ဝမ်ဟွေ့မှာ ရူးသွပ်လုမတတ် ဖြစ်နေရပြီဖြစ်သည်။ သူသည် မိုးထိုးလုမတတ် မြင့်မားနေသော နံရံကြီးကို မြင်လိုက်ရသောအခါ ဖိအားများစွာ ခံစားလိုက်ရ၏။ သူနှင့် သူ့ဘက်မှ လူများမှာ အကျဉ်းချခံထားရသည့် ရာဇဝတ်သားအစစ်များ ဖြစ်နေကြသကဲ့သို့ပင်။
ဖန်ကျင့်မှာလည်း ထိုနည်းတူပင်။ သူမ၏ မျက်နှာအမူအရာမှာ စူပုပ်နေပြီး သူမသည် ဝမ်ပေါင်လဲ့ကိုသာ ချန်းမုကိုပါ မကျေမချမ်း ဖြစ်နေရ၏။ သူမနှင့် ဝမ်ဟွေ့တို့၏ အစီအစဉ်ဟောင်းများအရဆိုလျှင် သူတို့ ရောက်ရှိလာပြီးနောက် သူတို့၏ နယ်မြေများထဲ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်စနစ်ကို ကျင့်သုံးပြီးသွားပါက ဝမ်ပေါင်လဲ့အား ယခုလို ပြဿနာသွားရှာရန် လိုအပ်မည်မဟုတ်ပေ။ သို့သော် ချန်းမုမှာ သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲနေခဲ့၏။ ထို့ကြောင့် သူတို့နှစ်ယောက်မှာ ချီတုံချတုံနှင့် မသေမချာ ဖြစ်နေခဲ့ရပါသော်လည်း သူ၏ အစီအစဉ်များကို မလွန်ဆန်နိုင်ခဲ့ပေ။
ယခုတွင် ဝမ်ပေါင်လဲ့မှာ သူတို့အား သူတို့အား ပါးပါးလေးသာ ပုတ်ရသေးသည် ဖြစ်သော်လည်း သူတို့သုံးယောက်စလုံးမှာ ဒုက္ခရောက်နေကြရပြီဖြစ်သည်။ သူတို့မှာ ပြည်ထောင်စုကြီးနှင့် အင်္ဂါဂြိုဟ်အစိုးရတို့ကို လှမ်း၍ဆက်သွယ်ခဲ့သည့်တိုင်အောင် မည်သည့်အကြောင်းပြန်စာမှ ပြန်မရသေးပေ။ ထို့ကြောင့် သူတို့သုံးမှာ ပို၍ပင် ခေါင်းခဲလာရတော့သည်။
ချန်းမုမှာလည်း ခေါင်းကိုက်နေရပြီဖြစ်သည်။ သူသည်လည်း ဝမ်ပေါင်လဲ့နှင့် ပတ်သတ်၍ ပြည်ထောင်စုကြီးဆီသို့ စောဒကတက်ထားခဲ့ရုံသာမက အင်္ဂါဂြိုဟ်ဘုရင်ခံဆီသို့ပါ အသံလွှင့်အကြောင်းကြားစာတစ်ခု ပေးပို့၍ တိုင်တန်းထားခဲ့၏။ သို့သော် သူသည်လည်း မည်သည့်အကြောင်းပြန်စာမှ ပြန်မရသေးပေ… ထို့အပြင် အကြောင်းပြန်စာမရမချင်း ဆက်တိုက်ဖိအားပေးနေခြင်းမှာလည်း သင့်တော်မည်မဟုတ်ပေ။ ထို့ကြောင့် သူ ထိုသို့ စောင့်ဆိုင်းနေရင်း သုံးရက်တိတိ ကုန်လွန်သွားခဲ့ရ၏။ သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများ၏ ပတ်ပတ်လည်ရှိ နံရံကြီးများမှာ တောင်တန်းများကဲ့သို့ မြင့်မားနေပြီး နေအလင်းရောင်ကိုပင် ကွယ်ကာထားလုမတတ် ဖြစ်နေသောကြောင့် ချန်းမုမှာလည်း ကြောက်စိတ်များဝင်လာရတော့သည်။
ထိုမျှလောက်နှင့် ပြီးသွားမည်ဆိုပါက သူသည် ပြည်ထောင်စုကြီးနှင့် အင်္ဂါဂြိုဟ်အစိုးရဘက်မှ ထိုကိစ္စကြီးအား ပြေလည်အောင်ဖြေရှင်းပေးမည့် အချိန်အထိ သည်းခံ၍ စောင့်ဆိုင်းနေနိုင်ပေသည်။ သို့သော် သူသည် လင်းတျန်ဟောက် တွေးတောနေသည့် အရာများကို မခန့်မှန်းနိုင်ခဲ့ပေ။ လင်းတျန်ဟောက်မှာ ထိုနံရံကြီးများကို ဆောက်လုပ်ပြီးစီးသွားပြီးနောက် ၎င်းတို့မှာ သိပ်မမြင့်သေးကြောင်း ခံစားနေရသဖြင့် ဝမ်ပေါင်လဲ့ဆီသို့သွားကာ ၎င်း၏ အမြင့်အား ဆက်လက်တိုးချဲ့နိုင်ရန် လိုအပ်သည့် အရင်းအနှီးများကို ထပ်၍ တောင်းဆိုလိုက်ပြန်သည်။
ဝမ်ပေါင်လဲ့မှာလည်း လင်းတျန်ဟောက်၏ ကြိုးစားအားထုတ်ချင်စိတ်များကို တိမ်ကောသွားအောင် မလုပ်သင့်ကြောင်း တွေးလိုက်ပြီး ခေါင်းညိတ်ကာ သဘောတူလိုက်၏။ ဝမ်ပေါင်လဲ့၏ ကူညီထောက်ပံ့မှုကို ရရှိလိုက်သောအခါ လင်းတျန်ဟောက်မှာ ချက်ချင်းပင် စိတ်ဓာတ်များတက်ကြွသွားပြီး မြို့တော်ကြီး၏ အမြင့်အား ထပ်၍တိုးချဲ့ရန် အမိန့်ပေးလိုက်တော့သည်။
” မြို့တော်သခင်ရဲ့ စိတ်ခံစားမှု အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေရမယ်။ ဒီကိစ္စကြီးကြောင့် ငါနဲ့ မြို့တော်သခင်ရဲ့ကြားက ဆက်ဆံရေးက ပိုပြီးတော့ တိုးတက်သွားမှာ သေချာတယ် ” လင်းတျန်ဟောက်မှာ သူ၏လုပ်ရပ်များကို ကျေနပ်နေ၏။ သူသည် ဝမ်ပေါင်လဲ့၏ နောက်လိုက်တစ်ယောက် ဖြစ်လာပြီးကတည်းက သူ၏ ရာထူးအဆင့်အတန်းကို နားလည်သဘောပေါက်လာခဲ့၏။ ထို့အပြင် သူသည် လျှိုတောက်ပင်းနှင့် ယှဉ်ပြိုင်နေရန် မလိုကြောင်းကိုလည်း သိထား၏။
” လျှိုတောက်ပင်းက စီမံခန့်ခွဲရေးမှူးအဆင့်မှာပဲ ရှိတာ။ ငါက… လုံးဝအစားထိုးလို့မရတဲ့ အမှုဆောင်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားနေတာကွ ”
ထိုသို့ဖြင့် လင်းတျန်ဟောက်မှာ ထပ်၍ အလုပ်ရှုပ်နေစဉ် ချန်းမုနှင့် အပေါင်းအပါများမှာမူ နံရံကြီး တဖြည်းဖြည်းနှင့် ပိုမြင့်လာသည်ကိုကြည့်ရင်း ရူးသွပ်လုမတတ် ဖြစ်လာရတော့သည်။ ကျင့်ကြံသူပေါင်းမြောက်မြားစွာမှာ နေ့ညမနား ထိုနံရံကြီးအား တည်ဆောက်နေကြခြင်းဖြစ်၏။ ထို့ကြောင့် ထိုသုံးယောက် ခံစားနေရသော ဖိအားများမှာလည်း ကြီးထွားလာရတော့သည်။ ယခုအတိုင်းသာဆိုလျှင် လင်းတျန်ဟောက်မှာ သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေသုံးခု၏ အထက်၌ ဧရာမအဖုံးကြီးတစ်ခု တည်ဆောက်လိုက်သကဲ့သို့ သွားမည်ကို သူတို့က စိုးရိမ်နေကြတော့သည်။
” ဒီ လင်းတျန်ဟောက်ဆိုတဲ့ကောင်က သခင်အကြိုက် လိုက်လုပ်နေတဲ့ လက်ပါးစေတစ်ကောင်ပါလား ”
” ဝမ်ပေါင်လဲ့က နံရံတစ်ခု ဆောက်ဖို့ပဲ ပြောထားတာလေ။ ဒီ လင်းတျန်ဟောက်ဆိုတဲ့ကောင်က တော်တော်ကို လွန်နေပြီ။ သူက ငါတို့အတွက် ကျောက်သားနဲ့ လုပ်ထားတဲ့ အခေါင်းကြီးတစ်ခု တည်ဆောက်ပြီးတော့ အထဲမှာ အလုံပိတ်ထားဖို့ ကြိုးစားနေတာလားဟ ”
ချန်းမုနှင့် အပေါင်းအပါများသာ ထိတ်လန့်တုန်လှုပ်ကာ ကြောက်ရွံ့နေရသည်တော့မဟုတ်ပေ။ သူတို့၏ နယ်မြေများထဲရှိ နိုင်ငံရေးအင်အားစုအသီးသီးမှ ကျင့်ကြံသူများမှာလည်း လင်းတျန်ဟောက်၏ ရူးသွပ်ဖွယ်ရာ လုပ်ရပ်များကြောင့် တုန်လှုပ်ချောက်ချားသွားရ၏။ လူတိုင်းမှာ စိတ်ထဲမှနေ၍ သူ့အား ကျိန်ဆဲနေကြပြီဖြစ်သည်။ ချန်းမုနှင့် အပေါင်းအပါများမှာလည်း သူတို့၏ ဒေါသစိတ်များကို ချုပ်တည်းနိုင်စွမ်း မရှိတော့သောကြောင့် သူတို့ဘက်မှ လူများကို ဦးဆောင်၍ နံရံကြီးဆီသို့ ချီတက်သွားကြပြီး အပြင်ဘက်သို့ အတင်းအဓမ္မ တိုးထွက်ရန် ပြင်ဆင်လိုက်ကြတော့သည်။
သူတို့ ထိုကဲ့သို့ အပြင်ဘက်သို့ တိုးထွက်ရန် ပြင်နေစဉ်မှာပင် မြို့တော်နံရံကြီး၌ အစောင့်တာဝန်ကျနေကြသည့် ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ ချက်ချင်းပင် အပြေးရောက်လာကြပြီး နံရံကြီးအား ဝိုင်းထားလိုက်ကြ၏။ လင်းတျန်ဟောက်၏ လူရိပ်မှာလည်း မြို့တော်နံရံကြီးပေါ်၌ ပေါ်လာသည်။ သူသည် ချန်းမုနှင့် အပေါင်းအပါများအား ငုံ့ကြည့်လိုက်ပြီး တည်ကြည်စွာ ဆိုလိုက်၏။
” မြို့တော်ဝန်ချန်း။ ရပ်လိုက်ပါ ”
” လင်းတျန်ဟောက်။ မင်း ငါ့ကို တားရဲလို့လားကွ ” ချန်းမုမှာ ခေါင်းမော့လာပြီး လင်းတျန်ဟောက်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ မေးလိုက်၏။ သူ၏မျက်ဝန်းများထဲ၌ အေးစက်စက် အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွား၏။
” မင်းကို တားရမယ် ဟုတ်လား ” လင်းတျန်ဟောက်မှာ မျက်ခုံးပင့်ကာ ပြန်မေးလိုက်၏။ ထို့နောက် သူသည် မျက်လုံးများ ပြန်မှေးသွားပြီး သူ၏ စကားသံကြီးမှာ လေထုထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
” မြို့တော်သခင်က အမိန့်ပေးထားတယ်လေ။ လှိုဏ်ခေါင်းအသစ်ကြီး ပေါ်လာပြီးတဲ့နောက် လွတ်သွားတဲ့ သားရဲကြီးတွေ ရှိနေသေးတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် စစ်အုပ်ချုပ်ရေးကို ကျင့်သုံးနေရတာ။ ထောက်ခံချက်မပါရင် ဘယ်သူမှ အဝင်အထွက် လုပ်ခွင့်မရှိဘူး ”
” လင်းတျန်ဟောက်။ မင်းက ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုနဲ့ ရန်ငါ ပြတ်ချင်နေတာလားကွ ” ချန်းမုမှာ သွယ်ဝိုက်ပြောဆိုနေခြင်း မရှိတော့ပေ။ သူ၏ မျက်ဝန်းများမှာ ပို၍ အေးစက်လာပြီဖြစ်သလို သူ၏ ခန္ဓာကိုယ်ထဲမှလည်း ကျင့်ကြံခြင်းစွမ်းအားများ စတင်ထွက်ပေါ်လာပြီဖြစ်သည်။
ဝမ်ဟွေ့၊ ဖန်ကျင့်နှင့် သူတို့၏နောက်တွင် ရပ်နေကြသော ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင်။ သူတို့မှာ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။
လင်းတျန်ဟောက်မှာမူ ထိုမြင်ကွင်းကိုကြည့်ကာ နှာသာမှုတ်လိုက်၏။ ထို့နောက် သူပြောချင်သောစကား၏ ဒုတိယအပိုင်းကို ဆက်၍ပြောလိုက်ပြန်သည်။
” သူ့ရဲ့အမိန့်တွေကို မနာခံတဲ့လူတွေ ကွပ်မျက်ခံရမယ် ”
” မင်း သတ္တိရှိရင် လုပ်လိုက်လေ ” ချန်းမုကလည်း ပြန်၍စိန်ခေါ်လိုက်၏။ ထို့နောက် သူ လေပေါ်သို့ ခုန်တက်ရန် ပြင်လိုက်စဉ်မှာပင် လင်းတျန်ဟောက်မှာ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ နံရံကြီး၌ အစောင့်တာဝန် ထမ်းဆောင်နေကြသော ကျင့်ကြံသူများမှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ချက်ချင်းပင် ထုတ်လွှတ်လိုက်ကြပြီး သူတို့ထဲမှ အများစုမှာ ဓမ္မအဆောင်များကို ထုတ်ယူလိုက်ကြ၏။ ချန်းမုနှင့် အခြားမြို့တော်ဝန်နှစ်ယောက်သာ အပြင်သို့ ပြေးထွက်လာရဲမည်ဆိုပါက သူတို့မှာလည်း တိုက်ခိုက်ရန် နှောင့်နှေးနေကြမည် မဟုတ်ပေ။
ထိုအချိန်တွင် အမြုတေအဆင့်ကျင့်ကြံသူများ၏ အငွေ့အသက်များမှာ ချန်းမုနှင့် အပေါင်းအပါများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများထဲရှိ အမြုတေအဆင့် ကျင့်ကြံသူများကို လွှမ်းခြုံထားကြ၏။ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ရိုက်ခတ်နေကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့ပင်လျှင် သူ၏ တံခါးပိတ် လေ့ကျင့်ခြင်းကို အဆုံးသတ်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းကာ မြို့တော်အသစ်၏ မန္တန်အစီအရင်ကြီးထဲမှတစ်ဆင့် ထိုအဖြစ်အပျက်အားလုံးကို ကြည့်ရှုနေလိုက်တော့သည်။ ထို့နောက် သူ၏မျက်ဝန်းများထဲ၌ မျှော်လင့်စောင့်စားနေသည့် အရိပ်အယောင််များ ထင်ဟပ်လာ၏။
အခြေအနေကြီးမှာ တင်းမာနေပြီဖြစ်သလို အချိန်မရွေး တိုက်ပွဲတစ်ခု ဖြစ်သွားနိုင်သည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။ ချန်းမုမှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး အမျက်ချောင်းချောင်း ထွက်နေ၏။ သူသည် အချိန်မရွေး တိုက်ခိုက်တော့မည့်ပုံပင်။ ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ နံရံပေါ်မှ လူရိပ်တစ်ခုမှာ သူတို့ဆီသို့ ပြေးလာပြီး ချက်ချင်းပင်ရောက်ရှိလာ၏။ ထိုသူမှာ လီဝမ်အာပင် ဖြစ်သည်။
” တော်လောက်ပြီ ” လီဝမ်အာမှာ ဒေါသထွက်နေသည့် မျက်နှာအမူအရာဖြင့် အော်ဟစ်လိုက်၏။ သို့သော် သူမသည် လင်းတျန်ဟောက် တစ်ယောက်ထဲကိုသာမဟုတ်ဘဲ ချန်းမုနှင့် အပေါင်းအပါများကိုပါ အော်ဟစ်လိုက်ခြင်း ဖြစ်သည်။
လင်းတျန်ဟောက်မှာ အလျှော့မပေးလိုပါသော်လည်း လီဝမ်အာမှာ လက်ထောက်မြို့တော်သခင် ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ခေါင်းငုံ့ကာ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်သွား၏။ ချန်းမုမှာမူ လီဝမ်အာအား မြင်လိုက်ရသောအခါ ရဲစွမ်းသတ္တိများဖြင့် ပြန်လည်ပြည့်ဝသွားသည့်ပုံပင်။ ထို့ကြောင့် သူသည် လေပေါ်သို့ ခုန်တက်ရန် ပြင်လိုက်ပါသော်လည်း လီဝမ်အာမှာ သူ့ဘက်သို့လှည့်ကာ စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။
သူမ၏ မျက်ဝန်းများထဲတွင် မကျေမနပ်ဖြစ်ကာ စိတ်တိုနေသည့် အရိပ်အယောင်များ ထင်ဟပ်နေသောကြောင့် ချန်းမုမှာ ကြက်သေသေသွားရပြီး မျက်နှာအမူအရာ ပျက်သွားရတော့သည်။
” မြို့တော်ဝန်ချန်းနဲ့ တခြားလူတွေ။ ကျေးဇူးပြုပြီး ပြန်ကြပါတော့။ ဒီကိစ္စကို ကျမ ရှင်းလိုက်ပါ့မယ် ”
” မြို့တော်သခင်လီ။ မြို့တော်သခင်ဝမ်ရဲ့ လုပ်ရပ်တွေကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေက ပုံမှန် လည်ပတ်လို့မရတော့ဘူး ” ချန်းမုမှာ မကျေမချမ်းဖြစ်နေသည့် လေသံဖြင့် ဆိုလိုက်၏။ အကယ်၍ လီဝမ်အာသာ ယခုဖြစ်ရပ်ကြီးနှင့် ပတ်သတ်၍ သူ့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ပေးမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ အလျှော့ပေးလိုက်မည်သာဖြစ်ကြောင်း သူက မှတ်ယူထား၏။ သူ၏အမြင်တွင် သူနှင့် အခြားမြို့တော်ဝန်နှစ်ယောက်ဆီမှ ထောက်ခံမှုကိုသာရရှိပါက လီဝမ်အာမှာ ဝမ်ပေါင်လဲ့နှင့် အာဏာပြိုင်လုနိုင်မည်သာ ဖြစ်သည်။ သူမသည် အပြတ်အသတ် အနိုင်မရရှိနိုင်ပါသော်လည်း ဝမ်ပေါင်လဲ့ဆီမှ လုပ်ပိုင်ခွင့်အာဏာအချို့ကို ဖဲ့ယူနိုင်လောက်ပေသည်။
” ဒီကိစ္စကို… ” လီဝမ်အာမှာ မျက်မှောင်ကြုတ်သွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံထဲ၌ တဝှီးဝှီးမြည်သံများ ထွက်ပေါ်လာသဖြင့် ခေါင်းမော့ကြည့်မိလိုက်၏။ ခဏအကြာတွင် မြို့တော်အသစ်မှ ကျင့်ကြံသူများအပါအဝင် လူတိုင်းမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး ဧရာမ သင်္ဘောပျံကြီးပေါင်း တစ်ဒါဇင်ခန့် သူတို့ဆီသို့ ခပ်လှမ်းလှမ်းမှနေ၍ ဦးတည်ပျံသန်းလာကြသည်ကို မြင်လိုက်ရတော့သည်။
ထို သင်္ဘောပျံတစ်ဒါဇင်၏ ကိုယ်ထည်ပေါ်တွင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ အမှတ်အသား ရှိနေ၏။ ၎င်းတို့မှာ နောက်ဆုံးအသုတ်ထဲမှ ကုန်ကြမ်းပစ္စည်းများကို ပို့ဆောင်ပေးရန် ရောက်လာကြခြင်းဖြစ်သည်။ မြို့တော်နံရံကြီး မတည်ဆောက်ရသေးခင်တုန်းက ထိုသင်္ဘောပျံကြီးများမှာ နှစ်ပတ်တစ်ကြိမ် ရောက်လာလေ့ရှိကြ၏။ ၎င်းတို့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများထဲ၌သာ အမြဲတမ်း ဆင်းသက်ခဲ့ကြသည်ဖြစ်သည်။ ၎င်းတို့ထဲတွင် မြို့တော်ဆောက်လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများအပြင် ကျင့်ကြံခြင်းအတွက် လိုအပ်သည့် အထောက်အပံ့ပစ္စည်းများလည်း အမြောက်အမြား ပါဝင်ကြ၏။
ယခုတွင် ထိုသင်္ဘောပျံများမှာ ပုံမှန်အတိုင်း မြို့တော်အသစ်ဆီသို့ ပျံသန်းလာကြ၏။ သို့သော် ၎င်းတို့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများဆီသို့ မသွားနိုင်ခင်မှာပင် ကောင်းကင်ယံထဲမှနေ၍ တလက်လက်တောက်ပနေသော ဧရာမမန္တန်အစီအရင်ကြီးတစ်ခု ကျဆင်းလာပြီး ထိုသင်္ဘောပျံများအား လွှမ်းခြုံသွားခဲ့၏။ ထို့ကြောင့် ထိုသင်္ဘောပျံများမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများ၏ အပြင်ဘက်တွင် ရပ်တန့်သွားကြပြီး မန္တန်အစီအရင်ကြီးထဲ၌ ပိတ်မိသွားကြတော့သည်။ ၎င်းတို့မှာ ရှေ့သို့ ဆက်မပျံနိုင်တော့သလို နောက်သို့လည်း မဆုတ်နိုင်တော့ပေ။
ထိုမြင်ကွင်းကြောင့် ချန်းမုနှင့် အပေါင်းအပါများမှာ အံ့အားသင့်သွားရ၏။ သင်္ဘောပျံကြီးများထဲရှိ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကျင့်ကြံသူများမှာလည်း သူတို့နည်းတူပင် မှင်တက်သွားကြသည်။ သို့သော် သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် လေပိုင်နက် ရှင်းလင်းရေးနှင့် မြို့တော်အသစ်၏ စစ်တပ်ကို တာဝန်ယူထားရသည့် ခုန်းတောက်မှာ သူ၏နောက်လိုက်များနှင့်အတူ ကောင်းကင်ပေါ်သို့ ခုန်တက်သွားပြီး သင်္ဘောပျံကြီးများ၏ ရှေ့၌ ပေါ်လာ၏။
” မြို့တော်သခင်ရဲ့ အမိန့်တွေအရ လှိုဏ်ခေါင်းအသစ်ကြီး ပေါ်လာတဲ့အတွက် စစ်အုပ်ချုပ်ရေး ကျင့်သုံးနေရပါတယ်။ အဲ့တာမလို့ သင်္ဘောပျံတွေအားလုံး ဒီနယ်မြေတွေကိုထဲကို အဝင်အထွက်လုပ်ခွင့် မရှိပါဘူး။ အမိန့်ကို မလိုက်နာတဲ့လူမှန်သမျှ သုတ်သင်ရှင်းလင်းခံရပါမယ် ”
သူသည် ထိုသို့ဆိုလိုက်ပြီးနောက် အပိုစာဒါးများ ဆက်ပြောမနေတော့ဘဲ သင်္ဘောပျံများအားလုံးအား ထိန်းသိမ်းထားရန် အမိန့်ပေးလိုက်ပြီး ၎င်းတို့အား သတ်မှတ်ထားသော နေရာတစ်ခု၌ ဆင်းသက်ခိုင်းလိုက်၏။ ထိုသင်္ဘောပျံများမှာ စစ်တပ်၏ ဝန်းရံခြင်းကို ခံထားရသလို မန္တန်အစီအရင်ကြီး၏ ချုပ်နှောင်မှုကိုအောက်ကိုလည်း ရောက်နေကြသည် ဖြစ်သည်။ ထို့အပြင် မတော်တဆမှုများ မဖြစ်စေရန် ရုံးခန်းထဲ၌ ထိုင်နေသည့် ဝမ်ပေါင်လဲ့မှာ မန္တန်အစီအရင်ကြီးအား ထိန်းချုပ်ထား၏။ ထိုသင်္ဘောပျံများမှာ ထို မန္တန်အစီအရင်ကြီး၏ အန္တရာယ်ကို ချက်ချင်းပင် ခံစားမိလိုက်သောကြောင့် တစ်ခဏမျှ ဆိတ်ငြိမ်သွားကြပြီးနောက် ဖီဆန်ရန် မကြိုးပမ်းကြတော့ပေ။
သူတို့မှာ သင်္ဘောပျံများထဲမှ ထွက်လာကြပြီးနောက် ခုန်းတောက်နှင့် သူ၏စစ်တပ်မှ လူများမှာ သူတို့ ယူဆောင်လာကြသည့် ပစ္စည်းများကို အတင်းအဓမ္မ သိမ်းဆည်းတော့မည်ဖြစ်ကြောင်း သိလိုက်ရ၏။ ထိုအခါ ထိုသင်္ဘောပျံများအား ဦးဆောင်လာသည့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ အခြေတည်ထိပ်ဆုံးအဆင့်ရှိ အကြီးအကဲကြီးတစ်ယောက်မှာ ယမ်းပုံမီးကျ ဒေါသထွက်သွားတော့သည်။
” ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုရဲ့ ထောက်ပို့ပစ္စည်းတွေကို ဘယ်ကောင်ထိရဲတာလဲကွ။ ဝမ်ပေါင်လဲ့လား။ သူ့ကို ငါနဲ့ လာတွေ့ခိုင်းလိုက်စမ်းပါ ”
အကြီးအကဲကြီး ထိုသို့ဆိုလိုက်သည်နှင့် မြို့တော်ကြီးတစ်ခုလုံးပေါ်ရှိ မန္တန်အစီအရင်ကြီးထဲမှ ထစ်ချုန်းသံကြီး ထွက်ပေါ်လာ၏။ ထို့နောက် ခပ်လှမ်းလှမ်းရှိ လေထုထဲ၌ လျှပ်စီးတန်းပေါင်း မြောက်မြားစွာ တဖျတ်ဖျတ် လက်လာကြပြီး မှုန်ဝါးဝါး မျက်နှာကြီးတစ်ခုအသွင် ပြောင်းလဲသွားကြ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ မျက်နှာကြီး ဖြစ်နေသည့်ပုံပင်။
ထိုမျက်နှာကြီးမှာ မန္တန်အစီအရင်ကြီးထဲမှတစ်ဆင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ဖိနှိပ်အားကောင်းသော အငွေ့အသက်ကြီးတစ်ခုလည်း ထွက်ပေါ်လာသည်။ ထိုအငွေ့အသက်ကြီးမှာ အမျက်ချောင်းချောင်းထွက်နေသော အကြီးအကဲကြီးအား ချက်ချင်းပင် ဖိနှိပ်လိုက်၏။ ထိုအခါ မကြာသေးမီးတုန်းက ယမ်းပုံမီးကျ ပေါက်ကွဲနေခဲ့သော အကြီးအကဲကြီးမှာ ချက်ချင်းဆိုသလိုပင် အထိတ်တလန့်ဖြစ်သွားရတော့သည်။
ထို အကြီးအကဲကြီး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားချိန်တွင် မြို့တော်ကြီး၏ မန္တန်အစီအရင်ကြီးထဲမှ ဝမ်ပေါင်လဲ့၏ စကားသံကြီးမှာ ကောင်းကင်ယံထဲ၌ မြည်ဟည်းသွားတော့သည်။
” ခဗျားက ကျုပ်နဲ့ တွေ့ချင်တာလား “