Switch Mode

အခန်း (၃၉၇)

မျှတမှုရှိသော အကြောင်းပြချက်တစ်ခု 

ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် သူ၏ ပတ်ပတ်လည်ရှိ မျက်နှာအမူအရာ အမျိုးမျိုးဖြစ်နေကြသော လူများမှာ မျက်လုံးများပြူးသွားကြပြီး အသက်ရှူသံများ ရပ်တန့်သွားကြ၏။ အခြားသူများထက် ပို၍တည်ငြိမ်သည့်ပုံ ပေါက်နေကြသော လူများပင်လျှင် ရင်ခုန်နှုန်းများ ရပ်တန့်သွားကြသည်ကို ခံစားလိုက်ရ၏။ ဝမ်ပေါင်လဲ့မှာ ယခုကဲ့သို့ တုံ့ပြန်လိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ကြပေ။ သူ၏တုံ့ပြန်မှုမှာ အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်လွန်းနေ၏။

ဝမ်ပေါင်လဲ့ ပြောခဲ့သည့်အတိုင်းပင်။ သူတို့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများဆိုသည့် အကြောင်းကို ပါးစပ်မှ မချတမ်းပြောကာ သူတို့ကို ပြည်ထောင်စုကြီးနှင့် အင်္ဂါဂြိုဟ်အစိုးနှစ်ခုပေါင်း၍ ကြီးကြပ်နေသောကြောင့် မြို့တော်အသစ်၏ လက်အောက်တွင်မရှိကြောင်း ကြွားဝါနေခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့်လည်း သူတို့မှာ အကြောက်အလန့်ကင်းမဲ့ကာ အမိန့်များကိုဖီဆန်ပြီး အရှက်မရှိစွာ မျက်နှာပြောင်တိုက်နေကြခြင်း ဖြစ်သည်။

သို့ဖြစ်ရာ သူသည်လည်း သူတို့၏ နည်းလမ်းများအတိုင်း လိုက်လုပ်ကာ နယ်မြေသုံးခု၏ ပတ်ပတ်လည်တွင် နံရံအမြင့်ကြီးများ တည်ဆောက်၍ သူတို့အား အကျဉ်းချထားလိုက်မည်သာ ဖြစ်သည်။ ၎င်းမှာ သူတို့၏ နယ်မြေများထဲ၌ သူတို့အား ပြန်၍ပိတ်လှောင်ထားသည့် နောက်ထပ်နည်းလမ်းတစ်ခုပင် ဖြစ်သည်။ ယခုလက်ရှိတွင် ထိုနည်းလမ်းမှာ ကောင်းကောင်းအသုံးဝင်နေမည်မှာ အမှန်ပင်။

အဆိုးဆုံးအချက်မှာ ချန်းမုနှင့် အပေါင်းအပါများမှာ သူ့အား တားဆီးနိုင်ခြင်း မရှိသည့်အချက်ပင်။ ဝမ်ပေါင်လဲ့ဆီတွင် ခိုင်လုံသောအကြောင်းပြချက် ရှိနေသည်မဟုတ်ပါလော။ သူသည် လင်းတျန်ဟောက်အား မြို့တော်အသစ်၏ ပိုင်နက်ပေါ်တွင် နံရံကြီးကိုတည်ဆောက်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်၏။ ထို့အပြင် ချန်းမုနှင့် အပေါင်းအပါများ၏ နယ်မြေများထဲသို့ အဝင်အထွက်ပြုလုပ်ခွင့်လည်း ရှိမည်မဟုတ်ပေ။ သူသည် လူမိုက်ဂိုဏ်းဝင်တစ်ယောက်ကဲ့သို့သော အမူအရာဖြင့် ချန်းမုနှင့် အပေါင်းအပါများ၏ရှေ့တွင် သူ၏ လုပ်ရပ်များနှင့် အကြံအစည်များကို ထုတ်ပြောခဲ့သောကြောင့် သူ၏ ပတ်ပတ်လည်မှ လူများမှာ ဝမ်ပေါင်လဲ့၏ အကျင့်စရိုက်အား ပို၍ပင် နားလည်သွားကြတော့သည်။

” တော်တော်လေးကို ကောက်ကျစ်စဉ်းလဲတာပဲ ”

” တော်တော်လေးကိုလည်း စက်ဆုပ်ရွံရှာဖို့ကောင်းတယ်။ ဒါပေမဲ့ ချန်းမုနဲ့ သူ့လူတွေက ဦးနှောက်များ ချောင်နေကြတာလား။ ဘာလို့ သူတို့က ဝမ်ပေါင်လဲ့ကိုများ သွားပြီးတော့ ရန်စရတာလဲ ”

” သူ့ကို သွားရှုပ်လို့မရဘူး။ နောက်ဆုံးတော့ သူ့ရဲ့ စရိုက်အမှန်ကို ငါ မြင်ခဲ့ရပြီပဲ။ သူက မနှစ်မြို့ဖွယ် အကြံအစည်တွေနဲ့ ပြည့်နေတဲ့ ရွံစရာလူတစ်ယောက်ပဲကွ ” ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်မှ လူများမှာ ထိုစကားများကို ထုတ်မပြောရဲကြပေ။ သူတို့မှာ ဝမ်ပေါင်လဲ့၏ လုပ်ရပ်ကြီးကြောင့် အံ့ဩတုန်လှုပ်နေရသဖြင့် သူတို့၏ မိတ်ဆွေအရင်းအချာများဆီသို့ အကြောင်းကြားစာများပေးပို့ရုံလောက်သာ လုပ်နိုင်ကြပေသည်။

လင်းတျန်ဟောက်နှင့် ခုန်းတောက်တို့မှာ ဝမ်ပေါင်လဲ့၏ အမိန့်များကိုကြားလိုက်ရသည်နှင့် အမိန့်နာခံကြောင်း ပြန်လျှောက်တင်လိုက်ကြပြီး ဝမ်ပေါင်လဲ့၏ အစီအစဉ်များကို ရိပ်မိသွားကြတော့သည်။ သူတို့ကိုယ်တိုင်ပင်လျှင် ဝမ်ပေါင်လဲ့အား အကြိမ်အနည်းငယ်ခန့် အကဲခတ်နေကြ၏။ ခုန်းတောက်မှာဆိုလျှင် ဝမ်ပေါင်လဲ့အား ရန်သူအဖြစ်သို့ လုံးဝအရောက်မခံတော့ရန် ဆုံးဖြတ်လိုက်တော့သည်။ ဝမ်ပေါင်လဲ့၏ ရက်စက်ကြမ်းကြုတ်ဖွယ် လုပ်ရပ်ကြီးကြောင့် သူသည် ယုတ်မာခြင်း အစစ်အမှန်မှာ မည်ကဲ့သို့သောအရာဖြစ်ကြောင်း နားလည်သွားပြီဖြစ်သည်…

လင်းတျန်ဟောက်မှာမူ သူ၏ ပေါင်ကို လက်ဝါးဖြင့်ရိုက်ကာ အော်ဟစ်အားပေးမိလုနီးပါး ဖြစ်သွားရ၏။ သူ၏ ကံကြမ္မာမှာ ဝမ်ပေါင်လဲ့အပေါ် မူတည်နေသောကြောင့် သူသည် ဤကိစ္စကြီးအား မည်သို့မည်ပုံ ဖြေရှင်းရမည်နည်းဟု စဉ်းစားတွေးတောနေပါသော်လည်း အဖြေရှာမရဖြစ်နေခဲ့သည်။ သူတို့နှစ်ယောက်စလုံးမှာ သာအတူစံ၊ နာအတူခံဘဝသို့ ရောက်နေကြပြီမဟုတ်ပါလော။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ စကားများကိုကြားလိုက်ရပြီး ချန်းမုနှင့် အပေါင်းအပါများ၏ မျက်နှာအမူအရာများ မျက်နှာကို ခွေးချေးသုတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ သူ၏ စိုးရိမ်တုန်လှုပ်‌နေခဲ့ရသည့် နှလုံးသားမှာ သိသိသာသာ ပြန်လည်တည်ငြိမ်သွားရတော့သည်။

” ဒီ ချန်းမုဆိုတဲ့ကောင်က ဝှက်ဖဲနည်းနည်းလောက်ပဲ ရှိတာပါကွာ။ ငါ ငယ်ငယ်တုန်းက အဖေက သူ့ကို ငါ့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ဖို့ ပြောခဲ့ဖူးရတယ်လို့။ ကြည့်ရတာ ငါ့အဖေက လူကဲခတ်တဲ့နေရာမှာ ထင်သလောက် မတော်ဘူးနဲ့တူတယ် ” လင်းတျန်ဟောက်မှာ ထိုကဲ့သို့ ကျေနပ်အားရနေစဉ် ကျင့်သိုမင်မှာ သတိပြန်ကပ်သွားပြီး အသက်ပြင်းပြင်းရှူကာ ပြုံးလိုက်၏။ သူသည် ချန်းမုနှင့် အပေါင်းအပါများကို မနှစ်မြို့သည်မှာ သိသာထင်ရှားပေသည်။ သူတို့မှာ အင်အားစိုက်ထုတ်ခဲ့ခြင်း မရှိပါသော်လည်း ရရှိလာသည့် အကျိုးအမြတ်များကို ခွဲဝေယူချင်နေသည် မဟုတ်ပါလော။ သူတို့မှာ ထိုကဲ့သို့ မောက်မာဝင့်ကြွားစွာ ပြုမူခဲ့သည့်အပြင် ပူးပေါင်းဆောင်ရွက်ရန်လည်း ဆန္ဒမရှိသောကြောင့် သူသည် အခဲမကျေ ဖြစ်နေရခြင်းဖြစ်သည်။

လီဝမ်အာမှာမူ ခုန်းတောက်နှင့် အခြားသူများနှင့် မတူဘဲ ချက်ချင်းဆိုသလိုပင် အထိတ်တလန့် ဖြစ်သွားရ၏။ သူမသည် စကားတစ်ခုခုဝင်ပြောရန် တွေးမိလိုက်ပါသော်လည်း ဝမ်ပေါင်လဲ့၏ ဤကိစ္စကြီးအား ကိုင်တွယ်ဖြေရှင်းပုံမှာ မှားယွင်းနေခြင်းမရှိကြောင်း သိလိုက်ရသည်။ သူ့ဆီတွင် အကြောင်းအရင်းအခိုင်အလုံ ရှိနေသည်မဟုတ်ပါလော။ ချန်းမုနှင့် အပေါင်းအပါများ၏ မောက်မာဝင့်ကြွားမှုများကို လူတိုင်းက ရှင်းရှင်းလင်းလင်း သိမြင်ထားကြပြီးဖြစ်သည်။

” သူက သူတို့ကို ထောင်ချောက်ဆင်နေတာပဲ။ ဝမ်ပေါင်လဲ့က အဲ့လိုလုပ်တတ်တဲ့ အကျင့်ရှိတယ်။ လီယီရှိတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စကြီးကိုလည်း ဒီအတိုင်းပဲ စုံစမ်းစစ်ဆေးခဲ့တာ ” လီဝမ်အာမှာ မျက်မှောင်ကြုတ်သွားရ၏။ သို့သော် ယခုလက်ရှိတွင် ကူညီရန် အချိန်မကျသေးကြောင်း သူမကသိထားသောကြောင့် ဆက်လက်၍သာ နှုတ်ဆိတ်နေလိုက်၏။

သူတို့နှင့် ယှဥ်လိုက်မည်ဆိုပါက အလွန်အင်မတန်မှ ထိတ်လန့်အံ့ဩသွားကြပြီး အံ့အားသင့်သွားရသည့် လူများမှာ ချန်းမုနှင့် အခြားမြို့တော်ဝန်နှစ်ယောက်ပင် ဖြစ်သည်။ ဝမ်ဟွေ့နှင့် ဖန်ကျင့်တို့ နှစ်ယောက်စလုံးမှာ အသက်ရှုနှုန်းများမြန််ဆန်လာ၏။ သူတို့၏ ဝမ်ပေါင်လဲ့၏ စကားများကြောင့် ဆွံအမှင်တက်သွားကာ အမျက်ချောင်းချောင်း ထွက်သွားကြပြီး စိုးရိမ်တုန်လှုပ်နေကြသည့် မျက်ဝန်းများဖြင့် ချန်းမုအား စိုက်ကြည့်နေလိုက်ကြတော့သည်။

ချန်းမု၏ မျက်နှာအမူအရာမှာမူ အရုပ်ဆိုးလွန်းနေပြီဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေရင်း သူ၏ခေါင်းထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာတော့သည်။ သူသည် သူ့ပြိုင်ဘက်၏ လှုပ်ရှားမှုကို ပြန်လည်တုံ့ပြန်နိုင်မည့် နည်းလမ်းတစ်ခုခုကို စဉ်းစားနေပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ လုံးဝမထင်မှတ်မထားသည့် အရာကြီးကို လုပ်ခဲ့သည်မဟုတ်ပါလော။

ထို့ကြောင့် သူသည် မည်မျှပင် စဉ်းစားတွေးတောနေစေကာမူ အဖြေတစ်ခုကို ချက်ချင်းရှာမတွေ့ခဲ့ပေ။ နောက်ဆုံးတွင် သူသည် အသက်ပြင်းပြင်းရှူကာ ဝမ်ပေါင်လဲ့၏ ပြဿနာရှာလိုသောလေသံကို ထောက်ပြလိုက်ပြီး ချက်ချင်းပင် ဆိုလိုက်၏။

” မြို့တော်သခင်ဝန်ရဲ့ ဆုံးဖြတ်ချက်က ကျနော်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပြည်ထောင်စုကြီးရဲ့ ဆုံးဖြတ်ချက်ကို မလေးစားရာကျပါတယ်။ မြို့တော်သခင်က ကျနော်တို့ကို တကယ်ပဲ အကျဉ်းချပစ်ဖို့ ပြောနေတာလား။ ကောင်းပြီလေ အဲ့တာဆိုလည်း ကျနော်က ဒီကိစ္စကို ပြည်ထောင်စုကြီးဆီကို ပြန်ပြီးတော့ တင်ပြရတာပေါ့။ အဲ့အချိန်ကျရင်… ”

သူ၏ တုံ့ပြန်မှုမှာ မြန်ဆန်နေ၏။ သူသည် အဖြေတစ်ခု မစဉ်းစားနိုင်ခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့၏ ပြဿနာရှာလိုသော စကားသံကို ရမယ်ရှာရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဟန်ဆောင်ပန်ဆောင် လုပ်မနေတော့ဘဲ လိုရင်းကိုတည့်တိုးပြောရန် ပြင်လိုက်ပါသော်လည်း စကားမဆုံးနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ် ထပ်၍ရယ်မောလိုက်ပြန်သည်။ ထို့နောက် သူသည် တည်ကြည်စွာ ဆိုလိုက်၏။

” လှိုဏ်ခေါင်းအသစ်ကြီးတစ်ခုက အခုလေးတင်မှပေါ်လာတာ။ အဲ့တာမလို့ အပြတ်မရှင်းရသေးတဲ့ သားရဲကြီးတွေ ရှိရင်ရှိနေနိုင်သေးတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေသုံးခုကို ကာကွယ်ပေးနိုင်ဖို့အတွက် အခုကစပြီးတော့ စစ်အုပ်ချုပ်ရေး သတ်မှတ်လိုက်‌တယ်။ မြို့တော်ဝန်ချန်၊ မြို့တော်ဝမ်နှင့် မြို့တော်ဝန်ဖန်တို့ ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ် ” ဝမ်ပေါင်လဲ့မှာ စကားဆုံးအောင် ပြောလိုက်ပြီးနောက် ချာခနဲလှည့်လာပြီး နောက်သို့ တစ်ချက်ကလေးပင် ပြန်လှည့်မကြည့်သလို ချန်းမုနှင့် အပေါင်းအပါများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်ကိုလည်း ဂရုပင်စိုက်မနေတော့ဘဲ သူ၏ ပတ်ပတ်လည်ရှိ အံ့ဩမှင်တက်နေကြသည့် လူများ၏ ရှေ့မှနေ၍ ထွက်ခွာသွားတော့သည်။

သူ၏ နောက်ဆုံးစကားလုံးများကြောင့် ချန်းမုတစ်ယောက်မှာ စကားဆက်မပြောနိုင်တော့ပေ။ ဝမ်ပေါင်လဲ့မှာ တွေ့ကရာ အကြောင်းပြချက်တစ်ခုကို ပေးခဲ့သည်ဖြစ်ကြောင်း သူက သိထားပါသော်လည်း ထိုအကြောင်းပြချက်ကို ငြင်းဆန်နိုင်ရန်မှာလည်း ခက်ခဲနေသည် ဖြစ်သည်။

” မင်းက ဟန်ကြီးပန်ကြီးတွေ လုပ်ရတာ သိပ်ကြိုက်နေတယ်ပေါ့ ဟုတ်လား။ ကောင်းပြီလေ။ ငါလည်း အဲလိုလုပ်ပြရတာပေါ့။ မင်းလို ပဏာမအဆင့်လေးက ကောင်က ငါ့လို ပဏာမအဆင့်သုံးအရာရှိကို ယှဉ်ချင်နေတာလား။ သေချာပါတယ်။ မင်းဦးနှောက်ထဲ မစင်တွေနဲ့ ပြည့်နေတာပဲဖြစ်ရမယ်။ အခု ဘယ်သူက အရင်ဆုံး အရှုံးပေးပြီးတော့ အဖေ့ဆီ ငိုပြီးပြေးသွားမလဲဆိုတာ ကြည့်ကြတာပေါ့ကွာ ” ဝမ်ပေါင်လဲ့မှာ စိတ်ကျေနပ်မှုအပြည့်ဖြင့် ထွက်ခွာသွားပြီး သူ၏ရုံးခန်းဆီသို့ တန်း၍ ပြန်သွားလိုက်၏။ သူသည် ရုံးခန်းထဲသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက်လီဝမ်အာ၏ သူ့အား တွေ့ခွင့်တောင်းသော အသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်သည်။

ဝမ်ပေါင်လဲ့မှာမူ သူမ၏ တောင်းဆိုမှုကို ချက်ချင်းပင် ငြင်းဆိုလိုက်၏။ သူသည် သူမအား လျစ်လျုရှုထားလိုက်ပြီးနောက် တံခါးပိတ်လေ့ကျင့်ခြင်းကို စတင်လိုက်တော့သည်။ ထို့နောက် သူသည် ဓမ္မလက်နက် သန့်စင်သည့် နည်းလမ်းများအား ဆက်လက်လေ့လာနေလိုက်၏။ လင်းတျန်ဟောက်၏ အရည်အချင်းနှင့်ဆိုလျှင် သူသည် ပေးထားသောအမိန့်များအတိုင်း အမှားအယွင်းမရှိ ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က အခိုင်အမာ ယုံကြည်ထား၏။

သူ၏ ယုံကြည်ချက်အတိုင်းပင်။ လင်းတျန်ဟောက်မှာ သူ၏ကံကြမ္မာသည် ဝမ်ပေါင်လဲ့ပေါ်၌ မူတည်နေပြီဖြစ်ကြောင်းကို သိထားသောကြောင့် အချိန်ဖြုန်းမနေဘဲ အလုပ်သမားများကို ချက်ချင်းစုဝေးကာ နံရံကြီးအား စတင်ဆောက်လုပ်စေလိုက်၏။ သူသည် သူ၏ ကိုယ်ပိုင်အတွေးအချို့ကိုလည်း ထည့်သွင်းအသုံးပြုခဲ့ပြီး ကိုက်ဒါဇင်ပေါင်းများစွာ မြင့်မားသည့် နံရံကြီးတစ်ခုကို တည်ဆောက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ကျင့်ကြံသူများ၏ နံရံတစ်ခုအား ဆောက်လုပ်နိုင်သည့် အမြန်နှုန်းမှာ အံ့ဩမှင်တက်ဖွယ် ရာကောင်းပေသည်။ ထို့ကြောင့် သိပ်မကြာခင်တွင် ချန်းမုနှင့် အပေါင်းအပါများမှာ တဖြည်းဖြည်းနှင့် ပို၍ ဒေါသထွက်လာကြပါသော်လည်း ဘာမှမလုပ်နိုင်သောကြောင့် တောင်စဉ်တန်းကြီးတစ်ခုကဲ့သို့ မြင့်တက်လာပြီး မြို့တော်နံရံကြီးတစ်ခုအဖြစ် တဖြည်းဖြည်း ပုံပေါ်လာသည့် နံရံကြီးကို လက်မှိုင်ချကာ ငေးကြည့်နေကြရတော့သည်။

ထိုဆောက်လုပ်ရေးလုပ်ငန်း၏ အမြန်နှုန်းအရဆိုလျှင် ထိုနံရံကြီးအား တစ်ရက်ထဲနှင့် အပြီးအထိ ဆောက်လုပ်နိုင်လောက်ပေသည်။ ၎င်းမှာ ရှေ့ပြေးပုံစံတစ်ခုသာ ဖြစ်နေသေးသည့်တိုင်အောင် မိုးထိုးလုမတတ် မြင့်မားနေပြီး အပေါ်စီးမှနေ၍ ချန်းမုနှင့် အပေါင်းအပါများ၏ နယ်မြေများကို လွှမ်းခြုံထား၏။ ဖြစ်ကြောင်းကုန်စင်ကို မသိကြသေးသည့် လူများမှာဆိုလျှင် နံရံကြီး၏ ဝန်းရံခြင်းကို ခံလိုက်ရသည့်နေရာမှာ အင်္ဂါဂြိုဟ်အကျဉ်းထောင်ဖြစ်သည်ဟု ထင်သွားကြမည်သာ ဖြစ်သည်။

နံရံကြီး၏ အပြင်ဘက်တွင် ခုန်းတောက်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ကျင့်ကြံသူများအား အစောင့်များအဖြစ် တာဝန်ချထားသည်မဟုတ်ပါလော။ သူတို့မှာ ထိုနယ်မြေကြီးသုံးခုရှိရာဘက်သို့ မျက်နှာမူထားကြပြီး သတိဝီရီယအပြည့် ရှိနေကြ၏။ ထို့အပြင် သူတို့မှာ မည်သူ့ကိုမှ ဤနယ်မြေထဲသို့ အဝင်အထွက်လုပ်ခွင့် ပေးကြမည်မဟုတ်ပေ။

ထိုသတင်းများမှာ တောမီးများကဲ့သို့ မြို့တော်ကြီး တစ်ခုလုံးထဲ၌ ပျံ့နှံ့သွားကြ၏။ ထိုအကြောင်းအား သိလိုက်ရသည့် လူပေါင်းမြောက်မြားစွာမှာ ဝမ်ပေါင်လဲ့၏ လုပ်ရက်ကြီးကြောင့် ဆွံ့အမှင်တက်သွားကြ၏။ မြို့တော်ထဲ၌ ဆွေးနွေးငြင်းခုံသံများဖြင့် ဆူညံပွက်လောရိုက်နေကြစဉ် ဝမ်ဟွေ့နှင့် ဖန်ကျင့်တို့မှာမူ ယခင်ကထက်ပင်ပို၍ ထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်သည်။ ယခုကဲ့သို့‌ အမြဲတမ်း ဆက်ဖြစ်နေ၍ ရမည်မဟုတ်ကြောင်း သူတို့က နားလည်ထားကြ၏။ အကယ်၍ ယခုကဲသို့သာ အချိန်အကြာကြီး ဆက်ဖြစ်နေမည်ဆိုပါက နောက်ဖြစ်လာမည့် အကျိုးဆက်များမှာ ဆိုးရွားလွန်းနေမည်သာဖြစ်သည်။ ချန်းမုမှာ ဆိတ်ငြိမ်နေဆဲဖြစ်ပြီး သူ၏မိသားစုမျိုးနွယ်စုထံမှ အကူအညီလှမ်းတောင်းရန် တွေးမိလိုက်ပါသော်လည်း နောက်ဆုံးတွင်မူ ထိုအစီအစဉ်ကို ခေါင်းထဲမှ ထုတ်လိုက်တော့သည်။

” ငါက အခုမှရောက်လာတာလေ။ ငါ ပြဿနာတက်တိုင်း ငါ့ရဲ့ မိသားစုမျိုးနွယ်စုဆီကနေ အကူအညီ သွားတောင်းနေမယ်ဆိုရင် ဘယ်လိုလုပ်ပြီးတော့ ဂုဏ်ရှိတော့မှာလည်း ”

ချန်းမု၏ မျက်နှာမူအရာမှာ စူပုပ်ကာ အရုပ်ဆိုးနေပြီဖြစ်သည်။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ ကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ပြည်ထောင်စုကြီးအား ဆက်သွယ်လိုက်ပြီး ဝမ်ပေါင်လဲ့၏ အာဏာအလွဲသုံးစားလုပ်မှုကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများ၏ ဆောက်လုပ်ရေးလုပ်ငန်းများမှာ နှောင့်ယှက်ခံနေရကြောင်း စောဒကတက်လိုက်တော့သည်။ တစ်ချိန်ထဲမှာပင် သူသည် ဝမ်ဟွေ့နှင့် ဖန်ကျင့်တို့အား အင်္ဂါဂြိုဟ်ဘုရင်ခံဆီသို့ ဆက်သွယ်ခိုင်းလိုက်၏။

သူသည် ဤကိစ္စကြီးကို ရင်ဆိုင်ဖြေရှင်းတော့မည်ဖြစ်သည်။

ထိုသို့ဖြင့် မကြာခင်ပြီးစီးတော့မည့် နံရံကြီး၏ တစ်ဖက်တစ်ချက်စီရှိ အဖွဲ့နှစ်ဖွဲ့ကြားမှ တိုက်ပွဲကြီးမှာ ပြင်းထန်နေပြီဖြစ်သည်။ ထိုအချိန်တွင် မြို့တော်အသစ်၏အပြင်ဘက်ရှိ လှိုဏ်ခေါင်းအသစ်ကြီး အလုံပိတ်ခံခဲ့ရသည့် နေရာတွင် သားရဲကြီးများ၏ ရုပ်အလောင်းများကို ရှင်းလင်းပြီးသွားသောကြောင့် စခန်းတစ်ခုကို စတင်ဆောက်လုပ်နေပြီဖြစ်သည်။ ထိုအခိုက်အတန့်တွင် ထိုနေရာ၌ အသားတုံးတစ်တုံးမှာ ဖြည်းဖြည်းချင်း တွန့်လိမ်လှုပ်ရှားနေသည်ကို မည်သူကမှ သတိမထားမိကြပေ။ မြေကြီးထဲရှိ ထိုအသားတုံးလေးမှာ တဖြည်းဖြည်းနှင့် အရွယ်အစား ပိုမိုကြီးမားလာပြီး နောက်ဆုံးတွင် လူတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ၎င်း၏ လက်မှာ မြေကြီးထဲမှ ထိုးထွက်လာတော့သည်။

ထိုလက်ကြီးထဲမှ ထွက်ပေါ်နေသည့် ထူးဆန်းသော စွမ်းအားတစ်မျိုးကြောင့် ဘေးနားတစ်ဝိုက်မှ လူများမှာ ၎င်းအား လုံးဝ သတိမထားမိကြသည်ပုံပင်။ ၎င်းမှာ မြေပြင်ကြီးကို လှမ်းဆွဲကာ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အားပြု၍ မြေကြီးထဲမှ ဖြည်းဖြည်းချင်း တွယ်တက်လာတော့သည်။

ထိုလူကြီးမှာ သူ၏ ခန္ဓာကိုယ်အသစ်အား ကျင့်သားမရသေးသည့်ပုံ ပေါက်နေ၏။ သူသည် မြေကြီးထဲမှ တွယ်တက်လာပြီးနောက် ထိုနေရာ၌ ရပ်ကာ သူ၏ခန္ဓာကိုယ်အား အသာအယာ ယိမ်းနွဲ့လှုပ်ရှားလိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ကြီးမှာ တွန့်လိမ်ပုံပျက်သွားပြီး ထူးဆန်းသော ပုံစံတစ်ခုအသွင် ပြောင်းလဲသွား၏။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ ၎င်းမှာ သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်း အပြည့်ရှိသွားသည့်ပုံပင်။ ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံတစ်ခု ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ထို့နောက် သူ၏ နှုတ်ခမ်းများမှာ အပေါ်ဘက်သို့ အနည်းငယ်ခန့် ‌ကွေးညွှတ်သွားတော့သည်။

” နောက်ဆုံးတော့ ငါ လွတ်လာပြီပဲ ” သူ၏ နှုတ်မှ ခပ်ဩဩ စကားသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ဖြည်းဖြည်းချင်း ခေါင်းမော့လာပြီး ထူးဆန်းသော အလင်းရောင်တစ်ခု ထင်ဟပ်နေသည့် မျက်ဝန်းများဖြင့် မြို့တော်အသစ်ကြီးအား စိုက်ကြည့်နေလိုက်တော့သည်။

ကောင်းကင်ယံထဲရှိ မှောင်ရီစပြုနေသော အလင်းရောင်များ၏ အောက်တွင် ထိုအနက်ရောင်ဝတ်ရုံကြီးအောက်ရှိ အရေးကြောင်းများဖြင့် ပြည့်နှက်နေသောမျက်နှာကြီးကို မြင်နိုင်ပေသည်…. အချိန်အတော်အတန်ကြာပြီးနောက် ထိုလူကြီးမှာ ခေါင်းငုံ့သွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး ပျောက်ကွယ်သွားတော့သည်။ သူသည် မြို့တော်အသစ်ရှိရာဘက်သို့ ဦးတည်သွားသည့်ပုံပင်…

Comment

Leave a Reply

Options

not work with dark mode
Reset