ပိုင်ရှောင်ချန်းသည် ခွေးကြီးတဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို တွေဝေလျက်ငေးကြည့်နေလေ၏။ ထိုခွေးကြီး၏ထွားကြိုင်းသန်မာသည့် ခန္ဓာကိုယ်က ပိုပြီးပိန်လှီလာရာ သားရဲသန္ဓေတည်ပန်းပွင့်၏ ရှင်သန်ကြီးထွားမှုဖြစ်စဥ်ကို ပို၍နားလည်လာစေ၏။ ရုတ်တရက် ပန်းပွင့်မှထုတ်လွှတ်သော မွှေးရနံ့အကြောင်း စဥ်းစားလိုက်မိလေ၏။
“သားရဲသန္ဓေတည်ပန်းပွင့်ကနေပြီး စိတ်ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ရနံ့တစ်မျိုးကို ထုတ်လွှတ်ပေးတယ်။ အခြားတိရစ္ဆာန်တွေကို ပန်းပွင့်ကနေစားသုံးလိုက်ပြီးရင် သူတို့ရဲ့ချီစွမ်းအင်နဲ့ သွေးတွေဟာ ရောမွှေခံရပြီး မျိုးဆက်သွေးသက်စောင့်အား အချို့ကို ထုတ်ယူလိုက်တယ်။ ဒါကြောင့် ဒီခွေးဟာ တဖြည်းဖြည်းပိန်လှီလာတာပဲ။ သားရဲအရိုင်းတွေကျတော့ အနည်းငယ်ကွဲပြားတယ်။ ဒီတော့ သူတို့ရဲ့ ချီစွမ်းအင်နဲ့ သွေးတွေကိုရောလိုက်ရင်ကျ သူတို့ကြုံတွေ့ရတဲ့ ထင်ယောင်ထင်မှားဖြစ်ရပ်တွေဟာလည်းပဲ ကွဲပြားသွားတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တာရဲ့အဓိကရည်ရွယ်ချက်ဟာ သားရဲတွေပြန်လည်ခုခံခြင်းမပြုနိုင်အောင်ပဲ။”
“ဒီသားရဲသန္ဓေတည်အစေ့တွေ မျိုးသုဥ်းပျောက်ကွယ်လုနီးပါးဖြစ်နေတာဟာလည်း အဆန်းမဟုတ်ပါဘူး…။ တနည်းအားဖြင့် သားရဲသန္ဓေတည်အစေ့ဟာ သားရဲအရိုင်းတွေအားလုံးထက် လုံးဝသာလွန်နေတာပဲ။” ပိုင်ရှောင်ချန်းသည် တွေ့ရှိမှုအသစ်အပေါ် အံ့သြတုန်လှုပ်သွားလေ၏။
ခြင်များသွေးစုပ်သောအခါ တိတ်တဆိတ်သွေးစုပ်နိုင်ရန် သူတို့ကိုက်လိုက်သည့်နေရာတဝိုက်ကို ထုံနေအောင်ပြုလုပ်တတ်ကြသည်။ ထို့အတူပင် သားရဲသန္ဓေတည်ပန်းပွင့်သည် မျိုးဆက်သွေး သက်စောင့်အား ကိုလျှို့ဝှက်စွာစုပ်ယူတတ်လေ၏။
ခုနှစ်ရက်ကုန်လွန်သွားခဲ့ပြီ။ သားရဲသန္ဓေတည်ပန်းပွင့်သည် မကြာမီပွင့်လန်းလာတော့မည်ဖြစ်ရာ ပိုင်ရှောင်ချန်းအနေဖြင့် အဆင့်လွန်သားရဲကြီးများ၏ မျိုးဆက်သွေး သက်စောင့်အား ကို ထပ်မရှာနိုင်တော့လျှင် ပန်းပွင့်ကိုအလဟဿစွန့်ပစ်လိုက်ရပေတော့မည်။
ထို့နောက် မြောက်ပိုင်းဂိုဏ်းသားများသည် သူ့အကြောင်းအထင်အမြင်သေးစွာပြောဆိုနေမှုများကိုတွေးလိုက်မိပြီး အံကိုတင်းတင်းကြိတ်လိုက်လေသည်။ ခဏကြာသော် ပိုင်ရှောင်ချန်းသည် သားရဲမွေးမြူရေးခြံမှထွက်ခွာလာခဲ့ပြီး အမှောင်ထုထဲသို့ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
” ငါ ဒီလိုမလုပ်ဖြစ်တာတောင် တော်တော်ကြာခဲ့ပြီ။ ငါအခုရောက်နေတဲ့အဆင့်အတန်းအရဆိုရင်တော့ မျက်နှာပျက်စရာပဲ။ ဒါပေမယ့် ငါ့မှာတခြားရွေးစရာနည်းလမ်းမှမရှိတော့တာ။” မျက်လုံးများအရောင်တောက်လာပြီး မြောက်ပိုင်းဂိုဏ်းအတွင်းမှ တိတ်တဆိတ်ဖြတ်ကာ အိမ်တော်တစ်ခု၏အပြင်ဘက်သို့ ရောက်ရှိလာခဲ့လေ၏။ အိမ်တော်၏အထဲတွင် အပူအပင်ကင်းစွာ အိပ်မောကျလျက်ရှိသည့် လှပသောဒေါင်းတစ်ကောင် ရှိလေသည်။ ရုတ်တရက် လက်တစ်ဖက်ထွက်လာကာ ဒေါင်း၏လည်ပင်းကိုတင်းတင်းဆုပ်ကိုင်လိုက်လေ၏။
ဒေါင်းသည် ညအမှောင်ထဲတွင် အားကောင်းကောင်းနှင့် ဆွဲခေါ်ခံလိုက်ရသောကြောင့် ရုန်းကန်လှုပ်ရှားလျက်ရှိသော်လည်း အသံတော့တချက်မှမထွက်နိုင်ပေ။ ပိုင်ရှောင်ချန်းလက်မှ လွတ်အောင်မရုန်းနိုင်သဖြင့် ဘာမှမတတ်နိုင်ပဲ ယက်ကန်ယက်ကန်နှင့်ပါသွားလေတော့၏။
မည်သူမှသူ့ကိုကြည့်မနေကြောင်းသေချာစေရန် လူရိပ်လူခြေကိုတချက်ကြည့်လိုက်ပြီး နောက်တစ်နေရာသို့ခပ်သွက်သွက်ထွက်လာခဲ့လေ၏။ သိပ်မကြာမီပင် ပိုင်ရှောင်ချန်း၏လက်ထဲတွင် စပါးအုံးမြွေအစိမ်းရောင်တစ်ကောင်ပါလာလေ၏။ သို့သော် ထိုမျှနှင့်မပြီးသေး။
နောက်တစ်နာရီလုံးလုံး ပိုင်ရှောင်ချန်းသည် ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်း ကြိုးစားရုန်းကန်လျက်ရှိသည်။ သားရဲမွေးမြူရေးခြံသို့ပြန်ရောက်သောအခါ သူ၏ဘယ်ဘက်လက်ထဲတွင် ဒေါင်းတစ်ကောင်၊ သူ၏ညာလက်ထဲတွင် ညကျားသစ်တစ်ကောင်၊ ဘေးဘက်တွင်ကား မျောက်ဖြူတစ်ကောင်ချိတ်ထားလျက်၊ စပါးအုံးမြွေသည်ကား သူ၏ခန္ဓာကိုယ်ကိုရစ်ပတ်ထားလျက် ပြန်လာခဲ့လေ၏။
“ဘယ်လိုတောင်ပွပေါက်တိုးလာတာလဲ။” စိတ်လှုပ်ရှားစွာ သူတွေးလိုက်သည်။ ထို့နောက် သူသည် ခြံဝင်းနောက်ဘက်သို့သွားပြီး တိုက်ပွဲဝင်သားရဲများကို ကြိုးနှင့်ချည်ထားလိုက်လေ၏။ ပြီးလျှင် သားရဲသန္ဓေတည်ပန်းပွင့်ထဲသို့ ဒေါင်းကို ထိုးထည့်လိုက်လေ၏။
ပန်းပွင့်က ဒေါင်းကိုမျိုချလိုက်ပြီးနောက် ပိုင်ရှောင်ချန်းသည် စိတ်လှုပ်ရှားစွာဖြင့် ဘေးမှစောင့်ကြည့်နေလေ၏။ မကြာမီပင် ဒေါင်းကိုထွေးထုတ်လိုက်လေ၏။ ဒေါင်းသည် သာယာယစ်မူးနေဟန်မတူသော်လည်း ပျော်ရွှင်ဖွယ်ရာမှတ်ဉာဏ်များကြောင့် နှစ်သက်ပျော်ရွှင်နေပုံပေါ်လေ၏။ ၎င်းကြုံတွေ့ခဲ့ရသော စိတ်ထင်ယောင်ထင်မှားဖြစ်မှုသည် အခြားတိရစ္ဆာန်များနှင့် မတူကွဲပြားသည်မှာကား သိသာလေ၏။ ဒေါင်းသတိပြန်မဝင်လာခင် ပိုင်ရှောင်ချန်းကဖမ်းယူလိုက်ပြီး အစိမ်းရောင်စပါးအုံးမြွေကို ထပ်မံပစ်ထည့်လိုက်လေ၏။ ထို့နောက်သူသည် ဒေါင်းကိုကိုင်ကာ မူလနေရာသို့ပြန်ထားရန် ခပ်သွက်သွက်ထွက်သွားလေ၏။
ဒေါင်းသည် အော်မြည်ခြင်းလည်းမပြု၊ ရုန်းလည်းမရုန်းတော့ပေ။ ပိုင်ရှောင်ချန်းပြန်ထွက်သွားသောအခါ သူ့အားထပ်မံခေါ်ဆောင်သွားရန် မျှော်လင့်နေသောပုံစံဖြင့် ပြန်ကြည့်နေလေ၏။
တည်ကြည်လေးနက်သောအသံဖြင့် ပိုင်ရှောင်ချန်းကပြောသည်။ “မင်းဆီက မျိုးဆက်သွေး သက်စောင့်အား နည်းနည်းယူတာက မင်းကိုဘာမှမထိခိုက်စေဘူးကွ။ အဲ… များလွန်းရင်တော့မကောင်းဘူးပေါ့ကွာ။ လိမ္မာတဲ့ ဒေါင်းလေးမလား မင်းက။ ပြီးတော့… မင်းရဲ့ဆရာကို ငါ့အကြောင်းမပြောပြနဲ့နော်… ဟုတ်ပြီလား။” ထို့နောက် ပြန်လည်ထွက်ခွာလာခဲ့လေ၏။
ပိုင်ရှောင်ချန်းတစ်ယောက် ထိုညက တော်တော်အလုပ်များသွားသည်။ အစိမ်းရောင်စပါးအုံးမြွေကြီးကိုပြန်ပို့ပြီးနောက် သူ့တွင် မျောက်ဖြူနှင့် ညကျားသစ်ကိုပြန်ပို့ရန် ကျန်နေသေး၏။ တိရစ္ဆာန်အားလုံးကို ပြန်ပို့ပြီးသောအခါ သူတော်တော်မောပန်းနေလေပြီ။ သို့သော်လည်း တိရစ္ဆာန်များ၏ ကျေနပ်နှစ်သက်နေသောပုံရိပ်များ၊ ပန်းပွင့်ဆီမှမခွာလိုသောအရိပ်အယောင်များကို သူပြန်တွေးမိသောအခါ သူ့လုပ်ရပ်သည် ကောင်းမွန်သောလုပ်ရပ်ဖြစ်သည်ဟုမှတ်ချက်ချလိုက်လေ၏။
အားလုံးထက်ပိုအရေးကြီးသည်မှာ သားရဲသန္ဓေတည်ပန်းပွင့်သည် ပိုသန်မာလာပြီး ပိုလည်းကျန်းမာသန်စွမ်းလာလေ၏။
“ရိုးရှင်းတဲ့လုပ်ရပ်လေးတစ်ခုက တိုက်ပွဲဝင်သားရဲတွေကိုရော၊ သားရဲသန္ဓေတည်ပန်းပွင့်ကိုရော၊ ငါ့ကိုရော စိတ်ကျေနပ်မှုရစေတယ်။ ဘယ်လိုကောင်းမှုကုသိုလ်တစ်ခုကိုငါပြုလိုက်တာပါလိမ့်…။” သူသည် အလွန်ပျော်ရွှင်နေလေ၏။ နောက်တညတွင်လည်း သူသည် သားရဲမွေးမြူရေးခြံမှ ခေါင်းကိုမော့၊ ရင်ကိုကော့ကာထွက်လာခဲ့လေ၏။
နောက်ရက်အနည်းငယ်မျှ သူသည် ထိုကဲ့သို့နေ့တိုင်းလုပ်ဆောင်နေလေ၏။ အပြင်စည်းဂိုဏ်းသားများနှင့်အတွင်းစည်းဂိုဏ်းသားများ ပိုင်ဆိုင်သော အကောင်းဆုံးတိုက်ပွဲဝင်သားရဲများကို လိုက်လံယူဆောင်လေ၏။ သူသည် တစ်ညလျှင်အများဆုံး သားရဲလေးကောင်ခန့် ယူဆောင်လေ့ရှိသည်။ ထိုထက်များလျှင်ကား မနက်အာရုဏ်တက်အမီ အားလုံးကိုပြန်ပို့နိုင်ရန်မှာ သိပ်မလွယ်ကူချေ။
သူ၏ခြေမြန်လက်မြန်ရှိခြင်း၊ သူ၏ကျင့်ကြံခြင်းအခြေခံမှာနက်နဲသိမ်မွေ့ခြင်း စသည်တို့ကြောင့် အခက်အခဲတစ်စုံတစ်ရာတော့မရှိ။ တစ်ခုတော့ရှိသည်။ ညအခါတုန်းက သွေးများထောက်ပံ့ပေးခဲ့ရသော တိုက်ပွဲဝင်သားရဲများသည် နေ့အခါ ပိုင်ရှောင်ချန်းကိုတွေ့လျှင် ထူးထူးဆန်းဆန်းပြုမူကြခြင်းပင်ဖြစ်သည်။ သူတို့သည် ပိုင်ရှောင်ချန်းကိုမြင်လျှင် ပျော်ရွှင်ဝမ်းမြောက်စွာထခုန်လေ့ရှိကြ၏။
သားရဲများ၏ သခင်များမှာ အံ့အားသင့်ကုန်ကြလေသည်။ ယခင်က သူတို့၏သားရဲများသည် ပိုင်ရှောင်ချန်းကို လုံးဝသဘောမကျကြသော်လည်း ယခုအခါ ပိုင်ရှောင်ချန်းအား မျက်နှာလိုအားရလုပ်နေကြလေ၏။ ပို၍ထူးဆန်းသည်မှာ တိုက်ပွဲဝင်သားရဲတကောင်တလေကမှ ဘာကြောင့်အခုလိုဖြစ်သွားရသည်ကို ဖြေရှင်းချက်တစုံတရာမပေးကြ။ အတင်းအကြပ်မေးမြန်းလျှင်တောင်မှ ဖွင့်ဟပြောဆိုခြင်းမရှိကြ။
လတဝက်ခန့်ကုန်လွန်သွားပြီး ပိုင်ရှောင်ချန်းသည် မရပ်မနားဖွံ့ဖြိုးကြီးထွားလျက်ရှိသောသားရဲသန္ဓေတည်ပန်းပွင့်ကို ဂုဏ်ယူစွာဖြင့် အမြဲကြည့်နေလေ့ရှိ၏။ မျိုးဆက်သွေး သက်စောင့်အား များမှန်မှန်ထပ်ထည့်နေနိုင်မှုကို ကျေးဇူးတင်ရပေလိမ့်မည်။ သူညစဥ်ညတိုင်း ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရသည်မှာတန်ပေသည်။
ဤတစ်ညသည်ကား ထူထပ်သောတိမ်များက လမင်းကြီးကိုဖုံးကွယ်ထားပြီး ကမ္ဘာလောကကြီးတခုလုံးကို မှောင်အတိချထားလေသည်။ ပိုင်ရှောင်ချန်း၏လက်တစ်ဖက်တွင် ဖြူတကောင်ကိုကိုင်လာပြီး ကြမ်းကြုတ်ပုံရသောနွားထီးတကောင်ကို ပုခုံးပေါ်တင်ထမ်းလာသည်။ နှစ်ကောင်လုံးကိုအသံလုံးဝမထွက်အောင် ပိတ်ဆို့ချည်နှောင်ထားပြီး နောက်ထပ်အိမ်တော်တခုဆီသို့ ထပ်မံချဥ်းကပ်လိုက်လေ၏။
“နက်မှောင်ပြီး မျက်လုံးပြာတွေရှိတဲ့ကြောင်…” သူ၏မျက်လုံးများထူးထူးခြားခြားအရောင်တောက်နေပြီး ရေရွတ်လိုက်သည်။ သူသည် ဤတိုက်ပွဲဝင်သားရဲကို ဘယ်တော့မှမေ့ကျန်ခဲ့လိမ့်မည်မဟုတ်။ သူလှုပ်ရှားမည်ဟန်ပြင်နေစဥ်မှာပင် ခြံဝင်းထဲမှာ ပြာလဲ့သောမျက်လုံးနှစ်စုံပေါ်လာသည်ကို တွေ့လိုက်ရလေ၏။ ကြောင်တစ်ကောင်၏ တညောင်ညောင်အသံသည် တိတ်ဆိတ်သောညအမှောင်ထဲမှာ ထွက်ပေါ်လာလေ၏။
“နိုးကြားလှချည်လား။” ထိတ်လန့်သွားလျက် သူတွေးလိုက်မိ၏။ ကြောင်အော်သံကြောင့် အနီးနားရှိဂိုဏ်းသားအချို့ နိုးလာကြလေရာ ပိုင်ရှောင်ချန်းအလျင်အမြန်ဆုတ်ခွာခဲ့ရလေ၏။ သို့သော်လည်း သူပြန်လှည့်မပြေးနိုင်မီပင် မျက်လုံးပြာနှင့်ကြောင်နက်သည် သူ့ရှေ့မှပိတ်ဆို့ကာ ထပ်မံအော်ဟစ်နေလေတော့၏။
စိတ်ချောက်ချားစရာကောင်းလောက်အောင် ကြောင်သည် လူတယောက်၏အသိဉာဏ်ရှိနေသကဲ့သို့ သူ့အားအထင်သေးသောအကြည့်မျိုးဖြင့်ကြည့်နေလေ၏။
ပိုင်ရှောင်ချန်းမှာ ချက်ခြင်းပင် ဒေါသထွက်သွားလေ၏။ အခြားအချိန်မှာဆိုလျှင် ဤကြောင်ကိုလွယ်ကူစွာရှင်းလိုက်နိုင်မည်ဖြစ်သော်လည်း ယခုမှာမူ သူ့လက်များမှာမအားနေလေရာ ပို၍ခက်ခဲသွားစေလေ၏။ ချက်ခြင်းပင် သူ့ကျောဘက်မှအတောင်ပံများထွက်လာပြီး တစုံတယောက်သူ့ကိုမြင်မသွားခင် ထွက်ပြေးလာခဲ့လေသည်။
ကျယ်လောင်လှသောကြောင်အော်သံကြောင့် ပိုင်ရှောင်ချန်းသည် မြောက်ပိုင်းဂိုဏ်းသားများသူ့ကိုမြင်မသွားစေရန် ခက်ခက်ခဲခဲရှောင်ကွင်းပြီး သားရဲမွေးမြူရေးခြံဆီသို့ ပြန်လာခဲ့ရလေ၏။ သူပြန်ရောက်သောအခါ အံကိုတင်းတင်းကြိတ်ကာ ကြောင်နက်ကိုစိတ်ထဲမှကျိန်ဆဲနေလေ၏။
“ဒီကြောင်နက်ကို ဘယ်လိုဖမ်းရမလဲ။ ကြောင်ကအရမ်းလျင်လွန်းနေတယ်။” ထိုအကြောင်းကိုစဥ်းစားရသည်မှာ အတော်လေးခေါင်းခဲစရာပင်။ ရုတ်တရက် ပိုင်ရှောင်ချန်း၏မျက်နှာအရောင်လက်သွားပြီး ဘေးသို့ဆတ်ခနဲခုန်ရှောင်လိုက်လေ၏။ သွားများရိုက်မိသံနှင့်အတူ အမဲရောင်အရာတစ်ခု သူ့ဘေးမှလျင်မြန်စွာဖြတ်သွားလေ၏။
“မင်းပဲကိုး…” ပိုင်ရှောင်ချန်းသည် အစကတည်းကစိတ်တိုနေရသည့်အထဲ ခွေးနက်ကြီးကိုမြင်လိုက်ရသောအခါ ပို၍ဒေါသထွက်လာလေ၏။
ဤခွေး သူ့ကိုခြုံခိုတိုက်ခိုက်နေသည်မှာနှစ်ခါရှိနေပြီဖြစ်ပြီး ပုံမှန်ဆိုလျှင် ခွေးသည်မအောင်မြင်သည်နှင့် တချိုးတည်းလစ်ပြေးနေကြဖြစ်သည်။ ယခုတခေါက်တွင်မူ ခွေးသည် ဒုတိယအကြော့ပြန်လှည့်လာလေ၏။ ခွေးသည် ရူးသွပ်မှု၊ ကြမ်းကြုတ်ရက်စက်မှု၊ မှုန်းတီးမှုများအပြည့်ဖြင့် ထပ်မံတိုက်ခိုက်လေ၏။
ခွေး၏ပေါ့ပါးသွက်လက်မှုနှင့် လျင်မြန်မှုအရဆိုလျှင် ၎င်းထွက်ပြေးရန်ကြိုးစားသည့်အချိန်တိုင်း ပိုင်ရှောင်ချန်းသည် ရှိသမျှအင်အားကိုထုတ်သုံးကာ အချိန်ကုန်ခံလိုက်ဖမ်းနေရလေ၏။ သို့သော် ယခုအခါတွင်မူ ခွေးသည်ထွက်မပြေးတော့သောကြောင့် ပိုင်ရှောင်ချန်းအဖို့ အများကြီးသက်သာရာရသွားလေ၏။
“ဒီနေ့ညအဖို့တော့ သားရဲကောင်တွေမလောက်မငှဖြစ်နေတယ်။” ပိုင်ရှောင်ချန်းကကြုံးဝါးလိုက်သည်။ “မင်းရောက်လာတာနဲ့အကိုက်ပဲ။” ခွေးကိုလည်ကုပ်မှကိုင်ကာ ခြံဝင်းအနောက်ဘက်ဆီသို့ပြန်လာခဲ့လေ၏။ ဖြူကောင်နှင့် ကြမ်းကြုတ်သောနွားထီးတို့သည် အရင်ဆုံးအလှူဒါနပြုရမည်ဖြစ်သည်။ ခက်ထန်သောခွေးနက်ကတော့ နောက်ဆုံးမှပြုရမည်။
နွားထီးနှင့် ဖြူကောင်တို့ကိုပြန်ပို့ပြီးနောက် ဒေါသများပေါက်ကွဲလျက်ပိုင်ရှောင်ချန်းပြန်လာသည်။ ခွေးနက်ကိုမှတ်လောက်သားလောက်အောင်ပညာပေးမှရမည်ဟု သူဆုံးဖြတ်ထားလေသည်။ ခွေးဆီမှသွေးကို ဆယ့်ငါးကြိမ်ဆက်တိုက်ထုတ်ယူရန်သူရည်ရွယ်ထားသည်။
ပိုင်ရှောင်ချန်းသားရဲမွေးမြူရေးခြံမှ ပြန်နှင်ထုတ်လိုက်သောအခါ ခွေးနက်သည် အသက်ကိုပင်အငမ်းမရရှူနေရလေ၏။
“မင်း ငါ့ကိုထပ်ပြီးခြုံခိုတိုက်ရဲတိုက်ကြည့်” ပိုင်ရှောင်ချန်းက အော်ဟစ်သတိပေးလိုက်သည်။ “မင်းကိုခွေးမသာဖြစ်အောင်လုပ်ပစ်မယ်” ခွေးသည် ခြေထောက်ပေါ်အနိုင်နိုင်ရပ်ကာ ယိုင်တိယိုင်တိုင်ဖြင့် တောထဲသို့ဝင်သွားလေတော့သည်။ ပိုင်ရှောင်ချန်းမမြင်နိုင်တော့သည့်နေရာသို့ရောက်သောအခါ ခွေးသည်မြေပေါ်သို့ထိုင်ချလိုက်ပြီး သူ၏နှုတ်ခမ်းများကိုလျှာဖြင့်လျက်နေလေ၏။ ရုတ်တရက် ခွေးသည် ပြန်လည်ယစ်မူးသွားဟန်တူလေသည်။
ရက်အနည်းငယ်မျှကုန်လွန်ခဲ့ပြန်ပြီ။ ပိုင်ရှောင်ချန်း၏ ညလုပ်ငန်းစဥ်များသည် ဆက်လက်အသက်ဝင်နေဆဲဖြစ်သည်။ သို့သော်လည်း ပါးနပ်လွန်းသောကြောင်ကြောင့် ခေါင်းအတော်စားနေရလေသည်။ နောက်ဆုံးတွင် ထိုကြောင်ကိုအပြတ်ရှင်းပစ်ရန်ဆုံးဖြတ်လိုက်သော်လည်း ကြောင်သည်သူ့သခင်၏အခန်းထဲ၌ ပုန်းနေလေ၏။
ပိုင်ရှောင်ချန်းသည် ဘာဆက်လုပ်ရမည်မှန်းမသိတော့ပေ။ သို့သော် လက်လျှော့လိုက်ရမည်ကိုလည်းဝန်လေးနေပြန်သည်။ အခြေအနေကိုဘယ်လိုကိုင်တွယ်ရမလဲစဥ်းစားနေစဥ်တွင် သူသည် အခြားသားရဲကောင်များကိုအရင်ဖမ်းလိုက်လေ၏။ တညတွင် ဖားပြုပ်ကြီးတကောင်ကိုကိုင်ကာ သားရဲမွေးမြူရေးခြံသို့ပြန်လာခဲ့စဥ် သူ၏နောက်မှ အနက်ရောင်မှုန်ဝါးဝါးအရာတခုကြောင့် ရုတ်တရက်ရပ်တန့်လိုက်လေ၏။
ထိုအရာသည် ခွေးနက်ကြီးပင်ဖြစ်ပြီး ဒေါသကြောင့်တုန်ရီနေကာ တိုက်ခိုက်ရန်ပြင်နေသည့်ပုံဖြင့် သွားဖြဲနေလေသည်။
အစတွင် ပိုင်ရှောင်ချန်းသည် ခွေး၏ဇွဲကောင်းမှုကြောင့် ကြက်သေသေသွားသော်လည်း နောက်ပိုင်းတွင် ထူးဆန်းတာတခုခုဖြစ်နေပြီဟု သတိထားလိုက်မိလေ၏။ ခွေး၏တတိယအကြိမ်မြောက်ခြုံခိုတိုက်ခိုက်ခံရမှုတွင် ထိုခွေးချက်ခြင်းထွက်မပြေးတော့သောအချက်ကိုသိပ်မစဥ်းစားမိ။ ယခုအခါ ခွေးသည်ထပ်ကာထပ်ကာပြန်လာနေပြီး ထွက်ပြေးခြင်းလဲမပြုတော့ပေ။ ထို့အပြင် ချောင်းမြောင်းတိုက်ခိုက်နေပုံမှာလည်း ဝတ်ကျေတန်းကျေပုံစံမျိုးဖြစ်လာလေ၏။ ထို့အပြင် ကိုက်ရာ၌လည်း ယခင်ကထက်ပို၍နှေးလာပြီး ရက်စက်ကြမ်းကြုတ်ခြင်းလည်း တဖြည်းဖြည်းလျော့နည်းလာလေ၏။
“မင်းတမင်သက်သက်များဒီလိုလုပ်နေတာလား။” အံ့အားသင့်လျက် မေးလိုက်သည်။
ခွေးသည် ရှေ့သို့တိုးလာတော့မည့်ဆဲဆဲတွင် ပိုင်ရှောင်ချန်း၏မေးခွန်းကိုကြားလိုက်ရသောအခါ ရပ်တန့်သွားပြီး သူ့ကိုစိုက်ကြည့်နေလေသည်။ မာန်လည်းမဖီ၊ သွားလည်းဖြဲမပြတော့ပဲ တိုက်ခိုက်ရန်ရှေ့သို့လည်းဆက်တိုးမလာတော့ပေ။ ထိုနေရာမှာပင်ရပ်နေကာ သူ့ကိုစိုက်ကြည့်နေလေ၏။
ပိုင်ရှောင်ချန်း၏မျက်နှာပေါ်တွင် ထူးဆန်းသောအရိပ်အယောင်များပေါ်ထွက်လာ၏။ ခွေးကိုလျစ်လျူရှုကာ သူသွားမည့်လမ်းကိုဆက်သွားလေသည်။ ခွေးသည် ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦအထိ သူ့နောက်မှတောက်လျှောက်လိုက်လာလေသည်။
ခြံဝင်းအနောက်ဘက်သို့ရောက်လျှင်ရောက်ခြင်းပင် ခွေးသည်အမြီးကိုပြင်းပြင်းထန်ထန်လှုပ်ရမ်းကာ သားရဲသန္ဓေတည်ပန်းပွင့်ဆီသို့ သူ့သဘောနှင့်သူ ဦးတည်ပြေးသွားလေ၏။
ပိုင်ရှောင်ချန်းသည် အံ့အားသင့်လျက်ငေးကြည့်နေပြီး သူ၏မျက်နှာအသွင်အပြင်မှာပို၍ပင်ထူးဆန်းလာလေ၏။ ခွေးသည် သွေးများပေးလှူပြီးနောက် ပန်းပွင့်ထဲမှပြန်ထွက်လာသော်လည်း ထွက်မသွားပဲ ပန်းပွင့်ထဲသို့ပြန်ခုန်ဝင်နေလေ၏။ ထိုကဲ့သို့ ထပ်ကာတလဲလဲပြုလုပ်နေလေ၏။ နောက်တနေ့ညနေခင်းအထိ ထိုခွေးသည် လှူဒါန်းမှု ခုနှစ်ကြိမ်ရှစ်ကြိမ်အထိပြုလုပ်ပြီးလေပြီ။
“ဒါ… ဒါဟာ မျိုးဆက်သွေး သက်စောင့်အား အများကြီးပဲ။ မင်းကိုယ်မင်းသတ်သေဖို့များကြိုးစားနေသလား။ ချီးပဲ…။ ဘယ်လိုစိတ်ကူးယဥ်အရာတွေကိုများ မင်းကြုံတွေ့နေရသလဲဟင်။” အဆုံးတွင် သူသည် ရူးနေသောခွေးကိုဖမ်းပြီး တံခါးအပြင်သို့နှင်ထုတ်လိုက်လေ၏။ ထိုခွေးထော့နင်းထော့နင်းထွက်သွားသောအခါ ပိုင်ရှောင်ချန်းသည် အော်ဟစ်ခြောက်လှန့်ရန်ဟန်ပြင်လိုက်လေ၏။ ထို့နောက်သူသည်တစုံတရာကိုစဥ်းစားလိုက်မိသောကြောင့် သူ၏နည်းလမ်းကိုပြောင်းလဲလိုက်လေ၏။
“မင်း ငါပြောတာနားလည်တယ်မလား” သူကပြောသည်။ “နားထောင်စမ်း။ မင်းဒီကိုပြန်လာချင်သေးတယ်ဆိုရင် ငါ့ကိုချောင်းမြောင်းတိုက်ခိုက်တာတွေထပ်မလုပ်နဲ့တော့။ ပီးတော့ ငါ့ဆီကို မျက်လုံးပြာနဲ့ကြောင်နက်ကို ဖမ်းခေါ်လာခဲ့ပေး။ အဲ့လိုဆိုရင် မင်းကိုနောက်ထပ် လှူဒါန်းခွင့်ပေးမယ်၊ ဟုတ်ပီလား။”
ခွေးသည် ခဏကြာပြန်လှည့်ကြည့်နေကာ အဝေးသို့ထွက်ပြေးသွားလေတော့၏။
ရက်အနည်းငယ်ကြာပြီးနောက် ပိုင်ရှောင်ချန်းသည်အပြင်ထွက်ပြီး သားရဲများရှာဖွေမည်ပြုစဥ် ရုတ်တရက် တံခါးအပြင်ဘက်မှ ရင်းနီးနေသောခွေးဟောင်သံတခုကိုကြားလိုက်ရလေ၏။