Switch Mode

အခန်း ( ၁၃၁ )

ရောစပ်ခြင်းများ

ယစ်မူးနေသော ဝက်ဝံကြီး အဝေးသို့ ဒယိမ်းဒယိုင်ထွက်ခွာသွားသည်ကို ပိုင်ရှောင်ချန်းက လက်ကိုနောက်ဘက်တွင်ယှက်ကာ မတ်တတ်ရပ်ရင်းကြည့်နေသည်။ ထိုဝက်ဝံကြီးမှာ မထွက်သွားချင်သေးသောပုံစံဖြင့် နောက်သို့ သုံးကြိမ်တိတိ ပြန်လှည့်ကြည့်နေလေသည်။ ပိုင်ရှောင်ချန်းကမူ သူပြုလုပ်ခဲ့သည့် ကောင်းမှုကုသိုလ်များအကြောင်းတွေးရင်း ကျေနပ်နေတော့သည်။

နောက်လဝက်အတောအတွင်းတွင် သူက သားရဲမွေးမြူရေးခြံ ထဲသို့သွားကာ သေချာစိစစ်ရွေးချယ်ထားသည့်သားရဲများကို ဆက်၍ခေါ်ခေါ်လာသည်။ သားရဲသန္ဓေတည်ပန်းပွင့်ကြီးမှာ ထိုသားရဲများကိုဝါးမျိုသွားပြီး သူတို့က သာယာမှုများနှင့်ယစ်မူးနေသောပုံစံများဖြင့် ပြန်ထွက်လာပြီး ယိမ်းယိုင်နေသောခြေထောက်များဖြင့် အဝေးသို့ ထွက်ခွာသွားကြလေသည်။

ပိုင်ရှောင်ချန်းက သူရွေးချယ်သည့် သားရဲများကို သေချာသတ်မှတ်ထားပြီး အထူးခြားဆုံး သားရဲအကောင်နှစ်ရာထဲမှ အကောင်များကိုသာ ရွေးချယ်လေသည်။

သူက ထိုပန်းပွင့်ကို အံ့မခန်းအစွမ်းထက်သော သားရဲအား မွေးဖွားပေးစေလိုသည်။ ထို့ကြောင့် သူကတောထဲမှ အသန်မာဆုံး အကြီးမားဆုံးသော သားရဲများကိုသာ ရွေးချယ်ခြင်းဖြစ်သည်။

အဆုံးတွင် အကူအညီပေးထားကြသည့် သားရဲအကုန်လုံးမှာ မန္တန်အစီအရင် အပြင်ဘက်တွင် စုဝေးနေကြတော့သည်။ ပိုင်ရှောင်ချန်းပေါ်လာတိုင်း သူတို့က နောက်တစ်ခေါက်ဝင်ခွင့်ထပ်ပေးရန် အသံကုန်အော်ဟစ်နေကြလေသည်။

” လုံးဝ ခွင့်မပေးနိုင်ဘူး။ တစ်ခါ ကူညီပြီးရင်တော်ပီပေါ့။ ငါမင်းတို့ ထိခိုက်ဒဏ်ရာရမှာ မလိုလားဘူး။” ပိုင်ရှောင်ချန်းကမူ ခပ်ပြတ်ပြတ် ပြန်ပြောလေသည်။ အဆုံးတွင် ပိုင်ရှောင်ချန်းက ပန်ဂိုလွန်ကြီးကို အကူအညီပေးခိုင်းရန် ခေါ်ဆောင်လာလေသည်။ ထိုအခါမှသာ သူရွေးချယ်စရာ သားရဲအကောင်းစားများကုန်သွားပြီဖြစ်ကြောင်း သတိထားမိလိုက်လေသည်။

ထို့အပြင် သားရဲသန္ဓေတည်ပန်းပွင့်၏ ပွင့်ချိန်မှာ အကြာကြီးမဟုတ်ကြောင်း သူကသိထားလေသည်။ အဆုံးတွင် ထိုပန်းပွင့်က ၎င်း၏အတွင်းတွင်ရှိသော သားရဲမှာ ဘာကောင်ကြီးဖြစ်နေဖြစ်နေ မွေးထုတ်ပေးမည်သာဖြစ်သည်။ ထိုအခါ သူက အနည်းငယ် စိတ်ကသိကအောက်ဖြစ်လာလေသည်။

” အဆင်မပြေသေးဘူး။ ဒီသားရဲတွေနဲ့ဆို အဆုံးမဲ့အကောင်းမွန်ဆုံးသားရဲတစ်ကောင်ကို ဖန်တီးဖို့ မလုံလောက်သေးဘူးကွ။” သူက ထိုသို့ တွေးကာ သားရဲမွေးမြူရေးခြံ အပြင်သို့ထွက်ကာ မြောက်ခြမ်းတွင် လမ်းပတ်လျှောက်လိုက်တော့သည်။ တိရစ္ဆာန်အားလုံးကို လေ့လာကြည့်ရှုပြီးဖြစ်ရာ သူက ဂိုဏ်းသားများ၏ ကိုယ်ပိုင်သားရဲများနှင့် ရင်းနှီးလာလေသည်။ မည်သည့်သားရဲမှာ အနာဂတ်တွင် အကောင်းဆုံးကြီးထွားနိုင်မည်ကိုပင် သူက သိလေသည်။ ထို့အပြင် မည်သည့်သားရဲက အသန်မာဆုံးဖြစ်လာမည်ကိုလည်း သူကသိပေသည်။

” အမျိုးသမီးဂိုဏ်းဝင်တစ်ယောက်ဆီမှာ ဒေါင်းတစ်ကောင်ရှိတာ ငါအခုမှ အမှတ်ရတယ်။ အဲ့ဒေါင်းက အလားအလာအများကြီးရှိတယ်ဟ။ အဲ့ဒေါင်းဆို အဆင်ပြေလောက်တယ်ဟေ့။” သူကထိုသို့တွေးရင်း ထိုအမျိုးသမီးဂိုဏ်းဝင်၏ အိမ်ဆီသို့ ပြေးသွားလေသည်။

အိမ်အပြင်ဘက်တွင် ခဏစောင့်ပြီးသောအခါ ထိုမိန်းမငယ်မှာ ပေါ်လာသည်။ သူမသည် အပြင်စည်းဂိုဏ်း ထဲတွင် အလွန်နာမည်ကြီးပြီး အင်မတန်ချောမောလှပလေသည်။ သူမသည် ပိုင်ရှောင်ချန်း အနားသို့ရောက်လာသောအခါ သူက နွေးထွေးစွာပြုံးပြလိုက်ပြီး လိမ္မာပါးနပ်စွာဖြင့် စွမ်းဆောင်မှုရမှတ်အချို့ပေးလိုက်ကာ သူမ၏ ဒေါင်းဆီမှ အကူအညီရယူရန် တောင်းဆိုလိုက်သည်။ သူက သားရဲသန္ဓေတည်ပန်းပွင့်အကြောင်းကို မပြောသော်လည်း အခြားအချက်များကိုမူ အသေးစိတ်ရှင်းပြလိုက်လေသည်။

သူမ ငြင်းဆန်မည်ကို စိုးရိမ်သဖြင့် သူက နောက်တစ်ချက်ကိုပင် ဆက်၍ရှင်းပြရန် ဆုံးဖြတ်လိုက်သည်။

” မပူနဲ့နော်။ အဲ့အကူအညီပေးလို့ သားရဲမှာ ထိခိုက်မှုမရှိစေရဘူး။ အဲ့လိုကူညီဖူးတဲ့ သားရဲတိုင်း သာယာမှုနဲ့ ယစ်မူးနေတဲ့ ပုံတွေကြည့်ပဲ။ သူတို့အကုန် နောက်တစ်ခါ ထပ်လုပ်ချင်နေကြတာ ဒါပေမဲ့ သူတို့ရဲ့ သက်စောင့်စွမ်းအင်ကို ထိလိုက်မှာစိုးလို့ ငါကတော့ ခွင့်မပြုပါဘူး။”

ထိုစကားများကို ကြားလိုက်ရသည့်အခါ အမျိုးသမီးဂိုဏ်းဝင်၏ အမူအရာမှာ ကြောင်အန်းအန်းဖြစ်သွားသည်။ ‘အကူအညီပေးခြင်း’ ဆိုသည့်အရာကို သူမ သေချာနားမလည်သော်လည်း သူ၏ရှင်းပြချက်များကို ကြားပြီးသွားသောအခါ သူမမှာ ကြောက်လန့်ကာ မျက်လုံးများပြူးသွားတော့သည်။

” နှာ….နှာဗူးကောင်။” သူမက ဒေါသတကြီး ထအော်လိုက်သည်။ ဘာဆက်ပြောရမှန်း မသိတော့သဖြင့် သူမက ခြေဆောင့်ကာ ထွက်သွားလေတော့သည်။ ပိုင်ရှောင်ချန်းကမူ အနည်းငယ်စော်ကားခံလိုက်သည့်အလား ဖြစ်သွားပြီး ပါးစပ်အဟောင်းသား ကျန်ခဲ့တော့သည်။

” ငါက နင့်ရဲ့ ဒေါင်းကိုငှားပဲငှားမှာပါဟ။ မငှားချင်ဘူးလား။ ရတယ်။ ဒါပေမဲ့ ငါ့ကိုကျိန်ဆဲစရာတော့ မလိုဘူးထင်တာပဲနော။ ပိုင်ရှောင်ချန်းဆိုတဲ့ငါက နှာဗူးမဟုတ်ဘူးဟေ့။” အနည်းငယ်စိတ်ဓာတ်ကျသွားပြီး သူက သူ၏စာရင်းထဲမှ နောက်တစ်ယောက်ဆီသို့ ထပ်သွားလေတော့သည်။ နောက်ရက်များတွင် သူကက ဂိုဏ်းသားပေါင်းရာကျော်ကို လိုက်လံတောင်းခံခဲ့ပါသော်လည်း မည်သူကမှ လက်မခံပေ။ အချို့ဆိုလျှင် သူ့ကို ထူးဆန်းသောအမူအရာများဖြင့် ကြည့်နေကြလေသည်။

ပိုင်ရှောင်ချန်းက သက်ပြင်းချကာ လူတိုင်းကငြင်းဆိုနေသည့်အတွက် ထိုအကြံကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။ အခြား စဥ်းစားစရာမကြံတော့၍ သူက ဒုတိယအကောင်းဆုံးသားရဲများကိုသာ ရွေးရန်ကြံလိုက်ပြီး သားရဲမွေးမြူရေးခြံမှ ကျန်သားရဲများကို စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း သူက လက်လျှော့တော့မည်ကြံလိုက်စဥ်မှာပင် ထိုသတင်းက ဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ပိုင်ရှောင်ချန်းကို ဂိုဏ်းသားများစွာက အထူးတဆန်းကြည့်နေကြပြီး အတင်းများတုတ်နေကြတော့သည်။

” ကြားပြီးကြပြီလား။ ပိုင်ရှောင်ချန်းမှာ အလွန်ထူးဆန်းတဲ့ ဝါသနာတစ်ခုရှိတယ်ဆိုတာ…”

” ပြီးခဲ့တဲ့ ရက်အနည်းငယ်တုံးက သူက လူတွေဆီက သားရဲတွေကို လိုက်ငှားနေတာတဲ့။ သူက အကူအညီပေးခြင်းဆိုလား ပြောနေတာပဲ။ အဲ့အကူအညီကဘာလဲဆိုတာ မသိရင် ဒီလာခဲ့။ ငါရှင်းပြမယ်။”

” အို… အဲ့လိုကြီးလား။ ဘုရားရေ။ ပိုင်ရှောင်ချန်းက သားရဲတွေကိုသုံးပြီး အဲ့လိုအဲ့လိုလုပ်နေတာယုံဖြင့်မယုံနိုင်……. ဘုရားရေ။ တကယ်ကြီးလား။”

” ကောလာဟလ များမှာ ဆက်တိုက်ပင်ပျံ့နှံ့နေတော့သည်။ ပိုင်ရှောင်ချန်းကို ဘာမှမလုပ်နိုင်ကြောင်း မြောက်ဘက်ဂိုဏ်းသားများကသိသွားသောအခါ သူ့ကိုဒုက္ခရောက်စေချင်သည့်စိတ်များမှာ ချောက်တွန်းလိုသည့်စိတ်များအဖြစ် ပြောင်းလဲသွားတော့သည်။ ထို့ကြောင့် ရက်အနည်းငယ်အကြာတွင် လူတိုင်းမှာ ထိုကောလာဟလများကို သိသွားလေတော့သည်။

” ပိုင်ရှောင်ချန်းဘာလို့ မြောက်ခြမ်းကိုလာရသလဲဆိုတာ မင်းတို့သိလား။ အဲ့တာ သားရဲတွေကြောင့်ကွ။ သူက အဲ့သားရဲတွေကို ထူးထူးခြားခြားကို နှစ်ခြိုက်နေတာ။”

“အခုမှ သဘောပေါက်တယ်။ သူအဲ့ ကာမစိတ်ရွှင်ဆေးကို ဖန်တီးခဲ့တာ မဆန်းပါဘူးကွ။ အခုတော့ အကုန်လုံးက ဘူးပေါ်သလိုပေါ်ကုန်ပြီ။ သူကိုယ်တိုင်ကိုက အဲဆေးသုံးချင်နေတာနေမှာ….”

” လက်ရွေးစင်တွေက အမြဲတမ်း အများနဲ့မတူတဲ့ ဝါသနာတွေရှိနေကြပါပဲ။ ငါသိချင်တာက သူက သားရဲအထီးတွေကိုပိုကြိုက်တာလား အမတွေကိုပိုကြိုက်တာလားဆိုတာပဲ။”

” ဘုရားရေ။ မင်းမလို့ အဲ့တာတွေသိချင်နေတယ်။ ရှုး တိုးတိုး။ ဒီမှာငါပြောမယ်။ မင်းမေးခွန်းရဲ့အဖြေကို ငါသိပြီထင်တယ်။”

ပိုင်ရှောင်ချန်းက ထိုကောလာဟလများကို ကြားသောအခါ ဆွံ့အနေတော့သည်။ အဆိုးဆုံးအရာတစ်ခုမှာ ညနေစောင်းတစ်ခုတွင် မျက်လုံးပြာကြောင်တစ်ကောင်နှင့်၎င်း၏ပိုင်ရှင် အမျိုးသမီးဂိုဏ်းသူတစ်ယောက်ကို တွေ့ခဲ့စဥ်ကဖြစ်သည်။ သူက အနည်းငယ် စပ်စုလိုသဖြင့် လှမ်းကြည့်လိုက်သည်ကို ထိုအမျိုးသမီးက သတိထားမိသွားသဖြင့် အသံကုန်အော်ဟစ်ကာ ထွက်ပြေးသွားခြင်းပင်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ မယုံကြည်နိုင်ဖြစ်နေကာ အစော်ကားခံလိုက်ရသလို ခံစားနေတော့သည်။ သူက လူများကို လိုက်လံရှင်းပြသောအခါ သူတို့က နားလည်ဟန်ပေါ်သော်လည်း ကောလာဟလများမှာ ကြီးကြီးလာစမြဲပင်။

” အနိုင်ကျင့်တဲ့ကောင်တွေကွာ။ ပိုင်ရှောင်ချန်းဆိုတဲ့ငါ မြောက်ခြမ်းကို ဆင်းဆင်းရဲရဲလာရတာ မလွယ်ဘူးကွ။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ဘယ့်သူ့ကိုမှလည်း ရန်မစမိပါဘူး။ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလိုမျိုး ကျင့်ကြံနေထိုင်နေတာတောင်မှ မင်းတို့ကောင်တွေက ဒီလောက်ကြီးထိ လုပ်တယ်ပေါ့ ဟုတ်လား။ သွားပုတ်လေလွင့် ပြောတဲ့ကောင်တွေကွာ…” ပိုင်ရှောင်ချန်းမှာ ဒေါသတထောင်းထောင်းထကာ မျက်လုံးများမှာ နီရဲနေပြီး အံတကြိတ်ကြိတ်ဖြစ်နေတော့သည်။

” မင်းတို့ တော်တော်လွန်နေပြီနော်။ မင်းတို့တောင် ငါ့ကို သွားပုတ်လေလွင့်ပြောကြသေးတာပဲ။ ငါလည်း မင်းတို့ရဲ့သားရဲတွေကို ငါ့ဟာငါ ရအောင်ယူပြမယ်။” သူက ဒေါသတကြီးဖြင့် ဟစ်ကြွေးလိုက်ချိန်တွင် သူ၏နောက်ကျောကို လေပြေတစ်ခုက တိုက်ခတ်သွားလေသည်။ သူကနောက်သို့လှည့်ကြည့်လိုက်သောအခါ မည်သူ့ကိုမှမတွေ့လိုက်သော်လည်း ရှေ့နောက်ယိမ်းထိုးနေသည့် သစ်ပင်တစ်ပင်ကို မြင်လိုက်ရသည်။

ထို့နောက် အနက်ရောင်ပုံရိပ်တစ်ခုက သူ့ဆီပြေးလာနေပြီး သူ့ဝမ်းဗိုက်ကို ကိုက်ရန် ပါးစပ်ဟလိုက်လေသည်။ စပ်ဆုပ်ဖွယ်မေးရိုးကြီးများက ကြောက်မက်ဖွယ်အားကြီးတစ်ခုနှင့်အတူ ပိတ်သွားလေသည်။

သို့သော်လည်း ပိုင်ရှောင်ချန်းမှာ ချီစုစည်းမှုအဆင့်တစ်ဆယ်တွင် ရောက်နေပြီဖြစ်သည်။ ထို့အပြင် နက်နဲစွာဥာဏ်အလင်းပွင့်ခြင်းအဆင့်မှ နိုးထလာပြီးထဲက သူ၏အာရုံခံနိုင်စွမ်းများမှာ လွန်စွာမြင့်မားနေပြီဖြစ်သည်။ ထို့ကြောင့် သူက ဖြစ်ပျက်နေသည်များကို ချက်ချင်းပင်သိလိုက်ပြီး နောက်သို့ ချက်ချင်းဆုတ်လိုက်လေတော့သည်။

သူထို့သို့နောက်ဆုတ်လိုက်သောအခါ ဓားသွားကဲ့သို့ချွန်ထက်သည့်သွားများက သူ၏ရှေ့ကတစ်မီတာကျော်ကျော်လောက်ရှိသော လေများကို ကိုက်မိသွားတော့သည်။ ထိုကိုက်ချက်၏စွမ်းအားမှာ ကြီးလွန်းလှ၍ အသံနှင့်ပင် တုန်လှုပ်ဖွယ်ကောင်းပေသည်။ အမုန်းတရားများနှင့် ပြည့်နှက်နေသည့် ကိုက်ချက်တစ်ခုအလားပင်။

ထိုအနက်ရောင်ပုံရိပ်မှာ ခွေးမည်းကြီးဖြစ်သော ညမင်းသား သားရဲကြီးပင်ဖြစ်သည်။ ညအချိန်ရောက်နေပြီဖြစ်၍ ၎င်းမှာ နေ့အခါကထက်ပင် ပိုမြန်နေလေသည်။ ပိုင်ရှောင်ချန်းကို ဒုတိယအကြိမ် ချုံခိုတိုက်ခိုက်သည်မှာ မအောင်မြင်လိုက်သဖြင့် ထိုခွေးကြီးက လှည့်ပြေးရန်ပြင်လိုက်လေသည်။

” လာပြန်ပြီ မင်းပဲ။” ပိုင်ရှောင်ချန်းကမူ ခေါင်းခဲနေပြီး လည်ပင်းများအထိ ချွေးများစီးကျနေတော့သည်။ သူကကျောချမ်းသွားပြီး တုံ့ပြန်ချိန်အနည်းငယ်သာနောက်ကျလိုက်ပါက ထိုခွေးမှာ သူ့ကိုကိုက်မိမှာ အသေအချာပင်။

အကိုက်ခံလိုက်ရပါက ဘာဆက်ဖြစ်မည်ကို သူတွေးမိလိုက်သောအခါ တစ်ကိုယ်လုံးတုန်ရီနေတော့သည်။ ထာဝရအရေပြားပေါ်တွင် သူ့အသက်ကို ဝကွပ်ပုံအပ်ထား၍ မရနိုင်ပေ။

” သောက်ကျိုးနည်း ခွေးနက်ကြီးကွား။ သူလုပ်လို့ ဂုဏ်ထူးဆောင်မျိုးဆက်တစ်ခု ပျက်သုဥ်းတော့မလို့။” သူက ထိုခွေးကြီးအဝေးသို့ ပြေးထွက်သွားသည်ကို ဒေါသတကြီး စိုက်ကြည့်နေတော့သည်။

” မင်းတို့ အနိုင်ကျင့်တာ သည်းမခံနိုင်တောဘူးဟေ့။ မြောက်ခြမ်းကဂိုဏ်းသားတွေ အနိုင်ကျင့်တာက တစ်ပိုင်းကွာ။ အခုတော့ ခွေးကြီးတစ်ကောင်ကပါ ငါ့ကို အနိုင်ကျင့်ချင်နေတာတဲ့လား။ အရင်ခေါက်တုံးကတော့ မင်းကိုသနားလို့လွှတ်ပေးလိုက်တာ ဒီတစ်ခေါက်တော့ မင်း မလွတ်ဘူးသာမှတ်တော့။” ထိုသို့ပြောကာ သူ၏နောက်တွင် တောင်ပံများကို ထုတ်လိုက်ပြီး လှုပ်ရှားလိုက်လေတော့သည်။

လူတစ်ယောက်နှင့် ခွေးတစ်ကောင်တို့မှာ မြောက်ခြမ်းထဲတွင် လျင်မြန်စွာ အပြေးပြိုင်နေကြတော့သည်။

ထိုခွေးမှာ အလွန်လျင်မြန်လှပြီး နယ်မြေများကိုလည်း ကျွမ်းကျင်လေသည်။ ပိုင်ရှောင်ချန်းမှာ ကောင်းကင်ကြီးလုံးဝမှောင်လာသည်အထိ တစ်နာရီနီးပါးလောက် သူ့ကိုလိုက်ဖမ်းနေလေသည်။ သူက မမိနိုင်သေးသော်လည်း ဒေါသများမှာ မပြေပျောက်နိုင်သေးပေ။ သူချုံခိုတိုက်ခိုက်ခံရပြီး ထိုတိုက်ခိုက်သူက သူ့ကိုထားခဲ့သည့်အချက်ကြောင့် သူကစိတ်တိုသထက်တိုလာတော့သည်။

ဤအချိန်တွင်မူထိုခွေးနက်ကြီးမှာ ပိုင်ရှောင်ချန်း၏ အမုန်းဆုံးအရာများစာရင်းထဲတွင် နံပါတ်နှစ်နေရာသို့ ရောက်သွားပြီဖြစ်သည်။ နံပါတ်သုံးနေရာတွင် အကြီးအကဲကျိုး၏ ဖီးနစ်ငှက်ရှိပြီး နံပါတ်တစ်တွင်ကား ဖျတ်လတ်လှသော ထူးခြားဆန်းပြား စကားပြောတတ်သည့် ယုန်ကလေးပင်ဖြစ်သည်။ ထိုယုန်ထံမှ နံပါတ်တစ်နေရာကိုတော့ မည်သည့်အရာမှ လုယူနိုင်မည်မဟုတ်။

” မင်းကို ကမ္ဘာအဆုံးထိလိုက်ဆိုရင်တော့ လိုက်မှာစေဟေ့။” ထို့သို့အော်ကာ ထာဝရရှင်သန်နည်းပညာရပ်ကိုအစွမ်းကုန်သုံးချလိုက်သဖြင့် ငွေရောင်အလင်းတန်းများ သူ့ဘေးတွင် လက်လာပြီး သူ၏တောင်ပံများကလည်း သံလိုက်စွမ်းအင်များနှင့်အတူ တဖတ်ဖတ်ဖြစ်နေတော့သည်။ သူ၏ အမြန်နှုန်းမှာ ချက်ချင်းပင် နှစ်ဆဖြစ်သွားတော့သည်။

သူက ထိုခွေးကြီးဆီသို့ ပြေးသွားသည်မှာ နောက်တွင် ပုံရိပ်ယောင်အတန်းလိုက်ကြီးသာ ကျန်ခဲ့တော့သည်။ ထိုအချိန်တွင် ထိုခွေးကြီးမှာ ဂူတစ်ခုထဲသို့ လျှိုဝင်ရန်ပြင်လိုက်ပါသော်လည်း မဝင်ရသေးခင်တွင်ပင် ပိုင်ရှောင်ချန်းက သူ့ကို လှမ်းဖမ်းလိုက်တော့သည်။

သူ၏လက်မှာနီးလာသောအခါ ခွေးနက်ကြီး၏ မျက်လုံးများများမှာကြက်သွေးရောင်ပြောင်းသွားကာ ခေါင်းကို အရူးအမူး လှည့်လိုက်တော့သည်။ သူက သူ၏ဘေးကင်းမှုကို လျစ်လျူရှုကာ ပိုင်ရှောင်ချန်း၏ ဗိုက်ဆီသို့ ခုန်လိုက်ကာ ကိုက်ရန်ပြင်လိုက်လေသည်။

ခွေးကြီးမှာ ချုံခိုတိုက်ခိုက်ခဲ့ရာမှာပင် မအောင်မြင်ခဲ့သဖြင့် ပိုင်ရှောင်ချန်း ကဒေါသတကြီးဖြင့်၎င်းကိုလိုက်ဖမ်းချိန်တွင်ကား အောင်မြင်မည်လားဆိုသည်မှာ မေးစရာပင်မလိုတော့ပေ။ ခွေးကြီး၏ မေးရိုးများမှာ ကိုက်ပင်မကိုက်ရသေး ပိုင်ရှောင်ချန်း၏လက်က ၎င်း၏လည်ပင်းကိုညှစ်လိုက်သဖြင့် ဂလုပ်ဂလုပ်ဟူသောမြည်သံများ ထွက်လာတော့သည်။

သူ၏လက်မှာ သံညှပ်တစ်ခုအလားဖြစ်နေသဖြင့် ခွေးနက်ကြီးမှာ ရုန်းထွက်မရဖြစ်နေတော့သည်။

” ဟွန်း။ မင်းဘယ်လောက်စွမ်းသလဲ အခုကြည့်ကြသေးတာပေါ့ကွာ။” ပိုင်ရှောင်ချန်းက အံကြိတ်ရင်း သားရဲမွေးမြူရေးခြံသို့ပြန်သွားကာ မကြာမီ ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦသို့ရောက်သွားတော့သည်။ ခွေးကိုမည်သို့ အပြစ်ပေးရမည်နည်းကို စဥ်းစားနေရင်း သူက သားရဲသန္ဓေတည်ပန်းပွင့်ကို လှမ်းကြည့်လိုက်သည်။

သူ၏နှလုံးသားတစ်ချက်ခုန်သွားပြီး သူက ကြောက်မက်ဖွယ်ရယ်မောလိုက်တော့သည်။ ထိုသို့ရယ်ကာ သူကခွေးကြီးကို သားရဲသန္ဓေတည်ပန်းပွင့်ဆီသို့ လှမ်းပစ်လိုက်သဖြင့် ထိုပန်းပွင့်ကြီးမှာ ခွေးကိုချက်ချင်း မျိုချလိုက်လေသည်။

နှစ်နာရီကြာသောအခါ ပန်းပွင့်၏အပေါက်မှာ ပွင့်လာပြီး ခွေးနက်ကြီးမှာ တွားသွားရင်းထွက်လာတော့သည်။ ၎င်း၏မျက်လုံးထဲတွင် အမုန်းတရားများနှင့် ရူးသွပ်မှုများကိုတွေ့ရသော်လည်း အခြားသော ခံစားချက်များပါ ရောနေတော့သည်။ သိပ်မကြာခင်တွင် ၎င်းကပိုင်ရှောင်ချန်းကို ခုန်အုပ်လိုက်သဖြင့် သူကထိုခွေးကို ဆုပ်ကိုင်ကာ ပန်းပွင့်ထဲသို့ ထပ်ပစ်လိုက်လေသည်။

နောက်နှစ်နာရီထပ်ကြာသော် ခွေးမှာပြန်ပေါ်လာပြီး စောစောကလိုပင် ဒေါသထွက်နေသေးသည်။ ပိုင်ရှောင်ချန်းကမူ ထိုခွေးကို ပန်းပွင့်ထဲသို့ ထပ်ပစ်ထည့်လိုက်လေသည်။

လေးကြိမ်မြောက်ထွက်လာသောအခါ ထိုခွေးမှာ ခြေထောက်များမှာ ယိုင်နေတော့သည်။ မြေကြီးပေါ်သို့ ဟောဟဲဆိုက်ကာ လဲကျသွားတော့သည်။

“ကြောက်ပြီလား။ ငါ့ကို ထပ်ရန်စကြည့် ငါမင်းကို….” ပိုင်ရှောင်ချန်းမှာ အေးစက်စက် နှာမှုတ်ကာ ပြောနေပါသော်လည်း စကားပင်မဆုံးလိုက်ပေ။ ထိုခွေးကြီးမှာ သူ့ကိုမော့ကြည့်ပြီး ရှိရှိသမျှအားဖြင့် လှမ်းကိုက်လိုက်ပြန်သည်။ ပိုင်ရှောင်ချန်းမှာ ဒေါသထွက်သွားပြီး ခွေးကြီးကို ကိုင်ကာ ပန်းပွင့်ထဲသို့ထပ်၍ ပစ်ထည့်လိုက်ပြန်သည်။ နောက်ထပ်ငါးကြိမ်ပစ်ထည့်သည်ဖြစ်ရာ စုစုပေါင်း ကိုးကြိမ်ထိပင်ရှိလေသည်။

ကိုးကြိမ်မြောက်ပြီးတွင် ခွေးကြီးမှာ ပိန်လှီကာ ပင်ပန်းနွမ်းနယ်နေတော့သည်။ ထို့ကြောင့်ပိုင်ရှောင်ချန်းက ၎င်းကိုချီလိုက်သောအခါ ၎င်းကသနားသမားအူနေသဖြင့် ပိုင်ရှောင်ချန်းမှာ သနားသွားတော့သည်။

” ကဲ မင်းအခုဘယ်သူ့ကိုကြောက်ရမယ်ဆိုတာ သိပြီလား။ ငါ့ကိုထပ်ရန်မစနဲ့တော့။ လက်ရွေးစင်တိုက်ပွဲမှာတုံးက ငါက ရွေးစရာမရှိလို့ မင်းကို အဲ့လိုလုပ်ခဲ့ရတာပါကွ။” သူက ခွေးကြီးကို ပွတ်သတ်ပေးကာ ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦအပြင်ဘက်သို့ ထုတ်လိုက်တော့သည်။ ခွေးကြီးမှာ ရှိသမျှအားကိုသုံးကာ အဝေးသို့ထွက်ပြေးသွားတော့သည်။ ခပ်ဝေးဝေးသို့ရောက်သောအခါ ထိုခွေးကြီးက ပျော်ရွှင်ဖွယ်အမှတ်တရများကို စမြုံပြန်နေသည့်အလား နောက်သို့ လှည့်ကြည့်နေလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset