ပိုင်ရှောင်ချန်းသည် ကြောင်စီစီဖြစ်နေဆဲပင်။ သူ၏အသိစိတ်ပြန်ဝင်လာပြီဖြစ်သော်လည်း အာရုံဝင်စားစဥ်က ပုံရိပ်ယောင်ကမ္ဘာထဲသို့ရောက်သွားသည့်အခြေအနေမှ ပြန်လည်အသားမကျသေးပေ။ သူ့ပတ်ဝန်းကျင်ရှိ လက်တွေ့ကမ္ဘာသည် အစစ်အမှန်မဟုတ်သလိုပင်ခံစားနေရသည်။
မကြာမီ တရားစီရင်ရေးဆောင်ရှိဂိုဏ်းသားများသည် သူ့ကိုသတိထားမိသွားကြပြီး စိုက်ကြည့်နေကြလေ၏။ ပရိသတ်ထဲရှိ အပြင်စည်းဂိုဏ်းသားများသည် အံ့အားသင့်ကုန်ကြပြီး တစ်ယောက်တစ်ပေါက်အော်ဟစ်ပြောဆိုနေကြလေ၏။
“ရက် ၁၃၀ တောင်ရှိသွားပြီ”
“သူက ဂိုဏ်းတူအကိုကြီးဝိညာဥ်စွယ်ထက် ငါးဆလောက်ကြိုးစားခဲ့ရပြီးမှ အတွင်းကျကျဉာဏ်အလင်းရခဲ့တယ်။ ပြီးတော့ ငါးဆလောက်ကြာအောင် အာရုံဝင်စားနေပြန်တယ်။”
တကျွက်ကျွက်အော်ဟစ်နေကြသောအပြင်စည်းဂိုဏ်းသားများသည် ကျောက်စိမ်းပေလွှာများအား အလျင်အမြန်ထုတ်ကာ ပိုင်ရှောင်ချန်းနိုးထလာပြီဖြစ်ကြောင်း မိတ်ဆွေများအား အကြောင်းကြားလျက်ရှိသည်။ မကြာမီပင် ထိုသတင်းကိုကြားသိရသော မြောက်ပိုင်းဂိုဏ်းသားများသည် တရားစီရင်ရာစင်မြင့်ဆီသို့ အပြေးအလွှားရောက်ရှိလာကြလေ၏။
ပိုင်ရှောင်ချန်းသည် တရားစီရင်ရာစင်မြင့်၏ရုပ်ထုအောက်တွင် ကြောင်စီစီထိုင်နေကာ သူ၏ညာဘက်လက်ကို ဖြည်းညင်းစွာမလျက် အရှေ့ဘက်သို့တွန်းထုတ်လိုက်လေ၏။
“ရွှယ်ကျဲ…” သူကရေရွတ်လိုက်လေသည်။
လူအနည်းငယ်သည် သူ့ရေရွတ်လိုက်သံကို ကြားလိုက်ရလေ၏။ သို့သော် ထိုစကားလုံးသူ၏နှုတ်ဖျားမှထွက်သွားပြီးချင်းမှာပင် ကျယ်လောင်လှသောမိုးခြိမ်သံကဲ့သို့အသံများထွက်ပေါ်လာရာ ကောင်းကင်နှင့်မြေကြီးပင် လှုပ်ခါသွားလေ၏။ အသံသည်ကျယ်လောင်လှရာ လူများ၏နားတည့်တည့်ကို ကောင်းကင်မှမိုးကြိုးပစ်ချလိုက်သကဲ့သို့ဖြစ်နေလေ၏။
ဝုန်း… ဝုန်း… ဝုန်း…
ကျယ်လောင်လှသောပေါက်ကွဲသံသုံးခုကြောင့် လူများအားလုံးရင်ထဲတသိမ့်သိမ့်တုန်သွားလေ၏။ တချိန်တည်းမှာပင် အကန့်အသတ်မရှိသောရေငွေ့များ အရပ်ရှစ်မျက်နှာသို့ လွင့်စင်ထွက်လာလေတော့သည်။
ကိုးမီတာ… မီတာသုံးဆယ်… မီတာတစ်ရာ့ငါးဆယ်… မီတာသုံးရာ… မီတာခြောက်ရာခန့်ပင် လွင့်စင်လာလေ၏။
မီတာခြောက်ရာခန့်ကျယ်ပြီး အကန့်အသတ်မရှိသောရေငွေ့များက ပိုင်ရှောင်ချန်းကိုဝန်းရံထားသည်။ ရေငွေ့ကြောင့် မြင်နိုင်စွမ်းများလျော့ကျကုန်ကာ ပတ်ဝန်းကျင်ကိုသဲသဲကွဲကွဲမမြင်ရတော့ပေ။ ထို့အပြင် ရေငွေ့များကြားထဲသို့ရောက်နေသောဂိုဏ်းသားအားလုံးသည် အားပြင်းသောတွန်းအားတခုက သူတို့ကိုတွန်းထုတ်လိုက်သောကြောင့် အလွန်အံ့အားသင့်နေကြလေသည်။
တွန်းအားသည် အလွန်ပြင်းထန်သောကြောင့် ဂိုဏ်းသားတစ်ယောက်မှ ပြန်လည်တွန်းလှန်ခြင်းမပြုနိုင်ကြပေ။ မျက်စိတမှိတ်အတွင်းမှာပင် သူတို့အားလုံးတွန်းထုတ်ခံလိုက်ရလေရာ ပိုင်ရှောင်ချန်း၏ဘေးပတ်လည် မီတာသုံးရာဝန်းကျင်တွင် မည်သူမှမရှိတော့ပေ။
ရေငွေ့များကြောင့်ဖြစ်ပေါ်လာသောမြူခိုးမြူငွေ့များသည် မိုးပေါ်သို့ပျံတက်သွားလေရာ ကောင်းကင်နှင့်မြေကြီးတို့၏စွမ်းအင်များကိုပါ ဝင်ရောက်ပြောင်းလဲပစ်လိုက်လေသည်။ ရေငွေ့များသည် ဝဲကတော့ကဲ့သို့စတင်လည်ပတ်နေလေရာ ကြည့်ရှုနေကြသောဂိုဏ်းသားအားလုံးမှာ ရင်သပ်ရှူမဆုံးဖြစ်နေကြလေ၏။ ဂိုဏ်းသားများသည် ဝိညာဥ်စွယ်က ဝိညာဥ်ခေါ်သံ ကိုထုတ်ဖော်လိုက်စဥ်က ထွက်ပေါ်လာသော လက်သည်းများနှင့်သရဲလက်ကြီးကို ပြေးမြင်မိကြလေ၏။
ထိုအရာသည် ချီစုစည်းမှုဂိုဏ်းသားများထုတ်ဖော်ရန်မဖြစ်နိုင်သော လျှို့ဝှက်မှော်ပညာရပ်ဖြစ်လေရာ မြောက်ပိုင်းဂိုဏ်းသားများသည် ဝိညာဥ်စွယ်အပေါ်လေးစားအားကျမှုများဖြစ်လာသည်သာမက ကြောက်ရွံ့ထိတ်လန့်မှုများလည်းဖြစ်ပေါ်လာလေ၏။ ယခုအခါပိုင်ရှောင်ချန်းအပေါ်တွင်လည်း ထိုကဲ့သို့ခံစားနေရပြန်လေ၏။
များပြားလှသောဂိုဏ်းသားများက ထိုမြင်ကွင်းကိုအပြေးအလွှားလာကြည့်ကြသည်နှင့်အမျှ ပင့်သက်ရှိုက်သံများထွက်ပေါ်လာလေ၏။ အများစုသည် အတွင်းစည်းဂိုဏ်းသားများဖြစ်ပြီး ထိုအထဲတွင် ပေဟန်လဲ့၊ ကုန်းစွန်းမောင်နှမနှင့် ရွှီဆုန်တို့ပါဝင်လေသည်။
ဝဲကတော့ပုံရေငွေ့များနှင့် ပိုင်ရှောင်ချန်းကိုသူတို့မြင်လိုက်ရသောအခါ အလွန်အံ့အားသင့်နေကြလေ၏။
“ရွှယ်ကျဲကော်တု”
“သူကျင့်ကြံနေတာအောင်မြင်သွားတာပဲဖြစ်မယ်။ ဒါပေမယ့် ဘယ်လိုသက်စောင့်ဝိညာဥ်မျိုးကို သူရသွားတာပါလိမ့်။”
ဝိညာဥ်စွယ်သည် လေပေါ်တွင်ပျံဝဲနေကာ ပိုင်ရှောင်ချန်းကိုငုံ့ကြည့်နေလေ၏။ တိုက်ခိုက်လိုသောအရိပ်အယောင်များ သူ့မျက်ဝန်းထဲတွင်ပေါ်နေသော်လည်း သူအလျင်အမြန်ထိန်းချုပ်ထားလိုက်နိုင်၏။
ဂိုဏ်းသားများအံ့သြတုန်လှုပ်စွာကြည့်ရှုနေကြစဥ် မြောက်ပိုင်း၏ တောင်ထိပ်သခင်လေးဦးနှင့်အတူ လီချင်းဟောက်ပါရောက်ရှိလာကြလေ၏။
“ကျုပ် ပိုင်ရှောင်ချန်းရဲ့သက်စောင့်ဝိညာဥ်ကို မြင်ဖူးချင်လှပြီ။”
“သူကရွှယ်ကျဲကော်တုကို ထုတ်လွှတ်လိုက်တာပဲရှိသေးတာ… ဒါတောင်မှ စွမ်းအားက အံ့မခန်းပါပဲ။ အထဲမှာဘယ်လိုနေမလဲ ကျုပ်သိချင်လှပြီ။”
လီချင်းဟောက်၏မျက်နှာတွင်ပျော်ရွှင်ဝမ်းမြောက်နေသည့် အရိပ်အယောင်များပေါ်ထွက်လာသည်။ ပိုင်ရှောင်ချန်းတယောက် အတွင်းကျကျဉာဏ်အလင်းရခြင်းကနေနိုးထလာပြီးနောက် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ပြင်းပြစွာမျှော်လင့်တကြီးစောင့်ကြည့်နေသည်။
လူအများကြည့်နေကြစဥ် ပိုင်ရှောင်ချန်းသည် ခေါင်းကိုဖြည်းညင်းစွာမော့လိုက်သည်။ သူ့မျက်လုံးများသည် ကြောင်စီစီဖြစ်နေဆဲဖြစ်ကာ ရုတ်တရက် သူ့ညာဘက်လက်ကိုပြန်ချလိုက်သည်။
“…ကော်တု…” သူတီးတိုးရေရွတ်လိုက်သည်။
ထိုအချိန်မှာပင် ပိုင်ရှောင်ချန်းဆီမှအမျိုးအမည်ဖော်မပြနိုင်သောမွှေးရနံ့တခုထွက်ပေါ်လာပြီး ထိုနေရာတဝိုက်လွင့်ပျံ့လာလေရာ ကြည့်ရှုနေကြသောပရိသတ်များဆီမှ ပင့်သက်ရှိုက်သံများထွက်ပေါ်လာလေ၏။
ပိုင်ရှောင်ချန်းအနီး မီတာခြောက်ရာဝန်းကျင်တွင် မြူများအုံ့ဆိုင်းနေကာ အရာအားလုံးကိုသဲသဲကွဲကွဲမမြင်ရပေ။ ယခုအခါ အုံ့ဆိုင်းနေသောရေငွေ့များသည် ရေအိုင်လေးတခုအသွင်သို့ပြောင်းလဲသွားလေ၏။
ရေအိုင်ထဲမှသားရဲတကောင်၏ဟိန်းဟောက်သံထွက်ပေါ်လာလေ၏။ ဟိန်းဟောက်သံသည်ထူးခြားဆန်းကြယ်ပြီး အခြားမရေမတွက်နိုင်သောသားရဲများ၏အသံများ ပေါင်းစပ်ထားသည်နှင့်တူလေ၏။
ဝေါင်း….
မိုးကောင်းကင်တခုလုံးတုန်ခါသွားပြီး မြေကြီးများတဆတ်ဆတ်လှုပ်ခတ်ကုန်သည်။ အသံကိုကြားလိုက်ရသူတိုင်းသည် ကျင့်ကြံခြင်းအခြေခံအဆင့်မည်မျှရှိနေပြီဖြစ်စေ၊ တုန်လှုပ်ခြောက်ခြားကုန်ကြ၏။ တချိန်တည်းမှာပင် ကွဲပြားသောပြင်းအားများက လူမျာအားလုံးအပေါ်သို့ကျရောက်လာလေ၏။
ဟိန်းဟောက်သံပဲ့တင်ထွက်လာသည်နှင့် မြောက်ပိုင်းဂိုဏ်းသားများပိုင်ဆိုင်သောသားရဲကောင်များသည် ခေါင်းကိုနောက်ပစ်ကာ မာန်ပါပါဟိန်းဟောက်အော်မြည်နေကြလေ၏။ သားရဲများသည် ချက်ချင်းပင် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြလေ၏။
သားရဲမွေးမြူရေးခြံတွင် ထောင်ချီသောသားရဲများသည် တပြိုင်တည်းဟိန်းဟောက်အော်ဟစ်နေကြလေ၏။ မကြာမီပင် မြောက်ပိုင်းရှိသားရဲကောင်များအားလုံးပေါင်းစည်းသွားကြပြီး နားအူမတတ်ကျယ်လောင်ဆူညံလှသောအူသံများ အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားလေ၏။ မြောက်ပိုင်းဂိုဏ်းသားများအားလုံးထိတ်လန့်တုန်လှုပ်နေကြလေပြီ။
“ပိုင်ရှောင်ချန်းက ရွှယ်ကျဲကော်တုကျင့်ကြံပြီး ဘယ်လိုသက်စောင့်ဝိညာဥ် ရသွားတာလဲကွာ…”
“ဘုရားရေ… သူဘယ်လိုများလုပ်လိုက်ပါလိမ့်။” ဂိုဏ်းသားများသည် သွေးပျက်နေကြပြီး သူတို့၏တိုက်ပွဲဝင်သားရဲများကို ထိန်းချုပ်ရန်ကြိုးစားနေကြလေ၏။ အတွင်းစည်းဂိုဏ်းသားများ၏တိုက်ပွဲဝင်သားရဲများသည် မတူညီသောသွေးမျိုးဆက်များရှိနေသောကြောင့် သူတို့၏တုံ့ပြန်မှုမှာ ပို၍အားကောင်းပြီး ပို၍လည်းပြင်းထန်လေရာ ရူးသွပ်သွားသကဲ့သို့ပင်ထင်ရလေသည်။
လူအုပ်သည် သားရဲများကိုထိန်းချုပ်နေကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြကာ ဟိန်းဟောက်သံများဖြင့်ဆူညံနေလေ၏။
မီတာခြောက်ရာအကျယ်ရှိသောရေအိုင်သည် အခြားပြင်ပကမ္ဘာမှတစုံတခုကထိုးထွက်လာတော့မလို တွန့်လိမ်ကာပေါက်ကွဲထွက်တော့မည့်ဟန်ဖြစ်နေလေ၏။ ထို့ပြင်အခြားပြင်ပကမ္ဘာမှ မမြင်ရသောသားရဲတကောင်က ဤလောကထဲသို့ထိုးထွက်ရန်ကြိုးစားနေသကဲသို့ဖြစ်နေလေ၏။
ရုတ်တရက် ရေအိုင်ငယ်လေးသည် ပြင်းထန်စွာလှုပ်ခတ်သွားပြီး ရေအိုင်အလယ်မှကြီးမားသောတောင်ထိပ်တခု ထိုးထွက်လာလေ၏။
ထိုအရာသည် အလွန်ကြီးမားလှပေသည်။ သို့သော်ပို၍ အနီးကပ်ကြည့်ရှူလိုက်မည်ဆိုလျှင် ရေအိုင်၏အကျယ်မှာမီတာခြောက်ရာသာရှိသည်ဖြစ်ရာ ထိုအရာမှာတောင်တစ်လုံး၏ထိပ်ပိုင်းလေးမျှသာဖြစ်သည်မှာ သိသာထင်ရှားပေသည်။
သို့သော်လည်း ထပ်မံလေ့လာကြည့်လိုက်မည်ဆိုလျှင် ကျောရိုးထဲထိတစိမ့်စိမ့်တုန်သွားစေမည့် အမှန်တရားတခုပေါ်ထွက်လာမည်ဖြစ်သည်။ ထိုအရာသည် တောင်တစ်လုံး၏ထိပ်ပိုင်းမဟုတ်ပဲ အရိုးပိုလေးတစ်ခု၏အဖျားပိုင်းမျှသာဖြစ်လေသည်။
“အရိုးပိုပါလား… ဘုရားရေ… အဲဟာက အရိုးပိုတချောင်းရဲ့အဖျားပိုင်းပါလား။”
“အရိုးပိုတချောင်းရဲ့အဖျားပိုင်းလေးကကို မီတာခြောက်ရာလောက်ကျယ်တယ်။ သားရဲတကောင်လုံးကဘယ်လောက်များကြီးမလဲ။ သက်စောင့်ဝိညာဥ်က ဘယ်လိုပုံပန်းသဏ္ဍာန်ရှိမလဲမသိဘူး။”
ကောင်းကင်နှင့် မြေကြီးကိုပါ လှုပ်ခတ်သွားစေနိုင်သောစွမ်းအင်များ ရွှယ်ကျဲကော်တုဆီမှပေါက်ကွဲထွက်လာသည်။ ပေါက်ကွဲမှုသည် အရပ်ရှစ်မျက်နှာသို့ပျံ့နှံ့သွားသောအခါ တိုက်ပွဲဝင်သားရဲများသည် လုံးဝစိတ်ရူးပေါက်ကုန်ကြသည်။ ကျယ်လောင်စွာဟိန်းဟောက်အော်ဟစ်နေကြရင်းက မြေကြီးပေါ်သို့ သူတို့ကိုယ်သူတို့ပစ်လှဲလိုက်ကြလေ၏။
“မဖြစ်နိုင်တာ”
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” တစ်ကောင်ပြီးတစ်ကောင် တိုက်ပွဲဝင်သားရဲများအားလုံး မြေပေါ်သို့လှဲချပြီး ဦးတိုက်နေလေရာ မြောက်ပိုင်းဂိုဏ်းသားများသည် ပါးစပ်အဟောင်းသားဖြစ်နေလေတော့သည်။ တချိန်တည်းမှာပင် တောင်ထိပ်လေးခုဆီမှ ကြိမ်းဝါးအော်ဟစ်အူနေသံများ ပေါ်ထွက်လာလေသည်။
ခုနှစ်ရောင်ခြယ်ဖီးနစ်ငှက်သည် ရွှယ်ကျဲကော်တုကျင့်ကြံနေရာမှ ပိုင်ရှောင်ချန်းနိုးထလာသည်ကို တောင်ထိပ်မှနေ၍စိုက်ကြည့်နေရာမှ လေပေါ်သို့ပျံဝဲတက်လာခဲ့၏။ ခဏကြာသောအခါ ဖီးနစ်ငှက်သည် မျက်လုံးသုံးလုံးရှိသောကျီးကန်းနက်နှင့် ပေါင်းစည်းလိုက်လေ၏။
တချိန်တည်းမှာပင် ဖွတ်ကြီးပေါ်ထွက်လာပြီး တောင်ထိပ်ဆီသို့လှည့်ကာ ကျယ်လောင်စွာဟိန်းဟောက်လိုက်လေ၏။
ဝိညာဥ်စွယ်တောင်ထိပ်ရှိ တောင်သရဲသည် အရိုးနှင့်ပြုလုပ်ထားသောသုံးခွမှိန်းကိုကိုင်ကာ အနက်ရောင်မြူခိုးများဝန်းရံလျက် ပေါ်ထွက်လာလေ၏။ တောင်သရဲသည် ကြောက်ရွံ့ထိတ်လန့်နေပုံပေါ်သော်လည်း သေသေချာချာကြည့်လိုက်လျှင် ၎င်းနှင့်အခြားဝိညာဥ်သားရဲအစောင့်အရှောက်များ၏မျက်ဝန်းထဲတွင် လေးစားမှုများရှိနေသည်ကို တွေ့နိုင်လေသည်။
ထိုအချိန်တွင် သားရဲမွေးမြူရေးခြံ၏နက်ရှိုင်းသောတနေရာ၊ ရှေးဟောင်းသားရဲချောက်နက်ထဲတွင် မျက်လုံးနှစ်လုံးရုတ်တရက်ပွင့်လာလေ၏။ မျက်လုံးများသည် ကြီးမားပြီး စူးရှသောအလင်းတန်းတခုသည်ကျောက်တုံးများကိုပင်ဖောက်ထွင်းကာ ပိုင်ရှောင်ချန်း၏ရွှယ်ကျဲကော်တုကို စူးစိုက်ကြည့်ရှုနေလေ၏။
ထိုမျက်လုံးများသည် ဂိုဏ်း၏မြင့်မြတ်သောသားရဲအစောင့်အရှောက် ကောင်းကင်မှင်ရည် ဦးချိုနဂါး ၏မျက်လုံးများပင်ဖြစ်သည်။
ထိုနဂါးသည်ပင် ပိုင်ရှောင်ချန်း၏ ရွှယ်ကျဲကော်တု သက်စောင့်ဝိညာဥ်ကို တည်ကြည်လေးနက်စွာ စိုက်ကြည့်နေလေ၏။
မြောက်ပိုင်းဂိုဏ်းတစ်ခုလုံး လုံးဝထိတ်လန့်တုန်လှုပ်နေကြလေပြီ။ တောင်ထိပ်လေးခု၏အကြီးအကဲများသည် ထိုမြင်ကွင်းကို ရင်သပ်ရှူမောဖြစ်ကာကြည့်ရှုနေကြလေသည်။ တာအိုသစ်စေ့တောင်ပေါ်မှ တည်ကြည်လေးနက်ပြီး စူးရှသော အကြည့်များသည် ပိုင်ရှောင်ချန်းကိုစောင့်ကြည့်နေကြလေ၏။
တောင်ထိပ်သခင်လေးဦးသည် တုန်လှုပ်ခြောက်ခြားနေကြကာ ခေါင်းချွေးများပင်ပြန်နေလေပြီ။
“ဘယ်လို သက်စောင့်ဝိညာဥ်မျိုးပါလိမ့်”
“ဒီလိုမျိုး တခါမှမကြုံဖူးဘူး”
“ဒီလိုတန်ခိုးမျိုးက ချီစုစည်းမှုအဆင့်သာရှိတဲ့ကျင့်ကြံသူတစ်ယောက်အနေနဲ့ လုံးဝထိန်းချုပ်လို့မရဘူး။ ဒီအစွမ်းက ဝိညာဥ်စွယ်နဲ့တောင် တူနေသေးတယ်။ နေပါဦး… ဝိညာဥ်စွယ်ထက်တောင်သာနေသေးတယ်။”
လူအားလုံး အံ့သြထိတ်လန့်စွာငေးကြည့်နေစဥ်မှာပင် ရွှယ်ကျဲကော်တုတောင်ထိပ်သည် ဖြည်းညင်းစွာပြန်လည်နစ်မြှုပ်သွားလေ၏။ မီတာခြောက်ရာကျယ်သောရေအိုင်သည် သေးငယ်လွန်းလှရာ ပိုင်ရှောင်ချန်း၏ အသက်ဝိညာဥ်အနှစ်သာရတခုလုံး ပေါ်ထွက်မလာနိုင်ချေ။ ထိုအရာနစ်မြှုပ်သွားသည်နှင့် ပတ်ဝန်းကျင်ရှိရေအိုင်သည် တဖြည်းဖြည်းပျောက်ကွယ်သွားလေ၏။
ပိုင်ရှောင်ချန်းသည် မျက်လုံးများပြူးကာ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်လျက် တင်ပျဥ်ခွေထိုင်နေသည်။ သူသည် အပြည့်အဝနိုးကြားနေပြီဖြစ်သည်။ ရွှယ်ကျဲကော်တုမှထွက်လာသော အရိုးပို၏အရွယ်အစားကို သူကိုယ်တိုင်ပင် အံ့အားသင့်နေလေသည်။
ရွှယ်ကျဲကော်တုပျောက်ကွယ်သွားသည်နှင့် ဘေးပတ်ဝန်းကျင်ရှိတိုက်ပွဲဝင်သားရဲများသည် တဖြည်းဖြည်းငြိမ်သက်သွားကြလေ၏။ သို့သော်လည်း သူတို့၏သခင်များဖြစ်သော မြောက်ပိုင်းဂိုဏ်းသားများ၏ စိတ်ထဲတွင်မူ အံ့သြမှင်သက်မှုများကျန်နေခဲ့လေ၏။ အချိန်ကြာမြင့်စွာတိတ်ဆိတ်ငြိမ်သက်နေပြီးနောက် အားလုံးဆူဆူညံညံဖြစ်လာလေတော့၏။
“ငါ… ငါ ထင်ယောင်ထင်မှားတွေများဖြစ်နေတာလား။”
“ရွှယ်ကျဲကော်တုဆိုတာ ဒါကိုး”
“ပိုင်ရှောင်ချန်းရဲ့ သက်စောင့်ဝိညာဥ်က အရိုးရဲ့အဖျားပိုင်းလေးပဲ ထုတ်ဖော်ပြတာလား”
“ခုနကအစွမ်းမျိုးနဲ့ဆို ကောင်းကင်နဲ့မြေကြီးကိုပါ ကိုင်လှုပ်ပစ်လို့ရလောက်တယ်။ အဲ့လိုအစွမ်းက ကျုပ်လိုမျိုး ချီစုစည်းမှုကျင့်ကြံနေတဲ့ဂိုဏ်းသားတယောက်ဆီကနေလာသလား။ ဟေ… သူကမြောက်ပိုင်းဂိုဏ်းသားမဟုတ်တာ တော်တော်ဆိုးတာပဲ။”
ဆူဆူညံညံအသံများကြားထဲတွင် တောင်ထိပ်သခင်လေးဦးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး အံ့သြတုန်လှုပ်နေပုံရသောလီချင်းဟောက်ကို လှမ်းကြည့်လိုက်ကြသည်။
“မျိုးဆက်သစ်ဂိုဏ်းဝင်တွေဟာ တချိန်ကျကျုပ်တို့ထက်သာသွားမှာပဲ။ အဲ့ဒီသက်စောင့်ဝိညာဥ်က ဘယ်လိုပုံပန်းသဏ္ဍာန်ရှိမှန်း ကျုပ်တော့ သိချင်လွန်းလို့သေတော့မယ်။”
“ပိုင်ရှောင်ချန်းက ရွှယ်ကျဲကော်တုကို အစွမ်းကုန်ထုတ်ဖော်လိုက်တာကိုပဲ ခင်ဗျားတွေးကြည့်လို့ရမယ်။”
“သူ့ရဲ့ကျင့်ကြံခြင်းအခြေခံက မလုံလောက်သေးဘူး။ ပြီးတော့ ရေအိုင်လေးကလည်း မီတာခြောက်ရာလောက်ပဲကျယ်တဲ့အတွက် သူ့ရဲ့သက်စောင့်ဝိညာဥ်က အရိုးလေးတချောင်းရဲ့ထိပ်ဖျားကိုပဲ ဖော်ထုတ်ပြနိုင်တယ်။သူသာရွှေအမြုတေအဆင့်ကို ရောက်အောင်ကျင့်ကြံနိုင်ပြီး ငါးရာကီလိုမီတာလောက်ကျယ်တဲ့ ရေအိုင်လေးကို ထုတ်လွှတ်နိုင်မယ်ဆိုရင် သူ့ရဲ့သက်စောင့်ဝိညာဥ်က ဘယ်လိုပုံပန်းသဏ္ဍာန်ရှိတယ်ဆိုတာ သိနိုင်မှာပဲ”
“သူနဲ့အဆင့်တူ လူတွေအပေါ်မှာ သူ့ရဲ့ရွှယ်ကျဲကော်တုကို အသုံးပြုလိုက်မယ်ဆိုရင် သူဘယ်လောက်စွမ်းအားကြီးမှန်းသိနိုင်မှာပဲ”
လီချင်းဟောက်သည် ထုတ်ဖော်မပြသော်ငြားလည်း ပိုင်ရှောင်ချန်းအပေါ်ဂုဏ်ယူနေလေ၏။ သူ၏ စိတ်လှုပ်ရှားမှုများ၊ ဝမ်းသာပျော်ရွှင်မှုများကို ရင်ထဲ၌သိမ်းဆည်းထားကာ မြောက်ပိုင်းဂိုဏ်းမှထွက်ခွာသွားလေ၏။ ထို့နောက် သူသည် ကြိုတင်ပြင်ဆင်မှုများကိုပြုလုပ်နေလေ၏။ သူက ရွှေအမြုတေအဆင့်သို့ဆယ်နှစ်အတွင်းရောက်ရှိရန် ကြိုးစားရပေဦးမည်။
( ရွှယ်ကျဲက ရေအိုင် ဖြစ်ပြီး ကော် က နိုင်ငံဖြစ်ပါတယ် )