အခန်း (၂) : ကံအလွန်ကောင်းသည့် ကုန်းကုန်း
ရှန်ထျန်းက အိပ်ယာထဲမှ ကုန်းရုန်းထလာပြီး အော်ခေါ်လိုက်သည်။
“ဦးလေးကွေ့ရေ… ကျွန်တော် အခုချက်ချင်း ရေချိုးမှရမယ်… အပြင်ထွက်ပြီး လမ်းလေးဘာလေး လျှောက်မလို့”
“အရှင့်သား ရေချိုးဖို့ ကျွန်တော်မျိုး အသင့်ပြင်ထားလိုက်ပါ့မယ်”
ကွေ့ကုန်းကုန်းကလည်း စိတ်လှုပ်ရှားနေသည်။ မင်းသားလေးခမျာ တစ်လလုံးလုံး အိပ်ယာထဲ လှဲနေရသဖြင့် သူက မင်းသားလေးအတွက် စိတ်မကောင်း ဖြစ်နေမိသည်။
အရင်တုန်းကဆိုလျှင် မင်းသား(၁၃)က ချီဖောက်ပြန်ခြင်းကို ခံစားရတိုင်း စိတ်အပြောင်းအလဲ အရမ်းမြန်ကာ စိတ်ဆတ်နေလေ့ရှိသည်။
နည်းနည်းလေးများ ပြန်မသက်သာလိုက်နှင့် သူက ချက်ချင်း အိပ်ယာထဲမှ ထွက်ကာ ဆက်လက် ကျင့်ကြံဖို့အတွက် တခြားနည်းလမ်းတွေကို သွားရှာလေ့ရှိသည်။
သည်တစ်ကြိမ်တွင်တော့ မင်းသား(၁၃) … မဟုတ်သေးဘူး… ရှန်ထျန်းက အိပ်ယာထဲမှာပဲ ငြိမ်ငြိမ်လေး နေနေခဲ့သည်။ ထို့ကြောင့် ကွေ့ကုန်းကုန်းက အစောပိုင်းတွင် အရမ်းပျော်ခဲ့ရသည်။
မင်းသား(၁၃)က နောက်ဆုံးတွင်တော့ သူ့ကိုယ်ခန္ဓာကို တန်ဖိုးထားရကောင်းမှန်း သိသွားပြီပေါ့… ကိုယ်လုပ်တော်လန်တစ်ယောက်လည်း တမလွန်မှာ စိတ်အေးအေးနှင့် အနားယူနိုင်ပြီပေါ့လေ…
တဖြည်းဖြည်းနှင့် သည်အဖြစ်မှာ ထိုမျှမရိုးရှင်းမှန်း ကွေ့ကုန်းကုန်း သဘောပေါက်လာသည်။
မင်းသားလေးက အင်မတန်ကို ဂရုစိုက်လွန်းနေသည်။
မလှုပ်ရှားဘဲ အိပ်ယာထဲမှာပဲ အနားယူနေခြင်းမှာ ကောင်းသည့်ကိစ္စ ဖြစ်သည်မှာ မှန်ပါ၏။
သို့သော် မင်းသားလေးက အိပ်ယာကနေ လုံးဝ တစ်ဖဝါးမှကို မခွာတော့ပေ။ ရေအိမ်တောင် သွားရဲ့လားလည်း မသိရချေ။
မင်းသားလေး ဘာများဖြစ်နေတာလဲ… အခုက အိပ်ယာနဲ့ ခွဲမရအောင် အမြစ်တွယ်သွားလို့လား…
တစ်လလုံးလုံး ရှန်ထျန်းက ရုတ်တရက်ကြီး အင်မတန် သတိထားဆင်ခြင်လာသည်။ ထိုသို့ သတိထားလာခြင်းကိုက အတော်လေး ထူးဆန်းနေလေသည်။
ရှန်ထျန်းကသာ ရေမိုးချိုးပြီး အပြင်သွားဖို့ မဆုံးဖြတ်ခဲ့ပါက ကွေ့ကုန်းကုန်းက တော်ဝင်သမားတော်ကို ဖိတ်ခေါ်တော့မလို့ လုပ်နေပြီ ဖြစ်သည်။ ဤတစ်ခေါက် ချီဖောက်ပြန်ခြင်းမှာ မင်းသား(၁၃)၏ ဦးနှောက်ကို ထိသွားသည်ဟု သူက သံသယဝင်နေလေသည်။
…………………
သိပ်မကြာခင်မှာ ရှန်ထျန်းက သူ့ကိုယ်သူ ကိုယ်လက်သန့်စင်ကာ အဝတ်လဲလိုက်သည်။ သူက ဆံပင်ကို ဆံထုံးသဖွယ် ခပ်မြင့်မြင့်လေး စုချည်လိုက်သည်။ ပန်းထိုးထားသော ဖြူလွလွဝတ်ရုံနှင့် ရွှေရောင်ဖိနပ်တို့ကို ဝတ်ဆင်လိုက်သည်။
ကြေးမုံမှာ ပေါ်နေသည့် သူ့ပုံရုပ်ကို ရှန်ထျန်းတစ်ယောက် ငေးကြည့်မိသွားသည်။ သူ့ရုပ်ရည်မှာ အသက်ရှူမှားလောက်အောင်ကို ရင်သပ်ရှုမောဖွယ် ချောမောကာ ဟိတ်ဟန်လည်း အလွန်ကောင်းလှသည်။
သူသာ (၂၁)ရာစုမှာ ရှိနေသေးပါက အနည်းဆုံးတော့ နှစ်(၂၀)လောက် အလုပ် လျော့လုပ်လို့ရလောက်သည်။
ပြန်ပြင်ရမယ်… နှစ်(၂၀၀)လောက်ပေါ့…
ပြဿနာက သူ့ခေါင်းပေါ်မှ စိတ်ရှုပ်စရာ ရောင်ဝါစက်ဝန်းက ထုံးစံအတိုင်း မည်းနက်နေသည့်အဖြစ်…
သူ့မျက်နှာချောချောက ဒီရောင်ဝါစက်ဝန်းကြောင့် ဒီဂရီအနည်းငယ်လောက် ပိုမည်းမှောင်သွားသယောင် ရှိသည်။
ရှန်ထျန်းတွေးမိသည်။
ဒီအနက်ရောင်စက်ဝန်းကို ရှင်းပစ်ဖို့ နည်းလမ်းတစ်ခုခုတော့ ငါ ရှာမှ ဖြစ်မယ်… တခြားဘယ်အရောင်မဆို ဒီကျိန်စာမိနေပုံပေါ်တဲ့ အနက်ရောင်ထက် ပိုကောင်းတယ်…
…………………
သူ့ပြဿနာအကြောင်းကို စဉ်းစားတွေးတောနေရင်းဖြင့် ရှန်ထျန်းက လန်နန်းဆောင်မှ ထွက်ခွာသွားလိုက်သည်။
နန်းတွင်းထဲတွင် ရှန်ထျန်း လမ်းလျှောက်နေစဉ် ဘယ်သူကမှ သူ့အနီးအနား ၁၀ မီတာပတ်လည် စက်ဝန်းဝိုင်းထဲသို့ မသွားရဲပေ။ နန်းတွင်းအစေခံများနှင့် ကုန်းကုန်းများပင်လျှင် မင်းသား(၁၃)ကို မြင်သည်နှင့် ပြေးကြသည်။
ဒီအပြုအမူများကြောင့် ရှန်ထျန်းက စိတ်မပျော်ပေ။
ဒီကောင်လေး (၁၆)နှစ်ကျော်တဲ့အထိ ဘယ်လိုများ အသက်ရှင်သန်ခဲ့ရတာတုန်း…
ရှန်ထျန်းက မင်းသား(၁၃)ကို စတင် ကိုယ်ချင်းစာမိလာသည်။ လန်းနန်းဆောင်မှ သူထွက်လာသည်မှာ မိနစ်အနည်းငယ်သာ ရှိသေးသည်။ သို့တိုင် လမ်းတစ်လျှောက်ရှိ လူအားလုံးက ကြည့်သည့် အကြည့်တို့ကြောင့် သူ့မှာ တော်တော်လေး စိတ်ကျဉ်းကျပ်နေရပြီ။
မင်းသား(၁၃)က ဒီလိုမျိုး အဆက်ဆံခံရသည်ကို (၁၆)နှစ်လုံးလုံး ဘယ်လိုများ သည်းခံနေခဲ့တာပါလိမ့်နော်…
အဆုံးတွင် သူ့ကိုယ်သူ လက်လျော့မည့်အစား မင်းသားလေးက သေသည်အထိ သူ့ကံကြမ္မာကို တွန်းလှန်တိုက်ခိုက်ခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူက အမှောင်ဘက်ခြမ်းသို့ ရောက်သွားသည့် အရိပ်အယောင်လည်း မရှိပေ။
သူက ကာတွန်းဇာတ်ကောင် နာရူတိုနှင့် အတော့်ကို တူနေလေသည်။
………………….
နန်းတွင်းထဲကို လျှောက်ပတ်ကြည့်ရှုနေစဉ် တခြားသူများ၏ ခေါင်းပေါ်တွင်လည်း ရောင်ဝါစက်ဝန်းများ ရှိနေကြောင်းကို ရှန်ထျန်း သတိထားမိသွားသည်။
ကုန်းကုန်းနှင့် နန်းတွင်းအစေခံ အများစုမှာ မှိန်ဖျော့ဖျော့လေး လင်းနေသည့် အဖြူရောင် ရောင်ဝါစက်ဝန်း ရှိသည်။ ထိုအဖြူရောင်စက်ဝန်းကို ကြည့်ရသည်မှာ သာမန်ပုံစံသာ ဖြစ်ကာ သူတို့ဆီသို့ အင်မတန် ကောင်းလှပါသည်ဆိုသော အရာမျိုးလည်း ရောက်လာမည့်ဟန် လုံးဝ မရှိပေ။
တော်ဝင်အဆင့်အတန်း နည်းနည်းပိုမြင့်သည့် ကုန်းကုန်းများနှင့် အစေခံများ၏ ရောင်ဝါက အရောင်နည်းနည်း ပိုလင်းသည်။ စားဖိုဆောင်မှူး၊ အဝတ်ဆောင်မှူးနှင့် မြင်းထိန်း ခေါင်းဆောင်တို့လို ဘွဲ့ရာထူးတွေ ရရှိထားသည့် ကုန်းကုန်းများအတွက်မူ သူတို့၏ ရောင်ဝါစက်ဝန်းများက အစိမ်းရောင်ဘက်ကို သမ်းနေသည်။ ကွေ့ကုန်းကုန်းလိုမျိုးပင် အသက်ဝင်နေသည့်အရောင် ဖြစ်သည်။
ဒါဆို အနက်ရောင်က ကံဆိုးသူတွေအတွက်၊ အဖြူရောင်က သာမန်လူတွေအတွက်၊ အစိမ်းရောင်က ကံကောင်းသူတွေအတွက်… ဒီလိုမျိုးလား…
ဒါဘယ်လိုသတ်မှတ်ပုံကြီးတုန်းဟ…
လေးပွင့်ကလိုဗာ အရွက်ကလေးရဲ့ အစိမ်းကို ယူထားတာလား…
အရောင်သတ်မှတ်ချက်က ရှန်ထျန်းအား ဆွံ့အသွားစေ၏။
ပုံတုံးလိုက်တာကွာ…
…………………
ရုတ်တရက် ထူးထူးခြားခြား လူတစ်ယောက်ကို ရှန်ထျန်း တွေ့လိုက်ရသည်။
ထိုသူကတော့ အလွန်သာမန်ဖြစ်သည့် ကုန်းကုန်းငယ်လေး တစ်ယောက်ပင်။ သူ့အဝတ်အစားတွေက သူသည် တောက်တိုမယ်ရ ကုန်းကုန်းလေး တစ်ယောက်သာ ဖြစ်ကြောင်း ညွှန်ပြနေသည်။
အနိမ့်ဆုံး တော်ဝင်အဆင့်အတန်းရှိသူ တစ်ယောက်ပေါ့…
သူ့ကိုကြည့်ရသည်မှာ ဖြူဖြူဖျော့ဖျော့နှင့် သနားကမားပုံစံလေး ဖြစ်သည်။
သို့သော် ရှန်ထျန်းအား မပျော်စေသည့်အချက်မှာ ဒီကုန်းကုန်းလေး၏ ခေါင်းပေါ်မှ ရောင်ဝါစက်ဝန်းကြောင့် ဖြစ်သည်။
ထိုစက်ဝန်းက အနက်ရောင်လည်း မဟုတ်၊ အဖြူရောင်လည်း မဟုတ်၊ အစိမ်းရောင်တောင် မဟုတ်ဘဲ အနီရောင် ဖြစ်နေသည်။ သူ့အလင်းတန်းတို့က နေလုံးအသေးစားလေးသကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံးအပေါ် ရောင်ခြည်ဖြာကျနေလေသည်။
ရှန်ထျန်းမျက်လုံးထဲတွင် တစ်လောကလုံးရှိ အရာအားလုံးက ဒီကုန်းကုန်းငယ်လေးအပေါ် မူတည်ပြီး လှည့်ပတ်နေသည်ဟု ခံစားလိုက်ရသည်။
ထိုကုန်းကုန်းငယ်လေးနှင့် ယှဉ်ကြည့်လျှင်… ရှန်ထျန်း၏ ရုပ်ရည်မှာ အသက်ရှူမှားလောက်အောင် ချောမောခန့်ညားနေသည့်တိုင် သူ့အနက်ရောင် ရောင်ဝါစက်ဝန်းမှာ အလွန်ရုပ်ဆိုး အကျည်းတန်နေသည်။
အဆင့်နိမ့် ကုန်းကုန်းတစ်ယောက်မှာ ဘာဖြစ်လို့ ဒီလောက်ကောင်းတဲ့ ရောင်ဝါစက်ဝန်းမျိုး ရှိနေရတာလဲ…
သူက ကောင်းကင်ဘုံရဲ့ ချီးမြောက်ခြင်းကို ခံထားရတာများလား…
ရှန်ထျန်း၏ အကြည့်စူးစူးကြောင့် ကုန်းကုန်းငယ်လေးမှာ ကြက်သီးတွေ တဖြန်းဖြန်းထလာမိသည်။
သူက နန်းတွင်းထဲ ရောက်သည်မှာ သိပ်မကြာသေးသော်လည်း မင်းသား(၁၃)၏ မကောင်းသတင်းတချို့ကိုတော့ ကြားထားပြီးသားဖြစ်သည်။
မင်းသား(၁၃)က မီးတိုင်းပြည် တစ်ပြည်လုံးတွင် ကံအဆိုးဆုံး လူသားဟု ဆိုကြလေသည်။ သူနှင့် ဝေးနိုင်သမျှ ဝေးဝေးနေသည်က ကောင်းသည်ဟု အကြံပေးထားကြ၏။ မဟုတ်ပါက ကြီးမားသော အန္တရာယ်ကပ်ဆိုးကြီးနှင့် ကြုံနိုင်ချေရှိသည်ဟု ဆိုကြသည်။
“မင်္ဂလာ နံနက်ခင်းပါ… အရှင့်သား”
ကုန်းကုန်းလေးက ရှန်ထျန်းအား အမြန် ဂါရဝပြုနှုတ်ဆက်ကာ ထွက်သွားရန် ကြိုးစားလိုက်သည်။
သို့သော် ရှန်ထျန်းက သူ့ကို အလွတ်မပေးချေ “မင်း… ဒီကိုလာခဲ့”
ထိုစကားကို ကြားသောအခါ ကုန်းကုန်းလေးမှာ အလွန်ချောက်ချားသွားသည်။
တကယ်ကြီးလား… မင်းသား(၁၃)က ငါ့ကို ခေါ်နေတာလား…
ကယ်ကြပါဦး…
ငါလေးက သာမန်ကုန်းကုန်းလေး တစ်ယောက်ပါ… ငါဘာတွေများလုပ်မိလို့ပါလိမ့်…
မင်းသားလေးရဲ့ ကံဆိုးမှုက အနီးအနား(၁၀)မီတာပတ်လည်အထိ သက်ရောက်မှုရှိတယ်လို့ ကြားတယ်…
လူတွေ ငါ့ကို ဝိုင်းကြဉ်ကြတော့မယ်… ငါ့ဘဝကြီးတော့ သွားပါပြီ…
မင်းသားလေးနား အရမ်းနီးသွားမိရင် ငါလေးတော့ သေပြီပဲ…
ဒါပေမဲ့ အမိန့်မနာခံပြန်ရင်လည်း ငါလေး မြန်မြန်တောင် သေသွားလိမ့်မယ် မဟုတ်ဘူးလား…
ဘယ်လိုပဲဖြစ်ဖြစ်… သေမှာက သေမှာပါပဲ…
ကုန်းကုန်းလေးမှာ ငိုမိတော့မတတ် ဖြစ်သွားလေတော့သည်။
good