အခန်း ( ၁၂၈ )

နိုးထလာခြင်း

ပုံရိပ်ယောင် ကမ္ဘာထဲတွင် အရာအားလုံးပြိုကျပျက်စီးနေပြီး အစိတ်စိတ်အမြွှာမြွှာဖြစ်နေသည်။ ရှေးဟောင်းသားရဲကြီးက အားလုံးကိုမွစာကြဲနေအောင် လက်သည်းဖြင့်ဆုတ်ဖြဲလေရာ ပိုင်ရှောင်ချန်း၏စိတ်ကိုပင် အကျိုးသက်ရောက်မှုရှိခဲ့လေ၏။

သူ၏ သတိရှိနေမှုသည် အစိတ်စိတ်အမြွှာမြွှာပျံ့လွင့်တော့မလိုဖြစ်နေပြီး ဘေးဘီကိုကြောင်စီစီငေးကြည့်နေမိသည်။ လက်သည်းများက ကောင်းကင်တခုလုံးကို ဆုတ်ဖြဲပစ်နေသည်မှာ လုံးဝထိတ်လန့်ကြောက်ရွံ့ဖွယ်ဖြစ်နေသည်။

ထိုကဲ့သို့သော မယုံကြည်နိုင်လောက်စရာတန်ခိုးများကို သူလည်းပိုင်ဆိုင်ချင်လာမိလေ၏။ သူသည် ကောင်းကင်နှင့်မြေကြီးကိုပင် ဆုတ်ဖြဲနိုင်ချင်လာလေ၏။ သူသည်လည်း ထိုကဲ့သို့သောတန်ခိုးများရရှိရန်၊ ထိုတန်ခိုးများကိုကောင်းမွန်စွာအသုံးချနိုင်ရန်၊ သူ၏ကိုယ်ပိုင်တန်ခိုးများဖြစ်လာစေရန် ဘာမဆိုလုပ်ချင်စိတ်ပေါ်လာလေ၏။

ထိုအတွေးများ စိတ်ထဲတွင်ပြည့်နှက်လာလေလေ၊ သူ၏အသိစိတ်သည်မှေးမှိန်လာလေလေဖြစ်လေ၏။ ထိုကဲ့သို့အချိန်အနည်းငယ်မျှဖြစ်နေပြီး သူ့ဆီသို့တုန်ခါမှုတခုဖြတ်သန်းသွားရာ ထူးဆန်းတာတခုခုဖြစ်နေပြီဟု သိလိုက်ရသည်။ ဤနေရာသို့ သူရောက်လာခဲ့ရခြင်း၏ရည်ရွယ်ချက်မှာ လက်သည်းများရှိသောလက်နှင့် ဘာမှပက်သတ်မှုမရှိမှန်း ရုတ်တရက်သတိရသွားလေ၏။

ထိုအတွေးသည် တစထက်တစပြင်းထန်လာရာ နောက်ဆုံးတွင်လက်သည်းများ၏သွေးဆောင်မှုကို ဖုံးလွှမ်းသွားလေ၏။ အစိတ်စိတ်အမြွှာမြွှာပျံ့လွင့်နေသော အသိစိတ်သည် ရွေ့လျားနေရာမှ တဖြည်းဖြည်းရပ်တန့်သွားလေသည်။ ထို့နောက် သူ့ဆီသို့ ပြန်လည်စုစည်းလာကြပြီး တပေါင်းတစည်းတည်းပြန်ဖြစ်သွားလေ၏။

စိတ်ကူးထဲတွင် ကြီးမားသောသားရဲကြီးသည် ထပ်မံပေါ်ထွက်လာပြန်၏။ သို့သော် ယခုတခေါက်လှုပ်ရှားနေသည်မှာ လက်သည်းများရှိသောလက်မဟုတ်တော့ပဲ အမြီးဖြစ်နေလေသည်။ ထိုအမြီးသည် ကြာပွတ်တချောင်းနှင့်တူကာ ကမ္ဘာမြေကြီးကို အစိတ်စိတ်ကွဲသွားအောင်ရိုက်နှက်လျက်ရှိပြီး ကောင်းကင်ကိုလည်းဖျက်ဆီးနေသည်။ ကျယ်လောင်စွာပေါက်ကွဲသံကြီးသည် လောကတခုလုံးပျံ့နှံ့သွားလေသည်။

ပိုင်ရှောင်ချန်း၏အသိစိတ်သည် တဖန်အစိတ်စိတ်အမြွှာမြွှာပျံ့ကျဲသွားပြန်ပြီး သူသည်လည်း ဟင်းလင်းပြင်ထဲသို့ရောက်ရှိသွားပြန်၏။

ပြင်ပကမ္ဘာတွင်မူ သူသည်နှစ်ဆယ့်ခြောက်ရက်ကြာမျှ အတွင်းကျကျ အာရုံဝင်စားလျက်ရှိကာ ထိုင်နေလေသည်။ တညတာကုန်ဆုံးသွားပြန်ပြီး နေ့သစ်တခု၏နေရောင်ခြည်ထွက်ပေါ်လာပြန်လေသည်။ နှစ်ဆယ့်ခုနှစ်ရက်မြောက်နေ့။ မကြာမီ ညအချိန်သို့ရောက်ရှိလာပြန်၏။

ပိုင်ရှောင်ချန်းရှိရာ တရားစီရင်ရာစင်မြင့်အနီးတွင် လာရောက်စုဝေးနေကြသော များပြားလှသည့်မြောက်ပိုင်းဂိုဏ်းသားများ၏မျက်နှာများတွင် အံ့သြထိတ်လန့်မှုများဖြစ်ပေါ်လာပြီး မျက်လုံးများပြူးသွားကြလေ၏။

ပေဟန်လဲ့၊ ကုန်းစွန်းမောင်နှမ၊ ရွှီဆုန်နှင့် အခြားအတွင်းစည်းဂိုဏ်းသားလက်ရွေးစင်များအပါအဝင် လူအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားကြလေ၏။

အချိန်အကြာကြီး တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် မရေမတွက်နိုင်သောဂိုဏ်းသားများသည် ကျယ်လောင်စွာအော်ဟစ်နေကြလေ၏။

“နှစ်ဆယ့်ခုနှစ်ရက်ကျော်သွားပြီကွ… ဂိုဏ်းတူအစ်ကိုကြီးဝိညာဥ်စွယ်ထက် သာသွားပြီ…”

“ဘုရားရေ… သူဟာဘယ်လောက်ကြာကြာ အာရုံဝင်စားနေမှာလဲ…”

“သူဘယ်လောက်ခံမလဲ… ရက်သုံးဆယ်လား… သုံးဆယ့်ငါးရက်လား… ရက်လေးဆယ်လောက်လား…”

အားလုံးသည် မလှုပ်မယှက်နှင့် ကိုယ်ရောင်ကိုယ်ဝါလည်းကင်းမဲ့နေသော ပိုင်ရှောင်ချန်းကိုကြည့်ကာ လုံးဝထိတ်လန့်နေကြလေပြီ။

သို့သော် သူတို့ထိတ်လန့်သည်မှာ အနည်းငယ်စောလွန်းသွားလေ၏။

အချိန်များဆက်လက်ကုန်ဆုံးသွားခဲ့ပြီ။ ရက်သုံးဆယ်၊ သုံးဆယ့်သုံးရက်၊ သုံးဆယ့်ခုနှစ်ရက်…။ ရက်လေးဆယ်သို့ရောက်သောအခါ မြောက်ပိုင်းဂိုဏ်းသားများသည် အံ့သြမှုကြောင့်စကားပင်မပြောနိုင်တော့။

ဂိုဏ်းသားများသာမဟုတ်၊ တောင်ထိပ်သခင်များသည်လည်း အံ့သြမှုကြောင့်အသက်ပင်မရှူနိုင်တော့။ တရက်ခန့်ပို၍ အာရုံဝင်စားခြင်းသည် သိသိသာသာ အစွမ်းကြီးမားသည်။ တရက်အာရုံဝင်စားခြင်းသည် နှစ်ပေါင်းများစွာတရားကျင့်ကြံသည်နှင့် ညီမျှလေ၏။

ဝိညာဥ်စွယ်သည် မှတ်ချက်တစုံတရာမပြုချေ။ သို့သော်ပိုင်ရှောင်ချန်းကို အံ့သြတုန်လှုပ်သောမျက်လုံးများဖြင့်ကြည့်နေလေ၏။ ပိုင်ရှောင်ချန်းဘာတွေမြင်နေရသလဲဆိုတာကို သူအတိအကျသိချင်နေသည်။

” ငါ့လိုမျိုး လက်သည်းထဲမှာနစ်မြောနေတာတော့မဟုတ်လောက်ဘူး…” သူကတွေးလိုက်သည်။ “အဲ့လိုဆိုရင် နောက်ဘာတွေဆက်ဖြစ်မလဲ…”

ပုံရိပ်ယောင် ကမ္ဘာထဲတွင် ပိုင်ရှောင်ချန်း၏အသိစိတ်သည် တုန်လှုပ်နေသည်။ ရှေးဟောင်းသားရဲကြီး၏ အမြီး၌ မည်မျှကြာကြာနစ်မြောသွားသည်လဲသူမသိ။ သို့သော် သူ၏အသိစိတ်ကွယ်ပျောက်လုဆဲဆဲတွင် တူညီသောအတွေးတခုထပ်ဝင်လာသည်။ အမြီး၏တန်ခိုးကြောင့် ဤနေရာသို့လာခဲ့သည်မဟုတ်ပေ။

“ဒီဟာမဟုတ်သေးဘူး…” တိုးတိုးလေးရေရွတ်လိုက်သည်။

ထိုအခိုက်တွင် သူ၏အသိစိတ်သည် အစိတ်စိတ်အမြွှာမြွှာပျံ့လွင့်နေရာမှရပ်တန့်သွားသည်။ တစ်ချိန်တည်းမှာပင် ရှေးဟောင်းသားရဲကြီးသည် သူ၏ပါးစပ်ကိုဖွင့်လိုက်လေရာ လက်သည်းများနှင့် အမြီးတို့ထက် ပို၍ထိတ်လန့်စရာကောင်းသော ဓားသွားကဲ့သို့ထက်သောအစွယ်များပေါ်ထွက်လာလေ၏။

ချွန်ထက်သောသွားအတန်းလိုက်ကြီးများမှ ရက်စက်ကြမ်းကြုတ်သည့်အငွေ့အသက်များထွက်ပေါ်နေပြီး အရာအားလုံးကိုဖျက်ဆီးနိုင်စွမ်းရှိဟန်လည်းတူပေသည်။ ထိုသွားများနှင့်တချက်မျှကိုက်လိုက်လျှင်ပင် ကမ္ဘာကြီးတခုလုံးအမှောင်ကျကာ ပျက်စီးသွားနိုင်လေ၏။

“မဟုတ်ဘူး…” ပိုင်ရှောင်ချန်းရေရွတ်လိုက်သည်။ “ငါဒီနေရာကို ဒါကြောင့်လာခဲ့တာမဟုတ်ဖူး…” သူ့အသံသည် သူ့ဘေးနားတွင် ကျယ်လောင်စွာပဲ့တင်ထပ်နေသည်။

“ငါ ဒီနေရာကိုလာပြီး ရှေးဟောင်းသားရဲကြီးကိုလေ့လာတာဟာ… ကျုပ်ရဲ့ ရွှယ်ကျဲကော်တုအသက်ဝိညာဥ်အနှစ်သာရကို အသက်သွင်းဖို့ပဲ…။”

“ငါ ဒီရှေးဟောင်းသားရဲကြီးရဲ့ လက်သည်းကိုရော၊ အမြီးကိုရော၊ သွားတွေကိုရောမလိုချင်ဘူး…။ ငါလိုချင်တာ တစ်ကောင်လုံးပဲ… တစ်ကောင်လုံး…။ တစ်ကောင်လုံးကို အလုံးလိုက်အထည်လိုက်ကြည့်ချင်တာ…။ သားရဲကြီးရဲ့အသွင်အပြင်ကို ငါ့စိတ်ထဲရိုက်သွင်းချင်တာ…။ အဲ့တာမှ ရွှယ်ကျဲကော်တုပညာရပ်ရဲ့ သက်စောင့်ဝိညာဥ်အခြေခံကို ဖြစ်ပေါ်စေမှာ..။”

“ဒါ့အပြင် သားရဲကြီးက ငါ့သက်စောင့်ဝိညာဥ်ဖြစ်လာမှာမဟုတ်ဘူး… တစိတ်တပိုင်းလောက်ပဲ ပါဝင်သွားမှာ…”

“ဒါကြောင့် ငါဒီနေရာကိုလာခဲ့တာပဲ…။ ငါ့ရည်ရွယ်ချက်က ဒါပဲ…။” အဆုံးတွင်ပိုင်ရှောင်ချန်း၏အသံသည် ရေရွတ်နေခြင်းမျိုးမဟုတ်တော့ပဲ အော်ဟစ်ကြိမ်းမောင်းသည့်အသံဖြစ်လာလေ၏။ ပုံရိပ်ယောင် ကမ္ဘာတွင် ပြင်းထန်သောအသံတစ်သံထွက်ပေါ်လာပြီး တစစီဖြစ်နေသော ပိုင်ရှောင်ချန်း၏အသိစိတ်များ ပြန်လည်ပေါင်းစည်းသွားကာ အလင်းတန်းတခုအသွင်ဖြင့် သားရဲကောင်ကြီးဆီသို့ ပြေးဝင်သွားသည်။

အလင်းတန်းသည် မယုံနိုင်ဖွယ်ရာအလျင်ဖြင့် ပျံသန်းသွားလေ၏။ မျက်စိတမှိတ်အတွင်းမှာပင် သားရဲဆီသို့ရောက်သွားပြီး ပြင်းပြင်းထန်ထန်ရိုက်နှက်မိလေ၏။ ထိုအလင်းတန်းသည် သားရဲတကိုယ်လုံးပျံ့နှံ့သွားသောအခါ ရုတ်တရက် သူသည်သားရဲကြီးဖြစ်လာသလို ခံစားလိုက်ရလေ၏။

ထိုကဲ့သို့ပြောင်းလဲခြင်းဖြစ်စဥ်တွင် ပိုင်ရှောင်ချန်းသည် သားရဲကြီးအကြောင်းအလုံးစုံကိုနားလည်သဘောပေါက်သွားလေ၏။ ဤနည်းထက်ပိုကောင်းသော စူးစမ်းလေ့လာနည်းဟူ၍ ရှိနိုင်တော့မည်မဟုတ်ပေ။ တကယ်တော့ ထိုနည်းသည် စူးစမ်းလေ့လာနည်းဟူ၍ပင်မခေါ်နိုင်။ ပေါင်းစည်းနည်းပင်ဖြစ်သည်။ သူသည် သားရဲကြီးနှင့် တပေါင်းတစည်းတည်းဖြစ်လာလေ၏။

ပိုင်ရှောင်ချန်း၏အသိစိတ်သည် သားရဲကြီး၏တကိုယ်လုံးဖြန့်ကျက်သွားကာ သားရဲကြီးကို နားလည်နေ၏။ ခွဲခြမ်းစိတ်ဖြာကြည့်နေ၏။ စူးစမ်းလေ့လာနေ၏။ ထိန်းချုပ်နေလေ၏။

အသွေးနှင့်အသားမှသည် အကြေးခွံများ၊ ဆူးချွန်များ၊ လက်သည်းများ၊ သွားများ၊ အရိုးများနှင့် နှလုံးထိတိုင်အောင် သူ၏အသိစိတ်သည်ရွေ့လျားနေ၏။ သူ၏အသိစိတ်က သားရဲကြီးဆီသို့ရောက်နေသောအခါ အချိန်ဟူ၍ပင်မသိတော့။ သူသည် သားရဲကြီးအကြောင်း အတွင်းကျကျနားလည်လာလေ၏။

အသိစိတ်သည် သားရဲကြီးတကိုယ်လုံးဖြန့်ကျက်သွားကာ သူကိုယ်တိုင် သားရဲကြီးဖြစ်လာသောအခါ ပိုင်ရှောင်ချန်း၏အသိစိတ်သည် တုန်ရီလာလေ၏။

သူ၏ခေါင်းကိုနောက်ပစ်ပြီး ကျယ်လောင်စွာဟိန်းဟောက်လိုက်သောအခါ သူ၏ဘေးပတ်ဝန်းကျင်တခုလုံး တသိမ့်သိမ့်တုန်သွားလေ၏။ ထို့နောက်သားရဲကြီးသည် ပုံစံပျက်လာပြီး ပုံသဏ္ဍာန်ပြောင်းလဲလာကာ မျက်လုံးသုံးလုံးရှိသောအနက်ရောင်ကျီးကန်းအဖြစ်သို့ပြောင်းလဲသွားလေ၏။

ကြီးမားသောအနက်ရောင်ကျီးကန်းသည် ကောင်းကင်ယံတွင်အရှိန်အဟုန်ဖြင့်ပျံသန်းနေလေ၏။ ကျီးကန်း၏မျက်လုံးများသည် ပိုင်ရှောင်ချန်းပိုင်ဆိုင်သကဲ့သို့ဖြစ်နေကာ ဝင်းလက်တောက်ပနေလေသည်။ မျက်စိတမှိတ်အတွင်းမှာပင် ကျီးကန်းသည် ခုနှစ်ရောင်ခြယ်ဖီးနစ်ငှက်အဖြစ်သို့ပြောင်းလဲသွားပြန်လေ၏။

ထို့နောက် ဖီးနစ်ငှက်မှသည် ဖွတ်ကြီးဖြစ်လာခဲ့ပြီး တဖန်ဝိညာဥ်စွယ်တောင်ထိပ်မှ တောင်သရဲကြီးဖြစ်လာပြန်၏။ ပိုင်ရှောင်ချန်းအသိစိတ်၏ထိန်းချုပ်မှုအောက်တွင် ပြောင်းလဲမှုများဆက်လက်ဖြစ်နေလေ၏။ သားရဲမွေးမြူရေးခြံမှ သားရဲတစ်ထောင်ကျော်ခန့်သည် တခုပြီးတခုပေါ်လာလေ၏။

ကျားပျံများ၊ သင်းခွေချပ်များ၊ ဝက်ဝံကြီးများ၊ ဝိညာဥ်သမင်များ။ သားရဲအမျိုးမျိုးသည် တကောင်ပြီးတကောင် အဆုံးသတ်မရှိပေါ်လာလေ၏။ ပိုင်ရှောင်ချန်းတိတ်တဆိတ်လေ့လာခဲ့သော မြောက်ပိုင်းဂိုဏ်းသားများ၏ သားရဲကောင်များပင်လျှင် ပေါ်လာလေ၏။

နောက်ဆုံးတွင် သားရဲများပျောက်ကွယ်သွားသည်နှင့်အတူ တဒုန်းဒုန်းမြည်သံများပဲ့တင်ထပ်လာလေ၏။ ထို့နောက် ပိုင်ရှောင်ချန်း၏အသိစိတ်သည် မြူခိုးများအဖြစ်သို့ပြောင်းလဲသွားကာ လူးလွန့်နေသည်မှာ ကြောက်မက်ဖွယ်ရာစိတ်ဝိညာဥ်တခုခုမွေးဖွားလာတော့မလားဟုပင်ထင်ရလေသည်။

ထိုအရာသည်ကား ပိုင်ရှောင်ချန်း၏ရွှယ်ကျဲကော်တုသက်စောင့်ဝိညာဥ်မှတစ်ပါး အခြားမဟုတ်ပေ။

ဘယ်လိုသက်စောင့်ဝိညာဥ်အမျိုးအစားလဲအတိအကျမြင်တွေ့နိုင်ရန်မှာမဖြစ်နိုင်ပေ။ ပိုင်ရှောင်ချန်း၏ အသိစိတ်ကပင် သိအောင်မလုပ်နိုင်ပေ။ သက်စောင့်ဝိညာဥ်ခန္ဓာကိုယ်က လုံးလုံးလျားလျားမပေါ်ထွက်သေးတာပဲဖြစ်ရမည်။

လုံးဝအပြည့်အစုံမဖြစ်သေးသော်ငြားလည်း ထိုအရာမှ ကြောက်မက်ဖွယ်ရာစွမ်းအင်များထုတ်လွှတ်နေလေ၏။ ထိုမြူခိုးများကြားတွင် ကြီးမားသောပုံရိပ်တခုကိုတွေ့နေရလေသည်။ ထိုပုံရိပ်ကို ကြောက်မက်ဖွယ်ရာအရိုးများဖြင့်ဖုံးအုပ်ထားပြီး ထူးခြားသော စွမ်းအားများထုတ်လွှတ်နေသည်။ မြူခိုးများသည် ပွက်ပွက်ဆူလာကာလှုပ်ရှားလာပြီး တဖြည်းဖြည်းကျစ်လျစ်သိပ်သည်းလာလေ၏။

တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ အသိစိတ်သည် ပြိုကွဲစပြုလာလေ၏။ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း…။ မျက်စိတမှိတ်အတွင်းမှာပင် အသိစိတ်သည် ၅၀ ရာခိုင်နှုန်းပြိုကွဲနေလေပြီ။

ထိုသို့ဖြစ်လာသည်နှင့် ပုံရိပ်ယောင်ကမ္ဘာက တုန်လှုပ်ခါယမ်းလာလေ၏။ မျှော်လင့်မထားပဲ မြူခိုးအတွင်းရှိ သက်စောင့်ဝိညာဥ်သည်လည်း ပြိုကွဲတော့မည့်လက္ခဏာပြနေလေသည်။

“မြန်မြန်…” ပိုင်ရှောင်ချန်း၏ အသိစိတ်သည် တဒုန်းဒုန်းအသံများကြားမှ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ “မြန်မြန်… ငါ့အသိစိတ်ကပြိုကွဲနေပြီ…။ သက်စောင့်ဝိညာဥ်… နိုးထပါတော့…”

ထို့နောက် ထိုအရာသည် ပို၍ပင်မြန်မြန်ပြိုကွဲလာနေ၏။ ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်း…။

ပုံရိပ်ယောင် ကမ္ဘာကြီးပြိုလဲလာသည်နှင့်အမျှ အက်ကြောင်းများပေါ်ပေါက်လာလေ၏။ ပြင်းထန်သောလေပွေတခုတိုက်ခတ်လာပြီး အရာအားလုံးကိုလှည်းကျင်းသွားလေ၏။ လေပွေသည် မြူခိုးများပြိုကွဲသွားအောင်ကြိုးစားနေလေ၏။ သို့သော် ထိုအချိန်လေးတွင် ပိုင်ရှောင်ချန်း၏နောက်ဆုံးလက်ကျန်အသိစိတ်ကလေးသည် ကျယ်လောင်စွာအော်ဟစ်လိုက်လေတော့၏။

ဝုန်း…

ပုံရိပ်ယောင်ကမ္ဘာကြီးတခုလုံးအစိတ်စိတ်အမြွှာမြွှာဖြစ်နေစဥ် ပြိုကွဲနေဆဲမြူခိုးထဲတွင် အနီရောင်မျက်လုံးတစုံပေါ်ထွက်လာလေ၏။

သက်စောင့်ဝိညာဥ် နိုးထလာခဲ့လေပြီ။

**

အပြင်လောကတွင် ပိုင်ရှောင်ချန်း အာရုံဝင်စားနေသည်မှာ ရက်လေးဆယ်ကျော်လာခဲ့လေပြီ။ ရက်ငါးဆယ်၊ ရက်ခြောက်ဆယ်၊ ရက်ခုနှစ်ဆယ်၊ ရက်ရှစ်ဆယ်၊ ရက်ကိုးဆယ်၊ ရက်တစ်ရာ…။

ကုန်လွန်ခဲ့သောရက်များသည် မြောက်ပိုင်းဂိုဏ်းသားများကိုထိတ်လန့်တုန်လှုပ်စေခဲ့လေ၏။

ရက်တစ်ရာ…။ သုံးလကျော်ကျော်ပဲ…။ ပိုင်ရှောင်ချန်းက အခုထက်ထိ အာရုံဝင်စားနေတုန်းလား…”

“သူသေတော့ မသေသွားလောက်ပါဘူးနော်…”

“ဒါကလန့်စရာတောင်ကောင်းသေး…။ ကျုပ်ဘဝတလျှောက်လုံး ဒီလိုတခါမှမတွေ့ဖူးပါဘူးဗျာ…။”

အပြင်စည်းဂိုဏ်းသားများသည် ထိတ်လန့်နေကြပြီး အတွင်းစည်းဂိုဏ်းသားများမှာအံ့အားသင့်နေကြသည်။ ပေဟန်လဲ့နှင့် အခြားလက်ရွေးစင်များ၏စိတ်ထဲတွင် နွေခေါင်ခေါင်မိုးကြိုးအပစ်ခံလိုက်ရသလိုဖြစ်နေသည်။ သို့သော်ထိုမျှနှင့်မပြီးသေး။ တစ်ရာ့တစ်ရက်၊ ရက်တစ်ရာ့နှစ်ဆယ်၊ ရက်တစ်ရာ့သုံးဆယ်။ ထိုသို့ဖြစ်နေစဥ် နေမွန်းတည့်ချိန်တွင် ပိုင်ရှောင်ချန်းစတင်တုန်ရီလာလေ၏။

လူများ ချက်ချင်းသတိထားမိသွားသည်။ သူတို့က မျက်လုံးတွေကို ပွတ်လိုက်ပြီး ပြန်ကြည့်လိုက်သည်။ ပိုင်ရှောင်ချန်း တုန်ယင်နေတာ သေချာသွားသည်။ သူတို့က အလန့်တကြား အော်ဟစ်လိုက်ကြ၏။

ထိုအချိန်မှာပင် ပိုင်ရှောင်ချန်း၏မျက်လုံးများ ပွင့်လာလေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset