နက်နဲစွာ ဥာဏ်အလင်းပွင့်ခြင်းဆိုသည်မှာ လူတစ်ယောက်၏ ဝိညာဥ်က ကောင်းကင်နှင့်ကမ္ဘာကြီးနှင့် ပေါင်းစပ်သွားသည့် အခြေအနေတစ်ခုဖြစ်ပြီး လောကကြီးနှင့်ချိတ်ဆက်နိုင်ကာ သဘာဝနှင့်မှော် ဥပဒေသများအကြောင်းကို သိနားလည်နိုင်လာခြင်းဖြစ်သည်။
သာမန်လူများသည် နက်နဲစွာဥာဏ်လင်းပွင့်ခြင်းအဆင့်သို့ မတော်တဆရောက်ရှိသွားနိုင်ပါသော်လည်း ဖြစ်နိုင်ချေမှာ အလွန်သေးငယ်သည့်အဆင့်မှ လုံးဝမဖြစ်နိုင်သည့်အဆင့်ကြားတွင်ရှိလေသည်။ ချီစုစည်းမှုအဆင့် ကျင့်ကြံသူများပင်လျှင် ထိုအဆင့်သို့ရောက်ရှိရန် ခက်ခက်ခဲခဲကြိုးပမ်းရပြီး အကယ်၍ ထိုအဆင့်သို့ရောက်သွားပါကလည်း ထိုအကြောင်းကို သိသမျှလူတိုင်းက အုပ်အော်သောင်းနင်းဖြစ်သွားကြစမြဲပင်။
အံ့သြဖွယ်ကောင်းသော ကျင့်ကြံခြင်းအခြေခံများရှိသည့် မြင့်မြတ်သောလူများကမူ ထိုအဆင့်သို့ ရံခါဖန်ခါဝင်၍ လောကကြီး၏ နက်နဲသောပြောင်းလဲနေမှုများနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ကြီးမြတ်သော တာအိုပညာရပ်များ ကို သုံးသပ်ကြလေသည်။
လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာအတွင်းတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ လူနှစ်ယောက်သာ နက်နဲစွာဥာဏ်အလင်းပွင့်ခြင်းအဆင့်သို့ ရောက်ရှိဘူးလေသည်။ ထိုထဲမှတစ်ယောက်မှာ ထူးခြားလွန်းလှသော မွေးရာပါ ပါရမီများရှိသည့် ဝိညာဥ်စွယ်ဖြစ်သည်။ ရှန်ကွမ်းထျန်ယုံပင်လျှင် ပါရမီအပိုင်းတွင် သူ့ကိုမယှဥ်နိုင်ပေ။
နောက်တစ်ယောက်မှာကား ရုပ်ထုအောက်တွင် ယခုထိုင်နေသည့် ရက်ခုနစ်ဆယ်တိတိ ထိုရုပ်ထုကို ဆက်တိုက် လေ့လာကြည့်ရှုခဲ့သော ပိုင်ရှောင်ချန်းပင်ဖြစ်သည်။
ဘေးနားရှိမြောက်ခြမ်းဂိုဏ်းသားများကမူ ထိုအံ့သြဖွယ်မြင်ကွင်းကိုကြည့်ကာ မှင်တက်နေကြသည်။
” ပိုင်ရှောင်ချန်း… သူ…သူက…. နက်နဲစွာ ဥာဏ်အလင်းပွင့်ခြင်းအဆင့်ထဲ ရောက်နေတာတဲ့လား။ အကြီးဆုံးဂိုဏ်းတူအစ်ကို ဝိညာဥ်စွယ်ပြီးရင် အဲ့ထဲကိုဝင်နိုင်တဲ့ တစ်ဦးထဲသောသူက သူတဲ့လား….”
” ဟွန်း။ ဒီကောင့်ရဲ့ နက်ရှိုင်းတဲ့ဥာဏ်အလင်းပွင့်ခြင်းက အကြီးဆုံးဂိုဏ်းတူအစ်ကို ဝိညာဥ်စွယ်တုံးကနဲ့ ယှဥ်ရင် ဘာမှမဟုတ်ပါဘူးကွာ။ ဝိညာဥ်စွယ်က ဆယ့်ငါးရက်ထဲနဲ့ရောက်တာကွ။ ပိုင်ရှောင်ချန်းက ရက်ခုနစ်ဆယ်ကြာမှ ရောက်တာ။”
” အဲ့လိုပြောလို့တော့လည်း မရဘူးလေကွာ။ မင်းပြောပုံအရဆို ရက်ခုနစ်ဆယ်လောက် တောင့်ခံန်ုင်ရင်ပဲ ငါတို့လည်း နက်ရှိုင်းတဲ့ ဥာဏ်အလင်းပွင့်ခြင်းအဆင့်ထဲ ရောက်နိုင်တဲ့ ပုံစံနဲ့။ ဒါပေမဲ့ ငါတို့မှ မလုပ်နိုင်တာ။ ကြည့်ပါအုံး ပိုင်ရှောင်ချန်း ဘယ်လောက်ကြိုးစားလည်းဆိုတာ။”
ထို တအံ့တသြအော်ဟစ်သံများအပြင် အခြားသော ခံစားချက်ပေါင်းစုံမှာလည်း ထိုလူအုပ်ကြီးထဲတွင် ရောယှက်နေတော့သည်။ အချို့လူများမှာ မခံမရပ်နိုင်ဖြစ်ကာ မနာလိုနေကြပြီး အချို့လူများကမူ အထင်သေးနေကြလေသည်။ သို့သော်လည်း သူတို့ ဘယ်လိုပင်ခံစားခံစားရ ပိုင်ရှောင်ချန်းအလွန်ကြိုးစားခဲ့ပြီး တောင့်ခံခဲ့သည် ကိုတော့ သူတို့သိကြလေသည်။ ထို့အပြင် သူတို့အားလုံးမှာ အတိုင်းအတာတစ်ခုထိ သူ့ကို အားကျနေကြတော့သည်။
တချိန်ထဲတွင် အလင်းတန်းခြောက်ခုမှာ လေထဲတွင် ပေါ်လာသည်။ သူတို့ထဲတွင် အမြန်ဆုံးမှာ မြောက်ခြမ်း၏ တောင်လေးတောင်မှ ေတာင်ထိပ်သခင်များမဟုတ်ပဲ တောင်ခြမ်းမှ လီချင်းဟောက်သာ ဖြစ်သည်။
ပိုင်ရှောင်ချန်း နစ်မျောသွားချိန်တွင်ပင် သူကပေါ်လာခြင်းဖြစ်သည်။ သူ၏လက်ချောင်းကို ပွဲကြည့်စဥ်ဘက်သို့ ဝှေ့ယမ်းလိုက်သောအခါ အလင်းတန်းအကာအရံတစ်ခုဆင်းသက်လာပြီး ပိုင်ရှောင်ချန်းကို ဝန်းရံလိုက်သဖြင့် မည်သူမှ နှောင့်ယှက်၍မရနိုင်တော့ပေ။
ထိုအချိန်တွင် တောင်ထိပ်သခင် လေးယောက်မှာရောက်ရှိလာပြီး ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်ပင် ပါလေသည်။
ယန်ဝေ့တောင်မှ အဘွားအိုကြီးက လီချင်းဟောက်နှင့် ဘေးနားကလူအုပ်ကြီးကို လှမ်းကြည့်လိုက်လေသည်။ ပိုင်ရှောင်ချန်းက နက်နဲစွာဥဏ်အလင်းပွင့်ခြင်းအဆင့်ထဲ ရောက်သွားသဖြင့် သူမရင်ထဲပေါ်လာသော အံ့အားသင့်မှုကို မျိုသိပ်ကာ အော်ပြောလိုက်လေသည်။
” ပွဲကြည့်စင်ဘေးပတ်ပတ်လည်က နေရာတစ်ခုလုံးကို ပိတ်လိုက်။ ပိုင်ရှောင်ချန်းနိုးမထလာခင်ထိ အဲ့နေရာကို မဖွင့်ပေးနဲ့။”
” ပိုင်ရှောင်ချန်းကို နှောင့်ယှက်ရင် ဂိုဏ်းကို သစ္စာဖောက်တယ်လို့ သတ်မှတ်မယ်။ ပြီးတော့ စည်းကမ်းနဲ့အညီ အပြစ်ပေးခံရမယ်။ တရားစီရင်ရေးဆောင်က လူတွေကို ဒီကိုချက်ချင်းလာခိုင်းပြီး အကာအကွယ်ပေးဖို့ ပြောလိုက်ကြစမ်း။ ” ကျိန်းယွမ်သုန်ကပါ ပြောလိုက်လေသည်။ သူ၏ စကားကို အပြင်စည်းဂိုဏ်းသားများက ခေါင်းညိတ်ကာ လက်ဆုပ်၍ တလေးတစား အရိုအသေပေးလိုက်ကြလေသည်။
မကြာမီ တရားစီရင်ရေးဆောင်မှ ဂိုဏ်းသားဒါဇင်ပေါင်းများစွာရောက်လာပြီး ရုပ်ထုဘေးပတ်ပတ်လည်ရှိ နေရာပေါင်းစုံတွင် နေရာယူကာ တင်ပျဥ်ခွေထိုင်ပြီး ဓမ္မစောင့်ရှောက်သူ များအဖြစ် တာဝန်ယူထားသည်။
ဤအချ်ိန်တွင်မူ အပြင်စည်းဂိုဏ်းသားများမှတစ်ဆင့် သတင်းစများမှာ ပျံ့နှံ့သွားပြီဖြစ်သည်။ မြောက်ခြမ်းရှိလူတိုင်းမှာ ပိုင်ရှောင်ချန်းတစ်ယောက် နက်နဲစွာဥာဏ်အလင်းပွင့်ခြင်းအဆင့်သို့ ရောက်ရှိသွားကြောင်း သိသွားကြတော့သည်။ ပေဟန်လဲ့နှင့် အခြားလက်ရွေးစင်များကမူ သူတို့၏ အင်မော်တယ်ဂူများထဲမှ အံ့အားသင့်နေသော အမူအရာများဖြင့် ထွက်လာကြပြီး တရားစီရင်ရာစင်သို့ အပြေးသွားကုန်ကြသည်။
ပိုင်ရှောင်ချန်းကို တရားစီရင်ရေးေဆာင်မှ လူများက ကာကွယ်ပေးနေသည်ကို မြင်လိုက်ရသောအခါ သူတို့မှာ မည်သို့ မည်ဖုံတွေးရမည်မှန်း မသိဖြစ်သွားကြသည်။
” သူ…သူတကယ် နက်နဲစွာဥာဏ်အလင်းပွင့်ခြင်းအဆင့်ထဲ ရောက်နေတာလား။”
” ရက်ပေါင်းခုနစ်ဆယ်နော်။ သူရက်ပေါင်းခုနစ်ဆယ်တိတိ တောင့်ခံခဲ့တာပဲဟ။
” သူငါတို့ထက် အဲ့လောက်အများကြီး သာနေဖို့ အကြောင်းမရှိဘူး။ ငါမယုံဘူးကွာ ” ပေဟန်လဲ့၊ ကုန်းစွန်းမောင်နှမ၊ ရွှီဆုန်နှင့် အခြားအတွင်းစည်းဂိုဏ်းသားများမှာ ခံစားချက်ပေါင်းစုံ အတွေးပေါင်းစုံနှင့် ရောယှက်နေကြတော့သည်။
လေပေါ်တွင်မူ တောင်ထိပ်သခင်လေးယောက်က မျက်လုံးအစုံကိုမှိတ်ကာ တင်ပျဥ်ခွေထိုင်နေပြီး အခိုးအငွေ့များဖြင့် ရစ်သိုင်းလျက်ရှိသည့် ပိုင်ရှောင်ချန်ကို ဝိုင်းကြည့်နေကြသည်။ သူတို့အားလုံးမှာ သက်ပြင်းချနေကြသည်။
” သူ ဒီလိုတကယ်လုပ်နိုင်မယ်လို့ ငါထင်တောင်မထင်မိဘူး။”
” ဒီကောင်လေးက အကြာကြီး ခက်ခက်ခဲခဲကြိုးစားထားတာကွ။ သူ့ရဲ့အောင်မြင်မှုက ဟန်ပြမဟုတ်ဘူး။”
” သူအဲ့ဒီ့ နက်နဲစွာဥာဏ်အလင်းပွင့်ခြင်းအဆင့်ထဲ ဘယ်နှစ်ရက်လောက်တောင် ရှိနေမလဲမသိဘူး။ ဝိညာဥ်စွယ်တုံးကတော့ နှစ်ဆယ့်ခုနစ်ရက်ကြာတာပဲ။”
တောင်ထိပ်သခင်များက သက်ပြင်းချနေကြစဥ် လီချင်းဟောက်၏ မျက်လုံးများမှာ မျှော်လင့်ချက်ရောင်ချည်များဖြင့် တောက်ပနေပြီး အားပါးတရ ရယ်မောနေသည်။ ဤအချိန်တွင်မူ လီချင်းဟောက်က သူ့ဆရာလည်း ပိုင်ရှောင်ချန်းလိုမျိုး တပည့်တစ်ယောက် လိုချင်ခဲ့မည်ဖြစ်ကြောင်း တွေးနေတော့သည်။
လီချင်းဟောက်၏မျက်နှာမှာ ပြုံးရွှင်နေပြီး သူ၏မျက်လုံးများမှာ ချီးကျူးမှု၊ ထောက်ခံမှုများနှင့် တောက်ပနေသည်။
ပိုင်ရှောင်ချန်းမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အလည်မှာ ရောက်ရှိပြီး တရားစီရင်ရေးဆောင်မှ လူများက သူ့ကိုကာကွယ်နေကာ လီချင်းဟောက်ကိုယ်တိုင် စီမံထားသည့် မန္တန်အစီအရင်တစ်ခုကလည်း သူ့ကို ဝန်းရံထားသဖြင့် ရွှေအမြုတေအဆင့်အောက်ရှိ မည်သူမျှ ပိုင်ရှောင်ချန်း၏ နက်နဲစွာဥာဏ်အလင်းပွင့်ခြင်းအဆင့်သို့ ဝင်ရောက်မှုကို နှောင့်ယှက်နိုင်မည် မဟုတ်ချေ။
ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်ပေါ်လာလျှင်ပင် မျက်စိတစ်မှိတ်အတွင်း ချက်ချင်းအသတ်ခံရမည်သာ ဖြစ်သည်။
အနည်းငယ် ဆက်၍ကြည့်ရှုပြီးနောက် တောင်ထိပ်သခင်များ၊ ဂိုဏ်းခေါင်းဆောင်နှင့် လီချင်းဟောက်တို့အကုန် ပြန်သွားကြတော့သည်။
မြောက်ခြမ်း၏ဂိုဏ်းသားများမှာ သက်ပြင်းချရင်းသာ ဆက်ကြည့်နေကြသည်။ သူတို့ အဓိကသိချင်နေသည်မှာ အဘယ့်ကြောင့် တရားစီရင်ရေးဆောင်မှ လူများကိုပါ ခေါ်ရသနည်းဟူ၍ပင်။ ထိုအပြင် ပိုင်ရှောင်ချန်း မည်မျှကြာအောင် ထိုအဆင့်ထဲတွင် နေနိုင်မည်ကိုလည်း သိချင်နေကြသည်။
” သူက အောင်မြင်ဖို့ ဝိညာဥ်စွယ်ထက် အချိန် ငါးဆပိုကြာခဲ့တာလေ။ အဲ့အလင်းပွင့်ခြင်းထဲမှာ အကြီးဆုံးဂိုဏ်းတူအစ်ကို ဝိညာဥ်စွယ်နေနိုင်ခဲ့တဲ့အချိန်ထက် နှစ်ဆယ်ရာခိုင်နှုန်းလောက်တော့ နေနိုင်မယ်ထင်တယ်။ အများဆုံး ငါးရက် ခြောက်ရက်လောက်ပေါ့ကွာ။”
” သူ ခုနစ်ရက်ထက်ကျော်မယ်လို့ ငါလောင်းရဲတယ် ”
မရေမတွက်နိုင်သော အေးစက်စက် နှာမှုတ်သံများမှာ လူအုပ်ကြီးထဲတွင် ပဲ့တင်ထပ်နေတော့သည်။ မြောက်ခြမ်းတွင် ဂိုဏ်းသားများစွာရှိပြီး သူတို့ထဲမှ တစ်ယောက်ကမှ ပိုင်ရှောင်ချန်းမှာ သူတို့၏မဟာရန်သူဖြစ်သည်ဆိုသောအချက်ကို မမေ့သေးပေ။ သူ၏အစွမ်းကြောင့် သူတို့အားလုံး အံ့အားသင့်နေကြသော်လည်း အတွင်းစိတ်ထဲတွင်မူ သူ့ကိုမုန်းတီးစိတ်ထားနေသူများ အနည်းငယ်ကျန်နေသေးသည်။ သူ့ကို မနာလိုနေသော လူလည်း များစွာရှိလေသည်။
အချိန်များမှာ ကုန်လွန်သွားသည်။ သုံးရက်အကြာတွင် ပိုင်ရှောင်ချန်းမှာ တုတ်တုတ်မျှမလှုပ်သေး။ သို့သော်လည်း အလင်းပွ င့်ခြင်းကိုရရှိရန် သူအသုံးပြုခဲ့ရသော အသက်ဓာတ်များမှာ တဖြည်းဖြည်း ပြန်လည် ပြည့်လာလေသည်။
ထို့အပြင် သူက နက်နဲစွာဥာဏ်အလင်းပွင့်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ ဝိညာဥ်မှာ သူ့ခန္ဓာကိုယ်ကို စွန့်ခွာကာ ကောင်းကင်၊ကမ္ဘာမြေကြီး၊ ဟင်းလင်းပြင်များနှင့် ပေါင်းစပ်နေသည့်အလား သူ၏ အခိုးအငွေ့များမှာ မရှိတော့ပေ။
ထိုအချိန်အတွင်းတွင် သူ၏ပိတ်ထားသည့်မျက်လုံးထဲရှိ ဟင်းလင်းပြင်ကြီးက သူ၏တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ သူသည် အချိန်၏နိယာမများကို မသိတော့ပဲ ထိုအခြေအနေထဲတွင် မည်မျှကြာကြာရောက်နေသည်ကိုလည်း မသိတော့ပေ။ အကြေးခွံပုံရိပ်များကိုသာ သူသိတော့သည်။ သူ၏ရှေ့မှရုပ်ထုကြီးမှာ အသက်ဝင်သလိုဖြစ်လာပြီး ကြမ်းတမ်းသော အခိုးအငွေ့များထွက်နေကာ ၎င်း၏ညာဘက်လက်ထဲရှိ ကမ္ဘာကြီးထဲသို့ ဆွဲခေါ်နေသည့်အလားပင် ဖြစ်နေတော့သည်။
ထိုဟင်းလင်းပြင်ကြီးမှာ ဆွဲဖြဲခံရလုနီးပါးဖြစ်သွားပြီး သူ၏သတိစိတ်များမှာ ထိုအက်ကွဲကြောင်းထဲမှနေ၍ စုပ်ယူခြင်းခံလိုက်ရကာ ပုံရိပ်ယောင်ကမ္ဘာတစ်ခုထဲရောက်သွားလေသည်။ သူ၏အတွေးစိတ်ကူးများထဲတွင် မည်သည့်အရာမှမရှိတော့ပေ။ သူမည်သူမည်ဝါဖြစ်ကြောင်းနှင့် အဘယ့်ကြောင့် ဤနေရောသို့ သူလာခဲ့ကြောင်းကိုပါ သူ မေ့သွားလေပြီ။ သူ၏ဘေးနားရှိ ပုံရိပ်ယောင်ကမ္ဘာကြီးကိုသာ သူက သိတော့သည်။
ထို့နောက် သူက အလွန်ကြီးမားလွန်းသဖြင့် စကားလုံးများနှင့်ဖော်ပြ၍ပင်မရနိုင်သော ဧရာမ သတ္တဝါကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ထိုသတ္တဝါမှာကြီးမားလွန်းလှ၍ ပိုင်ရှောင်ချန်းမှာ ထိုသတ္တဝါကြီး၏ နောက်ကျောပေါ်မှ အကြေးခွံသေးသေးတစ်ခုအလားပင် ရှိလေသည်။
ထိုသတ္တဝါကြီးမှ ာမြောက်ခြမ်းရှိ ရုပ်ထုကိုပြုလုပ်ခဲ့သည့် ဧရာမမိကျောင်း သားရဲကြီးပင် ဖြစ်လေသည်။
၎င်းက ဤပုံရိပ်ယောင်ကမ္ဘာထဲတွင်နေထိုင်ပြီး တိမ်များကိုမော့ကြည့်ကာ ကောင်းကင်ကြီးကိုစိုက်ကြည့်ပြီး မမြင်ရသော အရာတစ်ခုကို ငေးကြည့်နေလေသည်။ ထိုအရာမှာ ရှိပင်မရှိပေ။ ရုတ်တရက်ဆိုသလို ထိုသတ္တဝါကြီးက ကောင်းကင်ကြီးဆီသို့ သွားကာ လှမ်းဖမ်းယူလိုက်သည့် ပုံစံလုပ်လိုက်လေသည်။
မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်သံမှာ အရပ်မျက်နှာအားလုံးသို့ ပဲ့တင်ထပ်သွားသည်။ ထိုလက်ကြီးက ကောင်းကင်ကို ဆွဲဖြဲနေသည်ကိုကြည့်ရင်း ပိုင်ရှောင်ချန်းမှာ ဘာပြောရမှန်းမသိဖြစ်နေသည်။ ထစ်ချုန်းသံများမှာ ကောင်းကင်ယံတွင် ပြည့်နှက်နေပြီး ပိုင်ရှောင်ချန်းကမူ ထိုလက်ကြီးအကြောင်းကိုသာ တွေးနေတော့သည်။.
ပိုင်ရှောင်ချန်းသာ သူမည်သူမည်ဝါဖြစ်ကြောင်း မှတ်မိလိုက်ပါက ထိုလက်ကြီးမှာ ဝိညာဥ်ခေါ်သံပညာရပ်ကို အသုံးပြုစဥ်က ပေါ်လာသည့် လက်ကြီးဖြစ်ကြောင်းကို သိမည်ဖြစ်သည်။
ပိုင်ရှောင်ချန်းက ပုံရိပ်ယောင်ကမ္ဘာထဲတွင် ရောက်နေချိန်တွင် အပြင်လောကတွင် အချိန်များက ကုန်ဆုံးနေသည်။ ဂိုဏ်းသားအများစု ထင်ကြေးပေးထားသည့် ရက်ပမာဏဖြစ်သော ငါးရက် ခြောက်ရက်ကိုပင် ကျော်သွားပြီဖြစ်သည်။ ဆယ်ရက်တာတိတိ ကုန်သွားပြီဖြစ်လေသည်။
နေ့စဥ်နေ့တိုင်း မြောက်ခြမ်းဂိုဏ်းသားများက ထိုပွဲဲကြည့်စဥ်နားတွင်စုကာ ပိုင်ရှောင်ချန်းကို ပို၍ပင် လာ၍ကြည့်နေကြလေသည်။ အချို့အတွင်းစည်းဂိုဏ်းသားများဆိုလျှင် ထိုနေရာတွင် တရားပါထိုင်နေတော့သည်။
ပေဟန်လဲ့နှင့် အခြားလက်ရွေးစင်များလည်း ရှိကြသည်။
သူတို့က ပိုင်ရှောင်ချန်း နက်နဲစွာဥာဏ်အလင်းပွင့်ခြင်းအဆင့်သို့ ဆယ်ရက်ကြာ ရှိနေသည်ကို ခံစားချက်ပေါင်းစုံရောထွေးနေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အတွင်းစည်းဂိုဏ်းသားများက ထိုနေရာတွင် ငြိမ်သက်စွာထိုင်နေစဥ် အပြင်စည်းဂိုဏ်းသားများကမူ အုပ်အော်သောင်းနင်းဖြစ်နေကြသည်။
” သူဆယ်ရက်ကြာအောင် နေနိုင်တာ ငါယုံတောင်မယုံနိုင်ဘူး။”
” အေးကွ။ ဒါပေမဲ့ အကြီးဆုံးဂိုဏ်းတူအစ်ကို ဝိညာဥ်စွယ်လိုမျိုး နှစ်ဆယ့်ခုနစ်ရက်ကြာအောင် နေနိုင်မယ်လို့တော့ ငါမထင်ဘူး။”
အပြင်စည်းဂိုဏ်းသားများမှာ ထိုကိစ္စများကို ဆွေးနွေးငြင်းခုံနေကြရင်း အချိန်များမှာ ကုန်သွားပြန်သည်။ ဆယ့်တစ်ရက်၊ ဆယ့်နှစ်ရက် ဆယ့်သုံးရက်…… နောက်ဆုံးတွင် ရက်နှစ်ဆယ်မြောက်နေ့ကို ရောက်လာတော့သည်။
မြောက်ပိုင်းကလူများမှာ ဤအခြေအနေကြောင့် လုံးဝကို တုန်လှုပ်နေကြတော့သည်။ အပြင်စည်းဂိုဏ်းသားအားလုံးမှာ ဆူညံပွက်လောရိုက်နေကြပြီး ဝိညာဥ်စွယ်ကို ပိုင်ရှောင်ချန်းကျော်တက်နိုင်မည်မလား သိလိုသဖြင့် အနီးကပ်လေ့လာနေကြသည်။
” မဖြစ်နိုင်ဘူး။”
” နက်နဲစွာဥာဏ်အလင်းပွင့်ခြင်းအဆင့်ထဲ ရောက်ဖို့ အကြီးဆုံးဂိုဏ်းတူအစ်ကို ဝိညာဥ်စွယ်ထက် သူက အချိန်ငါးဆပို ကြာခဲ့တာလေ။ သူ့ရဲ့ ပုန်းကွယ်နေတဲ့ ပါရမီက ဝိညာဥ်စွယ်လောက်မကောင်းနိုင်ပါဘူး။ သူ အဲ့စံချိန်ကို ဘယ်လိုနည်းနဲ့မှ ကျော်မှာ မဟုတ်ပါဘူးကွာ။”
ထို့သို့သော စကားသံများမှာ ဂိုဏ်းသားများအကြားတွင် အများဆုံးကြားနေရလေသည်။ အတွင်းစည်းဂိုဏ်းသားများပင်လျှင် ထိုသို့တွေးကြလေသည်။ ထို့နောက် တဖြည်းဖြည်းနှင့် နှစ်ဆယ့်နှစ်ရက်…..နှစ်ဆယ့်ငါးရက်ထိရောက်သွားတော့သည်။ ထိုအချိန်တွင်မူ အသံအားလုံးများ ပျောက်ကွယ်ကုန်ကြပြီး လူတိုင်းမှာ ရင်တုန်လာတော့သည်။
နှစ်ဆယ့်ခြောက်ရက်မြောက်နေ့၏ ညနေခင်းတွင် တရားစီရင်ရာစင်၏အပေါ်ရှိလေထဲတွင် အနက်ရောင်ဝတ်ရုံရှည်ဝတ်ထားသည့် လူငယ်တစ်ယောက်၏ ပုံရိပ် တစ်ခုပေါ်လာသည်။
ထိုသူမှာ ဝိညာဥ်စွယ်ပင် ဖြစ်လေသည်။
သူက အခြေခိုင်မာခြင်းအဆင့်အတွက်ပြင်ဆင်ရန် တံခါးပိတ်တရားကျင့်နေသည်ဖြစ်ပြီး ပိုင်ရှောင်ချန်းအကြောင်းသတင်းကို ရောင်းရင်းဂိုဏ်းသားတစ်ယောက်ဆီမှရ၍ ထွက်ပေါ်လာခြင်းဖြစ်သည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ပိုင်ရှောင်ချန်းတစ်ယောက်သာလျှင် သူ၏အာရုံကိုဖမ်းစားနိုင်သည့် ဂိုဏ်းသားတစ်ယောက်ဖြစ်သည်။ သူက ထို ပွဲကြည့်စင်အပေါ်တွင်ပေါ်လာသောအခါ မရေမတွက်နိုင်သည့် အတွင်းစည်းဂိုဏ်းသားများနှင့် အပြင်စည်းဂိုဏ်းသားများက သူ့ကို ကြောက်ရွံ့လေးစားသော အကြည့်များဖြင့် ကြည့်နေကြလေသည်။ တစ်ယောက်ပြီးတစ်ယောက် လက်ဆုပ်ကာ အရိုအသေပေးလိုက်ကြလေသည်။
” နှုတ်ဆက်ပါတယ်။ အကြီးဆုံးဂိုဏ်းတူအစ်ကို ဝိညာဥ်စွယ်။”
ပေဟန်လဲ့နှင့် အခြားလက်ရွေးစင်များပင်လျှင် ထိုနည်းတူအရိုအသေပေးလိုက်ကြသည်။ ထိုအသံများထွက်လာသော်လည်း ဝိညာဥ်စွယ်မှာ ကြားဟန်ပင်မတူပေ။ သူ၏ အာရုံအားလုံးမှာ ပိုင်ရှောင်ချန်းဆီသို့ ရောက်နေပြီး သူ၏မျက်လုံးများမှာ ထူးဆန်းသောအလင်းတန်းများဖြင့် တောက်ပနေသည်။
” ငါ့ရဲ့ လေ့လာမှုတွေကို သားရဲကြီးရဲ့ လက်သည်းချွန်တွေနဲ့ စခဲ့တာ။ စိတ်ကူးထဲမှာ ပုံရိပ်ပေါ်လာတော့ နက်နဲစွာဥာဏ်အလင်းပွင့်ခြင်းအဆင့်ထဲ ရောက်သွားခဲ့တယ်။ အဲ့ဒီနောက် ပုံရိပ်ယောင်ကမ္ဘာတစ်ခုထဲရောက်နေတာကို တွေ့လိုက်ရတယ်။ ရှေးဟောင်းသားရဲကြီးရဲ့ ကောင်းကင်ကိုတုန်ခါနိုင်လောက်အောင် မြေကြီးကို အက်ကွဲနိုင်လောက်အောင် စွမ်းအားကြီးတဲ့ လက်သည်းတွေထဲ ငါရှုံးနိမ့်ခဲ့ရတယ်။ ငါ့ရဲ့ နက်နဲစွာဥာဏ်အလင်းပွင့်ခြင်းအဆင့်လည်းပြီးရော အဲ့ရှေးဟောင်းသားရဲကြီးရဲ့ ပြောင်းလဲသွားတာတွေ တစ်ချက်မှ မတွေ့မိဘူး။”
” ပိုင်ရှောင်ချန်း။ မင်းလည်း နက်နဲစွာဥာဏ်အလင်းပွင့်ခြင်းအဆင့်ထဲ ရောက်နေပြီဆိုတော့ အဲ့လက်သည်းချွန်တွေပါတဲ့ လက်ကြီးထဲက ရုန်းထွက်နိုင်မလား ငါသိချင်တယ်။….”