Switch Mode

အခန်း ( ၁၂၆ )

အောင်မြင်ခြင်းဆီသို့

သူသည် ရုပ်ထုကိုကြည့်နေရင်း ထူးဆန်းသည်ဟုမခံစားလာရခင် သူ့ခေါင်းထဲမှာ တိုက်ခိုက်လိုသောဆန္ဒများ ဖြစ်ပေါ်လာသည်။ သို့သော် ထိုခံစားမှု၏နောက်ကွယ်တွင် ထိုထက်ပို၍နက်ရှိုင်းသော၊ သူလည်းအမည်မဖော်ပြနိုင်သော တစုံတခုကရှိနေသည်။

ယခုမူသူသည် ဝိညာဥ်သားရဲအစောင့်အရှောက်လေးကောင်လုံးကို လေ့လာကြည့်ရှုပြီးခဲ့၍သော်လည်းကောင်း၊ သို့မဟုတ် သူ၏သက်စောင့်ဝိညာဥ် ပေါ်ထွက်လာခါနီးနေ၍သော်လည်းကောင်း၊ သူသည် တိုက်ပွဲဝင်သားရဲရုပ်တု၏ တကိုယ်လုံးကိုလေ့လာမကြည့်ရှုတော့ပဲ အကြေးခွံများအပေါ် အာရုံရောက်နေလေ၏။

အကြေးခွံများသည် ရုပ်ထုပေါ်မှသာမန်အကြေးခွံများသာဖြစ်သည်။ သို့သော် သေသေချာချာလေ့လာကြည့်ရှုလိုက်သောအခါ သူ့ခန္ဓာကိုယ်အတွင်းမှ ရွှယ်ကျဲကော်တုသက်စောင့်ဝိညာဥ်သည် အစွမ်းပိုထက်လာပြီး လူးလွန့်နေသည်ဟု ခံစားလာရ၏။

တချိန်တည်းမှာပင် သူ၏နားထဲတွင် ကမ္ဘာဦးကဲ့သို့ရှေးကျသောခေတ်က သားရဲတကောင်ကောင်၏ ဟိန်းဟောက်နေသံများကြားလိုက်ရတော့၏။

သူသည် စိတ်ထင်ယောင်ထင်မှားဖြစ်နေသည်လားဟု ဝေခွဲမရဖြစ်နေပြီး ထိုခံစားမှုကွယ်ပျောက်သွားသောအခါ ထပ်မံလေ့လာကြည့်ရှုနေလိုက်သည်။ တချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်အတွင်းရှိ သက်စောင့်ဝိညာဥ်က ပြန်လည်တည်ငြိမ်သွားလေ၏။

အသက်ပြင်းပြင်းရှူလိုက်ကာ ရုပ်ထုပေါ်သို့လမ်းလျှောက်တက်သွားပြီး ရုပ်တုရှေ့တွင်တင်ပျဥ်ခွေထိုင်နေလိုက်၏။ ထို့နောက် သူသည် ရုပ်တုကိုမော့ကြည့်နေလျက်က စောစောကပေါ်လာသောခံစားချက်သည် ထင်ယောင်ထင်မှားဖြစ်နေသည်မဟုတ်ကြောင်း အသေအချာသိနေလေ၏။

“ဒီရုပ်တုက… အရမ်း… အရမ်းကိုထူးဆန်းတာပဲ…။” ထိုသို့ရေရွတ်ကာ သူသည် ရုပ်ထု၏ မရေမတွက်နိုင်သောအကြေးခွံများကို ဆက်လက်လေ့လာနေလိုက်လေ၏။

အကြေးခွံများသည် ရိုးရိုးသာမန်အကြေးခွံများသာဖြစ်ဟန်တူသော်လည်း ပိုင်ရှောင်ချန်းယခုမှသိလိုက်ရသည်မှာ ထိုအကြေးခွံများကို မှတ်ဉာဏ်ထဲသို့မှတ်ရန်အလွန်ပင်ခက်ခဲလှပေသည်။ သူ့ရှေ့တွင်အကြေးခွံများကိုမြင်တွေ့နေရသည့်တိုင် ၎င်းတို့၏ပုံသဏ္ဍာန်နှင့် ပုံရိပ်များကို လုံးဝမမှတ်မိပေ။

ထိုအချက်ကြောင့် သူသည်စိတ်ပျက်အားလျော့သွားခြင်းမဖြစ်ပဲ ပို၍သာအာရုံစိုက်လေ့လာနေသည်။ မျက်လုံးများဝင်းလက်နေကာ အကြေးခွံများကိုအနီးကပ်လေ့လာနေသည်။

အချိန်များကုန်လွန်သွားပြီး မကြာမီညနေစောင်းသို့ရောက်လာလေ၏။ တရားစီရင်ရာစင်မြင့်သည် မြောက်ပိုင်းဂိုဏ်း၏အလယ်တည့်တည့်တွင်ရှိနေသောကြောင့် ဂိုဏ်းသားများဖြတ်သွားဖြတ်လာလုပ်လျက်ရှိရာ မကြာမီတွင် ရုပ်တုကိုငေးကြည့်နေသောပိုင်ရှောင်ချန်းကို လူများသတိထားမိလာလေသည်။ ထိုသို့မြင်နေရသည်မှာထူးခြားသည်မှန်သော်လည်း မည်သူမှအရေးလုပ်ကာ ရပ်မကြည့်ကြပေ။

နောက်တနေ့အာရုဏ်တက်ချိန်ထိ ပိုင်ရှောင်ချန်းသည်ထိုနေရာမှာပင်ရှိနေသေးရာ ယခင်နေ့က ပိုင်ရှောင်ချန်းကိုတွေ့ခဲ့သောဂိုဏ်းသားများသည် သူ့ကိုအထူးအဆန်းတခုသဖွယ်စိုက်ကြည့်လာြက၏။ သူသည်တညလုံးတဖဝါးမှမရွေ့ပဲ သူ့ရှေ့ရှိရုပ်ထုကို နီရဲသောမျက်လုံးများဖြင့်ကြည့်နေခဲ့လေ၏။ ဂိုဏ်းသားများသည် သူ့ကိုအလွန်အမင်း အံ့အားသင့်နေကြလေသည်။

ပိုင်ရှောင်ချန်းသည် ဤရုပ်တုကိုလေ့လာခြင်းဖြင့် သူ၏သက် စောင့်ဝိညာဥ်ပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်နေ၏။ သူသည် သက် ေစာင့်ဝိညာဥ်ပေါ်ထွက်လာရေးအတွက် အခြားဖြစ်နိုင်သောနည်းလမ်းအားလုံးကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ သူသည် သားရဲမွေးမြူရေးခြံအတွင်းရှိ သားရဲအားလုံးကိုလေ့လာခဲ့ပြီး ဝိညာဥ်သားရဲအစောင့်အရှောက်လေးကောင်ကိုလည်း လေ့လာခဲ့ပြီးဖြစ်သည်။ သူသည်မြောက်ပိုင်းဂိုဏ်းသားများ၏ သာမန်တိုက်ပွဲဝင်သားရဲများကိုပင် တိတ်တဆိတ်လေ့လာခဲ့သေး၏။

ရွှဲကျယ်ကော်တု၏ သက်စောင့်ဝိညာဥ် ယခုထက်တိုင်ပေါ်ထွက်လာခြင်းမရှိသေးပေ။ အကယ်၍ သက်စောင့်ဝိညာဥ် ပေါ်ထွက်လာမည့် အရိပ်အယောင်ပင်မပေါ်လျှင် ရွှယ်ကျဲကော်တုကျင့်ကြံခြင်းကိုရပ်လိုက်တော့မည်ဟု သူ ဆုံးဖြတ်ထား၏။ သို့သော် သူ၏သက်ေစာင့်ဝိညာဥ်က မကြာခင်ပေါ်ထွက်လာတော့မည်ဟု အာရုံရနေသည်။ ထွက်ပေါ်လာအောင် ဘယ်လိုလုပ်မှန်းမသိဖြစ်နေလေသည်။ နီးလျက်နဲ့ ဝေးနေလေ၏။

ထိုစိတ်မအေးရသောခံစားချက်ကို သူလက်မခံနိုင်သေးပေ။ ထို့ကြောင့် ယခုအခွင့်အရေးကိုအမိအရဆုပ်ကိုင်ကာ သူ၏မဆုတ်မနစ်ကြိုးစားအားထုတ်မှုတို့ကို အစွမ်းကုန်အသုံးချလိုက်လေ၏။

သူသည် ဆေးဖော်စပ်ခဲ့စဥ်က လုံ့လစိုက်ထုတ်သကဲ့သို့ အားစိုက်ကာ ထိုနေရာတွင် ထိုင်နေလေ၏။ နေ့နှင့်ညများကုန်ဆုံးသွားသည်ဖြစ်စေ၊ သူ၏မျက်လုံးများကျိန်းစပ်နေသည်ဖြစ်စေ သူဂရုမစိုက်။ နောက်တနေ့ကူးသွားပါစေ ပိုင်ရှောင်ချန်းလုံးဝမထ။

အမှန်မှာ ယခုအချိန်ရောက်မှ ရွှယ်ကျဲကော်တုကျင့်ကြံခြင်းကို သူလက်လွှတ်လိုက်လျှင် သူ၏သက်စောင့်ဝိညာဥ်က ဘယ်တော့မှပေါ်ထွက်လာတော့မည်မဟုတ်ဟု သူထင်နေသည်။ ယခုအခွင့်အရေးကို သူအမိအရဆုပ်ကိုင်ထားရမည်။ သူ၏သက်စောင့်ဝိညာဥ်က မျိုးစေ့အဖြစ်မှအပင်ပေါက်လာရမည်။

” ငါကျရှုံးလိမ့်မယ်လို့တော့ မထင်ဘူး…” အံကိုကြိတ်ကာ တွေးလိုက်သည်။ ထို့နောက် အကြေးခွံများကိုဆက်လေ့လာနေလိုက်ပြီး အကြေးခွံများ၏ပုံသဏ္ဍာန်၊ အရွယ်အစားကို ကြိုးစားမှတ်နေလေသည်။

ဂရုတစိုက်လေ့လာနေရင်း သူသည် ကမ္ဘာလောကကြီးနှင့်ပင် အဆက်အသွယ်ပြတ်သွားလေ၏။ သူ၏အမြင်အာရုံတခုတည်းကိုသာ စူးစိုက်လျက်ရှိပြီး အခြားအာရုံများကို လုံးဝလျစ်လျူရှုထားလိုက်လေ၏။ အချိန်များတရွေ့ရွေ့ကုန်ဆုံးလာပြီး လေးရက်မြောက်နေ့ အာရုဏ်တက်ချိန်တွင် မြောက်ဘက်ဂိုဏ်းသားအများစုသည် ပိုင်ရှောင်ချန်းဆက်လက်ရှိနေသေးသည်ကို အံ့သြနေကြပြီး ထိုသတင်းသည် တစတစပျံ့နှံ့သွားလေ၏။

“ပိုင်ရှောင်ချန်းတယောက် တရားစီရင်ရာစင်မြင့်ရဲ့ရုပ်တုဘေးမှာ ထိုင်နေတာလေးရက်ရှိသွားပြီ..။ သူဘာလုပ်နေတာလဲကွ…။ ရုပ်တုကိုလေ့လာနေတာလား…။”

“အဲ့ဒီတရားစီရင်ရာစင်မြင့်ရဲ့ရုပ်တုက တော်တော်ထူးဆန်းတယ်ကွ…။ အရင်ကလည်း လူတချို့ တခုခုများရမလားဆိုပြီး လာရောက်လေ့လာကြဖူးတယ်…။ ဒါပေမယ့် ဒီနေ့အထိ ဂိုဏ်းတူအစ်ကိုကြီးဝိညာဥ်စွယ်ကလွဲပြီး ဘယ်သူမှမအောင်မြင်ကြသေးဘူး…။”

ထိုသတင်းသည် တစတစပျံ့နှံ့သွားလေရာ မြောက်ပိုင်းဂိုဏ်း၏အတွင်းစည်းဂိုဏ်းသားများသည် ပိုင်ရှောင်ချန်းကိုအနီးကပ်စောင့်ကြည့်နေကြလေ၏။ ပိုင်ရှောင်ချန်းကို လာကြည့်ကြသည့်လူအုပ်ကြီးပင်မနည်း။ သူ၏မလှုပ်မယှက်ထိုင်နေခြင်းသည် လူအများကို အထူးအဆန်းဖြစ်စေသည်။

“ဒီတော့ သူကရုပ်တုကိုလေ့လာပြီး မှတ်ဉာဏ်ထဲထည့်ရုံပဲပေါ့…။ ဉာဏ်အလင်းအပြည့်ရဖို့မဟုတ်ဖူးပေါ့…။ ကောင်းပြီ… ကျုပ်ပြောသလိုပါပဲ…။ တရားစီရင်ရာစင်မြင့်ရဲ့ရုပ်ထုမှာ နက်နဲသိမ်မွေ့တဲ့လျှို့ဝှက်ချက်တချို့ မြှုပ်နှံထားတယ်ကွ…။ ဘယ်သူမဆို အဲ့ရုပ်တုကနေပြီး ဉာဏ်အလင်းမရနိုင်ဘူး…။”

“ကျုပ် ရှေးဟောင်းမှတ်တမ်းတခုမှာဖတ်ဖူးတာကတော့ ဒီရုပ်တုကို လွန်ခဲ့တဲ့နှစ်ပေါင်းလေးထောင်ကျော်က ရှေးဟောင်းသားရဲချောက်နက်ထဲကနေ ဆယ်ထုတ်ခဲ့တာဆိုပဲဗျ…။ ဝါရင့်ဂိုဏ်းဝင်တယောက်ယောက်များ ဉာဏ်အလင်းရခဲ့သလားတော့မပြောတတ်ဘူး…။ သာမန်ဂိုဏ်းသားတွေထဲမှာတော့ ဝိညာဥ်စွယ်မတိုင်ခင်က ဘယ်သူမှမအောင်မြင်ဖူးကြဘူး…။”

“ကျုပ်လည်းတခါကြိုးစားကြည့်ဖူးတယ်… ယုံမလားမသိဘူး…။ အဆုံးကျတော့ ကျုပ်လည်းဘာမှမတတ်နိုင်ပဲ လက်လျှော့လိုက်ရတာပဲ…။ ဘာတခုမှကိုထူးထူးခြားခြားမခံစားရဘူး…။ ဝိညာဥ်စွယ်လိုလူမျိုးတွေပဲ လေ့လာရုံနဲ့ ထူးထူးခြားခြားဉာဏ်အလင်းရနိုင်တာကလား…။ တချို့လူတွေဆို ဆယ်ရက်၊ ဆယ့်ငါးရက်ထိ လေ့လာဖူးတယ်…။ အများဆုံးကတော့ ရက်နှစ်ဆယ်ပဲ…။ အဲ့ထက်တော့ ဘယ်သူမှမခံနိုင်ကြဘူး…။”

ပိုင်ရှောင်ချန်းသည် ရုပ်တုကို သာမန်လေ့လာကြည့်ရှုနေသည်သာဖြစ်ကြောင်း ပေဟန်လဲ့၊ ကုန်းစွန်းမောင်နှမ၊ ရွှီဆုန်နှင့် အခြားအတွင်းစည်းဂိုဏ်းလက်ရွေးစင်များသိလိုက်ရသောအခါ စိတ်သက်သာရာရသွားကြလေ၏။

တောင်ထိပ်သခင်လေးဦးကမူ ပိုင်ရှောင်ချန်းကိုရုပ်တုအောက်တွင်တွေ့လိုက်ရသောအခါ ဘာတွေဆက်ဖြစ်လာမလဲဆိုသောအကြည့်မျိုးဖြင့် မျှော်လင့်တကြီးစောင့်ကြည့်နေကြလေ၏။

“ပိုင်ရှောင်ချန်းက ဝိညာဥ်စွယ်လိုမျိုး ရုပ်တုကနေ အကျိုးကျေးဇူးတွေရမလား ကျုပ်သိချင်နေပြီ…။”

“မှန်ကန်တဲ့အခြေအနေရယ်၊ ထူးခြားတဲ့ပင်ကိုယ်အရည်အသွေးရယ်၊ ကြိုးစားအားထုတ်မှုအလုံအလောက်ရှိဖို့ရယ်တော့လိုလိမ့်မယ်…။ ဒီလိုစောင့်ကြည့်လေ့လာတာဟာ ဘာနဲ့တူသလဲဆိုတော့ ကင်းပတ်စပေါ်မှာ ဆေးရောင်စုံချယ်ထားတာကို ကြည့်နေရသလိုပဲ…။ တချို့ကျတော့ ပရမ်းပတာရေးခြစ်ထားတာတွေလို့မြင်မယ်… တချို့ကျတော့အသေအချာရေးဆွဲထားတဲ့ပန်းချီကားတချပ်လို့မြင်မယ်…။တချို့ကျတော့ ကင်းပတ်အောက်က တခြားပုံရိပ်တခုလို့မြင်မယ်…။ တချို့ လူအနည်းငယ်ကပဲ တခြားလူတွေနဲ့မတူအောင် ကြည့်နိုင်လိမ့်မယ်…။”

ပိုင်ရှောင်ချန်းသည် လေ့လာရုံသက်သက်ကြည့်ရှုနေခြင်းသာဖြစ်ပြီး ဉာဏ်အလင်းရရန်မရည်ရွယ်ပေ။ အကြေးခွံများကို စိုက်ကြည့်နေရင်းမှာပင် ထိုအကြေးခွံများသည် တဖြည်းဖြည်းကြီးမားလာပြီး သူ့ဘေးပတ်ဝန်းကျင်ရှိအရာများအားဖုံးလွှမ်းသွားလေတော့သည်။ လွင့်ပျံနေသောအရာဝတ္ထုများဖြင့်ပြည့်နေသော ကောင်ကင်းနှင့်မြေကြီးကို သူမြင်တွေ့နေရသည်။ ထိုအရာသည် မှုန်ဝါးဝါးပုံရိပ်ယောင်တခုနှင့်တူနေပြီး သဲသဲကွဲကွဲမမြင်ရပေ။ သို့သော် ပိုင်ရှောင်ချန်းဂရုမစိုက်ပေ။ သူလုပ်ချင်သည့် တခုတည်းသောအရာသည် အကြေးခွံများ၏ ပုံသဏ္ဍာန်နှင့် အသွင်အပြင်ကို မှတ်ဉာဏ်ထဲသို့ထည့်ရန်ဖြစ်လေ၏။

ထိုကဲ့သို့ မှတ်ရန် အကြိမ်ပေါင်းဘယ်လောက် သူကြိုးစားနေမိသည်ကို သိပ်မမှတ်မိပေ။ တထောင်လား…။ တသောင်းလား…။ ဒီထက်ပိုမလား…။ သူသည် ထိုဖြစ်စဥ်တွင် လုံးဝစီးမျောလျက်ရှိပြီး ထပ်ခါထပ်ခါလည်းကျရှုံးလျက်ရှိ၏။

အချိန်များကုန်လွန်သွားခဲ့ပြီ။ ငါးရက်… ခြောက်ရက်… ခုနှစ်ရက်…။ မကြာမီပင် ဆယ်ရက်ကျော်လာခဲ့ပေပြီ။ ရုပ်ထုကိုလေ့လာနေခြင်းသည် သူ၏အသက်ဓာတ်ကိုဆုတ်ယုတ်လာစေ၏။ သူ၏ခန္ဓာကိုယ်သည် ဝေဒနာအနည်းငယ်ကို စတင်ခံစားလာရပြီဖြစ်သည်။ သို့သော်လည်းသူသည် ဝေဒနာများကိုအံတုကာ ကြံ့ကြံ့ခံနေလေ၏။

ဆယ့်ကိုးရက်မြောက်နေ့သို့ရောက်သောအခါ ပေဟန်လဲ့နှင့် အခြားလက်ရွေးစင်များသည် ပိုင်ရှောင်ချန်းက နောက်တစ်ရက်သာခံတော့မည်ဟု လုံးဝယုံကြည်နေကြသည်။ သူ၏အသက်ဓာတ် အားနည်းဆုတ်ယုတ်လာသောအခါ သူ သတိလစ်မေ့မျောသွားလိမ့်မည်ဖြစ်သည်။

“ဝိညာဥ်စွယ်က ဉာဏ်အလင်းရဖို့ ဆယ့်ငါးရက်အချိန်ယူခဲ့ရတယ်…။ ပြီးတော့နှစ်ဆယ့်ခုနှစ်ရက်လောက်ကြာပြီးသော သူပြန်နိုးထလာခဲ့တယ်…။ ဉာဏ်အလင်းရဖို့ကြိုးစားခဲ့တာဟာ ဝိညာဥ်ခေါ်သံပညာရပ်ကို တိုးတက်စေရာမှာ အများကြီး အထောက်အကူ ဖြစ်တယ်…။”

“ပိုင်ရှောင်ချန်းထိုင်နေတာ ဆယ့်ကိုးရက်ပြည့်သွားပြီ… အခုထိ ဉာဏ်အလင်းမရသေးဘူး…။ သူ့ရဲ့ကျင့်ကြံခြင်းအခြေခံဘယ်လောက်ပဲရှိရှိ ဒီအတိုင်းဆိုရင်တော့ ဝိညာဥ်စွယ်ကို ယှဥ်နိုင်ဦးမှာမဟုတ်ဖူး…။”

“ရုပ်တုက လုံးဝကိုနားလည်ဖို့ခက်ပြီး ပဟေဠိဆန်လွန်းတယ်…။ လူတော်တော်များများလည်း စမ်းသပ်ကြည့်ဖူးပြီးပြီ…။ ပထမတကြိမ်မအောင်မြင်လိုက်ဖူးဆိုတာနဲ့ နောက်အကြိမ်တွေကျအောင်မြင်ဖို့ ပိုခက်ခဲသွားတာပဲ…။ မနက်ဖြန်ကျရင် သူမေ့မျောသွားလိမ့်မယ်…။ သူပြန်နိုးလာပြီး အသက်ဓာတ်တွေပြန်လည်ဖြည့်တင်းနိုင်ခဲ့ရင်တောင် သူနောက်ကျသွားပြီ…။”

ပေဟန်လီနှင့် အခြားလက်ရွေးစင်များသည်ထိုသို့ခံစားလိုက်ရပြီး တောင်ထိပ်သခင်လေးဦးသည်လည်း ထပ်တူ ထင်မြင်နေကာ သက်ပြင်းချ နေကြသည်။

ပိုင်ရှောင်ချန်း၏ ရုပ်ထုကိုလေ့လာနေခြင်းဆယ့်ကိုးရက်မြောက်နေ့သည် တရွေ့ရွေ့ကုန်ဆုံးသွားလေ၏။ နေဝင်သွားပြီး ရက်နှစ်ဆယ်မြောက်နေ့၏ မနက်အာရုဏ်တက်အချိန်သို့ရောက်လာခဲ့လေပြီ။ နေရောင်ထွက်ပေါ်လာသည်နှင့်အတူ အားလုံး၏စိတ်ထဲတွင် ပိုင်ရှောင်ချန်းမှာ သတိလစ်နေလောက်ပြီဟု ခန့်မှန်းနေကြသည်။ ရက်နှစ်ဆယ်မြောက်နေ့ကိုကျော်လွန်ပြီး နှစ်ဆယ့်တစ်ရက်မြောက်နေ့ကိုရောက်လာသောအခါ အားလုံးရင်ခုန်စိတ်လှုပ်ရှားနေကြလေသည်။

ပိုင်ရှောင်ချန်းသည် သတိလစ်သွားခြင်းမရှိ။ သူ၏ပုံပန်းသဏ္ဍာန်သည် ပိန်လှီနေသော်လည်း ကြံ့ကြံ့ခံနေဆဲဖြစ်၏။

နှစ်ဆယ့်တရက်၊ နှစ်ဆယ့်နှစ်ရက်၊ နှစ်ဆယ့်သုံးရက်…။ အချိန်တွေကုန်လာသည်နှင့်အမျှ လူအများပို၍အံ့အားသင့်လာသည်။ ရက်သုံးဆယ်ပြည့်သောအခါ တောင်ထိပ်သခင်များမှာ အလွန်အမင်းအံ့အားသင့်နေကြသည်။

“ပိုင်ရှောင်ချန်းမှာ အသက်ဓာတ် တွေမကုန်မခမ်းနိုင်လောက်အောင်ရှိနေလားမသိဘူး…။”

“များသောအားဖြင့် သာမန်ဂိုဏ်းသားတွေဆို ဆယ်ရက်လောက်ပဲခံနိုင်တယ်…။ ခန္ဓာကိုယ်သန့်စင်ပြီးတဲ့ဂိုဏ်းသားတွေဆို ဆယ့်ငါးရက်လောက်ခံနိုင်တယ်…။ ဝိညာဥ်စွယ်လို လက်ရွေးစင်တယောက်ဆိုရင် ရက်နှစ်ဆယ်အလွန်ဆုံးပဲခံနိုင်တယ်…။ အတွင်းကျကျဉာဏ်အလင်းမရသေးခင် အသက်ဓာတ် ကုန်ခမ်းသွားတတ်တယ်…။ ပြီးတော့ သတိလစ်မေ့မျောသွားရော…။ ဒါပေမယ့် ပိုင်ရှောင်ချန်းကျတော့ တော်တော်ခံနိုင်ရည်ရှိနေတာပဲ…။”

“ဒါပေမယ့် သူဘယ်လောက်ပဲခံနိုင်ရည်ရှိရှိ… အတွင်းကျကျဉာဏ်အလင်းမရသေးဘူးဆိုရင် အလကားပဲ…။”

ပေဟန်လဲ့နှင့် အခြားသူများသည် ပိုင်ရှောင်ချန်း၏အပြင်အား မည်မျှကြီးမားလှကြောင်း ရိပ်မိလိုက်ပြီး အံ့အားသင့်နေကြသည်။ ထို့နောက် သူတို့အားလုံးသက်ပြင်းချနေကြသည်။ မည်မျှပင်ခံနိုင်ရည်ရှိစေကာမူ အတွင်းကျကျဉာဏ်အလင်းမရပါက အချည်းနှီးပင်ဖြစ်လိမ့်မည်။

မကြာမီနောက်ထပ်ဆယ်ရက်ခန့်ကုန်သွားခဲ့ပြန်ပြီး ပိုင်ရှောင်ချန်းသည် အကြေးခွံများကိုမှတ်ဉာဏ်ထဲသို့ထည့်ရန်ဆက်လက်ကြိုးပမ်းနေဆဲဖြစ်လေသည်။ အကြိမ်ရေမည်မျှကြိုးစားနေခဲ့သည်ကိုပင် သေချာမပြောနိုင်တော့ပေ။ အကြိမ်ပေါင်း ၅၀၀၀၀ ဖြစ်နိုင်သည်။ အကြိမ်ပေါင်း ၁၀၀၀၀၀ ဖြစ်နိုင်သည်။ အကြိမ်တိုင်း ကျရှုံးနေသည်။

ရက်ပေါင်း ငါးဆယ်ကုန်လွန်သွားခဲ့ပြီ။ ထို့နောက် ခြောက်ဆယ်။ ပိုင်ရှောင်ချန်းပြုလုပ်နေပုံကိုကြည့်ပြီး မရေမတွက်နိုင်သောဂိုဏ်းသားများသည် အကြီးအကျယ်တုန်လှုပ်နေကြလေပြီ။ သူတို့သည် ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်တွင် အသက်ဓာတ်မည်မျှထိ သိုလှောင်ထားသလဲဆိုတာကို စိတ်ဝင်စားနေကြသည်။ ပိုင်ရှောင်ချန်းမှာ ထိုမျှကြာအောင် ခံနိုင်ရည်ရှိနေလိမ့်မည်ဆိုသည်ကို သူတို့ဘယ်လိုမှမတွေးမိခဲ့ချေ။ အံ့အားသင့်လောက်စရာ အပြင်အားများမရှိပဲနှင့် ဘယ်လိုမှအခုလောက်ခံနိုင်နေစရာအကြောင်းမရှိ။

နောက်ဆုံးတွင် ရက်ပေါင်းခုနှစ်ဆယ်အထိရောက်ရှိလာခဲ့ပြီး ပိုင်ရှောင်ချန်းတုန်လှုပ်စပြုလာပြီ။ သူ၏ခန္ဓာကိုယ်မှာအလွန်အမင်းပိန်လှီနေပြီး သူ၏အသက်ဓာတ်နှင့် ခန္ဓာကိုယ်တို့သည် အကန့်အသတ်သို့ရောက်ရှိနေပြီဖြစ်သည်။

စုဝေးရောက်ရှိနေကြသောလူများသည် ပိုင်ရှောင်ချန်းတုန်ရီနေသည်ကို သတိထားမိကာ မှတ်ချက်များပေးနေကြသည်။

“သူမကြာခင်မှာအဆုံးသတ်တော့မှာပဲ…။ ရက်နည်းနည်းလောက်ဆို သတိလစ်သွားလောက်ပြီ…။”

“သူ အတွင်းကျကျဉာဏ်အလင်းလည်းမရလိုက်ဘူး..။ သက်သက်အချိန်ဖြုန်းမိတာပဲ…။”

ပရိသတ်အများစုသည် ထိုသို့တွေးမိကြပြီး ညနေခင်း၏ပယင်းရောင်သန်းနေသော အလင်းရောင်ဖြန့်ကျက်လာသောအခါ…

ပိုင်ရှောင်ချန်း၏မျက်လုံးများပွင့်လာပြီး ကြောင်စီစီဖြစ်နေသည်။

ထို့နောက် ခဏအကြာတွင် မျက်လုံးများပြန်မှိတ်သွားလေ၏။

သူ၏မျက်လုံးများကိုမှိတ်လိုက်သောအခါ သူ့စိတ်ထဲတွင် အကြေးခွံတခု၏ အသွင်အပြင်များပြည့်နှက်နေသည်။ အကြိမ်ပေါင်းများစွာကျရှုံးပြီးနောက်… နောက်ဆုံးတော့ သူအောင်မြင်သွားခဲ့လေပြီ။

အကြေးခွံပုံရိပ်ပေါ်လာသည့်အခါ သူ၏စိတ်အာရုံတွင် မိုးခြိမ်းသံကဲ့သို့အသံတခုကိုကြားလိုက်ရသောအခါ အံ့သြမှင်သက်သွားလေ၏။ သူ၏လိပ်ပြာလွင့်ထွက်သွားပြီး သူ၏ခန္ဓာကိုယ်သာကျန်နေခဲ့လေ၏။ သူသည် နောက်ဆုံးတွင် ဒဏ္ဍာရီလာ အတွင်းကျကျဉာဏ်အလင်းရခြင်းကို အောင်မြင်ခဲ့လေပြီ။

ထိုအချိန်တွင် ပရိသတ်များသည် အံ့သြတုန်လှုပ်သွားကြလေ၏။ ဤဖြစ်ရပ်သည် မမျှော်လင့်ထားသောတိုးတက်ခြင်းမျိုးဖြစ်ရာ လူတော်တော်များများသည် မယုံနိုင်ဖြစ်နေကြလေ၏။

ပိုင်ရှောင်ချန်းသည် အတွင်းကျကျဉာဏ်အလင်းရသွားလေပြီ။ မတော်တဆလည်းမဟုတ်၊ ကံတရားကြောင့်လည်းမဟုတ်၊ ကြိူးစားအားထုတ်မှုကောင်းသောကြောင့်ဖြစ်သည်။

ရွှယ်ကျဲကော်တု၏သက်စောင့်ဝိညာဥ်ကို ရရှိရန်ကြိုးပမ်းလိုက်ခြင်းသည် ဉာဏ်အလင်းကိုပါတပြိုင်တည်းရစေခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူ၏မဆုတ်မနစ်ကြိုးပမ်းမှုသည် အခြားသူများအားလုံးထက် အဆမတန်ကြီးမားနေလေသည်။

သူ၏နားလည်နိုင်စွမ်းက ဝိညာဥ်စွယ်နှင့်မယှဥ်နိုင်ခဲ့သော်လည်း သူသည် ဝိညာဥ်စွယ်လုပ်ခဲ့သည်ထက် ငါးဆပိုကြိုးစားခဲ့လေသည်။ ထိုသို့ကြိုးစားနိုင်ခဲ့ခြင်းမှာ သူ၏အပြင်အားခန္ဓာကိုယ်နှင့် သူ၏အသက်ဓာတ်ကြောင့်ပင်ဖြစ်သည်။ သူသည်ထာဝရအသက်ရှည်နည်းပညာရပ်ကို ကျင့်ကြံခဲ့ခြင်းကြောင့် သူ၏အပြင်အားက အံ့မခန်းသန်မာနေခြင်းဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset