အခန်း ( ၁၂၅ )

အရင်တုန်းက ညမင်းသားကြီး

လူသားထိန်းချုပ်နည်းမဟာမှော်ပညာဟု ပိုင်ရှောင်ချန်းနာမည်ပေးထားသော အံ့ဖွယ်ပညာရပ်သည် သားရဲများအတွက် ကစားနည်းတမျိုးဖြစ်လာလေ၏။ သူတို့သည်တစ်ခါတရံလေပေါ်သို့မြောက်နေကြပြီး ခဏအကြာမှပြန်ကျလေ၏။

တစ်ခါတရံတွင် သူတို့သည်ခြေထောက်နှစ်ချောင်းတည်းနှင့် မတ်တပ်ရပ်နေကြသည်။ သားရဲများသည် ကြောက်ရွံ့ထိတ်လန့်နေခြင်းမရှိကြပဲ အလွန်နှစ်သက်သဘောကျနေကြသည်။ မည်မျှထိအကြိုက်တွေ့နေကြသလဲဆိုလျှင် သေးငယ်သောသားရဲကောင်လေးများသည် ပိုင်ရှောင်ချန်းကိုမြင်သည်နှင့် ကစားနည်းအသစ်တမျိုးထပ်ကစားရန် ခုန်တက်လေ့ရှိကြသည်။

ကျားပျံကဲ့သို့သော အချို့သားရဲအကြီးစားများသည် တစ်ခါတရံတွင် ပိုင်ရှောင်ချန်းတယောက် သူတို့ဘက်သို့လက်ညှိုးထိုးကာ နှုတ်မှတတွတ်တွတ်ရေရွတ်နေသည်ကိုမြင်တွေ့နေရသည်။ ခဏအကြာတွင် သူသည်သက်ပြင်းချကာ ခေါင်းငိုက်စိုက်ချလျက်လမ်းလျောက်ထွက်သွားလေ့ရှိ၏။ ထိုသားရဲကြီးများသည် ပိုင်ရှောင်ချန်းဘာတွေလုပ်နေသည်လဲ စဥ်းစား၍မရပေ။

တစ်လခန့်အကြာတွင် သူ၏လူသားထိန်းချုပ်နည်းမှော်ပညာကို ခေတ္တရပ်နားထားရန် ဆုံးဖြတ်လိုက်လေ၏။

“ငါ ဒီမှော်ပညာကို အလုပ်ဖြစ်အောင် သေချာပေါက်လုပ်နိုင်တယ်…” သူကတွေးလိုက်သည်။ “ဒီမှော်ပညာသာတကယ်အလုပ်ဖြစ်လာရင် ကောင်းကင်ရောမြေကြီးပါတုန်လှုပ်သွားလိမ့်မယ်…။ ဒါပေမယ့် အချိန်အနည်းငယ်တော့ယူရလိမ့်မယ်…။ ငါ ဒီထက်ပိုပြီးအစွမ်းထက်လာရင် ဒီမှော်ပညာကိုပြီးပြည့်စုံတဲ့အထိ ကျင့်ကြံနိုင်ပြီ…။” သူသည် လုံးဝလက်မလွှတ်ချင်ပေ။ သို့သော် တစ်လခန့်ကြာပြီးနောက် ဘာမှတိုးတက်မှုမရှိသောအခါ ဆက်မကျင့်ကြံတော့ရန်ဆုံးဖြတ်လိုက်ရလေ၏။ ရုတ်တရက် သူ့တွင်ရှိနေသော စိတ်စွမ်းအင်အတောင်ပံများအကြောင်းတွေးမိသောအခါ ရွှယ်ကျဲကော်တုကို ပြန်လည်ကျင့်ကြံရန်ဆုံးဖြတ်လိုက်လေ၏။

“အဘွားကြီးက သံလိုက်ပုလဲ နဲ့ ဒီအတောင်ပံတွေကိုပေးခဲ့တုန်းက မြေဆွဲအားအကြောင်းတခုခုပြောခဲ့သေးတယ်…။” မျက်လုံးများအရောင်လက်လာကာ အတောင်ပံများကို ထုတ်ကြည့်လိုက်လေ၏။ ရက်အနည်းငယ်မျှလေ့လာပြီးနောက် ဤအရာသည်လည်း အောင်မြင်ရန်အချိန်တခုပေးရမည်ဖြစ်ကြောင်း သိလိုက်ရလေ၏။

အဆုံးသတ်တွင် သူ၏မျှော်လင့်ချက်များကိုလက်လွှတ်လိုက်ပြီး ရွှယ်ကျဲကော်တုကိုစတင်ကျင့်ကြံနေလေ၏။

အချိန်သည်တရွေ့ရွေ့ကုန်ဆုံးလာရာ ပိုင်ရှောင်ချန်းတယောက် မြောက်ဘက်ဂိုဏ်းသို့ရောက်ရှိနေသည်မှာ (၂) နှစ်တိတိပြည့်တော့မည်။ သားရဲသစ်စေ့သည် သုံးမီတာရှည်သော သားရဲပန်းအဖြစ်သို့ ကြီးထွားလာခဲ့သော်လည်း အပွင့်တော့မပွင့်သေးချေ။ ပိုင်ရှောင်ချန်း၏တွက်ချက်မှုများအရ မကြာမီပင် သားရဲပန်း ပွင့်တော့မည်ဖြစ်သည်။

ရွှယ်ကျဲကော်တုကိုမူ နေ့စဥ်ပုံမှန်ကျင့်ကြံလျက်ရှိပြီး တနေ့ထက်တနေ့ တိုးတက်လာလေသည်။ ရွှယ်ကျဲကော်တုကိုထုတ်လွှတ်လိုက်တိုင်း မိုးခြိမ်းသံများကြားရလေ့ရှိပြီး ထူးဆန်းသောစွမ်းအင်တခုပေါ်ထွက်လာလေ့ရှိသည်။

ယခုအချိန်ထိ သားရဲမွေးမြူရေးခြံ အတွင်းရှိတိရစ္ဆာန်ပေါင်း ၉၀၀ကျော်ကို သူလေ့လာခဲ့ပြီးဖြစ်သည်။ ထိုအကောင်တိုင်းကို သူသေချာသိနေပြီး သူ၏သက်စောင့်ဝိညာဥ်မှာမူ ယခုအချိန်ထိပေါ်ထွက်မလာသေးပေ။

” ငါလေ့လာနေတာမလုံလောက်သေးဘူးလို့တော့မပြောပါနဲ့…။ ငါ့အနေနဲ့ ဒီထက်ပိုအစွမ်းကြီးတဲ့သားရဲတွေကိုသွားလေ့လာသင့်တယ်…။” သူသည် ခဏမျှစဥ်းစားနေပြီး နောက်ဆုံးတွင် ရှေးဟောင်းသားရဲချောက်နက်ရှိရာဘက်ဆီသို့ လှမ်းကြည့်လိုက်လေ၏။ ခဏမျှတုန့်ဆိုင်းနေပြီးနောက် ထိုနေရာသို့သွားရန်မှာ အလွန်အန္တရာယ်များလွန်းသည်ဟု ကောက်ချက်ချလိုက်လေ၏။ ထိုအချိန်တွင် သူ၏မျက်လုံးများအရောင်လက်လာပြီး မြောက်ပိုင်းဂိုဏ်း၏တောင်လေးလုံးဆီသို့ လှည့်ကြည့်လိုက်လေ၏။

“တောင်တလုံးစီတိုင်းမှာ ဝိညာဥ်သားရဲအစောင့်အရှောက်တွေရှိတယ်…”

တောင်ထိပ်တခုစီတွင် ထိုတောင်ကိုစောင့်ရှောက်ရန်တာဝန်ချထားသော အလွန်အမင်းစွမ်းအားကြီးသည့် သားရဲတကောင်စီရှိလေ၏။ သူတို့သည် ကောင်းကင်မှင်ရည် ဦးချိုနဂါး ကိုမယှဥ်နိုင်သော်လည်း အထိုက်အလျောက်တော့ စွမ်းအားကြီးကြလေ၏။

တချို့ရက်များတွင် သူတို့ကိုကွင်းပြင်ထဲ၌လည်းကောင်း၊ ကောင်းကင်၌ပျံသန်းနေသည်ကိုလည်းကောင်း၊ ကျယ်လောင်စွာဟိန်းဟောက်နေသည်ကိုလည်းကောင်း မြင်ရကြားရတတ်လေသည်။ ထိုအချိန်မျိုးတွင် ဂိုဏ်းသားများသည်အံ့သြမှင်သက်မှုအပြည့်ဖြင့် ငေးကြည့်နေတတ်ကြ၏။

မြောက်ပိုင်းကိုရောက်လာစဥ်ကတည်းက ပိုင်ရှောင်ချန်းသည် ဤဖြစ်ရပ်ကိုသတိပြုမိခဲ့သည်။ ထိုအထဲတွင် သူထူးထူးခြားခြားအထင်ကြီးမိသည်မှာ ယန်ဝေ့တောင်ပေါ်မှ ခုနှစ်ရောင်ခြယ်ဖီးနစ်ငှက်ပင်။

သူသည်စိတ်ပိုင်းဖြတ်ပြီးနောက် သားရဲမွေးမြူရေးခြံမှ အလျင်အမြန် ထွက်လာခဲ့လေ၏။ နောက်ဆုံးတွင် တရားစီရင်ရာစင်မြင့်ကိုကျော်ကာ လမ်းကလေးတခုပေါ်သို့ရောက်လာခဲ့လေ၏။ ထိုစင်မြင့်အောက်ရှိ ကြီးမားလှသောသားရဲရုပ်ထုကြီးကို ယခုမှသူမြင်ဖူးသည်မဟုတ်ပေ။ ထိုရုပ်ထုကိုတွေ့လိုက်သည့်အချိန်တိုင်း သူ့တွင်ထူးထူးဆန်းဆန်းခံစားမှုတခုကို ခံစားရလေသည်။ ရုပ်ထုကိုကြည့်မိသောအခြားဂိုဏ်းသားများသည်လည်းထိုကဲ့သို့ခံစားရသည်ပင်ဖြစ်သည်။

ထိုရုပ်ထုကိုယခင်ကလေ့လာကြည့်စဥ်က သူ့အတွက်ဘာအကျိုးအမြတ်မှမရနိုင်သောကြောင့် ထိုရုပ်ထုကိုစိတ်မဝင်စားပေ။ ယခုအခါ ထိုရုပ်ထုဘေးမှဖြတ်လျှောက်မိစဥ်မှာတော့ ထိုရုပ်ထုကိုတော်တော်ကြာမော့ကြည့်နေမိ၏။ ထို့နောက် ယန်ဝေ့တောင်ဘက်သို့ပြန်လည် ဦးလှည့်လိုက်လေသည်။

ယန်ဝေ့တောင်ဆီသို့ ခပ်သုတ်သုတ်လျှောက်လှမ်းနေစဥ် သူ၏နှလုံးများမှာ တခုခုအန္တရာယ်ကျရောက်တော့မည်ကို ကြိုသိနေသည့်အလား ဆက်တိုက်ခုန်နေလေ၏။ သံလိုက်အတောင်ပံ များသူ့ကျောတွင်ပေါ်လာပြီး သူသည်မီတာဒါဇင်ပေါင်းများစွာကို အလျင်အမြန်ရောက်သွားလေ၏။

သူပျံသန်းနေစဥ်မှာပင် အနက်ရောင်မှုန်ဝါးဝါးအရာတခုသည် သူရပ်နေခဲ့သောနေရာသို့ဖြတ်သွားလေ၏။ ထို့နောက်မေးရိုးနှစ်ခုရိုက်သံကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းလှသည့်အသံများကြားလိုက်ရလေသည်။

ထိုအသံသည်လွန်စွာကျယ်လောင်လှသောကြောင့် ပတ်ဝန်းကျင်ရှိမြေကြီးများပင်တုန်လှုပ်သွားလေ၏။ ထိုအသံ၏နောက်ကွယ်မှ ကြောက်မက်ဖွယ်စွမ်းအားကိုခန့်မှန်းဖို့ရန်၊ သို့မဟုတ် အံကိုထိုကဲ့သို့အသံထွက်ပေါ်လာအောင် ကြိတ်နိုင်ဖို့ရာ အမုန်းတရားမည်မျှရှိနေသည်ကိုခန့်မှန်းဖို့ရန်ခက်ခဲလှပေသည်။

အနက်ရောင်မှုန်ဝါးဝါးအရာသည် သုံးမီတာခန့်ရှည်လျားသော ခွေးနက်ကြီးတကောင်ဖြစ်လေ၏။ ထိုခွေးသည် ခွေးဘီလူးအငယ်စားနှင့်တူပေ၏။ သို့သော် ပိန်လှီနေပြီး အမွှေးများမှာကြမ်းတမ်းပျက်စီးနေရာ ခွေးရိုင်းတကောင်ဖြစ်ပုံရလေ၏။

ခွေးသည် ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် ပိုင်ရှောင်ချန်းကိုစိုက်ကြည့်နေလေ၏။ သူ၏အစွယ်များမှ သွားရေများစီးကျနေပြီး ခွေး၏မျက်လုံးများသည်နီရဲနေရာ ရူးသွပ်နေသည်နှင့်ပင်တူနေလေသည်။

ပိုင်ရှောင်ချန်းသည် လန့်ဖျတ်သွားပြီး နဖူးမှချွေးစီးများပင်ကျလာလေ၏။ သို့သော် ထိုခွေးကိုတွေ့လိုက်သည့်အချိန်တွင် ချက်ခြင်းမှတ်မိလိုက်လေ၏။

“ဟေး… မင်းက ပေဟန်လဲ့ရဲ့ အမဲလိုက်ခွေးကြီးမဟုတ်လား…။ မင်း…” သူစကားဆုံးအောင်မပြောလိုက်ရေသေးခင်မှာပင် ခွေးကြီးသည် တဆတ်ဆတ်တုန်လာကာ အဝေးသို့ထွက်ပြေးသွားလေ၏။

ပိုင်ရှောင်ချန်းသည် အနည်းငယ်တွန့်ဆုတ်သွားလေ၏။ ထိုနေရာတွင် သူတယောက်တည်းရှိနေသည်မဟုတ်ပေ။ အခြားမြောက်ပိုင်းဂိုဏ်းသားများလည်းရှိနေကြပြီး ခွေးကြီးကိုချက်ခြင်းမှတ်မိကြ၏။ အံ့အားသင့်နေသောအသံများကြားလိုက်ရပြီး မကြာမီတွင်ဂိုဏ်းသားများသည် သူတို့ချင်း တီးတိုးပြောဆိုနေကြ၏။

“အဲ့တာ ဂိုဏ်းတူအကိုကြီးပေဟန်လဲ့ရဲ့ အမဲလိုက်ခွေးကြီးပဲ…။ ဘယ်လောက်သနားစရာကောင်းလိုက်တဲ့ခွေးလဲ…။ ဂိုဏ်းတူအကိုကြီးပေဟန်က အဲ့ခွေးကိုမစောင့်ရှောက်တော့ဘူး…။ ဘယ်သူမှလဲ သူ့အနားမကပ်ဝံ့ကြဘူး…။ ဂိုဏ်းအကြီးအကဲတွေတောင် သူ့အတွက်စိတ်မကောင်းဖြစ်နေကြတယ်…။”

“အေးကွ… ဒါအမှန်ပဲ…။ အဲ့နေ့ကတည်းကစပြီး အမဲလိုက်ခွေးကြီးက မြောက်ပိုင်းဂိုဏ်းတလျှောက်မှာ ဟိုသည်လျှောက်သွားနေတော့တာပဲ…။ သူ့ကိုတောင်ကုန်းတခုပေါ်မှာတွေ့တုန်းကဆိုရင် ညဘက်ကြီးကောင်းကင်ပေါ်ကိုမော့ကြည့်ပြီး ဝမ်းနည်းနေပုံပဲကွ…။”

“သနားစရာပါကွာ…။ ဒီကောင်ကြီးက ပိုင်ရှောင်ချန်းကိုခုန်အုပ်ဖို့စောင့်နေတာကွ…။”

ပိုင်ရှောင်ချန်း ပခုံးတွန့်သွားလေ၏။ လူများပြောနေသောအကြောင်းအရာများကိုကြားပြီး သူ့ရင်ထဲတွင်မကောင်းပေ။ ခွေးကြီးပြေးထွက်သွားရာဘက်သို့ ငေးကြည့်နေမိကာ ဒီခွေးက ဘာကြောင့်သူ့အားခုန်အုပ်ချင်နေရပါသနည်းဟု တွေးနေမိ၏။

“အဲတုန်းကအခြေအနေမျိုးမှာ ငါလဲဘယ်တတ်နိုင်မှာလဲ…။” သက်ပြင်းချလျက် သူတွေးလိုက်သည်။ “ပေဟန်လဲ့ကို အရှုံးပေးဖို့ ငါသတိပေးခဲ့ပါသေးတယ်…။ ငါတိုက်လိုက်ရင် ငါ့ကိုယ်ငါတောင် ကြောက်မိပါတယ်လို့ ပြောခဲ့ပါသေးတယ်…” သက်ပြင်းအကြိမ်ကြိမ်ချလျက် ယန်ဝေ့တောင်ဆီသို့ သူ၏ခြေလှမ်းများကို ဆက်လက်ဦးလှည့်လိုက်၏။

ဂုဏ်ထူးဆောင်ဂိုဏ်းသားတယောက်ဖြစ်သောကြောင့် ပိုင်ရှောင်ချန်းမှာ နေရာတော်တော်များများသို့သွားလာခွင့်ရလေ၏။ မြောက်ပိုင်းဂိုဏ်းထဲတွင်လည်း နေရာတော်တော်များများသူသွား၍ရသည်။ ယန်ဝေ့တောင်ပေါ်သို့ သတိကြီးစွာတက်လာကာ တောင်ထိပ်ရောက်သောအခါ ဂူတဂူ၏အနီးသို့ရောက်လာ၏။ ဂူထဲကိုတော့မဝင်။ ထိုအစား အနီးအနားရှိကျောက်တုံးတခုပေါ်တွင် တင်ပျဥ်ခွေကာထိုင်လိုက်ပြီး ငြိမ်သက်စွာစောင့်နေလိုက်၏။

စောင့်နေရသည်မှာ သုံးရက်မျှကြာသွားလေ၏။ နောက်ဆုံးတွင် စူးရှသောအသံသည် မိုးသောက်ယံကောင်းကင်ဆီသို့ထိုးဖောက်ကာ ထွက်ပေါ်လာခဲ့ပြီး ဂူအတွင်းမှခုနှစ်ရောင်စဥ်အလင်းတန်းတခုထွက်ပေါ်လာလေ၏။ ထို့နောက် ခုနှစ်ရောင်ခြယ်ဖီးနစ်ငှက်တကောင်ပျံသန်းထွက်လာ၏။ အတောင်ပံများကို ကျယ်ကျယ်ဖြန့်ကာ ကျက်သရေရှိလှစွာ ကောင်းကင်ပေါ်သို့ဝဲပျံတက်သွားလေ၏။ နေရောင်ခြည်သည် သူ့အပေါ်သို့ကျရောက်လာသောအခါ ရောင်စဥ်ခုနှစ်သွယ်ဖြာထွက်လာသည်မှာ မျက်စိကျိန်းလောက်အောင် တောက်ပလှပေသည်။ ဖီးနစ်ငှက်တွင်ရှိနေသော စွမ်းအားအဆင့်ကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းထိတ်လန့်တုန်လှုပ်သွားလေ၏။ သူ့တွင် အံ့အားသင့်ဖွယ်ထာဝရငွေအရေပြားပိုင်ဆိုင်ထားသော်လည်း ထိုသတ္တဝါအတွက် ပြိုင်ဖက်ပင်မဟုတ်သေးပေ။

သူသည် ဖီးနစ်ငှက်၏ပုံရိပ်ကို မှတ်ဉာဏ်ထဲတွင်မှတ်ထားလိုက်ကာ နှလုံးသားထဲတွင် ရေးထွင်းထားလိုက်ပေ၏။ ဖီးနစ်ငှက် ဂူဆီသို့ပြန်လည်ရောက်လာရန် အမွှေးတိုင်တတိုင်ထွန်းစာမျှကြာပေသည်။

အသက်ကိုပြင်းပြင်းရှူလိုက်ပြီး မျက်လုံးကိုမှိတ်လိုက်ကာ ခုနှစ်ရောင်ခြယ်ဖီးနစ်ငှက်၏ပုံရိပ်ကို စိတ်ထဲတွင်ပုံဖော်ကြည့်နေပြီး ဆက်လက်စောင့်နေပေသည်။ နောက်ထပ်ငါးရက်ခန့်ကြာသော် မိုးသောက်ချိန်တွင် ဖီးနစ်ငှက်ပြန်ထွက်လာလေ၏။

အချိန်များကုန်လွန်သွားခဲ့ပြီ။ ပိုင်ရှောင်ချန်းသည် ယန်ဝေ့တောင်ပေါ်တွင် လအနည်းငယ်မျှနေပြီး ဖီးနစ်ငှက်ကိုလေ့လာနေသည်။ ရံဖန်ရံခါသာ သားရဲမွေးမြူရေးခြံသို့ပြန်ပြီး လုပ်ကိုင်စရာရှိသည်များကို မြန်မြန်ဆောင်ရွက်ကာ ပြန်လာလေ၏။

ယန်ဝေ့တောင်ပေါ်ရှိဂိုဏ်းသားများသည် မကြာမီပင် သူလုပ်နေသည်များကိုသတိပြုမိလာပြီး ဝေခွဲမရဖြစ်နေသည်။ လူအများသည် သူဘာလုပ်နေသလဲစိတ်မဝင်စားကြပေ။ သို့သော် အချို့အတွင်းစည်းဂိုဏ်းသားများမှာမူ သူဘာလုပ်နေသလဲဆိုတာ စုံစမ်းလာကြသည်။

ပိုင်ရှောင်ချန်းသည် ဖီးနစ်ငှက်ကိုနောက်တလကြာလေ့လာပြီးနောက် လုံလောက်ပြီဟုယူဆကာ ဆည်းဆာတောင်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

ဆည်းဆာတောင်၏ဝိညာဥ်သားရဲအစောင့်အရှောက်သည် မျက်လုံးသုံးလုံးရှိသောကျီးကန်းနက်ဖြစ်သည်။ ကျီးကန်းသည်ခြောက်မီတာခန့်ရှည်လျားပြီး အနက်ရောင်ဖိတ်ဖိတ်တောက်နေသည်။ ကျီးကန်းသည် မကြာခဏထွက်လာလေ့လည်းမရှိ။ ပိုင်ရှောင်ချန်းစောင့်နေရာ တလလုံးနေမှ နှစ်ခါသာမြင်လိုက်ရသည်။

ကျီးကန်းထွက်လာသည့်အခါတိုင်း ပတ်ဝန်းကျင်တွင် မိုးခြိမ်းပြီး လျှပ်စီးများလက်လေ့ရှိ၏။ ကျီးကန်သည် ညမှောင်မှထွက်လာလေ့ရှိပြီး နေ့ခင်းဘက်တွင် လုံးဝထွက်မလာတတ်ပေ။

ထို့ကြောင့်ပင် ပိုင်ရှောင်ချန်းသည် ညဘက်တွင်ပိုအာရုံစိုက်နေလေ့ရှိသည်။ သုံးလခန့်ကြာသွားပြီး ကျီးကန်းကိုငါးကြိမ်တွေ့ဖူးပေပြီ။ ကျီးကန်းထွက်လာတိုင်း သူသည်သေချာလေ့လာကြည့်ရှုလေ့ရှိပြီး စိတ်ရောကိုယ်ပါနှစ်ကာ လေ့လာတတ်၏။ တဖြည်းဖြည်းနှင့် သူ့တွင် သက်စောင့်ဝိညာဥ် ပေါ်ထွက်လာနေပြီဟု ခံစားလာရသည်။

မုခ်ဦးတောင်၏ ဝိညာဥ်သားရဲအစောင့်အရှောက်သည်ကား ပျံသန်းနိုင်သည့်အကောင်မဟုတ်ဘဲ ကြီးမားလှသောဖွတ်ကြီးတကောင်ဖြစ်သည်။ ထိုအကောင်သည် နှေးကွေးစွာရွေ့လျားပြီး မယုံနိုင်စရာစွမ်းအင်များကိုထုတ်လွှတ်နေသည်။ ထိုဖွတ်ကို ပိုင်ရှောင်ချန်းလေ့လာရသည်မှာ ပို၍လွယ်ကူလှပေသည်။ ဖွတ်သည် ဂူထဲမှထွက်လာတိုင်း မုခ်ဦးတောင်၏အမြင့်ဆုံးနေရာရှိကျောက်တုံးပေါ်သို့သွားရောက်နားနေကာ အဝေးသို့ငေးကြည့်နေလေ့ရှိသည်။

ပိုင်ရှောင်ချန်းသည် ထိုတောင်ပေါ်တွင်လအနည်းငယ်မျှနေပြီးလေ့လာခဲ့၏။ ခုနှစ်ရောင်ခြယ်ဖီးနစ်ငှက်နှင့် မျက်လုံးသုံးလုံးကျီးကန်းတို့ကိုလေ့လာခဲ့စဥ်ကထက် ပို၍အသေးစိတ်လေ့လာနိုင်ခဲ့ပေသည်။

ဝိညာဥ်စွယ်တောင်ထိပ်ရှိ ဝိညာဥ်သားရဲအစောင့်အရှောက်သည်ကား အတော်လေးထူးဆန်းပေသည်။ ၎င်းကို ဝိညာဥ်သားရဲဟုခေါ်ရန်ပင် မသင့်ပေ။ ၎င်းက တောင်သရဲတကောင်ဖြစ်သည်။ အခြားသားရဲပေါင်းမြောက်များစွာ ပေါင်းစပ်ထားပြီး တောင်ကြီးသဖွယ်ဖြစ်နေသည်နှင့်တူလေ၏။ ၎င်းက အသိစိတ်ဝင်လာသည့်အခါ သူ့ကိုယ်သူ တောင်သရဲဟုခေါ်လေ၏။

၎င်းသည် လူပုံပေါက်နေပြီး နက်မှောင်သောသားမွှေးများရှိကာ ဝံပုလွေလည်ပင်းနှင့်တူသော လည်ချောင်းအောက်တွင် လူမျက်လုံးများပါရှိလေ၏။ ခေါင်းပေါ်တွင် တွန့်လိမ်နေသော ဦးချိုနှစ်ချောင်းလည်းပါရှိသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းတွင် အကြေးခွံများဖုံးလွှမ်းလျက်ရှိပြီး ရင်ဘတ်တွင်ကျားခေါင်းတခုပေါက်နေသေး၏။ နောက်တွင်ရှည်လျားသောအမြီးတချောင်းလည်း ပေါက်နေလေ၏။

သူက ကြောက်မက်ဖွယ်လူသေအရိုးနှင့်ပြုလုပ်ထားသောသုံးခွခက်ရင်းကြီးကို သွားလေရာသယ်သွားလေ့ရှိပြီး သူထွက်ပေါ်လာတိုင်း ကောင်းကင်တွင်တိမ်များမည်းနက်လာကာ နေနှင့်လများကိုပင် ဖုံးလွှမ်းသွားလေ့ရှိ၏။ အမှောင်ထဲတွင် ထိုသတ္တဝါ၏မျက်လုံးများသည် ထူးထူးဆန်းဆန်းအရောင်များထွက်လေ၏။

ထိုသတ္တဝါကိုမြင်ရုံနှင့်ပင် ပိုင်ရှောင်ချန်း ကြောက်လန့်တုန်လှုပ်နေမိသည်။ ထိုအရာသည် သူရှိနေမှန်းသိနေသည်ဟု အာရုံရနေသော်လည်း သူနှင့်တော်တော်ဝေးဝေးအမြင့်တွင်ရှိနေသောကြောင့် ဂရုမပြုမိပေ။ တောင်ထိပ်တွင်ထိုသတ္တဝါထွက်ပေါ်လာတိုင်း ခေါင်းကိုနောက်ပစ်ကာ အသံမထွက်ပဲအူနေလေ့ရှိ၏။

ထိုသို့အူနေသည့်အခါ ဝိညာဥ်စွယ်တောင်ပေါ်ရှိ မရေမတွက်နိုင်သောကျောက်တုံးများ တုန်လှုပ်နေလေ့ရှိပြီး တောင်သရဲဂူထဲသို့ပြန်ဝင်သွားမှ ငြိမ်သွားလေ့ရှိ၏။

အချိန်များကုန်လွန်သွားခဲ့ပြီး ပိုင်ရှောင်ချန်းသည် တောင်တလုံးပြီးတလုံးကူးကာ လေ့လာမှုများပြုလုပ်နေလေ၏။ သူ၏သက်စောင့်ဝိညာဥ်သည် တဖြည်းဖြည်းရုပ်လုံးပေါ်လာနေပြီဟု ခံစားလာရ၏။ သို့သော် သူ၏အာရုံထဲတွင် အတားအဆီးတစ်ခုကို ကျော်ဖြတ်ရန်လိုအပ်နေပြီဟု ခံစားနေရသည်။

သူသည် ဝိညာဥ်သားရဲအစောင့်အရှောက်များကို လေ့လာနေခြင်းဖြစ်ကြောင်း မြောက်ပိုင်းဂိုဏ်းသားများ တဖြည်းဖြည်းသတိထားမိလာကြသည်။ ဂိုဏ်းသားအများစုမှာ နားမလည်နိုင်ကြ။ သို့သော် ရွှီဆုန်၊ ပေဟန်လဲ့နှင့် အခြားအတွင်းစည်းဂိုဏ်းသားအနည်းငယ်တို့သည် ဘာဖြစ်နေသလဲရိပ်မိကြပြီး စိုးရိမ်ကြောင့်ကြလာသည်။

“သူကရွှယ်ကျဲကော်တုပညာရပ်ကို ကျင့်ကြံနေတာပဲ…။” အတွင်းစည်းဂိုဏ်းသားအနည်းငယ်သည် ထိုကဲ့သို့ကောက်ချက်ချလိုက်ကြသည်။ ရွှယ်ကျဲကော်တုကိုကျင့်ကြံခြင်းတွင် သားရဲအမျိုးမျိုးကို ကာလရှည်လေ့လာရန်လည်းပါဝင်ပေသည်မဟုတ်ပါလား။

“ရွှယ်ကျဲကော်တုဟာ ဝိညာဥ်ေခါ်သံနဲ့ အဆင့်တူတဲ့ လျှို့ဝှက်မှော်ပညာတခုပဲ…။ သို့ပေမယ့် ကျင့်ကြံသူတယောက်ချင်းစီအတွက် ရလဒ်ဟာလည်းကွဲပြားတယ်…။ တချို့ကျတော့ မယုံနိုင်လောက်စရာစွမ်းအင်တွေထုတ်နိုင်ပြီး တချို့ကျတော့လည်း အားနည်းတဲ့စွမ်းအင်လောက်ပဲရတယ်…။”

“ပိုင်ရှောင်ချန်းက သားရဲတွေကိုလေ့လာနေတယ်ဆိုတာ သူ့ရဲ့သက်စောင့်ဝိညာဥ် မပေါ်ထွက်လာသေးလို့ပဲဖြစ်မယ်…။”

“သူ့ရဲ့သက်စောင့်ဝိညာဥ်က ဘယ်လိုနေမလဲ ငါသိချင်လိုက်တာ…။”

အတွင်းစည်းဂိုဏ်းသားများအကြိတ်အနယ်ဆွေးနွေးနေကြစဥ်တွင် ပိုင်ရှောင်ချန်းသည်သူ၏လေ့လာမှုများကိုဆက်လက်ပြုလုပ်နေပေသည်။

ထိုသို့လေ့လာနေစဥ်အတွင်း အတွင်းစည်းဂိုဏ်းသားများမှလွဲ၍ အခြားဂိုဏ်းသားများသည် ဘာတွေလုပ်နေသလဲ လာရောက်ကြည့်ရှုကြ၏။ တောင်လေးလုံး၏တောင်ထိပ်သခင်များ၊ ဂိုဏ်းခေါင်းဆောင်နှင့် လီချင်းဟောက်တို့ပင်လျှင် ပိုင်ရှောင်ချန်း၏ ရွှယ်ကျဲကော်တုကျင့်ကြံနေမှုအခြေအနေကို တိတ်တဆိတ်လေ့လာစောင့်ကြည့်နေကြသည်။

သူတို့အားလုံးအံ့အားသင့်နေကြသည်။ ယေဘုယျအားဖြင့်ဆိုလျှင် သားရဲမွေးမြူရေးခြံရှိ သားရဲများကိုလေ့လာရုံနှင့်ပင် ရွှယ်ကျဲကော်တု၏သက်ေစာင့်ဝိညာဥ် ပေါ်ထွက်ရန်လုံလောက်ပေသည်။ သို့သော် ပိုင်ရှောင်ချန်းအတွက် ထိုမျှနှင့်လုံလောက်မှုရှိပုံမပေါ်ပေ။ သူသည် တောင်လေးလုံး၏ ဝိညာဥ်သားရဲအစောင့်အရှောက်များကို သွားရောက်လေ့လာနေပေသည်။ သို့သော်လည်း လုံလောက်သေးဟန်မတူပေ။

“ပိုင်ရှောင်ချန်းရဲ့ သက်စောင့်ဝိညာဥ်က ဖြစ်ပေါ်လာဖို့ အလွန်ခက်ခဲတဲ့ပုံပဲ…”

” သက်စောင့်ဝိညာဥ်က တယောက်နဲ့တယောက်မတူကြပေဘူး…။ အဲဒါတွေက လူတယောက်ချင်းစီမှာ ဖုံးကွယ်ထားတဲ့ကမ္ဘာကို အခြေခံပြီးဖြစ်ပေါ်လာတာဖြစ်တယ်..။ အဲ့ဒီနောက် ထူးဆန်းအံ့သြစရာကောင်းတဲ့ ဝိညာဥ်တစ်ခုကို ဖန်တီးလိုက်တယ် ”

“ပိုင်ရှောင်ချန်းရဲ့ သက်စောင့်ဝိညာဥ်က ဘယ်လိုများဖြစ်လာမလဲ…။”

ပိုင်ရှောင်ချန်းတယောက် ဝိညာဥ်သားရဲအစောင့်အရှောက်လေးကောင်ကို လေ့လာပြီးသုံးသပ်ချက်များပြုလုပ်နေသည်ကို အားလုံးကစောင့်ကြည့်နေကြ၏။ ထို့နောက်သူသည် သူ့အတွက်ဘာမှလေ့လာစရာမကျန်တော့သော မြောက်ပိုင်းဂိုဏ်းကိုဖြတ်၍ မလှမ်းချင်လှမ်းချင်လျှောက်လာနေလေ၏။ သူသည် အတားအဆီးကို ချိုးဖျက်နိုင်ရန်ခြေတလှမ်းသာလိုတော့ပြီး မကြာမီပင် ရွှယ်ကျဲကော်တု၏ သက်စောင့်ဝိညာဥ် ပေါ်ထွက်လာတော့မည်ဟု ပြင်းပြင်းထန်ထန်အာရုံရနေသည်။

သို့သော်လည်း ထိုခြေတလှမ်းသည် အဆုံးမရှိကျယ်ပြောနေဟန်တူသည်။

ပိုင်ရှောင်ချန်းသည် စိတ်ရှုပ်ထွေးနေပြီး ဘာဆက်လုပ်ရမယ်မှန်းမသိဖြစ်နေသည်။ သူသည် မြောက်ပိုင်းဂိုဏ်းတလျှောက်လမ်းလျှောက်လာနေစဥ် တရားစီရင်ရာစင်မြင့်ဆီသို့ရောက်လာခဲ့ရာ မထင်မှတ်ပဲ စင်မြင့်အောက်ရှိရုပ်ထုကို လှမ်းကြည့်လိုက်မိ၏။

သူသည် ဤဘေးမှ အကြိမ်များစွာဖြတ်လျှောက်ခဲ့ဖူးပြီး အကြိမ်တိုင်းပင် ထိုရုပ်ထုနှင့်ပတ်သက်၍ တခုခုထူးဆန်းနေသလို ခံစားရလေ၏။ သည်တခေါက်တွင် သူသည် ခေတ္တရပ်နားလိုက်ပြီး အသေအချာလေ့လာကြည့်လိုက်လေ၏။ ထို့နောက် စိတ်လှုပ်ရှားမှုများသူ့တကိုယ်လုံးပျံ့နှံ့သွားပြီး သူ့မျက်လုံးများကိုပင် မယုံနိုင်ဖြစ်သွားလေတော့၏။


Comment

Leave a Reply

Options

not work with dark mode
Reset