မြို့တော်အသစ်အပြင်ဘက်တွင် ဝမ်ပေါင်လဲ့၏ အပေါင်းအပါများမှာ စကားတစ်ခွန်းပင် ပြောမနေကြပေ။ သင်္ဘောပျံကြီး လေကိုထိုးခွင်း၍ တရွှီးရွှီးမြည်အောင် ပျံသန်းနေသည့် အသံကိုကြားကြားနိုင်ပေသည်။ ၎င်းမှာ မြို့တော်အသစ်၏ မန္တန်အစီအရင်ထဲသို့ ရောက်ရှိလာပြီး ချန်းမု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဆီသို့ ဦးတည်သွား၏။
လမ်းတစ်လျှောက်လုံးတွင် ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ တင်းမာခက်ထန်နေခြင်း လုံးဝမရှိခဲ့ဘဲ တည်ကြည်မှုအပြည့်ရှိကာ သူ၏ မျက်ဝန်းများမှာ ထူးဆန်းစွာ တောက်ပနေခဲ့သဖြင့် သူ၏ ယခင်ပုံစံများနှင့် ကွဲပြားခြားနားနေ၏။ ကျင့်သိုမင်နှင့် အပေါင်းအပါများမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း မျက်လုံးများမှေးသွားကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် စဉ်းစားတွေးတောနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာကြ၏။
သူတို့မှာ ဝမ်ပေါင်လဲ့နှင့်အတူ အင်္ဂါဂြိုဟ်ပေါ်၌ အလုပ်လုပ်နေခဲ့ကြသည်ဖြစ်ရာ ဝမ်ပေါင်လဲ့၏ အကျင့်စရိုက်ကို အခြားသူများထက်ပို၍ သိရှိနားလည်ထား၏။ အပြင်ပန်းတွင် ပျော်ပျော်နေပျော်ပျော်စား ပြုမူနေထိုင်တတ်သည့် ဖက်တီးလေးမှာ အမှန်တကယ်တွင် ရက်စက်ကြမ်းကြုတ်သော အကျင့်စရိုက်တစ်ခုကို ပိုင်ဆိုင်ထားကြောင်း သူတို့က သိထားကြ၏။ သူသည် အခြားသူများကို သနားညှာတာစိတ်မရှိသလို သူ့ကိုယ်သူလည်း ညှာတာနေခြင်း မရှိပေ။ ထို့အပြင် သူသည် ကောက်ကျစ်စဉ်းလဲပြီး ဆုံးဖြတ်ချက်ပြတ်သားသော လူတစ်ယောက်လည်း ဖြစ်နေသေးသည်။ လီယီရှိခဲ့စဉ်တုန်းက ကြုံခဲ့ရသည့် ဖြစ်ရပ်ကြီးကိုကြည့်လျှင် ရှင်းရှင်းလင်းလင်း သိနိုင်ပေသည်။
ထိုဖြစ်ရပ်ကြီးပြီးနောက် ကျင့်သိုမင်နှင့် ခုန်းတောက်တို့မှာ ဝမ်ပေါင်လဲ့သည် လီယီအား အစကတည်းက ထောင်ချောက်ဆင်ခဲ့ခြင်း ဖြစ်ရမည်ဖြစ်ကြောင်း ခန့်မှန်းလိုက်ကြ၏။ သူသည် လီယီတစ်ယောက် သူ၏ ထောင်ချောက်ထဲသို့ရောက်လာသည်ကို တစ်ချိန်လုံးစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်ဖွယ် နည်းဗျူဟာများကို ကျင့်သိုမင်က ထောက်ခံအားပေးပြီး သဘောကျနေ၏။ ခုန်းတောက်မှာမူ ထိုနည်းလမ်းများကို အသုံးပြုခြင်းမှာ မှန်ကန်ခြင်းမရှိဟု တွေးထားပါသော်လည်း လီယီမှာ ကိုယ့်သေတွင်းကိုယ်တူးခဲ့ခြင်းသာဖြစ်ကြောင်း မှတ်ယူထား၏။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ့ကို ကယ်တင်ခဲ့သည်မဟုတ်ပါလော။ သူသည် ထိုအကြောင်းကို လုံးဝထုတ်မပြောလျှင်တောင် မေ့ပျောက်လိုက်ခြင်းမရှိပေ။
ဝမ်ပေါင်လဲ့ အသုံးပြုသော နည်းလမ်းများမှာ အလွန်အင်မတန်မှ နည်းဗျူဟာမြောက်ပေသည်။ သူသည် လူတိုင်းအား အကျိုးပြုနိုင်မည့် အခွင့်အရေးကြီးတစ်ခုကို စဉ်စားမိခဲ့သည် မဟုတ်ပါလော။ အရေးအကြီးဆုံးမှာ သူသည် ထိုအခွင့်အရေးကြီးအား အောင်မြင်စွာ ဆုပ်ကိုင်နိုင်ခဲ့သည်လည်းဖြစ်သည်။ ထိုအခြင်းအရာများ အားလုံးကြောင့် ကျင့်သိုမင်နှင့် ခုန်းတောက်တို့မှာ ဝမ်ပေါင်လဲ့အား မြို့တော်သခင်အဖြစ် အပြည့်အဝ အသိအမှတ်ပြုထားကြသည် ဖြစ်သည်။
ယခုတွင် သူတို့မှာ ဘေးသို့ရှောင်ဖယ်ကာ ပွဲကြည့်ပရိသတ်သာ လုပ်ရန် ဆန္ဒမရှိပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ ချန်းမုနှင့် သူ၏ အပေါင်းအပါများအား မည်သို့မည်ဖုံ ကိုင်တွယ်ဖြေရှင်းမည်ကို သူတို့က မသိနိုင်ဘဲဖြစ်နေရသည်။
” ဝမ်ပေါင်လဲ့က ဘာလုပ်ဖို့ကြံနေတာပါလိမ့် ” ကျင့်သိုမင်မှာ မျက်လုံးများမှေးလိုက်ပြီး သူသာ ဝမ်ပေါင်လဲ့နေရာတွင်ဆိုပါက ဤကိစ္စကြီးအား မည်ကဲ့သို့ဖြေရှင်းမည်နည်းဟု စဉ်းစားတွေးတောနေတော့သည်။ နောက်ဆုံးတွင် သူသည် သူ၏ မိသားစုမျိုးနွယ်စု၏ ဩဇာအာဏာနှင့် လုပ်ပိုင်ခွင့်များကို အသုံးချ၍ ဖြေရှင်းလိုက်မည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်တော့သည်။
ခုန်းတောက်နှင့် လင်းတျန်ဟောက်တို့မှာလည်း ထိုပြဿနာကြီးအား မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်နည်းဟု စဉ်းစားနေကြ၏။ လီဝမ်အာပင်လျှင် ဝမ်ပေါင်လဲ့၏ အကြံအစည်များကို သိချင်နေတော့သည်။ ယခုမှသာ သူမသည် ဝမ်ပေါင်လဲ့အကြောင်း ကောင်းကောင်း မသိထားသေးကြောင်း လက်ခံလိုက်ရတော့သည်။ လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ကိုယ့်ပြသနာကို မီးထွန်းရှာနေသည်သာ ဖြစ်သည်ဟု သူမက မှတ်ယူထား၏။ သို့သော် ဝမ်ပေါင်လဲ့မှာ အညတရအဆင့်မှ လက်ရှိ ပဏာမအဆင့်သုံးရာထူးဆီသို့ တစ်ဆင့်ချင်းစီ တက်လှမ်းလာခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း သူမက သိရှိထားသည်။ ထို့ကြောင့် သူသည် စဉ်းစားဆင်ခြင်ဉာဏ်မဲ့သူ တစ်ယောက်တော့ မဖြစ်နိုင်ပေ။
ဝမ်ပေါင်လဲ့၏နောက်ရှိ လူများမှာလည်း ထိုကဲ့သို့ပင် တွေးတောနေကြ၏။ အထူးသဖြင့် တာအိုကျောင်းလေးကျောင်းမှ ကျင့်ကြံသူများမှာဆိုလျှင် ဝမ်ပေါင်လဲ့အား ပို၍ပင် ယုံကြည်ထားကြ၏။ အကယ်၍ ထိုခရီးစဉ်မှာ ရှည်ကြာနေခဲ့မည်ဆိုပါက သူတို့ထဲမှ တစ်ယောက်ယောက်မှာ နည်းလမ်းတစ်ခုခုကို စဉ်းစားမိကောင်း စဉ်းစားမိနိုင်ပါသော်လည်း လှိုဏ်ခေါင်းကြီးနှင့် ချန်းမု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ၏ ကြားရှိ အကွာအဝေးမှာ တိုတောင်းလိုနေ၏။ သို့ဖြစ်ရာ သူတို့အားလုံးမှာ နယ်မြေအသစ်၏ အပြင်ဘက်သို့ရောက်ရှိလာသည့်တိုင်အောင် အကြံအစည်တစ်ခုတလေကိုပင် မစဉ်းစားမိကြသေးပေ။
ချန်းမု၏ ထိန်းချုပ်မှုအောက်တွင်ရှိသော နယ်မြေအသစ်မှာ မြို့တော်အသစ်၏ အရှေ့တောင်ဘက်အခြမ်းတွင်ရှိသည်။ ၎င်း၏ အရွယ်အစားမှာ ဝမ်ပေါင်လဲ့ မြို့တော်ဝန်အဖြစ် ရှိခဲ့စဉ်တုန်းက ဆောက်လုပ်ခဲ့သည့် မြို့တော်နယ်မြေကြီး၏ အရွယ်အစားနှင့် မတိမ်းမယိမ်းပင်ဖြစ်သည်။ ထိုနယ်မြေမှာ သိသိသာသာ ကျယ်ဝန်းပြီး ချန်းမုမှာ ဆောက်လုပ်ရေးလုပ်ငန်းထဲ၌ အာရုံစိုက်ထားသည်မှာ သိသာထင်ရှားပေသည်။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုကလည်း သူ့အား ကူညီထောက်ပံ့မှု အပြည့်အဝပေးထား၏။ သူသည် မကြာသေးမီကမှ ရောက်ရှိလာခဲ့သည့်တိုင်အောင် မြို့တော်နယ်မြေတစ်ခု၏ ရှေ့ပြေးပုံစံတစ်ခုကို တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သည်။
အဝေးမှ ကြည့်လိုက်မည်ဆိုပါက ယခင်တုန်းက လူသူကင်းမဲ့နေခဲ့သည့် ကန္တာရကြီး၏ နေရာ၌ ညီညာပြန့်ပြူးနေသော လမ်းများနှင့် ကွင်းပြင်များက အစားထိုးဝင်ရောက်လာကြပြီဖြစ်သည်။ မိုးထိုးလုမတတ် မြင့်မားနေသည့် အဆောက်အဦများ ရှိနေပြီး ထိုနယ်မြေကြီးတစ်ခုလုံးမှာ ငါးဆက်မြောက်ကောင်းပြင်မျိုးနွယ်စု၏ မျက်စိပဒါသဖြစ်စရာကောင်းပြီး တမူထူးခြားသော ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသည့် အဆောက်များဖြင့် ပြည့်နှက်နေ၏။ အမှန်တွင် ၎င်းမှာ မြို့တော်နယ်မြေတစ်ခုနှင့်ပင် မတူဘဲ မိသားစုမျိုးနွယ်စုကြီးတစ်ခု၏ အပန်းဖြေအိမ်ရာကြီး တစ်ခုနှင့်ပင် ပို၍ဆင်တူနေတော့သည်။
ထိုနယ်မြေကြီးတစ်ခုလုံးကို စည်းဝိုင်းဆယ်ခုပုံစံ ခွဲ၍ တည်ဆောက်ထား၏။ ထိုစည်းဝိုင်းများမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသလို ဆန္ဒရှိပါက ထိုအချိတ်အဆက်များအား ချက်ချင်းဖြတ်တောက်ကာ သီးခြားနေထိုင်၍လည်း ရပေသည်။ ထိုနယ်မြေကြီးထဲတွင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဝင်များက အစောင့်တာဝန်ထမ်းဆောင်နေကြပြီး မြို့တော်အသစ်ကြီးနှင့် ထိစပ်နေသော နယ်နိမိတ်များတွင် အစောင့်အများကြီးချထား၏။
ထိုအခြင်းအရာအားလုံးကြောင့် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မှာ ပို၍ပေါ်လွင်နေ၏။ သူတို့မှာ အုပ်စုထဲမှခွဲထွက်ကာ ကိုယ်ပိုင်အုပ်ချုပ်မှုစနစ်ဖြင့်သာ လည်ပတ်နေကြခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုနေရာသို့ ယခုမှ ပထမဆုံးအကြိမ်အဖြစ် ရောက်ဖူးခြင်းဖြစ်ပါသော်လည်း သတင်းများကိုကြားထားပြီးသား ဖြစ်သောကြောင့် စိမ်းမနေပေ။ သို့သော် သူကိုယ်တိုင် မြင်လိုက်ရသည့်အချိန်တွင်မူ မျက်ခုပင့်မိသွား၏။
ထိုနယ်မြေကြီးအား မိသားစုမျိုးနွယ်စုတစ်ခု၏ အိမ်ရာတစ်ခုပုံစံ တည်ဆောက်ထားပါသော်လည်း မန္တန်အစီအရင်ကြီးအား စည်း စနစ်တကျ တပ်ဆင်ထားသည်ဖြစ်သည်။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ ထိုကဲ့သို့သော အမှားမျိုးကို လုံးဝကျူးလွန်မည်မဟုတ်ပေ။
ချန်းမုမှာ ဝမ်ပေါင်လဲ့ ရောက်ရှိလာကြောင်း ကြိုသိထားသဖြင့် သူ၏ လောကဝတ် မကျေပွန်မှုအပေါ် ဝမ်ပေါင်လဲ့က ပြစ်တင်ဝေဖန်မည်ကို မခံလိုပေ။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ သူ၏မြို့တော်ထဲသို့ မရောက်လာခင်ကတည်းက ဝမ်ဟွေနှင့် ဖန်ကျင့်တို့နှင့်အတူ သူတို့၏ သက်ဆိုင်ရာနယ်မြေများဆီမှ အစောင့်မြောက်မြားစွာကို ခေါ်ဆောင်လာပြီး အပြင်ဘက်သို့ ထွက်လာတော့သည်။ ထို့နောက် သူတို့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ခပ်လှမ်းလှမ်းမှနေ၍ ဝမ်ပေါင်လဲ့အား အရိုအသေပေးလိုက်ကြ၏။ ထို့နောက် သူတို့မှာ ခေါင်းများ ပြန်မော့လာကာ ဖော်ရွေစွာ ပြုံးပြလိုက်ကြပြီးနောက် နူးညံ့သိမ်မွေ့သော လေသံများဖြင့် နှုတ်ခွန်းဆက်သလိုက်ကြတော့သည်။
” မြို့တော်သခင်၊ လက်ထောက်မြို့တော်သခင်နဲ့ ရဲဘော်ရဲဘက်တွေကို နှုတ်ခွန်းဆက်သလိုက်ပါရစေ။ နယ်မြေအသစ်ကနေ ကြိုဆိုပါတယ် ”
ချန်းမုမှာ ထိုသို့ ဆိုလိုက်ပြီးသည်နှင့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။ သူသည် နူးညံ့သိမ်မွေ့သော မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့၏ လုံးဝန်းသောခန္ဓာကိုယ်ကြီးကို စိုက်ကြည့်နေပါသော်လည်း စိတ်ထဲတွင်မူ လှောင်ရယ်နေ၏။ ကျစ်လျစ်သွယ်လျသော ခန္ဓာကိုယ်အချိုးအစားတစ်ခုကိုပင် ထိန်းသိမ်းနိုင်စွမ်းမရှိသည့် လူတစ်ယောက်မှာ အခြားကဏ္ဍများတွင်လည်း အပြစ်အနာအဆာများနှင့်သာ ပြည့်နှက်နေမည်ဖြစ်ကြောင်း သူက ယုံကြည်ထား၏။
သူသည် ဝမ်ပေါင်လဲ့အား စိတ်ထဲမှကျိတ်၍ လှောင်ပြောင်နေသည့်တိုင်အောင် သူ့အပေါ် ပြောဆိုဆက်ဆံပုံမှာ ဝမ်ဟွေ့နှင့် ဖန်ကျင့်တို့အား ပြောပြထားခဲ့သည့်ပုံနှင့် လုံးဝမတူပေ။ သူသည် ဝမ်ပေါင်လဲ့၏အကြောင်းကို သေသေချာချာ လေ့လာစုံစမ်းထားပြီးသားဖြစ်သောကြောင့် သူ၏ အကျင့်စရိုက်ကို ကောင်းကောင်းကြီးသိနေပြီဖြစ်သည်။ သို့သော်လည်း သူသည် ထိုလေ့လာတွေ့ရှိချက်များကို သေသေချာချာ မှတ်သားထားခြင်းမရှိပေ။ သူ ယခုအကြိမ် ရင်ဆိုင်ရမည့်ပြိုင်ဘက်မှာ အနည်းငယ်မျှသာ ခက်ခဲလိမ်မည်ဟု သူက မှတ်ယူထား၏။
ဝမ်ပေါင်လဲ့မှာလည်း ချန်းမုနှင့် ပထမဆုံးအကြိမ်အဖြစ် ဆုံတွေ့ဖူးခြင်း ဖြစ်သည်။ သူသည် အရပ်ထောင်ထောင်မောင်းမောင်းရှိပြီး ထိပ်တန်းအဆင့် မိသားစုမျိုးနွယ်စုတစ်ခုထဲ၌ ကြီးပြင်းခဲ့ရာမှ လက်ခံရရှိခဲ့သည့်ပုံပေါ်သည့် တည်ငြိမ်မြင့်မြတ်မှု အငွေ့အသက်များကို ပိုင်ဆိုင်ထားသော ချန်းမု၏ ချောမောခံ့ညားသော မျက်နှာပေါ်ရှိ ဖော်ရွေသော အပြုံးကို စိုက်ကြည့်နေရင်း ပို၍ပင် စိတ်မကျေမနပ်ဖြစ်လာရတော့သည်။
” ငါတို့ရဲ့ လူချောလေးများ အဖွဲ့အစည်းထဲက ဘယ်သူမဆို သူ့ထက်ပိုပြီးတော့ ကြည့်ကောင်းပါတယ်ကွာ ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်၏။ ထို့နောက် သူသည် ရှေ့သို့ ခြေလှန်းအကျဲကြီး လှမ်းလာပြီး ချန်းမုအား ကြည့်နေရာမှ သူ၏နောက်၌ရပ်နေသော ဝမ်ဟွေ့နှင့် ဖန်ကျင့်တို့ကို ပြောင်းကြည့်လိုက်၏။ သူသည် ဖန်ကျင့်အား ယခုမှ ပထမဆုံးအကြိမ်အဖြစ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။ ဝမ်ဟွေ့ကိုမူ သူသည် လပေါ်တွင် ရှိခဲ့စဉ်တုန်းက သူ့အား အမွှေးတစ်မွှေးမှ မကျန်သည့်အထိ ဓားပြတိုက်ခဲ့ဖူးသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိုလူငယ်လေး၏ ကိုယ်တုံးလုံး အနေအထားကိုပင် မြင်ဖူးထားပြီးသားဖြစ်သည်။
ဖန်ကျင့်မှာ ဝမ်ပေါင်လဲ့၏ အကြည့်ကို မှုနေခြင်း မရှိသည့်အပြင် သူမ၏ မျက်ဝန်းများထဲ၌ ရန်စလိုသည့် အရိပ်အယောင်များပင် ထင်ဟပ်နေသေးသည်။ အခြားတစ်ဖက်တွင်မူ ဝမ်ဟွေ့မှာ အသားများ တုန်ရီနေရပြီဖြစ်သည်။ လပေါ်တွင်ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်ကြီးမှာ သူ၏ ခေါင်းထဲ၌ ပြန်ပေါ်လာသဖြင့် သူသည် ဝမ်ပေါင်လဲ့နှင့် မျက်လုံးချင်းမဆုံမိစေရန် အကြည့်လွှဲလိုက်ရတော့သည်။ ချန်းမု၏ ထပ်ခါတလဲလဲ ဖိအားပေးမှုများနှင့် သူ၏ဂိုဏ်းမှ ပြုလုပ်ထားသော ကြိုတင်စီစဉ်မှုများကြောင့်သာ မဟုတ်ပါက သူသည် ဝမ်ပေါင်လဲ့မား နောက်ထပ်တစ်ကြိမ်လေးပင် ထပ်မြင်ချင်တော့မည် မဟုတ်ပေ။
ဝမ်ဟွေ့တစ်ယောက် ခေါင်းငုံ့သွားသည်ကို မြင်လိုက်ရသောအခါ ချန်းမုမှာ မျက်လုံးများအရောင်လက်သွား၏။ ထို့နောက် သူသည် ရှေ့သို့လှမ်းကာ ဝမ်ပေါင်လဲ့၏ရှေ့၌ ပိတ်ရပ်လိုက်ပြီး သိမ်မွေ့စွာပြုံး၍ မေးလိုက်တော့သည် ” မြို့တော်သခင် အခုလို လူအင်အားအများကြီး စုဆောင်းလာပြီးတော့ ကျနော့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဆီကို ရောက်လာတာ ဘာအကြောင်းရှိလို့လဲခဗျ ” ချန်းမုမှာ ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ” ဟူသော စကားလုံးကို ဖိရွတ်၍ ပြောခဲ့ခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့မှာ ပြဿနာလာရှာနေသည်ဖြစ်ရာ သူသည် ဤအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ဘဲ သူ၏ ဩဇာအာဏာကို ယိမ်းယိုင်သွားအောင် ကြိုးစားလိုက်မည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ရှေ့၌ ပိတ်ရပ်ခံလိုက်ရသဖြင့် ချန်းမုအား ပြန်၍ကြည့်လိုက်၏။ ထိုအခါ သူတို့နှစ်ယောက်မှာ မျက်လုံးချင်းဆုံသွားပြီး သူတို့၏ ပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးမှာ ငြိမ်ကျသွားတော့သည်။ လူတိုင်းမှာလည်း သူတို့နှစ်ယောက်ကို စိုက်ကြည့်နေကြ၏။
” ချန်း…. ” ဝမ်ပေါင်လဲ့မှာ စကားပြောရန် ပြင်လိုက်ပါသော်လည်း သူ စကားမဆုံးနိုင်ခင်မှာပင် ချန်းမုက ကြားဖြတ်ပြောလိုက်၏။
” လှိုဏ်ခေါင်းအသစ်ကြီး ပေါ်လာတဲ့ ကိစ္စကြောင့်ဆိုရင် ကျနော့်ရဲ့ လူတွေကို လွှတ်ပေးလိုက်တယ်လေ။ သူတို့က ရေသာခိုခဲ့ကြလို့လားဗျ ” ချန်းမု ဝမ်ပေါင်လဲ့အားကြည့်ရင်း ပြုံးကာ မေးလိုက်၏။ သူသည် စိတ်ထဲတွင်မူ လှောင်ရယ်နေ၏။
ဝမ်ပေါင်လဲ့မှာ စကားဖြတ်ပြောခံလိုက်ရသဖြင့် သူ၏ မျက်ဝန်းများမှာ ပို၍ပင်အေးစက်သွားတော့သည်။ သူသည် နောက်ထပ်တစ်ကြိမ် စကားပြောရန် ပြင်လိုက်ပါသော်လည်း သူ ပါးစပ်မဟနိုင်ခင်မှာပင် ချန်းမုမှာပြုံးကာ ဆက်ပြောလိုက်ပြန်သည်။
” မြို့တော်သခင်ရောက်လာတာ အဲဒီကိစ္စကြောင့်လို့ ကျနော်မထင်ပါဘူး။ ကျနော် ဒုတိယမြောက်အမိန့်ကို မနာခံခဲ့လို့များလား။ အဲ့တာဆိုရင်တော့ မြို့တော်သခင် နားလည်ပေးဖို့ ကျနော် တောင်းဆိုပါတယ်။ ကျနော် စိတ်ရင်းအမှန်နဲ့ တောင်းပန်တာပါ။ မြို့တော်သခင် မြင်တဲ့အတိုင်း ဒီနယ်မြေအသစ်က အခုမှ ဆောက်လက်စတန်းလန်းကြီးပဲ ရှိသေးတာလေ။ ကျနော်ရော တခြားသူတွေရော ရှိသမျှလူအားလုံးက ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတာမလို့ တခြားကိစ္စတွေအပေါ် အာရုံမစိုက်နိုင်ခဲ့တာ ”
” ကျနော်တို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခုလေ။ အဲ့တာမလို့ နယ်မြေအသစ်တည်ဆောက်ဖို့က ကျနော်တို့အတွက် အရေးအကြီးဆုံးပဲ။ မြို့တော်သခင် နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ” ချန်းမုမှာ စကားဆုံးအောင်ပြောလိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်၏။ သူသည် စကားပြောနေစဉ်တစ်လျှောက်လုံး အပြုံးမပျက်ခဲ့ပေ။ သူ၏စကားများမှာလည်း ခက်ထန်တင်းမာနေခြင်းမရှိသလို သူ၏ ဟန်ပန်အမူအရာများမှာ ဖော်ရွေပျူငှာမှု ရှိနေပါသော်လည်း သူသည် ဝမ်ပေါင်လဲ့အား နှစ်ကြိမ်တိတိ စကားဖြတ်ပြောခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူ၏လုပ်ရပ်များကိုကြည့်၍ သူ၏ ရည်ရွယ်ချက်များကို ရှင်းလင်းစွာ သိမြင်နိုင်ပေသည်။
ထိုအခါ သူတို့၏ ပတ်ပတ်လည်ရှိ လူများ၏ မျက်နှာအမူအရာများမှာ အမျိုးမျိုးပြောင်းလဲသွားကြတော့သည်။ ကျင့်သိုမင်နှင့် ခုန်းတောက်တို့မှာ မျက်မှောင်ကြုတ်သွားကြပြီး လင်းတျန်ဟောက်၏ မျက်ဝန်းများထဲ၌ ဒေါသမီးများ တောက်လောက်လာ၏။ လီဝမ်အာကမူ စိတ်ထဲ၌သာကျိတ်၍ သက်ပြင်းချလိုက်၏။ အရာအားလုံးမှာ သူမှ ခန့်မှန်းထားခဲ့သည့် အတိုင်းပင်။
သူ၏ ပတ်ပတ်လည်မှ လူများဆီမှ တုံ့ပြန်မှုအမျိုးမျိုး ထွက်ပေါ်လာချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ရယ်မောလိုက်၏။ ထို့နောက် သူသည် အားရကျေနပ်စွာပြုံးလိုက်ပြီး သူ၏ မျက်ဝန်းများထဲ၌ သဘောကျထောက်ခံသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
” နားလည်တာပေါ့ကွာ။ မင်းရဲ့မြို့တော်သခင်က သိပ်နားလည်တာပေါ့။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခုဆိုတာ မြို့တော်အသစ်ရဲ့ လက်အောက်မှာ ရှိမနေတဲ့ သီးခြားအဖွဲ့အစည်းတွေဆိုတာ ငါသိပါတယ်။ အခုတောင် ငါ ရှေ့ကို ခြေလှမ်းနည်းနည်း ထပ်လှမ်းလိုက်မယ်ဆိုရင် ငါက မင်းရဲ့ပိုင်နက်ထဲကို ဝင်လာသလို ဖြစ်သွားမှာလေ ” ဝမ်ပေါင်လဲ့မှာ ဟက်ဟက်ပက်ပက် ရယ်မောကာ ဆိုလိုက်၏။ ချန်းမုမှာမူ ဝမ်ပေါင်လဲ့၏ ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသော အမူအရာကြောင့် မှင်တက်သွားရ၏။
သူ ဆက်လက်မတွေးတောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ဆက်၍ပြုံးနေခြင်း မရှိတော့ဘဲ တည်ကြည်စွာ ဆိုလိုက်၏ ” လင်းတျန်ဟောက်ရေ ”
” ကျနော်မျိုးရှိပါတယ် ” လင်းတျန်ဟောက်မှာ ချက်ချင်းပင်ရှေ့သို့လှမ်းလာပြီး ဦးညွှတ်လိုက်၏။
” လိုအပ်တဲ့ စီစဉ်မှုတွေ လုပ်ထား။ ငါ မြို့တော်ဝန်ချန်၊ မြို့တော်ဝန်ဝမ်နဲ့ မြို့တော်ဝန်ဖန်တို့သုံးယောက်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေရဲ့ ပတ်ပတ်လည်မှာ နံရံကြီးတစ်ခု ဆောက်ချင်တယ်။ အဲဒီ နံရံကြီးကို မြို့တော်ရဲ့ပိုင်နက်ထဲမှာပဲဆောက်။ သူတို့နယ်မြေတွေရဲ့ ပိုင်နက်ထဲမှာ မဆောက်နဲ့ ” ဝမ်ပေါင်လဲ့၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လင်းတျန်ဟောက်မှာ အခြေအနေများကို ရိပ်စားမိသွားသဖြင့် လေသံကျယ်ကျယ်ဖြင့် အမိန့်နာခံကြောင်း အသိပေးလိုက်၏။ ချန်းမု၏ မျက်နှာအမူအရာမှာမူ သိသိသာသာ ပြောင်းလဲသွားပြီဖြစ်သည်။ သူတို့၏ ပတ်ပတ်လည်ရှိ လူတိုင်းမှာလည်း ဆွံ့အမှင်တက်ကာ မျက်လုံးများ ပြူးနေကြပြီဖြစ်သည်။
၎င်းမှာ အစမျှသာရှိသေးသည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အသက်မပါသော အမူအရာဖြင့် ထပ်၍ အမိန့်ပေးလိုက်ပြန်သည်။
” ခုန်းတောက် ”
” ကျနော်မျိုးရှိပါတယ် ” ခုန်းတောက်မှာ ချက်ချင်းပင် ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။
” မင်းရဲ့လူတွေကို စုပြီးတော့ အသစ်ဆောက်မယ့် နံရံကြီးရဲ့ ပတ်ပတ်လည်မှာ အစောင့်ချထား။ ဒီနယ်မြေတွေထဲကို တစ်ယောက်မှ အဝင်အထွက် မလုပ်ခိုင်းနဲ့ ”
ဝမ်ပေါင်လဲ့၏ အမိန့်ပေးသံ ပဲ့တင်ထပ်သွားချိန်တွင် သူ၏ ပတ်ပတ်လည်မှ လူများလုံးမှာ ပင့်သက်ရှိုက်မိသွားကြတော့သည်။ ချန်းမုမှာလည်း အသိစိတ်ပြန်ကပ်သွားပြီး ဝမ်ပေါင်လဲ့၏ စကားများကြောင့် မျက်နှာအမူအရာများ ပြောင်းလဲသွားကာ စကားပြောရန် ပြင်လိုက်၏။ သို့သော် ယခုအကြိမ်တွင်မူ သူ စကားမပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့က ကြားဖြတ်ပြောလိုက်၏။ ဝမ်ပေါင်လဲ့မှာ ဟန်ဆောင်ပြုံးနေခြင်းပင်မရှိဘဲ တည်ကြည်လေးနက်မှုအပြည့်ဖြင့် ဆိုလိုက်တော့သည်။
” မြို့တော်ဝန်ချန်း။ မင်းတို့ရဲ့ နယ်မြေတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေမလား။ ကိစ္စမရှိပါဘူး။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက မင်းတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေထဲမှာ ဝင်ပြီးတော့ စွက်ဖက်မှာမဟုတ်ဘူး။ အေး။ ဒါပေမဲ့ မင်းတို့ရဲ့ နယ်မြေအပြင်ဘက်ကတော့ ငါ့ရဲ့ပိုင်နက်ပဲ၊ ငါ့ရဲ့ မြို့တော်အသစ်ပဲ။ ငါ့ရဲ့ မြို့တော်အသစ်ထဲမှာ မင်းတို့ကိုယ်မင်းတို့ အုပ်ချုပ်နိုင်ဖို့နဲ့ မြို့တော်နံရံကြီးတွေ တည်ဆောက်ပြီးနောက် မင်းတို့ကိုယ်မင်းတို့ အကျဉ်းပြန်ချနိုင်ဖို့ ငါ ကူညီပေးပါ့မယ်။ ငါ တစ်ခုတော့ ပြတ်ပြတ်သားသား သတိပေးထားမယ်နော်။ မင်းတို့ရဲ့နယ်မြေထဲကနေ အပြင်ကို ခြေတစ်လှမ်းတောင်လှမ်းဖို့ မစဉ်းစားနဲ့။ ငါ့ရဲ့ လေပိုင်နက်ထဲမှာ မန္တန်အစီအရင်တွေ တပ်ဆင်ထားပြီးသား။ ငါ့ရဲ့ အမိန့်မပါပဲနဲ့ ဘယ်သူမှ ဝင်ခွင့်မရှိဘူး။ မင်းတို့တွေထဲက တစ်ယောက်ယောက်သာ အပြင်ထွက်လာနိုင်မယ်ဆိုရင် ငါ့ရဲ့ မျိုးရိုးနာမည်ကို ငါကိုယ်တိုင် စွန့်လွှတ်ပစ်လိုက်မယ် “