” အင်အားကြီးတဲ့ ကျောထောက်နောက်ခံတွေ ရှိနေလို့ အကြောက်အလန့် မဲ့နေကြတာလားကွ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ တွေးလိုက်၏။ အကယ်၍ ချန်းမုနှင့် သူ၏အပေါင်းအပ်များမှာ လူများမစေလွှတ်ခဲ့ပါက သူသည် ထိုအချက်ကို အကြောင်းပြ၍ သူတို့အား အပြစ်ပေးကာ မေးခွန်းထုတ်ခွင့် ရသွားမည်ဖြစ်သည်။ သို့သော် သူတို့၏ အမြုတေအဆင့် ကျင့်ကြံသူများနှင့် သူတို့ကိုယ်တိုင် ရောက်မလာကြသည့်တိုင်အောင် သူတို့၏ ကျင့်ကြံသူများကို ဝတ်ကျေတမ်းကျေ စေလွှတ်ခဲ့သည်ဖြစ်ရာ ထိုကိစ္စနှင့် ပတ်သတ်၍ ပုံကြီးချဲ့ရန်မှာ ခဲယဉ်းသွားပြီဖြစ်သည်။ သူတို့မှာ အတိုင်းအတာတစ်ခုအထိ အမိန့်နာခံခဲ့သည်ဟု ဆိုနိုင်သည် မဟုတ်ပါလော။
” စိတ်ဝင်စားစရာပဲ ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ အေးစက်စွာ တောက်ပသွား၏။ သူသည် နဂိုတုန်းက ချန်းမုနှင့် သူ၏အပေါင်းအပါများ မြို့တော်ကြီးအား တည်ဆောက်ပြီးသောအခါမှ သူတို့၏ လုပ်ရပ်များကို အမှားရှာရန် စဉ်းစားထားပါသော်လည်း ယခုတွင်မူ မစောင့်နိုင်တော့ပေ။
” ငါ မင်းတို့အကုန်လုံးကို နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးမယ်။ ဒီလို ဆက်လုပ်နေမယ်ဆိုရင်တော့ ငါ့ဒေါသကို အဆိုးမဆိုနဲ့ပေါ့ကွာ။ မင်းတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားတာမလို့ ငါက မင်းတို့ကို ဘာမှ လုပ်နိုင်မှာမဟုတ်ဘူးလို့ ထင်နေတာလား ” ဝမ်ပေါင်လဲ့မှာ နှာမှုတ်ကာ စိတ်ထဲ၌ ရေရွတ်လိုက်၏။ ထို့နောက် သူသည် လှိုဏ်ခေါင်းကြီးအား ပိတ်ဆို့ရန်ဆိုသော အကြောင်းပြချက်ဖြင့် ချန်းမုနှင့် အပေါင်းအပါများကိုသာမက သူတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ အမြုတေအဆင့် ကျင့်ကြံသူများကို ဆင့်ခေါ်ရန် ချက်ချင်း အမိန့်ထုတ်ပြန်လိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုအမိန့် ထုတ်ပြန်လိုက်ပြီးနောက် ထိုကိစ္စအကြောင်း ဆက်လက်တွေးတောနေရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် သူသည် ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး ကျင့်သိုမင်နှင့် အပေါင်းအပါများ၏ အကူအညီများနှင့်အတူ သားရဲကြီးများ ပျံ့နှံ့မသွားအောင် တားဆီးလိုက်ပြီး ၎င်းတို့အား တဖြည်းဖြည်းနှင့် ဝိုင်းထားလိုက်တော့သည်။
ထိုအခါ ထိုသားရဲကြီးများ၏ ဒေါသတကြီး ဟိန်းဟောက်သံများမှာ အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွားတော့သည်။ လီယီ ရှိနေခဲ့စဉ်တုန်းက ဖြစ်ရပ်ကြီးနှင့် ကြုံဖူးခဲ့သော ကျင့်သိုမင်နှင့် ခုန်းတောက်တို့မှာ ၎င်းတို့အား လှိုဏ်ခေါင်းထဲ၌ ဝိုင်းထားပြီးလျှင် ထိုလှိုဏ်ခေါင်းအား အလုံပိတ်ပစ်ရမည်ဖြစ်ကြောင်း သိရှိထား၏။ ထို့ကြောင့် သူတို့အားလုံးမှာ အစွမ်းကုန်ကြိုးစား၍ ခုခံတွန်းလှန်နေကြတော့သည်။ တစ်ချိန်ထဲမှာပင် သူတို့မှာ ချန်းမုနှင့် အပေါင်းအပါများ ရှိမနေကြသည်ကို သတိထားမိလိုက်ကြပြီး ဝမ်ပေါင်လဲ့တစ်ယောက် သူတို့အား ဤနေရာ၌ လာရောက်စုဝေးရန် အမိန့်ထပ်ပေးလိုက်သည်ကို ကြားလိုက်ရ၏။ ထို့ကြောင့် သူတို့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ခပ်လှမ်းလှမ်း၌ ရှိနေသော လင်းတျန်ဟောက်အား လှမ်းကြည့်လိုက်ကြ၏။ ထိုအခါ သူတို့၏အားလုံး၏ မျက်ဝန်းများမှာ အရောင်လက်နေကြသည်ကို သူတို့က သတိထားမိသွားကြ၏။
” ဒီတစ်ခေါက် ဝမ်ပေါင်လဲ့ ချန်းမုနဲ့ အပေါင်းအပါတွေရဲ့ကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ မသိဘူး… ခက်တော့ခက်မှာ။ ချန်းမုက ငတုံးငအတစ်ကောင် မဟုတ်ဘူး။ သူက အကူအညီပေးဖို့ လူတွေကို စေလွှတ်ခဲ့ပြီးသား…. ”
” ပြီးတော့ အရေးကြီးတဲ့ အချက်က သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားကြတာပဲ။ အဲ့တာမလို့ ဝမ်ပေါင်လဲ့က မြို့တော်သခင် ဖြစ်နေရင်တောင် သူတို့ကို အမိန့်ပေးပိုင်ခွင့် မရှိဘူး..
” သူတို့လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့တော်ဝန်တွေရဲ့ တာဝန်တွေကို ရှင်းရှင်းလင်းလင်း စာရင်းပြုသတ်မှတ်ပေးထားပြီးသား။ သူတို့က အင်္ဂါဂြိုဟ်ဘုရင်ခံနဲ့ ပြည်ထောင်စုကြီးရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိနေကြတာ။ ပြီးတော့ သူတို့က မြို့တော်အသစ်ကြီးရဲ့ ဩဇာအာဏာအောက်မှာ ရှိနေကြတာ မဟုတ်ဘူး ” ထိုသုံးယောက်မှာ လှိုဏ်ခေါင်းထဲရှိ သားရဲကြီးများကို တွန်းလှန်တိုက်ထုတ်နေရင်း တစ်ယောက်နှင့်တစ်ယောက် အသံလွှင့်အကြောင်းကြားစာများ အပြန်အလှန်ပေးပို့၍ ဆက်သွယ်နေကြ၏။ လင်းတျန်ဟောက်မှာမူ ကျင့်သိုမင်နှင့် ခုန်းတောက်တို့နှင့် မတူဘဲ ချန်းမုနှင့် အပေါင်းအပါများကို မကျေမနပ်ဖြစ်နေသည်မှာ သိသာထင်ရှားပေသည်။
သို့သော် ထိုကဲ့သို့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စည်းမျဉ်းစည်းကမ်းများမှာ အကာအကွယ်ပေးနိုင်သည့် တံဆိပ်ပြားတစ်ခုကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် လင်းတျန်ဟောက်မှာ သက်ပြင်းသာချလိုက်ပြီး ဝမ်ပေါင်လဲ့တစ်ယောက် ထိုကိစ္စအား မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းလိမ့်မည်နည်းဟု တွေးတောနေတော့သည်။ အမှန်တွင် သူတို့သာ ထိုသို့တွေးတောနေကြသည်တော့ မဟုတ်ပေ။ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေကြသော အခြားကျင့်ကြံသူများထဲ၌ ငနုံငအ တစ်ယောက်တလေပင် မပါပေ။ သူတို့မှာ အစကတည်းက တစ်ခုခုလွဲနေပြီဖြစ်ကြောင်း သတိထားမိခဲ့သောကြောင့် နောက်ထပ်ဆက်ဖြစ်လာမည့် အရာများကို သိရှိနိုင်ရန် သေသေချာချာ စောင့်ကြည့်နေကြတော့သည်။
ဝမ်ပေါင်လဲ့၏ ထိုကိစ္စအား ကိုင်တွယ်ဖြေရှင်းမည့်ပုံမှာ လူတိုင်း၏ ချန်းမုနှင့် အပေါင်းအပါများအပေါ် ထားရှိသော သဘောထားများအပေါ် အကျိုးသက်ရောက်မှု ရှိသွားမည်ဟုပင် ဆိုနိုင်ပေသည်။ ထို့အပြင် ဝမ်ပေါင်လဲ့၏ လူများအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်းမှာလည်း ၎င်းအပေါ် အတိုင်းအတာတစ်ခုအထိ မူတည်နေမည်လည်းဖြစ်သည်။
အကယ်၍ သူသာ ဤကိစ္စကြီးကို အမှားအယွင်းမရှိ ကိုင်တွယ်ဖြေရှင်းနိုင်သွားမည် ဆိုပါက သူ၏ ဩဇာလွှမ်းမိုးနိုင်စွမ်းမှာ ပို၍ တည်ငြိမ်သွားမည် ဖြစ်သည်။ သို့သော် သူသည် ယခုလို ကနဦးလက်ရည်စမ်းပွဲ၌သာ ရှုံးနိမ့်သွားခဲ့မည်ဆိုလျှင် သူ၏ လူများအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်းမှာလည်း သိသိသာသာ လျော့ကျသွားမည် ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ လီဝမ်အာမှာ မျက်မှောင်ကြုတ်နေ၏။ အမှန်တွင် သူမသည် ယခုကဲ့သို့ ဖြစ်လာမည်ကို အစိုးရိမ်ဆုံး ဖြစ်နေခဲ့၏။ သူမ၏ အစီအစဉ်များအရဆိုလျှင် ချန်းမုနှင့် အပေါင်းအပါများမှာ ဤကိစ္စထဲ၌ ဝမ်ပေါင်လဲ့နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ရန် မလိုပေ။ သူမသည် သူတို့အား နားချရန် ကြိုးစားကြည့်ခဲ့သေးပါသော်လည်း အချည်းနှီးပင်။
လှိုဏ်ခေါင်းကြီးအား ပြန်ပိတ်နေသည့် လက်ရှိစစ်ဆင်ရေးကြီးမှာ သားရဲစီးကြောင်းကြီးအား အစွမ်းကုန် ခုခံတွန်းလှန်နေကြသည့် လူများနှင့် အချုပ်အနှောင်ကြီးအား တပ်ဆင်နိုင်ရန် ကူညီပေးနေကြသည့် အမြုတေအဆင့် ကျင့်ကြံသူများကြောင့် အပြင်ပန်းတွင် ဆူညံပွက်လောရိုက်နေသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ လူတိုင်းမှာ ဝမ်ပေါင်လဲ့အပေါ်သို့ အာရုံစိုက်ထားကြသည်ဖြစ်ပြီး နောက်ဘာဆက်ဖြစ်လာမည်နည်းဟု သိချင်နေကြသည်သာ ဖြစ်သည်။
အဆင့်မြင့် အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ထုံးလိုခြေ ရေလိုနှောက် ကျွမ်းကျင်နေသည့် ဝမ်ပေါင်လဲ့မှာလည်း သူ့အား ထိုသို့စောင့်ကြည့်နေကြသည်ကို သိထားသောကြောင့် အမူအရာပျက်မသွားဘဲ တည်ကြည်လွန်းနေ၏။ သူသည် အစမှ အဆုံးအထိ ဒုတိယမြောက်အမိန့် ထုတ်ပြန်လိုက်ရုံမှလွဲ၍ အခြားမည်သည့်အရာကိုမှ ဆက်မလုပ်ခဲ့ဘဲ လှိုဏ်ခေါင်းကြီးပေါ်၌သာ အာရုံစိုက်ထားခဲ့၏။
အသစ်ပေါ်ပေါက်လာသည့် လှိုဏ်ခေါင်းကြီးမှာ မကြီးပါသော်လည်း ၎င်းထဲမှ ပေါ်ပေါက်လာသည့် သားရဲကြီးများ၏ အရေအတွက်မှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေဆဲပင်။ ထိုသားရဲကြီးများအား နေရာကျဉ်းလေးတစ်ခုထဲ၌ ချောင်ကပ်ထားပြီး ကျင့်ကြံသူမြောက်မြားစွာ၏ အကူအညီဖြင့် ၎င်းတို့အား အဆက်မပြတ် နှိမ်နင်းချေမှုန်းနေတော့သည်။ ထိုသို့ဖြင့် ဂူကြီးထဲရှိ သားရဲစီးကြောင်းကြီးမှာ တဖြည်းဖြည်းနှင့် အင်အားဆုတ်ယုတ်စပြုလာပြီး အချုပ်အနှောင်ကြီးကိုလည်း အောင်မြင်စွာ တပ်ဆင်ပြီးတော့မည် ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်တွင် နားစည်များပင် ကွဲအက်သွားစေနိုင်သည့် အော်ဟစ်သံကြီးတစ်သံအား ကြားလိုက်ရပြီး ဂူကြီးထဲမှ မြူခိုးများ ရုတ်တရက်ဆိုသလို တလိပ်လိပ် ထွက်ပေါ်လာတော့သည်။ ထိုမြူခိုးများမှာ တစ်ဝက်တစ်ပျက်အနေအထားတွင်သာ ရှိနေသေးသည့် အချုပ်အနှောင်ကြီးအား ဖျက်ဆီးပစ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ လေထဲသို့ ရောက်သွားသောအခါ ထိုမြူခိုးများမှာ ဧရာမစပါးအုံးမြွေကြီးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး အော်ဟစ်မြည်တမ်းလိုက်၏။
ထိုမြူခိုးများ စပါးအုံးမြွေကြီးအဖြစ် အသွင်ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ဂူထဲမှ အနက်ရောင် မြူခိုးများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ၎င်းတို့မှာ ပင်လယ်ရေမျက်နှာပြင်ကဲ့သို့ ကောင်းကင်ပေါ်သို့ မြင့်တက်သွားပြီး အရပ်မျက်နှာအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားကြ၏။ ထိုကဲ့သို့ အဘက်ဘက်သို့ ပျံ့နှံ့နေသည့် မြူခိုးများထဲ၌ အသေးစား စပါးအုံးမြွေပေါင်း မြောက်မြားစွာ ရှိနေကြပြီး အော်ဟစ်မြည်တမ်းနေကြ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ အေးစက်သွားရပြီး ချန်းမုနှင့် အပေါင်းအပါများအကြောင်း တွေးနေရန် အချိန်မရှိတော့ပေ။ သူ့ဆီတွင် ထမ်းဆောင်ရမည့် တာဝန်တစ်ခု ရှိနေသေးသည်ဖြစ်ရာ ချက်ချင်းပင် ရှေ့သို့ပြေးထွက်သွားလိုက်၏။ ထိုအခါ သူ၏ နှောင်းပိုင်းအခြေတည်အဆင့် ကျင့်ကြံခြင်းစွမ်းအားများ ထွက်ပေါ်လာပြီး ဓမ္မလက်နက် ဓားရှည်ကြီးမှာလည်း သူ၏လက်ထဲ၌ ပေါ်လာ၏။ ထို့နောက် သူသည် ခြေလှမ်းအနည်းငယ်ခန့်လှမ်းကာ လေထဲ၌ ဟိန်းဟောက်နေသည့် ဧရာမစပါးအုံးမြွေကြီးအား တိုက်ခိုက်လိုက်တော့သည်။
ဝမ်ပေါင်လဲ့ ထိုကဲ့သို့ လှုပ်ရှားလိုက်သည်နှင့် တာအိုကျောင်းလေးကျောင်းမှ အမြုတေအဆင့် အစောင့်အရှောက်များမှာ အမူအရာများ တည်ကြည်သွားကြပြီး ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ချက်ချင်းပင် ဝန်းရံလိုက်ကြ၏။ သူတို့၏ တာဝန်များထဲ၌ အရေးအကြီးဆုံးမှာ ဝမ်ပေါင်လဲ့အား ကာကွယ်ပေးရန်ဖြစ်ပြီး လှိုဏ်ခေါင်းကြီးအား ခုခံတွန်းလှန်ရခြင်းမှာ ဒုတိယအဆင့်၌သာ ရှိပေသည်။ ထို့ကြောင့် ယခုတွင် သူတို့မှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ သက်တော်စောင့်များအဖြစ် ရှိနေကြပြီးမှ ရှေ့သို့ပြေးထွက်သွားကြပြီး ဧရာမစပါးအုံးမြွေကြီးအား ရင်ဆိုင်တိုက်ခိုက်လိုက်တော့သည်။
ကျင့်သိုမင်နှင့် ခုန်းတောက်၏ဘေး၌ ရှိနေကြသော အမြုတေအဆင့် ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင်။ သူတို့အားလုံး၏ အဓိကတာဝန်မှာ မိမိတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းများမှ အရေးပါသော ပုဂ္ဂိုလ်များကို ကာကွယ်ပေးရန်ဖြစ်ပြီး ယခုတွင် ထိုနေရာ၌ အမြုတေအဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော် ရှိနေပြီဖြစ်သည်။ ထို့နောက် သူတို့မှာ ပူးပေါင်းဆောင်ရွက်နေကြသည့်အတွက် ရလဒ်များမှာ အံ့ဩတုန်လှုပ်စရာကောင်းနေ၏။ ထိုအချိန်တွင် ပေါက်ကွဲသံ အကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး သူတို့၏ မန္တန်များမှာ ရုတ်တရက်ဆိုသလို ရောင်စုံတောက်ပလာကြတော့သည်။ သူတို့ဆီသို့ ချဉ်းကပ်လာနေသော ဧရာမစပါးအုံးမြွေကြီးမှာ ၎င်းတို့ကို ခုံခံနိုင်စွမ်း မရှိသောကြောင့် အချိန်တိုလေးအတွင်းတွင် တစ်စစီပေါက်ကွဲကာ သေဆုံးသွားရတော့သည်။
ဝမ်ပေါင်လဲ့၏ ဓမ္မလက်နက်ကြီးမှာ အစွမ်းအထက်ဆုံး မဟုတ်ပါသော်လည်း သူသည် ရှေ့ဆုံးမှဦးဆောင်၍ တိုက်ခိုက်ခဲ့သောကြောင့် အခြားသူများအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်း အပြည့်ရှိခဲ့ပေသည်။
ခဏအကြာတွင် လူတိုင်း၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် အရွယ်အစား သိပ်မကြီးသော လှိုဏ်ခေါင်းကြီးမှာ တဖြည်းဖြည်းနှင့် အပြီးတိုင် ပိတ်ဆို့ခံလိုက်ရတော့သည်။ လှိုဏ်းခေါင်းထဲမှ ထွက်ပေါ်လာခဲ့သည့် အနက်ရောင်မြူခိုးများအားလုံး ပျောက်ကွယ်သွားပြီး လှိုဏ်ခေါင်းကြီးအား အလုံပိတ်ပြီးသွားသောအခါမှ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး သက်ပြင်းချလိုက်တော့သည်။ သူသည် အလုံပိတ်ထားသော်လည်း အရောင်တောက်ပနေဆဲဖြစ်သည့် လှိုဏ်ခေါင်းကြီး၏ အပြင်ဘက်၌ရပ်ရင်း ၎င်းအား စိုက်ကြည့်နေ၏။ ထို့နောက် သူသည် တည်ကြည်မှုအပြည့်ဖြင့် အမိန့်များ ဆက်တိုက်ထုတ်ပြန်လိုက်ပြီး ဤလှိုဏ်ခေါင်းကြီးအား အဆက်မပြတ် ထိန်းချုပ်ထားနိုင်ရန်အလို့ငှာ ဤနေရာ၌ စခန်းတစ်ခုတည်ဆောက်ကာ ထိုစခန်းအား မြို့တော်အသစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်ရန် ညွှန်ကြားလိုက်၏။
ယခုလက်ရှိတွင် အင်္ဂါဂြိုဟ်မြို့တော်မှာ အသစ်ပေါ်လာသော နတ်ဘုရားလက်နက် လှိုဏ်ခေါင်းများအတွက် မူဝါဒတစ်ခုကို ချမှတ်ထားပြီဖြစ်သည်။ ၎င်းမှာ ဒုတိယအင်္ဂါဂြိုဟ်မြို့တော်ထဲတွင် မန္တန်အစီအရင်ကြီးကို အသုံးပြု၍ အကာအရံကြီးကို ဖျက်ဆီးမည်ဖြစ်ပြီး သားရဲကြီးများအား ချေမှုန်းနိုင်မည့် အခြေခံလိုအပ်ချက်များကို တည်ဆောက်မည်ဖြစ်သည်။ လှိုဏ်ခေါင်းအသစ်တစ်ခု ပေါ်ပေါက်လာတိုင်း ၎င်းအား ဖိနှိပ်ချုပ်တည်းကာ ထိုနေရာ၌ စခန်းတစ်ခု တည်ဆောက်ရမည်ဖြစ်သည်။
ထိုနည်းလမ်းမှာ တုံ့ပြန်မှုအပိုင်းတွင် အနည်းငယ်ခန့် နောက်ကျသည်ဟု ဆိုနိုင်ပါသော်လည်း အကာအရံကြီး မပျက်စီးခင်အထိ ဆောင်ရွက်နိုင်မည်ဆိုပါက နတ်ဘုရားလက်နက်လှိုဏ်ခေါင်းများကြောင့် ပေါ်ပေါက်လာသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်ပေးသည်။
ဝမ်ပေါင်လဲ့မှာ လှိုဏ်ခေါင်းကြီးအား တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီးနောက် ခေါင်းလှည့်လာပြီး မြို့တော်အသစ်ဘက်သို့ လှမ်း၍ကြည့်လိုက်၏။ သူ၏ မျက်ဝန်းများမှာ ပို၍ပင် အေးစက်လာပြီဖြစ်သည်။ သူ စတင်ရရှိလာခဲ့သည့် အချိန်မှစ၍ လှိုဏ်ခေါင်းကြီးအား အလုံပိတ်ပြီးသွားသည့် အချိန်အထိဆိုလျှင် နှစ်နာရီနီးပါး ကုန်ဆုံးသွားခဲ့၏။ သို့သော် အရာအားလုံး ပြီးဆုံးသွားသည့်တိုင်အောင် ချန်းမုနှင့်အပေါင်းအပါများမှာ ပေါ်မလာကြသေးပေ။ သို့ဖြစ်ရာ သူတို့မှာ ဒုတိယမြောက်အမိန့်ကိုလည်း လျစ်လျူရှုခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။
” အရှက်မရှိလိုက်တဲ့ကောင်တွေပဲ ” ဝမ်ပေါင်လဲ့မှာ ရေရွတ်လိုက်၏။ ကျင့်သိုမင်နှင့် ခုန်းတောက်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စကားတစ်ခွန်းမှ မပြောပေ။ သူတို့နှစ်ယောက်စလုံးမှာ ဝမ်ပေါင်လဲ့ဆီမှ ချုပ်တည်း၍ မရနိုင်လောက်အောင် ထွက်ပေါ်လာနေသည့် အေးစက်စက် အငွေ့အသက်ကြီးတစ်ခုကို အာရုံခံမိနေပြီဖြစ်သည်။
ဘေးနားတစ်ဝိုက်ရှိ လူများမှာလည်း ထိုအချက်အား ရိပ်မိသွားကြသဖြင့် သူတို့အားလုံးမှာ နှုတ်ဆိတ်နေကြ၏။ သို့ဖြစ်ရာ အလုံပိတ်လှိုဏ်ခေါင်း၏ ဘေးပတ်ပတ်လည်ရှိ နေရာကြီးတစ်ခုလုံးမှာ ချောက်ချားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေရတော့သည်။
လူတိုင်းမှာ ထိုကဲ့သို့ နှုတ်ဆိတ်နေကြစဉ် လီဝမ်အာမှာ စကားတစ်ခွန်းပြောရန် ပြင်လိုက်ပါသော်လည်း သူမကိုယ်သူမ ပြန်တားလိုက်၏။ လင်းတျန်ဟောက်မှာလည်း ထိုနည်းတူပင်။ သူ၏ အမြင်တွင် ချန်းမုနှင့် အပေါင်းအပါများဆီသို့ အပ်နှင်းထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာမှာ အရာရာတိုင်းကို ဖြေရှင်းနိုင်မည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် ရှေ့သို့သွားကာ ဝမ်ပေါင်လဲ့အား နားချရန် တွေးလိုက်၏။ ယခုလက်ရှိတွင် ထိုသုံးယောက်အား အပြစ်ရှာခြင်းမှာ အောင်မြင်နိုင်မည် မဟုတ်ပေ။ ထိုအနေအထားသို့ ရောက်သွားပါက ဝမ်ပေါင်လဲ့၏ ဩဇာအာဏာမှာလည်း ယိမ်းယိုင်သွားနိုင်ပေသည်။
သို့သော် သူ စကားမပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့၏ အေးစက်စက်အသံကြီးမှာ အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားတော့သည်။
” အားလုံးပဲ။ ငါနဲ့အတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေသုံးခုဆီကို လိုက်ခဲ့ကြ။ အဲ့ဘက်မှာရော လှိုဏ်ခေါင်းတွေ ပေါ်လာတာလားဆိုတာ ကြည့်ရအောင် ” ဝမ်ပေါင်လဲ့မှာ ထိုသို့အမိန့်ပေးလိုက်ပြီး မြို့တော်အသစ်ဆီသို့ ဦးတည်သွားတော့သည်။ လင်းတျန်ဟောက်မှာမူ ချီတုံချတုံဖြစ်သွားပြီး စကားတစ်ခွန်းမှ မပြောတော့ဘဲ အသက်ပြင်းပြင်းသာ ရှူလိုက်ပြီး သူ၏ နောက်မှလိုက်သွားတော့သည်။ တာအိုကျောင်းလေးကျောင်းမှာလည်း ဝမ်ပေါင်လဲ့ဘက်၌ ရှိနေကြသည်ဖြစ်သောကြောင့် သူ၏နောက်မှ လိုက်သွားကြ၏။
ကျင့်သိုမင်နှင့် ခုန်းတောက်တို့မှာလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ လိုက်သွားကြပြီး အခြားသူများမှာလည်း ထိုနည်းတူပင်။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့ ထိုသုံးယောက်နှင့် ထိပ်တိုက်တွေ့ဆုံမည်ဆိုပါက မည်သည့်ရလဒ် ထွက်ပေါ်လာနိုင်ကြောင်း သိချင်နေကြ၏။
” မြို့တော်သခင်ဝမ်။ ဒီလိုတွေ လုပ်စရာမလိုပါဘူး။ ကျမ ဒီကိစ္စကို ရှင်းပေးနိုင်ပါတယ်။ မြို့တော်သခင်ဘက်က…. ” လီဝမ်အာမှာ အခြေအနေများကို ရိပ်စားမိသောကြောင့် အလောတကောနှင့် ဝင်တားလိုက်ပါသော်လည်း စကားမဆုံနိုင်ခင်မှပင် သူမ၏ရှေ့၌ ရောက်နေသော ဝမ်ပေါင်လဲ့မှာ ခက်ထန်တင်းမာသော လေသံကြီးဖြင့် ကြားဖြတ်ပြောလိုက်တော့သည်။
” ပါးစပ်ပိတ်ထားစမ်း လီဝမ်အာ။ ကိုယ့်နေရာကိုယ်သိစမ်းပါ။ နင်က လက်ထောက်မြို့တော်သခင်အဆင့်ပဲ ရှိတာနော် ”
ထိုစကားသံများနှင့်အတူ ဝမ်ပေါင်လဲ့၏ အငွေ့အသက်များမှာလည်း ပို၍အားကောင်းလာ၏။ အခြေတည်ထိပ်ဆုံးအဆင့်၌ ရှိနေသော လီဝမ်အာနှင့် ယှဥ်နေရသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ အလျှော့ပေးခြင်းမရှိသလို လောက်သို့ပင် လှည့်မကြည့်ပေ။ သူသည် သူ၏ သင်္ဘောပျံကြီးကို ချက်ချင်းထုတ်ယူလိုက်ပြီး မြို့တော်အသစ်ဆီသို့ ဦးတည်သွားလိုက်တော့သည်။ သူ၏ ပန်းတိုင်မှာ ချန်းမုရှိနေသည့် နယ်မြေ ဖြစ်၏။
လီဝမ်အာမှာမူ ဆူပူကြိမ်းမောင်းခံလိုက်ရသောကြောင့် အံ့ဩမှင်တက်သွားရ၏။ ထို့နောက် သူမသည်လည်း ပါးစပ်ပိတ်သွားပြီး နောက်မှလိုက်သွားလိုက်တော့သည်။
ထိုလူအုပ်ကြီး ထွက်ခွာသွားသောအခါ လှိုဏ်ခေါင်း၏ ပတ်ပတ်လည်၌ အစောင့်တာဝန်ထမ်းဆောင်ရင်း သားရဲကြီးများ၏ ရုပ်အလောင်းများကို ရှင်းလင်းနေကြသော လူအချို့ ကျန်ရစ်ခဲ့၏။ ထိုစဉ်တွင် ထိုသားရဲကြီးများ၏ အသားစတစ်ခုမှာ မြေကြီးထဲသို့ တိတ်တဆိတ် ဝင်ရောက်ပျောက်ကွယ်သွားသည်ကို မည်သူကမှ သတိမထားမိလိုက်ကြပေ…