Switch Mode

အခန်း ( ၁၂၄ )

လူသားထိန်းချုပ်နည်း မဟာ မှော်ပညာရပ်

ပိုင်ရှောင်ချန်း၏ တိုက်ခိုက်မှုပြီးဆုံးသွားခဲ့သည်။ မြောက်ဘက်ခြမ်းဂိုဏ်းသားများက သူ့အား လမ်းဖယ်ပေးသောအခါ ခေါင်းခါလိုက်ကာ စိတ်ပျက်ဟန်ဖြင့် အဝေးသို့ စတင်၍ ဖြည်းညင်းစွာလျှောက်သွားလေသည်။

ဂိုဏ်းသားများ၏ မျက်ဝန်းများထဲတွင် ရောထွေးနေသောစိတ်ခံစားချက်များကို မြင်ရနိုင်ပြီး သူတို့က သူထွက်သွားသည်ကို ကြည့်နေကြသည်။ အကွာအဝေးတစ်ခုအရောက်တွင် သူက သက်ပြင်းချလိုက်ကာ အကျီလက်ကို ဝေ့ယမ်းလိုက်သည်။

“ဒါငါ့အမှားဘဲ..ငါ သိုသိုသိပ်သိပ်နေလိုက်သင့်တာ.. အယား ” ဟုပြောလိုက်သည်။ အတွင်းစိတ်ထဲတွင်မူ စိတ်လှုပ်ရှားနေကာ သူ့ကိုယ်သူအကျေနပ်ကြီးကျေနပ်လျက်ရှိသည်။ သို့သော်လည်း သူက စိတ်ပျက်နေဟန်နှင့် အထီးကျန်နေသည့်ပုံကို ဆက်လက်ထိန်းသိမ်းထားလေသည်။ သူက အလွန်တရာ အထီးကျန်နေသော လူတစ်ယောက်၏ ပုံရိပ်ကိုပြုလုပ်ထားသည်။

မြောက်ဘက်ခြမ်းမှ ဂိုဏ်းသားများမှာ မသဲမကွဲဖြစ်နေပြီး မည်သူကမျှ သူတို့မည်သို့ခံစားနေရသည်ကို သေချာမသိကြပေ။ ကုန်းစွန်းမောင်နှမ၊ ရွှီဆုန်နှင့် ပေဟန်လဲ့တို့က အလွယ်တကူ အရှုံးမပေးကြသော်လည်း သူတို့တွင်အားမရှိသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့က ပိုင်ရှောင်ချန်းကို အမှီလိုက်ရန် ကြိုးစားခဲ့ကြပြီး သူ့ထက်သာလွန်နေပြီဟု ယုံကြည်ခဲ့ကြသော်လည်း သူတို့သည်အဝေးတွင်နောက်ကျ ကျန်ခဲ့ကြောင်းတွေ့ရှိရသည်။ ထိုခံစားချက်က သူတို့အား စိတ်ဓာတ်ကျသွားစေသည်။

ရွှီဆုန်က သက်ပြင်းချလိုက်ကာ “ဖြစ်နိုင်ချေရှိသလောက် အခုနှစ်ကစပြီး နောက်နှစ်တွေမှာ သူ…ဒါမှမဟုတ်..ဝိညာဥ်စွယ်က အမွေဆက်ခံသူအဆင့်ထိ ရောက်သွားလိမ့်မယ်”

ကုန်းစွန်းမောင်နှမသည်လည်း ထိုကဲ့သို့တွေးမိနေလေသည်။

ကွဲပြားခြားနားစွာတုံ့ပြန်နေသည့် တစ်ဦးတည်းသောသူမှာ တုန်လှုပ်စွာရပ်နေကာ လက်သီးကိုတင်းကြပ်စွာဆုပ်ထားသော ပေဟန်လဲ့ဖြစ်သည်။ သူကအရှုံးမပေးပေ။ အရှုံးလဲမပေးနိုင်ပေ။ လက်ရွေးစင်ရွေးချယ်ပွဲမှ မှတ်ဉာဏ်များက သူ့အား မမြင်ရသောကြာပွတ်မှ အဆက်မပြတ်ရိုက်ထားသကဲ့သို့ ခံစားရစေသည်။

အံကိုကြိတ်လိုက်သည့်အခါ သူ့၏ပခုံးပေါ်သို့ လက်တစ်ဘက်ရောက်လာကာ နှစ်သိမ့်ပေးလေသည်။ ထိုလက်မှာ ဆည်းဆာတောင်မှ နံပါတ်တစ်လက်ရွေးစင် သူ၏အစ်ကိုကြီး ပေဟန်ဖိန်းမှလွဲ၍ မဖြစ်နိုင်ပေ။ သူက ထိုနေရာတွင် အချိန်ကြာမြင့်စွာ ရောက်ရှိနေပြီး သူ၏ စက္ကူကြိုးကြာရုပ် ကို ပိုင်ရှောင်ချန်းက စွန့်ပစ်ခဲ့သည်။

လွန်ခဲ့သောလက ပိုင်ရှောင်ချန်းလုပ်ခဲ့သည်များကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ပြီးနောက် ပေဟန်ဖိန်း က သူ့ကိုယ်သူပိုင်ရှောင်ချန်း၏ ပြိုင်ဘက်မဟုတ်မှန်းသိလေသည်။ ထို့အပြင် သူက ချီစုစည်းမှု အဆင့်တစ်ဆယ်သာ ရှိသေးသည်။

ပိုင်ရှောင်ချန်း၏ အပြင်အား နှင့် မဖော်ပြနိုင်သော အမြန်နှုန်း မှာ ကြောက်မက်ဖွယ်ကောင်းပြီး သူ့အား သစ်ကိုင်းခြောက်တစ်ခုကဲ့သို့ ကျိုးကြေသွားအောင် လုပ်နိုင်မှန်း သူသိလေသည်။

“အစ်ကိုကြီး…” ပေဟန်လဲ့ကပြောလိုက်လေသည်။

“အစ်ကို့ရဲ့ ဖုံးကွယ်ထားတဲ့ ပါရမီက ကျွန်တော့်ထက် သာလွန်တာပဲ..” ပေဟန်လဲ့က အားတက်သရောပြောလေသည်။

“မင်းရဲ့ ကျင့်ကြံခြင်းမှာ ကြိုးစားအားထုတ်လိုက်ပါ။ ခဏတာ ဆုတ်ယုတ်မှုက ဘာမှမဟုတ်ပါဘူး။ ဝါရင့်ဂိုဏ်းဝင်တွေထဲက အမွေဆက်ခံသူအဆင့်ရောက်သွားတဲ့ တချို့လူတွေဟာ သူတို့ ချီစုစည်းမှုအဆင့်မှာကော အခြေခိုင်မာခြင်းအဆင့်မှာကော ဘယ်သူမှ လက်မလျော့ဖူးဘူး။ သူတို့ဟာ မျိုးဆက်ရဲ့ အထူးချွန်ဆုံး လက်ရွေးစင်တွေဖြစ်ဖို့ နှစ်တွေအများကြီး သူတို့ကိုယ်သူတို့ ကြိုးစားပြင်ဆင်ခဲ့ကြတယ်” သူက ထိုစကားများကို သူ့၏ညီငယ်အားပြောကြားနေရသော်လည်း သူကိုယ်တိုင်အတွက်လည်း ထိုစကားမှာ အလွန်အဓိပ္ပါယ်ရှိနေလေသည်။

ပေဟန်လဲ့က အချိန်အတန်ကြာအောင် တိတ်ဆိတ်စွာရပ်နေပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။

“အနာဂတ်မှာ ပိုင်ရှောင်ချန်းကို ရန်မစနဲ့” ပေဟန်ဖိန်းက ညင်သာစွာပြောလေသည်။ “အတိတ်မှာ သူကဘယ်လောက်ဘဲ စက်ဆုပ်ဖို့ကောင်းခဲ့ ကောင်းခဲ့ အခုအချိန်မှာ သူဟာမြောက်ဘက်ခြမ်းရဲ့ လေးစားမှုတွေရခဲ့ပြီ။ ထပ်ပြီးတော့ ညီလေးက သူဘယ်လိုတွေလုပ်တယ်ဆိုတာကနေ သင်ယူနိုင်တယ်။ ဘယ်အချိန်မှာ ထိုးစစ်ချီပြီး ဘယ်အချိန်မှ တပ်ဆုတ်ရမယ်ဆိုတာကို သိပါ။ သူ့ရဲ့ အတွေးထဲမဝင်မိစေနဲ့။
အာရုံစိုက်ပြီး အပတ်တကုတ်ကြိုးစားပြီးနေပါ။ ဒီကောင်လေးက…..ကြောက်ဖို့ကောင်းတယ်”

ပေဟန်ဖိန်းတစ်ဦးတည်းသာ ထိုသို့တွေးမိသည်မဟုတ်။ ပိုင်ရှောင်ချန်းကို ရှုံးနိမ့်ခဲ့ရသော အတွင်းစည်းဂိုဏ်းသားနှစ်ထောင်တွင်လည်း အများစုမှာ ထိုကဲ့သို့တွေးနေကြလေသည်။

တစ်ခါတရံတွင် ပိုင်ရှောင်ချန်းက ချောမွေ့စွာ စကားပြောတတ်လေသည်။ မြောက်ဘက်ခြမ်းမှာ ပဏာမအနေဖြင့် သူ့အားတိုက်ခိုက်ရန် စိန်ခေါ်ခဲ့သော်လည်း သူက ဖြစ်ပျက်သမျှကို ရေးကြီးခွင်ကျယ်မလုပ်ခဲ့ပေ။

သူက မြောက်ပိုင်းဂိုဏ်း၏အကျိုးတစုံတရာကိုမှ မထိခိုက်စေလိုသောကြောင့် ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူနှင့်တိုက်ခိုက်ရန်စိန်ခေါ်ထားသော ဂိုဏ်းသားနှစ်ထောင်ကျော်ကိုလည်း ရှုံးနိမ့်ခြင်းကြောင့် သူတို့အရှက်မရစေလို၍ ယှဥ်ပြိုင်မတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စိန်ခေါ်ပွဲများကို ဆက်လက် လက်ခံခြင်းအပေါ် အလေးအနက်မထားတော့ပေ။ ထို့အပြင် သူက ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းဆောင်မှုရမှတ်များ စုဆောင်းမိသွားခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင် အကောင်းဆုံးအရာမှာ ကိစ္စများရိုးရှင်းစွာ ပြီးဆုံးသွားရန်နှင့် ကျန်ရှိနေသေးသော စိန်ခေါ်မှုများ နောက်နှစ်တစ်ဝက်တွင် ကုန်ဆုံးသွားခွင့်ပြုရန်ဖြစ်သည်။

ထိုအရာမှာ မြောက်ဘက်ခြမ်းသားများအား မျက်နှာသာအနည်းငယ်ပေးလိုက်ရုံမျှမက ဂိုဏ်းသားများ၏ သူ့အပေါ်ထားရှိသော အမုန်းတရားများ အနည်းငယ် လျော့ကျသွားစေနိုင်သည်။

မည်သူမျှ စကားမဟကြပေ။ မြောက်ဘက်ခြမ်းဂိုဏ်းသားများက တိတ်ဆိတ်စွာရပ်နေကြပြီး လူအများစုမှာ ဖြစ်ပျက်နေသည်များကို နားလည်ကြလေသည်။ သူတို့၏စိတ်ထဲတွင် သက်ပြင်းချလိုက်ကြကာ
သူတို့၏နှလုံးသားထဲတွင် ပိုင်ရှောင်ချန်းအား လေးစားစိတ်များ ဖူးပွင့်လာသည်။

တောင်ထိပ်သခင်လေးဦးက ထိုနေရာ၌ ရစ်ဝဲနေကြပြီး တည်ကြည်လေးနက်သော အမူအယာဖြင့် အောက်သို့ကြည့်နေကြလေသည်။

“ဒီပိုင်ရှောင်ချန်းက…လက်ရွေးစင်ပွဲမှာ တုန်းကထက် အမှန်တကယ်ကို စွမ်းအားကြီးလာတာဘဲ”

“ဝိညာဥ်စွယ်က အခြေခိုင်မာခြင်းအဆင့်အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့တစ်ကိုယ်တည်း ကျင့်ကြံနေတယ်။ သူတို့နှစ်ယောက်ထဲမှာ ဘယ်သူကပိုသန်မာလဲ ငါအရမ်းသိချင်တာပဲ ။ အခုချိန်ကစပြီး သူတို့ထဲကတစ်ယောက်ဟာ အမွေဆက်ခံအဆင့်ကို ဝင်ကောင်းဝင်နိုင်ပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ စွမ်းအားအကြီးဆုံးအထောက်အပံ့တစ်ခု ဖြစ်လာလိမ့်မယ်”

” အမွေဆက်ခံသူအဆင့်ကိုဝင်ဖို့ အရမ်းကို ခက်ခဲတယ်။ လုပ်ရမဲ့တစ်ခုအရာက နှစ်ခြောက်ဆယ်စက်ဝန်း နှစ်ကြိမ် အတွင်းမှာ ရွှေအမြုတေအဆင့်ကို ရောက်အောင်လှမ်းဖို့ဘဲ။ တကယ်လို့ ရွှေအမြုတေအဆင့်ရောက်တဲ့အချိန်က နှစ်ခြောက်ဆယ်စက်ဝန်း နှစ်ကြိမ် ထက်ကျော်လွန်သွားခဲ့ရင်တော့ အကြီးအကဲအဖြစ်ခန့်အပ်ခံရမယ်။ ပိုင်ရှောင်ချန်းကော ဝိညာဥ်စွယ်ကော ရှေ့ဆက်ဖို့ လမ်းတွေအရှည်ကြီး ရှိကြသေးတယ်။ သူတို့ထဲကတစ်ယောက်က အမွေဆက်ခံသူအဆင့်ကို ရောက်သွားခဲ့ပြီး တောင်ထိပ်သခင်ဖြစ်တဲ့ ငါတို့ကို ကျော်တက်သွားခဲ့ရင် သူတို့က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ စွမ်းအားတွေ ရှိတဲ့ လျှို့ဝှက်နယ်မြေကို ဝင်ရောက်နိုင်လိမ့် မယ်။ အဲ့ဒီမှာ ရှိတဲ့ အကြီးအကဲတွေရဲ့ အမွေ ဆက်ခံသူအဆင့် မှော်ပညာရပ်တွေတင်မက ကံကောင်းလို့ရှိရင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ခေါင်းဆောင်ကြီးတွေနဲ့တောင် တွေ့နိုင်တယ်။”

“ဒီနေ့အထိ အမွေဆက်ခံသူအဆင့်ထဲဝင်တဲ့သူ အယောက်နှစ်ဆယ်ပဲ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေထဲဝင်နိုင်တာ။ သူတို့က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ စစ်မှန်ပြီး ဖျက်ဆီးလို့မရနိုင်တဲ့ အမွေဆက်ခံသူမျိုးစိတ်တွေပဲ။ ငါတို့က တောင်ကိုကာကွယ်ဖို့ကလွဲပြီးရင် တခြားဘာအခွင့်အရေးမှ မရှိဘူး..။ လီချင်းဟောက်တစ်ယောက်သာ အမှန်တကယ်အခွင့်အရေးရှိတာ..”

တောင်ထိပ်သခင်လေးဦးမှာ အကြည့်ချင်းဖလှယ်ကာ သက်ပြင်းချလိုက်ပြီး လီချင်းဟောက်နှင့် ပိုင်ရှောင်ချန်း၏ ဆက်ဆံရေးကို ပြန်လည်တွေးတောမိသွားကြသည်။

နောက်ဆုံးတွင် လူအုပ်ကြီးမှာ လူစုခွဲသွားလေသည်။ နောက်ရက်များတွင် မြောက်ဘက်ခြမ်းက ငြိမ်သက်သွားကာ အပြင်စည်းဂိုဏ်းသားများကော အတွင်းစည်းဂိုဏ်းသားများပါ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ဂိုဏ်းသားများ၏နှလုံးသားမှာ စိမ့်ဝင်နေသော ကြောက်ရွံ့မှုက
ကျင့်ကြံခြင်းမှာ လုံ့လစိုက်ထုတ်ခြင်းအားဖြင့် သိသာထင်ရှားလာခဲ့သည်။

ဖြစ်နိုင်ချေရှိသည်မှာ သူတို့က ပိုင်ရှောင်ချန်းအား စစ်မှန်သောရန်သူအဖြစ်မရှုမြင်တော့ဘဲ သူ့အားကျော်တက်ရန်လိုသော ပြိုင်ဘက်တစ်ဦးကဲ့သို့ ရှုမြင်လာကြသည်။ တောင်ထိပ်သခင်လေးဦးက ပိုင်ရှောင်ချန်း၏ ပြင်းပြင်းထန်ထန်တိုးတက်လာသော ကျင့်ကြံမှုအပေါ် များစွာကျေနပ်လျက်ရှိသည်။

အချိန်များမှာ ကုန်ဆုံးသွားခဲ့သည်။ နှစ်တစ်ဝက်အကြာတွင်..

ပိုင်ရှောင်ချန်းက သားရဲမွေးမြူရေးခြံ ထဲတွင်ကျန်ရှိနေသေးပြီး ယခင်ကကဲ့သို့ပင်နေလျက်ရှိသည်။ နေ့ရက်တိုင်း သူက နဂါးလိုဆင်လို အဏ္ဏဝါကျမ်းကို ကျင့်ကြံနေသည်။ သားရဲမွေးမြူရေးခြံ ထဲတွင်လည်း သားရဲများကို ဂရုတစိုက်လေ့လာခြင်းဖြင့် သူ၏အချိန်များကို အသုံးပြုလျက်ရှိသည်။

သူက သားရဲအားလုံး သိမ်မွေ့သောသားရဲဖြစ်စေ၊ ကြမ်းတမ်းသောသားရဲဖြစ်စေ ဂရုတစိုက်ရှိရန် ကြိုးစားလျက်ရှိသည်။ ရလာဒ်အနေဖြင့် သားရဲများကသူ့အား ပို၍ နှစ်သက်လာကြလေသည်။ ထို့ပြင် တောနက်ထဲတွင်ပို၍ အချိန်ကုန်ခံ စူးစမ်းရှာဖွေလာသည်နှင့်အမျှ တောနက်နှင့် ပတ်သက်၍ ရင်းနှီးကျွမ်းဝင်မှုများပိုလာလျက်ရှိသည်။
ထိုအရာက တောနက်ထဲတစ်နေရာရှိ မဟူရာ ဂူအတွက် ကျန်းသေပေါက် မှန်ပေလိမ့်မည်။ အကန့်အသတ်မရှိသော အနက်ရောင်အခိုးအငွေ့စီးကြောင်းများက ထိုဂူနားတွင် ရစ်သိုင်းနေပြီး ထိုနေရာမှာ မြောက်ဘက်ခြမ်း၏ အကျော်ကြားဆုံး ရှေးဟောင်းသားရဲချောက်နက်ဖြစ်လေသည်။

ထိုဂူက သောကကင်းဝေး ကိုးသွယ်မြေအောက်ကမ္ဘာ သို့ ဦးတည်လျက်ရှိပြီး ထူးဆန်းသော လျှို့ဝှက်နယ်မြေနှင့်လည်း ချိတ်ဆက်ထားလျက်ရှိသည်။ မရေမတွက်နိုင်သောနှစ်များတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်များ ပိတ်လှောင်ထားသော ရက်စက်ကြမ်းကြုတ်သည့်သားရဲများက ဂူထဲတွင်နေထိုင်ကြလေသည်။ သူတို့က ယခုတွင် ဂိုဏ်း၏သီးသန့်အင်အားတစ်ခု ဖြစ်လာပြီး မြောက်ဘက်ခြမ်းဂိုဏ်းသားများ သားရဲထိန်းချုပ်ခြင်း၊ မှော်ပညာရပ်များလေ့လာခြင်း၏ အဓိကအကြောင်းအရင်းလည်း ဖြစ်လာသည်။

သို့သော် လျှို့ဝှက်နယ်မြေမှာ ထူးဆန်းသော ဇစ်မြစ်ရှိသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏နှစ်ပေါင်း တစ်သောင်းသမိုင်းကြောင်းတစ်လျှောက်တွင် လျှို့ဝှက်နယ်မြေမှနေရာအနည်းငယ်ကိုသာ လေ့လာထားနိုင်ခဲ့သည်။ နှစ်ရာကျော်ရှိလာတိုင်း အချုပ်အနှောင်စွမ်းအားများမှာ အားပျော့လာခဲ့၏။ ထို့အတွက် ပြင်ဆင်ရန် ဂိုဏ်းမှ ကုန်ကျစရိတ်များ သိသိသာသာ စိုက်ထုတ်ရသည်။ သို့တိုင် လျှို့ဝှက်နယ်မြေ၏ အဖိုးတန်ရတနာများက မြောက်ဘက်ခြမ်း၏ အရေးအပါဆုံး နေရာတစ်ခုဖြစ်နေခဲ့သည်။

အားလုံးထဲတွင် ထပ်ပေါင်းအနေဖြင့် ရှေးဟာင်းသားရဲချောက်နက်မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မြင့်မြတ်သောသားရဲအစောင့်အရှောင် ကောင်းကင်မှင်ရည်ဦးချို နဂါးကြီး နေထိုင်ရာလည်းဖြစ်သည်။ အမှန်တကယ်တွင် ထိုနဂါးကြီးက သူ့ကိုယ်သူ ပိတ်လှောင်ထားခြင်းဖြစ်လေသည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ စွမ်းအားအကြီးဆုံးလက်နက်ဖြစ်သည့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဆယ်ဆင့်အထိပြုလုပ်ထားသော ကောင်းကင်ချိုဓားမှာ ထိုကောင်းကင်မှင်ရည်ဦးချိုနဂါး၏ ဦးချိုရှိအစိတ်အပိုင်းအနည်းငယ်မှ ထုလုပ်ထားခြင်းဖြစ်သည်။

ကောင်းကင်မှင်ရည်ဦးချိုနဂါး ကြီး၏ ကျင့်ကြံခြင်းအခြေခံမှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းပြီး ကျိန်းယွမ်သုန်ပင် ဝါရင့်ဆရာကြီးဟု ခေါ်ရလေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက အောက်ပိုင်းဒေသတဝိုက်ရှိ မြစ်ဝကျွန်းပေါ်ဒေသများကို တိုက်ခိုက်စဥ်ကာလတွင် ကောင်းကင်မှင်ရည်ဦးချိုနဂါးကြီးသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီး ၏နောက်လိုက်အနေဖြင့်ရှိခဲ့ကာ သူမည်မျှဂိုဏ်းအပေါ်အကျိုးပြုခဲ့လဲဆိုသည်ကို ဖော်ပြ၍ပင် မရခဲ့ချေ။

တစ်နေ့တွင် ပိုင်ရှောင်ချန်းက ရှေးဟောင်း သားရဲချောက်နက်ထဲသို့ ဦးတည်နေသော ရေတံခွန်၏အစွန်းနားတွင်ရပ်လိုက်သည်။ သူက ထိုနေရာသို့ အကြိမ်အနည်းငယ်ရောက်ခဲ့ဖူးပြီး ထိုနေရာ၏သမိုင်းကြောင်းနှင့် ကောင်းကင်မှင်ရည်ဦးချိုနဂါးကြီးအကြောင်းကို ဖတ်ခဲ့သည်။

သူက လုပ်နေရကျအတိုင်း ရေတံခွန်ထဲသို့ ဆေးလုံးတစ်လုံးပစ်ချလိုက်ပြီး ချောင်းဟန့်လိုက်သည်။

” ဝါရင့်ကောင်းကင်ချို ” သူက ခေါ်လိုက်ကာ ” ကျွန်တော်ပါ… မျိုးဆက်သစ်က ပိုင်ရှောင်ချန်းပါ။ ကျွန်တော် ဒီမှာ မြေမီးတောက်ကို သုံးချင်ပါတယ်ဗျာ..။ အမ်…စျေးကအရင်လို ပုံမှန်အတိုင်းပဲ..ဟုတ်တယ်မလား။ ကျွန်တော်လုပ်နေကျအတိုင်း ဆေးလုံးပဲပေးမယ်နော်” သူက တုံ့ပြန်မှုကိုပင်မစောင့်ပဲ သိပ်မဝေးသည့်နေရာတွင်ရှိသော သူကိုယ်တိုင်တူးထားသည့် ဂူဆီသို့ လျင်လျင်မြန်မြန်သွားလိုက်သည်။

သားရဲမွေးမြူရေးခြံရှိ တောတွင်းနှင့် ရင်းနှီးကျွမ်းဝင်လာပြီးနောက် သူက ထိုနေရာတွင် မြေမီးတောက်ကြော ရှိသည့်အကြောင်းချက်ချင်း သတိထားမိလိုက်သည်။ ထိုဂူလေးကို သူကတူးဖော်လိုက်ကာ မြေမီးတောက်ကြောနှင့် ချိတ်ဆက်လိုက်ထားသည်။ ထိုဂူလေးမှာ မြောက်ဘက်ခြမ်းတွင် သူ၏ဆေးဖော်စပ်ရာအခန်း ဖြစ်လာသည်။ သားရဲများအတွက် ဖော်စပ်သည့်ဆေးလုံးများကိုလည်း ထိုဂူတွင်ဖော်စပ်ခဲ့သည်။

သို့သော် ကျောက်စိမ်းပေလွှာတွင် ထိုနေရာ၏အကြောင်းကို ဖတ်ပြီးနောက်တွင် သူက ဘေးကင်းစွာသာလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုကြောင့် ထိုဂူလေးကိုအသုံးပြုရန်လိုလာသည့်အချိန်တိုင်း ငှားခအဖြစ် စိတ်စွမ်းအင်ဆေးလုံးတချို့ကို ရေတံခွန်ထဲသို့ ပစ်ချလေသည်။

သူ ဆေးလုံးများပစ်ချလိုက်သော်လည်း နှုတ်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ မည်သည့်အခါမျှ တုံ့ပြန်မှုမရခဲ့ပေ။ ထို့ကြောင့် ကျင့်သားရနေသည့်အတိုင်း ဆက်၍လုပ်ကိုင်လိုက်သည်။

တစ်လကြာပြီးနောက်တွင် ပိုင်ရှောင်ချန်းက မျက်လုံးများတောက်ပလျက် စိတ်လှုပ်ရှားပျော်ရွှင်သောအမူအယာဖြင့် ဂူလေးထဲမှထွက်လာသည်။

သူ၏ဆေးဖော်စပ်ခြင်းအမှုမှာ ချောချောမွေ့မွေ့ဖြင့် ပြီးမြောက်သွားပြီဖြစ်သည်။ ယခုအနည်းဆုံးပြောရလျှင်ပင် ထိပ်တန်းအဆင့်ရှိသော အဆင့်သုံးစိတ်စွမ်းအင်ဆေးလုံးကို သူရရှိခဲ့သည်။ထို့အပြင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ နှေးကွေးစွာသွားနေခြင်းမရှိတော့ဘဲ ချီစုစည်းမှုအဆင့်ကိုး၏ကြီးမားသော စက်ဝန်းသို့ တဟုန်ထိုးတက်နေလျက်ရှိသည်။

“ဟားဟားဟား..ငါချီစုစည်းမှုအဆင့်တစ်ဆယ်ရောက်ဖို့ သိပ်မလိုတော့ဘူးကွ..။ ပြီးရင် အခြေခိုင်မာခြင်းအဆင့်ကို ရောက်အောင် အသင့်ပြင်ထားလို့ရပြီ…။” လွန်ခဲ့သောနှစ်တစ်ဝက်အတွင်း သူ၏ ထာဝရငွေအရေပြားမှာ ပို၍သန့်စင်လာသည်။

သူ၏ကျင့်ကြံခြင်းအခြေခံမှာ ယခင်ကထက် တမူထူးခြားလာသည့်အတွက် ခရမ်းရောင်ချီဒယ်စောက်အိုး ဆင့်ခေါ်နည်းကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ ဒယ်စောက်အိုးတချို့ပေါ်လာရာ သူ ပျော်ရွှင်နေသည်။ ယခုတွင် သူက ထုတ်လွှတ်တိုက်ခိုက်ခြင်းနှင့် ပြန်လည်ဆင့်ခေါ်သော အံ့ဖွယ်စွမ်းရည်များကို အလွန်ကျွမ်းကျင်နေပြီဖြစ်သည်။

သူပျော်ရွှင်နေဆဲမှာပင် ယခင်ကသုံးခဲ့ဖူးသော သူကိုယ်တိုင်ဖန်တီးထားသည့် မှော်ပညာရပ်တစ်ခုကို တွေးမိသွားလေသည်။

“လူသားထိန်းချုပ်နည်း မဟာမှော်ပညာ…” လော့ချိန်မျိုးနွယ်စုနှင့် တိုက်ခိုက်ခဲ့ရစဥ် ချိန်ဟုန်အပေါ်မရည်ရွယ်ပဲ သုံးခဲ့သော မှော်ပညာရပ်ဖြစ်ပြီး ထိုပညာသည် သူ့အား လေးနက်စွာစွဲမှတ်သွားစေသည်။ အချိန်တိုင်း ထိုပညာရပ်ကို ပြီးပြည့်စုံစေလိုသော စိတ်ဆန္ဒများကြီးထွားလာသည်။

သူ့ထံတွင် အစမ်းသပ်ခံ ကျင့်ကြံသူများမရှိသော်လည်း သားရဲမွေးမြူရေးခြံ ထဲတွင် သားရဲပေါင်းများစွာရှိလေသည်။ အနည်းငယ်စဥ်းစားပြီးနောက် စိတ်လှုပ်ရှားမှုကြီးထွားလာကာ လူသားထိန်းချုပ်နည်း မဟာမှော်ပညာရပ် ကိုစမ်းသပ်လေ့ကျင့်ရန်အတွက် သားရဲတချို့ဖမ်းရန်ပြေးထွက်သွားလိုက်သည်။

နောက်ရက်များတွင် တောနက်ထဲ၌ ပရမ်းပတာဖြစ်လျက်ရှိသည်။ ပိုင်ရှောင်ချန်းက မကြာသေးမီတွင် သူ၏လူသားထိန်းချုပ်နည်း မဟာမှော်ပညာရပ်သည် အလွန်အဆင့်မြင့်သူများ သို့မဟုတ် ကျင့်ကြံခြင်းအခြေခံ မြင့်သူများအပေါ် အလုပ်မဖြစ်ကြောင်းတွေ့ရှိသွားလေသည်။ ချီစုစည်းမှုအဆင့်ငါးနှင့်အောက်တွင်ရှိသော သားရဲငယ်များအပေါ်သို့ အလုပ်လုပ်လေသည်။ သို့သော် အနည်းငယ်သာ အောင်မြင်စွာလုပ်နိုင်ခဲ့သည်။

စိတ်ဓာတ်ကျမှုကိုအနည်းငယ်ခံစားရသော်လည်း ရှုံးနိမ့်မှုကို သူလက်မခံနိုင်ပေ။ ထို့ကြောင့် သူ၏လူသားထိန်းချုပ်နည်း မဟာမှော်ပညာရပ် အကြောင်းကို ပို၍တွေးလိုက်သည်။ နောက်ဆုံးတွင် သူက စိတ်စွမ်းအင်ကိုသုံး၍ ပြိုင်ဘက်၏ ခန္ဓာကိုယ်နှင့် စိတ်ကို ထိန်းချုပ်သည့်နည်းလမ်းတွင် တစ်ခုခုလွဲချော်နေကြောင်း ကောက်ချက်ချသုံးသပ်နိုင်သွားသည်။

အကယ်၍သူက မည်သည့်အရာလွဲချော်နေကြောင်း ရှာဖွေနိုင်ခဲ့လျှင် အလုပ်ဖြစ်နိုင်ပေလိမ့်မည်။

ပိုင်ရှောင်ချန်းက သူ၏ လူသားထိန်းချုပ်နည်း မဟာမှော်ပညာကို လေ့ကျင့်နေစဥ် ရှေးဟောင်းသားရဲချောက်နက်၏အနက်ရှိုင်းဆုံးထဲမှ အပြာရောင်မျက်လုံးတစ်စုံပွင့်လာလေသည်။ ထိုမျက်လုံးအစုံမှာ ပိုင်ရှောင်ချန်းအား ရှေးဟောင်းသားရဲချောက်နက်အတွင်းမှ ငေးကြည့်နေပြီး ထိုမျက်လုံးတစ်စုံ၏အနက်ရှိုင်းဆုံးတွင် ထူးဆန်းစွာ တလက်လက်တောက်ပနေသည်ကို တွေ့မြင်နိုင်သည်။

ရုတ်တရက် အလွန်လေးနက်ပြီး ရှေးကျသော အသံဖြင့် တီးတိုးရေရွတ်လိုက်သည်။ “လူသားထိန်းချုပ်နည်း….လွန်ခဲ့တဲ့နှစ်တွေတုန်းက ခေါင်းဆောင်ကြီးဟန်ဇောင် မှာလည်း တူညီတဲ့ အတွေးမျိုးရှိခဲ့ဖူးတယ်..”


Comment

Leave a Reply

Options

not work with dark mode
Reset