“တကယ်ကို အရှက်မရှိတာပဲ။ ကမ္ဘာမှာ သူ့လို အရှက်မရှိတဲ့သူမျိုး ရှိတယ်ဆိုတာ ငါမယုံနိုင်ဘူး။”
“ဘုရားသခင်၊ ငါ့ဘဝမှာ ဒီလိုအရှက်မဲ့တဲ့ ယောင်္ကျား မျိုး တစ်ခါမှမတွေ့ဖူးဘူး။ ငါသည်းမခံနိုင်တော့ဘူး။ မနေနိုင်တော့ဘူး။ ငါပြောမယ်။ ငါသူ့ကို သေအောင် လည်ပင်းသာ သွားပြီး ညှစ်ချင်တော့တယ်။”
“ထွက်သွား။ ဒီလူယုတ်မာ ပိုင်ရှောင်ချန်းရဲ့ အရှက် မရှိတာတွေက မယုံနိုင်စရာပဲ”
လူတိုင်းသည် ရူးသွပ်လုနီးပါးဖြစ်ကာ အဆုတ်များ ပေါက်ထွက်မတတ် အော်ဟစ်ကြလေသည်။ မျက်လုံး များ ကလည်း ရဲရဲနီနေကြသည်။ လျှိုတပြောင်သည် အရှုံးပေးပြီးနောက်တွင် ပြန်ပေါ်လာကာ သူ့ခြေထောက် များမှာ ဒယီးဒယိုင်ဖြစ်နေပြီး မျက်နှာတွင် မျက်ရည် များစီးကျလျက်ရှိပေ၏။လူတိုင်းသည် သူ့အား သနား သွားကြသည်။
“ဒါအရမ်းများသွားပြီ။ အတွင်းစည်းဂိုဏ်းသားရဲ့ စိန်ခေါ်တာကို လက်ခံမယ့်အစား အပြင်စည်းဂိုဏ်းသား ကိုတိုက်ခိုက်တာလား။ အားနည်းနေတဲ့သူကို သူ ရွေးချင်တယ်ဆိုရင်၊ ရတယ်။ ဒါပေမယ့် အဲ့ဒီလောက်အားနည်းတဲ့ သူကို ရွေးမှရမှာလား။”
“ ဟေး၊ငါ၊ ချန်းအော်နဲ့လာတိုက်ပါ။ ပထမနေ့မှာ ငါမင်းကိုစိန်ခေါ်တယ်။ လာစမ်းပါ။ ငါတိုက်ရဲတယ်။ယား ” အတွင်းစည်း ဂိုဏ်းသားများသည် အရူးတစ်ပိုင်း ဖြစ်နေကြကာ ပိုင်ရှောင်ချန်းအပေါ်တွင် ဒေါသထွက် နေကြသည်မှာ ကောင်းကင်နှင့် မြေကြီးပင်လျှင် လှုပ်ခတ်သွားနိုင်လေ၏။ ကုန်းစွန်းမောင်နှမနှင့် ရွှီဆုန်တို့သည် ခပ်လှမ်းလှမ်းနေရာမှ တရားစီရင်ရာစင်မြင့်ထံသို့ အမြန်ပြေးလာလေသည်။ မည်သို့ဖြစ်ပျက်ခဲ့သည်ကို သိပြီးနောက်တွင် သူတို့ လှုပ်ရှားလာကြကာ ဒေါသလည်း ထွက်လာကြလေ သည်။
အထူးသဖြင့် သူ့ခေါင်းကို နောက်လှန်ကာ အော်ဟစ်လိုက်သည့် ပေဟန်လဲ့ဖြစ်သည်။
“ပိုင်ရှောင်ချန်း၊ တိုက်ခိုက်ဖို့အတွက် ငါမင်းကိုစိန်ခေါ်တယ်။”
သူ့စကားလုံးများက အရာရာတိုင်းကို မိုးချုန်းသံတမျှ လှုတ်ခတ်သွားစေကာ မြောက်ဘက်ခြမ်း၏ တောင်၄ခုလုံးသို့ ပျံ့နှံ့သွားလေသည်။ မရေမတွက်နိုင်သော အပြင်စည်းနှင့် အတွင်းစည်းဂိုဏ်းသားများအားလုံးသည် ချောက်ချားသွားရသည်။ မျက်လုံးများပြူးသွားကြကာ တရားစီရင်ရာ စင်မြင့်ဆီသို့ပြေးကြတော့သည်။
များပြားလှသော လူများသည် တိုက်ခိုက်ချင်သည်ဟု အော်ဟစ်လျက်ရှိကြရာ စက္ကူကြိုးကြာရုပ်ပေါင်း ရာချီ၍ ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းလာကြရာ ဖုံးလွှမ်းလုမတတ် ဖြစ်သွားသည်။
ထိုသည်ကား အရင်က မြောက်ဘက်ခြမ်းတွင် တစ်ခါမှ ဖြစ်ပွားခဲ့ဖူးသော ဖြစ်ရပ်မဟုတ်ချေ။ ဂိုဏ်းသားများသည် ရူးသွပ်လုနီးပါးဖြစ်နေကြကာ တောင်ထိပ် သခင်၄ယောက်ပင်လျှင် သက်ပြင်းသာ ရှိုက်နိုင်ကြ တော့သည်။ အကြီးအကဲများ အုပ်စုလိုက် ရောက်လာကြပြီး လေတွင်ဝဲပျံကာ အောက်မှဖြစ်ရပ် အား ငုံ့ကြည့်ကြလေ၏။
အခြေအနေကို သူတို့ မည်သည့်နည်းဖြင့် စိစစ်သည် ဖြစ်စေ အရေးမကြီးသော်လည်း ပိုင်ရှောင်ချန်းသည် ဂိုဏ်းစည်းမျဥ်းများအား ချိုးဖောက်ခဲ့သည်ဟု မည်သည့် နည်းလမ်းနှင့်မျှ မတွေးဆနိုင်ပေ။ ယန်ဝေ့တောင်မှ အဘွားအိုကြီးက ပိုင်ရှောင်ချန်းလုပ်ခဲ့သမျှ အရာအားလုံး သည် အမိန့်အားလုံးနှင့် ကိုက်ညီသည်ကိုသိလျက် မျက်လုံးပြူးကြီးဖြင့် သူ့အား ငုံ့ကြည့်နေ၏။
ကြိုးကြာရုပ်များနှင့် လူတိုင်းသည် ဒေါသတကြီး ဖြစ်နေကြပုံများအားမြင်ကာ ပိုင်ရှောင်ချန်း ရူးကြောင်ကြောင်ဖြစ်သွားရသည်။ ထိုကဲ့သို့ဖြစ်လာရန် ဘာမှမလုပ်ခဲ့သလို သူမှန်သည်ဟု အခိုင်အမာ ယုံကြည်ထား၏။ သူသည် ဂိုဏ်းစည်းကမ်းတစ်ခုကိုမျှ မချိုး ဖောက်ခဲ့ချေ။ တစ်ဦးတစ်ယောက်ကိုမျှ သူစိန်မခေါ်ပေ။ သူတို့သည် သူ့အား စိန်ခေါ်နေကြဆဲပင်။
သူလုပ်ခဲ့သောအရာမှာ စိန်ခေါ်မှုကို လက်ခံခဲ့ခြင်းသာဖြစ်သည်။
လူတိုင်းသည် အော်ဟစ် စိန်ခေါ်နေသည်ကို ကြားရ ပြီး သူ့မျက်လုံးများက စူးရဲလာကာ အော်ဟစ်လိုက်ပေ၏။ “မင်းတို့ နိုင်ထက်စီးနင်းလုပ်တဲ့ ကောင်တွေ။ ကောင်းပြီ။ကောင်းပြီ။ မင်းတို့က ငါ့ကို ဖိအားပေးနေတာပဲ။ ”
အမျက်ဒေါသ ချောင်းချောင်း ထွက်နေသော အကြည့်ဖြင့် သူက လူအုပ်ကြီးကို သိမ်းကျုံးကြည့်လိုက် သည်။ သူ့လက်အား ဝှေ့ရမ်းလိုက်သောအခါ ရေများ စီးကျနေသကဲ့သို့ အသံကြားရ ပြီး ၅၀၀၀ထက်ပိုသော စက္ကူကြိုးကြာများက သူကိုင်ထားသော အိတ်အတွင်းမှ ထွက်လာကြသည်။ ထိုကြိုးကြာများအားလုံးသည် သူ မကြာသေးခင်ကမှ စုဆောင်းထားခဲ့ခြင်းဖြစ်ကာ ကြိုးကြာ ၁ထောင်သည် ယခုမနက်ကမှ ရောက်လာခဲ့ခြင်း ဖြစ်သည်။
လူအုပ်ကြီးသည် ချက်ချင်း တိတ်ဆိတ်သွားလေ၏။ အတွင်းစည်းဂိုဏ်းသားများ အားလုံးသည် သူတို့၏ လက်ဆစ်များအား ချိုးလိုက်ကာ မည်သည့် အချိန် တွင်မဆို တိုက်ခိုက်ရန် အသင့်ဖြစ်နေတော့သည်။
အပြင်စည်းဂိုဏ်းသားများကမူ ဒေါသဖြင့် တောက် လောင်နေပေ၏။ သို့ရာတွင် သူတို့ထဲမှ စိတ်
လိုက်မာန်ပါ ပြုလုပ်ခဲ့ကြသော လူတစ်ထောင်ခန့်သို့မဟုတ် လျှိုတပြောင်နှင့်အတူ စိန်ခေါ် ခဲ့ကြသူများမှာ အနည်းငယ်ထိတ်လန့်နေကြသည်။
ပိုင်ရှောင်ချန်း၏ နှလုံးသားက ဒေါသကြောင့် တဆတ်ဆတ်ခုန်နေကာ စက္ကူကြိုးကြာရုပ်များအား ကြည့်လိုက်ပြီးနောက် ချီစုစည်း မှုအဆင့်၅ အပြင်စည်းဂိုဏ်းသားတစ်ယောက်ထံမှ တစ်ခုအားရွေးချယ်လိုက်သည်။
“မင်း” သူကဟိတ်ကြီးဟန်ကြီး နှင့်ပြောလိုက်သည်။ “ငါမင်းရဲ့ စိန်ခေါ်မှုကို လက်ခံတယ်။”
သူ့အသံက ပဲ့တင်ထပ်သွားသကဲ့သို့ လူအုပ်ထဲရှိ အပြင်စည်းဂိုဏ်းသားများထဲမှ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်သည် စိန်ခေါ်ပွဲစင်ပေါ်သို့ တည်နေရာရွှေ့ပြောင်းသွားလေသည်။ သူသည် တုန်လှုပ်စွာ ဖြင့် မျက်ရည်များ လျှံထွက်လာကာ မျက်လုံးထောင့်မှ စီးကျလာပေ၏။ သူက နောက်ဘက် အစွန်အဖျားဆီသို့ ဆုတ်သွားကာ
“ငါ…ငါအရှုံးပေးပါတယ် ”
ပရိသတ်သည် အံ့သြတကြီးဖြစ်သွားရကာ အချို့ သည် ပိုင်ရှောင်ချန်း၏အရှက်ကင်းမဲ့မှုကို လျှော့တွက်ခဲ့ကြမှန်း သဘောပေါက်သွားကြပြီး ပို၍ အဆိုးမြင်လာကြသည်။
“အား……..ငါ သူ့ကိုသတ်ချင်လာပြီ။ ပိုင်ရှောင်ချန်း ၊ဒီတစ်ခါ မင်းမလွတ်နိုင်တော့ပါဘူး။ ဒီမှာရှိတဲ့ လူတိုင်းနဲ့ မင်းမတိုက်ခိုက်ဘဲနဲ့တော့…ဒီကိစ္စ ကဘယ်တော့မှပြီးမှာမဟုတ်ဘူး။”
“ဒီလောက်ထိ အရှက်မရှိလွန်းတာ.. ငါ… ငါ ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး”
“ဘုရားသခင်… ကောင်းကင်ကနေ အင်မော်တယ် မိုးကြိုးတွေ ကျဆင်းလာပြီးတော့ သူ့ကိုသေအောင် ပစ်ခတ်သွားစေဖို့ ဆုတောင်းပါတယ်”
ဤသည်က ပိုင်ရှောင်ချန်းအား ပို၍ဒေါသဖြစ်သွားစေတော့သည်။ စိတ်အနှောင့်အယှက်ပေးလွန်းသော လူအုပ်ကြီးအား လှည့်ပတ်ကြည့်ကာ သူကပြောလိုက် သည်။
“ငါ၊ပိုင်ရှောင်ချန်း တောင်ဘက်ခြမ်းကနေ ဒီနေရာကို တစ်ယောက်တည်း ခက်ခက်ခဲခဲ လာခဲ့ရတာ။ ငါဘယ်သူ့ကိုမှ ဒုက္ခမပေးချင်လို့ အမြီးကုပ်ပြီး နေနေခဲ့တာ။ ဒါပေမယ့် မင်းတို့က ငါ့ကိုဖိအားတွေပေးနေတယ်။ ကဲ၊ကောင်းပြီ။ အခုတော့ အမောက်ထောင်ပြရတော့မှာပေါ့”
မျက်လုံးများက နီတောက်လာကာ အံကြိတ်လျက် ချီစုစည်းမှုအဆင့်၅ ဂိုဏ်းသားတစ်ယောက်ထံမှ စက္ကူကြိုးကြာရုပ်အား ဆွဲထုတ်ယူလိုက်သည်။
ခဏမျှကြာ ပြီးနောက် အပြင်စည်းဂိုဏ်းသားတစ်ယောက်သည်ပိုင်ရှောင်ချန်းရှေ့တွင်ပေါ်လာကာ သူက ကြောက်ကြောက်လန့်လန့်ဖြင့် စင်ထောင့်တွင် လဲကျ သွားတော့သည်။ အရှုံးပေးကြောင်း သူက ရုတ်တရက် အော်ဟစ်လိုက်သည်။ ပိုင်ရှောင်ချန်းသည် အေးစက်စက် ချောင်းဟန့်သံတစ်ချက် ထုတ်လိုက်ပြီး အခြားစက္ကူ ကြိုးကြာရုပ်ကို ဆွဲယူလေ၏။
လူအုပ်ကြီး၏ဒေါသ တိုးလာသည်နှင့်အမျှ ပိုင်ရှောင်ချန်း သည် အပြင်စည်းဂိုဏ်းသားများ၏ စက္ကူကြိုးကြာရုပ်များကို တစ်ခုပြီးတစ်ခု ထုတ်ယူလေသည်။ တစ်ယောက်စီတိုင်းသည် သူတို့၏ခြေထောက်များ ပျော့ခွေလာကဲ့သို့ခံစားရ လောက်အောင် အလွန်ကြောက်လန့်ကြလေ၏။ သို့ရာတွင် စိန်ခေါ်မှုသည် စိန်ခေါ်သူက ပြန်ရုတ်သိမ်း၍ မရသဖြင့် သူတို့သည် မျက်ရည်စက်လက်ဖြင့် အရှုံးပေးကြောင်း ဝန်ခံကာ သူတို့၏ စွမ်းဆောင်မှုရမှတ်များအား ပိုင်ရှောင်ချန်းဆီသို့ လွှဲပြောင်းသွားသည်ကို ကြည့်နေရုံမျှလွဲ၍ ရွေးချယ်စရာမရှိချေ။
အရှုံးပေးပြီး လူအုပ်ဆီသို့ပြန်လာသည့်နောက်တွင် သူတို့သည် ယခင်ကထက်ပင် ဒေါသပိုဖြစ်လာကာ စွမ်းဆောင်မှုရမှတ်များ ဆုံးရှုံးသွားသောကြောင့်လည်း ပို၍နာကျင်ခံစားရပေသည်။
သေချာသည်မှာ ပိုင်ရှောင်ချန်း၏ စွမ်းဆောင်မှုရမှတ်များမူ လျင်မြန်စွာတိုးလာကာ သူလန့်လောက်သည်အထိပင်ဖြစ်လာရသည်။ ထိုနေ့သည် စိတ်လိုက်မာန်ပါလုပ်သော အပြင်စည်းဂိုဏ်းသားများအားလုံးအတွက် ကပ်ဘေးကြီးဆိုက်ခြင်း ဖြစ်လေသည်။
သူတို့အတွက် ပိုင်ရှောင်ချန်းသည် အစွန်းရောက်သော မနာလိုမုန်းထားမှုများနှင့် စွမ်းဆောင်မှုရမှတ်များကို ဝါးမြိုပစ်သည့် ဖျက်ဆီးခြင်းမကောင်းဆိုးဝါး ဖြစ်လာပေ၏။ ပိုင်ရှောင်ချန်းသည် အပြင်စည်းဂိုဏ်းသားအုပ်စု
တစ်ခုလုံးကို စာနာထောက်ထားခြင်းမရှိဘဲ ရှင်းလင်း လိုက်ကာ ထိုဖြစ်ရပ်သည် သုံးရက်မျှကြာသွားလေသည်။
သူသည် တစ်ကြိမ်တစ်ခါမျှ မတိုက်ခိုက်သော်လည်း စက္ကူကြိုးကြာရုပ်များအားလုံးကို ထုတ်ယူနေသောကြောင့် လက်မောင်းများပင် အောင့်လာရသည်။
မြောက်ဘက်ခြမ်း ဂိုဏ်းသားများသည် ယမ်းပုံမီးကျ ဖြစ်ကာ သူတို့သည် အသံဝင်လာကြပြီး တစ်ချိန်လုံးအော်ဟစ်နေသောကြောင့် နာကျင်လာကြသည်။ ယခုတိုင် သူတို့သည် အနည်းငယ်လေးမျှ စိတ်မလျှော့ကြသေးပေ။ နောက်ဆုံးတွင် တရားစီရင်ရာဆောင်က အရာအားလုံးကို ထိန်းချုပ်ထားနိုင်ရန် ကြားဝင်ဖျန်ဖြေလိုက်ရသည်။သူတို့သည် ပိုင်ရှောင်ချန်းလုပ်ကိုင်နေသည်ကို ကြည့်နေရုံသာ တတ်နိုင်ကာ မြောက်ဘက်ဂိုဏ်းသားများဘက်မှ အနိုင်ယူတိုက်ခိုက်နိုင်သူများ ပေါ်လာလေမလားဟု နိုးကြားစွာ ရှိနေကြသည်။
တောင်ထိပ်သခင်၄ယောက်သည် လုံးဝ အံ့အားသင့်သွားကြလေသည်။ တစ်ယောက်နှင့် တစ်ယောက်အပြန်အလှန် ကြည့်မိကြကာ မျက်လုံးများထဲမှ ထိတ်လန့်မှုနှင့် ကူရာကယ်ရာမဲ့ဖြစ်နေသည့် အရိပ်အယောင်တို့ကို တွေ့မြင်နေရသည်။
” တောင်ဘက်ခြမ်းက လူတွေ ပိုင်ရှောင်ချန်းကို ဒီပို့လိုက်တာ အံ့ဩစရာမရှိဘူး။ ”
“ဒီကောင်လေးက ဂိုဏ်းတစ်ခုလုံးကိုတောင် ဖျက်ဆီးနိုင်လောက်တယ်။ ”
” ဒါတောင်မှ သူဂိုဏ်းစည်းကမ်းတွေကို ဖောက်ဖျက်သေးတာမဟုတ်ဘူး…”
၃ရက်ကြာပြီးနောက် ပိုင်ရှောင်ချန်းသည် လက်ကို ဆန့်လိုက်ကာ အညောင်းဖြေလိုက်ပြီး အေးစက်စွာဖြင့် ချောင်းဟန့်လိုက်သည်။ အပြင်စည်းဂိုဏ်းသားအားလုံး၏ တိုက်ခိုက်ရန် စိန်ခေါ်မှုများအားလုံးကို ရှင်းလင်းပြီးနောက် ဘေးပတ်ပတ်လည်မှ သောင်းချီနေသည့် လူအုပ်ကြီးကို ကြည့်လိုက်သည်။ သူတို့အားလုံးသည် သူ့ကို ထွက်ခွာခွင့်ပြုမည်မဟုတ်ဟု ပြောနိုင်ပေသည်။
တခဏမျှ ငြိမ်သက်နေပြီး ရယ်မောကာ ပြောလိုက်သည်။ ” ရတယ်လေ။ မင်းတို့ အဲ့ဒီလို လုပ်မှာဆိုရင် နောက်ပိုင်းဆက်ဖြစ်တဲ့ ကိစ္စတွေအတွက် ငါ့ကို အပြစ်မတင်ကြနဲ့နော်။ ”
ထိုအခိုက်အတန့်တွင် သူ၏ ပုံမှန်အသိစိတ်ပျောက်ကွယ်သွားကာ လောချိန်မျိုးနွယ်စုနှင့် တိုက်ခိုက်ခဲ့စဥ်ကကဲ့သို့ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ သံမဏိသွေးကြောများ ထွက်ပေါ်လာခဲ့သည်။
လူအုပ်ကြီးသည် မျက်ထောင့်နီဖြင့် ကြည့်နေကြသော်လည်း သူသည် အတွင်းစည်းဂိုဏ်းသားတစ်ယောက်ထံမှ စိန်ခေါ်မှုတစ်ခုကို ရွေးချယ်လိုက်သည်။
ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်တွင် မျက်လုံးတိုင်း စိန်ခေါ်ပွဲကျင်းပရာ စင်မြင့်ပေါ်သို့ အပြည့်အဝအာရုံစိုက်ကာ ကြည့်နေကြတော့သည်။ ထိုသူမှာ ပိန်လှီလှသော လူငယ်တစ်ယောက်ဖြစ်ကာ ပေါ်လာသည့် အချိန်တွင် ခေါင်းကို နောက်သို့လှန်၍ ခွက်ထိုးခွက်လန်ရယ်မောလျက်ရှိသည်။
” ပိုင်ရှောင်ချန်း၊ ဒီနေ့ ငါ…”
ဘုန်း…
သူ့စကားမဆုံးမီမှာပင် ပိုင်ရှောက်ချန်းသည် ရှေ့တည့်တည့်သို့ ရောက်လာကာ လက်သီးတစ်ချက်ကို ပသ်သွင်းလိုက်လေသည်။ လူပိန်လေး၏ မျက်လုံးများသည် ပြူးထွက်သွားကာ လေထဲသို့ လွင့်သွားပြီး စင်ပေါ်မှ အကာအကွယ်ကို ဆောင့်မိ၍ သတိမေ့လဲကျသွားတော့သည်။
ပရိသတ်များသည် အံ့ဩသွားကြကာ မျက်လုံးများ ပြူးကုန်ကြသည်။ ပိုင်ရှောင်ချန်းသည် မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာဖြင့် ရပ်နေဆဲဖြစ်ကာ အတွင်းစည်းဂိုဏ်းသားတစ်ယောက်ဆီမှ ဒုတိယမြောက် စက္ကူကြိုးကြာကို ဆွဲထုတ်လိုက်သည်။ ခဏကြာပြီးနောက် စင်ပေါ်တွင် ဒုတိယအတွင်းစည်းဂိုဏ်းသားပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းတွင် လက်သီးတစ်ချက်ရောက်လာကာ သတိမေ့သွားလေသည်။ ထို့နောက် ပိုင်ရှောင်ချန်းသည် တတိယမြောက်စိန်ခေါ်စာကို ဆွဲထုတ်လိုက်သည်။
အတွင်းစည်းဂိုဏ်းသားတစ်ရာခန့်ဆီမှ စိန်ခေါ်စက္ကူကြိုးကြာရုပ်များကို လက်ခံနေရာ တစ်နေ့တာကုန်ဆုံးသွားလေသည်။ အားလုံးသည် ချီစုစည်းမှု အဆင့်ရှစ်တွင်ရှိနေကြသူများဖြစ်ပြီး ပိုင်ရှောင်ချန်း၏ လက်သီးချက်တစ်ချက်ကိုပင် တစ်ယောက်မျှ ခံနိုင်ရည်အားမရှိကြပေ။
ညနေရောက်သွားသည့်အခါ ပိုင်ရှောင်ချန်းက အနားယူရန် ရွေးချယ်လိုက်သည်။ သူသည် စိန်ခေါ်ပွဲကျင်းပရာ စင်မြင့်ပေါ်တွင် တင်ပျဥ်ခွေထိုင်လိုက်သည်။ သူ့ဘေးတွင် ဝိုင်းရံနေကြသည်မှာ သူထွက်ပြေးရန်ကြိုးစားခဲ့ပါက တားဆီးရန် ပြင်နေကြသော ဒေါသထွက်နေသည့် လူအုပ်ကြီး ဖြစ်သည်။
နောက်နေ့အရုဏ်တက်ချိန်တွင် ပိုင်ရှောင်ချန်းသည် မျက်လုံးများကို ဖွင့်လိုက်သည်။ ယခင်ကကဲ့သို့ အမူအရာဖြင့် စက္ကူကြိုးကြာတစ်ကောင်ကို ရွေးချယ်ကာ အလုပ်ကို စတင်တော့သည်။ နောက်ထပ် လူတစ်ရာခန့်သည်လည်း လက်သီးတစ်ချက်ကိုပင် ခံနိုင်ရည်မရှိကြသေးပေ။
၃ရက်မြောက်နေ့၊ ၄ရက်မြောက်နေ့၊ ၅ရက်မြောက်နေ့…ရက်ပေါင်း ၂၀ခန့်ကုန်လွန်သွားခဲ့ပြီး ထိုအချိန်အတွင်းတွင် ပိုင်ရှောင်ချန်းသည် အတွင်းစည်းဂိုဏ်းသားများထံမှ စိန်ခေါ်မှုပေါင်း ၂၀၀၀ခန့်ကို လက်ခံခဲ့သည်။ အားလုံးသည် ချီစုစည်းမှု အဆင့်ရှစ်တွင်ရှိကြပြီး သူ၏ လက်သီးချက်ကို တစ်ယောက်မှ ခံနိုင်ရည်မရှိကြပေ။
ပိုင်ရှောင်ချန်းနှင့် လက်ရည်ချင်းတူညီရန်မှာ အဝေးကြီး ဖြစ်သည်။
အမှန်ပင် အထင်ကြီးစရာကောင်းသော မြင်ကွင်းဖြစ်သော်လည်း မြောက်ဘက်ဂိုဏ်းသားများမှာ ငြိမ်သက်သွားခြင်းမရှိသကဲ့သို့ ဒေါသများလျော့နည်းသွားခြင်းလည်း မရှိပေ။
၂၀ရက်မြောက်နေ့တွင် ပိုင်ရှောင်ချန်းသည် ချီစုစည်းမှုအဆင့်ကိုး ရှိသူတစ်ယောက်၏ စိန်ခေါ်စာကို တည်ငြိမ်စွာ ထုတ်ယူလိုက်သည်။ မကြာမီ ချီစုစည်းမှုအဆင့်၉ရှိသော ဂိုဏ်းသားများသည် လက်သီးချက်၂ချက်ကိုသာ ခံနိုင်၍ သတိလစ်သွားကြရာ ပိုင်ရှောင်ချန်းသည် အလွန်သန်မာသည်ကို အားလုံးက အံ့အားသင့်စွာ တွေ့မြင်လိုက်ရသည်။
အချို့မှာ သွေးများ အန်ထွက်သည်အထိ ဖြစ်သွားကြသည်။
မြောက်ဘက်ဂိုဏ်းသားများသည် ထိတ်လန့်တုန်လှုပ်သွားကြကာ အများစုမှာ ငြိမ်သက်သွားကြသည်။ လက်ရွေးစင်၄ယောက်ဖြစ်သော ကုန်းစွန်းမောင်နှမ၊ ရွှီဆုန်၊ နောက်ဆုံးတွင် ပေဟန်လဲ့ အထိ လက်သီးချက် ဆယ်ချက်ဆက်တိုက်ထက်ပို၍ မခံနိုင်ကြပေ။
ပေဟန်လဲ့သည် သူ၏ ဆည်းဆာမန္တန်မှာ ပိုင်ရှောင်ချန်းကို လုံးဝ မရင်ဆိုင်နိုင်ကြောင်း ထိတ်လန့်အံ့ဩစွာဖြင့် တွေ့လိုက်ရသည်။
ကုန်းစွန်းမောင်နှမသည်လည်း အလွန်အံ့အားသင့်သွားကြသည်။ သူတို့သည် လက်ရွေးစင်တိုက်ပွဲပြီးကတည်းက လျင်မြန်စွာ တိုးတက်လာကြသည်ဟု ယုံကြည်ထားကြသည်။ သို့သော် ယခုမူ ပိုင်ရှောင်ချန်းသည် သူတို့ထက် များစွာ၊များစွာ ပို၍ တိုးတက်နေသည်ကို သဘောပေါက်သွားကြသည်။
ရွှီဆုန်သည် ပိုင်ရှောင်ချန်းကို ခါးသက်စွာ ရင်ဆိုင်လိုက်သည်။ သူ့အတွက်မူ ဝိညာဥ်စွယ်၏ ရှေ့တွင် ရပ်နေသည့်အလား ခံစားနေရသည်။ သူခံစားနေရသော ကြောက်ရွံ့မှုမျိုးကို ယခင်က သူ့ဘဝတွင် တစ်ခါမျှ မခံစားဖူးပေ။
လက်သီးဆယ်ချက်သည် အရာအားလုံးကို အဆုံးသတ်ပေးလိုက်သည်။ ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်က ပထမအတားအဆီးနှင့် တွေ့ဆုံမည့် အနေအထားသို့ ရောက်ရှိနေပြီးဖြစ်သည်။ သူက ထာဝရရွှေအရေပြားအဆင့်သို့ ရောက်ရှိသွားသည်နှင့် နဂါးလိုဆင်လို အဏ္ဏဝါကျမ်း၏ အထွတ်အထိပ်သို့ ရောက်ရှိသွားမည် ဖြစ်ကာ ပို၍မြင့်သော အဆင့်သို့ တက်လှမ်းတော့မည့်ဆဲဆဲဖြစ်သည်။
ထိုသို့သော ခွန်အားကြောင့် အခြေခိုင်မာခြင်းအဆင့်အောက်ရှိ မည်သူမဆို သူ့ကို လွှမ်းမိုးနိုင်မည်မဟုတ်ချေ။
လက်ရွေးစင်၄ယောက် ရှုံးနိမ့်သွားသည်ကို တွေ့မြင်ပြီးနောက် မြောက်ဘက်ဂိုဏ်းသားများသည် ငြိမ်သက်စွာ ထိုင်နေကာ ပိုင်ရှောင်ချန်းကို ဝေခွဲရခက်သော အမူအရာများဖြင့် ကြည့်နေကြလေသည်။ သူတို့၏ နှလုံးသားထဲတွင် ဒေါသတို့ဖြင့် ပြင်းထန်စွာ လောင်ကျွမ်းနေသော်လည်း နောက်ဆုံးတွင် သူ၏ သာလွန်မှုကို အသိအမှတ်ပြုရမည်ဖြစ်သည်။
ကျင့်ကြံခြင်းလောကတွင် အင်အားကြီးမားသူကို လေးစားရိုသေမှု ရှိကြသည်။ ပိုင်ရှောင်ချန်းသည် သူတို့၏ နှလုံးသားထိတိုင်အောင် အကြောက်တရားကို ထည့်သွင်းလိုက်ပြီ ဖြစ်ကာ ဤအခိုက်အတန့်တွင် မြောက်ဘက်ဂိုဏ်းသားများကို အမှန်တကယ် အနိုင်ရခဲ့ပေသည်။
သူသည် သူတို့၏ မဟာရန်သူတော်ကြီး ဖြစ်နေဆဲပင် ဖြစ်သည်။ သို့သော် ယခုတွင် လူများသည် ထိုရန်သူတော်ကို အနိုင်ယူရန် တတ်နိုင်သမျှ ကြိုးစားကြမည်ဖြစ်သည်။
မည်သူက ပထမဆုံးလမ်းဖယ်ပေးသည်ဟု ပြောရန်ခက်သော်လည်း မကြာမီပင် လူအုပ်ကြီးသည် သားရဲမွေးမြူရေးခြံ ဆီသို့ ဦးတည်သည့် လမ်းသွယ်တစ်ခုဖြစ်စေရန် နောက်ဆုတ်ကာ လမ်းဖွင့်ပေးလိုက်ကြသည်။