Switch Mode

အခန်း ( ၁၂၂ )

ငါလက်ခံတယ်

ပိုင်ရှောင်ချန်းအား စိန်ခေါ်ခြင်း ကို မြောက်ပိုင်းသားများက သူရဲကောင်းဆန်သော အောင်မြင်မှုတစ်ခုအလား သတ်မှတ်ထားကြလေသည်။ ထိုဖြစ်ရပ်မှာကြီးမားလွန်းလှ၍ တောင်ဘက်ပိုင်းသို့ပင် သတင်းစများ ပျံ့နှံသွားတော့သည်။ တောင်ဘက်မှဂိုဏ်းသားများကမူ ဂရုဏာသက်သော အကြည့်များဖြင့်သာ တစ်ယောက်နှင့်တစ်ယောက်ပြန်ကြည့်နေကြလေသည်။ ထို ဂရုဏာမှာကား ပိုင်ရှောင်ချန်းအတွက်တော့မဟုတ်။ မြောက်ပိုင်းဂိုဏ်းသားများအတွက်သာ ဖြစ်သည်။

” သူတို့က အဲ့ကောင်အကြောင်း မသိကြသေးဘူးပဲ။”

“ကြည့်နေကြည့်နေ။ ပိုင်ရှောင်ချန်း ဘယ်လောက်ကြောက်ဖို့ ကောင်းလဲဆိုတာ မကြာခင် အဲ့ကောင်တွေ သိသွားလိမ့်မယ်။”

အချိန်များမှာ ကုန်လွန်သွားသည်။ ဆယ်ရက်မြောက်နေ့တွင် ပိုင်ရှောင်ချန်းကိုစိန်ခေါ်ထားသည့် အတွင်းစည်းဂိုဏ်းသားအရေအတွက်မှာ အယောက်ပေါင်း နှစ်ထောင့်သုံးရာခန့်ရှိသွားပြီဖြစ်သည်။ ထိုအရေအတွက်များမှာ နေ့စဥ်နှင့်အမျှ များများလာသည်။

ထိုကိစ္စရပ်ကြီး ကြီးမားလာသည်မှာ ပိုင်ရှောင်ချန်းကို စိန်မခေါ်ရသေးသော အတွင်းစည်းဂိုဏ်းသားတိုင်း မျက်နှာပျက်ရမည့် အနေအထားသို့ပင် ရောက်ရှိသွားသည်။ တရားစီရင်ရာ စင်မြင့်သို့ သွား၍ စက္ကူကြိုးကြာရုပ်တစ်ခု မလွှတ်ပါက အထင်သေးစရာတစ်ခုပင် ဖြစ်နေသည်။

ထိုအရာမှာထုံးတမ်းတစ်ခုလိုဖြစ်လာသောအခါ သူ့ကိုစိန်ခေါ်သောလူများမှာ ပို၍များများလာသည်။

” ဟားဟားဟား။ ဒီနေ့ ရွှီတပေါင်ဆိုတဲ့ငါ စွမ်းဆောင်မှုရမှတ် ဆယ်မှတ်သုံးပြီး ပိုင်ရှောင်ချန်းကို စိန်ခေါ်တယ်ဟေ့။

” ဟွန်း။ ကျိုးယွင်ကုန်းဆိုတဲ့ငါက မြောက်ဘက်ခြမ်းရဲ့ မဟာရန်သူကို လွန်ခဲ့တဲ့ သုံးရက်ထဲက စိန်ခေါ်ထားတာကွ။ အဲ့နလပိန်းတုံးကောင် ငါ့ကို မချရဲတာ စိတ်ပျက်စရာပဲ။”

ဆယ့်သုံးရက်မြောက်နေ့တွင် ပိုင်ရှောင်ရှန်းကို စိန်ခေါ်ထားသည့် ဂိုဏ်းသားသုံးထောင်ကျော်သွားတော့သည်။ မြောက်ခြမ်းမှာလုံးဝကို ရူးသွပ်နေပြီဖြစ်သည်။ ဘယ်နေရာရောက်ရောက် လူတိုင်းပြောနေကြသည့် တစ်ခုထဲသောအရာမှာ ပိုင်ရှောင်ချန်းကို စိန်ခေါ်သည့် အကြောင်းပင်ဖြစ်သည်။

လူတစ်ယောက်ထဲကြောင့် ထိုကဲ့သို့ကြီးမားသော အရှုပ်ထုပ်ကြီးဖြစ်ပေါ်လာရသည်မှာ ယခင်က ကြားပင်မကြားဖူးပေ။ စိန်ခေါ်မှုအသစ်များမှာ နေ့တိုင်းဝင်လာပြီး အပြင်စည်းဂိုဏ်းသားထောင်သောင်းများစွာက တရားစီရင်ရာစင်မြင့်ပတ်လည်တွင် ဝန်းရံကာ ဂုဏ်ဆာနေကြသည့် အတွင်းစည်းဂိုဏ်းသားများကို ကြည့်နေကြသည်။ စက္ကူကြိုးကြာတစ်ခုပျံသွားတိုင်း စွမ်းဆောင်မှုရမှတ်မှာ မည်သည့် ပမာဏပင်ဖြစ်စေ နောက်မှ အားပေးသံများက တပါထဲပင်ဖြစ်သည်။

ပေဟန်လဲ့ကမူ သူ၏လုပ်ရပ်ကြောင့် ဤကဲ့သို့ ကြီးကြီးမားမားဖြစ်သွားမည်ဟု လုံးဝမထင်ထား။ ယခုဆိုလျှင် သူကယခင်ကထက်များစွာ ကျော်ကြားနေပြီဖြစ်သည်။ သူ၏ဒဏ်ရာများမှာ ရုန်းထကာ ဤအခြေအနေသို့ရောက်အောင် ပြန်လာနိုင်သည့်အတွက် ပို၍ပင် လေးစားမှုများကို ရရှိနေသည်။

ဆယ့်ခုနစ်ရက်မြောက်နေ့တွင် ပိုင်ရှောင်ချန်းကို စိန်ခေါ်ထားသည့် ဂိုဏ်းသားအရေအတွက်မှာ လေးထောင်ကျော်သွားပြီဖြစ်သည်။ မြောက်ဘက်ကိုဝါးမျိုခဲ့သော မုန်တိုင်းကြီးက ဂိုဏ်းတစ်ခုလုံးသို့ စတင် ပျံ့နှံနေပြီဖြစ်သည်။

ထိုအချိန်တွင်မူ ဖြစ်ပျက်နေသည်များမှာ တိုက်ခိုက်ရန်အတွက် စိန်ခေါ်နေသည်နှင့်ပင် မတူတော့ပေ။ လောင်းကြေးထပ်သော စွမ်းဆောင်မှုရမှတ်များမှာ အရေးမပါတော့ချေ။ အချို့လူများဆိုလျှင် ရမှတ်ဆယ်မှတ်အောက်ပင်ထား၍ လောင်းကြလေသည်။ သို့သော်လည်း ထိုဖြစ်စဥ်ကြီးမှာ စိတ်လှုပ်ရှားဖွယ်ကောင်းလွန်းလှ၍ လူတိုင်းက ဝင်ရောက်ယှဥ်ပြိုင်နေကြတော့သည်။

” ပိုင်ရှောင်ချန်း ကြောက်နေပြီကွ ။ သူ ငါတို့မြောက်ပိုင်းနဲ့ ယှဥ်မချရဲပါဘူးကွာ။”

” ဟားဟားဟား။ သူဟာသူဘယ်လောက်စွမ်းစွမ်းပါကွာ။ မြောက်ပိုင်းရဲ့ပေါင်းစည်းအင်အားေအာက်မှာ သူဒူးထောက်ရမှာပဲ။”

” မြောက်ပိုင်းရဲ့ စိတ်ဓာတ်ကို ဘယ်တော့မှ လာမကျောနဲ့ဟေ့။”

မြောက်ပိုင်းရှိတောင်လေးတောင်၏ တောင်ထိပ်သခင်များမှာ ဆွံ့အနေကြပြီး ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်ကမူ မျက်လုံးပြူးကြီးများဖြင့် ကြည့်နေတော့သည် ။ ဂိုဏ်းစောင့်အကြီးအကဲများပင် ထိုကိစ္စကို သတိထားမိသွားကြသည်။ ဤသို့သော ကိစ္စမျိုးမှာ ယခင်က တစ်ခါမှ မဖြစ်ဖူးသည် မဟုတ်ပါလော။

စိန်ခေါ်မှုများကို ကြေငြာပြီးနောက်ရက်များတွင် မြောက်ပိုင်းဂိုဏ်းသားများမှာ စိတ်လှုပ်ရှားလွန်းလှသဖြင့် သားရဲမွေးမြူရေးခြံသို့ ပြေးကာ အပုံလိုက်ဖြစ်နေသော စက္ကူကြိုးကြာရုပ်များကို ကြည့်နေကြတော့သည်။ စက္ကူကြိုးကြာရုပ်အသစ်တစ်ခုရောက်လာတိုင်း သူတို့မှာ အသံကျယ်ကြီးများနှင့် အားပေးကြစမြဲပင်။

ရက်နှစ်ဆယ်မြောက်တွင်မူ အတွင်းစည်းဂိုဏ်းသားများ၏ ရှစ်ဆယ်မှကိုးဆယ်ရာခိုင်နှုန်းလောက်မှာ ယှဥ်ပြိုင်တိုက်ခိုက်ရန် စာရင်းပေးပြီးသွားကြပြီဖြစ်သည်။ ထိုအခါမှသာ ထိုအုံကြွမှုကြီးမှာ ငြိမ်ကျသွားလေသည်။ ထိုနေ့နံနက်တွင် ခပ်ထွားထွားနှင့် အပြင်စည်းဂိုဏ်းသားတစ်ယောက်က စိတ်အားထက်သန်သော အမူအရာဖြင့် တရားစီရင်ရာစင်မြင့်အနားတွင် ပေါ်လာသည်။ သူ၏အတွေးထဲတွင် သူ့ရှေ့တွင်ပိုင်ရှောင်ချန်းကို စိန်ခေါ်ပြီးသောသူ အယောက်လေးထောင်ကျော်ရှိသဖြင့် ပိုင်ရှောင်ချန်းသာ တိုက်ခိုက်ရန် လူရွေးမည်ဆိုပါက စွမ်းဆောင်မှုရမှတ် အနည်းငယ်သာ လောင်းထားသည့်လူကို ရွေးမည်မဟုတ်ကြောင်း ထင်လိုက်လေသည်။ ပိုင်ရှောင်ချန်းသည် လက်ရွေးစင်တိုက်ပွဲများတွင် ပထမနေရာ ရယူထားသည်မဟုတ်ပါလော။

သူက တိုက်ခိုက်ခြင်းကိုရှောင်ရှားနေပါသော်လည်း ထိုသို့သော လူမျိုးကို စိန်ခေါ်နိုင်ခြင်းဆိုသော အတွေးကြောင့် ထိုလူထွားကြီးမှာ ပျော်ရွှင်နေ၏။ နောက်တွင် သူက ပိုင်ရှောင်ချန်းကို စိန်ခေါ်ခဲ့ပါသော်လည်း ပိုင်ရှောင်ချန်းက တိုက်ပွဲမှရှောင်ပြေးသွားကြောင်း ဝင့်ကြွားနိုင်လိမ့်မည်။

အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် ထိုလူထွားကြီးက ချီစုစည်းမှုအဆင့်လေး၏ စွမ်းအားကိုထုတ်ကာ တရားစီရင်ရာစင်မြင့်ပေါ်သို့ ခုန်တက်လိုက်လေသည်။ သူသည် ယနေ့အတွက် ပထမဦးဆုံး စိန်ခေါ်မည့်လူဖြစ်ပြီး စိန်ခေါ်ဖူးသူများထဲတွင် ပထမဦးဆုံး အပြင်စည်းဂိုဏ်းသားလည်း ဖြစ်သည်။ စင်ပေါ်သို့ရောက်သွားသောအခါ သူက ခေါင်းကိုနောက်ပစ်၍ ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

” လျှိုတပြောင် ဆိုတဲ့ငါ စွမ်းဆောင်မှုရမှတ် နှစ်ရာသုံးပြီး မြောက်ခြမ်းရဲ့ မဟာရန်သူ ပိုင်ရှောင်ချန်းကို စိန်ခေါ်တယ် ” ထိုသို့အော်ကာ သူက အသံကုန်ရယ်မောလိုက်ပြီး လက်နှစ်ဖက်ကို နောက်သို့ပစ်၍ သားရဲမွေးမြူရေးခြံ ဘက်သို့ လှမ်းကြည့်လိုက်ကာ ဆိုလိုက်လေသည်။ ” ပိုင်ရှောင်ချန်း။ ကျားသခင်ဆိုတဲ့ ငါ့ စိန်ခေါ်မှုကို မင်းသိတဲ့အခါ အတွင်းစည်းဂိုဏ်းသားတစ်ယောက်ဖြစ်တဲ့ မင်း ငါ့ကို ယှဥ်ချရဲပါ့မလား။”
( လျှိုတပြောင်ဆိုသောနာမည်မှ ပြောင်မှာ ကျားကို ဆိုလိုသည်။)

ထိုလူ၏လုပ်ရပ်ကြောင့် ဘေးနားရှိလူအကုန်လုံးမှာ ကြက်သေသေသွားတော့သည်။ ပထမဦးဆုံး ထွက်ပေါ်လာသော တုံ့ပြန်မှုများမှာ ထို လျှိုတပြောင် ဆိုသောလူက အရူးပင်ဖြစ်ရမည် ဟုဆိုသံများပင်။ ပိုင်ရှောင်ချန်းမှာ မည်မျှပင် ရွံရှာစရာကောင်းစေကာမူ လက်ရွေးစင်တိုက်ပွဲများတွင် ပထမရယူထားသူ မဟုတ်ပါလော။ သူသည် အပြင်စည်းဂိုဏ်းသားတစ်ယောက် စိန်ခေါ်နိုင်သည့် လူမျိုးမဟုတ်ပေ။ သို့သော်လည်း ခဏအကြာတွင် လျှိုတပြောင် ဤအခွင့်အရေးကိုအသုံးချကာ နာမည်တစ်ခုရအောင် ကြိုးစားနေခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့၏မျက်လုံးများမှာ တောက်ပလာတော့သည်။

အပြင်စည်းဂိုဏ်းသားတစ်ယောက်၏ စိန်ခေါ်ခြင်းကိုခံရသည့် အတွင်းစည်းဂိုဏ်းသားတစ်ယောက်က တိုက်ပွဲကိုရှောင်ပြေးခြင်းဆိုသည့်အချက်ကြောင့် လူတိုင်း၏ သွေးများမှာ ဆူပွက်လာတော့သည်။

လျှိုတပြောင်ကမူ သူစိန်ခေါ်ရခြင်းမှာ မြောက်ခြမ်း၏ မဟာရန်သူကိုတွန်းလှန်သည့် ကြီးကျယ်သော အခမ်းအနားတွင် ပါဝင်လို၍ဖြစ်ကြောင်း ကြေငြာထားလေသည်။

လျှိုတပြောင်က စင်မြင့်ပေါ် ဝင့်ကြွားစွာရပ်နေချိန်တွင် သားရဲမွေးမြူရေးခြံထဲတွင် ပိုင်ရှောင်ချန်းက တရားထိုင်နေရာမှ ထလာလေသည်။ ထို့နောက် သူသက်ပြင်းချရင်း တံခါးကို ဖွင့်လိုက်လေသည်။

လွန်ခဲ့သောရက်နှစ်ဆယ်လုံး တံခါးဖွင့်တိုင်း သူ့မှာ ခေါင်းခဲရစမြဲပင်။ သို့သော်လည်း တခြားရွေးချယ်စရာမရှိပေ။ စက္ကူကြိုးကြာရုပ်များစွာ စုမိလာပြီး တိုက်ခိုက်ချင်သောစိတ်များ ကြီးထွားလာပါက သူထိန်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူက နံနက်ခင်းတိုင်း တံခါးကို အရင်ဆုံးဖွင့်နေရခြင်းပင်။

သူဖွင့်တိုင်းဖွင့်တိုင်း စက္ကူကြိုးကြာရုပ် ရာချီကိုမြင်ရပြီး မရေမတွက်နိုင်သော စိန်ခေါ်သံများကို ကြားရစမြဲပင်။ မနေ့ကဆိုလျှင် သူကအချိန်ပေးကာ ထိုအရုပ်များကိုရေတွက်ခဲ့သဖြင့် လေးထောင်ကျော်ရှိနေကြောင်း သိလိုက်ရလေသည်။ ယခုတွင်မူ ထိုအရုပ်များမှာ နေရာတိုင်းတွင် ပုံနေပြီဖြစ်သည်။

ဤအကြိမ်တံခါးဖွင့်လိုက်သောအခါ ဒါဇင်အနည်းငယ်ကိုသာ မြင်လိုက်ရ၍ သူက အံ့သွားသည်။ သို့သော်လည်း ခဏအကြာတွင် တောင်များကိုပြိုလဲစေပြီး ပင်လယ်များကိုပင် ခမ်းခြောက်သွားစေမည့် ကြိုးကြာရုပ်တစ်ထောင်ကျော်ပါသည့် တိမ်ထုကြီးတစ်ခုက ခပ်လှမ်းလှမ်းမှနေ၍ သူ့ဆီသို့ ပျံလာတော့သည်။ ပိုင်ရှောင်ချန်း၏ စိတ်နှလုံးထဲတွင် တိုက်ခိုက်ချင်စိတ်များဖြင့် ချက်ချင်း ပြည့်နှက်သွားလေသည််။

ထိုထောင်ကျော်သော စက္ကူကြိုးကြာရုပ်များ ဆင်းသက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တိုက်ခိုက်ချင်သည့်စိတ်များက ဖုန်းလွှမ်းသွားသောအခါတွင် သူက ကြိုးကြာရုပ်များထဲတွင် နစ်မြုပ်နေပြီဖြစ်သည်။

ခဏအကြာတွင် သူ၏ခေါင်းမှာ ပေါ်လာပြီး ထိုကြိုးကြာရုပ်အပုံကြီးထဲမှ သူက တွားသွားထွက်လာတော့သည်။ သူက ဘေးဘီဝဲယာကို အံ့အားသင့်နေသော အမူအရာဖြင့် ကြည့်လိုက်လေသည်။ သူမလှုပ်နိုင်လောက်အောင်ဖြစ်သွားသည့်အတွက် အံ့သြနေလေသည်။

သူက သူမြင်လိုက်သည့် ပထမဆုံး ကြိုးကြာရုပ်ကို ကောက်ယူလိုက်သောအခါ အသက်မပါသော အသံတစ်ခုကိုကြားလိုက်ရသည်။

” အတွင်းစည်းဂိုဏ်းသား ပိုင်ရှောင်ချန်းရေ။မြောက်ခြမ်းက ချီစုစည်းမှုအဆင့်လေးရှိတဲ့ အပြင်စည်းဂိုဏ်းသား လျှိုတပြောင်ဆိုတဲ့ကောင်က စွမ်းဆောင်မှုရမှတ် နှစ်ရာလောင်းပြီး မင်းကို စိန်ခေါ်ထားတယ်။”

ပိုင်ရှောင်ချန်းကမူ ထိုစက္ကူကြိုးကြာရုပ်ကို အံ့သြစွာကြည့်နေသည်။ သူ့ကိုစိန်ခေါ်သူမှာ ချီစုစည်းမှုအဆင့်လေးကဖြစ်ကြောင်း သိလိုက်ရသောအခါ သူ၏မျက်လုံးများမှာ ဒေါသများဖြင့် အရောင်လက်သွားသည်။

” အနိုင်ကျင့်တဲ့ကောင်တွေကွာ ဒီမြောက်ခြမ်းကကောင်တွေ။ ငါ့ဟာငါ သိုသိုသိပ်သိပ်နေနေတာကို အခက်လာတွေ့အောင်လုပ်နေတာပဲ။ ချီးးး။ ပေဟန်လဲ့က သူရှုံးတာဝန်မခံချင်လို့၊ တံခါးပိတ်ကျင့်စဥ် ဆယ်နှစ်လောက်ကျင့်ပြီးလို့ တိုးတက်လာတယ်လို့ခံစားရလို့ စိန်ခေါ်တာက နားလည်ပေးနိုင်သေးတယ်။ အတွင်းစည်းဂိုဏ်းသားတွေ ငါ့ကိုစိန်ခေါ်တာလည်း ငါဘာမှမဖြစ်သေးဘူး။ ဒါပေမဲ့ အခု အပြင်စည်းဂိုဏ်းသားတွေကပါ ငါ့စိန်ခေါ်နေကြတာပေါ့။ တော်လောက်ပြီ။ ငါ စိန်ခေါ်မှုတစ်ခုလောက်များ လက်ခံနိုင်တာပေါ့ကွာ။ လျှိုတပြောင်ဟုတ်လား။ ချီစုစည်းမှုအဆင့်လေးက ဟုတ်လား။ အေး အဲ့ကောင်နဲ့ ချမယ်။” ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းကာ ကြိတ်၍သက်ပြင်းချလိုက်သည်။ သားရဲေမွးမြူရေးခြံမှ သားရဲများကို ချိတ်ဆက်မထားလျှင် အပြင်သို့ အလွယ်တကူ ခေါ်မသွားနိုင်သည့်အချက်မှာ ဆိုးလွန်းလှသည်။ ထို့အပြင်သူက ကောင်းကင်တံတား နတ်ဆရာထိန်းချုပ်နည်း မန္တန်ကို မသိသေးပေ။ သို့မဟုတ်ပါက သူသည် သားရဲပေါင်းရာချီကို တစ်ပါတည်းခေါ်သွားကာ ထိုတိုက်ပွဲကွင်းကို အမှုန့်ချေနိုင်မည်ပင်ဖြစ်သည်။

နောင်တများစွာရနေသည့်အမူအရာဖြင့် သူကမေးငေါ့ကာ စက္ကူကြိုးကြာရုပ် ကိုကြည့်လိုက်သည်။

” ငါ ဒီစိန်ခေါ်မှုကို လက်ခံတယ်။”

ထိုအချိန် စမ်းသပ်ပွဲ၏စဥ်ပေါ်တွင် လျှိုတပြောင်က လက်နောက်ပစ်ကာ အာရုံစူးစိုက်မှုများစွာ ရရှိနေသည်ကို အရသာခံနေသည်။ အလွန်ပင် ပီတိဖြစ်ဖွယ်ကောင်းသော အနေအထားတစ်ခုပင်။

” ပိုင်ရှောင်ချန်း။ ကျားသခင်ဆိုတဲ့ငါက မင်းကို အသက်ရှူကြိမ်ဆယ်ကြိမ်အထိ စောင့်မယ်။ ငပိန်း။ ငအ။ ငတုံးရ။ ကျားသခင်ရဲ့စိန်ခေါ်မှုကို လက်ခံရဲလား မရဲဘူးလားဟေ့။ ပိုင်ရှောင်ချန်း အခုချက်ချင်း ထွက်ခဲ့စမ်း။”

သူက စိတ်လှုပ်ရှားလာသဖြင့် အသံမှာပိုပိုကျယ်လာပြီး လူအုပ်ကြီး၏ အားပေးသံမှာလည်း ပို၍ပင်ကျယ်လာသည်။

လျှိုတပြောင်မှာ အင်မတန် စိတ်လှုပ်ရှားနေပြီး ပိုင်ရှောင်ချန်းဤစိန်ခေါ်မှုကို လက်ခံမည်ဟု ထင်ကိုမထင်ထားပေ။ သူ၏အမြင်တွင် ပိုင်ရှောင်ချန်းအရင်ရက်ပေါင်းနှစ်ဆယ်ခန့် တိုက်ပွဲများကိုရှောင်ရှားနေပုံကိုထောက်လျှင် တကယ်တိုက်ခိုက်မည်ဆိုလျှင်တောင် အတွင်းစည်းဂိုဏ်းသားများကို အရင်ရွေးမည်ဟု ထင်လေသည်။ အပြင်စည်းဂိုဏ်းသားတစ်ယောက်နှင့် တိုက်ရလောက်အောင် အရှက်မဲ့လိမ့်မည်ဟု သူကမထင်ထားပေ။ သူက လက်ရွေးစင်တိုက်ပွဲများတွင် ပထမရထားသူ မဟုတ်ပါလော။

လျှိုတပြောင်ကမူ ပို၍ မာန်တက်နေပြီး နာမည်ကောင်းရရန် အချိန်မှန်လှုပ်ရှားလိုက်နိုင်သည့်အတွက် သူ့ကိုယ်သူ ဂုဏ်ယူမဆုံးဖြစ် နေသည်။ နောက်ရက်အနည်းငယ်တွင် မည်သို့ဖြစ်မည်ကို စိတ်ကူးရုံနှင့် သူကရူးနေတော့သည်။ အပြင်စည်းဂိုဏ်းက လူတိုင်း သူ့ကိုသိသွားမည်ဖြစ်ပြီး အချို့ဂိုဏ်းတူညီမလေးများပင်လျှင် သူ့ကိုစိတ်ဝင်စားလာနိုင်ချေ ရှိပေသည်။

” ပိုင်ရှောင်ချန်း မင်းမှာ အသက်ရှူကြိမ် သုံးကြိမ် ကျန်သေးတယ်ဟေ့။ မြန်မြန်နော်။ ကျားသခင်နဲ့ ချရဲလား။” သူက အားပါးတရရယ်မောရင်း စင်ပေါ်မှ ဆင်းရန်ပြင်လိုက်သည်။

သို့သော်လည်း…..

သူ၏ရှေ့တွင် အလင်းရောင် အကာအကွယ်တစ်ခုမှာ ချက်ချင်းပေါ်လာသဖြင့် ထွက်၍မရတော့ပေ။ ဘေးနားရှိဂိုဏ်းသားများကမူ အထိတ်တလန့်ဖြင့် ကြည့်နေကြလေသည်။

ထို့နောက် အသက်မဲ့သော အသံတစ်ခုက ကွင်းထဲတွင် ပျံ့နှံ့သွားသည်။

” အတွင်းစည်းဂိုဏ်းသားပိုင်ရှောင်ချန်းက အပြင်စည်းဂိုဏ်းသားလျှိုတပြောင်ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်ပါပြီ။ တိုက်ပွဲစစေ။”

တည်နေရာရွှေ့ပြောင်းခြင်း၏ တလက်လက်ထနေသော အလင်းတန်းများထွက်လာပြီး စက္ကကြိုးကြာအစွမ်းဖြင့် ပိုင်ရှောင်ချန်းမှာ စင်ပေါ်တွင် ရုပ်လုံးပေါ်လာတော့သည်။ ထိုအခါ မြောက်ခြမ်း၏ ဂိုဏ်းသားထောင်သောင်းများစွာက သူ့ကို တအံံ့တသြကြည့်နေကြလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းက ကြီးစိုးထား၏။ အပြင်စည်းဂိုဏ်းသားများနှင့်အတွင်းစည်းဂိုဏ်းသားများပါသော ထောင်သောင်းမကသည့် လူအုပ်ကြီးမှာ ပိုင်ရှောင်ချန်းကိုကြည့်ရင်း သစ်သားကြက်ရုပ်လေးများသကဲ့သို့ တိတ်ဆိတ်နေကြတော့သည်။

မည်သူကမှ ပိုင်ရှောင်ချန်းတစိယောက် စိန်ခေါ်မှုကို လက်ခံလိမ့်မည်ဟု မထင်မှတ်ထားကြပေ… လက်ခံနိုင်ခြေမှာ အနည်းငယ်ဆိုသလောက်ရှိသော်လည်း ချီစုစည်းမှုအဆင့်လေးရှိသော အပြင်စည်းဂိုဏ်းသားတစ်ယောက်၏ စိန်ခေါ်မှု ကိုလက်ခံသည်ဆိုသည့်အချက်မှာကား…..

ထိုသို့ အရှက်ကင်းမဲ့လှမှုကြောင့် လူတိုင်း၏ အတွေးပုံရိပ်များမှာ ကပြောင်းကပြန်ဖြစ်ကုန်ပြီး ဘာမှမစဥ်းစားနိုင်ဖြစ်ကုန်ကြသည်။

” မင်းက လျှိုတပြောင်လား။” ပိုင်ရှောင်ချန်းက လက်နောက်ပစ်ကာ တည်ကြည်သောလေသံဖြင့် မေးလိုက်သည်။

လျှိုတပြောင် မှာ ကြောက်ဒူးများတုန်လာပြီး မျက်ရည်များပင် စီးကျလာကာ သတိမေ့မျောလုနီးပါးပင်ဖြစ်နေတော့သည်။ သူ၏မျက်လုံးများမှာ အသက်မဲ့နေပြီး အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်နေလေသည်။ သူက အခွင့်ရးယူကာ နာမည်ကောင်းရလိုခြင်းပင်ဖြစ်သည်။ ပိုင်ရှောင်ချန်းက သူ၏စိန်ခေါ်မှုကို တကယ်လက်ခံလိမ့်မည်ဟု မထင်ထားခဲ့။

” ကျွန်….ကျွန်တော်…..တော်…..” သူကား တစ်ကိုယ်လုံးတုန်ရီနေသဖြင့် စကားတောင်ဖြောင့်အောင်ပင် မပြောနိုင်တော့။

သူဘာမှ မပြောရသေးခင်ပင် ပိုင်ရှောင်ချန်းက တည်ကြည်စွာပြောလိုက်လေသည်။
” အရှုံးပေးလိုက်ပါလား။ ငါတိုက်လို့ရှိရင် ငါ့ကိုယ်ငါတောင် ပြန်လန့်ရတာနော်။”

ထိုစကားလုံးများမှာ လျှိုတပြောင်နားထဲသို့ မိုးခြိမ်းသံများအလား ဝင်သွားလေသည်။ ပိုင်ရှောင်ချန်းအကြောင်းကြားခဲ့ဖူးသည့် ပုံပြင်များ၊ အထူးသဖြင့် ပေဟန်လဲ့၏ ဖြစ်ရပ်ဆိုးများကို မြင်ယောင်လာသောအခါ သူ၏ဒူးများမှာ တောင့်နေတော့သည်။ သူက အလွန်ထိတ်လန့်နေသဖြင့် ငိုချလုမတတ်ပင်ဖြစ်နေသည်။

“ကျွန်တော် အရှုံးပေးပါတယ်။”

ထိုစကားပြောလိုက်သောအခါ သူက ပျောက်ကွယ်သွားပြီး ပိုင်ရှောင်ချန်းတစ်ယောက်မှာ သူ၏ အမိန့်ပေးတံဆိပ်ပြားဆီသို့ စွမ်းဆောင်မှုရမှတ် နှစ်ရာဝင်သွားသည်ကို ဝင့်ကြွားစွာကြည့်နေလေသည်။

” ဘဝကြီးက အထီးကျန်ဆန်လိုက်တာ။” သူက အင်္ကျီလက်ကိုခါယမ်းကာ သက်ပြင်းချလိုက်တော့သည်။ ပရိတ်သတ်များမှာ ဒေါသတကြီးအော်ဟစ်နေသည်မှာ ကျယ်လွန်းလှသဖြင့် တောင်ဘက်ခြမ်းက ဂိုဏ်းသားများပင် ကြားနိုင်လေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset