အခန်း ( ၁၂၁ )

ကောင်းကင်အနှံ့ စက္ကူကြိုးကြာရုပ်များ

ပေဟန်လဲ့က မှော်စွမ်းအင်များမယုံကြည်နိုင်လောက်အောင်တိုးတက်လာပြီးနောက် တရားစီရင်ရာစင်မြင့်ပေါ်တွင် ပိုင်ရှောင်ချန်းကိုစိန်ခေါ်လိုက်သည့် သတင်းများသည် မြောက်ပိုင်းဂိုဏ်းအတွင်းလျင်မြန်စွာပျံ့နှံ့သွားလေသည်။ ဂိုဏ်းသားများသည် တရားစီရင်ရာစင်မြင့်ဆီသို့ စုဝေးလာကြပြီး ရလဒ်ကိုစိတ်ဝင်တစားစောင့်ကြည့်နေကြသည်။

ပေဟန်လဲ့သည် လက်စားချေလိုစိတ်အပြည့်နှင့် ထိုနေရာတွင်မတ်တပ်ရပ်နေသည်။ သူသည် သူခံစားခဲ့ရသောအရှက်ရခဲ့ရမှုကို ပြန်လည်ဆေးကြောလိုနေပြီး သူသည်သာလျှင်လက်ရွေးစင်အစစ်အမှန်ဖြစ်ကြောင်း မြောက်ပိုင်းဂိုဏ်းသားအားလုံးကို သက်သေပြချင်နေသည်။

“ကျုပ်ဘယ်လောက်ထိပဲကျရှုံးခဲ့ပါစေ… ကျုပ်ကျရှုံးခဲ့ရတာထက်ဆယ်ဆလောက် ပြန်တက်လာမှာပဲ…။ ပိုင်ရှောင်ချန်း… မင်းဟာ ကျုပ်အတွက်လှေကားထစ်လေးတခုကလွဲပြီး ဘာကောင်မှမဟုတ်ဖူးကွ…။” ပေဟန်လဲ့၏မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းအောင်နီရဲနေသည်။ သူသည် ယနေ့အတွက် အချိန်အကြာကြီးစောင့်ခဲ့ရပေသည်။ ပြီးတော့ သူ၏ ဆည်းဆာမန္တန် အပေါ်တွင်ယုံကြည်ချက်အပြည့်ရှိပြီး ပိုင်ရှောင်ချန်းကို အနိုင်ရမည်မှာ လုံးဝသေချာနေသည်။

ပိုင်ရှောင်ချန်းနှင့် ဝိညာဥ်စွယ်တို့၏ နောက်ဆုံးတိုက်ပွဲအကြောင်းကိုလည်း သူကြားထားပြီးဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လွန်ခဲ့သောနှစ်များအတွင်းက အရူးအမူးကြိုးစားခဲ့ခြင်းကြောင့် ပိုင်ရှောင်ချန်းနှင့် ဝိညာဥ်စွယ်တို့နှစ်ယောက်လုံးကို အနိုင်တိုက်နိုင်မည်ဖြစ်ကြောင်း ယုံကြည်နေဆဲဖြစ်သည်။

“ပိုင်ရှောင်ချန်း… ထွက်ခဲ့စမ်း…” ပေဟန်လဲ့သည် ကျယ်လောင်စွာအော်ဟစ်လိုက်ရာ ပွဲကြည့်ပရိသတ်များကို ပြင်းပြင်းထန်ထန်တုန်လှုပ်သွားစေသည်။ သူ့ထံမှပေါ်ထွက်လာသော စွမ်းအင်များသည် သူ့ကိုပတ်ကာဝဲဂယက်တခုကဲ့သို့ လှည့်ပတ်နေသည်။

“သိပ်ကောင်းတယ် ဂိုဏ်းတူအကိုကြီးပေဟန်… ပိုင်ရှောင်ချန်းကို မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးပါ…”

“ဟားဟားဟား… ဒီလိုနေ့မျိုးကို ကျုပ်တို့အကြာကြီးစောင့်နေခဲ့ရတာ…”

လူအုပ်ကြီးသည် ပေဟန်လဲ့ကိုအားပေးနေကြစဥ် ပိုင်ရှောင်ချန်းသည် တောထဲတွင်ရှိနေသည်။ သူသည်သင်းခွေချပ်၏ကျောပေါ်တွင်ထိုင်နေကာ သီချင်းလေးတညည်းညည်းဖြင့် သာယာနေပေသည်။ ရုတ်တရက် အဝေးတနေရာမှ အလင်းတန်းတခု ပေါ်ထွက်လာလေ၏။ ထိုအရာမှသွေးရောင်များဖြာထွက်နေပြီး သတ်ဖြတ်လိုသော တိုက်ပွဲအငွေ့အသက်များဖြင့်ဖုံးလွှမ်းနေသည်။ ပိုင်ရှောင်ချန်းသည် သွေးရောင်အလင်းတန်းကိုမော့ကြည့်လိုက်ရာ စက္ကူကြိုးကြာရုပ် တခုကိုတွေ့လိုက်ရလေသည်။

ခံစားချက်မဲ့သောအသံတခု ပေလွှာမှထွက်လာကာ တောထဲသို့ပဲ့တင်ထပ်သွားလေသည်။ “အတွင်းစည်းဂိုဏ်းသားပိုင်ရှောင်ချန်း၊ ချီစုစည်းမှုအဆင့်ကိုးရှိတဲ့ မြောက်ပိုင်းဂိုဏ်းသားပေဟန်လဲ့က သင်နဲ့တိုက်ခိုက်ရန်စိန်ခေါ်သည့်အနေဖြင့် စွမ်းဆောင်မှုရမှတ် ၃၇၀၀၀ ကိုလောင်းကြေးထပ်ထားတယ်။ စိန်ခေါ်မှုက လာမည့်နှစ်တဝက်အတွင်း အကြုံးဝင်နေလိမ့်မယ်။ သင်အနိုင်ရရှိပါက စွမ်းဆောင်မှုရမှတ်များကို သင်ရရှိလိမ့်မည်။ သင်ရှုံးနိမ့်ပါက တရားစီရင်ရာစင်မြင့်၏ စည်းမျဥ်းအရ သင့်အပေါ်ဘာအပြစ်ဒဏ်မှချမှတ်လိမ့်မည်မဟုတ်။”

အသံကိုယ်တိုင်ကပင် တစုံတယောက်၏ သွေးကိုဆူပွက်လာစေသော၊ တစုံတယောက်ကိုစိတ်လိုက်မာန်ပါဖြစ်စေနိုင်သော အစွမ်းများပါဝင်နေပေသည်။

ပိုင်ရှောင်ချန်းမျက်လုံးပြူးသွားကာ နှလုံးခုန်ပင်မြန်လာလေသည်။ အသံသည် သူ့အားစိတ်ရူးပေါက်အောင် တမင်လုပ်နေသလိုဖြစ်နေပေသည်။

တိုက်၊ တိုက်၊ တိုက်။

“ချီးပဲ တိုက်…။” ပိုင်ရှောင်ချန်းက အသံ၏သက်ရောက်မှုများ ပျက်ပြယ်သွားစေရန် သူ့ရင်ဘတ်ကိုထုလိုက်ပြီးပြောသည်။ သူသည် တချိန်လုံးမြောက်ပိုင်းဂိုဏ်း၏စည်းမျဥ်းများကိုလေ့လာနေခဲ့ရာ တရားစီရင်ရာစင်မြင့်ကိုရော စည်းမျဥ်းများကိုပါရင်းနီးပြီးဖြစ်လေသည်။

“ငါ ပိုင်ရှောင်ချန်းက ဂုဏ်ထူးဆောင်ဂိုဏ်းသားတယောက်ဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူညီလေးလည်းဖြစ်တယ်…။ ဘာအကြောင်းနဲ့မှ တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းတွေလုပ်မှာမဟုတ်ဘူး…။” စက္ကူကြိုးကြာရုပ်ကို ပြန်လှည့်ကြည့်လိုက်ကာ ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်ပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။ လေတိုက်လာပြီး ကြိုးကြာရုပ်သည် ပျံသန်းသွားလေတော့သည်။

သူသည် ဘာမှမဖြစ်ခဲ့သလို သီချင်းတပုဒ်ညည်းကာ သင်းခွေချပ်ကို တောထဲသို့မောင်းနှင်လိုက်လေ၏။

အချိန်များကုန်လွန်သွားခဲ့ပြီ။ နောက်တနာရီခန့်အကြာတွင် တရားစီရင်ရာစင်မြင့်ပတ်လည်ရှိ ပရိသတ်များသည် စိတ်ပျက်နေကြပြီး အားပေးနေသံများလည်းတိတ်ဆိတ်သွားလေပြီ။

နှစ်နာရီခန့်ကြာသောအခါ လူအများသည် တယောက်နှင့်တယောက် တီးတိုးပြောဆိုနေကြသည်။ ပေဟန်လဲ့သည် တရားစီရင်ရာစင်မြင့်ပေါ်တွင် ရပ်နေဆဲဖြစ်ကာ တုန်လှုပ်ချောက်ခြားနေပေသည်။

“ပိုင်ရှောင်ချန်းကတော့ စိန်ခေါ်မှုကိုမငြင်းလောက်ပါဘူး…။ မဖြစ်နိုင်တာ… သူကလက်ရွေးစင်တိုက်ပွဲတွေမှာ ပထမရခဲ့တာပဲ… သူ့ရဲ့ဂုဏ်သတင်းကိုတော့ အထိခိုက်မခံလောက်ပါဘူး…”

” ငါသံသယဝင်လာပြီ… လက်ရွေးစင်ဂိုဏ်းသားကဘယ်သူဆိုတာအရေးမကြီးပါဘူး…။ စိန်ခေါ်ခံရတဲ့သူဟာ ချက်ခြင်းတိုက်ရင်တိုက်၊ မတိုက်ရင်လဲ နောက်အချိန်တခုကိုပြန်ချိန်းလိုက်တာပဲမဟုတ်လား။ ဘာကြောင့်ပိုင်ရှောင်ချန်းက သောက်ဖက်တောင်မလုပ်ရတာလဲ…”

လေးနာရီခန့်ကြာပြီးနောက် နေဝင်စပြုနေလေပြီ။ သို့သော် ပိုင်ရှောင်ချန်းဘက်က ဘာမှမတုံ့ပြန်သေး။ မြောက်ပိုင်းဂိုဏ်းသားများ အူကြောင်ကြောင်ဖြစ်နေကြပြီ။

“ချီးပဲ… ငါတို့ကြိုသိခဲ့သင့်တာ… အရှက်မရှိတဲ့ပိုင်ရှောင်ချန်းက တိုက်ခိုက်ဖို့ငြင်းပယ်လိုက်တယ်ဆိုတာ ငါတော့ ယုံတောင်မယုံနိုင်ဘူး…”

“ဒါဟာ တော်တော်လေးကို သိက္ခာမဲ့တဲ့လုပ်ရပ်ပဲ…။ သူက တောင်ဘက်ဂိုဏ်းရဲ့ကိုယ်စားလှယ်အဖြစ်နဲ့ ရောက်လာခဲ့တာပဲ…။ တောင်ဘက်ဂိုဏ်းအတွက် ဘယ်လိုအရှက်ရစေမှုကြီးလဲ…။”

ပရိသတ်များ ဒေါသတကြီးအော်ဟစ်ပြောဆိုနေကြစဥ် ပေဟန်လဲ့သည် သားရဲမွေးမြူရေးခြံ ဘက်သို့ လှမ်းမျှော်ကြည့်နေလေ၏။ ပိုင်ရှောင်ချန်းသည် စိန်ခေါ်မှုကိုငြင်းပယ်လိမ့်မည်ဟူ၍ သူလုံးဝမစဥ်းစားမိခဲ့ချေ။ ထို့ကြောင့် သူလက်မခံနိုင်။ လက်ရွေးစင်တိုက်ပွဲများတွင် ပိုင်ရှောင်ချန်းသည် ပထမရခဲ့သည်ဖြစ်၏။ အကယ်၍ပေဟန်လဲ့သာ ပထမရခဲ့ပြီး တစုံတယောက်ကလာရောက်စိန်ခေါ်ခဲ့လျှင် သူလုံးဝငြင်းပယ်လိမ့်မည်မဟုတ်ချေ။

“ပိုင်ရှောင်ချန်း သေချာပေါက်ထွက်လာပြီး တိုက်ကိုတိုက်ခိုက်ရမယ်…။” ပေဟန်လဲ့သည် အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်လေ၏။ သူသည် အာရုံစူးစိုက်စွာရပ်နေသောကြောင့် မြင်နေရသောမြောက်ပိုင်းဂိုဏ်းသားများအဖို့ အသည်းယားနေစေ၏။

ခဏကြာသောအခါ ပရိသတ်ကြားထဲမှ အလင်းတန်းတခုပေါ်ထွက်လာပြီး တရားစီရင်ရာစင်မြင့်ပေါ်သို့ တစုံတယောက်ပျံတက်လာလေ၏။ ပရိသတ်များ ထိုလူကို မြင်လိုက်သောအခါ ချက်ခြင်းမှတ်မိသွားကြသည်။ ထိုလူသည် ပေဟန်လဲ့ကဲ့သို့လက်ရွေးစင်တယောက်ဖြစ်သော ရွှီဆုန်ပင်ဖြစ်သည်။

တရားစီရင်ရာစင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေသောသူ၏ အေးဆေးတည်ငြိမ်သောမျက်နှာကို မြင်တွေ့နေရသည်။ ပိုင်ရှောင်ချန်းနှင့် ဝိညာဥ်စွယ်တို့ယှဥ်ပြိုင်တိုက်ခိုက်ခဲ့စဥ်က မျက်မြင်တွေ့ခဲ့ရသည်ကိုပြန်တွေးကြည့်လိုက်လျှင် ဝိညာဥ်စွယ်သည် အမှန်တကယ်ရှုံးနိမ့်ခဲ့သည်မဟုတ်မှန်း သူသိလေ၏။ ဝိညာဥ်စွယ်သည် အလွန်မောပန်းနွမ်းနယ်လာသောကြောင့် ပိုင်ရှောင်ချန်းကို အရှုံးပေးလိုက်ခြင်းဖြစ်လေ၏။ ပိုင်ရှောင်ချန်းသန်မာသည်ကို ရွှီဆုန်လက်ခံပါ၏။ သို့သော်လွန်ခဲ့သောနှစ်များအတွင်း သူသည် အဆက်မပြတ်ကျင့်ကြံနေခဲ့ရာ လက်ရွေးစင်တိုက်ပွဲများတုန်းကထက် အများကြီးသန်မာနေလေပြီ။ အခါခါစဥ်းစားပြီးနောက် သူသည် ပိုင်ရှောင်ချန်းနှင့် ယှဥ်ပြိုင်တိုက်ခိုက်ရန်အရည်အချင်းပြည့်မီနေပြီဖြစ်ကြောင်း ယုံကြည်လေ၏။

“ဒီနေ့မှာ ကျုပ် ရွှီဆုန်က ပိုင်ရှောင်ချန်းကိုတိုက်ခိုက်ဖို့အတွက် ပေဟန်လဲ့နဲ့ပူးပေါင်းပါမယ်…။” သူကကျယ်လောင်စွာ အော်ပြောလိုက်သည်။ “မြောက်ပိုင်းဂိုဏ်းသားရွှီဆုန်… ကျုပ်စိန်ခေါ်မှုအတွက် စွမ်းဆောင်မှုရမှတ် ၂၀၀၀၀ လောင်းကြေးထပ်ပါတယ်…” ခေတ္တမျှငြိမ်သက်သွားပြီးနောက် နားကွဲမတတ်ဆူညံလှသော အားပေးသံများပေါ်ထွက်လာလေသည်။

“ဂိုဏ်းတူအကိုရွှီဆုန်က ပိုင်ရှောင်ချန်းကိုစိန်ခေါ်လိုက်ပြီ…”

“သိပ်ကောင်းတယ်… ဂိုဏ်းတူအကိုကြီးရွှီဆုန်…”

တဖိတ်ဖိတ်လက်နေသော အလင်းရောင်များနှင့်အတူ နောက်ထပ်စက္ကူကြိုးကြာရုပ်တစ်ခု ထပ်ထွက်လာကာ သားရဲမွေးမြူရေးခြံ ဘက်သို့ဦးတည်ပျံသန်းသွားလေ၏။

ပေဟန်လဲ့သည် ရွှီဆုန်ကို တုန်လှုပ်စွာကြည့်နေသည်။ သူတို့နှစ်ယောက်အကြည့်ခြင်းဆုံသွားပြီး ပိုင်ရှောင်ချန်းကိုတိုက်ခိုက်ရန် နှစ်ယောက်လုံးစိတ်အားထက်သန်နေကြလေသည်။ ခဏအကြာတွင် သူတို့နှစ်ယောက်လုံး တိုင်ပင်ထားသကဲ့သို့ ဟက်ဟက်ပက်ပက်ရယ်လိုက်ကြလေ၏။

ထိုအချိန်တွင် နောက်ထပ်အလင်းတန်းတခု တရားစီရင်ရာစင်မြင့်ထက်သို့ကျလာ၏။ ထိုသူမှာမိန်းမပျိုတယောက်ဖြစ်ပြီး အခြားသူမဟုတ်၊ ကုန်းစွန်းဝမ်အာပင်ဖြစ်သည်။

“ငါ ကုန်းစွန်းဝမ်အာ… ပိုင်ရှောင်ချန်းကိုစိန်ခေါ်တဲ့အနေနဲ့ စွမ်းဆောင်မှုရမှတ် ၂၀၀၀၀ လောင်းကြေးထပ်တယ်…”

လူအုပ်ကြီးသည် အားပေးမည်ဟုကြံနေစဥ်မှာပင် လေးခုမြောက်အလင်းတန်းတခု တရားစီရင်ရာစင်မြင့်ထက်သို့ကျလာခဲ့လေ၏။

“ကျုပ် ကုန်းစွန်းယွင်… ပိုင်ရှောင်ချန်းကို စိန်ခေါ်ဖို့ စွမ်းဆောင်မှုရမှတ် ၂၀၀၀၀ လောင်းကြေးထပ်ပါတယ်…”

ကုန်းစွန်းမောင်နှမသည် လွန်ခဲ့သောနှစ်များအတွင်း သိသိသာသာတိုးတက်လာခဲ့ပြီး ပိုင်ရှောင်ချန်းကို အတူတကွစိန်ခေါ်နေကြသည်။

သူတို့၏အသံများ ပဲ့တင်ထပ်သွားပြီး အလင်းရောင်များလင်းလက်လာကာ စက္ကူကြိုးကြာရုပ် နှစ်ခုထွက်ပေါ်လာပြီး သားရဲမွေးမြူရေးခြံ ဘက်သို့ဦးတည်ပျံသန်းသွားလေ၏။

“ပေလွှာတွေပျံတက်သွားတာ မျက်စိပသာဒဖြစ်လိုက်တာ… မြောက်ပိုင်းဂိုဏ်းရဲ့လက်ရွေးစင်ဆိုတာ ဒီလိုမှကွ…”

“ဒီလက်ရွေးစင်တွေက ပြိုင်စံရှားတွေပဲ…”

“ဟားဟားဟား… ပိုင်ရှောင်ချန်းတော့ ကြောက်ချေးပါနေလောက်ပြီ…။ ကျုပ်ပြောမယ်… ကျုပ်လည်းသူ့ကိုစိန်ခေါ်မယ်…။ ရှုံးလည်း စွမ်းဆောင်မှုရမှတ်နည်းနည်းပဲ…။ မြောက်ပိုင်းဂိုဏ်းသားတွေ ဘယ်လောက်သွေးစည်းကြောင်း ဒီကောင်သိစေရမယ်ကွ…။”

ငါးယောက်မြောက်၊ ခြောက်ယောက်မြောက်နှင့် ခုနှစ်ယောက်မြောက်ဂိုဏ်းသားများသည် လူအုပ်ထဲမှပျံတက်လာကြပြီး တရားစီရင်ရာစင်မြင့်ပေါ်တွင် ရပ်နေကြ၏။

“ကျုပ် ချိန်အော်… ဂိုဏ်းတူအကိုကြီးကုန်စွန်းယွင်နဲ့အတူ ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်မယ်… ပိုင်ရှောင်ချန်းကိုစိန်ခေါ်ဖို့ စွမ်းဆောင်မှုရမှတ် ၇၀၀ ထပ်ပေါင်းထည့်ပါတယ်…။”

“ဂိုဏ်းတူအကိုရွှီဆုန်ဟာ ကျုပ်အပေါ်မှာအမြဲကောင်းခဲ့တယ်…။ ကျုပ် စွန်းချန်းလုံ… အကိုကြီးနဲ့အတူတိုက်ခိုက်မယ်… ပိုင်ရှောင်ချန်းကိုတိုက်ခိုက်ဖို့အတွက် စွမ်းဆောင်မှုရမှတ် ၅၀၀ လောင်းကြေးထပ်ပါတယ်…။”

“ကျုပ် ကျိုးဖန်… စွမ်းဆောင်မှုရမှတ် ၄၀၀ ထည့်မယ်…”

မြောက်ပိုင်းဂိုဏ်းတခုလုံးတုန်လှုပ်နေပေပြီ။ ထိုအချိန်အတောအတွင်း သားရဲမွေးမြူရေးခြံတွင် ပိုင်ရှောင်ချန်းသည် စက္ကူကြိုးကြာရုပ် တစ်ခုပြီးတစ်ခု သူ့ထံသို့ပျံသန်းလာနေသည်ကို တုန်လှုပ်စွာကြည့်နေသည်။ စက္ကူကြိုးကြာရုပ်များသည် ခံစားချက်မရှိသောအသံဖြင့် ပြောဆိုကြလေသည်။

“အများကြီးပါလား…” ပိုင်ရှောင်ချန်းတွေးလိုက်မိသည်။ သူသည် စက္ကူ​ကြိုးကြာရုပ်သုံးခုအထိ ဘေးဖယ်ထားပြီးဖြစ်သည်။ ထို့နောက် စက္ကူကြိုးကြာရုပ် ငါးခုခြောက်ခုခန့် ထပ်မံပျံသန်းလာနေပြန်သည်ကိုတွေ့လိုက်ရသည်။

စက္ကူကြိုးကြာရုပ် များသည် သူ့ကို တိုက်ခိုက်ရန်လှုံ့ဆော်နေကြရာ လှုပ်လှုပ်ရွရွဖြစ်လာစေ၏။ ရုတ်တရက် သူ၏ကျောဘက်မှအတောင်ပံတစုံထွက်လာပြီး ဂုဏ်ထူးဆောင်အစောင့်အရှောင် အဆောက်အဦသို့ လျင်မြန်စွာပျံသန်းသွားလေ၏။

လမ်းတလျှောက်တွင် သူ့ထံသို့ စက္ကူကြိုးကြာရုပ် တဒါဇင်ခန့်ထပ်မံရောက်ရှိလာပြီး တပုံစံတည်းပြောဆိုနေကြလေသည်။

စက္ကူကြိုးကြာရုပ် များကြောင့်ဖြစ်ပေါ်လာသော တိုက်ခိုက်လိုစိတ်ကြောင့် ပိုင်ရှောင်ချန်းသည် ကျယ်လောင်စွာအော်ဟစ်လိုက်လေ၏။

“မင်းတို့တွေက သက်သက်အနိုင်ကျင့်တာပဲ…။ ချီစုစည်းမှုအဆင့်ရှစ်ထိရောက်နေကြပြီဖြစ်တဲ့ လူအများကြီးနဲ့ဘယ်လိုများ အရှက်မရှိဝိုင်းစိန်ခေါ်ရဲတာလဲ…။ ဘာလုပ်ဖို့စဥ်းစားနေကြတာလဲ…။ မဖြစ်ဘူး…။ ငါ သိုသိုသိပ်သိပ်ပဲနေချင်တယ်…။” ဂုဏ်ထူးဆောင် အစောင့်အရှောက်အဆောက်အဦသို့ပြန်ရောက်သောအခါ မန္တန်ဝင်္ကပါကို အသက်သွင်းလိုက်ပြီး စက္ကူကြိုးကြာရုပ် များထပ်မံဝင်ရောက်မလာနိုင်အောင် ပိတ်ပင်ထားလိုက်၏။ နောက်ဆုံးတွင် သူသည်ဟိတ်ဟန်ကြီးနှင့် တင်ပျဥ်ခွေထိုင်လိုက်သည်။

” ငါ ဒီမြောက်ဘက်ပိုင်းမှာလုံးဝကို သိုသိုသိပ်သိပ်နေရမယ်…။ မင်းတို့တောင်းဆိုတာတွေကိုလိုက်မလုပ်ပေးနိုင်ဘူးကွ…ဟေ။” သက်ပြင်းချလျက် ဖြစ်ပျက်နေသမျှကိုဘေးဖယ်ထားလိုက်ပြီး တရားကျင့်နေလိုက်သည်။

ထိုတစ်ညလုံး ပိုင်ရှောင်ချန်းကိုစိန်ခေါ်ရန် ပေဟန်လဲ့ဘက်သို့ပူးပေါင်းကာ တရားစီရင်ရာစင်မြင့်ပေါ်သို့တက်လာသူများ တစတစပို၍များလာသည်။ ဂိုဏ်းတခုလုံးရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ ဂိုဏ်းသားအများစုသည် လက်ရွေးစင်များဘက်မှအားပေးအားမြှောက်ပြုရန် ထိုနေရာသို့ရောက်ရှိနေကြပြီး အများစုသည် ကုန်းစွန်းဝမ်အာ၏ပရိသတ်များဖြစ်သည်။ လူအများကြီးသည် စွမ်းဆောင်မှုရမှတ်များကိုလောင်းကြေးထပ်နေကြသောမြင်ကွင်းမှာ ရင်ဖိုစရာပင်ကောင်းနေတော့သည်။

နေ့တစ်ဝက်ကျိုးချိန်တွင် ပိုင်ရှောင်ချန်းသည် ကျင့်ကြံခြင်းကိုရပ်နားလိုက်ပြီး တံခါးဖွင့်လိုက်ရာ ထိုနားတဝိုက်တွင်ကျွက်ကျွက်ညံနေသောအသံများထွက်ပေါ်လာလေတော့သည်။ သူသည် စိုးရိမ်တကြီးစိုက်ကြည့်နေလိုက်ပြီး အသံများကြောင့်ထကြွလာသော တိုက်ခိုက်လိုစိတ်ကိုဖိနှိပ်ထားရန်အလုပ်ကိုပြင်းပြင်းထန်ထန်လုပ်နေလေတော့သည်။ အပြင်တွင်သူ့ကိုစောင့်နေသည့် စက္ကူကြိုးကြာရုပ်ပေါင်း ရာချီရောက်နေလေ၏။

“မင်းတို့ မြောက်ပိုင်းဂိုဏ်းသားတွေရူးကုန်ပြီလား…။” သူကပြောလိုက်သည်။ သူ၏ခေါင်းတခုလုံးပူထူနေပြီး တံခါးကိုပြန်ပိတ်လိုက်ကာ အပြင်သို့ခြေတလှမ်းမှမလှမ်းတော့ချေ။

နောက်တနေ့မနက်ရောက်သောအခါ မြောက်ပိုင်းဂိုဏ်းသားများလက်လျော့သွားလောက်ပြီဟု ခန့်မှန်းနေမိသည်။ သို့သော် တံခါးကိုဖွင့်လိုက်သောအခါ စက္ကူကြိုးကြာရုပ် အခုသုံးရာခန့်ဂုဏ်ထူးဆောင်အစောင့်အရှောက်အဆောက်အဦအပြင်ဘက်တွင်စုပုံနေပြီး စက္ကူကြိုးကြာရုပ်များ မှထွက်ပေါ်လာသောအသံများသည် မိုးခြိမ်းသံအလားကျယ်လောင်လှပေသည်။

စက္ကူကြိုးကြာရုပ် တစ်ခုချင်းစီသည် တိုက်ခိုက်ရန်စိန်ခေါ်နေသည်။

ပိုင်ရှောင်ချန်းသည် ချောင်းတချက်ဟန့်ကာတံခါးကိုပြန်ပိတ်လိုက်သည်။ သူ၏စိတ်ထဲတွင် မြောက်ပိုင်းဂိုဏ်းသားများသည် လုံးဝရူးနေကြလေပြီဟု သတ်မှတ်လိုက်လေ၏။

“အိမ်း… တခါတလေမှာ လူတိုင်းထက်သာနေတာလဲ အမှားတခုပဲ…။ ပိုင်ရှောင်ချန်း… ပိုင်ရှောင်ချန်း… မင်းလုပ်မိတဲ့အမှားတခုရှိနေတယ်ဆိုရင် အဲ့တာဟာ လူတိုင်းထက်သာနေလို့ပဲ…။” သူသည်မျက်လွှာကိုအောက်ချကာ ဂုဏ်ထူးဆောင် အစောင့်အရှောက် အဆောက်အဦထဲတွင်ထိုင်နေသည်။ သူသည်ရွှယ်ကျဲကော်တုပညာရပ်ကိုမကျင့်ကြံမီ အချိန်အတော်ကြာတွေးနေလိုက်လေသည်။

အချိန်များကုန်လွန်လာခဲ့ပြီ။ တစ်ပတ်လုံး ပိုင်ရှောင်ချန်းတံခါးဖွင့်လိုက်သည်နှင့် ရာချီသော စက္ကူကြိုးကြာရုပ်များ ရောက်ရှိနေပြီဖြစ်သည်။ နောက်ဆုံးတွင် စက္ကူကြိုးကြာရုပ် နှစ်ထောင်ကျော်ခန့် စုပုံလာပြီးနောက် ပိုင်ရှောင်ချန်းမှာ နေသားတကျဖြစ်လာခဲ့သည်။

သားရဲမွေးမြူရေးခြံသို့ လာရောက်လည်ပတ်သောဂိုဏ်းသားများအနေဖြင့် ပထမဆုံးတွေ့မြင်ရမည်မှာ စက္ကူကြိုးကြာရုပ် အစုလိုက်အပုံလိုက်ကြီးပင်ဖြစ်သည်။

ပေဟန်လဲ့တိုက်ခိုက်ရန်စိန်ခေါ်လိုက်၍ မြောက်ပိုင်းဂိုဏ်းတခုလုံးလှုပ်လှုပ်ရွရွဖြစ်နေကြသည်။ လက်ရွေးစင်များရင်ထဲတွင် ဒေါသမုန်တိုင်းထန်နေကြပြီး ပို၍သာပြင်းထန်လာနေသည်။ နောက်ဆုံးစစ်တမ်းများအရ အတွင်းစည်းဂိုဏ်းသားလေးဆယ်ရာခိုင်နှုန်းခန့်သည် ပိုင်ရှောင်ချန်းကိုစိန်ခေါ်ထားကြသည်။ စိန်ခေါ်သူအများစုသည် စွမ်းဆောင်မှုရမှတ်အနည်းငယ်စီသာလောင်းကြေးထပ်ထားကြပြီး ပေဟန်လီ ကဲ့သို့ မည်သူမှမလောင်းရဲကြချေ။ နောက်ဆုံးတွင် အကြီးအကဲများနှင့် တောင်ထိပ်သခင်များဆီသို့ သတင်းစကားပျံ့နှံ့သွားပြီး များစွာတုန်လှုပ်သွားကြလေ၏။

မြောက်ပိုင်းဂိုဏ်း၏တရားစီရင်ရာစင်မြင့်၏ နှစ်ပေါင်းလေးထောင် သမိုင်းတလျှောက်တွင် ယခုလိုအဖြစ်မျိုးသည် ပထမဆုံးဖြစ်လေ၏။

အတွင်းစည်းဂိုဏ်းသားနှစ်ထောင်နီးပါးသည် လူတယောက်တည်းကို ဝိုင်း၍စိန်ခေါ်ထားကြသည်။

မြောက်ဘက်ဂိုဏ်းတခုလုံးစိတ်ရူးပေါက်နေကြပြီဖြစ်ရာ အခြေအနေများကိုထိန်းချုပ်ရန်မှာမလွယ်ကူလှပေ။

“နောက်ဆုံးသတင်းကိုကြားပြီးကြပြီလား… ဒီနေ့ တရားစီရင်ရာစင်မြင့်မှာ အတွင်းစည်းဂိုဏ်းသားသုံးရာက ပိုင်ရှောင်ချန်းကိုစိန်ခေါ်လိုက်တယ်ကွ…။

“ဟားဟားဟား… ပိုင်ရှောင်ချန်းတော့ သေမတတ်ကြောက်ရွံ့နေလောက်ပြီ…။ အခုလောက်ဆိုရင်တော့ မြောက်ဘက်ဂိုဏ်းသားတွေဘယ်လောက်စည်းလုံးကြောင်း ဒီကောင်သိလောက်ပါပြီ…။”

“နေဦး… ငါလည်းဒီကောင့်ကို အခုပဲသွားစိန်ခေါ်လိုက်ဦးမယ်…”


Comment

Leave a Reply

Options

not work with dark mode
Reset