အခန်း (၁)

ငါလေးက ဇာတ်လိုက်အတု

အခန်း (၁) : ငါလေးက ဇာတ်လိုက်အတုပဲ ဖြစ်ရမယ်

ရှန်ထျန်းတစ်ယောက် အတော်လေးကို စိတ်ဓာတ်ကျနေမိသည်။

အကြောင်းရင်းကတော့ သူ ကျင့်ကြံရေးကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာသောကြောင့် ဖြစ်၏။

ဤကျင့်ကြံရေးကမ္ဘာအသစ်၌ သူက အရှေ့ပိုင်းလွင်ပြင်ရှိ မီးတိုင်းပြည်၏ (၁၃)ယောက်မြောက် မင်းသားလေး ဖြစ်နေသည်။

မင်းသားတစ်ပါးဖြစ်နေတာ ဘာတွေများ အတွန့်တက် ညည်းတွားနေစရာ ရှိလို့လဲ…

အင်း … ပြောရမည်ဆိုလျှင်… သူက မင်းသားတစ်ပါး ဖြစ်နေရုံတင် မကဘဲ အင်မတန်ကို ဆိုးလွန်းသည့် ကံဇာတာရှိသူဟု ကျော်ကြားသော မင်းသားတစ်ပါး ဖြစ်နေသည်လေ…

…………………

မင်းသားလေး၏ မိခင်မှာ ကိုယ်လုပ်တော်လန် ဖြစ်ပြီး သူမက မီးတိုင်းပြည်၏ အချောမော အလှပဆုံး အမျိုးသမီးတစ်ယောက် ဖြစ်သည့်အပြင် ဘုရင်မင်းမြတ်က အင်မတန်ကို ချစ်ခင်မြတ်နိုးရသည့်သူလည်း ဖြစ်နေပြန်သည်။ ထို့ကြောင့် သူမ၏ တော်ဝင်အဆင့်အတန်းမှာ မိဖုရားခေါင်ကြီး နီးပါး မြင့်မားလေသည်။

သာမန်အခြေအနေအောက်တွင် ကိုယ်လုပ်တော်လန်၏ သားတော်ဖြစ်သူမှာ နောင်အနာဂတ်ကျလျှင် အိမ်ရှေ့စံမင်းသား ဖြစ်လာနိုင်ချေ အခွင့်အရေးများလှသည်။

သို့သော် … သားတော်လေး ဖွားမြင်သည့်နေ့တွင် ကိုယ်လုပ်တော်လန်တစ်ယောက် မွေးဖွားရခက်ခဲသည့် ဝေဒနာကြောင့် သွေးထွက်လွန်ကာ ဆုံးပါးသွားခဲ့ရသည်။

ထိုအချိန်မှစပြီး ဘုရင်ကြီးက မင်းသား(၁၃)၏ တည်ရှိမှုကို အင်မတန် နာကြည်းမုန်းတီးသွားလေသည်။ သည်လိုနှင့် မင်းသားလေး၏ တော်ဝင်အဆင့်အတန်းမှာ လျင်မြန်စွာ ကျဆင်းလာလေတော့သည်။

မင်းသား(၁၃) အရွယ်ရောက်လာသည်နှင့်အမျှ သူ့ကံဇာတာမှာလည်း ပိုပိုပြီး ဆိုးရွားလာလေသည်။

သူ့ဆီမှာ စိတ်ဝိညာဉ်သားရဲအဖြစ် အလွန်လှပသည့် မီးတောက်ငှက်တစ်ကောင်ကို ပိုင်ဆိုင်ထားသည်။ သို့သော် ထိုငှက်မှာ တော်ဝင်ဥယျာဉ်ထဲတွင် ရေနှစ်သေဆုံးသွားလေ၏။

တစ်ခါက သူ့ဆီမှာ အင်မတန် အဖိုးတန်သည့် ခရမ်းရောင် သစ်ခွရှားစောင်းပင် တစ်မျိုးကို ပိုင်ဆိုင်ထားသည်။ သို့သော် ထိုအပင်မှာ စည်းကမ်းမရှိသည့် ကလေးတစ်ယောက်၏ အမြစ်မှ ဆွဲနှုတ်ပစ်ခြင်းကို ခံလိုက်ရပြန်သည်။

တစ်ခါသား၌ သူက တော်ဝင်ကျောင်းတော်ထဲသို့ စာသင်ရန် သူ့ဝမ်းကွဲအစ်ကိုတော်တွေနောက်မှ လိုက်သွားခဲ့ဖူးကာ… နောက်ရက်မှာပဲ ကျောင်းတော်အဆောင်ကြီးက ပြိုကျပျက်စီးသွားလေသတည်း။

…………………

နေ့စဉ်ဘဝတွင် အစဉ်အမြဲ ကံဆိုးနေသည့်အပြင် မင်းသား(၁၃)မှာ ခက်ခဲလှသည့် ကျင့်ကြံရေး ခရီးစဉ်လည်း ရှိနေပြန်သည်။

ယနေ့က သူ ချီဖောက်ပြန်ခြင်းကို (၈၈)ကြိမ်မြောက် ခံစားလိုက်ရသည့် နေ့ဖြစ်သည်။

ကံမကောင်းစွာပင် ဤတစ်ကြိမ်တော့ သူ တောင့်မခံနိုင်ခဲ့ပေ။

မင်းသား(၁၃)က ကံကြမ္မာကို မယုံကြည်ပေ။ သူက သူ့ကံကြမ္မာကို လက်မခံဘဲ တွန်းလှန်တိုက်ခိုက်ဖို့ အမြဲကြိုးစားနေခဲ့သည်။ သို့သော်လည်း ကံကြမ္မာက သူ့ကို အနိုင်ရသွားခဲ့သည်။

အခုတော့… မင်းသား(၁၃)၏ ခန္ဓာကိုယ်ထဲသို့ (၂၁)ရာစုမှ လာခဲ့သည့် ပညာတတ် လူငယ်လေး ရှန်ထျန်း ရောက်လာခဲ့ပြီလေ…

…………………

“ရေ… ရေလေး နည်းနည်းလောက် ပေးပါ…”

ရှန်ထျန်းတစ်ယောက် အိပ်ယာပေါ်တွင် မသက်မသာ လှဲလျောင်းနေရသည်။ ဤခံစားမှုက မခံစားနိုင်လောက်အောင်အထိ ဖြစ်ကာ သူ့အစာအိမ်ထိ လာသက်ရောက်နေသည်။

မိန်းမစိုးအိုကြီးတစ်ယောက်က ရေကရားနှင့်အတူ ရှန်ထျန်းဆီသို့ အပြေးအလွှား ရောက်ချလာသည်။

“အရှင့်သား… ဒီမှာပါ ရေက… ဖြည်းဖြည်းသောက်ဦးနော်”

သူကတော့ လန်နန်းဆောင်၏ အိမ်တော်ထိန်း ကွေ့ကုန်းကုန်း ဖြစ်သည်။ လက်ရှိအခြေအနေတွင် လန်နန်းဆောင်ထဲ၌ တစ်ဦးတည်းသော ကျန်နေသေးသည့် ကုန်းကုန်းလည်း ဖြစ်သည်။ မင်းသား(၁၃)ကို သူကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့သည်ဟုပင် ပြောလို့ ရသည်။

ရေသောက်ပြီးသွားတော့ ရှန်ထျန်းတစ်ယောက် တော်တော်လေး သက်သာသွားသည်။

သူက ကုန်းကုန်းအိုကြီးကို ကြည့်ကာ အံ့သြမှင်သက်သွားလေ၏။

မင်းသား(၁၃)၏ မှတ်ဉာဏ်မှတဆင့် ဒီလူ့ကို သူ မှတ်မိလိုက်သည်။

ကွေ့ကုန်းကုန်းက ကလေးအရွယ်ကတည်းက နန်းတွင်းထဲသို့ ရောက်လာခဲ့ကာ နန်းတွင်းထဲ၌ တာဝန်ထမ်းဆောင်နေသည်မှာ နှစ်(၅၀)ပင် ကျော်နေလေပြီ။

ကိုယ်လုပ်တော်လန်က သူ့အသက်ကို တစ်ခါ ကယ်တင်ခဲ့ဖူးသည်။ ထို့ကြောင့် သူက မင်းသား(၁၃)အပေါ်တွင် အင်မတန် သစ္စာရှိလေသည်။

သို့သော်… သူမှတ်မိတာနှင့်မတူဘဲ ကွေ့ကုန်းကုန်း၏ ခေါင်းပေါ်တွင် ရောင်ဝါစက်ဝန်းတစ်ခု ရှိနေလေသည်။

မှန်သည်… အစိမ်းရောင်တောက်နေသည့် ရောင်ဝါစက်ဝန်းတစ်ခု ဖြစ်သည်။

ရှန်ထျန်းက သူမြင်လိုက်ရသည့်အရာကြောင့် အံ့သြမှင်သက်သွားရသည်။ ရောင်ဝါစက်ဝန်းမှာ နတ်သမီးနတ်သားတို့တွင် ရှိသည့်အရာတွေနှင့် ဆင်နေသည်။ အရောင်လေး ကွဲသွားတာပဲ ရှိ၏။

ငါလေး ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလား…

ရှန်ထျန်းက သူ့မျက်လုံးများကို ပွတ်ပြီး တစ်ခေါက် ပြန်ကြည့်လိုက်သည်။

ရောင်ဝါစက်ဝန်းက ရှိနေဆဲသာ… သိသာစွာပင် သည်ဟာက သူစိတ်ကူးယဉ် လျှောက်မြင်နေခြင်း မဟုတ်ပေ။

“ဦးလေးကွေ့… ကျွန်တော့်ကို ကြေးမုံလေး ကမ်းလိုက်ပါဦး”

ကွေ့ကုန်းကုန်းက ချက်ချင်းပဲ ကြေးမုံတစ်ခု သွားယူလာခဲ့သည်။

ရှန်ထျန်းက ကြေးမုံထဲမှ သူ့ပုံရိပ်ကို မြင်လိုက်ရသည့်အခါမှ မင်းသား(၁၃)တစ်ယောက် ဘာကြောင့် သည်လောက် ကံဆိုးရသလဲဆိုတာကို နောက်ဆုံးတွင် နားလည်သွားလေတော့သည်။

သူ့မျက်နှာက ချောမောခန့်ညားသည်။

အရမ်း အရမ်းကို ချောမောခန့်ညားလွန်း၏။

ကိုယ်လုပ်တော်လန်မှာ မီးတိုင်းပြည်၏ အလှပဆုံးအမျိုးသမီး ဖြစ်လေရာ သူကလည်း သူမဆီမှ အကောင်းဆုံး မျိုးရိုးဗီဇကို လက်ခံရရှိထားလေသည်။

အသက်(၁၆)နှစ်၌ မင်းသား(၁၃)အား ရုပ်ရည်ရူပကာအရ ယှဉ်နိုင်သည့်သူ မရှိချေ။ ရှန်ထျန်းပင်လျှင် သူ့ကိုယ်သူ ပြန်ကြွေသွားမိသည်။

သို့သော် ထိုအချက်က အဓိက မကျပေ။ ကွေ့ကုန်းကုန်းလိုပင် သူ့ခေါင်းပေါ်တွင်လည်း ရောင်ဝါစက်ဝန်းတစ်ခု ရှိနေလေသည်။ တစ်ခုတည်းသော ကွဲပြားချက်မှာ သူ့ရောင်ဝါစက်ဝန်းက မင်အိုးထဲမှ မင်လိုမျိုး မည်းနက်နေကာ ရောင်ဝါစက်ဝန်း၏ ပတ်ပတ်လည်တွင်လည်း မင်ရောင်မြူတို့ အုံ့ဆိုင်းနေလေသည်။

ကြည့်လိုက်သည်နှင့် တစ်လောကလုံးရှိ ဆိုးရွားသော ဘေးဒုက္ခအပေါင်းနှင့် ပြည့်နှက်နေသည်ဟု ခံစားစေရကာ တကယ့်တကယ်ကို ကြောက်မက်စရာ ကောင်းလွန်းလှ၏။

ကောင်းသည့်အရာတော့ မဟုတ်တာ သေချာသွားပြီ…

ဒါက ကံဆိုးမှုရဲ့ ကိုယ်ထင်ပြခြင်း တစ်မျိုးများလား…

ဒီတော့ ဒါက “မင်းရဲ့မျက်ရိုးကြောကြီးက မည်းနေသလိုပဲ…” ဆိုတဲ့ စကားပုံရဲ့ စံနမူနာလား…

ရှန်ထျန်းက အိပ်ယာပေါ်သို့ ပြန်လှဲလျောင်းလိုက်သည်။ သူ့အတွက် သူ အချိန်နည်းနည်းပေးရန် လိုအပ်နေသည်လေ…

…………………

တခြားကမ္ဘာ ကူးပြောင်းလာသူတွေက အဓိက ဇာတ်လိုက်အရှိန်အဝါတွေ ပိုင်ဆိုင်ထားတော့ သူတို့ရဲ့ ရောင်ဝါစက်ဝန်းတွေက ရွှေရောင်အလင်းတန်းတွေနဲ့ တလက်လက် တောက်ပနေကြမှာပဲ…

ငါလေးကျတော့ရော…

ကြည့်မိတာနဲ့တင် ရှန်ထျန်းမှာ ကြက်သီးတွေထ၊ ကျောတွေချမ်းနေရပြီ…

သူက နေသာသည့် ရက်မှာ အပြင်ထွက်မိရင်တောင် ဘလိုင်းကြီး မိုးကြိုးအပစ်ခံရနိုင်သည့်ကိန်းရှိသည်ဟု ခံစားနေမိသည်။

ငါလေးက ဇာတ်လိုက်အတုပဲ ဖြစ်ရမယ်…

သူ့ခေါင်းပေါ်က အနက်ရောင် ရောင်ဝါစက်ဝန်းအတွက် မစိုးရိမ်ဘူးဟု ပြောလျှင် လိမ်ရာကျလိမ့်မည်။

ကျင့်ကြံဖို့၊ စွန့်စားဖို့၊ ရတနာရှာဖို့ နှင့် ထွက်ရပ်ပေါက်ဖို့တွေကို မေ့ထားလိုက်ဦး။

သူက အစာနင်ပြီးတော့ သေရမည့်ကိန်းတောင် ဆိုက်နေပြီလေ…

“ဦးလေးကွေ့… ကျွန်တော် နားချင်ပြီ။ ဦးလေး သွားလို့ရပြီ”

ရှန်ထျန်းက အခုလောလောဆယ်တော့ အနားယူရန် ဆုံးဖြတ်လိုက်သည်။

လက်ရှိအနေအထားအရ အပြင်ထွက်ဖို့ရာမှာ မဖြစ်နိုင်သေးချေ။ သူ အပြည့်အဝ ပြန်မကောင်းသေးခင် သူလုပ်နိုင်သည့် တစ်ခုတည်းသော ဘေးကင်းလုံခြုံသည့်အရာမှာ အိပ်ယာပေါ်တွင် လှဲနေရန်သာ ဖြစ်၏။

“အရှင့်သား… ကျွန်တော် သွားလိုက်ပါဦးမယ်။ ပြီးရင် အရှင့်သားဖို့ ဆေးသွားကျိုထားလိုက်ပါ့မယ်”

ကွေ့ကုန်းကုန်းက အိပ်ယာထက်တွင် လှဲလျောင်းနေသည့် ကောင်လေးမှာ သူသိသည့် မင်းသား(၁၃) မဟုတ်တော့မှန်း မသိရှာပေ။ ရှန်ထျန်း အအေးမမိစေရန်အလို့ငှာ သူက တံခါးကိုပါ အသာအယာ ပိတ်ပေးလိုက်သည်။ ထို့နောက် သူက မီးဖိုဆောင်သို့ သွားလိုက်သည်။

ရှန်ထျန်းက တစ်လလုံးလုံး ငြိမ်နေသည်။ သူက တိတ်တိတ်ကလေး ခိုးပြီး မကျင့်ကြံသလို အပျော်လည်း မရှာခဲ့ပေ။ သူက အိပ်ယာပေါ်ကနေတောင် မဆင်းချေ။

နောက်ဆုံးတွင် ကွေ့ကုန်းကုန်း၏ ဂရုစိုက်မှုများအောက်မှာ ရှန်ထျန်းတစ်ယောက် ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာလေသည်။

…………………

တစ်လရှိပြီ…

တစ်လ လုံးလုံး ရှိပြီ…

ငါလေး ဒီအတောအတွင်း ဘယ်လိုမျိုး အသက်ဆက်ခဲ့ရသလဲဆိုတာ ဘုရားပဲ သိလိမ့်မယ်…

ရှန်ထျန်းတစ်ယောက် နောက်ဆုံးမှာ သည်းမခံနိုင်တော့ပေ။ သူ့ခမျာ ဖုန်းမရှိ၊ ကွန်ပျူတာ မရှိ၊ ယုတ်စွအဆုံး ဖတ်စရာဝတ္ထု စာအုပ်ပင် မရှိဘဲ အိပ်ယာထဲတွင်သာ လှဲနေခဲ့ရသည်။

ဤပျင်းရိငြီးငွေ့စရာကောင်းလှသည့် ဘဝကြီးကြောင့် သူ ရူးတော့မည်ဟု ခံစားနေရသည်။

လွတ်လပ်မှုက အသက်ထက် ပိုအရေးကြီးမှန်း ရှန်ထျန်း အခုမှသိတော့သည်။ ထို့ကြောင့် အပြင်ထွက်ပြီး လေညင်းခံဖို့ ဆုံးဖြတ်လိုက်လေ၏။


Comment

Leave a Reply

Options

not work with dark mode
Reset